အခန်း (၅၁၄)
Vol. 35 Ch. 514
“သွား ... သွား ...”
လူမမြင်ရသေးခင်မှာဘဲ အသံတစ်ခု ကြားလိုက်ရ၏။ ကျုံးရှစ်ရှစ်၏ ပုံရိပ်က အပြင်ဘက်မှ ဝင်ရောက်လာ၏။ ခဏအကြာမှာတော့ သူမ၏ လှပလွန်းသည့် မျက်နှာလေးက လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်ပေါက်လာခဲ့၏။ မြင်းပေါ်မှ သူမ၏ သွယ်လျလှပသည့် ခန္ဓာကိုယ်၏ တောင့်တင်းမှုက စွဲမက်စရာ ကောင်းလွန်းသည်။
စတုတ္ထမင်းသား နင်ကျန့်နှင့် ဆဋ္ဌမမင်းသား နင်ကျင်းတို့၏ မျက်လုံးများက မီးများ တောက်လောင်သွားခဲ့၏။ သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ပင် လှုပ်ရှားသွားသလို ခံစားလိုက်ရ၏။
သူတို့က ဘုရင်မင်းမြတ်၏ သားများ ဖြစ်ကြပြီး မိန်းကလေးများကို အရှိအတိုင်း ရှုမြင်နိုင်ကြသူများ ဖြစ်၏။ သူတို့၏ အမြင်တွင် ရွှဲ့ပြည်နယ်တစ်ခုလုံး၌ ကျင်းမူလန်နှင့် ကျုံးရှစ်ရှစ်တို့ထက် ရုပ်ရည်နှင့် ခန္ဓာကိုယ် ပိုမိုကာ လှပသည့် အမျိုးသမီးဟူ၍မရှိပေ။
ကျင်းမူလန်က သီးခြားနေသူတစ်ယောက်ဖြစ်ပြီး လူအများ၏ရှေ့တွင် ပေါ်ပေါက်လာတတ်သူ တစ်ယောက် မဟုတ်ချေ။ ကျုံးရှစ်ရှစ်ကတော့ လူအများ၏ရှေ့သို့ အမြဲတမ်း ထွက်ပေါ်လာတတ်ပြီး လူများကလည်း သူမကို မကြာခဏ မြင်တွေ့ရ၏။
သူမကို မြင်ရသည့်အချိန်တိုင်း နှလုံးသားထဲတွင် မီးတောက်တစ်ခုကို ထိုးထည့် ခံရသလိုပင် ယောက်ျားသားများစွာတို့က ခံစားရ၏။ အထူးသဖြင့် သူမ၏ ထောင်လွှားမောက်မာလွန်းသည့် အမူအရာကို မြင်သည့်အချိန်တွင် သူမ၏ အဝတ်အစားများကို ချွတ်ပြီး ငိုယိုတောင်းပန်သည်အထိ အတူတူ အိပ်စက်ပစ် ချင်စိတ်များ ပေါ်ပေါက်လာတတ်သည်။
သို့ပေမည့် ဝမ်းနည်းစရာ ကောင်းလှ၏။ ဤမင်းသမီးလေးက နင်ကျင်းနှင့် နင်ကျန့်တို့ တပ်မက်ခွင့်ရှိသည့် လူမျိုးမဟုတ်ချေ။ တကယ့်ကို ဝမ်းနည်းဖွယ်ရာ ကောင်းလှချေ၏။ နင်ကျန့်နှင့် နင်ကျင်းတို့က ဘုရင်မင်းမြတ်၏ သားများ ဖြစ်၏။ သို့ပေမည့် မင်းသားများ ဖြစ်သည်ဆိုလျှင်တောင် ကွဲပြားမှုများ ရှိ၏။ တချို့က မြင့်မြတ်ပြီး တချို့မှာတော့ လေထုထဲတွေ ပျောက်ကွယ်သွားမည့် သူများကဲ့သို့ပင်။
