အခန်း (၅၀၉)
Vol. 35 Ch. 509
“ရတာပေါ့”
ပြီးနောက် ရှမ့်လန်က ပြောလိုက်၏။ “ရှမ့်ဆယ့်သုံး.. ကျိုးရိချမ်ကို လူရွေးတာ ခဏရပ်ခိုင်းလိုက်။ ပြီးတော့ သူ့ရဲ့ ဆရာတူအစ်မနဲ့ လာတွေ့ခိုင်းလိုက်”
ခဏကြာမှာတော့ ကျိုးရိချမ်က နင်ဟန်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ “ဂါရဝပြုပါတယ် ဆရာတူအစ်မ”
နာကျည်းမှု တဖြစ်လည်း ကျိုးရိချမ်က အသက်ပိုကြီးသော်လည်း နင်ဟန်က ဂိုဏ်းထဲသို့ အရင်ဝင်သောကြောင့် သူ၏ ဆရာတူအစ်မ ဖြစ်၏။
မင်းသမီးနင်ဟန်က ကျိုးရိချမ်ကို တစ်ချက်လှမ်းကြည့်ပြီး တည့်တည့်ပင် ပြောလိုက်သည်။ “ကျိုးရိချမ်.. ကောင်းကင်ပင်လယ်နန်းဆောင်က စည်းမျဉ်းတွေကို သိရဲ့လား”
ကျိုးရိချမ်က ခေါင်းခါယမ်းလိုက်၏။ သူ တကယ်မသိပေ။ သူက ကောင်းကင်ပင်လယ် နန်းဆောင်တွင် ပညာသင်ကြားခဲ့သော်လည်း ကျိုးရှီ၏ အမည်ခံတပည့်တစ်ယောက်မျှသာ ဖြစ်၏။ ထို့ကြောင့် သူက သာမန်ကျောင်းသား တစ်ယောက်နှင့်သာတူပြီး တခြားသော အဆင့်မြင့် စည်းမျဉ်းစည်းကမ်းများအကြောင်းကို သေသေချာချာ မသိချေ။
နင်ဟန်က ပြောလိုက်၏။ “ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့တပည့်တွေ၊ အထူးသဖြင့် ဆရာ့ရဲ့တပည့်တွေက တော်ဝင်အာဏာလုပွဲတွေမှာ ပါဝင်ဆက်စပ်မှု မရှိဘူး။ ဒါက အဓိကစည်းမျဉ်းစည်းကမ်းပဲ။ ကောင်းကင် ပင်လယ်နန်းဆောင်ရဲ့ ရည်ရွယ်ချက်က ရှေးဟောင်းယဉ်ကျေးမှုတွေကို တူးဖော်ဖို့၊ လောကကြီးကို စောင့်ကြည့်ဖို့၊ လောကကြီးရဲ့ ယဉ်ကျေးမှုကို တစ်ဆင့်မြှင့်တင်ဖို့ပဲ။ တော်ဝင်မျိုးနွယ်တွေရဲ့ အာဏာလုပွဲတွေကို ပါဝင်တယ် ဆိုတာ ကြီးမားတဲ့ တားမြစ်ချက်တစ်ခုပဲ”
ဤအရာကို နာကျည်းမှုက ပထမဦးဆုံး ကြားဖူးခြင်းဖြစ်သည်။
နင်ဟန်က ပြောလိုက်၏။ “ကျိုးရိချမ်.. ရှင်လုပ်နေတာအားလုံးကို ချက်ချင်းရပ်ပြီး ကျွန်မနဲ့လိုက်ခဲ့။ ကောင်းကင်ပင်လယ်နန်းဆောင်ကို ပြန်ပြီး ကျင့်ကြံအားထုတ်ရမယ်။ ပြီးတော့ နန်းဆောင်ရဲ့ အားကိုးရတဲ့ သိုင်းပညာရှင် ဖြစ်အောင် ကြိုးစားရလိမ့်မယ်”
နာကျည်းမှုက ရှမ့်လန်၏ လက်အောက်မှ တစ်ဦးတည်းသော တပ်မှူးတစ်ယောက်ဖြစ်၏။ ထို့အပြင် သူက ရှုံးပွဲမရှိသည့် တပ်မှူးတစ်ယောက်လည်း ဖြစ်၏။ နာကျည်းမှုသာ မရှိပါက အနာဂတ် ရှုံးပွဲမရှိသည့် စစ်တပ်ကြီး ဆိုသည်မှာ ဖြစ်လာနိုင်လိမ့်မည် မဟုတ်ချေ။
