← Chapters

အခန်း (၅၁၃)

Vol. 35 Ch. 513

အခန်း (၅၁၃)

Vol. 35 Ch. 513

သို့နှင့် နာကျည်းမှုက ရထားလုံးကို မောင်းကာ ထွက်ခွာသွားခဲ့၏။ ရှမ့်လန် မအော်ဟစ်နိုင်ရန် သူက ရှမ့်လန်၏ သွေးကြောနေရာများကို ပိတ်ဆို့လိုက်၏။ ရှမ့်လန်က မရုန်းကန်နိုင်သလို အသံလည်း မထွက်နိုင်တော့ချေ။

ဤသို့နှင့်ပင် ရှမ့်လန်က လျှို့ဝှက်စွာဖြင့် နန်းမြို့တော်မှ ရွှမ်ဝူမြို့သို့ တိမ်းရှောင်ရန် ထွက်ခွာသွားခဲ့ရ၏။ စိန်ခေါ်ပွဲ စာချုပ်က ဘာမှမရှိခဲ့သလိုပင်။ သို့ပေမည့် တိုက်ခိုက်ပွဲကို ထွက်ပြေးရသည်ဆိုခြင်းမှာ ရှက်စရာကောင်းသည့်အရာ ဖြစ်၏။ သို့ပေမည့် ရှမ့်လန်က အရှက်မရှိသူ တစ်ယောက်ဖြစ်သောကြောင့် ထိုအရာက ကိစ္စရှိလိမ့်မည် မဟုတ်ပေ။

သခင်လေးလန်က ချင်ဘုရင် အာယုခန် သို့မဟုတ် စုနန်တို့ကို အနိုင်ယူနိုင်ခဲ့သူတစ်ယောက်ဖြစ်သော်လည်း နောက်ဆုံးမှာတော့ ကျင်းမူကုန်းနှင့် ပင်းအာတို့၏ နှိမ်နင်းခြင်းကို ခံခဲ့ရ၏။ လောကကြီး၏ ကံကြမ္မာက တကယ့်ကို အံ့အားသင့်စရာပင်။

ညသန်းခေါင်သို့ ရောက်သည့်အချိန်မှာတော့ နာကျည်းမှုက ရှမ့်လန်ကို နန်းမြို့တော်နှင့် လီနှစ်ရာဝေးကွာသည့် နေရာဆီသို့ ခေါ်ဆောင်လာခဲ့ပြီး ဖြစ်၏။ မြင်းမှာ ပင်ပန်းနွမ်းနယ်နေသောကြောင့် နာကျည်းမှုက ခဏလောက် ရပ်တန့်လိုက်၏။ အများဆုံး နှစ်နာရီကြာလျှင် သူ ခရီးဆက်ရဦးမည်။ ရပ်တန့်၍ မဖြစ်နိုင်ပေ။ ရွှမ်ဝူမြို့ကို ရောက်ရုံနှင့် မလုံလောက်ဘဲ နုရှောင့်မြို့ဆီသို့ ဆက်လက်ကာ သွားရပေလိမ့်မည်။

ကျုံးရှစ်ရှစ်က ကြာကြာနေလိမ့်မည် မဟုတ်ချေ။ စိန်ခေါ်ပွဲကို အချိန်ဆွဲထားရန်သာ လို၏။ နာကျည်းမှုက သိုင်းပညာရှင်တစ်ယောက်ဖြစ်သောကြောင့် ကျုံးရှစ်ရှစ်၏ အစွမ်းကို သူက သိရှိ၏။ ရှမ့်လန်မဆိုနှင့် ရှမ့်နု၊ ရှမ့်ဆယ့်သုံးတို့ကိုပင်လျှင် ကျုံးရှစ်ရှစ်က တစ်ခဏအတွင်း သတ်ဖြတ်နိုင်၏။