ကျုံးရှစ်ရှစ်က နယ်စားကြီး၏ သမီးဖြစ်သော်လည်း အကြီးမားဆုံး စစ်ဘုရင်တစ်ယောက်၏ သမီးလည်း ဖြစ်၏။ နင်ကျင်းနှင့် နင်ကျန့်တို့က သူမနှင့် မထိုက်တန်ပေ။ ဤကဲ့သို့ လှပသည့် အမျိုးသမီးကို သူတို့ စိတ်ကူးထဲတွင်သာ ပိုင်ဆိုင်နိုင်၏။ သို့ပေမည့် ကံကောင်းထောက်မစွာဖြင့် အခြားမင်းသားတစ်ပါး ရှိသေး၏။ သူတို့ထက် ပိုမိုကာ အခြေအနေဆိုးသည့် နင်းကျန်း ရှိနေသေးသည် မဟုတ်ပါလား။
ကျုံးရှစ်ရှစ်၏ အနောက်ဘက်မှာတော့ ရွယ်မိသားစု၏ အမွေဆက်ခံသူ ရွှယ်ဖန် လိုက်ပါလာခဲ့၏။
ကျုံးရှစ်ရှစ်က မြင်းပေါ်မှာ ခုန်ဆင်းလိုက်၏။ ယောက်ျားများ၏ အကြည့်က သူမ၏ ခန္ဓာကိုယ် အပေါ်သို့ ရောက်ရှိ၏။ သူမ၏ မျက်နှာအပေါ်ပိုင်း၊ သူမ၏ ခါးအပေါ်ပိုင်း၊ သူမ၏ ရင်ဘတ်၊ သူမ၏ ခါးအောက်ပိုင်း….
သူမက မောက်မာဝင့်ကြွားစွာဖြင့် မထီမဲ့မြင် ပြောလိုက်သည်။ “ယောက်ျားတွေ အကုန်လုံးက ဒီလိုပဲ။ ဒီလို စိုက်ကြည့်ရုံနဲ့ပဲ ပြီးသွားခဲ့တာပဲ။ အများဆုံး ကျွန်မကို စိတ်ကူးထဲမှာပဲ ပိုင်ဆိုင်နိုင်လိမ့်မယ်။ ရှင်တို့အားလုံးက ကျွန်မ ကျုံးရှစ်ရှစ်နဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။ ကျွန်မရဲ့ လက်တစ်ချောင်းကိုတောင် ထိတွေ့ဖို့ ထိုက်တန်တဲ့ လူတွေမဟုတ်ဘူး။ အမှိုက်ကောင်တွေ ..”
သူမ မထီမဲ့မြင်ပြောသည့်အထဲတွင် နင်ကျန့်၊ နင်ကျန်းနှင့် နင်ကျင်းတို့ ပါဝင်လျက် ရှိ၏။ သူမ၏ အမြင်တွင် သူမနှင့် စကားပြောနိုင်သူဟူ၍ အနည်းငယ်သာ ရှိ၏။ အရှင်မင်းကြီး၏ သားသမီးများထဲတွင်ပင်လျှင် သူမက အိမ်ရှေ့စံမင်းသား၊ တတိယမင်းသားနှင့် နင်ဟန်တို့ကိုသာ အထင်ကြီး၏။ သူမက နင်လော့နှင့် နင်ယန်တို့ကိုပင် အထင်မကြီးပေ။
ကျုံးရှစ်ရှစ် မြင်းပေါ်မှ ဆင်းလာသည်ကို မြင်ချိန်မှာတော့ စတုတ္ထမင်းသားနှင့် ဆဋ္ဌမမင်းသားတို့က မတူညီသည့် အုပ်စုများ ဖြစ်သော်လည်း မတ်တပ်ရပ်ကာ ကြိုဆိုကြ၏။ မင်းမှုထမ်းသားသမီး ရာပေါင်းများစွာ တို့ကလည်း မတ်တပ်ရပ်ကာ ကြိုဆိုကြ၏။
ကျုံးရှစ်ရှစ်က နှုတ်ဆက်ခြင်း မပြုပေ။ သူ့အတွက် နားနေရာ နန်းဆောင်ထဲသို့ လျင်လျင်မြန်မြန်ဖြင့် ဝင်ရောက်သွားခဲ့သည်။