ရှမ့်လန်ကိုအားကိုးပြီး စစ်သည်များကို လေ့ကျင့်ခိုင်းရမည်လား။ ရှမ့်လန်က ထိုအရာကို မပြုလုပ်တတ်ပေ။ ကျင်းရှိယန်ကို အားကိုးရမည်လား။ ထိုအရာကလည်း ဖြစ်နိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ကျင်းရှိယန်နှင့် နာကျည်းမှု၏အကြားတွင် ကြီးမားလွန်းသည့် ကွာခြားချက် ရှိနေသောကြောင့်ပင်။
ကောင်းကင်ပင်လယ်နန်းဆောင်က ကျိုးရိချမ်ကို ရှမ့်လန်ဆီမှ ထွက်ခွာသွားစေခဲ့ခြင်းသည် ရှမ့်လန်၏ အဓိက အားကိုးရသည့် တောင့်တိုင်ကြီးတစ်ခုကို ဖြိုချလိုက်ခြင်းနှင့် တူညီ၏။ ရှမ့်လန်က မည်သည့်စကားကိုမှ မဆိုချေ။ သူက ကျိုးရိချမ်ကိုသာလျှင် တိတ်ဆိတ်စွာ ကြည့်ရှုနေ၏။
ကျိုးရိချမ်က ခေါင်းကိုကုတ်လိုက်သည်။ “ကျုပ်က ဓားပြကြီး နာကျည်းမှု ဘဝတုန်းက အိမ်ရှေ့စံနင်ယီအတွက် အလုပ်လုပ်ပေးတယ်။ အဲဒီတုန်းက ဘာလို့ စည်းမျဉ်း မရှိရတာလဲ”
ရှမ့်လန်က စကား ဝင်မပြောချေ။ ‘နာကျည်းမှု.. ခင်ဗျားက သိပ်ကို ပွင့်လင်းလွန်းနေပြီ’
နင်ဟန်က ပြောလိုက်၏။ “မင်းပြောတာ ဟုတ်တယ်”
နင်ဟန်က ငြင်းခုန်မနေပေ။ ထိုအစား ထိုက်ရိုက်ဆိုသလို ဝန်ခံလိုက်၏။ သို့ပေမည့် ဤအရာက နာကျင်စေ၏။ သဘောမှာ မင်းက ကောင်းကင်ပင်လယ် နန်းဆောင်က ထွက်ပြေးခဲ့ပြီး အိမ်ရှေ့စံနင်ယီအတွက် အလုပ်လုပ်ပေးခဲ့ဖူး၏။ သို့ပေမည့် ကောင်းကင်ပင်လယ် နန်းဆောင်မှာ အရေးကြီးသည်ဟု မထင်မှတ်သောကြောင့် သတိပင်မပြုမိခဲ့ဟု အဓိပ္ပာယ်ပေါက်၏။ ယခု သိရှိသွားခဲ့ပြီဆိုသောကြောင့် စည်းမျဉ်းအတိုင်း လိုက်နာရပေလိမ့်မည်။
နာကျည်းမှုအနေနှင့် ရွေးချယ်စရာ နှစ်ခုရှိ၏။ နင်ကျန်းနှင့် ရှမ့်လန်ကို စွန့်ခွာပြီး ကောင်းကင်ပင်လယ် နန်းဆောင်ဆီသို့ ပြန်သွားရလိမ့်မည်။ သို့မဟုတ် ကောင်းကင်ပင်လယ်နန်းဆောင်မှ နှင်ထုတ်ခြင်း ခံရပေလိမ့်မည်။ ကောင်းကင်ပင်လယ်နန်းဆောင်၏ တပည့်တစ်ဦးဆိုသည့် ဂုဏ်ပုဒ်ကတော့ တကယ့်ကို ဂုဏ်ယူဖွယ်ရာပင်။
ကျိုးရှီတပည့်ဖြစ်လျှင် ပို၍ဆိုဖွယ်ရာပင် မရှိပေ။ အမည်ခံတပည့်ဆိုလျှင်တောင် တကယ့်ကို ဂုဏ်သိက္ခာ ကြီးမား၏။ နာကျည်းမှုက တကယ်ကို တုံးအလွန်းခဲ့သည်။ သူက ရွှေခွက်ကြီးကို ကိုင်ပြီး တောင်းစားခဲ့ခြင်း ဖြစ်၏။
