အခန်း (၅၁၀)
Vol. 35 Ch. 510
ရွှဲ့ပြည်နယ်တစ်ခုလုံးတွင် ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်အရ မူလန်ကို ကျော်လွန်နိုင်သည့်သူ မိန်းမဟူ၍ မရှိချေ။ နင်ယန်က လှပသည် ဆိုသော်လည်း ရုပ်ရည်မှာ မူလန်ထက် အနည်းငယ် နိမ့်ကျ၏။ နတ်မိမယ် ရွှယ်ရင်က ထူးခြားသည့် အရှိန်အဝါနှင့် ကျော်ကြားမှုရှိသော်လည်း ရုပ်ရည်အရ မူလန်ထက် အနည်းငယ် နိမ့်ကျဆဲဖြစ်၏။ နင်ဟန်ကိုတော့ ရှမ့်လန်က မပြောချင်တော့ချေ။
သူ၏ရှေ့တွင် ရှိနေသည့် ကျုံးရှစ်ရှစ်မှာတော့ အရာအားလုံးတွင် မူလန်နှင့် တကယ်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိနေ၏။ အရှေ့တိုင်းဆီမှ ပုလဲနှင့် အနောက်တိုင်းဆီမှ ပုလဲတို့ နှိုင်းယှဉ်နေသကဲ့သို့ပင်ဖြစ်၏။ အတွင်းစိတ် အရည်အသွေး၊ အရှိန်အဝါမျိုးကို မပြောဘဲ ရုပ်ရည်သက်သက် နှိုင်းယှဉ်သည်ဆိုလျှင် သူမက တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အလှတရားကို ပိုင်ဆိုင်သူဖြစ်၏။
ကျုံးရှစ်ရှစ်က အနောက်တိုင်းမှ ပုလဲဖြစ်ပြီး မူလန်က မြန်မာပြည်မှ ပုလဲဖြစ်သည်။ မူလန်က အေးစက်ပြီး ဖြူစင်၏။ ကျုံးရှစ်ရှစ်ကတော့ အရာအားလုံးကို ကျွမ်းလောင်စေနိုင်သည့် မီးလုံးငယ်ကြီး တစ်ခုကဲ့သို့ပင်။ ရှမ့်လန်က ကျုံးမိသားစုနှင့် ရန်ငြိုးမရှိသော်လည်း ကျုံးရှစ်ရှစ်နှင့်တော့ ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူမက မူလန်ကို ရိုက်နှက်ခဲ့သောကြောင့်ပင်။ ရုတ်တရက် ဆိုသလိုပဲ ရှမ့်လန်၏ စိတ်ထဲတွင် လက်စားချေမည့် နည်းလမ်းပေါင်း ဆယ်ခုကျော်တို့က တမဟုတ်ချင်း ပေါ်ပေါက်လာခဲ့သည်။
“ရှောင်ကြ၊ ဖယ်ကြစမ်း၊ ဖယ်ကြစမ်း” ရှမ့်လန်၏ မြင်းတပ်က ရှေ့မီတာ ၅၀၀ အကွာတွင် ရှိနေတုန်းမှာပဲ ကျုံးရှစ်ရှစ်၏ မြင်းတပ်သားများက ကြိမ်လုံးများကို မြေပြင်ပေါ်သို့ ရိုက်နှက်ကာဖြင့် ဆူပူ အော်ငေါက်လျက် ရှိနေကြ၏။
ရှမ့်လန်က သူ၏ လူများကို တစ်ချက်လှမ်းကြည့်၏။ ဒါဇင်အနည်းငယ်မျှသာ ရှိ၏။ ပြီးနောက် သူက ကျုံးရှစ်ရှစ်ကို လှမ်းကာ ကြည့်ရှု၏။ သူမထံတွင် လူပေါင်း တစ်ထောင်ကျော် ပါလာခဲ့၏။ သူမက အလွန်အမင်း ထင်တိုင်းကြဲလျက် ရှိနေ၏။ နန်းမြို့တော်ထဲသို့ မြင်းတပ်သား တစ်ထောင်ကျော်တို့ကို ဦးဆောင်ကာ ဝင်ရောက်လာခဲ့၏။
