← Chapters

အခန်း (၅၁၂)

Vol. 35 Ch. 512

အခန်း (၅၁၂)

Vol. 35 Ch. 512

ကျုံးရှစ်ရှစ်ထွက်ခွာသွားခဲ့ပြီးနောက်မှာ ဘုရင်မင်းမြတ်၏ မျက်နှာထားက တည်ကြည်သွား၏။ “ရှမ့်လန်.. မင်း တကယ်ရူးမသွားတာ သေချာရဲ့လား”

ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်သည်။ “မရူးပါဘူး”

ဘုရင်မင်းမြတ်က မေးမြန်းလိုက်၏။ “အရူးကောင်.. မြောက်ပိုင်းအမဲလိုက်ကွင်း အတွက်လား။ ဒီမိန်းကလေးက ဖူးစာဖက် ရှာဖို့လာတာ။ သူ ဒီမှာ ကြာကြာနေမှာ မဟုတ်ဘူး”

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဘယ်သူနဲ့လဲ”

ဘုရင်မင်းမြတ်က ပြောလိုက်၏။ “တော်ဝင်ရန်နိုင်ငံရဲ့ တော်ဝင်မျိုးနွယ်တစ်ယောက်နဲ့ပဲ။”

ရှမ့်လန်က မေးမြန်းလိုက်သည်။ “တော်ဝင်ရန်နိုင်ငံက ဘယ်သူကများ မျက်စိကန်းနေတာလဲ။ ဘယ်သူက သူ့ကို သဘောကျနေတာလဲ”

ဘုရင်မင်းမြတ်က အဖြေမပေးခဲ့ချေ။ သို့ပေမည့် အမှန်တရားမှာတော့ ယောကျာ်းတော်တော်များများတို့က ကျုံးရှစ်ရှစ်ကို သဘောကျ၏။ သူမက လှပပြီး ခန္ဓာကိုယ်ကလည်း ဆွဲဆောင်မှုရှိ၏။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “အရှင်မင်းကြီး.. ကျုပ်က မြောက်ပိုင်းအမဲလိုက်ကွင်းအတွက်တင် မဟုတ်ဘူး။ ပိုပြီးအရေးကြီးမားတာက ကျုပ်မိန်းမအတွက် လက်စားချေချင်တာပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျုံးရှစ်ရှစ်က ကျုပ်ရဲ့ မူလန်ကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်ရဲ့ နှလုံးသားတွေ နာကျင်ခဲ့ရတယ်။ အဲဒီထဲက ကျုပ်က ကျိန်ဆိုခဲ့တယ်။ သူ့ကို လက်စားချေမယ်လို့”

မိန်းမစိုးကြီးလီစွမ်းက စုမိသားစုအကြောင်းကို မတွေးဘဲ မနေနိုင်တော့ချေ။ စုကျန့်ထင်က စုဖေ့ဖေ့ကို ဓားနှင့်ခုတ်ရုံမျှဖြင့် ရှမ့်လန်က စုမိသားစုတစ်ခုလုံးကို မျိုးဖြုတ်သတ်ဖြတ်ခဲ့၏။ ကျုံးရှစ်ရှစ်က မူလန်ကို ဒဏ်ရာရစေခဲ့သည်။ မည်မျှနက်ရှိုင်းသည့် အာဃာတတရားဖြစ်မည်နည်း။

မိန်းမစိုးများက စိတ်သဘောထားသေးသိမ်သည်ဟု ပြောကြ၏။ သို့ပေမည့် ရှမ့်သခင်လေး၏ စိတ်ထားနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သူတို့ မိန်းမစိုးများသည် ရှမ့်သခင်လေး၏စိတ်ထား နှမ်းစေ့တစ်စေ့ကိုပင်လျှင် လိုက်မှီနိုင်လိမ့်မည် မဟုတ်ချေ။

“ပေါက်ကရတွေ”

