← Chapters

အခန်း (၅၀၈)

Vol. 35 Ch. 508

အခန်း (၅၀၈)

Vol. 35 Ch. 508

တောင်ပိုင်းနိုင်ငံကလည်း အကောင်းဆုံး တိုက်ခိုက်၍ ရနိုင်သည့် စစ်မြေပြင်ပင်ဖြစ်၏။ သူက နင်ကျန်းအား တစ်ခဏအတွင်း ကောင်းကင်ပေါ်သို့ ပျံတက်စေနိုင်ပြီး တတိယမင်းသားနှင့် အိမ်ရှေ့စံမင်းသားတို့နှင့် တန်းတူရပ်တည်စေနိုင်သည့် နန်းပုလ္လင် ယှဉ်ပြိုင်ဘက်တစ်ယောက်အဖြစ် ဖြစ်တည်စေပေလိမ့်မည်။

စကားတစ်ခွန်းကို ဖော်ညွှန်းပြသရမည်ဆိုလျှင် အသိပညာက တန်ခိုးအင်အားပင်ဖြစ်၏။

“အား... အား”

နင်ကျန်း၏ မြို့စားစံအိမ်တော်ထဲတွင် စူးရှသည့် အသံများ ထွက်ပေါ်လျက်ရှိ၏။ ထိုလူတစ်စုက သိုင်းပညာစစ်ဆေးပွဲ၌ အဆင့်တစ်ခု ချိတ်သည်အထိ ကြိုးစားပေးခဲ့သူများ ဖြစ်၏။ မှန်မှန်ကန်ကန် ပြောရမည်ဆိုလျှင် သူတို့အတွက် ဂုဏ်ယူသင့်သည်။

သို့ပေမည့် သူတို့၏ လုပ်ဆောင်နိုင်စွမ်းက နာကျည်းမှု၏ တောင်းဆိုချက်နှင့် အလွန်တရာ ကွာခြားလျက်ရှိနေ၏။ ထို့ကြောင့် သူတို့က သစ်ပင်တွင် ကြိုးတုပ်ဆွဲချခြင်းခံရပြီး ကြိမ်ဒဏ်ပေး ခံနေရ၏။ သူတို့ကို ဤကဲ့သို့ ကြိုးတုပ် ပြောင်းပြန်ကြီး ဆွဲထားသည်မှာ နှစ်ရက်ရှိပြီဖြစ်၏။ လူတစ်ယောက်လျှင် အနည်းဆုံး ကြိမ်ဒဏ်အချက်သုံးဆယ် ခံရပြီး အများဆုံး ကြိမ်ဒဏ် တစ်ရာ့ကိုးဆယ် ရိုက်နှက်ခံရပြီး ဖြစ်၏။

လန်ညီနောင်တို့၏ တွေးတောထားခြင်းက မှန်ကန်သွားခဲ့၏။ သူတို့က ပြန်ရောက်သည်နှင့် ကျိန်းသေပေါက် နာကျည်းမှု၏ ဆူငေါက်ရိုက်နှက်ခြင်းကို ခံရမည်ဖြစ်ကြောင်း တွေးတောထားခဲ့၏။ ယခုလည်း သေလုမျောပါး ရိုက်နှက်ခြင်းကို ခံနေရသည်။

“အမှိုက်ကောင်တွေ။ တစ်သက်လုံး သုံးမရတဲ့ အမှိုက်ကောင်တွေ။ မင်းတို့မှာ ဘာသွေးကြောတွေရှိလဲ။ ဒီလိုရလဒ်မျိုးဖြစ်အောင် လုပ်ခဲ့တယ်ဟုတ်လား။ တကယ်ကို အရှက်ရစရာပဲ။ မင်းတို့ရဲ့ ဘိုးဘေးတွေကို မင်းတို့ ဘယ်လိုမျက်နှာပြမလဲ။ အင်ပါယာကျန်းလီကို မင်းတို့ ဘယ်လို မျက်နှာပြရမလဲ။ ဒီလိုအစွမ်းထက်တဲ့ သွေးကြောကို မင်းတို့က ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် ဒီသွေးကြောတို့ကို မင်းတို့ကို ပေးမယ့်အစား ခွေးတွေဝက်တွေကို ပေးလိုက်တာကမှ ဒီထက်ပိုပြီး ဂုဏ်ယူစရာဖြစ်အုံးမယ်”