နာကျည်းမှုက ပြောဆိုလိုက်သည်။ “ကောင်းပြီလေ။ ဒါဆိုရင် ဒီနေ့ကစပြီး ကျုပ်က ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ တပည့် မဟုတ်တော့ဘူး။ ဆရာကြီးကျိုးရှီရဲ့ တပည့်လည်း မဟုတ်တော့ဘူး။ ကျုပ်ကို ဂိုဏ်းကနေ နှင်ထုတ်ပေးပါ”
နင်ဟန်က ပြောလိုက်၏။ “ကျိုးရိချမ်.. ရှင်သာ ကောင်းကင်ပင်လယ်နန်းဆောင်က ထွက်သွားရင် ရှင့်ရဲ့ သိုင်းပညာက နောက်တစ်ဆင့်ကို ဘယ်တော့မှ တက်လှမ်းနိုင်မှာမဟုတ်ဘူး”
နာကျည်းမှုက ခေါင်းကို ခါယမ်းလိုက်၏။ စကားဆက်လက်ကာ မပြောဆိုချေ။
နင်ဟန်က ပြောလိုက်သည်။ “ဒီလိုဆိုရင် ကျွန်မကို ခွင့်ပြုပါအုံး”
ပြီးနောက် မင်းသမီးနင်ဟန်က ထွက်ခွာသွားခဲ့၏။ သူမက နန်းတော်ထဲသို့ ပြန်မဝင်ချေ။ မြို့တော်မှ ထွက်ခွာသွားခဲ့ပြီး သူမ၏ဆရာ ကျိုးရှီနှင့် ပြန်လည် တွေ့ဆုံရန် စီစဉ်ထား၏။ ပြီးနောက် ရှေးဟောင်း အပျက်အစီးပုံများ၏ မြေအောက်နန်းတော်သို့ သွားလာ ဆက်လက်တူးဖော်ရန်ပင်။
ရှမ့်လန်က ရယ်မောလိုက်၏။ “နာကျည်းမှု... ကောင်းကင်နဲ့ တိမ်တိုက်တွေပေါ်က မထီမဲ့မြင်ပြုမှုကို ခံစားလိုက်ရလား”
နာကျည်းမှုက ခေါင်းညိတ်လိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်တို့ အစွမ်းကုန် ကြိုးစားကြရအောင်။ သူက နင်ယီကို ကာကွယ်ပေးနေတာ မဟုတ်လား။ ကျုပ်တို့က မင်းသားနင်ကျန်းကို ထီးနန်းရအောင် ကူညီပြီး အိမ်ရှေ့စံနင်ယီကို နင်းချေပစ်မယ်။ သူက မောက်မာဝင့်ကြွားနေတာ မဟုတ်လား။ တောင်ပံတွေ ရှိနေလို့လား။ ကျုပ်တို့ သူ့ရဲ့အတောင်ပံတွေကို ဆွဲနှုတ်ပစ်မယ်။ အဝတ်အစားတွေကို ချွတ်ပြီး မစင်တွန်းထဲ ပစ်ချပစ်မယ်။ နတ်မိမယ်တွေက အိမ်သာ တက်လား၊ မတက်လားတော့ မသိဘူး။ ဒါပေမဲ့ မစင်စားရပြီဆိုရင်တော့ နတ်မိမယ် မဟုတ်တော့မှာ သေချာတယ်”
နာကျည်းမှုက ရှမ့်လန်ကို ကြည့်လိုက်၏။ ‘ခင်ဗျားပြောတဲ့ ပထမတစ်ဝက်ကိုတော့ ကျုပ်သဘောတူတယ်။ ဒါပေမဲ့ ဒုတိယတစ်ဝက်ကတော့ နည်းနည်း ရွံစရာကောင်းတယ်’
ရှမ့်လန်က ပြောလိုက်သည်။ “မင်းသမီးနင်ဟန်က အရှင်မင်းကြီးရဲ့ ဂုဏ်ယူလောက်စရာ၊ အနာဂတ် ကောင်းကင် ပင်လယ်နန်းဆောင်ရဲ့ ဆက်ခံသူ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ထီးနန်းလုပွဲမှာတော့ အရှင်မင်းကြီးကပဲ အကြွင်းမဲ့ အာဏာကို ပိုင်ဆိုင်ထားတာ မဟုတ်လား”
……