ရှမ့်လန်က လက်ကို ဝှေ့ယမ်းလိုက်၏။ ဝူလဲ့နှင့် မြင်းတပ်သား တစ်ဒါဇင်ကျော်တို့က လမ်းဘေးသို့ ကပ်ပြီး ကျုံးရှစ်ရှစ်အတွက် လမ်းဖွင့်ပေးလိုက်၏။ ပြီးနောက် သူက ကျုံးရှစ်ရှစ်၏ မြွေကဲ့သို့ သွယ်လျလှပလွန်းသည့် ခါးကို လှမ်းကာ ကြည့်ရှု၏။ ထိုခါးက သွယ်လျသည်ဆိုသော်လည်း ကြီးမားသည့် စွမ်းအားများနှင့် ပြည့်နှက်လျက် ရှိနေပုံပင်။
“ဘာကြည့်တာလဲ။ မျက်လုံးကို ထိုးဖောက်ပစ်လိုက်မယ်”
ကျုံးရှစ်ရှစ်က အေးစက်စက် လှမ်းအော်ပြီး လက်ကို မြှောက်လိုက်၏။ ပြီးနောက် မြားသေးသေးလေးများက တရစပ်ရောက်ရှိလာခဲ့၏။ ဝူလဲ့နှင့် တခြားသော သူများက ဒိုင်းများကို ထုတ်ကာဖြင့် အလျင်အမြန် တားဆီး ကာကွယ်လိုက်၏။
ရှမ့်လန်က လုံးဝကို အံ့အားသင့်သွား၏။ လောကကြီးတွင် ဤမျှ ထင်တိုင်းကြဲသည့် မိန်းမမျိုး ရှိနေသေးသည်လား။ ကျုံးရှစ်ရှစ်က ရှမ့်လန် မည်သူမှန်းပင် မသိချေ။ သို့ပေမည့် မြားများနှင့် တစ်ခါတည်း တိုက်ရိုက် ပစ်ခတ်၏။ လမ်းပေါ်တွင် လူသတ်ရန် ကြံစည်ခဲ့သည်လား။
ဘုန်း၊ ဘုန်း၊ ဘုန်း..
ပြီးနောက် ပြင်းထန်လွန်းလှသည့် မြင်းခွာသံများနှင့်အတူ ကျုံးရှစ်ရှစ်၏ မြင်းတပ်ကြီးက လျင်လျင်မြန်မြန် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
............
ရှမ့်လန်က နန်းတော်ထဲသို့ ရောက်ရှိပြီးနောက် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းကို သွားရောက် ဂါရဝပြု၏။
“နင်ဟန်က မင်းဆီ ဘာလို့လာတွေ့တာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “သူက ကျုပ်ကို ကောင်းကင်ပင်လယ်နန်းဆောင်ထဲ ဝင်ဖို့ လာပြောတာပဲ။ ပြီးတော့ ဆရာကြီး ကျိုးရှီရဲ့ အမည်ခံတပည့်ဖြစ်လာဖို့ပေါ့။ ထီးနန်းလုပွဲကနေ နှုတ်ထွက်ဖို့ တောင်းဆိုတာမျိုးပါပဲ”
ထိုစကားကို ကြားသည့်အချိန်မှာတော့ နင်ယွမ်ရှန်းက မျက်မှောင်ကြုတ်လိုက်၏။ “ဒီတစ်ခေါက် ပြန်လာတာ ဒီကိစ္စအတွက်လား”
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “အဲလိုပဲ ထင်ပါတယ်”
