အခန်း (၅၁၅)
Vol. 35 Ch. 515
စတုတ္ထမင်းသား နင်ကျန့်က ရှေ့သို့ ထွက်လာပြီး နင်ကျင်းကို ထိုင်ခုံဆီသို့ ပြန်လည်ကာ ဆွဲခေါ်သွားခဲ့၏။
အသိပြန်ဝင်လာပြီးနောက် ဆဋ္ဌမမင်းသား နင်ကျင်းက အံကိုကြိတ်ကာဖြင့် ကျိန်ဆိုလိုက်သည်။ သူက သူ၏ဖခင် နင်ယွမ်ရှန်းကိုပင် နှလုံးသားထဲမှာ မုန်းတီးသွားခဲ့သည်။ ‘ခင်ဗျားသာ ရှမ့်လန်ကို ဒီလို အလိုမလိုက်ဘူးဆိုရင် ဘယ်လိုလုပ် ဒီလို ထင်တိုင်းကြဲရဲမှာလဲ။ ခင်ဗျားရဲ့ နှလုံးသားထဲမှာ ကျုပ်က သားတစ်ယောက်ရော ဟုတ်ရဲ့လား။ ဒီခွေးကောင် ရှမ့်လန်လောက်တောင် ကျုပ်က အရေးမပါဘူးလား။’
စတုတ္ထမင်းသား နင်ကျန့်က ဆိုလိုက်၏။ “ဆဋ္ဌမညီလေး.. စိတ်မဆိုးနဲ့။ ကောင်းကင်ဘုံက လူတွေကို ဖျက်ဆီးချင်တယ်ဆိုရင် အရင်ဆုံး သူတို့ကို ရူးသွပ်သွားစေတယ်။ ရှမ့်လန် မသေခင် ရူးသွပ်သွားတာ ဘာမှ မဟုတ်ဘူး။ မကြာခင် သူ သေတော့မှာပဲ။ အရင်တုန်းက ကျုံးရှစ်ရှစ်က သူ့ကို သင်းကွပ်ရုံပဲ လုပ်မှာ။ အခု ကျုံးရှစ်ရှစ်က ဒီလိုစော်ကားခံထားရတယ်ဆိုမှတော့ ကျိန်းသေပေါက် သတ်ဖြတ်လိမ့်မယ်”
နင်ကျင်းက ဆိုလိုက်သည်။ “ဟုတ်တယ်၊ ဟုတ်တယ်။ ဒီခွေးမသား သေမှာပဲ”
နင်ကျန့်က ပြောလိုက်၏။ “ပြီးတော့ ရှမ့်လန်က သူ့ကိုယ်သူ အရူးလုပ်ပြီး သေလမ်းရှာနေတာပဲ။ ကျုံးရှစ်ရှစ်ရဲ့ လက်ချက်နဲ့ မကြာခင်သေသွားမှာပဲ။ စိတ်အနှောက်အယှက်မဖြစ်နဲ့။”
ဆဋ္ဌမမင်းသား နင်ကျင်းက ဆိုလိုက်သည်။ “သူသေသွားရင်တောင် သူ့မိသားစုကို ကျုပ် အလွှတ်မပေးဘူး။ ဒီနေ့ ကျုပ်ခံခဲ့ရတဲ့ အရှက်တရားအတွက် သူ့ရဲ့မိသားစုကို အဆတစ်ရာ ပြန်ပေးဆပ်ခိုင်းမယ်။”
ရှမ့်လန်က သိုင်းပညာရှင်ပြိုင်ပွဲ မတိုင်ခင် နောက်ဆုံးပြင်ဆင်မှုများကို ပြုလုပ်ရန် နန်းဆောင်ထဲသို့ ဝင်ရောက်သွားခဲ့၏။ နာကျည်းမှုက သာမန်စစ်သည်တစ်ဦးအဖြစ် ဟန်ဆောင်ပြီး တံခါးဝတွင် စောင့်ဆိုင်းနေ၏။
မိန်းမစိုးကြီးရှောင်လီက ဝင်ရောက်လာပြီး သူ့ကို အကူအညီမဲ့သလို ကြည့်ရှုလိုက်သည်။ “နင်ကျင်းက ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးရဲ့ သားတော်ပဲ။ မင်း ဒီလိုမျိုး သူ့ကို လူပုံအလယ်မှာ ရိုက်နှက်တယ်ဆိုတော့ အရှင်မင်းကြီး ဒေါသထွက်မှာပေါ့”