မင်းသမီးနင်ဟန်က မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိလာခဲ့ပြီး လျင်မြန်စွာပဲ ပြန်လည်ထွက်ခွာသွားခဲ့၏။ သို့ပေမည့် သူမက ရှမ့်လန်၏ နှလုံးသားထဲသို့ ကျောက်တုံးတစ်တုံးကို ပစ်ခတ်ခဲ့သကဲ့သို့ပင် လှိုင်းတံပိုးများ ဖြစ်စေခဲ့၏။ ရှမ့်လန်အနေနှင့် ပထမဦးဆုံးအကြိမ် တခြားသောသူများ၏ ဘာမှန်းမသိသည့် အထင်အမြင်သေးခြင်းကို ခံခဲ့ရခြင်းဖြစ်၏။ ပျက်ရယ်ပြုသည့် စကားတစ်လုံးမှ မပါဝင်ချေ။ သို့ပေမည့် စကားလုံးတစ်ခုချင်းစီတိုင်းက ကောင်းကင်ဘုံမှာ လှမ်းကာ ပြောဆိုနေသကဲ့သို့ပင်။
ချောင်ယောင်းအာကလည်း ထိုကဲ့သို့ သဘာဝလွန် မိန်းမတစ်ယောက်ဖြစ်၏။ သူမကလည်း ရှမ့်လန်ကို မနှစ်သက်ချေ။ တိတိကျကျ ပြောရမည်ဆိုလျှင် သူမက တခြားမည်သူ့ကိုမှလည်း မနှစ်သက်ခဲ့ပေ။ သို့ပေမည့် သူမ၏သဘောထားက နှစ်သက်ဖွယ်ရာပင်။ သူမက တကယ့်ကို ဖြူစင်လွန်းသည့် ကိုယ်ပိုင်အစစ်အမှန် မေတ္တာတရားကို ပိုင်ဆိုင်၏။ မေတ္တာတရားကိုလည်း ထိန်းသိမ်း၏။ တန်ဖိုးထား၏။ သူမက သူမကို လာရောက် ပြဿနာရှာခြင်းမှလွဲ၍ အရာအားလုံးကို ခွင့်လွှတ်ပေး၏။
သူမက ယောက်ျားများကို မုန်းတီးတတ်သော်လည်း သူမ၏ စိတ်နှလုံးသား အနက်ရှိုင်းဆုံး နေရာတွင် ကြင်နာသနားမှုများနှင့် ပြည့်နှက်နေ၏။ ရှမ့်လန်အပေါ်တွင် ဖြစ်စေ၊ ရှစ်ချင်းချင်းအပေါ်တွင် ဖြစ်စေ ကြင်နာမှုကို ပြသ၏။ ချောင်ယောင်းအာက မာနကြီးပြီး အထီးကျန်၏။ သူမက မည်သူ့ကိုမှ အနားမကပ်စေချင်ပေ။ သို့ပေမည့် နေမင်းကဲ့သို့ပင် သူမ၏အောက်တွင် ရှိနေသည့် လူပေါင်းများစွာကို ကာကွယ်ပေးထား၏။ သူမက အပေါ်ယံတွင် အေးစက်သော်လည်း အတွင်းစိတ်ထဲတွင် နွေးထွေးသည်။
နင်ဟန်မှာတော့ ဆန့်ကျင်ဘက်ဖြစ်၏။ သူမက လွတ်လပ်၊ ပေါ့ပါးပြီး တိုက်ရိုက်ပြောဆိုတတ်ပုံပေါ်၏။ ကြီးမားသည့် မာန်မာနမျိုး မရှိဘဲ နွေးထွေးသည့်ပုံပေါက်၏။ သို့ပေမည့် သူမ၏ နှလုံးသားက အေးစက်မှုများနှင့် ပြည့်နှက်နေ၏။ သူမက လောကသားအားလုံးတို့အား ပုရွက်ဆိတ်ကလေးများကဲ့သို့ပင် အေးစက်စွာ ဆက်ဆံ၏။
ဟုတ်ပေ၏။ ဤကိစ္စတွင် ရှမ့်လန်ကလည်း သိပ်မထူးလှချေ။ နန်းမြို့တော်တွင် ဖြစ်စေ၊ ပိုင်ရီခရိုင်တွင် ဖြစ်စေ သူက မရေတွက်နိုင်သည့် လူများအပေါ် မာနကြီးပြီး အေးစက်ခဲ့သည်သာဖြစ်၏။ သို့ပေမည့် လက်ရှိအချိန် မှာတော့ သူက တခြားသောသူ၏ မာနကြီးမှုကို ခံခဲ့ရသည်။
............