နင်ယွမ်ရှန်း၏ မျက်နှာက အမှန်ပဲ ပျက်ယွင်းသွားခဲ့၏။ ရှမ့်လန်ကြောင့် မဟုတ်ဘဲ နင်ဟန်ကြောင့် ဖြစ်၏။ သူ၏သမီး နင်ဟန်က သူ၏အာဏာကို ကျူးကျော်သလို ခံစားလိုက်ရ၏။
“နင်ဟန်က ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ အမွေဆက်ခံသူဖြစ်တဲ့အပြင် ငါ့ရဲ့သမီးတော်လည်း ဖြစ်တယ်။ ဒါပေမဲ့ တချို့ကိစ္စရပ်တွေက ငါ ဘုရင်မင်းမြတ်နဲ့ပဲ သက်ဆိုင်တာ။ ငါ့ရဲ့ကိစ္စကို ဘာလို့ဝင်ရှုပ်ချင်ရတာလဲ။ ရှမ့်လန်က ငါ့ရဲ့လက်အောက်ခံပဲ။ ဒီတော့ သူက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိရမယ်။ ကောင်းကင်ပင်လယ် နန်းဆောင်က ဝင်ပြီးစွက်ဖက်ရမယ့် ကိစ္စမျိုး မဟုတ်ဘူး။ ထီးနန်းလုပွဲနဲ့ ပတ်သက်ရင် ငါ ... နင်ယွမ်ရှန်းကပဲ အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်တယ်။ ဘယ်သူမှ ဝင်ပြီးစွက်ဖက်လို့ မရဘူး”
ဘုရင်မင်းမြတ်က ရှမ့်လန်ကို သဘောကျ၏။ အိမ်ရှေ့စံနှင့် တတိယမင်းသားကို အနိုင်ယူပြီး နင်ကျန်းကို အိမ်ရှေ့စံအဖြစ် ဖြစ်အောင် ကူညီမည်ဟု ရှမ့်လန် ပြောဆိုခဲ့သော်လည်း ထိုစကားများက သူ့အတွက် အဓိပ္ပာယ် မရှိသလိုပင်။ သို့ပေမည့် နင်ယွမ်ရှန်းက လက်လွှတ်ပေးထားသည်။
သို့တစေ ရှမ့်လန်က နင်ကျန်းကိစ္စနှင့် ပတ်သက်၍ တခြား မည်သူ့ကိုမှ သွားရောက် တောင်းဆို၊ ဖိနှိပ်ခြင်းကို မပြုလုပ်ချေ။ သူ နင်ယွမ်ရှန်းကို တစ်ချက်ကလေးမှ ဖိအားပေးရန် မကြိုးစားခဲ့ချေ။
ရှမ့်လန်က ရှင်းရှင်းလင်းလင်း ပြောခဲ့၏။ နင်ကျန်းကို ဦးဆောင်ပြီး အံ့ဖွယ်ကိစ္စများကို ဖန်တီးမည်။ လူတိုင်းကို အံ့အားသင့် တုန်လှုပ်စေရမည်။ နောက်ဆုံး ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒကို ပြောင်းလဲစေပြီး မင်းသားနင်ကျန်းကို အိမ်ရှေ့စံအဖြစ် တင်မြှောက်ရန် တွန်းအားပေးမည်ဟူ၍ပင်။
ဘုရင်မင်းမြတ်က ထိုအရာမှာ အဓိပ္ပာယ်မရှိဟု ခံစားနေရဆဲ ဖြစ်သော်လည်း ရှမ့်လန်ကိုတော့ မတားဆီး ခဲ့တော့ချေ။ အကြောင်းအရင်းက ရှမ့်လန်က ဆုံးဖြတ်ချက်ချပိုင်ခွင့် အာဏာကို မပိုင်ဆိုင်သောကြောင့်ပင်။
အရာအားလုံးတို့၏ ဆုံးဖြတ်ခွင့်ကို ဘုရင်မင်းမြတ်နင်ယွမ်ရှန်း၏ လက်ထဲတွင် အပ်ထား၏။ ဘုရင်တစ်ပါးအနေနှင့် အနည်းဆုံးတော့ သူက ရှမ့်လန်ကို သရုပ်ဆောင်ခွင့် ပေးထားခဲ့၏။