နင်ကျန့်၊ နင်ကျင်းတို့၏ မျက်နှာများက ပျက်ယွင်းသွားခဲ့၏။ မင်းသားများကိုပင် လျစ်လျူရှုထား၏။ ဟုတ်ပေ၏။ တစ်ဖက်လူက ကျုံးရှစ်ရှစ် ဖြစ်နေသောကြောင့်သာ သူတို့က သည်းခံရပေလိမ့်မည်။ ကျုံးမိသားစုဝင် အားလုံးက ရိုသေလေးစားတတ်ကြသည့် လူများ ဖြစ်သော်လည်း ကျုံးရှစ်ရှစ်မှာတော့ ခြွင်းချက် ဖြစ်၏။
ရွယ်မိသားစု၏ အမွေဆက်ခံသူ ရွှယ်ဖန်က ရှေ့ထွက်ကာ ဦးညွှတ်လိုက်သည်။ “စတုတ္ထ၊ ပဉ္စမမင်းသားနှင့် ဆဋ္ဌမမင်းသားတို့ကို ဂါရဝပြုပါတယ်”
မင်းသားသုံးပါးက ပြန်လည်ကာ နှုတ်ဆက်လိုက်၏။
ရွှယ်ဖန်က ပြောလိုက်သည်။ “ကျုပ် စကားအနည်းငယ်ပြောဖို့ သွားလိုက်ပါအုံးမယ်”
ထိုအချိန်မှာတော့ ရှမ့်လန်က မြင်းစီးကာ ဝင်လာ၏။ သူ၏နောက်တွင် မိန်းကလေးတစ်စုသာ လိုက်ပါလာခဲ့၏။ ထိုသူအားလုံးက မင်းသမီး နင်ယန်၏ ကိုယ်ရံတော်များဖြစ်၏။
“ရှူး ရှူး ရှူး…”
ရှမ့်လန် ဝင်လာသည့်နှင့် လာရောက်ကြည့်ရှုကြသူအားလုံးတို့က ဝိုင်းဝန်းအော်ဟစ် လှောင်ပြောင်လျက် ရှိနေ၏။ သူတို့က သူတို့၏ လက်သန်းများကို ထောင်ပြကာ မထီမဲ့မြင် ပြုမူလျက် ရှိနေ၏။ ယခုအချိန်မှာတော့ သာမန်လူများက ရှမ့်လန်ကို မစရဲကြတော့သော်လည်း ဤနေရာတွင် ရှိနေသည့် မင်းမှုထမ်းများ၏ သားသမီးများကတော့ စနောက်ရဲကြ၏။ သူတို့က အားလုံးပေါင်းပြီး ရှမ့်လန်ကို အထင်မြင်သေးကြောင်း ပြသရဲကြသည်။
ရှမ့်လန်က နန်းမြို့တော်မှ နန်းတွင်းအမတ်ကြီးများ၏ ကလေကချေ သားသမီးများနှင့် ပထမဦးဆုံးအကြိမ် တွေ့ရခြင်း ဖြစ်၏။ လူတိုင်းက သူ့ကို အထင်မြင်သေးပြီး လက်သန်းများ ထောင်ပြနေသည်ကို မြင်ရချိန်မှာတော့ သူက စစ်မြင်းကို ရပ်တန့်လိုက်၏။ “မိတ်ဆွေတို့.. ကျုပ်ရဲ့ပွဲက ကြိုဆိုပါတယ်”
ချက်ချင်းပဲ နန်းတွင်းအမတ်ကြီးများ၏ ကလေကချေသားသမီးများက အော်ဟစ်လိုက်ကြ၏။ “ရှမ့်လန်.. ယဉ်ယဉ်ကျေးကျေး လုပ်မနေနဲ့။ ငါတို့က မင်း တစ်စက္ကန့်အတွင်း ဘယ်လို ပုံစံမျိုးနဲ့ သတ်ခံရမလဲဆိုတာ လာကြည့်တာ”
“မင်းဘယ်လို သင်းကွပ်ခံရမလဲဆိုတာ လာကြည့်တာ။ ရှမ့်လန်.. မင်း သင်းကွပ်ခံလိုက်ရရင် မိန်းမတွေကို မှီခိုစားသောက်လို့ ရပါအုံးမလား”
ရှမ့်လန် မိန်းကလေးများကို မှီခိုစားသောက်နေခြင်းအပေါ် လူတိုင်းက ဒေါသထွက်လျက် ရှိနေ၏။ ရွှမ်ဝူမြို့တွင် ကျင်းကျိုး၏ သမက် ဖြစ်လာသည်ကို မဆိုထားနှင့် နန်းတော်ထဲ ရောက်သည့်အချိန်တွင်လည်း တတိယမင်းသမီး နင်ယန်နှင့် ပလူးပလဲ လုပ်ခဲ့သည်။