နင်ဟန်က တစ်ခါတည်း ထွက်ခွာသွားခဲ့၏။ သို့ပေမည့် လူနှစ်ယောက်က အရှိန်အဟုန်ပြင်းပြင်းနှင့် လူပေါင်းထောင်ချီကို ခေါ်ဆောင်ကာ နန်းမြို့တော်ဆီသို့ ရောက်ရှိလာခဲ့၏။ ကျုံးရှစ်ရှစ်ပင် ဖြစ်၏။ ကျုံးမိသားစု၏ ပထမဦးဆုံး သမီးတော်၊ နန်းမြို့တော်တွင် မူလန်ကို နာကျင်စေခဲ့သည့် ကြောက်စရာ ကောင်းသည့် မိန်းမပင် ဖြစ်၏။ ဤမိန်းမ၏ လျင်မြန်ပါးနပ်မှုနှင့် ဩဇာအာဏာကြီးမားမှုက အဆုံးအစ မရှိချေ။
ရွှယ်လီက လုံလောက်သည့် အာဏာကို ထုတ်ဖော် ပြသခဲ့သည်လား။ သို့ပေမည့် သူမက ကျုံးရှစ်ရှစ်၏ အဆင့်နိမ့် ကျေးကျွန်တစ်ယောက်မျှသာ ဖြစ်၏။ ကျုံးရှစ်ရှစ်က တော်ဝင်မင်းသမီး မဟုတ်သော်လည်း မင်းသမီးတစ်ပါး ထက်ပင် သာလွန်၏။
ကျုံးမိသားစုက ရွှဲ့ပြည်နယ်တွင် ရှေးအကျဆုံး တော်ဝင်မျိုးနွယ်ဖြစ်၏။ အပေါ်ယံအားဖြင့် သူတို့၏ မြေပိုင်နက်က စတုရန်းကီလိုမီတာ တစ်သောင်းခန့်ရှိပြီး စုမိသားစုထက် လေးဆကျော် ပိုမို၍ များ၏။ သို့ပေမည့် ထျန်းရှစ်ပြည်နယ်၏ မြောက်ဘက်ပိုင်း တစ်ဝက်လုံးက ကျုံးမိသားစု၏ ပိုင်နက်နယ်မြေပင် ဖြစ်သည်။
ထို့ကြောင့် ထျန်းရှစ်ပြည်နယ်၏ နယ်မြေသည် ထျန်းဖေးပြည်နယ် သို့မဟုတ် ထျန်းနန်ပြည်နယ်တို့ထက် မနိမ့်ကျသော်လည်း အစိုးရရုံးဟူ၍ တစ်ခုတည်းသာ ရှိ၏။ ထိုရုံးက ထျန်းရှစ်ပြည်နယ် တောင်ပိုင်းရှိ ခရိုင်ခြောက်ခုကို အုပ်ချုပ်၏။ မြောက်ပိုင်းရှိ ခရိုင်ခုနစ်ခုက ရွှဲ့ပြည်နယ် တော်ဝင်နန်းတော်မှ စေလွှတ်ခဲ့သည့် အရာရှိများ ဖြစ်ကြသော်လည်း အာဏာစက် မရှိကြချေ။
ကျုံးမိသားစုက ရွှဲ့ပြည်နယ်၏ အကြီးဆုံး စစ်ဘုရင်ဖြစ်ပြီး သူတို့၏နယ်မြေက ပျံ့ရှောင်းထက်ပင် ပိုမိုကာ ကြီးမား၏။ ပျံ့ရှောင်းက ခရိုင်သုံးခုကိုသာ ပိုင်ဆိုင်ပြီး စစ်ရေးကိုသာလျှင် တာဝန်ယူ၏။ အရပ်ဘက်ရေးရာ ကိစ္စများကို တခြားသောအရာရှိများကို လွှဲအပ်ထား၏။
ဤအချိန်မှာတော့ သူက ကျန်းချုံးကို ယန်ကျိုးပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်ဆိုခြင်းမှာ နင်ယွမ်ရှန်းထံ အာဏာလွှဲပြောင်းပေးလိုသည့် ရည်ရွယ်ချက်ရှိကြောင်း ပိုမို ထင်ရှားစေ၏။ ထို့ကြောင့် ယန်ကျိုးပြည်နယ်သည် ရွှဲ့ပြည်နယ်၏ အုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်း ၂၀ သာ ရှိသေးသော်လည်း နင်ယွမ်ရှန်း၏ နယ်မြေဖြစ်နေသည်။