နင်ဟန်၏ လှုပ်ရှားမှုက ကောင်းကင်ပင်လယ်နန်းဆောင်၏ အရှိန်အဝါကို တိုက်ရိုက်အသုံးပြုပြီး ရှမ့်လန်ကို နောက်ဆုတ်ရန် တွန်းအားပေးခြင်းဖြစ်၏။ ထိုအရာက နင်ယွမ်ရှန်း၏ အဆုံးမဲ့သော အာဏာကို ထိပါးရန် ကြိုးစားခြင်းပင် ဖြစ်၏။ တချို့သော စကားလုံးများကို နင်ယွမ်ရှန်းက ရှမ့်လန်၏အရှေ့တွင် မပြောဆိုချင်ပေ။ လက်ဖဝါး နှင့် လက်ဖမိုး နှစ်ခုလုံးက သူ၏အသားများသာ ဖြစ်သည်မဟုတ်လား။
ဟုတ်ပေ၏။ နင်ဟန်ကို သူ၏လက်ဖဝါးအသားဟု သတ်မှတ်နိုင်သော်လည်း ယခုမူ ရှမ့်လန်ကိုလည်း သူ၏ လက်ဖမိုးအသားဟုပင် သတ်မှတ်နိုင်နေပြီဖြစ်၏။ ရှမ့်လန်က သူနှင့်ပူးပေါင်းပြီး လောကကြီးတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို ပါးပိတ်ရိုက်တတ်သည်။ ရှမ့်လန်ကို သူနှင့် တစ်ပုံစံတည်း တူညီသည်ဟုပင် နင်ယွမ်ရှန်းက သတ်မှတ်ထားသည်။
“ခွေးကောင်လေး.. ပုံမှန်ဆိုရင် အရေးကြီးကိစ္စမရှိဘဲ နန်းတော်ထဲကို ခြေတစ်လှမ်းတောင် မလှမ်းဘူး”
နင်ယွမ်ရှန်းက မေးလိုက်၏။ “ဒီနေ့ ငါ့ဆီကို ဘာလာလုပ်တာလဲ။ ပြောစမ်း”
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး.. ကျုပ် မနေ့ကပြောခဲ့တာ မှတ်မိသေးတယ်မလား”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “မင်းက ငါပေးတဲ့ ထိပ်တန်းစစ်သည် ၂၀၀၀ ကျော်ကို ငြင်းတယ်။ တပ်သားတွေကို ပြန်ခေါ်ပြီး အစကနေ လေ့ကျင့်ပေးချင်တယ် ဆိုတာလား။ ပြီးတော့ လအနည်းငယ်အတွင်း သူတို့ကို ရှုံးပွဲမရှိတဲ့ ထိပ်တန်းစစ်သည်တွေဖြစ်အောင် လေ့ကျင့်ပေးမယ်လို့ ကြွားလုံးထုတ်ခဲ့သေးတဲ့ ကိစ္စလား။ ပြီးတော့ မင်းက အဲဒီတပ်ကို ဦးဆောင်ပြီး ချောင်ပြည်နယ်နဲ့ အမဲလိုက်ပြိုင်ပွဲမှာ ယှဉ်ပြိုင်တိုက်ခိုက်မယ်လို့ ပြောခဲ့တယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ အခု ချောင်ပြည်နယ်နဲ့ မင်းသားကျင်းတို့က အဆက်အသွယ် လုပ်နေကြပြီ။ ချောင်ဘုရင်က ညှိနှိုင်းဆွေးနွေးပွဲမှာ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး။ အလျှော့ပေးမှာလည်း မဟုတ်ဘူး။ ဒါပေမဲ့ နှစ်နိုင်ငံကြား တကယ့်အဆုံးအဖြတ် တိုက်ပွဲကြီးကတော့ မဖြစ်သေးဘူး။ အမဲလိုက်ပွဲက အငြင်းပွားမှုကို