မင်းသမီးနင်ယန်က အမျိုးသမီးကိုယ်ရံတော်တပ်ဖွဲ့ကို ထူထောင်ရန် ဆယ်နှစ်ကျော် အချိန်ယူခဲ့ရသည် ဆိုသော်လည်း ထိုစစ်တပ်ကြီး တစ်ခုလုံးက ရှမ့်လန်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့၏။ “မင်းက မိန်းမတွေကို မှီခိုစားသောက်ပြီး အရမ်းကို ပျော်ရွှင်နေတာပဲ။”
ရှမ့်လန်က ရယ်မောလိုက်သသည်။ “ကျုပ်လို ရုပ်ချောတဲ့သူအတွက် သင်းကွပ်ခံရရင်တောင် မိန်းမတွေကို မှီခိုစားသောက်တာကို ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ ကျုပ်မှာ လက်တွေ၊ ပါးစပ်တွေ၊ လျှာတွေ ရှိနေပါတယ်။ ပြီးတော့ ကျုပ်ရှမ့်လန်က အရှေ့ပိုင်းလောကမှာ ပြိုင်ဘက်ကင်းလို့ နာမည်ကြီးတယ် မဟုတ်လား။ ဒီပွဲမှာ ကျုပ် သေချာနိုင်မှာပါ”
“အွန်း… မင်း မကြောက်ဘူးဆိုရင် ဘာလို့ လွန်ခဲ့တဲ့ညက ထွက်ပြေးခဲ့တာလဲ။ ညသန်းခေါင်ကြီး ထွက်ပြေးတာ အရှက်မရှိတာပဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်လေ။ ကျုပ် လွန်ခဲ့တဲ့ နှစ်ညတုန်းက ထွက်ပြေးခဲ့တယ်။ အဲဒါ အကြောင်းရှိတယ်။ ကျုံးရှစ်ရှစ်က ဒီနှစ်ရက်အတွင်း ရာသီလာနေတယ်လို့ ကြားတယ်။ အဲဒါ အမင်္ဂလာ မဟုတ်လား။ ကျုပ်သာ နိုင်သွားရင် သူမကို ခေါင်းအစခြေအဆုံး သွေးထွက်သံယို ဖြစ်အောင် လုပ်မိသလို ဖြစ်သွားမယ် မဟုတ်လား။ ဒါကြောင့် ကြားကြားချင်း ထွက်ပြေးနေတာပဲ”
“ငါ သူ့ကို သတ်မယ်။ ငါ သူ့ကို သတ်မယ်” ကျုံးရှစ်ရှစ်က နန်းဆောင်ထဲတွင် ရောက်ရှိနေခဲ့သော်လည်း ရှမ့်လန်၏ စကားကို အတိုင်းသား ကြားရ၏။ ချက်ချင်းပဲ ဓားကို ဆွဲထုတ်ပြီး ရှမ့်လန်ကို အပိုင်းပိုင်း ခုတ်ဖြတ်ရန် ပြေးထွက်လာခဲ့၏။ သူမ ပေါက်ကွဲထွက်တော့မလို ဖြစ်နေ၏။ ငယ်စဉ်တည်းက သူမကို မည်သူကမှ ဤသို့သော စကားမပြောရဲချေ။
အနီးအနားတွင် ရှိနေသည့် ရွှယ်ရွှယ်က သူမကို ချက်ချင်း တားဆီးလိုက်၏။ “ဘာလို့ ဒီလောက် အသည်းအသန် ဖြစ်နေရတာလဲ။ ပွဲက စတော့မှာပဲ” ရွှယ်ရွှယ်က ညင်သာစွာဖြင့် ချော့မြူလိုက်၏။