ရှမ့်လန်က ပြောလိုက်၏။ “ကလေးတွေ ရန်ဖြစ်တာ သဘာဝပဲလေ။ ပြီးတော့ သူက ပါးစပ်ယားနေတာကိုး”
ရှောင်လီက ဆွံ့အသွားခဲ့၏။ ဟုတ်ပေ၏။ စုနန် ပုန်ကန်သည်ကို သူသိ၏။ ဘုရင်မင်းမြတ် နှုတ်မှ ထုတ်ဖော် မပြောဆိုသော်လည်း ဆဋ္ဌမမင်းသား နင်ကျင်းအပေါ် ဒေါသထွက်နေဆဲ ဖြစ်၏။ နင်ကျင်းက ယခင်က စုမိသားစုကို အားကိုးပြီး ဩဇာအာဏာပြခဲ့၏။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့အပေါ်ပင် အနည်းငယ် မောက်မာခဲ့သည်။
ဤအချက်က ဘုရင်မင်းမြတ်ကို မကျေမနပ် ဖြစ်စေခဲ့၏။ သူ့သားဟူသည့် ဂုဏ်ပုဒ်က ဩဇာအာဏာပြရန် မလုံလောက်ပေဘူးလား။ သို့ပေမည့် စုမိသားစု၏ ဩဇာအာဏာကို အသုံးပြုခဲ့၏။ ထိုအရာက နင်ယွမ်ရှန်းကို အထင်သေးသည်သာ မဟုတ်ချေ။ တကယ့်ကို ကြီးကြီးမားမား အရှက်ရစေခဲ့၏။
နင်ကျင်းက စုမိသားစု၏ ဩဇာအာဏာကို အသုံးပြုပြီး လူများကို ဖိနှိပ်ချင်ခဲ့၏။ ဘုရင်မင်းမြတ်၏ သားတော်ဟူသည့် ဂုဏ်ပုဒ်က မြင့်မြတ်သော်လည်း ဘုရင်မင်းမြတ်၌ သားတော် အများအပြား ရှိ၏။ အာဏာအများစုကို အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့က လုယူထား၏။ နင်ကျင်းအလှည့်သို့ မည်သို့ ရောက်မည်နည်း။
ဘုရင်မင်မြတ်အတွက် နင်ကျင်းက သွေးသားတော်စပ်သူ သားတစ်ယောက်ဖြစ်၏။ သို့ပေမည့် စိတ်တိုင်းကျသူတစ်ယောက် မဟုတ်ချေ။ သူ့အတွက် ဤသားများက တစ်ယောက်ပိုလာလျှင်လည်း မများလာသလို တစ်ယောက်နည်းသွားလျှင်လည်း မလျော့သွားသည့် အရာမျိုးပင်။
ရှမ့်လန်၏ နောက်ကွယ်တွင် ရွှမ်ဝူနယ်စား အိမ်တော်နှင့် ကောင်းကင်တာအိုအဖွဲ့အစည်းတစ်ခုလုံး ရှိနေ၏။ အရေးအကြီးဆုံးမှာ ဘုရင်မင်းမြတ်က ရှမ့်လန်ကို တစ်စိတ်တစ်ဝမ်းတည်းဟု ခံစားရ၏။ ထိုမျှပင် မကသေးချေ။ သူက ဘုရင်မင်းမြတ်၏ အရင်းနှီးဆုံးသောလူလည်း ဖြစ်၏။ ဘုရင်မင်းမြတ်က ရှမ့်လန်ကို သူကိုယ်တိုင် ထိန်းချုပ်၍မရနိုင်သည့် သူ၏ ပုံစံတူ လူသားတစ်ယောက်ကဲ့သို့ပင် သတ်မှတ်ထား၏။
ပြီးခဲ့သည့် တစ်နှစ်အတွင်း ရှမ့်လန်က ကြီးမားသည့် အကျိုးကျေးဇူးများကို ဖန်တီးပြုလုပ်ပေးခဲ့ပြီး ဘုရင်မင်းမြတ်အား အကူအညီပေးခဲ့၏။ သို့ပေမည့် မည်သည့်အရာကိုမှ ပြန်လည်ကာ တောင်းဆိုခဲ့ခြင်း မရှိချေ။ ဘုရင်မင်းမြတ်က ရှမ့်လန်အပေါ် အကြွေးများစွာတင်ရှိနေသလို ခံစားရ၏။ ထို့အပြင် ထိုအကြွေးများကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုကာ များပြားလာခဲ့သည်။