အဆုံးအဖြတ် ဖြစ်စေနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းပါပဲ”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ရွှဲ့ပြည်နယ်နဲ့ ဝူပြည်နယ်ရဲ့ကြားမှာ နယ်စပ်အမဲလိုက်ပွဲအစဉ်အလာ ရှိတယ်။ ဒါပေမဲ့ ချောင်ပြည်နယ်နဲ့ကြားမှာတော့ အဲလိုအစဉ်အလာမျိုး မရှိဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ဒါကြောင့် ချောင်ဘုရင်က နယ်စပ်အမဲလိုက်ပွဲကို သဘောတူချင်မှ တူလိမ့်မယ်။ သဘောတူရင်တောင်မှ အများကြီး အလျှော့ပေးမှာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်တို့က သူတို့ ချောင်ပြည်နယ် နိုင်ကိုနိုင်မယ်ဆိုတဲ့ ခံစားချက်မျိုးကို ပေးရမယ်။ ဒါမှ သူက လောဘဇောတိုက်ပြီး ပြိုင်ပွဲကို လုပ်မှာပေါ့။
ကျုပ်ရဲ့တပ်သား ၂၀၀၀ ကျော်က ချောင်ပြည်နယ်က ထိပ်တန်း ၅၀၀၀ ကို တိုက်ခိုက်ရမယ်။ လူတိုင်းရဲ့အမြင်မှာ ချောင်ပြည်နယ်က နိုင်မှာပဲ။ ချောင်ဘုရင်က ဒီလောက်ကြီးမားတဲ့ သွေးဆောင်မှုကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အမဲလိုက်ပြိုင်ပွဲကို သူ သဘောတူညီလိမ့်မယ်။
ပြီးတော့ ကျုပ်တို့ရဲ့ တောင်းဆိုချက်တွေက တရားလွန်နေတယ်ဆိုရင်တောင် သူသဘောတူလိမ့်မယ်။ ဥပမာအားဖြင့် ခံတပ် ၂၃ ခုကို စွန့်လွှတ်ဖို့၊ ကိုယ်တိုင် တောင်းပန်ဖို့၊ ရွှေဒင်္ဂါးရှစ်သိန်းကို လျော်ကြေးအဖြစ်ပေးဖို့ ဒါမျိုးတွေပေါ့”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ကောင်းလေး.. တောင်းဆိုမှုတွေက တူတူပဲ။ ငါတို့ရှုံးသွားရင် ငါတို့ ခံတပ် ၂၃ ခုကို စွန့်လွှတ်ရမယ်။ ငါကလည်း တောင်းပန်ရအုံးမယ်။ ရွှေဒင်္ဂါးရှစ်သိန်းကိုလည်း ပေးလျော်ရအုံးမယ် မဟုတ်လား”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်က ယုံကြည်တယ်လေ။ ကျုပ်တို့နိုင်မှာ သေချာတယ်။ ကျုပ်တို့ရဲ့ တပ်သားသစ်တွေက ရှုံးပွဲမရှိဘူး။ ဘယ်တော့မှ ရှုံးမှာလည်း မဟုတ်ဘူး”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဒီတပ်ရဲ့ တပ်မှူးက ဘယ်သူလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “မင်းသားနင်ကျန်းပေါ့။ သူက နယ်စပ်အမဲလိုက်ပြိုင်ပွဲမှာ ကိုယ်တိုင်ဦးဆောင်ပြီး တိုက်ခိုက်လိမ့်မယ်”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဒါဆိုရင် သူက ကောင်းကင်ပေါ် ပျံတက်သွားမှာပေါ့”