ကျုံးရှစ်ရှစ်က ဤစကား၏ အဓိပ္ပာယ်ကို တွေးလိုက်၏။ သူမက ရှမ့်လန်ကို ပထမဦးဆုံး သင်းကွပ်ပစ်မည်။ ပြီးနောက် သတ်ဖြတ်ပစ်မည်။ ထိုသို့ဆိုလျှင် သူမ၏ ဒေါသအားလုံး ပျောက်ကွယ် သွားပေလိမ့်မည်။
ရှမ့်လန်က အပြင်မှ လှမ်းကာ ပြောသည်။ “တကယ်တော့ ကျုပ်က ထွက်ပြေးဖို့ ကြိုးစားခဲ့တာ မဟုတ်ပါဘူး။ ကျုပ်က ဒီအတိုင်း ကျုံးရှစ်ရှစ်ကို အလျှော့ပေးလိုက်မလို့ပါ။ ဒီမိန်းမက ပါးစပ်ကြမ်းတယ်ဆိုပေမဲ့ ဦးနှောက်ကလည်း ကြမ်းတမ်းသေးတယ်။ ဒါပေမဲ့ သူက ကျုပ်ရဲ့ ကျေးဇူးကိုတော့ တန်ဖိုးမထားဘဲနဲ့ ကျုပ်ကို တားဖို့ စစ်တပ်ကိုတောင် စေလွှတ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။
ဒီတော့ ကျုပ် အရှေ့ဘက်လောကရဲ့ ပြိုင်ဘက်ကင်းဆိုတဲ့ သိုင်းပညာရှင်ကြီးကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့။ ကျုပ်ရဲ့ သိုင်းပညာက နက်ရှိုင်းပြီး တိုင်းတာလို့ မရဘူး။ ကျုံးရှစ်ရှစ်… ခင်ဗျား ခေါင်းအစ၊ ခြေအဆုံး သွေးထွက်သံယို ဖြစ်ရတဲ့အချိန်ကျမှ ကျုပ်ကို အပြစ်မတင်နဲ့”
ကျုံးရှစ်ရှစ်က ထပ်မံ၍ ဒေါသတကြီး ပေါက်ကွဲမလို ဖြစ်သွားခဲ့၏။ ထပ်မံ ပြေးထွက်ရန် ကြိုးစားလိုက်ပြန်၏။ သို့ပေမည့် ရွှယ်ရွှယ်က သူမကို တားဆီးထားခဲ့သည်။
ရှိရှိသမျှသော နန်းမှုထမ်းအားလုံးကလည်း ကြောင်အသွားခဲ့ကြ၏။ “တကယ့်ကောင်ပဲ။ အယုတ္တ၊ အနတ္တတွေ သူ့မို့ ပြောထွက်တယ်။”
ရလဒ်အနေဖြင့် ချမ်းသာကြွယ်ဝသည့် လူပေါင်းများစွာတို့က ရှမ့်လန်ကို ထပ်မံကာ လက်ညှိုးထိုး၍ အော်ဟစ်လိုက်ကြပြန်၏။ “ရှူး ရှူး…”
ရှမ့်လန်က ထိုအပြုအမူအားလုံးကို လက်ခံသည်။ “ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ရဲ့ မိတ်ဆွေတို့၊ ခင်ဗျားတို့ရဲ့ လက်ဟန်က နည်းနည်း ခေတ်နောက်ကျနေတယ်။ ကျုပ် ခင်ဗျားတို့ကို အသစ်တစ်ခု သင်ပေးမယ်”
ပြီးနောက် ရှမ့်လန်က သူ၏ လက်ခလယ်နှစ်ချောင်းကို ထောင်ပြလိုက်သည်။ “ဒီလက်ဟန်က ပိုခံ့ညားပြီး ပိုထူးခြားတယ်။ အထူးသဖြင့် ဒီလက်ခလယ်နှစ်ချောင်းကို အတူတူ ထောင်ပြတဲ့ အခါမျိုးမှာပေါ့။ ဒီလက်ခလယ်ရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတော့ ..... လူတိုင်း ကျုပ်ရဲ့နောက်မှာ လိုက်ဆို။ ဒါက ‘မင်းအမေ ငါ …’ လို့ အဓိပ္ပာယ်ရတယ်”