နင်ယွမ်ရှန်းက ဆူပူလိုက်၏။ “ကျုံးရှစ်ရှစ်က ဖူးစာဖက်တွေ့ဖို့လာတာ။ ရက်အနည်းငယ်အတွင်း ပြန်သွားမှာ။ မင်း မြို့တော်ကနေ ရက်အနည်းငယ်လောက် ထွက်သွားလိုက်။ အိမ်ပြန်နေ ... မင်း အိမ်ကထွက်လာတာ နှစ်ဝက်တောင် ကျော်နေပြီ။ မင်းရဲ့ မိသားစုက မင်းကို အရမ်းလွမ်းနေကြလိမ့်မယ်”

ဘုရင်မင်းမြတ်၏ အမြင်အရဆိုလျှင် ရှမ့်လန်အယောက်ပေါင်းတစ်ရာ စုပေါင်းလျှင်တောင် ကျုံးရှစ်ရှစ်ကို နိုင်လိမ့်မည် မဟုတ်ချေ။ မိန်းမစိုးကြီးလီစွမ်းကလည်း ဘေးတစ်ဖက်မှ ဝင်ကာ ပြောလိုက်သည်။ “ရှမ့်သခင်လေး... ကျုံးရှစ်ရှစ်ရဲ့ သိုင်းပညာက မူလန်နဲ့ မင်းသမီးနင်ယန်ထက်တောင် ပိုပြီးကောင်းတယ်”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်သိပါတယ်။ ကျုပ်ရဲ့ အားနည်းနေတဲ့ ခန္ဓာကိုယ်နဲ့ဆို ရှမ့်လန်အယောက် တစ်ရာပေါင်းရင်တောင် သူ့ရဲ့ လက်တစ်ချောင်းစာလောက်တောင် မခံနိုင်ဘူးဆိုတာ”

အမှန်တိုင်းပြောရမည်ဆိုလျှင် မူလန်နှင့် ရှမ့်လန်တို့ ချစ်ရည်လူးသည့် အချိန်တွင်ပင်လျှင် မူလန်က သတိထားရ၏။ စိတ်လွတ်သွားသည့်အချိန်မျိုး၌ ရှမ့်လန် ထိခိုက်သွားမှာ စိုးသောကြောင့်ပင်။ မူလန်၏အမြင်တွင် သူမ၏ ယောကျာ်းက နုနယ်လွန်းသော တန်ဖိုးကြီး ကြွေထည်ပစ္စည်းလေး တစ်ခုကဲ့သို့ပင်။ သူမက ဂရုတစိုက် ကိုင်တွယ်ရပြီး သတိမထားမိလျှင် ကျိုးပဲ့သွားမှာ စိုးရိမ်သည်။

“ဒါပေမဲ့ ကျုပ် နိုင်ကိုနိုင်ရမယ်”

ရှမ့်လန်က ပြောလိုက်၏။ “သူက ကျုပ်ရဲ့မိန်းမကို သွေးထွက်အောင် ရိုက်နှက်ခဲ့တယ်။ ဒါကြောင့် ကျုပ်ကလည်း သူ့ကို သွေးထွက်အောင် ရိုက်ပြရမှာပဲ”

မိန်းမစိုးကြီးလီစွမ်းက ပြောလိုက်သည်။ “ရှမ့်သခင်လေး... မင်းမှာ ပရိယာယ်တွေ အများကြီး ရှိမှန်းသိပါတယ်။ ဒါပေမဲ့ သိုင်းပညာရှင်တွေရဲ့တိုက်ပွဲက မျက်စိတစ်မှိတ်အတွင်း အဆုံးအဖြတ် ဖြစ်နိုင်တယ်။ ဘာမှ မလုပ်ရသေးခင် ကျုံးရှစ်ရှစ်က မင်းကို အနိုင်တိုက်သွားနိုင်တယ်။ ပြီးတော့ ဒီမိန်းကလေးက ဥပဒေမဲ့ လုပ်ချင်ရာကို ပြုလုပ်တတ်တဲ့လူ။ သနားညှာတာစိတ်ဆိုတာ မရှိဘူး”

