← Chapters

အခန်း (၅၁၁)

Vol. 35 Ch. 511

အခန်း (၅၁၁)

Vol. 35 Ch. 511

ပြီးသည့်နောက် ကျုံးရှစ်ရှစ်က သူ၏တပ်ဖွဲ့များကို ဦးဆောင်ကာ မြောက်ပိုင်းအမဲလိုက်ကွင်းတွင် တပ်စွဲဖို့ ထွက်ခွာသွားရန် ပြင်လိုက်၏။ သူမက နင်ယွမ်ရှန်းကို သိရုံလောက် လာရောက်အသိပေးခြင်းသကဲ့သို့ပင်။

နင်ယွမ်ရှန်းက အသာပင် ချောင်းဟမ့်လိုက်၏။ “ရှစ်ရှစ်... တိုက်ဆိုင်လိုက်တာ။ မြောက်ပိုင်း အမဲလိုက်ကွင်းကို ငါ ရှမ့်လန်ကို ပေးခဲ့ပြီးပြီ”

ကြားလိုက်ရသည့်စကားကြောင့် ကျုံးရှစ်ရှစ်၏ မျက်နှာအမူအရာတစ်ခုလုံးမှာ ချက်ချင်းပဲ ပြောင်းလဲသွားခဲ့၏။ သူမက ငယ်စဉ်တည်းက မည်သည့်နေရာကိုပဲသွားသွား အမြဲတစေ ဗိုလ်ကျစိုးမိုးလေ့ရှိပြီး မိမိစိတ်တိုင်းကျ ပြုမူဆောင်ရွက်တတ်သူ ဖြစ်သည်။

သူမ၏ ဖခင် ကျုံးယောင်က စည်းကမ်းတင်းကျပ်သူတစ်ယောက်ဖြစ်၍ ဖခင်၏ရှေ့တွင် သူမက အဆင်ခြင်မဲ့ မပြုလုပ်ရဲသော်လည်း တခြားသောသူများ၏ရှေ့တွင်တော့ သူမက ပြုလုပ်ချင်ရာကို ပြုလုပ်တတ်သူ တစ်ယောက်ပင်။ အထူးသဖြင့် ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ ရှေ့မှောက်တွင် ဖြစ်၏။

မိဖုရားကြီးကျုံးမှာ သူမ၏ အဒေါ်တော်စပ်၏။ နင်ယွမ်ရှန်းက သူမအပေါ်တွင် မင်းသမီးနင်ဟန်ထက်ပင် ပိုမိုကာ အလိုလိုက်၍ ချစ်မြတ်နိုး၏။ ထိုသို့ အလိုလိုက်ခြင်းကလည်း ချစ်ခင်နှစ်သက်ရုံ သက်သက်မဟုတ်ဘဲ တချို့သော နိုင်ငံရေးအကြောင်းအရာများ ပါဝင်နေသည်။

နင်ယွမ်ရှန်းက ကျုံးမိသားစုကို လိုအပ်၏။ ထို့အတူ ကျုံးမိသားစုကလည်း ဘုရင်မင်းမြတ်ကို လိုအပ်၏။ ကျုံးယောင်သည် စစ်သည်အင်အားတစ်သိန်းကို ဦးဆောင်ပြီး အနောက်ပိုင်း စစ်တပ်ကြီးတစ်ခုလုံးကို ဦးဆောင် နေခဲ့သည်မှာ နှစ်ပေါင်းတစ်ရာ ကြာမြင့်ခဲ့ပြီဖြစ်၏။

သို့ပေမည့် ဤစစ်တပ်ကြီးက ရွှဲ့ပြည်နယ်၏ ပိုင်ဆိုင်မှုသာ ဖြစ်၏။ သူတို့၏ လက်နက်၊ ချပ်ဝတ်တန်ဆာ၊ ရိက္ခာအားလုံးကို ရွှဲ့ပြည်နယ်မှ ထောက်ပံ့ပေးထား၏။ သူတို့၏ လစာငွေများကိုလည်း နိုင်ငံတော် ဘဏ္ဍာတိုက် အတွင်းမှ ပေးချေသည်။