ထို့ကြောင့် ရှမ့်လန် မည်မျှ ပြဿနာရှာသည်ဖြစ်စေ သူက အခြေခံအားဖြင့် ဘာမှလုပ်လိမ့်မည် မဟုတ်ချေ။ အများဆုံး ဆူပူသည့် အမိန့်တစ်ခုကို ထုတ်ပြန်ရုံသာ၊ ချပ်ဝတ်တစ်ခုခုကို ဝတ်ဆင်ပြီး ကြိမ်ဒဏ် ဆယ်ချက်လောက် အရိုက်ခံရရုံပင်။ သူ့ကို ယား၍ ကုတ်ပေးသလိုပင် ဖြစ်ပေလိမ့်မည်။
မိန်းမစိုးရှောင်လီက ပြောလိုက်၏။ “ဘာပဲဖြစ်ဖြစ် ပြန်ရောက်ရင် ကြိမ်ဒဏ်ခံရဖို့သာ ပြင်ထားတော့”
ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမစိုးရှောင်လီ.. အရင်တစ်ခါ ကျုပ်ကို ရိုက်တာက ဟိုအဘိုးကြီးပဲ။ အဲဒီအဘိုးကြီးက အလိုက်မသိဘူး။ တစ်ခါတုန်းက ကြိမ်လုံးနဲ့ ရိုက်လိုက်တာ ကျုပ် နာကျင်လွန်းလို့ သတိလစ်မတတ်ပဲ။ ကျုပ်တို့ ဆွေးနွေးကြည့်ရအောင်။ ဒီတစ်ခါ ခင်ဗျားကိုယ်တိုင် ရိုက်ပေးလို့ မရဘူးလား။ ကျုပ်ထင်တယ် .. ရိုက်နှက်တဲ့နေရာမှာ မိန်းမစိုးရှောင်လီက ပိုပြီး သင့်တော်လိမ့်မယ် ထင်တယ်”
ထိုစကားကို ထွက်ပေါ်လာသည့်အချိန်မှာတော့ မိန်းမစိုးရှောင်လီက ဒေါသကြောင့် မူးမေ့မတတ်ပင် ဖြစ်သွားခဲ့၏။ သူ၏အစ်ကိုက တစ်ဖက်လူကို ကာကွယ်ပေးရန် ကြိုးစားပမ်းစား ပြုလုပ်ပေးခဲ့၏။ သို့ပေမည့် ရှမ့်လန်ဆိုသည့်အကောင်က မကောင်းပြောလျက် ရှိနေ၏။ ‘အလိုက်မသိသည့် အဘိုးကြီး ဟု ရည်ညွှန်းနေသလိုပင်။
မိန်းမစိုးရှောင်လီက ပြောလိုက်၏။ “ဒါဆိုရင် စောင့်နေတော့။ ငါ မင်းကို သေလုမတတ် အခြေအနေထိ ရောက်အောင် ကြိမ်လုံးနဲ့ ရိုက်ပြမယ်။ ရိုင်းစိုင်းကြမ်းတမ်းတဲ့ကောင်လေး။ မင်းရဲ့ပါးစပ်က ပေါက်ပန်း လေးဆယ်တွေ အရမ်းပြောလွန်းတယ်”
ပြီးနောက် လီအန်းက လေးလေးနက်နက် ပြောလိုက်သည်။ “တိုက်ခိုက်ပွဲမှာ ပြဿနာမရှိဘူးဆိုတာ သေချာလို့လား။ ဆိုးဆိုးဝါးဝါး မရှုံးစေနဲ့။ မင်းက ကျုံးရှစ်ရှစ်ကို စောဏလေးတင် ဒေါသထွက်အောင် လုပ်ခဲ့တယ်။ သူက မင်းကို ကျိန်းသေပေါက် သတ်မှာပဲ။ တကယ်လို့ မသတ်ဘူးဆိုရင်တောင်မှ ကျိန်းသေပေါက် သင်းကွပ်လိမ့်မယ်။