ရှမ့်လန်က မြင်းပေါ်မှာ လက်ခလယ်နှစ်ချောင်းကို ထောင်ပြလျက် ရှိနေပြီး ရှိရှိသမျှလူများကို ထိုလက်ခလယ်နှင့် လိုက်လံ နှုတ်ဆက်နေ၏။
နင်ကျန်း၏ ဦးရေပြားတစ်ခုလုံးက ထုံကျင်သွားခဲ့၏။ သူ ဤနေ့ မလာခဲ့လျှင် အကောင်းသား ဟူ၍ပင် တွေးတောနေမိ၏။ ဤအရာက သူ၏ အကောင်းဆုံးသော မိတ်ဆွေကြီး၊ သူ၏ အကြီးမားဆုံးသော အထောက်အပံ့ကြီး ဖြစ်၏။ တစ်ခါတစ်ရံတွင် ထိုသူနှင့်အတူ ရပ်တည်ဖို့ သတ္တိကြီးရန် လိုအပ်သည်။
“ရပြီ။ ရပြီ”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် ရှမ့်လန်က နန်းမြို့တော်ရဲ့ ခေတ်ရေစီးကြောင်းကို ဦးဆောင်တဲ့လူပဲ။ ဖက်ရှင်ဆိုရင်လည်း အထူးခြားဆုံး ဖြစ်ရမယ်။ ဖက်ရှင်ဆိုတာ ဘာလဲ သိလား။ ဒီလိုမျိုး ဝတ်ပုံစားပုံကို ပြောတာပဲ”
ထိုအချိန်မှာတော့ အေးစက်သည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ဆဋ္ဌမမင်းသား နင်ကျင်းက အေးစက်စက်နှင့် ပြောလိုက်သည်။ “ရှမ့်လန်… မင်းက လူရွှင်တော်တစ်ယောက်လိုပဲ။ ဟာသလုပ်ဖို့ပဲ သင့်တော်တယ်။ သခင်မလေး ကျုံးရှစ်ရှစ် မင်းကို သင်းကွပ်လိုက်တဲ့အချိန်ကျရင် နန်းတော်ထဲကိုဝင်ပြီး မိန်းမစိုးလုပ်ဖို့ စဉ်းစားထား။ ဒါပေမဲ့ အဲဒီအချိန်ကျရင် မင်းရဲ့ခေါင်းပေါ်မှာ ဂျိုပေါက်ပြီ။ မင်းမှာ ကိရိယာတန်ဆာပလာ မရှိတော့ဘူး။ မင်းရဲ့ မိန်းမက အထီးကျန်မှုကို မခံနိုင်ဘဲ ဖောက်ပြန်လိမ့်မယ်”
နင်ကျင်းက သည်းမခံနိုင်ခဲ့ချေ။ ရှမ့်လန်လို သမက်တော်တစ်ယောက်က အဘယ်ကြောင့် ဤသို့ ပြဿနာ ရှာနေရသနည်း။
ထိုစကားကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်၏ မျက်နှာထားက ချက်ချင်းပင် အေးစက်သွား၏။ သူက မြင်းကို ဒုန်းစိုင်း စီးနင်းလိုက်၏။ လက်ထဲမှ မြင်းကြိမ်လုံးနှင့် နင်ကျင်းထံသို့ လွှဲရိုက်လိုက်၏။
နင်ကျင်းက ရှမ့်လန်၏ မြင်းကြိမ်လုံးကို လှမ်းဆွဲပြီး အေးစက်စက် ပြောလိုက်သည်။ “ရှမ့်လန်… မင်းက သမက်တော်တစ်ယောက် သက်သက်ပဲ။ မင်းက မင်းသားတစ်ပါးကို တိုက်ခိုက်ဖို့တောင် ကြိုးစားချင် နေတာလား။ သေချင်နေပြီလား”