ရှမ့်လန်က ထိုအရာကို သိ၏။ တိုက်ပွဲစတင်လျှင် ကျုံးရှစ်ရှစ်က ရှမ့်လန်ကို သုညဒသမငါးစက္ကန့်အတွင်း လှဲချကာ တိုက်ခိုက်ပေလိမ့်မည်။

သို့ပေမည့် ရှမ့်လန်က ပိုမိုကာ မြန်ရပေမည်။ ကျုံးရှစ်ရှစ် လှုပ်ရှားမှု မပြုလုပ်ခင် သူက ရိုက်နှက်ရလိမ့်မည်။ အနည်းဆုံး သုညဒသမတစ်စက္ကန့်အတွင်း ဖြစ်၏။ ကျုံးရှစ်ရှစ်က သူမ၏ အတွင်းအားနှင့် အစစ်အမှန်ချီများကို လေထဲသို့ တံတိုင်းတစ်ခုသဖွယ် ဖွဲ့စည်းနိုင်အောင် အစွမ်းထက်မနေပေ။ သူက အနိုင် တိုက်ခိုက်နိုင်ပေလိမ့်မည်။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။ “သေချာလို့လား”

ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “ကျုပ် သေချာပါတယ်”

လီစွမ်းက ဘေးတစ်ဖက်မှ ပြောလိုက်၏။ “ရှမ့်သခင်လေး.. ဒီကိစ္စကို ပြန်ပြီး စဉ်းစားသင့်တယ်။ ဒီကိစ္စက အရမ်းကို အန္တရာယ်များတယ်။ တစ်ခုခုသာ မှားသွားခဲ့ရင် အကျိုးဆက်က ပြန်ပြင်လို့မရဘူး။ ဒီမိန်းကလေးက ရက်စက်တယ်။ သနားညှာတာတတ်တာ မဟုတ်ဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “တစ်ခုခုမှားသွားတာတွေ ရှိလာမှာ မဟုတ်ပါဘူး”

လီစွမ်းက ပြောလိုက်၏။ “ရှမ့်သခင်လေး... မင်းက ကြီးကျယ်ခမ်းနားတဲ့အရာတွေပဲ လုပ်မယ့်လူ။ ဒီလို သေးငယ်တဲ့ ကိစ္စလေးအတွက်နဲ့ စွန့်စားစရာ မလိုပါဘူး။ ကျုံးရှစ်ရှစ်လို မိန်းကလေးတစ်ယောက်ကို အလျှော့ပေးလိုက်ရလည်း ဘာမှ မဖြစ်ပါဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမစိုးကြီးလီ... ကျုပ်က ဘယ်တုန်းကမှ ကြီးကျယ်တဲ့အရာတွေကို လုပ်ဆောင်နိုင်တဲ့လူ မဟုတ်ခဲ့ပါဘူး”

“ဟင်” မိန်းမစိုးကြီး လီစွမ်းမှာ ဆွံ့အသွားခဲ့၏။ ရှမ့်လန်က အမြဲတစေ ကြီးကျယ်လွန်းသည့် အမှုကိစ္စများကိုသာ ပြုလုပ်ဆောင်ရွက်တတ်သူ တစ်ယောက်ဖြစ်၏။ ကျင်းမိသားစု၏ မူဝါဒသစ်ကို ခုခံတွန်းလှန်ခဲ့ခြင်း၊ နုရှောင့်မြို့ကို သိမ်းပိုက်ခဲ့ခြင်း၊ ချင်နိုင်ငံနှင့် စုမိသားစု၏ ပုန်ကန်မှုကို မျိုးဖြုတ်ခဲ့ခြင်း တစ်ခုထက် တစ်ခုက ပိုမို၍ ကြီးမားလာခဲ့၏။