နာကျည်းမှုက ၁၅ မိနစ်မျှပင် မနားလိုက်ရချေ။ သူ၏အမူအရာက ပြောင်းလဲသွား၏။ အနက်ရောင်အရိပ် ဒါဇင်ပေါင်းများစွာက ပေါ်ပေါက်လာခဲ့၏။ ပြီးနောက် မြင်းခွာသံများ ထွက်ပေါ်လာခဲ့၏။ ကျုံးမိသားစုနှင့် ရွှယ်မိသားစုမှ သိုင်းပညာရှင်များက နာကျည်းမှုနှင့် သူ၏အစောင့်အရှောက်များကို ဝန်းရံထားလိုက်သည်။

ခဏအတွင်းမှာပင် ကျုံးရှစ်ရှစ်နှင့် ရွှယ်ဖန်တို့ ပေါ်ပေါက်လာခဲ့၏။

“စိန်ခေါ်ပွဲ လက်မှတ်ထိုးပြီးမှ ထွက်ပြေးချင်တယ် ဟုတ်လား။ အိပ်မက်သာ မက်နေလိုက်”

ရွှယ်မိသားစုမှ ရွှယ်ဖန်၏မျက်လုံးများက သရော် လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေ၏။ “ဟမ့်.. ယောက်ဖရှမ့် ထွက်ပြေးချင်တယ်ဆိုရင် ဘာလို့ စာချုပ်ကို လက်မှတ်ထိုးရတာလဲ”

နာကျည်းမှုက တခြားစကားမဆိုချေ။ ဓားကို ဆွဲထုတ်လိုက်သည်။ “သခင်လေးကို ကာကွယ်။ အဆုံးထိတိုက်မယ်”

ချက်ချင်းပဲ သူ၏လက်အောက်မှ စစ်သည်ပေါင်း ဒါဇင်ချီတို့က ဓားများကို ဆွဲထုတ်လိုက်၏။ နှစ်ဖက်လုံး ဓားများကို ဆွဲထုတ်ပြီး အချိန်မရွေးတိုက်ခိုက်ရန် စဉ်းစားပြင်ထား၏။ ရွှယ်မိသားစုနှင့် ကျုံးမိသားစုဆီမှ စစ်သည်များက ပိုမိုရောက်ရှိလာခဲ့၏။ နောက်ဆုံးမှာတော့ စစ်သည်ပေါင်း ရာနှင့်ချီ ရောက်ရှိလာခဲ့ပြီး နာကျည်းမှု၏ ဒါဇင်အနည်းငယ်သာ ရှိသည့်စစ်သည်များကို ဝန်းရံထားခဲ့ပြီဖြစ်၏။

ရွှယ်ဖန်က ပြောလိုက်သည်။ “စိန်ခေါ်ပွဲကို စာချုပ်လက်မှတ်ထိုးပြီးပြီဆိုမှတော့ လိုက်နာရမယ်။ ကျိုးရိချမ်... မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ အခု တိုက်ခိုက်ပြီး အသတ်ခံမလား၊ ဒါမှမဟုတ် ရှမ့်လန်ကို နန်းမြို့တော်ကို ပြန်ပို့ပြီး ရှစ်ရှစ်နဲ့ စိန်ခေါ်ပွဲအတိုင်း ဆက်လက်ယှဉ်ပြိုင်ခိုင်းမလား”

နာကျည်းမှု၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ “လာခဲ့။ ကျုပ်တစ်ယောက်တည်း ခင်ဗျားတို့ တစ်ရာနဲ့ ယှဉ်ပြိုင်တိုက်ခိုက်မယ်”

“သွား သွား” မြင်းသည်တော်တစ်ဖွဲ့က ရှေ့ဆီသို့ တိုးလာခဲ့၏။ ထိုသူများက ထျန်းရွှဲ့မြို့ အုပ်ချုပ်ရေးမှူးရုံးမှ တတိယမင်းသား နင်ချီ၏ မြင်းတပ်ဖြစ်၏။ ယခုအခါမှာတော့ ရွှယ်မိသားစု၊ ကျုံးမိသားစုနှင့် နင်ချီ၏ မြင်းတပ်များ ပေါင်းလိုက်သည့်အချိန်တွင် လူပေါင်းထောင်ချီ ရှိသွား၏။ နာကျည်းမှုထက် အဆပေါင်းများစွာ ပိုမိုကာ များပြားသည်။