ရှမ့်လန်က နင်ကျင်းကို စိုက်ကြည့်လိုက်၏။ ပြီးနောက် စကားလုံးတစ်ခုကို ဆိုလိုက်၏။ “ဒီသောက်ရူး… စုမိသားစု တစ်ခုလုံး ငါ့လက်ချက်နဲ့ သေသွားခဲ့ပြီ။ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ စုမိသားစုရဲ့ သွေးတွေ စီးဆင်းနေသေးတယ်။ ဘုရင်မင်းမြတ်ရဲ့ မျက်နှာသာ မရှိရင် မင်းကို ငါသတ်ပြီးတာ ကြာနေပြီ။ နောက်တစ်ခွန်း ထပ်ပြောရင် မင်းကို သေချင်စိတ် ပေါက်သွားတဲ့အထိ ဖြစ်အောင် ငါလုပ်ပြမယ်လို့ ကတိပေးတယ်”
ပြီးနောက် နင်ကျင်းကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။ “နင်ကျင်း… ပြောလေ။ မင်း နောက်ထပ်တစ်ခွန်း ထပ်ပြောရင် ပြောကြည့်။ မင်းကို ငါ တစ်စစီ ဖြစ်အောင် လုပ်ပစ်မယ်။ သောက်ရူး၊”
ဆဋ္ဌမမင်းသား နင်ကျင်းက ဒေါသထွက်သလို ကြောက်လည်း ကြောက်လန့်သွားခဲ့၏။ သူ စောဏတုန်းက မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ဤအရူးကို သွားရောက်ကာ ရန်စမိသည်ကိုပင် နောင်တ ရသွားခဲ့၏။ ရှမ့်လန်၏ စူးစိုက်ကြည့်ရှုမှုအောက်မှာတော့ သူ အခြားစကားလုံးများကို ထပ်မံကာ မပြောရဲချေ။ အဘယ်ကြောင့်ဆိုသော် စုမိသားစုက တစ်ဖက်လူ၏ လက်ချက်ဖြင့် အမှန်တကယ်ပင် မျိုးပြုတ်ခဲ့သောကြောင့်ပင်။
ချက်ချင်းပဲ ဆဋ္ဌမမင်းသား နင်ကျင်းက လီအန်းကို ကြည့်ကာ အော်ဟစ်လိုက်၏။ “မိန်းမစိုးရှောင်လီ.. ခင်ဗျား မြင်တယ်နော်။ ရှမ့်လန်က အထက်ကို ကျော်လွန်ပြီး မင်းသားတစ်ပါးကို လူပုံအလယ်မှာ ခြိမ်းခြောက်နေတယ်။ ဒါကို ပုန်ကန်မှုလို့ သတ်မှတ်လို့ရတယ်။ ခင်ဗျား ဒါကို ဘယ်လိုဖြေရှင်းမှာလဲ”
မိန်းမစိုးရှောင်လီက တည်ငြိမ်စွာ ပြောလိုက်၏။ “ရှမ့်သခင်လေး… ပေါက်ပန်းလေးဆယ်တွေ လျှောက်မပြောနဲ့တော့။ ဘုရင်မင်းမြတ်က ခင်ဗျားကို မရိုက်နှက်အောင် သတိထားနေပါ”
ဤစကား ထွက်ပေါ်လာသည့်အချိန်မှာတော့ နင်ကျင်း၏ မျက်နှာက ဖြူလျော်သွားခဲ့၏။ ရှမ့်လန်က တစ်စစီ ဖြစ်အောင် ပြုလုပ်မည်ဟူ၍ လူပုံအလယ်တွင် ပြောဆိုခဲ့၏။ ဘုရင်မင်းမြတ်၏ အရင်းနှီးဆုံးသောသူ ဖြစ်သော လီအန်းက ရှမ့်လန်ကို ဆူပူလိုက်ရုံသာ ရှိ၏။ ဘာကို သက်သေပြနေသနည်း။ ထိုအရာက ဘုရင်မင်းမြတ်၏ နှလုံးသားထဲတွင် နင်ကျင်း၏ တည်ရှိမှုက ရှမ့်လန်လောက်ပင် မရှိကြောင်း သက်သေပြနေခြင်းပင်။ ထို့ကြောင့် နင်ကျင်းက ချက်ချင်းပဲ အံ့အားသင့်သွား၏။