ကျုံးမိသားစုတွင် ကိုယ်ပိုင်စစ်သည်များရှိ၏။ အရေအတွက် မများပြားသော်လည်း တကယ်တမ်းမှာတော့ တစ်သောင်းခန့် ရှိ၏။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်အတွင်း ကျုံးမိသားစုက မောက်မာ ထောင်လွှား၍ ဗိုလ်ကျလေ့ရှိသော်လည်း နိုင်ငံတော်အပေါ်မှာတော့ သစ္စာစောင့်သိ ရိုသေကြ၏။

ကျုံးယောင်နှင့် နင်ယွမ်ရှန်းတို့မှာ ရင်းနှီးသည့်ဆက်ဆံရေး မရှိသော်လည်း ကျုံးယောင်က နင်ယွမ်ရှန်း၏အမိန့်ကို လိုက်နာ၏။ သူက ဆန့်ကျင်ခြင်း၊ ခုခံခြင်း မည်သည့်အရာကိုမှ ပြုလုပ်ခဲ့ခြင်း မရှိချေ။ ဤအချက်အလက်ကို ကြည့်ရှုမည်ဆိုလျှင် ကျုံးယောင်က နင်ယွမ်ရှန်း၏ လက်အောက်ငယ်သားကောင်း ကျန့်ထော်ထက်ပင် ပိုမို၍သာသည်။

ကျုံးယောင်သည် မင်းမှုထမ်းတစ်ယောက်၏ တာဝန်ကို ကျေပွန်သူတစ်ယောက် ဖြစ်၏။ ဤအကြောင်းကြောင့် ပင်လျှင် နင်ယွမ်ရှန်းက ကျုံးယောင်နှင့် ရင်းနှီးခြင်းမရှိသော်လည်း ကျုံးယောင်ကို ယုံကြည်၏။ ပိုမို၍ အရေးကြီးမားသည်မှာ အနောက်ပိုင်းစစ်တပ်ကြီးအတွင်း ကျုံးမိသားစု၏ ဂုဏ်သတင်းနှင့် ဩဇာအာဏာမှာ အလွန်တကယ်ကို ကြီးမား၏။ သူတို့မရှိဘဲနှင့် ချောင်ပြည်နယ်ကို တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် နင်ယွမ်ရှန်းက ကျုံးရှစ်ရှစ်၏ တောင်းဆိုမှုကို သဘောတူခဲ့ပြီး သူမအား သမီးရင်းထက်ပင် အလိုလိုက်ခြင်းဖြစ်၏။

ယခု နင်ယွမ်ရှန်းက သူမကို ပထမဦးဆုံးအကြိမ်အဖြစ် ငြင်းပယ်လိုက်၏။ ထိုအရာက သူမ၏မျက်နှာကို ရိုက်နှက်လိုက်သကဲ့သို့ပင်။

ကျုံးရှစ်ရှစ်က အံ့အားသင့် မင်သက်သွားမိ၏။ ပြီးနောက် သူမ၏ အလွန်အမင်း ဝိုင်းစက်လျက် ရှိနေသည့် လှပသည့် မျက်ဝန်းများနှင့် ရှမ့်လန်ကို စူးစိုက်ကာ ကြည့်ရှုလိုက်သည်။

သူမ ရှမ့်လန်ကို ပထမဦးဆုံးအကြိမ် သေချာကြည့်ရှုခြင်း ဖြစ်၏။ သူမ အစပိုင်းတုန်းက ဘယ်ကမှန်းမသိသည့် ယောက်ျားတစ်ယောက်လို့သာ ထင်မှတ်ခဲ့၏။ အရှင်မင်းကြီးက သူမကို ဤလူကြောင့် ငြင်းပယ်လိုက်သည်လား။ ဤလူက တကယ့်ကို ချောမောပြီး မိန်းမထက်ပင် ပို၍ချောမောနေသေး၏။

သို့ပေမည့် ကျုံးရှစ်ရှစ်က ဤကဲ့သို့ ယောကျာ်းမျိုးကို မကြိုက်ပေ။ သူမက သူရဲကောင်းဆန်သည့် အသွင်အပြင် ရှိသော ယောကျာ်းမျိုးကိုသာလျှင် နှစ်သက်၏။ ခန့်ညားရုံသာမက ယောကျာ်းကလည်း ပီသရပေလိမ့်မည်။ ဥပမာအားဖြင့် ကျိုးဟုန်ရွှဲ့ကဲ့သို့ ယောကျာ်းမျိုးဖြစ်၏။ သို့မဟုတ် သူမနှင့် စေ့စပ်မည့်သူကဲ့သို့ ယောကျာ်းမျိုးပင်။