“ဟုတ်တယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ အရှင်မင်းကြီး... ဒီနေရာမှာ အကျိုးအများဆုံးက အရှင်မင်းကြီး ဖြစ်လိမ့်မယ်။ လောကကြီးကို တုန်လှုပ်စေနိုင်တဲ့သူက အရှင်မင်းကြီးပဲ။ အရှင်မင်းကြီးက ဝူဘုရင်ကို နိုင်ခဲ့တယ်ဆိုပေမဲ့ ချောင်ဘုရင်က အရမ်းကို အစွမ်းထက်တယ်။ ချောင်ဘုရင်ကို အနိုင်မယူနိုင်သေးဘူး။ အခု ချောင်ဘုရင် အရှုံးပေးရတော့မယ်။ ပြီးတော့ ရှုံးနိမ့်တယ်လို့လည်း ဝန်ခံရလိမ့်မယ်။ ဒါဆိုရင် အရှင်မင်းမြတ်က လောကရဲ့ အထွတ်အထိပ်၊ ဘုရင်တွေအားလုံးရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားသလို ခံစားရစေပါလိမ့်မယ်”
နင်ယွမ်ရှန်းက နှာခေါင်းရှုံ့လိုက်၏ “စတောင် မစရသေးဘူး။ မင်းက ဇာတ်လမ်း မစရသေးဘူး။ ဟိတ်ဟန် ထုတ်မနေစမ်းပါနဲ့”
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျုပ်ကြွားခဲ့တဲ့ ကိစ္စတွေက အားလုံး တကယ်ဖြစ်လာတာပဲ မဟုတ်လား”
နင်ယွမ်ရှန်းက မျက်မှောင်ကြုတ်လိုက်၏။ သူ၏အားနည်းချက်ကို သူကိုယ်တိုင်သိ၏။ သူက ငြီးငွေ့ဖွယ်ရာများကို မကြိုက်ချေ။ သူက လောင်းကစားဆန်ဆန် ပြုလုပ်ရခြင်းကို နှစ်သက်၏။ ကြီးမားသည့် အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် သူက လောင်းကြေးကြီးကြီး ထပ်ပြီး အနိုင်ရရှိခဲ့၏။
သို့ပေမည့် သူ၏စိတ်ထဲတွင် ... အထူးသဖြင့် အခြေအနေကောင်းနေချိန်တွင် လောင်းကြေးထပ်ခြင်းကို အားမပေး သင့်ကြောင်း သူက သိရှိ၏။ အကယ်၍ သူသာ အလှည့်အပြောင်းတစ်ခုခု ပြုလုပ်မိသည်ဆိုလျှင် အကျိုးဆက်က စဉ်းစား၍ မရနိုင်လောက်အောင်ပင် ဆိုးရွားသွားမှာ သေချာ၏။ သို့ပေမည့် ထိုသွေးဆောင်မှုမျိုးကို သူ မတွန်းလှန်နိုင်ခဲ့ချေ။