“ဟုတ်တယ်။ အင်း… မင်း မိန်းမစိုးဖြစ်လာမယ့် ကိစ္စကို ငါ သဘောမတူတာ မဟုတ်ဘူး။ မင်း နန်းတော်ထဲကို ဝင်လာရင်လည်း ကောင်းတာပဲ။ ဒါပေမဲ့ သေတာထက်ဆိုးတဲ့ ကံကြမ္မာကို မင်းခံစားရလိမ့်မယ်။ ဒါကြောင့် ဂရုစိုက်။”
ရှမ့်လန်က ပြောလိုက်၏။ “မိန်းမစိုးကြီးရှောင်လီ… စိတ်မပူနဲ့။ ဘာတစ်ခုမှ မှားတာ မဖြစ်ပါဘူး”
မိန်းမစိုးကြီးက ရှမ့်လန်ကို အချိန်အတော်ကြာသည့်အထိ စူးစိုက်ကြည့်ရှုနေလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကောင်းပြီ။ ဒါပေမဲ့ မှတ်ထား။ ဘယ်သူ့ကိုမှ မသတ်နဲ့။ ကျုံးရှစ်ရှစ် သေသွားပြီဆိုရင် ဘယ်သူမှ တာဝန်ခံနိုင်မှာ မဟုတ်ဘူး။”
ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ “နားလည်ပါပြီ”
ပြီးနောက် မိန်းမစိုးကြီးက ထွက်ခွာသွားခဲ့သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဝူလဲ့… အထဲကို ဝင်လာပြီးတော့ ငါ့ကို ဒီသံမဏိဘောင်းဘီ ဝတ်ပေးဖို့ ကူညီပေးပါအုံး”
ရှောင်လီက ထိုစကားကို ကြားသည့်အချိန်မှာတော့ လျင်လျင်မြန်မြန်ဖြင့် ထွက်ခွာသွားခဲ့၏။ အခြေခံစည်းမျဉ်း ဟူ၍ မရှိသည့်အကောင်ပင်။
…………..
ကျုံးရှစ်ရှစ်၏ နန်းဆောင်အတွင်းထဲမှာတော့ ….
သူမက တကယ့်ကို ဒေါသထွက်လျက် ရှိနေ၏။ သူမက ပျားရည်နှစ်ခွက်ကို သောက်ပြီးချိန်အထိ ဒေါသတရားများကို မထိန်းချုပ်နိုင်ခဲ့ချေ။ သူမ၏ ရင်ဘတ် တစ်ခုလုံးက နိမ့်ချီမြင့်ချီ ဖြစ်လျက် ရှိနေ၏။ သူမ၏ ရင်ဘတ်အရွယ်အစားက ပိုမိုကာ ကြီးမား လာသကဲ့သို့ပင်။
“အင်း.. ရှမ့်လန်က ဒီလို အစဉ်အမြဲ ဆိုးယုတ်တဲ့ လူတစ်ယောက်လား။ သူက အမြဲတမ်း ဒီလိုပုံစံနဲ့ နေထိုင်နေတာလား” ကျုံးရှစ်ရှစ်က မေးမြန်းလိုက်၏။
ရွှယ်ရွှယ်က ခေါင်းညိတ်လိုက်၏။ မှန်ပေ၏။ သူမက ရွှယ်ရွှယ်ပင် ဖြစ်၏။ ဓားဘုရင် လီချင်းချိုး၏ မွေးစားသမီး ဖြစ်ခဲ့၏။ ဤအမျိုးသမီးက ဓားဘုရင်၏မိန်းမကို အဆိပ်ခတ်ခဲ့ပြီး လျှို့ဝှက်သိုင်းကျမ်းကို ခိုးယူသွားခဲ့သည့်လူပင်။
သူမက ရန်နန်းဖေးကိုယ်တိုင် သင်ကြားပြသပေးထားသည့် အမျိုးသမီးတပည့် တစ်ယောက်ဖြစ်ပြီး သူမ၏ သိုင်းပညာစွမ်းရည်က တကယ့်ကို ထူးချွန်လွန်း၏။ သူမက ယခု တတိယမင်းသား နင်ချီ၏ ကိုယ်လုပ်တော် တစ်ယောက် ဖြစ်လာခဲ့၏။