ကျုံးရှစ်ရှစ်သည် မူလက နင်ချီနှင့် စေ့စပ်ဖို့ရှိခဲ့သည်။ သို့သော်ငြား ကျုံးရှစ်ရှစ်နှင့် နင်ချီတို့က တကယ့်ကို ရင်းနှီးပြီး မောင်နှမအရင်းများသဖွယ် နေထိုင်ခဲ့၏။ နင်ချီနှင့် လက်ထပ်ဖို့ ဆိုသည်မှာ အမှားအယွင်းတစ်ခုဟု မထင်ခဲ့ပေ။

နောက်ပိုင်းမှာတော့ အကြောင်းအရာတချို့ကြောင့် သူတို့နှစ်ယောက်၏ လက်ထပ်ပွဲမှာ အဆုံးမသတ်နိုင်ခဲ့ပေ။ ပျက်စီးသွားခဲ့၏။ ဤအကြောင်းအား လူများသိအောင် ချပြခြင်း မရှိခဲ့ချေ။ သူတို့၏ စေ့စပ်ခြင်းဖြစ်စေ၊ စေ့စပ်မှု ဖျက်သိမ်းခြင်းဖြစ်စေ အားလုံးကို လျှို့ဝှက်ထားခဲ့၏။

အကြောင်းအရင်းမှာ ရိုးရှင်းလှ၏။ သွေးနီးစပ်မှုကြောင့်ပင်။ နင်မျိုးနွယ်နှင့် ကျုံးမျိုးနွယ်တို့မှာ ကာလရှည်ကြာစွာ လက်ထပ်ခြင်းများဖြင့် မဟာမိတ် ဖွဲ့ခဲ့၏။ ထို့နောက်မှာတော့ ပြဿနာရှိသည့် ချို့ယွင်းသော ကလေးငယ်များ မွေးဖွားခဲ့သည်။

နင်ချီ၏မိခင်မှာ ကျုံးရှစ်ရှစ်၏ အဒေါ်တော်စပ်၏။ ဤသို့သော အခြေအနေမျိုးတွင် သူတို့နှစ်ဦးလက်ထပ်ပါက မွေးဖွားလာမည့်ကလေးမှာ အန္တရာယ်ရှိနိုင်၏။ အကယ်၍ သာမန် နန်းတွင်းမိသားစုတစ်စု ဖြစ်ပါက ကိစ္စမရှိချေ။ တစ်ယောက်မွေး၍ မရပါလျှင် နှစ်ယောက်၊ သုံးယောက် မွေးဖွားနိုင်စွမ်းရှိ၏။

သို့ပေမည့် နင်ချီမှာတော့ မင်းသားတစ်ပါးဖြစ်၏။ နန်းပုလ္လင်အတွက် တိုက်ခိုက်ရမည့်လူမျိုးပင်။ သူက ဤသို့သော စွန့်စားမှုမျိုးကို မပြုလုပ်ချင်ပေ။ ထို့ကြောင့် ကျုံးယောင်က နင်မိသားစုနှင့် ဆက်လက်၍ သွေးစည်း ဖွဲ့နှောင်မည်ဖြစ်သော်လည်း ကျုံးရင်ကိုသာ နင်ချီနှင့် လက်ဆက်ပေးရန် အကြံပြုခဲ့သည်။

ကျုံးရင်မှာ နင်ချီနှင့် သွေးပိုဝေးပြီး သူတို့၏ ဆက်နွယ်မှုမှာ မျိုးဆက် သုံးဆက်ထက် ကျော်လွန်၏။ ထို့အပြင် ကျုံးရင်က ပိုမို၍ တည်ငြိမ်လေးနက်ပြီး လောကကြီးအတွက် မိဖုရားခေါင်တစ်ဦး၏ ပုံပန်းသွင်ပြင်မျိုး ရှိ၏။ ကျုံးရှစ်ရှစ်က မိဖုရားခေါင်ကြီးတစ်ပါး ဖြစ်ရန် သင့်တော်သည့် လူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် ကျုံးရှစ်ရှစ်၏ လက်ထပ်ပွဲက ကြန့်ကြာသွားခဲ့ခြင်း ဖြစ်၏။