ပြီးနောက် နောက်တစ်ကြိမ် ကြိမ်နှင့်ရိုက်ခြင်းကို ပြုလုပ်၏။ ထို့အပြင် လူတစ်ယောက်ဆိုလျှင် ပက်ပက်စက်စက် ရိုက်နှက်ခြင်းကို ခံထားရပြီး အဝတ်အစားပင်ကပ်ခြင်း မရှိချေ။ ရှောင်ပင်းနှင့် ပဉ္စမမင်းသား၏ ဇနီးတို့ကလည်း ခြံဝန်းနားသို့ လုံးဝမကပ်ရဲချေ။ သို့ပေမည့် ဝူလဲ့၊ ရှမ့်နုနှင့် တခြားသော အမျိုးသမီးစစ်သည်များမှာတော့ တိတ်တဆိတ် လာရောက်ကာ ချောင်းကြည့်၏။ ကြိမ်ဒဏ်ပေးခံရသည် ဖြစ်သော်လည်း ဤလူတို့၏ ဝတ်လစ်စလစ်ခန္ဓာကိုယ်မှာ ကြည့်ကောင်းလွန်းသောကြောင့်ပင်။

.............

ပင်းအာက ကိုယ်ဝန် ခုနှစ်လကျော်နေပြီဖြစ်၏။ နောက်ထပ် တစ်လကြာလျှင် သူမက မွေးဖွားပေတော့မည်။ အလွန် စိတ်လှုပ်ရှားလျက်ရှိနေ၏။ သားလေးဖြစ်မည် ဖြစ်ကြောင်းကိုလည်း တတွတ်တွတ် ပြောနေ၏။ သို့ပေမည့် ရှမ့်လန်က မိန်းကလေးဖြစ်မှန်း အစောတည်းက ကြိုတင်သိရှိပြီးဖြစ်၏။ သို့ပေမည့် သူက ဤအကြောင်းအရာကို မပြောပေ။ သူက ယောကျ်ားလေးများကို မကြိုက်၊ မိန်းကလေးများကိုသာ ကြိုက်ကြောင်း အစဉ်အမြဲ ပြောပြ၏။

ပဉ္စမမင်းသားနင်ကျန်း၊ ကျိုးကတော်ကလည်း ထိုအချက်ကို ရိပ်မိ၏။ အကြောင်းမှာ ပင်းအာ၏ ဝမ်းဗိုက်က ချွန်မနေသောကြောင့်ပင်။

ရှမ့်လန် သူမ၏ ဝမ်းဗိုက်ပေါ်မှတဆင့် သန္ဓေသားကလေးငယ်ကို ဆော့ကစားပေးလျက် ရှိနေတုန်းမှာပဲ ပင်းအာက ရုတ်တရက် ပြောလိုက်၏။ “သခင်လေး... ချောင်ယောင်းအာက မွေးတော့မှာပဲ။ ဒါမှမဟုတ် မွေးပြီးလောက်ပြီနဲ့တူတယ်”

“ဟမ်” ရှမ့်လန်က ကြောင်အသွား၏။ ချောင်ယောင်းအာက တကယ်ကို အစွမ်းထက်လွန်းလှ၏။ ထို့ကြောင့် သူမအတွက် ယောကျ်ား မလိုအပ်ချေ။ သူမ၏ ကလေးကလည်း ဖခင်တစ်ဦး မလိုအပ်ပုံပေါ်၏။ သို့ပေမည့် ဤကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့်မိန်းမသည် အဘယ်သို့သောကလေးမျိုးကို မွေးဖွားလာမည်နည်း။ လောကကြီးထဲတွင် ချောင်ယောင်းအာနှင့် တစ်တန်းတည်းထား၍ ပြောဆိုနိုင်သည့်လူဟူ၍ နင်ဟန် တစ်ယောက်တည်းသာလျှင်ရှိသည်။

ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှာ ဟွမ်ဖန်၏ အသံက ထွက်ပေါ်လာ၏။ “သခင်လေး.. မိန်းမတစ်ယောက် လာတွေ့ပါတယ်”