ထျန်းရှစ်ပြည်နယ်၏ မြောက်ဘက်ပိုင်းမှာတော့ ရွှဲ့ပြည်နယ်က ပိုင်ဆိုင်သည်မှာ နှစ်ပေါင်း ရာနှင့်ချီ ရှိပြီ ဖြစ်သော်လည်း ကျုံးမိသားစု၏ ခြေရာလက်ရာနှင့် ပိုင်ဆိုင်မှုများကို ဖယ်ရှားရန် ခက်ခဲနေဆဲပင်။
မင်းကြီးပျံ့ရှောင်းက မာနကြီးပြီး ဘုရင်မင်းမြတ်နှင့် အလွန်ရင်းနှီးသော်လည်း ဘုရင်မင်းမြတ်၏ အမိန့်ဟူသမျှကို ငြင်းဆန်လေ့ မရှိသလောက်ပင်။
သို့ပေမည့် ကျုံးယောင်ကတော့ မတူပေ။ လွန်ခဲ့သည့် နှစ် ၂၀ က ထီးနန်းလုပွဲတွင် ကျုံးမိသားစုက နင်ယွမ်ဝူဘက်မှ ရပ်တည်ခဲ့၏။ နင်ယွမ်ရှန်း နန်းတက်ပြီးနောက်ပိုင်း စစ်ဘက်ဆိုင်ရာ အင်အားစုများကို အကြီးအကျယ် ရှင်းလင်းခဲ့၏။ သို့ပေမည့် သူက ကျုံးမိသားစုကို မထိရဲချေ။
ကျုံးမိသားစုနှင့် စုမိသားစုက အဆင့်အတန်း မတူပေ။ စုမိသားစုက စတုရန်းမီတာ ကီလို သုံးထောင်သော နယ်မြေကိုသာလျှင် ပိုင်ပြီး ကိုယ်ပိုင်စစ်သည် လေး၊ ငါးထောင်သာ ရှိ၏။ မြင်းစီးဓားပြများနှင့် လျှို့ဝှက်တပ်ဖွဲ့များ အပါအဝင် စုစုပေါင်းစစ်သည်အင်အား တစ်သောင်းကျော်သာ ရှိ၏။
စုနန်က ဤကဲ့သို့ ကြီးမားလွန်းသည့် ပုန်ကန်မှုကြီးကို စတင်နိုင်ခဲ့သည့် အဓိကအကြောင်းအရင်းက ချင်နိုင်ငံကို ဝင်ရောက် စီမံခန့်ခွဲနေနိုင်ပြီး အနောက်ပိုင်းဒေသမှ တချို့နိုင်ငံများကို စည်းရုံးထားနိုင်သောကြောင့်ပင်။ ထို့အပြင် ချောင်ပြည်နယ်မှ လူများနှင့် နှစ်ပေါင်းများစွာ သွေးသောက်ကဲ့သို့ပင် ဆက်ဆံခဲ့၏။
သူ၏ သုံး၊ လေးသောင်းဟူသော စစ်တပ်များ၏ ထက်ဝက်ကျော်က အနောက်ပိုင်းဒေသမှ ကြေးစားစစ်သည်များ ဖြစ်ပြီး တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီမှ ဘုန်းကြီးစစ်သည်များလည်း ပါဝင်၏။ စုမိသားစုနှင့် သက်ဆိုင်သည့် စစ်သည်များက စစ်သည် နှစ်သောင်းထက် မကျော်လွန်ပေ။