ဤအချက်များကြောင့် လီစွမ်းက ရှမ့်လန်၏ မူလရည်ရွယ်ချက်မှာ လက်စားချေခြင်း ဖြစ်သည်ကိုပင် မေ့လျော့သွားလုမတတ် ဖြစ်ခဲ့၏။ သူ၏ အန္တိမပန်းတိုင်က လောကတွင် ရန်ငြိုးမရှိစေဖို့ ဖြစ်၏။ သူ့အတွက် လက်စားချေခြင်းထက် ပိုမို၍ အရေးကြီးမားသည့်အရာ ဘာမှ မရှိပေ။

ကျင်းမူလန်ကို ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သည့်ကိစ္စဆိုလျှင် ပိုမိုကာ ဆိုးသေး၏။ သူ၏ အချစ်ဆုံး မိန်းမတစ်ယောက်ကို ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်ထားခဲ့သောကြောင့် မိုးကောင်းကင်ကို ဒူးနှင့် တိုက်ရမည်ဆိုလျှင်ပင် ကျိန်းသေပေါက် ပြုလုပ်ပေမည်။

လူကြီးလူကောင်းတစ်ယောက်က လက်စားချေရန် ဆယ်နှစ်စောင့်နိုင်သည်ဟူသည့် စကားပုံဆိုသည်မှာ သူ့အတွက် အဓိပ္ပာယ် မရှိချေ။ စွမ်းဆောင်ရည်မရှိလျှင် ဘာမှ လုပ်၍မရနိုင်ခဲ့ချေ။ စွမ်းဆောင်ရည်ရှိလျှင်လည်း သူက လက်စားချေဖို့ တစ်ညတောင် မစောင့်ပေ။ စုမိသားစုတစ်ခုလုံးကို မျိုးဖြုတ်သတ်ပစ်ရန် သူက အချိန် ငါးလကျော် အချိန်ယူခဲ့၏။ တခြားသောသူများအတွက် အထင်ကြီးစရာ ဖြစ်သော်လည်း ရှမ့်လန် အတွက်မူ ထိုအရာက အရှက်ရစရာတစ်ခု ဖြစ်ခဲ့၏။

နင်ယွမ်ရှန်းက လေးလေးနက်နက်နှင့် မေးမြန်းလိုက်သည်။ “အန္တရာယ် တစ်စုံတစ်ရာ မရှိနိုင်ဘူးဆိုတာ သေချာလို့လား”

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး စိုးရိမ်ပေးတာကို ကျေးဇူးတင်ပါတယ်။ ကျုပ် သေချာပါတယ်။ အန္တရာယ် တစ်စုံတစ်ရာ မရှိပါဘူး”

နင်ယွမ်ရှန်းက သူ့ကို လျစ်လျူရှုပြီး ထွက်ခွာသွားခဲ့၏။ ဤအရာက တိတ်တဆိတ် သဘောတူညီချက် ဖြစ်၏။ ဤအချက်မှာ သူက ကျုံးရှစ်ရှစ်ကို စိတ်မရှည်သော်လည်း ဘာမှ လုပ်မရဖြစ်နေကြောင်း တွေ့မြင်နိုင်သည်။

သို့ပေမည့် ဩဇာအာဏာကြီးမားသော ဘုရင်မင်းမြတ် တစ်ယောက် အနေနှင့်က ကျုံးရှစ်ရှစ်ကို သွေးအန်အောင် ရိုက်နှက်ခဲ့ဟူသည့် စကားကို ထုတ်ဖော်ပြောဆို၍ မဖြစ်နိုင်ချေ။ လုပ်နိုင်သည်မှာ မသိချင်ယောင်ဆောင်ရုံသာ ရှိ၏။ ထို့အပြင် သူက ဤနှစ်ယောက်၏ ပြိုင်ပွဲကို ရပ်တန့်ရန် အမိန့်တော်တစ်ခုကို ထုတ်ပြန်ရပေဦးမည်။ ထိုအရာက ဟန်ပြပင်။

......