သူမကို ကြည့်ရှုရသည်မှာ အားနည်းသည့်ပုံပေါ်၏။ သူမက ကျုံးရှစ်ရှစ်လောက် ထည်ဝါခန့်ညားမှု မရှိချေ။ သူမ၏ ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးပင်။ သူမ၏အလှကလည်း မိုးမခ ရွက်ခြောက်ကဲ့သို့ပင်။ သူမ၏ မျက်လုံးများကလည်း ထွန်းတောက်ခြင်း မရှိခဲ့ချေ။ ကြည့်ရမည်ဆိုရင် သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီက ပျော့ပြောင်းနူးညံ့လွန်းသည့် ပုံပင်။
ကျုံးရှစ်ရှစ်က အေးစက်စက်နှင့် ပြောလိုက်သည်။ “ဒါဆိုရင်လည်း သူ့ကို အရင်ဆုံး သင်းကွပ်လိုက်မယ်။ ပြီးရင် သူ့ရဲ့ လက်တစ်ဖက်ကို ဖြတ်မယ်။ ပြီးရင် သူ့ရဲ့ လျှာကို ဖြတ်မယ်”
ရွှယ်ရွှယ်က ပြောလိုက်၏။ “အရှင်မင်းကြီးက သူ့ကို အရမ်းကို သဘောကျတယ်။ တကယ်တမ်း ဒီလိုသာ လုပ်မယ်ဆိုရင် နန်းမြို့တော်မှာ ဆက်ပြီး နေလို့ရမှာ မဟုတ်ဘူး။ ချက်ချင်း ကိုယ့်မြို့ကို ကိုယ်ပြန်ရလိမ့်မယ်”
ကျုံးရှစ်ရှစ်က ပြောလိုက်သည်။ “ဒါဆိုရင် အဲဒီလိုပဲ လုပ်ကြတာပေါ့”
ထိုအချိန်မှာပဲ မိန်းမစိုးရှောင်လီ၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့၏။ “မင်းသမီးလေး ကျုံးရှစ်ရှစ်… အရှင်မင်းကြီးက အမိန့်တော် ပေးထားပါတယ်။ တိုက်ခိုက်ပွဲကို ရပ်သင့်တဲ့အချိန်မှာ တစ်ခါတည်း ရပ်ရပါလိမ့်မယ်။ တစ်ယောက်ကို တစ်ယောက်ကို သတ်ဖြတ်တာမျိုး၊ ခုတ်ဖြတ်တာမျိုး မလုပ်ရပါဘူး”
ကျုံးရှစ်ရှစ်က အေးစက်စက် ပြောလိုက်သည်။ “ကျွန်မ နားလည်တယ်။ ထွက်သွားစမ်း”
‘ထွက်သွားစမ်း’ ဟူသည့် စကားက အဆုံးစွန်အထိ မောက်မာဝင့်ကြွား၏။ မိန်းမစိုးရှောင်လီ၏ မျက်နှာသွင်ပြင်က အနည်းငယ် ပြောင်းလဲသွားခဲ့၏။ သူက ဦးညွှတ်ကာ ထွက်ခွာသွားခဲ့၏။ ဘုရင်မင်းမြတ်မှလွဲ၍ တစ်စုံတစ်ယောက်က သူ့ကို ‘ထွက်သွားစမ်း’ ဟူ၍ မောက်မာစွာ ပြောခဲ့သည်မှာ ပထမဦးဆုံးအကြိမ်ပင် ဖြစ်၏။
သို့ပေမည့် ရွှယ်ရွှယ်က ကျုံးရှစ်ရှစ်၏ အပြုအမူကို မတားဆီးခဲ့ချေ။ သူမက အနောက်၌ အသာပင် ထိုင်ချပြီး ကြည့်ရှုနေ၏။ ရွှယ်ကလန်နှင့် ကျိုးကလန်တို့က တကယ့်ကို အားကောင်း၏။ သို့ပေမည့် နိုင်ငံအပေါ် သစ္စာရှိပြီး အားလုံးအပေါ် ရို့ကျိုးတတ်သည်။