“အင်း... ဒီကိစ္စကို နောက်မှပြောကြတာပေါ့။ မင်းရဲ့အစီအစဉ်က သိပ်ပြီး အဓိပ္ပာယ်မရှိလို့ အတည်ယူလို့တော့ မရသေးဘူး”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ပြောစမ်း။ မင်း ငါ့ဆီက ဘာလာတောင်းတာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျုပ် စစ်သည် ၂၀၀၀ ကို စုဆောင်းလိုက်တာနဲ့ ချန်းဖန်မြို့စား အိမ်တော်က အရမ်းကို သေးသွားလိမ့်မယ်။ လူတွေရဲ့ရှေ့မှာ လျှို့ဝှက် လေ့ကျင့်လို့လည်း မဖြစ်ဘူး။ အရှင်မင်းကြီးက အမဲလိုက်တာကို မကြိုက်တော့ မြောက်ပိုင်း အမဲလိုက်ကွင်းကြီးကို ဒီအတိုင်း စွန့်ပစ်ထားတယ် မဟုတ်လား။ အဲတာက နှမျောစရာကြီးလေ။ ကျုပ်တို့ကို ခဏလောက် ယာယီပေးသုံးပါလား”
နင်ယွမ်ရှန်းက တစ်ဖက်လူကို စူးစိုက်ကြည့်လိုက်၏။ ဤကောင်က အကျိုးမရှိဘဲနှင့် ဘာမှမလုပ်တတ်ချေ။ တောင်းစရာရှိ၍သာ လာခြင်းဖြစ်၏။ မဟုတ်ပါက လဝက်နီးပါးထိ သူ့ကို လာပင်မတွေ့ခဲ့ချေ။ တောင်းစရာ ရှိသည့်အချိန်မှာတော့ တကယ့်ကို မြှောက်ပင့်ကာ ပြောဆိုလျက်ရှိနေ၏။
‘မင်း .. ရှမ့်လန်... ဒီလိုမျိုး ကပ်ဖားရပ်ဖားလုပ်နေတာ အရမ်းကို ပေါ်လွင်နေပြီ မဟုတ်လား’
သို့ပေမည့် ရှမ့်လန် စကားပြောလိုက်သည်နှင့် နင်ယွမ်ရှန်းက စိတ်ထဲတွင် သဘောတူညီလိုက်ပြီးသားဖြစ်၏။ အကယ်၍ နင်ကျန်းလာကာ တောင်းသည်ဆိုလျှင် သူ ကျိန်းသေပေါက် သဘောတူညီလိမ့်မည် မဟုတ်ချေ။ ငြင်းပယ်ရန် အတွက် အကြောင်းပြချက်တစ်ရာမကကိုပင် သူ ချက်ချင်းပေးနိုင်၏။
ယခု သဘောတူညီလိုက်မည် ဆိုလျှင်တောင် နင်ယွမ်ရှန်းက ရှမ့်လန်ထံမှ တစ်စုံတစ်ခုကို ပြန်လည်ကာ ညှစ်ထုတ် ယူချင်၏။ မဟုတ်ပါက ရှမ့်လန်က လိုချင်သမျှကို တောင်းခံ၍ ရသွားမည်ဟု ထင်မှတ်သွားနိုင်သည် မဟုတ်ပါလား။
“မင်း... မြောက်ပိုင်းအမဲလိုက်ကွင်းကို လိုချင်တယ်ပေါ့။ ရတယ်” နင်ယွမ်ရှန်းက ပြုံးလိုက်၏။ ပြီးနောက် သူက ရှမ့်လန်ထံမှာ ဘာကို ညှစ်ယူရမည်ဆိုသည်ကို စတင်ကာ စဉ်းစားလျက်ရှိ၏။
ထိုအချိန်မှာပင် ဘုန်း..
နန်းတော်တံခါးကြီးက ပွင့်သွားခဲ့၏။ ဝတ်ရုံနီက လေနှင့်အတူ ဝင်ရောက်လာခဲ့၏။ မီးကဲ့သို့သော ကျုံးရှစ်ရှစ်က ဝင်ရောက်လာခဲ့၏။ နန်းတော်တစ်ခုလုံးက အနည်းငယ် ထိတ်လန်သွားခဲ့သည်။
“မွေးစားအဖေ၊ မွေးစားအဖေ” ကျုံးရှစ်ရှစ်က မောက်မာစွာဖြင့် တည့်တိုးဝင်ရောက်လာခဲ့၏။ ဂါရဝပြုခြင်း မရှိချေ။ သူမက နင်ယွမ်ရှန်း၏ လက်မောင်းကို တစ်ခါတည်း ဆွဲကိုင်လိုက်၏။ သူမ၏အမူအရာက မင်းသမီး နင်ဟန်ထက်ပင် ပိုမိုကာ ရဲတင်းလွန်းနေ၏။