ရှမ့်လန် ကျုံးရှစ်ရှစ်နှင့် သိုင်းပညာယှဉ်ပြိုင်မည်ဟူသည့် သတင်းက နန်းမြို့တော်တစ်ခုလုံးကို ပွက်လောရိုက် သွားစေ၏။

လူတိုင်းက အံ့အားသင့်လျက်ရှိသည်။ “ရှမ့်လန်.. ခဏလောက် ငြိမ်ငြိမ်နေလို့ မရဘူးလား”

“အထူးစာမေးပွဲမှာ မင်း လူဘယ်လောက် သတ်ခဲ့လဲ။ ဘယ်လောက်ကြီးမားတဲ့ အရှုပ်အထွေးကို လုပ်ခဲ့ပြီးပြီလဲ။ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ ထပ်ပြီးပြဿနာရှာပြန်ပြီလား”

“ဒါပေမဲ့ ဒီတစ်ခါ ရှမ့်လန်...မင်း တကယ်ကို ပြဿနာကြီး ရှာခဲ့တာပဲ။ ကျုံးရှစ်ရှစ်ရဲ့ သိုင်းပညာက ဘယ်လောက် မြင့်မားလဲ။ မင်း ရှမ့်လန်က လုံးဝ အသုံးမကျတဲ့လူ။ မိန်းမတစ်ယောက်နဲ့ အိပ်ရင်တောင်မှ အပေါ်မှာ နေနိုင်မှာ မဟုတ်ဘူး။ အားမရှိလို့။”

“မင်းက ဆယ်ကီလိုလေးတဲ့ ဓားတစ်ချောင်းကိုတောင် မ,မနိုင်လောက်တဲ့ အသုံးမကျတဲ့သူတစ်ယောက်ပဲ။ မင်းက ဆယ်နှစ်အရွယ် ကလေးတွေကိုတောင် နိုင်အောင်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ကျုံးရှစ်ရှစ်ဆိုရင် ပြောနေစရာ တောင် မလိုဘူး”

သိုင်းပညာတတ်မြောက်ချင်းအရ နှိုင်းယှဉ်ရမည်ဆိုလျှင် ဟွမ်ဖန်၊ ရှမ့်ဆယ့်သုံး၊ ဝူလဲ့တို့ပင်လျှင် ကျုံးရှစ်ရှစ်၏ ပြိုင်ဘက်မဟုတ်ချေ။ ဟွမ်ဖန်က ရှမ့်လန် အယောက်တစ်ရာကျော်ကို အနိုင်တိုက်နိုင်၏။ ထို့ကြောင့် ဤတိုက်ပွဲတွင် ယုန်တစ်ကောင်က ကျားတစ်ကောင်ကို တိုက်ခိုက်သည်နှင့် တူ၏။ သေမည်ဆိုသည်မှာ သံသယရှိစရာ မလိုချေ။

နန်းမြို့တော်ရှိ မရေတွက်နိုင်သည့်လူများက အံ့အားသင့်မှုများ ပျောက်ကွယ်သွားခဲ့ပြီး အလွန်အမင်း ဝမ်းသာသွားခဲ့ကြ၏။ “ရှမ့်လန်... မင်းက အသုံးမကျဘဲ ဟိုလူနဲ့ ပြဿနာတက်၊ ဒီလူနဲ့ ပြဿနာတက် ဖြစ်ခဲ့တယ်။ အခု ကျုံးရှစ်ရှစ်ကိုမှ သွားပြီးတော့ ပြဿနာရှာခဲ့တယ်ဆိုတော့ သေလမ်းရှာနေတာပဲ။ သူ မင်းကို သတ်လိုက်မယ်ဆိုရင်တော့ မင်း အလကားသေတာပဲ ဖြစ်လိမ့်မယ်”

ပြီးနောက် ရေတွက်၍မရနိုင်အောင် များပြားသည့်လူများက အချိန်အမြန်ဆုံး ကုန်ဆုံးသွားစေရန်ပင် ဆုတောင်းလျက် ရှိနေကြ၏။ သူတို့က တိုက်ပွဲနေ့သို့ မြန်မြန် ရောက်ချင်ကြ၏။