ပင်းအာက အသံမထွက်သော်လည်း သူမ၏ နားရွက်များက ရုတ်တရက် ထောင်မတ်သွားသည်။

“ဘယ်သူလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ငါအချိန်မရှိဘူး။ ဒီရက်ပိုင်း ဘယ်မိန်းမနဲ့မှ မပတ်သတ်ဘူး။ လောကကြီးမှာ ငါ့လောက် သန့်ရှင်းတဲ့ ယောကျ်ားမျိုးဆိုတာ မရှိဘူး။ ဟုတ်တယ်နော်။”

ဟွမ်ဖန်က ပြောလိုက်သည်။ “သူ့နာမည်က နင်ဟန်တဲ့”

ရှမ့်လန်က ကြောင်သွား၏။ နင်ဟန်က သူ့ကို လာတွေ့သည်လား။ သူ၏ ဆွဲဆောင်မှုက ဤမျှပင် အံ့မခန်း ဖြစ်နေသည်လား။

................

မြို့စားစံတော်၏ ဧည့်ခန်းမဆောင်ထဲမှာတော့ ရှမ့်လန်က တိုင်းပြည်ပျက်လောက်သည်အထိ လှပလွန်းသော နံပါတ်တစ် အလှမယ်နတ်မိမယ်ကို နောက်တစ်ကြိမ် ပြန်လည်ကာ တွေ့ဆုံ၏။

မင်းသမီးနင်ဟန်က ရှမ့်လန်ကို ကြည့်ရှုပြီး အကြောင်းအရာကို တည့်တည့်မတ်မတ် ပင် ပြောဆိုလာသည်။ “ရှမ့်လန်.. ကျွန်မ ဒီတစ်ခေါက် နန်းမြို့တော်ကို ပြန်လာရတဲ့ အကြောင်းအရင်းက ရှင့်ကို လာရှာတာပဲ။”

ထိုစကားကိုကြားတော့ ရှမ့်လန်က အနည်းငယ် အံ့အားသင့်သွားမိ၏။ မင်းသမီးနင်ဟန်က သူ့ကိုရှာဖို့ နန်းတော်ဆီ ပြန်လာသည်လား။ ရှမ့်လန်က ဂုဏ်ယူရမည်လား သို့မဟုတ် စိုးရိမ်ပူပန်ရမည်လား မသိတော့ချေ။ သူက သူ့ကိုယ်သူ ဤမျှလောက် ဆွဲဆောင်မှုရှိလိမ့်မည်ဟု မထင်မိပေ။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ဘာကိစ္စပါလဲ”

မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “ကျွန်မရဲ့ဆရာက ရှင့်ကို တပည့်အဖြစ် လက်ခံချင်တယ်။ ကျွန်မတို့ရဲ့ အငယ်ဆုံးမောင်လေး၊ ဆရာတူတပည့်လေးအဖြစ်ပေါ့”

ရှမ့်လန်က ကြက်သေ သေသွားမိ၏။ ကျိုးရှီက သူ့ကို တပည့်အဖြစ် လက်ခံချင်သည်တဲ့လား။ ရှမ့်လန်က ယခုအချိန်တွင် လောကကြီးအကြောင်းကို သေသေချာချာ နက်နက်နဲနဲ နားလည်သဘောပေါက်နေပြီ ဖြစ်၏။ ကောင်းကင်ပင်လယ်နန်းဆောင်ပေါ်တွင် သူ၏အမြင်မှာလည်း ပြောင်းလဲသွားခဲ့ပြီ။ ထိုသူတို့က လောက၏ စည်းမျဉ်းများကို ထိန်းချုပ်သူများပင်ဖြစ်၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးက သူ့ကို တပည့်အဖြစ် လက်ခံချင်သည် ဆိုခြင်းမှာ ရှမ့်လန်အား လောက၏ အမြင့်ဆုံးဘုံသို့ ဆွဲတင်လိုက်ခြင်းနှင့် တူတူပင်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ဘာကြောင့်လဲ”

မင်းသမီးနင်ဟန်က ဖြေဆိုသည်။ “ရှင်က အရည်အချင်းရှိလို့ပါ”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်တို့က ဉာဏ်ကောင်းတဲ့သူတွေပဲလေ။ ပွင့်ပွင့်လင်းလင်း ပြောကြရအောင်”