“ဘာလဲ။ ဘာကိစ္စရှိလို့လဲ”
နင်ယွမ်ရှန်းက အလိုလိုက်သည့် လေသံဖြင့် အသာပင်ပြောဆိုလိုက်၏။ “ယောက်ျားနဲ့ မိန်းမဆိုတာ ထိတွေ့လို့မရဘူး။ မင်းမိန်းကလေးဖြစ်ပြီး ဘယ်လိုဖြစ်ပြီး ငါ့လက်မောင်းကို လာဆွဲနေရတာလဲ။”
ကျုံးရှစ်ရှစ်က မိဖုရားကြီးကျုံး၏ တူမဖြစ်၏။ သူမက ငယ်ရွယ်စဉ်တည်းက နင်ယွမ်ရှန်းကို မွေးစားအဖေအဖြစ် အသိအမှတ်ပြုခဲ့သည်။
ဟုတ်ပေ၏။ ဤအရာက နောက်ပြောင်ခြင်း တစ်ခုမျှသာ ဖြစ်၏။ လောကကြီးတွင် ဘုရင်တစ်ပါးကို မွေးစားအဖေအဖြစ် တော်စပ်နိုင်သည့်သူဟူ၍ ရှိနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ကျုံးရှစ်ရှစ်က အမြဲတစေ မွေးစားအဖေဟုသာ ခေါ်ဆို၏။ ထိုအရာကို ပြန်လည်ပြင်ဆင်ခေါ်ဆိုရန် အစီအစဉ်လည်း ရှိပုံမပေါ်ပေ။
ကျုံးရှစ်ရှစ်က ပြောလိုက်၏။ “မွေးစားအဖေ.. ကျွန်မ အရာတစ်ခု လိုချင်တယ်။ ကျွန်မကို ပေးရမယ်”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “အရင်ပြောကြည့်စမ်းပါအုံး”
ကျုံးရှစ်ရှစ်က ရှမ့်လန်ကို တစ်ချက်ကြည့်လိုက်၏။ ပြီးနောက် အော်ဟစ်လိုက်၏။
“အယုတ်တမာကောင်... နင်ပဲလား”
ပြီးနောက် ကျုံးရှစ်ရှစ်က ပြောလိုက်၏။ “မွေးစားအဖေ.. ကျွန်မ အရာနှစ်ခုကို လိုချင်တယ်။ ပထမက ဒီအယုတ်တမာကောင်က ကျွန်မကို လမ်းမှာ နှောင့်ယှက်တယ်လေ။ သူ့မျက်လုံးတွေကို ဖောက်ထုတ်ချင်တယ်။ ဒုတိယက ကျွန်မ မြင်းတပ်သား ၂၀၀၀ ကို ခေါ်ဆောင်လာခဲ့တယ်။ မြောက်ပိုင်းက အမဲလိုက်ကွင်းကိုပေး”
ချီးတဲ့မှ။ ဘယ်ကဘယ်လိုပေါ်လာသည့် မကောင်းဆိုးဝါးများနည်း။
နင်ယွမ်ရှန်း တိတ်ဆိတ်နေသည်ကို မြင်ရချိန်မှာတော့ ကျုံးရှစ်ရှစ်က နင်ယွမ်ရှန်း၏ လက်မောင်းကို ပြင်းပြင်းထန်ထန် ဆွဲလှုပ်လိုက်သည်။
“မွေးစားအဖေ... မွေးစားအဖေက ကျွန်မကို အချစ်ဆုံးပဲလေ။ ပေးမှာလား၊ မပေးဘူးလား ပြော။ မပေးဘူးဆိုရင် ကျွန်မ မရှုပ် ရှုပ်အောင် ပြဿနာရှာပစ်လိုက်မယ်။ အစောင့်တွေ ...”
ကျုံးရှစ်ရှစ်က ရှမ့်လန်ကို လက်ညှိုးထိုးလိုက်၏။ “ဒီအယုတ်တမာကောင်ရဲ့ မျက်လုံးကို ထိုးဖောက်လိုက်။ ပြီးတော့ မြောက်ပိုင်းအမဲလိုက်ကွင်းကို ငါယူလိုက်မယ်။ လူတွေကို ခေါ်ပြီး အဲဒီမှာ တပ်သွားစွဲတော့မယ်”