သူမက ယခု အသက် ၁၇ နှစ် ရှိပြီဖြစ်သော်လည်း အိမ်ထောင်မပြုရသေးချေ။ ဟုတ်ပေ၏။ ထျန်းရှစ်မြို့၏ ဤအမျိုးသမီးလေးသည် အိမ်ထောင်ရေးအတွက် စိတ်ပူစရာ မလိုအပ်ချေ။ သူမက ကောက်ကျစ်စဉ်းလဲပြီး ဗိုလ်ကျလေ့ရှိသော်လည်း ရွှဲ့ပြည်နယ် အနောက်ဘက် နယ်စပ်တစ်လျှောက်တွင် နံပါတ်တစ် အလှပဆုံး မိန်းကလေးတစ်ယောက် ဖြစ်ပြီး ကျင်းမူလန်နှင့်ပင် တန်းတူယှဉ်ပြိုင်သည့် တော်ဝင်ပုလဲတစ်ခု ဖြစ်သည်။

ထို့အပြင် ကျုံးမိသားစု၏ ဩဇာအာဏာက ကျင်းမိသားစုထက် များစွာသာလွန်၏။ ထို့ကြောင့် ကျုံးရှစ်ရှစ်ကို လိုက်လံ ပိုးပန်းချစ်မြတ်နိုးလျက်ရှိနေသည့် ယောကျာ်းများက သောင်းနှင့်ချီ၍ ရှိနေ၏။

နောက်ဆုံး သတင်းထွက်ပေါ်လာပုံအရဆိုလျှင် ကျုံးရှစ်ရှစ်က ဤနေရာဆီသို့ ဖူးစာဖက်တွေ့ရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကြားသိရသည်မှာ ထိုအမျိုးသားက အလွန်မြင့်မြတ်သည့် မျိုးရိုးကောင်းရှိသူပင်။

“ရှင် ဘယ်သူလဲ” ကျုံးရှစ်ရှစ်က မေးမြန်းလိုက်၏။

“ရှမ့်လန်ပဲ”

ကျုံးရှစ်ရှစ်၏ မျက်လုံးများက ဝိုင်းစက်သွားခဲ့သည်။ “ရှင်က ရှမ့်လန်လား။ ကျင်းမူလန်ရဲ့ ယောကျာ်းပေါ့”

ပြီးနောက် ကျုံးရှစ်ရှစ်က ရှမ့်လန်၏ ခန္ဓာကိုယ်တစ်ပတ်ကို လှည့်ပတ်ကြည့်၏။ ပြီးနောက် အပေါ်အောက် အသေချာကြည့်၏။

“ကျင်းမူလန်က သိုင်းပညာ ညံ့ရုံတင်မကဘူး။ အမြင်ကလည်း ညံ့ဖျင်းပါလား။ ဒီလို မိန်းမလျှာ လို လှတဲ့ယောကျာ်းမျိုးကို ရွေးရတယ်လို့”

ကျုံးရှစ်ရှစ်က ပြောလိုက်သည်။ “ဒီဘဝမှာ သူ ငါ့ကို ဘယ်တော့မှ မမှီတော့ဘူးဆိုတာ သေချာသွားပြီ။ သူက ငါ့လောက်မလှဘူး။ သူ့ခန္ဓာကိုယ်ကလည်း ငါ့လောက်မလှဘူး။ သူ့ရဲ့ယောကျာ်းကလည်း ငါ့ရဲ့ရွေးချယ်မှုစံနှုန်း ထက် အများကြီး နိမ့်ကျနေတာပဲ”