“ကျုံးရှစ်ရှစ်... ခင်ဗျားက ကပ်ဘေးကြီးတစ်ခုဆိုပေမဲ့ ရှမ့်လန်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ အများကြီး တော်သေးတယ်။ ခင်ဗျား ရှမ့်လန်ကို မြန်မြန်သင်းကွပ်ပြီး သတ်ပစ်လိုက်စမ်းပါ။ ဒါမှ ပြည်သူပြည်သားတွေအတွက် ကပ်ဘေးကြီးတစ်ခုကို ရှင်းလင်းပေးရာ ရောက်မယ်။ ပြီးတော့ ကျုပ်တို့ရဲ့ ဒေါသတွေကိုလည်း ဖြေလျှော့ပေးရာ ရောက်လိမ့်မယ်”

ညနေပိုင်းသို့ ရောက်ချိန်မှာတော့ ကျုံးရှစ်ရှစ်က မစောင့်နိုင်တော့ချေ။ စိန်ခေါ်လွှာ တစ်စောင်ကိုပင် ရေးသား ပေးပို့လိုက်၏။ သူတို့က သုံးရက်မြောက်နေ့တွင် မြောက်ဘက်ပိုင်း အမဲလိုက်ကွင်း၌ ယှဉ်ပြိုင်တိုက်ခိုက်ရန် အတွက် သဘောတူညီချက်ထားခဲ့ကြ၏။ သိုင်းပညာယှဉ်ပြိုင်ပွဲသက်သက်သာ ဖြစ်သောကြောင့် သင့်တော်သည့် အချိန်တွင် ရပ်တန့်ရန်ဆိုသည့် အကြောင်းအရာပါသော်လည်း ဓား၌ မျက်စိ မရှိချေ။ အကယ်၍ ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးခြင်းများဖြစ်ခဲ့ပါက ကောင်းကင်၏ အလိုအတိုင်းပင် ဖြစ်ပေလိမ့်မည်။

အသေအကြေတိုက်ခိုက်မည့် စာချုပ် မဟုတ်သော်လည်း ထိုနှင့် မနီးမဝေးတွင် ရှိ၏။ ရှမ့်လန်က ဘာတစ်ခုမှ မဆိုချေ။ စိန်ခေါ်လွှာကို တိုက်ရိုက်ဆိုသလိုပဲ လက်မှတ်ရေးထိုးပေးလိုက်၏။ သူတို့ နှစ်ယောက်ကြားက တိုက်ပွဲမှာ တရားဝင် သတ်မှတ်ပြီးစီးသွားခဲ့ပြီ ဖြစ်၏။

နာကျည်းမှုက ရှမ့်လန်ကို မယုံကြည်နိုင်သလို ကြည့်နေ၏။ အချိန်တော်ကြာပြီးသည့်နောက် သူက မေးမြန်းလိုက်သည်။ “ရှမ့်သခင်လေး... ခင်ဗျားက ကျုပ်ရဲ့ အရှင်သခင် မဟုတ်လို့ တော်သေးတယ်။ မဟုတ်ရင် ကျုပ်တို့ ရူးသွားလိမ့်မယ်”

လောကတွင် မည်သည့်အရှင်သခင်ကမှ ဤကဲ့သို့ ပြုမူမှာ မဟုတ်ပေ။ နှစ်ရက်၊ သုံးရက်တစ်ခါ လူတွေကို ထိတ်လန့်ကြောက်လန့်စေမည့် ဆုံးဖြတ်ချက်များကို ချမှတ်၏။ အခု ကြည့်ရသည်မှာ သူတို့ မင်းသား နင်ကျန်း၏ အောက်တွင် နေရခြင်းက တော်တော်ကောင်း၏။ အနည်းဆုံး မင်းသားနင်ကျန်းက တည်ငြိမ်သူ တစ်ယောက် ဖြစ်၏။