“တိုက်ခိုက်စမ်း”

ရွှယ်ဖန်၏ အမိန့်နှင့်အတူ စစ်သည်ပေါင်း ရာချီတို့က နာကျည်းမှုထံသို့ ပြေးဝင်လာခဲ့၏။ သို့ပေမည့် နောက်တစ်စက္ကန့်အတွင်းမှာပဲ အရပ်ရှည်ရှည် နှင့် အရပ်ပုပု အရိပ်နှစ်ခုက ရောက်ရှိလာခဲ့၏။ ထိုသူတို့က အရူးကြီးနှင့် ဓားဘုရင် လီချင်းချိုးတို့ပင် ဖြစ်၏။

သူတို့နှစ်ယောက်က နန်းမြို့တော်တွင် အချိန်များစွာ မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် အရူးကြီးအတွက် နေ့ရက်တိုင်းက အဖိုးတန်သောကြောင့်ပင်။ လောကတွင် နံပါတ်တစ် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရန် နှောင့်နှေး၍ မဖြစ်ချေ။ ထို့ကြောင့် သွားရောက်လေ့ကျင့်နေကြခြင်းဖြစ်သည်။

ဓားဘုရင် လီချင်းချိုးက ရှမ့်လန်ကို လှမ်းကြည့်၏။ မပြုံးဘဲမနေနိုင်တော့ချေ။ ပြီးနောက် သူက နာကျည်းမှုကို ပြောလိုက်၏။ “ထောင်စုမှုး ... နန်းမြို့တော်ကို ပြန်ကြစို့”

နာကျည်းမှုက ပြောလိုက်သည်။ “ဒါပေမဲ့ ...”

သူ၏ အတွင်းသဘောက ရှင်းလင်းလှ။ ရှမ့်လန် နန်းမြို့တော်ကို ပြန်သွားလျှင် သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။

ဓားဘုရင် လီချင်းချိုးက ပြောလိုက်၏။ “သွားကြစို့”

နာကျည်းမှုက အကူအညီမဲ့စွာဖြင့် လိုက်လျောရ၏။ ပြီးနောက် သူက ရှမ့်လန်ကို ရထားလုံးဖြင့် နန်းမြို့တော်ဆီသို့ ပြန်လည် ပို့ဆောင်လိုက်၏။ စိန်ခေါ်ပွဲစာချုပ်က ဆက်လက်ကာ အသက်ဝင်လျက် ရှိသည်။

သူတို့ နန်းမြို့တော်ဆီသို့ ပြန်ရောက်သည့်အချိန်တွင် မိုးလင်းနေပြီဖြစ်၏။

လျှို့ဝှက်မြေအောက်ခန်းထဲတွင် ရှမ့်လန်က ဓားဘုရင် လီချင်းချိုးကို စိတ်ပျက်သလို ကြည့်လိုက်၏။ “အကြီးအကဲ.. ကျုပ်ကို ရယ်ချင်လည်း ရယ်လိုက်ပါတော့”

ဓားဘုရင် လီချင်းချိုးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။ သူ ရှမ့်လန် ဤကဲ့သို့ အရှက်ကွဲသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သူ့ကို အလွန်အမင်းချစ်သည့် ပင်းအာ၊ သူ့ကို အလွန်အမင်း ဂရုစိုက်သည့် ကျင်းမူကုန်းနှင့် နင်ကျန်းတို့၏ ရှေ့မှောက်မှာတော့ ရှမ့်လန်၏ လှပသည့် စကားလုံးများ၊ နတ်ဆိုးကဲ့သို့ အစီအစဉ်များ ... အရာအားလုံးက အသုံးမဝင်ခဲ့ချေ။ အင်အားသုံးပြီး တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။