ပြီးနောက် ကျုံးရှစ်ရှစ်က ရှမ့်လန်ကို ဆက်လက်ကာ မကြည့်တော့ဘဲ နင်ယွမ်ရှန်းဘက်သို့ လှည့်၍ သူမ၏ ဩဇာအာဏာကို ပြသလိုက်၏။ “အရှင်မင်းကြီး... ကျွန်မ စိတ်မဝင်စားဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီမြောက်ဘက် အမဲလိုက်ကွင်းကို ကျွန်မပဲယူမယ်။ အရှင် ဘယ်သူ့ကိုပဲ ပေးလိုက်ပေးလိုက် ကျွန်မ စိတ်မဝင်စားဘူး”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ရှစ်ရှစ်.. ငါ အဲဒီ မြောက်ဘက်အမဲလိုက်ကွင်းကို ရှမ့်လန်နဲ့ နင်ကျန်းတို့ စစ်သည်တွေ လေ့ကျင့်ဖို့ ပေးလိုက်ပြီ။ ဒါက တာဝန်ကိစ္စပဲ။ မင်း တခြားနေရာကို ပြောင်းနေလို့ မရဘူးလား။ ဒါမှမဟုတ် မင်းကို အနောက်ဘက်စံအိမ်တော်မှာ နေခိုင်းမယ်။ အဲဒီမှာ မြောက်ဘက်အမဲလိုက်ကွင်းထက် အများကြီး ပိုပြီးတော့ သက်တောင့်သက်သာနဲ့ နေထိုင်လို့ကောင်းတယ်”

နင်ယွမ်ရှန်းက ဤမိန်းကလေးကို ချော့မော့ပြောဆိုနေရုံမှအပ တခြားနည်းလမ်း မရှိချေ။ အနောက်ဘက် စံအိမ်တော်က အမှန်တကယ်ပင် ပိုမို၍ ကောင်းမွန်၏။ ထိုအရာက နင်ယွမ်ရှန်း၏ နွေရာသီအပန်းဖြေ စံအိမ်တော်လည်း ဖြစ်၏။ တန်ဆောင်းများ၊ နန်းဆောင်များ၊ စိုက်ခင်းများ ရှိနေပြီး ရှုခင်းကလည်း တကယ့်ကို လှပ၏။

ကျုံးရှစ်ရှစ်က ယခင်ကဆိုလျှင် အနောက်ဘက်စံအိမ်တော်တွင်နေရန် ကျေနပ်မည်ဆိုသော်လည်း ယခုအချိန်မှာတော့ သည်းမခံနိုင်ခဲ့ချေ။

‘လောကကြီးမှာ ငါနဲ့ ဘယ်သူမှ ယှဉ်ပြိုင်ရဲမှာ မဟုတ်ဘူး။ နင်ယန်က မင်းသမီးတစ်ယောက် ဖြစ်တယ်ဆိုရင်တောင် ငယ်ငယ်က ငါ သူ့ကိုရိုက်ပြီး သူ့ပစ္စည်းတွေ လုယူခဲ့တာ။ မင်းက ကျင်းမူလန်ရဲ့ ယောကျာ်းတစ်ယောက် သက်သက်ပဲ။ ဘာများ အရေးကြီးနေလို့လဲ။ မင်းတို့ ကျင်းမိသားစုက နုရှောင့်မြို့ကို ပိုင်တော့ ဘာဖြစ်လဲ။ မင်းတို့မှာ စစ်သည် ဘယ်လောက်ရှိလဲ။ ပင်လယ်ရပ်ခြားမှာ သီးသန့်နေထိုင်ပြီး ဘာတွေများ ထူးခြားနေမှာမလို့လဲ။ ငါနဲ့ ဘာလို့ လာပြိုင်ချင်နေတာလဲ။ ဘယ်လိုမှ မရနိုင်ဘူး’

ကျုံးရှစ်ရှစ်က ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ချလိုက်၏။ ပြီးနောက် ခြေထောက်ကို ချိတ်ကာဖြင့် လက်ထဲတွင် ရှိနေသည့် ရွှေရောင်ကြိမ်လုံးကို ဆော့ကစားလျက် ရှိနေ၏။ “ဟွန့်. သူ့ကို ပေးလိုက်လည်း အသုံးမဝင်ပါဘူး။ ကျွန်မ ပြန်သိမ်းလိုက်ရုံပဲ”