မင်းသမီးနင်ဟန်က ပြုံးလိုက်သည်။ “ရှမ့်လန်... ရှင်က တကယ့်ကို ဉာဏ်ကောင်းတယ်။ ဒါဆိုရင် ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်”

ရှမ့်လန်က စကားထောက်ပေးလိုက်၏။ “ပြောပါ”

မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “နင်ယီနဲ့ ကျွန်မက အဖေတူအမေကွဲ မောင်နှမတွေဆိုတာ ရှင်သိပြီးသား ဖြစ်လိမ့်မယ်။ ဒီတော့ ကျွန်မက နင်ယီကို ထောက်ခံတယ်” နင်ယီက အိမ်ရှေ့စံမင်းသား၏ နာမည်ဖြစ်၏။

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။

မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “ဒါ့ကြောင့် ထီးနန်းလုပွဲမှာ ရှင့်ကို မပါဝင်စေချင်ဘူး”

ရှမ့်လန်က ပြောလိုက်၏။ “တတိယမင်းသား နင်ချီကလည်း နင်ယီနဲ့ ယှဉ်ပြိုင်ဘက်တစ်ယောက်ပဲ။ ပြီးတော့ သူ့ရဲ့နောက်က အင်အားက ကျုပ်ထက် အများကြီး ပိုသာတယ်။ ခင်ဗျားက သူ့ကိုသွားမတားဘဲနဲ့ ဘယ်လိုဖြစ်ပြီး ကျုပ်ကို လာတားနေရတာလဲ”

မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “ရှင် အမှန်အတိုင်း ကြားချင်လို့လား”

ရှမ့်လန်က ဖြေလိုက်၏။ “ကြားချင်တာပေါ့”

မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “ပထမဦးဆုံးအချက်အနေနဲ့ နင်ချီရဲ့နောက်မှာ ရှိနေတာက ရွှယ်ကလန်နဲ့ ကျုံးကလန်တို့ပဲ။ သူတို့က သိပ်ပြီး အင်အားကြီးမားတယ်ဆိုတော့ သူတို့ကို တားဆီးဖို့ ကုန်ကျစရိတ်က ကြီးမားတယ်။ ရှင်နဲ့နင်ကျန်းကတော့ အခုမှ စတင်ခါစပဲ ရှိသေးတယ်။ အခုမှစပြီး အစပျိုးတုန်းဆိုတော့ အင်အားကလည်း သေးငယ်သေးတယ်။ ဒီတော့ တားဆီးဖို့အတွက် ကုန်ကျစရိတ်၊ ရင်းနှီးစိုက်ထုတ်မှုက နည်းပါးတာပေါ့”

ရှမ့်လန်က နင်ဟန်ကို အံ့အားသင့်သွားဖြင့် လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။ ဤမိန်းကလေးက စကားပြောရာတွင် အလွန်ပဲ ပွင့်လင်းပြီး လွတ်လပ်လွန်းလှချေ၏။ တစ်စုံတစ်ခုကိုမှ ဖုံးကွယ်ထားခြင်းမရှိချေ။

မင်းသမီးနင်ဟန်က ပြောလိုက်၏။ “ဒုတိယအချက်အားဖြင့် ရွှယ်ကလန်နဲ့ ကျုံးကလန်တို့က တော်ဝင်မျိုးနွယ်ဟောင်းတွေလေ။ သူတို့ရဲ့မိသားစု အကျိုးစီးပွားကို စည်းမျဉ်းစည်းကမ်းဘောင်ပေါ်ကနေပဲ လုပ်ဆောင်ကြလိမ့်မယ်။ ဒါပေမဲ့ ရှင်ကတော့ မတူဘူး။ ရှင့်မှာ ဘာအောက်ခြေစည်းမျဉ်းမှ မရှိဘူး။ ပြီးတော့ ချုပ်ထိန်းမှုလည်း မရှိဘူး”