လီချင်းချိုးက ပြောလိုက်သည်။ “သူတို့ကို အပြစ်တင်မနေနဲ့။ သူတို့က မင်းကို အရမ်းဂရုစိုက်လွန်းလို့ပဲ။ သူတို့က ဒီဘက်ခြမ်းက ကိစ္စရပ်တွေကို နားမလည်ကြဘူး။ ဒါကြောင့် မင်းဆီမှာ ရာနှုန်းပြည့်နီးပါး ယုံကြည်မှုရှိနေမှန်း သူတို့မသိကြဘူး။”

ရှမ့်လန်က အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ဒီအရူးနှစ်ယောက်ကို ကျုပ် ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ”

သူ တကယ် အပြစ်မတင်ချင်ချေ။ ယခင်က ရှမ့်လန်က စွန့်စားခန်း ထွက်သည့်အချိန်တိုင်း ကာကွယ်ပေးမည့် သိုင်းပညာရှင်များ ရှိ၏။ အနည်းဆုံး သူတို့၌ သူ၏ကိုယ်ပိုင်လုံခြုံရေးကို စိုးရိမ်ပူပန်စရာ မလိုအပ်ခဲ့ချေ။ သို့ပေမည့် ဤတစ်ချိန်မှာတော့ သူက ကျုံးရှစ်ရှစ်နှင့် ကိုယ်တိုင်ကိုယ်ကျ ယှဉ်ပြိုင်မှာ ဖြစ်၏။

ပင်းအာက သဘာဝအတိုင်း စဉ်းစားတွေးခေါ်တတ်သူ မဟုတ်ချေ။ နိုင်မည်ဖြစ်ကြောင်း သူမအား ရှင်းပြခြင်းက အသုံးမဝင်ပေ။ ရှမ့်လန် ရာနှုန်းပြည့် ဘေးကင်းနေသမျှ ကာလပတ်လုံး သူမက တခြားမည်သည့်အရာကိုမှ ဂရုစိုက်မှာ မဟုတ်တာ သေချာသည်။

လီချင်းချိုးက ပြောလိုက်၏။ “ဒါနဲ့ မင်းရဲ့ဒီပစ္စည်းက တကယ့်ကို တန်ဖိုးကြီးတယ်။ မင်းဒါကို ကျုံးရှစ်ရှစ် အပေါ်မှာ သုံးမှာ သေချာရဲ့လား”

ဤပစ္စည်းက အမှန်တကယ် တန်ဖိုးကြီး၏။ လောကတွင် အပြင်းထန်ဆုံးသော စိတ်အာရုံခြောက်ခြားစေသည့် ဆေးထက် အဆတစ်ရာ ပိုမိုကာ တန်ဖိုးကြီးမား၏။ ထို့အပြင် ထိုအရာကို ပြန်လည် ထုတ်လုပ်၍လည်း မရနိုင်ပေ။ သို့ပေမည့် ထိုအရာက သေချာပေါက် အစွမ်းထက်၏။ ချက်ချင်းလည်း သေဆုံးသွားစေနိုင်သည်။

နောက်တစ်ရက်မှာတော့ ရှမ့်လန် ထွက်ပြေးသွားသည်ဟူသည့် ကောလာဟလက နန်းမြို့တော်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့၏။ ဤအရာမှာ သေချာပေါက် အမှန်တရားတစ်ခုပင် ဖြစ်၏။ လူတိုင်းက ရှမ့်လန်၌ အကြံကုန်သွားပြီ ဖြစ်ကြောင်း သေချာသိရှိသွားခဲ့ကြ၏။

လုံးဝကွာခြားလျက်ရှိနေသည့် သိုင်းပညာစွမ်းရည်အောက်၌ အံ့အားသင့်ဖွယ်ရာကိစ္စရပ်များကို ပြုလုပ်ရန် မဖြစ်နိုင်ပေ။ မဟုတ်လျှင် အဘယ်ကြောင့် ခြေရာဖျောက်ကာ ထွက်ပြေးရမည်နည်း။