ဤကဲ့သို့ ဥပဒေမဲ့ ပြုမူဆောင်ရွက်တတ်သည့် ကျုံးရှစ်ရှစ် ပေါ်ပေါက်လာခဲ့သည်မှာ ဆိုးဝါးသည့် အရာတော့ မဟုတ်ချေ။ ကျုံးရှစ်ရှစ်က မိန်းကလေးတစ်ယောက် ဖြစ်၏။ သူမက အနည်းငယ် ရိုင်းပြသည် ဆိုလျှင်တောင်မှ သူမ၏ မရင့်ကျက်မှုများကြောင့်သာ ဖြစ်ပေလိမ့်မည်။
ကျုံးရှစ်ရှစ်က ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ခဲ့ပြီးသား ဖြစ်၏။ သူမက တကယ့်ကို လက်ရာမြောက် တန်ဖိုးကြီးမားသည့် ချပ်ဝတ်အပျော့တစ်ခုကို ဝတ်ဆင်ထား၏။ သူမ၏ ခန္ဓာကိုယ် အချိုးအစားကို ကြည့်ရှုရသည်မှာ နတ်ဆိုးတစ်ပါးကဲ့သို့ပင် ဆွဲဆောင်မှု ရှိလွန်းလှ၏။ သူမက အတွင်းခံ အမာသားကိုလည်း ဝတ်ဆင်ထားသည်။
ထိုအရာက ရှမ့်လန် တီထွက်ထားခဲ့ခြင်း ဖြစ်ပြီး ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှတစ်ဆင့် ရောင်းချခြင်း ဖြစ်၏။ ဟုတ်ပေ၏။ ကြွယ်ဝချမ်းသာပြီး ဩဇာအာဏာကြီးမားသည့်သူများသာ ထိုအရာကို သုံးစွဲနိုင်၏။ တစ်စုံလျှင် ငွေဒင်္ဂါးတစ်ဝက် ဆိုသည်မှာ ကောင်းကင်ထိ ထိုးတက်နေသည့် ဈေးနှုန်းဖြစ်၏။ ကောင်းကင်တာအိုအဖွဲ့အစည်း၏ ဆိုင်များက တကယ့်ကို ရောင်းကောင်း၏။ အမြတ်အစွန်း များလည်း ရရှိ၏။
ရွှယ်ရွှယ်က လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ “ရှစ်ရှစ်… ရှင့်ရဲ့ သိုင်းပညာက ရှမ့်လန်ထက် အဆပေါင်း တစ်ထောင်မက ပိုပြီး သာတယ်။ ဒါပေမဲ့ အဲဒီခွေးသားက အရမ်းကို ကောက်ကျစ်စဉ်းလဲတယ်။ သူ့ဆီမှာ နှင်းဆီမုန်တိုင်းလို့ခေါ်တဲ့ လျှို့ဝှက်လက်နက်တစ်ခုလည်း ရှိတယ်။ သတိထားရမယ်”
ကျုံးရှစ်ရှစ်က မထီမဲ့မြင်ဖြင့်ပင် ပြောလိုက်၏။ “အင်း.. သိပ်သိတာပေါ့။ ဒါပေမဲ့ အဲဒီအရာက အရမ်းကို နှေးကွေးတယ်။ ဓားနဲ့ တားဆီးလို့တောင် ရတယ်။ ပြီးတော့ တိုက်ပွဲစည်းမျဉ်းမှာ လျှို့ဝှက်လက်နက် မသုံးရဘူးလို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ် မဟုတ်လား”
ရွှယ်ရွှယ်က ပြောလိုက်သည်။ “ရှမ့်လန်မှာ ထူးဆန်းတဲ့ အဆိပ်တစ်မျိုးလည်း ရှိသေးတယ်။ နည်းနည်းလောက် သောက်လိုက်တာနဲ့ စိတ်လွတ်သွားလိမ့်မယ်။ ဒီအရာက အနံ့ရှူမိရုံနဲ့ အဆိပ်သင့်စေနိုင်တယ်။ သက်သေ မရှိဘူးဆိုပေမဲ့ တိုက်ပွဲတစ်လျောက်လုံး အသက်အောင့်ထားမှာ ဖြစ်မယ်။ ရှမ့်လန်ကို အနိုင်ယူပြီး သူ့ကို အပိုင်းပိုင်းအစစ လုပ်ပြီးမှ အသက်ပြန်ရှူလိုက်”