ပြီးနောက် မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “ပြီးတော့ ရှင်က နင်ကျန်းကို ထီးနန်းရအောင် ကူညီပေးနေတဲ့ အကြောင်းအရင်းက နင်ယီသာ ထီးနန်းရရှိသွားမယ်ဆိုရင် ရှင်နဲ့ ရှင့်မိသားစုကို ပြဿနာရှာမှာ စိုးရိမ်လို့ မဟုတ်လား။ ရှင်သာ ကျွန်မဆရာရဲ့ တပည့်ဖြစ်လာမယ်ဆိုရင် ရှင့်ကိုရော၊ ရှင့်မိသားစုကိုရော ဘယ်သူမှ အပြစ်လုပ်ရဲမှာ မဟုတ်ဘူး”

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ဆရာကြီးကျိုးရှီ ကျုပ်ကို တပည့်အဖြစ် လက်ခံတာကလည်း ခင်ဗျားကြောင့်ပဲပေါ့။”

နင်ဟန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ဒီကိစ္စကို ကျွန်မ တောင်းဆိုပေးခဲ့တာပဲ။ ရှင့်မှာ သိုင်းပညာ အရည်အချင်း မရှိဘူးဆိုပေမဲ့ ရှင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးအရ ရှင်က ဆရာ့ရဲ့တပည့်ဖြစ်ထိုက်ပါတယ်”

ခဏအတွင်းမှာပဲ ရှမ့်လန်က အလွန်ကြီးမားသည့် အရှက်ခွဲမှုကို ခံစားလိုက်ရသကဲ့သို့ပင်။ သူက ထိုကဲ့သို့သော အရှက်ခွဲမှုကို ပြန်လည်ချေပရန်လည်း မဖြစ်နိုင်ချေ။ အကြောင်းအရင်းမှာ တစ်ဖက်ခြမ်းက မတရားသည့် စကားလုံးဟူ၍ တစ်လုံးတစ်ပါဒမှ ပြောဆိုခဲ့ခြင်းမရှိသလို ဟိတ်ကြီးဟန်ကြီးနှင့် ပြုမူဆောင်ရွက်နေခြင်းလည်း မဟုတ်ချေ။

အသေးစိတ်ကို မည်သို့ ဖော်ညွှန်းရမည်နည်း။ ဤအရာက ရှင်းပြရန် ခက်ခဲလွန်းသည်။

မင်းသမီးနင်ဟန်က ကျိုးရိချမ်၏ ပုံပျက်ပန်းပျက်မျက်နှာကို တွေ့ခဲ့သည့်အချိန်က အင်ပါယာကျန်းလီ၏ အထူးသွေးမျိုဆက် ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့၏။ ဤအရာက အမှတ်မထင် ပြောဆိုခြင်းဖြစ်၏။ သွေးကြောထဲမှ စွမ်းအင်များကို လမ်းကြောင်းဖွင့်ပေးနိုင်ခြင်း မရှိသောကြောင့် မျက်နှာက ပုံပျက်သွားရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့၏။

ထိုစကားစု တစ်ခုတည်းကြောင့် ကျိုးမျိုးနွယ် တစ်ခုလုံး သုတ်သင်ရှင်းလင်းခံခဲ့ရ၏။ ထိုထက်ဆိုးဝါးသည်မှာ ကျိုးမျိုးနွယ်တို့သည် သုတ်သင်ရှင်းလင်းခံရသည့်အချိန်တွင် အဘယ့်ကြောင့်ဟူသည့် တိကျသော အကြောင်းအရင်းကိုပင် မသိရှိဘဲ သေဆုံးသွားခဲ့ကြ၏။

ဤအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် နင်ဟန်က အပြစ်ရှိသလို ခံစားရ၏။ ထို့ကြောင့် ကျိုးကျောင်းရန်ကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခဲ့၏။ ကျိုးကျောင်းရန်က ငရဲဘုံဆီမှ လွတ်မြောက်ခဲ့ပြီး ယင်ယွမ် အဖွဲ့အစည်း၏ ကိုယ်စားလှယ်ပင် ဖြစ်လာခဲ့၏။ ထို့အပြင် အိမ်ရှေ့စံမင်းသား နင်ယီ၏ ကိုယ်လုပ်တော်ပင် ဖြစ်လာ၏။ သူမအား ရွှဲ့ပြည်နယ်၏ အာဏာဗဟိုချက်ဆီသို့ ပြန်လည်ကာ ရောက်ရှိစေသကဲ့သို့ပင်။