ထို့အပြင် သူက ရွယ်မိသားစု နှင့် ကျုံးမိသားစုတပ်များ၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရ၏။ ဤတစ်ကြိမ်မှာတော့ ရှမ့်လန်တစ်ယောက် သေပွဲဝင်ရပေလိမ့်မည်။ ပင်လယ်ရေများ ပြောင်းပြန်စီးဆင်းသွားပြီး တောင်များ၊ မြစ်များ ရွှေ့ပြောင်းသွားခဲ့သည်ဆိုလျှင်တောင်မှ တခြားမရှိတော့ချေ။ တစ်ခုတည်းသော အဖြေသာလျှင် ရှိ၏။ ထိုအရာက ရှမ့်လန် အသတ်ခံရမည်ဆိုခြင်းပင်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ တတိယနေ့သို့ ရောက်ရှိလာခဲ့သည်။ ရှမ့်လန်နှင့် ကျုံးရှစ်ရှစ် တို့၏ စိန်ခေါ်ပွဲအချိန်က ကျရောက်လာခဲ့၏။ မူးမတ်များ၊ နန်းမြို့တော်မှ အမှုထမ်း အများအပြားတို့က နန်းမြို့တော်မှ ထွက်ခွာပြီး မြောက်ဘက်ပိုင်း အမဲလိုက်ကွင်းဆီသို့ ရောက်ရှိလာခဲ့ကြ၏။ ပွဲကောင်းတစ်ပွဲကို ကြည့်ရှုရန် ဖြစ်သည်။ ရှမ့်လန် ချက်ချင်း သတ်ခံရမည့် ပွဲကောင်းတစ်ခုပင်။

ဘုရင်မင်းမြတ်က လျစ်လျူမရှုနိုင်တော့ဘဲ အမိန့်တော်တစ်ခုကို တိုက်ရိုက်ထုတ်ပြန်လိုက်၏။ ရှမ့်လန်နှင့် ကျုံးရှစ်ရှစ်တို့၏ စိန်ခေါ်ပွဲအား သင့်တော်သည့်အချိန်တွင် ရပ်တန့်ရပေလိမ့်မည်။ တစ်ဦးနှင့်တစ်ဦး အသက် အန္တရာယ်ကို မထိခိုက်စေရ။

အမိန့်တော်ကို လက်ခံပြီးနောက် ကျုံးရှစ်ရှစ်က မထီမဲ့မြင်ဖြင့် ပြောလိုက်၏။ “စိတ်မပူနဲ့.. ကျွန်မ ရှမ့်လန်ကို မသတ်ပါဘူး။ အများဆုံး သူ့ကို သင်းကွပ်ပစ်လိုက်မယ်”

အမိန့်တော်ကို လက်ခံရရှိပြီးနောက် ရှမ့်လန်က မထီမဲ့မြင်ပြုံးလိုက်သည်။ “စိတ်မပူနဲ့... ကျုပ်ကလည်း ကျုံးရှစ်ရှစ်ကို မသတ်ပါဘူး။ အနည်းဆုံး သူ့ရဲ့ နံရိုးတွေကို ချိုးပြီး သွေးထွက်အောင် လုပ်ရုံပါပဲ”

ပြီးနောက် သူတို့နှစ်ဦးက တပ်ဖွဲ့များနှင့်အတူ နန်းမြို့တော်မှ ထွက်ခွာပြီး သမိုင်းတစ်လျှောက် အမိုက်မဲဆုံး၊ အဓိပ္ပာယ်မရှိဆုံး တောင်စဉ်ရေမရ တိုက်ခိုက်ပွဲကြီးကို ယှဉ်ပြိုင်ရန် မြောက်ဘက် အမဲလိုက်ကွင်း တည်ရှိရာဆီသို့ ဦးတည် ထွက်ခွာသွားခဲ့ကြ၏။

……..