“စောက်ရူး” ရှမ့်လန်က ကြိမ်လုံးကို ပြန်လုယူလိုက်၏။ နင်ကျင်း၏ ခန္ဓာကိုယ်ကို ရိုက်နှက်လိုက်သည်။
နင်ကျင်းက သိုင်းပညာအရ ရှောင်တိမ်းနိုင်သော်လည်း စောဏက မိန်းမစိုး၏ သဘောထားကြောင့် ထိတ်လန့်လျက် ရှိ၏။ သူက တစ်ကိုယ်လုံး တောင့်တင်းနေပြီး တည်နေရာတွင် ရပ်တန့်နေမိ၏။ ထို့အပြင် ရှမ့်လန်၏ ကြိမ်လုံးဖြင့် ရိုက်နှက်မှုကို ခံရသောကြောင့် နက်ရှိုင်းပြီး သွေးစို့နေသည့် အစင်းရာကြီးတစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထင်ကျန်ခဲ့၏။
ဆဋ္ဌမမင်းသား၏ ခန္ဓာကိုယ်က တုန်ယင်လျက် ရှိနေပြီး တစ်ကိုယ်လုံးကလည်း အေးစက်နေသည်။
ပတ်ဝန်းကျင်ရှိ လူပေါင်းများစွာတို့က ဤမြင်ကွင်းကို ကြည့်ပြီး ကြောင်အသွားခဲ့၏။ ရှမ့်လန်က ရူးသွပ်နေသော်လည်း တကယ့်ကို ဩဇာအာဏာ ကြီးမားသည့်ပုံ ပေါ်နေ၏။ နင်ကျင်းကို လူပုံအလယ်တွင်ပင် ကြိမ်လုံးနှင့် ရိုက်နှက်ရဲ၏။
ဆဋ္ဌမမင်းသား နင်ကျင်း၏ ဦးခေါင်းတစ်ခုလုံးက ပေါက်ကွဲထွက်သွားမလိုဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက ထုံကျင်သွားခဲ့၏။ စုမိသားစု ပျောက်ကွယ်သွားခဲ့ပြီးနောက် သူ၏နောက်ခံကလည်း ပြိုလဲသွားခဲ့၏။ သို့ပေမည့် သူက ဘုရင်မင်းမြတ်၏ သားတော်တစ်ပါး ဖြစ်နေသေးသောကြောင့် မည်သူမှ သူ့ကို ရန်မစရဲချေ။ သူက မွန်မြတ်ကြီးမားသည့် တော်ဝင်သွေးမျိုးဆက်ကို ပိုင်ဆိုင်သူတစ်ယောက်ပင်။
ဟုတ်ပေ၏။ အပြင်ဘက်တွင် သူက ဤကဲ့သို့ အခြေအနေမျိုး ဖြစ်သော်လည်း သူ၏မျက်နှာဖုံးကို ဆွဲခွာခဲ့သူ ဟူ၍ တစ်ယောက်မှ မရှိခဲ့ချေ။ ယခု ရှမ့်လန်က ကြိမ်လုံးနှင့် တိုက်ရိုက် လွှဲရိုက်ခဲ့၏။ သူ၏မျက်နှာ၊ သူ၏ဂုဏ်သိက္ခာ၊ သူ၏မာန … အရာအားလုံးက မြေပေါ်သို့ ပစ်ချခြင်း ခံရ၏။ တစ်ကိုယ်လုံး တုံ့ပြန်နိုင်မှုအားအင်လုံးဝ ဆုံးရှုံးသွားခဲ့သည်။
“ရှမ့်လန်.. မင်းနဲ့ငါ အတူတူ နေထိုင်လို့ မဖြစ်တော့ဘူး။ တစ်ယောက်သေမှ ဖြစ်တော့မယ်။ ရှမ့်လန် ... မင်းကို ငါ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်အောင် လုပ်ပစ်မယ်။ မင်းရဲ့ မိသားစုဝင်အားလုံးကို ငါ မျိုးဖြုတ်ပစ်မယ်”