ထိုကဲ့သို့သော အရာအားလုံးကို ပြုလုပ်နိုင်ခြင်းက နင်ဟန်သည် ကောင်းကင်ပင်လယ်နန်းဆောင်၏ တပည့် တစ်ယောက်ဖြစ်ရုံသာမက ကောင်းကင်ပင်လယ်နန်းဆောင်၏ နောက်တစ်ဆက်မြောက် သခင်မလောင်းလည်း ဖြစ်နေသောကြောင့်ပင်။

ကျိုးရှီက ဘိုးဘေးလော်ကို စွဲလမ်းနှစ်ခြိုက်နေသူတစ်ယောက် ဖြစ်သောကြောင့် အိမ်ထောင်ပြုခြင်း၊ သားသမီး ယူခြင်းလည်း မရှိခဲ့ချေ။ ထို့ကြောင့် သခင်ကြီးကျိုးရှီ၏ နေရာတွင် ဆက်ခံနိုင်မည့် တပည့်မှာ နှစ်ဦးတည်းသာလျှင် ရှိ၏။ နင်ဟန် သို့မဟုတ် ကျူးဟုန်ရွှဲ့သာ။

ကျူးဟုန်ရွှဲ့က သူ၏မိသားစုလုပ်ငန်းကို ဆက်ခံရန် မိသားစုဆီသို့ ပြန်ရမှာ ဖြစ်သောကြောင့် ကောင်းကင် ပင်လယ်နန်းဆောင်ကို ဆက်ခံမည့်သူမှာ နင်ဟန်တစ်ယောက်တည်းသာလျှင် ရှိ၏။ ယခု ကျိုးရှီက ရှမ့်လန်ကို တပည့်အဖြစ် လက်ခံချင်၏။ ဤအရာက နင်ဟန်၏ စကားတစ်ခွန်းတည်းကြောင့်ပင်။ ဤကဲ့သို့သော တပည့်မျိုးဖြစ်နေ၏။ နောက်ဆုံးတပည့်တော့ မဖြစ်နိုင်ချေ။ မဟုတ်ပါက ကျိုးရှီကိုယ်တိုင် လာရောက်ကာ ခေါ်ယူပေလိမ့်မည်။

ကျိုးရိချမ်ကဲ့သို့ အမည်ခံတပည့်တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ကျိုးရိချမ်က ကောင်းကင်ပင်လယ် နန်းဆောင်တွင် နှစ်ပေါင်းများစွာ ပညာသင်ကြားခဲ့၏။ အမည်ခံအားဖြင့် ကျိုးရှီ၏တပည့်ဖြစ်သော်လည်း သူ၏စိတ်ထဲတွင် ကျိုးရှီ၏ ပုံရိပ်က မဝိုးမဝါးရှိနေပြီး ကျိုးရှီကို တစ်ခါမှ မမြင်ဖူးသကဲ့သို့ပင်။

ဤသည်က အဝေးသင်တက္ကသိုလ်၌ ပညာသင်ယူကြသည့် ကျောင်းသားများနှင့်ပင် ဆင်တူ၏။ ရှမ့်လန် ဤလောကကြီးဆီသို့ ရောက်ရှိပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်မတုံ့ပြန်နိုင်သည့် အထင်သေးခြင်းကို ခံလိုက်ရသည်။။

နင်ဟန်က မေးမြန်းလိုက်၏။ “ရှမ့်လန်.. ရှင်သာ သဘောတူတယ်ဆိုရင် ကျွန်မ ရှင့်ကို ဆရာနဲ့တွေ့ပေးဖို့ ခေါ်သွားမယ်။ ကျွန်မတို့ ရှေးဟောင်းအပျက်အစီးတွေကို တူးဖော်နေကြတာလေ။ ရှင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေး နဲ့ဆိုရင် ဒီကိစ္စမှာ အသုံးဝင်လိမ့်မယ်လို့ ထင်တယ်”

ရှမ့်လန်က ထိုင်နေရင်းမှ ရုတ်တရက် ပျင်းရိလေးကန်လာခဲ့သည်။ “မင်းသမီးနင်ဟန်.. ခင်ဗျား ပင်လယ်ရပ်ခြားမှာ ချောင်ယောင်းအာကို တွေ့မိသေးလား”