ဤပွဲကို ကြည့်ရှုကြသော လူက များများစားစား မရှိချေ။ ရောက်ရှိလာသည့် လူများက ရာထူးကြီးမားသည့် နန်းမြို့တော်မှ နန်းတွင်း အမှုထမ်းများ၏ သားသမီးများသာ ဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် ကျုံးရှစ်ရှစ်က တော်ဝင်မျိုးနွယ်ဟောင်း တစ်ယောက် ဖြစ်ပြီး ထျန်းရှစ်နယ်စားကြီး၏ သမီးတော်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။

ရှမ့်လန်ကလည်း ထိုသို့ပင်။ တော်ဝင်မျိုးနွယ်ဟောင်းဖြစ်သော ရွှမ်ဝူနယ်စားကြီး၏ သမက်တော် ဖြစ်၏။ လူတိုင်းက ရှမ့်လန်အား သမက်တော်ဟူသည့် ဂုဏ်ပုဒ်ကိုသာလျှင် နေ့စဉ်နှင့်အမျှ လှောင်ပြောင်ခဲ့ကြပြီး ရှမ့်လန်အား တော်ဝင်မျိုးနွယ်အဖွဲ့ဝင်အဖြစ် မသတ်မှတ်ကြပေ။

သို့သော်ငြား ရွှမ်ဝူနယ်စားကြီး အိမ်တော်ကို အမှန်တကယ် ဦးစီးနေသူမှာ ရှမ့်လန်ဖြစ်၏။ ဆက်ခံသူ ကျင်းမူကုန်း ဆိုသည်မှာ အလှချိတ်ထားသည့် အရာဖြစ်ကြောင်း လူတိုင်းက သိရှိ၏။ ထို့ကြောင့် ကျုံးရှစ်ရှစ်နှင် ရှမ့်လန်တို့၏ ယှဉ်ပြိုင်ပွဲက တော်ဝင်မျိုးနွယ်များကြားတွင် ပွဲကောင်းတစ်ခု ဖြစ်လာခဲ့သည်။

အကယ်၍ မြို့စားအဆင့်အောက် နိမ့်ကျသည်ဆိုပါက ဤနေရာသို့ လာရောက်ကြည့်ရှုရန် အခွင့်အရေး ရလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် အလွန်အမင်း ရာထူးကြီးမားသည့် လူများကလည်း မလာကြချေ။ အိမ်ရှေ့စံမင်းသား၊ တတိယမင်းသားနှင့် အခြားသောသူများက မလာကြချေ။

ထျန်းရွှဲ့မြို့ တပ်ဖွဲ့ဝင်ရုံးနှင့် ဗဟိုစစ်တပ်၊ တပ်မှူးရုံးတို့ကလည်း စစ်သည်တော် ရာပေါင်းများစွာတို့ကို စေလွှတ်ပြီး အခြားသောသူများ အတင်းဝင်ရောက်ကြည့်ရှုမည်ကို တားဆီးရန် တာဝန်ပေးထား၏။ ဘုရင်မင်းမြတ်က မိန်းမစိုးရှောင်လီကို စေလွှတ်ထား၏။ ဘုရင်မင်းမြတ်၏ သားတော်များထဲတွင် စတုတ္ထမင်းသား နင်ကျန့်၊ ပဉ္စမမင်းသား နင်ကျန်းနှင့် ဆဋ္ဌမမင်းသား နင်ကျင်းတို့ ရောက်ရှိလာခဲ့၏။

စုမိသားစု မျိုးဖြုတ်သတ်ဖြတ်ခံရခဲ့ပြီးနောက် မိဖုရားစုဖေးက မျှော်လင့်ထားသလို ဘေးဒုက္ခ မရောက်ခဲ့ချေ။ သူမက အအေးနန်းဆောင်သို့ပင် အပို့မခံရပေ။ ဘုရင်မင်းမြတ်က ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေထိုင်ခဲ့၏။ သူက စုဖေးအပေါ်တွင် ထူးထူးခြားခြား ကောင်းမွန်သည် မဟုတ်သလို ဆိုးဝါးခြင်းမျိုးကိုလည်း မပြသခဲ့ချေ။ ရံဖန်ရံခါ သူမထံသို့ ကြွချီပြီး ချစ်ခင်မြတ်နိုးမှုကိုပင် ပြသခဲ့သေးသည်။