ကျုံးရှစ်ရှစ်က ခေါင်းညိတ်လိုက်၏။ ထိုသို့ဆိုလျှင် မှားယွင်းမှု မရှိဘဲ ပြီးဆုံးသွားပေလိမ့်မည်။ ရှမ့်လန် မည်မျှ ကောက်ကျစ်ပါစေ သေပွဲဝင်ရမှာ သေချာ၏။ အချိန်ကျရောက်လာခဲ့ပြီ ဖြစ်၏။ ရှမ့်လန်နှင့် ကျုံးရှစ်ရှစ်တို့က တိုက်ပွဲကွင်းပြင်၏ အလယ်ဗဟို၌ ပေါ်ပေါက်လာခဲ့၏။
ကျုံးရှစ်ရှစ်က သူမ၏ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေသည့် မီးလျှံရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့၏။ တစ်ဖက်ရှိ ရှမ့်လန်ကတော့ မည်သည့်ချပ်ဝတ်ကိုမှ ဝတ်ဆင်မထားဘဲ မျက်နှာဖုံးနှင့် လက်အိတ်ကိုသာ ဝတ်ဆင်ထား၏။ ပုံစံမှာ တကယ့်ကို ထူးဆန်းနေ၏။ နှစ်ဦးသား ဆယ်မီတာနီးပါးခန့် အကွာမှာ ရပ်လျက် ရှိနေသည်။
ဘေးတစ်ဖက်တွင် ကြည့်ရှုနေသည့် ပွဲကြည့်စင်များ၌ လူများ ပြည့်ကျပ်နေ၏။ “ကျုံးရှစ်ရှစ်.. သူ့ကို အပြတ်သာ လုပ်ပစ်လိုက်တော့”
“အပိုင်းပိုင်း ဖြစ်အောင် လုပ်ပစ်လိုက်။ တစ်ချက်တည်းနဲ့ သတ်”
“တစ်ချက်တည်းနဲ့ သတ်။ ရှမ့်လန်က ချီးထုတ်ပဲ။ ရှမ့်လန်က အသုံးကျတဲ့ လူတစ်ယောက် မဟုတ်ဘူး”
လူပေါင်းများစွာတို့က အော်ဟစ်လျက် ရှိနေကြ၏။ ပြီးနောက် သူတို့အားလုံးက လက်ခလယ် ထောင်ပြနေသည်။
“ခွေးကောင်တွေ”
ရှမ့်လန်က စောဏလေးတင်ပဲ သူတို့ကို အသုံးပြုနည်း သင်ပေးခဲ့၏။ သို့ပေမည့် ရှမ့်လန်အပေါ်တွင် ပြန်လည်ကာ အသုံးပြုနေကြ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုံးရှစ်ရှစ်.. ဒီယောက်ျားတွေက မင်းရဲ့ ခြေထောက်အောက်မှာ ဒူးထောက်ပြီး မင်းရဲ့ ဖိနပ်ကို လျက်ချင်နေကြတာ။ မင်းရဲ့ ဟိုကိစ္စပြီးသွားရင် သူတို့သောက်ဖို့ နည်းနည်းလောက် ပေးလိုက်ပါလား”
ကျုံးရှစ်ရှစ်က ထပ်မံကာ ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့၏။ အရှက်မရှိသည့် လူမျိုးကို သူမ တစ်ခါမှ မမြင်ခဲ့ဖူးချေ။ အောက်ခြေစည်းမျဉ်းဟူ၍ လုံးဝမရှိချေ။ သူမက မာနကြီးသော်လည်း သန့်ရှင်းစင်ကြယ်သည့် မိန်းကလေးတစ်ဦး ဖြစ်နေဆဲပင်။ ထို့အပြင် သူမ၌ ဂုဏ်သိက္ခာလည်း ရှိသေး၏။ ညစ်ညမ်းသည့် စကားလုံးများကို ဤကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောဆိုလျက် ရှိနေသည်လား။ ထို့ကြောင့် သူမက ပြန်လည်တုံ့ပြန်နိုင်စွမ်း မရှိကြချေ။