ထိုစကားကို ကြားသည့်အချိန်မှာတော့ အရှင်မင်းကြီးက အကူအညီမဲ့သလို ခံစားလိုက်ရ၏။ ဤ ဥပဒေမဲ့ ကလေးမကို သူ မည်သို့မှ ကိုင်တွယ်၍ မရနိုင်တော့ပေ။ မည်သို့ပင်ဖြစ်ဖြစ် သူမက သူ့သမီး မဟုတ်သည့်အတွက် အပြင်းအထန် ဆိုဆုံးမ၍လည်း မဖြစ်နိုင်ချေ။

ကျုံးရှစ်ရှစ်က ဩဇာအာဏာကြီးမားသော်လည်း နိုင်ငံတော်အပေါ်တွင် သစ္စာရှိ၏။ အကယ်၍ ကျုံးရှစ်ရှစ်က အင်အားသုံး၍ ပြန်လည်လုယူမည်ဆိုလျှင် သူမကို မည်သူကမှ ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ဤမိန်းကလေးက အချော့ကြိုက်ပြီး အတင်းအကြပ် ပြုလုပ်ခံရသည်ကို နှစ်သက်သူ မဟုတ်ချေ။

ကျုံးရှစ်ရှစ်က ရှမ့်လန်ကို ကြည့်ရှုလိုက်၏။ “အရှင်မင်းကြီးက ရှင့်ကို မြောက်ဘက် အမဲလိုက်ကွင်း ပေးလိုက်ပြီ။ ရှင့်လူတွေနဲ့ သွားနေလိုက်။ ရှင့်တို့ သွားတာနဲ့ ကျွန်မရဲ့တပ်နဲ့ ဝင်စီးပြီး သိမ်းပိုက်လိုက်မယ်။ ပြီးရင် ရှင်တို့ကို မောင်းထုတ်မယ်။ ရှင် ဘာလုပ်နိုင်မှာမို့လို့လဲ။ ကျွန်မမှာ လူ နှစ်ထောင်ရှိတယ်။ ရှင်တို့မှာ ဘယ်လောက်ရှိလဲ။ သွေးချောင်းစီးအောင် တိုက်ခိုက်ပြီး သတ်ဖြတ်ကြတာပေါ့”

“ဟင်း.. ပေါက်ပန်းလေးဆယ်၊ ပေါက်ပန်းလေးဆယ်တွေပဲ”

နင်ယွမ်ရှန်းက ဆူပူလိုက်၏။ သို့ပေမည့် သူ့၏အသံက ပျော့ပျောင်းလျက်ရှိနေ၏။ “ရှစ်ရှစ်.. မြောက်ဘက်အမဲလိုက်ကွင်းက ဘာတွေများ ကောင်းနေလို့လဲ။ စွန့်ပစ်ထားတာလည်း ကြာနေပြီ။ အနောက်ဘက်စံအိမ်တော်က အများကြီးပိုပြီးတော့ သက်တောင့်သက်သာရှိပါတယ်”

“မဟုတ်ဘူး မဟုတ်ဘူး။ အဲဒီ မြောက်ဘက်အမဲလိုက်ကွင်းကိုပဲ ကျွန်မ လိုချင်တာ”

ကျုံးရှစ်ရှစ်က အေးစက်စက်နှင့် ပြောလိုက်၏။ ပြီးနောက် သူမက မတ်တပ်ထရပ်ပြီး အပြင်ဘက်သို့ လျှောက်ထွက်သွား၏။ “ကျွန်မရဲ့ တပ်တွေနဲ့ သွားပြီး သိမ်းမယ်။ ရှင် ဘာလုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့”

“ခဏနေပါအုံး” ရှမ့်လန်က လှမ်းပြောလိုက်သည်။

“ဘာလဲ။ အရှုံးပေးမလို့လား။ မရဘူး”

ရှမ့်လန်က မေးလိုက်၏။ “မင်း ငါ့မိန်းမကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်လို့ ကြားတယ်”

ကျုံးရှစ်ရှစ်က ပြောလိုက်သည်။ “ဟုတ်တယ်လေ။ သူ့ကို သွေးအန်အောင် ရိုက်လိုက်တော့ ဘာဖြစ်လဲ။ သူ့ရဲ့ သိုင်းပညာညံ့တာ ကျွန်မကို အပြစ်တင်လို့မှ မဖြစ်တာ။”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား... ကျုပ်ရဲ့ သိုင်းပညာအကြောင်း ကြားဖူးလား”