နင်ဟန်က ခေါင်းခါယမ်းလိုက်၏။ “မတွေ့ဘူး။ သူက အနောက်ဘက်တစ်လျှောက်ကိုပဲ သွားနေတာ။ ကျွန်မတို့နဲ့ အဝေးကြီးပဲ။ သူ အရှေ့တိုင်းလောကကနေ လုံးဝထွက်ခွာသွားခဲ့ပြီထင်တယ်”

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ရှေးဟောင်းအမွေအနှစ်တွေ တူးဖော်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။ သိုင်းပညာလား၊ ဒါမှမဟုတ် တခြားအရာတွေကြောင့်လား”

နင်ဟန်က ဖြေလိုက်၏။ “သိုင်းပညာ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါပေမဲ့ ဆယ်ပုံပုံရင် တစ်ပုံလောက် မပြည့်ပါဘူး”

ပြီးသည့်နောက် နင်ဟန်က ရှမ့်လန်ကို ကြည့်ရှုလိုက်၏။ “ရှင် သဘောတူမှာလား၊ မတူဘူးလား။ ရှင် သဘောမတူဘူး မဟုတ်လား”

ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “အမှန်ပဲ”

နင်ဟန်က မေးမြန်းလိုက်၏။ “ဒါ ရှင့်ရဲ့မာနကြောင့်လား။ ကျွန်မက ရှင့်ရဲ့မာနကို ထိခိုက်စေခဲ့လို့လား”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်က မိန်းမကို မှီခိုပြီး စားနေရတဲ့ ယောက်ျားတစ်ယောက်ပဲ။ နေ့စဉ် ဒူးထောက်ပြီး တခြားသောသူတွေကို မြှောက်ပင့်ပြောဆို နေထိုင်နေရတာ။ ကျုပ်ဆီမှာ ဘာမာနမှ မရှိပါဘူး။ ကျုပ်က ကိုယ့်ရဲ့လုံခြုံမှုကို ကိုယ်တိုင်ပဲ ရှာဖွေရမယ်လို့ ခံစားမိလို့ပါ။ တခြားသောသူ ပေးတာကို အားကိုးပြီး နေလို့မရဘူးလေ။

ပြီးတော့ ကျုပ်က နင်ကျန်းကို ထီးနန်းရအောင် ကူညီပေးခဲ့တယ်ဆိုတာ ကျုပ်နဲ့ ကျင်းမိသားစုကို ကာကွယ်ဖို့ တစ်ခုတည်း မဟုတ်ဘူး။ လက်စားချေဖို့လည်း ပါသေးတယ်။ ကျုပ်က ရွှယ်မိသားစုကို ဖျက်ဆီးချင်တယ်။”

မင်းသမီးနင်ဟန်က ပြောလိုက်၏။ “ရှမ့်လန်.. ရှင်က တကယ် ပွင့်လင်းတာကိုး”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို ငြင်းလိုက်မယ်ဆိုရင် ခင်ဗျားရဲ့ သိုင်းပညာက ဒီလောက်ကြီး ကောင်းမွန် အစွမ်းထက်နေတာဆိုတော့ ... အင်း ... ကျုပ်ကို သတ်ပစ်မှာတော့ မဟုတ်ဘူးမလား”

မင်းသမီးနင်ဟန်က ရယ်မောလိုက်၏။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျွန်မက ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီ။ ကျွန်မ ထီးနန်းလုပွဲတွေမှာ ပါဝင်ပတ်သက်လို့ မဖြစ်ဘူး။ ဒီတော်ဝင် အာဏာတွေကိုလည်း ကျွန်မ စိတ်ပါဝင်စားမှု မရှိပါဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင်လည်း ကောင်းတာပေါ့။ ကျုပ်က သဘောထား မတိုက်ဆိုင်တာနဲ့ ဓားဆွဲထုတ်တဲ့လူမျိုးကို အကြောက်ဆုံးပဲ”

မင်းသမီးနင်ဟန်က ပြောလိုက်၏။ “ကျိုးရိချမ် ကိစ္စကရော။ သူ့ကို လာတွေ့ခိုင်းလို့ရမလား”

All Chapters