“ရှမ့်လန်… ရှင် စောင့်နေလိုက်။ ရှင့်ကို ကျွန်မ တစ်ခါတည်း သင်းကွပ်ပစ်မယ်။ ပြီးရင် ရှင့်ရဲ့ လက်တွေကို ခုတ်ဖြတ်ပစ်မယ်။ ရှင့်ရဲ့ လျှာကို ဖြတ်မယ်။ ပြီးတော့ ရှင့်ရဲ့ လှပတဲ့ မျက်နှာကိုလည်း ဖျက်ဆီးပစ်မယ်”
ရှမ့်လန်က ပြောလိုက်၏။ “ကျုံးရှစ်ရှစ်.. ခင်ဗျား စောင့်နေလိုက်။ ခင်ဗျား တစ်ခါက ကျုပ်မိန်းမကို ဒဏ်ရာ ရရှိအောင် ပြုလုပ်ပြီး သွေးအန်စေခဲ့တယ်။ ဒီတစ်ခါ ကျုပ် ခင်ဗျားကို ခေါင်းအစခြေအဆုံး သွေးထွက်စေရမယ်”
“ရှင် သေချင်နေတာပဲ” ကျုံးရှစ်ရှစ်၏ မျက်နှာက နီမြန်းသွားခဲ့၏။ သူမ၏ လှပသည့် မျက်ဝန်းများက သွေးကဲ့သို့ နီရဲလာခဲ့၏။ သူမက ရွှယ်ရွှယ်၏ စကားကို သတိရပြီး အသက်အောင့်ထားမိ၏။ ကောက်ကျစ်သည့် ရှမ့်လန်ကို အခွင့်အရေး မပေးနိုင်ချေ။
ဒေါင်…
ထိုအချိန်မှာပဲ ပထမ မောင်းသံတစ်ခုက ပေါ်ပေါက်လာခဲ့၏။ သိုင်းပညာ ယှဉ်ပြိုင်ရန် စတင်ပြီ ဖြစ်ကြောင်း အချက်ပေးမှုပင်။
အားလုံးက မျက်လုံးများကို အကျယ်ဆုံး ဖြစ်အောင် ဖွင့်ပြီး မျက်တောင်ပင် မခတ်ရဲကြချေ။ အဘယ်ကြောင့်ဆိုသော် ဤသိုင်းပညာယှဉ်ပြိုင်ပွဲက အလွန်လျင်မြန်မည် ဖြစ်ကြောင်း သိရှိနေသောကြောင့်ပင်။ ရှမ့်လန်က ချက်ချင်း တိုက်ခိုက်ခံရပေလိမ့်မည်။ မျက်စိတစ်မှိတ်အတွင်းမှာ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသည့် မြင်ကွင်းက ပြီးဆုံးသွားနိုင်ဖွယ် ရှိ၏။
ရှမ့်လန်က ဓားကို ဆွဲထုတ်လိုက်၏။ ကျုံးရှစ်ရှစ်ကလည်း ဓားကို ဆွဲထုတ်ပြီး ရှမ့်လန်ကို ချိန်ရွယ်ထားခဲ့၏။ ဒုတိယမောင်းသံ ထွက်ပေါ်လာသည်နှင့် သိုင်းပညာယှဉ်ပြိုင်ပွဲ စတင်ပေတော့မည်။ ထိုအချိန် ကျုံးရှစ်ရှစ်က လျှပ်စီးကဲ့သို့ မြန်ဆန်စွာ ထွက်ပေါ်လာခဲ့ပြီး ရှမ့်လန်ကို သုညဒသမငါးစက္ကန့်အတွင်း အောက်သို့ ရောက်အောင် ပစ်လဲချပစ်လိမ့်မည်။ ပြီးနောက် တစ်ခါတည်း သင်းကွပ်ပစ်ပေမည်။ သူမအနေနှင့် စက္ကန့်ဝက်ပင် အသုံးပြုစရာ မလိုအပ်ချေ။ ဒုတိယ မောင်းသံ ပေါ်ပေါက်လာသည်နှင့် ရှမ့်လန်က သေချာပေါက် ဇာတ်သိမ်းသွားရပေလိမ့်မည်။