သို့ပေမည့် ကျုံးမိသားစုကတော့ ပွင့်ပွင့်လင်းလင်း ထိန်းချုပ်ထားသည့် စစ်သည်ပေါင်း တစ်သိန်းကျော် ရှိ၏။ ထို့အပြင် ကျုံးမိသားစု၏ စစ်တပ်ကြီးက ချောင်ပြည်နယ်နှင့် တိုက်ခိုက်နိုင်သည့် ရှေ့တန်း စစ်မျက်နှာ၌ ရှိ၏။ ထို့ကြောင့် နင်ယွမ်ရှန်းက မည်သူ့ကိုမဆို ထိတွေ့ပြဿနာရှာနိုင်သည်ဆိုသော်လည်း ကျုံးမိသားစုကို မထိတွေ့နိုင်ခဲ့ချေ။
ကျုံးယောင်ကို ကြည့် ... မည်မျှ မာနကြီးမားလိုက်သနည်း။ သူက နန်းမြို့တော်ဆီသို့ မရောက်ရှိသည်မှာ နှစ်ပေါင်း ဆယ်နှစ်နီးပါး ရှိပြီဖြစ်၏။ နင်ယွမ်ရှန်းက ပျံ့ရှောင်းကို အမတ်ချုပ်အဖြစ် ခန့်အပ်လိုက်သည့်အချိန်တွင် ကျုံးယောင်က သူ၏ညီငယ် ကျုံးအီကို မြို့တော်သို့ စေလွှတ်ပြီး ဒုတိယ အမတ်ချုပ်အဖြစ် အလုပ် လုပ်ကိုင်စေခဲ့၏။ အဓိပ္ပာယ်က ရှင်းလွန်း၏။ သူ ... ကျုံးယောင်က ပျံ့ရှောင်း၏ လက်အောက်တွင် မနေလိုပေ။
ထို့ကြောင့် ဘုရင်မင်းမြတ်နင်ယွမ်ရှန်းက ကျုံးယောင်ကို စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ရုံမှလွဲ၍ တခြားမရှိခဲ့ချေ။
စစ်သေနာပတိချုပ်ရာထူးဆိုသည်မှာ နှစ်ပေါင်း ၁၀၀ ကျော် ပျောက်ကွယ်နေသည့် ရာထူးဖြစ်၏။ တော်ဝင်ရန်မင်းဆက်၏ နိုင်ငံ၏ စစ်သေနာပတိချုပ်ရာထူးသည် အလွန်ကြီးမားသည့် ရာထူးဖြစ်သောကြောင့် အရှေ့တိုင်းနိုင်ငံများက ထိုရာထူးကို ပစ်ပယ်ထားခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် ကျုံးယောင်နှင့် ပျံ့ရှောင်းတို့အား တန်းတူညီမျှဖြစ်စေရန် နင်ယွမ်ရှန်းက စစ်သေနာပတိချုပ်ဆိုသည့် ရာထူးကို ပြန်လည်အသုံးပြုရုံမှလွဲ၍ တခြားမရှိခဲ့ပေ။
စုနန်က ဒုတိယအမတ်ချုပ်ဖြစ်ပြီး ကျုံးအီနှင့် အဆင့်တူဖြစ်၏။ သူ၏ ဘဝတစ်သက်တာ ရည်မှန်းချက်က ကျုံးယောင်နှင့် တန်းတူရပ်တည်နိုင်ရန်ပင် ဖြစ်ဖို့များ၏။ သို့ပေမည့် စုနန်က အာဏာကို အားကိုးခဲ့သောကြောင့် နောက်ဆုံးတွင် ကျဆုံးခဲ့၏။ ကျုံးယောင်က စစ်သည်ပေါင်း တစ်သိန်းကို ထိန်းချုပ်ထားခဲ့ပြီး အကြွင်းမဲ့သည့် အာဏာကို ပိုင်ဆိုင်၏။
ကျုံးရှစ်ရှစ် မြို့တော်သို့ ဝင်ရောက်လာသည်နှင့် ပထမဦးဆုံး ကံဆိုးသည်မှာ မင်းသမီးနင်ဟန် မဟုတ်ချေ။ ကျုံးရှစ်ရှစ်က နင်ဟန်ပင်လျှင် ရှောင်ဖယ်ရသည့် မိန်းမတစ်ယောက်ဖြစ်၏။