ကျုံးရှစ်ရှစ်က ပြောလိုက်သည်။ “အရှုံးသမား၊ အမှိုက်၊ မိန်းမနဲ့ အိပ်ဖို့တောင် အားမရှိတဲ့ အသုံးမကျတဲ့ လူတစ်ယောက်လေ။ ရှင့်လို အသုံးမကျတဲ့လူမျိုးက လောကမှာ ရှားပါလိမ့်မယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဂုဏ်ယူပါတယ်။ ခင်ဗျားပြောတာ မှန်တယ်”

ကျုံးရှစ်ရှစ်က ရှမ့်လန်ကို ခဏမျှ စိုက်ကြည့်လိုက်သည်။ “ဒါဆိုရင် ရှင့်မှာ ကောင်းတဲ့အချက်တစ်ခုတော့ ရှိသေးတာပဲ။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် အသုံးမကျမှန်း သိတာပေါ့”

ရှမ့်လန်က ပြောလိုက်၏။ “ဒါနဲ့ ခင်ဗျားက မြောက်ဘက်အမဲလိုက်ကွင်းကို လိုချင်တယ်။ ကျုပ်ကလည်း လိုချင်တယ်။ ဒီတော့ ကျုပ်တို့နှစ်ယောက် သိုင်းပညာယှဉ်ပြိုင်ပြီး အဆုံးအဖြတ်ကျရင် ဘယ်လိုလဲ”

“သိုင်းပညာပြိုင်မယ် ဟုတ်လား”

ကျုံးရှစ်ရှစ်က ပြောလိုက်သည်။ “ကျင်းမူလန်ရဲ့ သွေးမျိုးဆက်က အရမ်းကို အားနည်းတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကတောင် သူ ကျွန်မရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ အခုဆို ပိုတောင် ဆိုးသွားခဲ့ပြီ။ အရင်တုန်းက တိုက်ကွက်ဆယ်ကွက်ကိုတောင် မခံနိုင်ဘူး။ အခု သုံးကွက်နဲ့ သေအောင်ရိုက်လို့ရတယ်”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် မိန်းမနဲ့ ပြိုင်မှာ မဟုတ်ဘူး။ ကျုပ်နဲ့ ခင်ဗျားနဲ့ ပြိုင်မှာ”

ထိုစကား ထွက်ပေါ်လာသည့်အချိန်မှာတော့ ခန်းမထဲမှ ရှိရှိသမျှလူများက ကြက်သေ သေသွားကြ၏။ ရှမ့်လန်က ကျုံးရှစ်ရှစ်နှင့် ယှဉ်ပြိုင်မည်ဟု ပြောဆိုလျက်ရှိနေသည်။

“နောက်မနေစမ်းနဲ့။ ရှင် ရှမ့်လန်က မိန်းမတစ်ယောက်နဲ့ အိပ်ဖို့တောင် အားမရှိတဲ့ လူမျိုးပဲ။ ဘယ်လို လုပ်ပြီးတော့ သွားပြီး တိုက်ခိုက်လို့ရမှာလဲ”

ကျုံးရှစ်ရှစ်က မာနကြီးသော်လည်း သူမ၏ သွေးမျိုးဆက်ပါရမီက မြင့်မားပြီး သိုင်းပညာ ကျွမ်းကျင်သူ တစ်ယောက်လည်း ဖြစ်၏။ သူမ၏ သိုင်းပညာက တကယ့်ကို ကောင်းမွန်၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ကျင်းမူလန်ကို အနိုင်ယူခဲ့၏။ ငယ်ရွယ်စဉ်ကဆိုလျှင် သူမက မင်းသမီးနင်ယန်ကိုပင် ငိုအောင် ရိုက်နှက်ခဲ့၏။ ထို့ကြောင့် သူမက ရှမ့်လန်ကို လက်တစ်ချောင်းတည်းနှင့်ပင် လွယ်လွယ်ကူကူ အနိုင်ယူနိုင်၏။ မဟုတ်သေးပေ။ လက်သည်းခွံ တစ်ခြမ်းနှင့်ဆိုလျှင်တောင်မှ ရှမ့်လန်ကို အနိုင်ယူရန် လုံလောက်၏။