စုဖေးအား သေမင်းနှုတ်ခမ်းဝဆီမှ လွတ်မြောက်ခဲ့ရသည့်အပြင် ဘဝသစ်တစ်ခုကို ပြန်လည် ရရှိစေသလို ခံစားရစေ၏။ သူမက ပိုမိုကာ နူးညံ့သိမ်မွေ့ပြီး သီလသမာဓိလည်း ရှိလာခဲ့၏။ သူမက မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် အဆိပ်ပင် ပြင်ဆင်ထားခဲ့သေး၏။ သူမ သေရမည်ဟု ထင်မှတ်ထားခဲ့၏။ ဤအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် စုဖေးက သူမ၏ ယောက်ျားနှင့် ပတ်သက်၍ အမြင်သစ်တစ်ခု ရရှိသွားခဲ့၏။

သို့ပေမည့် ဆဋ္ဌမမင်းသား နင်ကျင်း၏ အခြေအနေကမူ မကောင်းမွန်ချေ။ စုမိသားစု၏ နောက်ခံကို ဆုံးရှုံးပြီးနောက် သူ၏အဆင့်အတန်းက ကျဆင်းသွားခဲ့၏။ ယခုအချိန်မှာတော့ သူက အိမ်ရှေ့စံမင်းသား၏ ဖိနပ်ကိုပင် နေ့တိုင်း သွားကာ လျက်နေရသည်။

စတုတ္ထမင်းသား နင်ကျန့်ကတော့ အိမ်ရှေ့စံမင်းသား၏ ညာလက်ရုံး ဖြစ်၏။ ယခုအခါမှာတော့ နင်ကျင်းက သူ၏နောက်တွင် တစ်ကောက်ကောက် လိုက်နေရ၏။ မူလက ပွဲကြည့်သူဟူ၍ မရှိချေ။

သို့ပေမည့် ရှမ့်လန်နှင့် ကျုံးရှစ်ရှစ်တို့၏ တိုက်ပွဲအတွက် လူရာပေါင်းများစွာ ဝင်ဆန့်သည့် ပွဲကြည့်စင်ကြီး တစ်ခုကို အလျှင်အမြန် တည်ဆောက်ခဲ့၏။ ခဏအတွင်း ပွဲကြည့်စင်ပေါ်တွင် ကြွယ်ဝချမ်းသာပြီး ဩဇာအာဏာ ကြီးမားသည့် မိသားစုများ၏ သားသမီးများနှင့် ပြည့်နှက်သွား၏။

“ကောင်းကင်ဘုံက ငါတို့ကို သနားတော်မူတာပဲ။ နောက်ဆုံးမှာတော့ အဲဒီပြဿနာကောင် ရှမ့်လန်ကို တစ်ယောက်ယောက်က ရှင်းလင်းပေးတော့မှာပဲ”

“အဲအကောင်က စိတ်လွတ်သွားတာလား။ ကျုံးရှစ်ရှစ်နဲ့ တိုက်ခိုက်ဖို့ သဘောတူညီလိုက်တယ်တဲ့။ သေလမ်း ရှာတာတောင် ဒီလောက်ထူးခြားပြောင်မြောက်တယ်။ ငါတကယ် လေးစားသွားခဲ့ပြီ”

“အရေးကြီးတာက သိုင်းပညာယှဉ်ပြိုင်ဖို့ သဘောတူပြီး ညဘက်ကျတော့ ထွက်ပြေးခဲ့တာပဲ။ တကယ့်ကို အရှက်မရှိတဲ့ကောင်”

“ငါ ရွှေဒင်္ဂါး တစ်ထောင်လောင်းမယ်။ ရှမ့်လန် တစ်စက္ကန့်အတွင်း သတ်ခံရမယ်”

တစ်ယောက်က အော်ဟစ်လိုက်၏။ “ဘယ်သူ ငါနဲ့ လောင်းမလဲ”

“ဘယ်ငရဲသားက မင်းနဲ့လောင်းမှာလဲ”