ထို့အတူ မင်းသားနင်ကျန်းကိုယ်တိုင်ကလည်း လက်ရှိအခြေအနေ၌ အလွန်အကူအညီမဲ့သလို ခံစားနေရ၏။ ကျုံးရှစ်ရှစ်ကို ရန်စလျှင် မဖြစ်နိုင်မှန်း လူတိုင်း သိရှိသော်လည်း ရှမ့်လန်က အိမ်အပြင်ထွက်သည်နှင့် သူမကို ရန်စခဲ့၏။ ပြီးနောက် သူမနှင့် သိုင်းပညာယှဉ်ပြိုင်ချင်သည်ဟူ၍ပင် စိန်ခေါ်ကာ စိန်ခေါ်လွှာ စာချုပ်၌ပင် လက်မှတ်ရေးထိုးခဲ့သည်။

နင်ကျန်းက ရှမ့်လန်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီး မေးမြန်းလိုက်၏။ “ကျုပ် ခင်ဗျားကို တားလို့ ရသေးလား”

ရှမ့်လန်က ခေါင်းခါယမ်းလိုက်သည်။

နင်ကျန်းက မေးမြန်းလိုက်၏။ “ဘာလဲ ... ကျုပ် လူတွေကို ခေါ်၊ ခင်ဗျားကို ကြိုးတုတ်ပြီး ဘေးလွတ်ရာ ပို့ပေးရမှာလား”

နင်ကျန်းက ထိုစကားကို ပြောလိုက်သည်နှင့် နာကျည်းမှုက လှုပ်ရှားရန် အဆင့်သင့် ဖြစ်နေသည်။ “တောင်းပန်ပါတယ်။ ကျုပ် ခင်ဗျားကို စွန့်စားခွင့် မပေးနိုင်ဘူး။ ခင်ဗျား သေမှာကို ကျုပ် ခွင့်မပြုပေးနိုင်ဘူး”

နင်ကျန်းက လက်ကို ဝှေ့ယမ်းလိုက်၏။ နာကျည်းမှု လှုပ်ရှားရန် မလိုအပ်ချေ။ ရှမ့်နုက ရှေ့သို့ လှမ်းတက်လာခဲ့ပြီး သူမ၏ အတွင်းအား တစ်စိတ်တစ်ပိုင်းကို အသုံးပြု၍ ရှမ့်လန်ကို လွယ်လွယ်ကူကူ ဖမ်းချုပ်၏။ “တောင်းပန်ပါတယ် သခင်လေး... ကျွန်မတို့ ရှင့်သေတာကို ဒီအတိုင်း ကြည့်မနေနိုင်ဘူး”

ပြီးနောက် လူနှစ်ယောက် ဝင်ရောက်လာခဲ့ကြ၏။ ထိုသူတို့က ပင်းအာနှင့် ကျင်းမူကုန်းတို့ပင် ဖြစ်၏။ အစေခံနှစ်ယောက်တို့က ရှေ့ကို တိုးပြီး ရှမ့်လန်ကို ကြိုးနှင့် ချည်နှောင်ကြသည်။

“ပင်းအာ... မင်းလည်း ပါတာလား” ရှမ့်လန်က အံ့အားသင့်သွား၏။

ပင်းအာက ငြင်သာစွာ ပြောဆိုလိုက်၏။ “သခင်လေး၊ သခင်လေးက ကျွန်မရဲ့ ဘုရားသခင်၊ ကျွန်မရဲ့ အသက်သွေးကြောပဲ။ ရှင်သေတာကို ကျွန်မ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး”

ကျင်းမူကုန်းက ဆိုလိုက်သည်။ “ယောက်ဖ... ခင်ဗျားက ကျုပ်ကိုတောင် မနိုင်ဘူး။ ကျုံးရှစ်ရှစ်ကို ဘယ်လို သွား တိုက်ခိုက်မှာလဲ။ အဓိပ္ပာယ်မရှိတာတွေ မလုပ်စမ်းပါနဲ့။ ရောက်သွားတာနဲ့ ဟိုက ခင်ဗျားကို တစ်ခါတည်း သတ်လိုက်လိမ့်မယ်”