“တကယ်လား” ကျုံးရှစ်ရှစ်၏ မျက်လုံးများက တောက်ပသွားခဲ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “တကယ်ပေါ့။ ခင်ဗျားနဲ့ ကျုပ်နဲ့ ပြိုင်မယ်။ နိုင်တဲ့လူက အမဲလိုက်ကွင်းကို ပိုင်ဆိုင်ရလိမ့်မယ်”

ကျုံးရှစ်ရှစ်က ပြောလိုက်၏။ “ဘယ်တော့လဲ”

“သုံးရက်အတွင်းပဲ” ရှမ့်လန်က ပြောလိုက်သည်။

ကျုံးရှစ်ရှစ်က တကယ်ပင် စိတ်လှုပ်ရှားသွားခဲ့၏။ “သဘောတူတယ်”

ပြီးနောက် ကျုံးရှစ်ရှစ်က အမှန်ပင် ပြေးထွက်သွား၏။ သူမက နင်ယွမ်ရှန်း တားမြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ သူမက ရှမ့်လန်ကို စမြင်ကတည်းက သဘောမကျခဲ့ချေ။ သေအောင် ရိုက်သတ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လျက် ရှိသည်။

တစ်ဖက်လူက ကျင်းမူလန်၏ ယောကျာ်းဖြစ်သည်ဟု ကြားသိရသည့်အချိန်မှာတော့ ထိုရိုက်နှက်ချင်စိတ်က ပိုမို၍ ကြီးမားလာခဲ့၏။ တခြား အကြောင်းအရင်း မရှိချေ။ ကျင်းမူလန်က သူမနှင့် တန်းတူရှိနေသည်ကို မကြိုက်နှစ်သက်သောကြောင့်ပင်။

ထျန်းရှစ်မြို့၏ မင်းသမီးနှင့် ရွှမ်ဝူမြို့၏ မင်းသမီး ပုလဲခြင်း အတူတူ ဖြစ်သည်ဆိုလျှင်တောင် ကျုံးရှစ်ရှစ်၏ အမြင်မှာတော့ သူမက တစ်ဦးတည်း ပိုမို ထူးခြားသူ၊ ပိုမို လှပသူဖြစ်ပြီး ပိုမို အစွမ်းထက်သူတစ်ယောက် ဖြစ်၏။ ‘ကျင်းမူလန် နင် ဘယ်လိုလုပ်ပြီးတော့ ငါနဲ့ တန်းတူဖြစ်မှာလဲ။’

သို့ပေမည့် ကျင်းမူလန်၏ အလှတရားနှင့် ခန္ဓာကိုယ်အချိုးအစားက တကယ်ပင် ထိပ်တန်းအဆင့်တွင် ရှိနေ၏။ ထို့ကြောင့် ကျုံးရှစ်ရှစ်က မူလန်ကို မြင်ပြီးနောက် ရန်စခဲ့ခြင်းဖြစ်၏။ မူလန်ကို ဒဏ်ရာရအောင်ပင် ပြုလုပ်ခဲ့သည်။

အတိုချုပ် ပြောရမည်ဆိုလျှင် လှပသည့်မျက်နှာ၊ ဆွဲဆောင်မှုရှိလွန်းသည့်ခန္ဓာကိုယ်မှလွဲ၍ ဤမိန်းကလေးက တကယ့်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းသူဖြစ်၏။ နင်ယန်က အမြင်တွင် ဆိုးသွမ်းသူတစ်ယောက် ဖြစ်သော်လည်း စိတ်နေစိတ်ထား ကောင်းမွန်ပြီး နွေးထွေးလွန်းသူတစ်ယောက်ပင်။ ကျုံးရှစ်ရှစ်က အမှန်ပင် ဥပဒေမဲ့ ထိန်းမနိုင်သိမ်းမနိုင် ပြုလုပ်တတ်သူတစ်ယောက်ဖြစ်၏။

ရှမ့်လန်က မိန်းမအတွက် လက်စားချေပြီး ဤဥပဒေမဲ့ မိန်းကလေးကို သင်ခန်းစာပေးရမည်မှာ သဘာဝကျသည်။

All Chapters