“ဘယ်သူ ငါနဲ့ လောင်းမလဲ။ ရွှေဒင်္ဂါး တစ်သောင်း လောင်းမယ်။ ရှမ့်လန် ချက်ချင်းသတ်ခံရမယ်။ ဘယ်သူလောင်းမလဲ”

လောင်းကြေးထပ်မည့် အရိပ်အယောင် မတွေ့ရချေ။ လူတိုင်း၏ အမြင်မှာတော့ ရှမ့်လန်က ချက်ချင်း သေဆုံးသွားမှာဖြစ်ပြီး ထိုအရာက တစ်ရာရာခိုင်နှုန်း မဟုတ်ပေ။ တစ်သောင်း၊ တစ်သိန်းရာခိုင်နှုန်း နီးပါးခန့်ပင် သေချာ၏။ လာရောက်လောင်းကြေးထပ်သူမှာ ပိုက်ဆံကို အလကား လွှင့်ပစ်လိုက်ခြင်းနှင့် တူပေမည်။ ဤနေရာတွင် မိုက်မဲသည့် လူဟူ၍ မရှိချေ။

စတုတ္ထမင်းသား နင်ကျန့်က ပြောလိုက်၏။ “နင်ကျန်း… ရှမ့်လန်က မင်းကို ဒီလောက် ဒုက္ခပေးနေတာလား။ ရှမ့်လန်က ဘာလို့ ဒီလောက် ခေါင်းမာရတာလဲ။ ဘာလို့ သေမင်းနဲ့ စောစောစီးစီး တွေ့ချင်နေရတာလဲ”

နင်ကျန်းက လျစ်လျူရှုထားသည်။

ဆဋ္ဌမမင်းသား နင်ကျင်းက မထီမဲ့မြင်နှင့် ပြောလိုက်၏။ “အင်း၊ ပဉ္စမအစ်ကိုတော်… သူတောင်းစား ၁၁ ယောက်ကို လက်ခံပြီးတဲ့နောက်မှာ နန်းပလ္လင်ကို ယှဉ်ပြိုင်ဖို့ အားမာန်တွေ တက်ပြီး မာနကြီးသွားခဲ့တာပဲ။ ကိုယ့်အစ်ကိုရဲ့ စကားကိုတောင် မဖြေတော့ဘူး။ စတုတ္ထအစ်ကိုတော်… ကျုပ်တို့ နင်ကျန်းရဲ့ မောက်မာမှုကို မမြင်ရအောင်လို့ ခပ်ဝေးဝေး သွားနေရအောင်။ ပဉ္စမမင်းသား နင်ကျန်းက သူတောင်းစား ၁၁ ယောက်နှင့်အတူ နန်းပလ္လင်လုဖို့ စဉ်းစားနေတာလေ။ သူ့ကိုယ်သူ အဟုတ်ကြီး မှတ်နေတာပဲ။”

နင်ကျန်းက နားမကြားသလိုပင် ဆက်လက်ကာ နေထိုင်သည်။

စတုတ္ထမင်းသား နင်ကျန့်က မူလက နင်ကျင်းနှင့် စကားပြောချင်စိတ် မရှိသော်လည်း နှစ်ဦးစလုံးက အိမ်ရှေ့စံမင်းသား၏ အဖွဲ့ဝင်များ ဖြစ်သည့်အလျောက် ပြန်လည်ကာ ဖြေဆိုလိုက်၏။ “နင်ကျင်း.. မင်းရဲ့ ပဉ္စမအစ်ကိုတော်က စိတ်လှုပ်ရှားနေလို့ စကားပြောချင်စိတ် မရှိတာပဲ နေပါလိမ့်မယ်”

ဆဋ္ဌမမင်းသား နင်ကျင်းက ပြုံးကာ ပြောလိုက်သည်။ “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကျုပ်မှားပါတယ်။ ပဉ္စမအစ်ကိုတော်က စိတ်လှုပ်ရှားလာရင် စကားထစ်တတ်တယ်လေ။ ကျုပ်မှားပါတယ်”

All Chapters