ရှမ့်လန်က ကျင်းမူကုန်းကို တကယ်မနိုင်ပေ။ ထို့အပြင် ရှမ့်လန်က ပင်းအာကိုလည်း မနိုင်ပေ။ ကျင်းမူကုန်းနှင့် မူလန်၏ ခြားနားချက်က ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင် ဖြစ်၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက မူလန်က ကျုံးရှစ်ရှစ်၏ တိုက်ကွက် ဆယ်ကွက်ကိုပင် မခံနိုင်ဘဲ သွေးအန်အောင် ရိုက်နှက်ခံခဲ့ရ၏။ သွေးမျိုးဆက်ကြောင့် ကျုံးရှစ်ရှစ်၏ သိုင်းပညာမှာ လျင်မြန်စွာ တိုးတက်လာခဲ့၏။

ပင်းအာက ရှမ့်လန်၏ မျက်နှာကို အသာအယာ နမ်းရှိုက်လိုက်သည်။ “သခင်လေး... ရှင်ပင်ပန်းသွားပြီ။ သက်တောင့်သက်သာ အရှိဆုံး ရထားလုံးကို အသုံးပြုပြီး ရှင့်ကို ရွှမ်ဝူမြို့ကို ပြန်ပို့မယ်။ အဲမှာ ခဏလောက် တိမ်းရှောင်နေလိုက်။ သခင်မလေးက ရှင့်ကို ရူးမတတ် လွမ်းနေမှာ သေချာတယ်။ သူ ဒီအကြောင်းကို သိရင်လည်း လုံးဝ သဘောတူမှာမဟုတ်ဘူး”

ရှမ့်လန်က အကျယ်ကြီး အော်ဟစ်လိုက်၏။ “ငါ နိုင်မှာ ငါ သေချာပေါက်နိုင်မှာ။ မင်းသားနင်ကျန်း.. ကျုပ်ကို အမြန်ပြန်လွှတ်ပေး”

နင်ကျန်းက ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ အရမ်းကို အန္တရာယ်များတယ်။ ကျုပ်တို့ ခင်ဗျားကို စွန့်စားခွင့် မပေးနိုင်ဘူး”

ပြီးနောက် ရှမ့်လန်က ရထားလုံးထဲသို့ အတင်းထိုးထည့်ခြင်း ခံရ၏။ နာကျည်းမှုကိုယ်တိုင် သူ့အား ရွှမ်ဝူမြို့ဆီသို့ လိုက်ပါပို့ဆောင်၏။ ရှမ့်လန်က လုံးဝ အကူအညီမဲ့သလို ဖြစ်နေ၏။ “ဝက်အသင်းဖော်တွေ၊ ဝက်လိုအသင်းဖော်တွေ... မင်းတို့ ငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးလိုက်တာပဲ။ မင်းတို့ ငါ့ကို လက်စားချေခွင့် မပေးဘူး”

ရှမ့်လန်က အကျယ်ဆုံးအော်ဟစ်လိုက်သည်။ “နာကျည်းမှု... ငါ့အမိန့်ပေးတယ်။ ငါ့ကို ချက်ချင်းဖြေပေးစမ်း”

နာကျည်းမှုက ပြောလိုက်၏။ “သခင်လေး... ခုဏတုန်းက ရှမ့်နုက သူ့ရဲ့ အတွင်းအားကို တစ်ဝက်တောင် ထုတ်ပြီး သုံးတာမဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားကို ဖမ်းချုပ်လိုက်တော့ ခင်ဗျား လုံးဝတောင် ခုခံနိုင်ဘူး။ ရှမ့်နု ဆယ်ယောက်ပေါင်းရင်တောင်မှ ကျုံးရှစ်ရှစ်ကို မနိုင်ဘူး။ ခင်ဗျားက ဘယ်လိုလုပ် သွားပြီး တိုက်ခိုက်မှာလဲ”

All Chapters