“ဖယ်၊ ဖယ်၊ ဖယ်၊ ဖယ်”
ရှမ့်လန်က ဘုရင်မင်းမြတ်နှင့် တွေ့ဆုံပြီး မြောက်ပိုင်းအမဲလိုက်ကွင်းကို တောင်းဆိုရန် နန်းတော်ထဲသို့ဝင်ခဲ့၏။ ရုတ်တရက် ကျယ်လောင်လွန်းသည့် မြင်းခွာသံများက နောက်မှ ထွက်ပေါ်လာ၏။ မြင်းခွာသံများကို ကြားရုံသာမက တကယ့်ကို အရှိန်အဟုန်ပြင်းပြင်းနှင့် မောင်းနှင်လာမှန်း သိသာသည်။
“ဖယ်စမ်း၊ ဖယ်ကြစမ်း”
တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် အသံနက်ကြီးများဖြင့် အော်ဟစ်လျက် ရှိနေပြီး စစ်သည်တော် အနည်းငယ်က မြေပြင်ကို ကြိမ်လုံးများနှင့် လှမ်းကာရိုက်နှက်ရင်း ခြောက်လန့်နေသည်။ သူတို့က ဗာမေလီယန်လမ်းမပေါ်ရှိ လူတိုင်းကို မောင်းထုတ်လျက် ရှိနေ၏။
သို့ပေမည့် ဤအချိန်မှာတော့ ဗာမေလီယန်လမ်းမတော်ကြီး၏ အလယ်တွင် ရှမ့်လန်နှင့် သူ၏အဖွဲ့သားများ ရှိနေ၏။ ရှမ့်လန်က ဝူလဲ့နှင့် မြင်းစစ်သည်တော်ဒါဇင်အနည်းငယ်တို့ကို ဦးဆောင်ကာ ဗာမေလီယန် လမ်း၏အလယ်မှ ဝင့်ကြွားစွာ လျှောက်လှမ်းလျက်ရှိနေသည်။
ထိုသို့ သွားလာခြင်းကို တားမြစ်ထားသည် ဆိုသော်လည်း ရှမ့်လန်က နန်းမြို့တော်မှ အားလုံးသောသူတို့ ရှောင်ရှားရသည့် လူတစ်ယောက်ဖြစ်၏။ သူ လမ်းမအလယ်၌ လမ်းလျှောက်ပြီဆိုလျှင် မည်သူမှ တားဆီးရန် မဝင့်ရဲကြချေ။
သို့ပေမည့် ယခု ပြဿနာအသေးလေးက ပြဿနာအကြီးကြီးနှင့် စကာတွေ့ပြီဖြစ်၏။
ရှမ့်လန်က လှည့်မကြည့်ဘဲ မနေနိုင်ပေ။ ပြီးနောက် သူက ကြောင်အသွားမိ၏။ ဤမိန်းမက တကယ်ကို တောက်ပလျက် ရှိနေသည့် မီးလျှံအနီကဲ့သို့ပင် တင်းကြပ်လွန်းသည့် အနီရောင်သံချပ်ကာကို ဝတ်ဆင် ထားခဲ့ပြီး နှိုင်းယှဉ်၍ မရနိုင်အောင် လှပသည့် မျက်နှာက ထင်းခနဲ ပေါ်နေသည်။
ကလေးကဲ့သို့သော မျက်နှာမျိုးရှိသည့် မိန်းမတစ်ယောက်ကို သူက ပထမဦးဆုံး တွေ့ဖူးခြင်းဖြစ်၏။ သူမ၏ နုနယ်ပြီး တောက်ပလွန်းသည့် အလှတရားက သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အရှိန်အဝါတို့နှင့် ပေါင်းစပ်လိုက်သည့်အချိန်မှာတော့ တကယ့်ကို ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို ကျွမ်းလောင်တော့မလိုပင် ခံစားရစေခဲ့၏။