← Chapters

အခန်း (၅၁၉)

Vol. 35 Ch. 519

အခန်း (၅၁၉)

Vol. 35 Ch. 519

‘နတ်ဘုရားတွေ ခင်ဗျားတို့ ကျုပ်ကို သက်သက်မဲ့ ကျီစားနေတာလား။ မနေ့ကတုန်းက ကျုပ်အိမ်မှာ ငြိမ်ငြိမ်လေးနေခဲ့တာပဲ။ မူလန်ဆိုတဲ့ ကျုပ်ရဲ့မိန်းမက ရောက်မလာခဲ့ဘူး။ တစ်မနက်လုံးကလည်း ကျုပ် ငြိမ်ငြိမ်လေးနေခဲ့တာပဲ။ မူလန် ရောက်မလာခဲ့ဘူး။ ဒါပေမဲ့ ဒီအချိန် ကျုပ် တခြားမိန်းမ တစ်ယောက်နဲ့ ဟိုတင်းဟိုဟာ ပြုလုပ်မိတဲ့အချိန်မှ မူလန် ရောက်လာခဲ့တယ်’

ထိုအရာက ဘာနှင့်တူသလဲဆိုလျှင် ဝန်ထမ်းတစ်ယောက်က အလုပ်ကြိုးစားနေသည့်အချိန်၌ သူဌေး မမြင်ဘဲ ကလိမ်ကကျစ် အကျင့်ပျက်ခြစားမှုကို လုပ်သည့်အချိန်မှ သူဌေးနှင့် တည့်တည့်ကြီး တွေ့ရသကဲ့သို့ပင်။

ရှမ့်လန်က ရုတ်တရက် ဆင်ခြေပေးလိုက်ချင်၏။ ‘မိန်းမ.. ဒါ ငါနဲ့ မဆိုင်ဘူးနော်။ နင်ယန်က သူ့ဘာသာသူ ငါ့ကုတင်ပေါ်ကို တက်လာခဲ့တာပဲ။ ငါက အပြုလုပ်ခံရသူပဲ’

ထိုသို့ ပြောချင်၏။ သို့ပေမည့် သေချာပြန်ကာ စဉ်းစားလိုက်မည်ဆိုလျှင် ထိုအရာက မတရား ယုတ်မာလွန်းရာကျ၏။ လူယုတ်မာလုပ်မည် ဆိုလျှင်တောင်မှ စည်းနှင့်ဘောင် တော့ ရှိသင့်သည် မဟုတ်ပါလား။

သူက အောက်တွင် ရှိနေသည့် နင်ယန်ကို ငုံ့ကာ ကြည့်ရှုလိုက်၏။ သူမ၏ မျက်နှာတစ်ခုလုံးက ဖြူလျော်သွားခဲ့ပြီး မျက်ဝန်းအိမ်ကြီးများထဲ၌ မျက်ရည်များနှင့်လည်း ပြည့်နှက်နေ၏။

လက်ရှိ အခြေအနေကို ကြုံနေရချိန်၌ သူမက တကယ်လည်း လန့်ဖြန့်သွားပုံပေါ်၏။ မည်သို့ပင်ဆိုဆို သူမက မယားငယ် တစ်ယောက်ဆိုသည့် ခေါင်းစဉ်အောက်တွင် တည်ရှိနေသူမို့ လိပ်ပြာ မလုံခြင်းလည်း ဖြစ်ပေလိမ့်မည်။

မင်းသမီးနင်ယန်၏ ယခင်ကပြသခဲ့ဖူးသည့် ခက်ထန်မှု၊ ကြမ်းတမ်းမှု အရာအားလုံးက အတုအယောင် ဖြစ်ကြောင်း ရှမ့်လန်က သေသေချာချာ သိမြင်လိုက်ရ၏။ သူမ၏ နှလုံးသားက ကျိုးပဲ့လွယ်ပြီး စိတ်လုံခြုံမှုလည်း မရှိချေ။ ပုံမှန်အားဖြင့် အပြင်ပန်း၌ မာကျောသယောင် ထင်ရသော်လည်း အတွင်းစိတ်ကတော့ တကယ့်ကို နူးညံ့ပြီး ပျော့ညံ့လွန်းသူ တစ်ယောက်ပင်။

ရှမ့်လန်က သူမ၏ ဖြူဖျော့နေသည့် နှုတ်ခမ်းပါးလေးကို ခပ်ဖွဖွ ဆွဲညှစ်လိုက်၏။ ပြီးနောက် အပြင်ဘက်ဆီသို့ လှမ်းကာ အော်ဟစ်လိုက်သည်။ “မိန်းမ... ငါ ပြောပြမယ်။ လွန်ခဲ့တဲ့ လအနည်းငယ်တည်းက ငါ သန့်သန့်ရှင်းရှင်း နေခဲ့တယ်။ ဒါပေမဲ့ ဒီနေ့မှ မတော်တဆ ဖြစ်သွားခဲ့တာ။ တကယ့်ကို မတော်တဆပါပဲ”

အပြင်ဘက်မှ မူလန်က ပြောလိုက်၏။ “ဒီနေ့ ကျွန်မ ရုတ်တရက် ရောက်လာမယ်လို့ ရှင် မထင်ဘူး မဟုတ်လား”

ရှမ့်လန်က အလိုအလျောက်ပင် လှမ်းကာ ဖြေဆိုလိုက်မိသည်။ “ဟုတ်တယ်”

ထိုသို့ ဖြေပြီးပြီးချင်းမှာပဲ ရှမ့်လန်က သူ့ပါးစပ်ကိုသူ ပိတ်ရိုက်ချင်စိတ် ပေါက်သွား၏။

“အင်း ကျုပ် အပြင် ခဏထွက်လိုက်အုံးမယ်” ရှမ့်လန်က နင်ယန်၏ နှုတ်ခမ်းလေးကို အသာသပ်ကာ ပြောလိုက်၏။ ပြီးနောက် သူက ကိုယ်လုံးတီးနှင့်အခန်းဝဆီသို့ ပြေးထွက်သွားခဲ့၏။ ရှမ့်လန်က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

“မိန်းမ... ငါ မှားပါတယ်။ ငါ တကယ့်ကို မှားခဲ့တာပါ။ ငါက တကယ်တော့ လူယုတ်မာပါပဲ။ အကြိမ် တစ်ထောင်လောက် သတ်ပစ်ဖို့ကောင်းတဲ့ လူယုတ်မာပါပဲ။ ငါ့မှာ တကယ့်ကို နှိုင်းယှဉ်လို့မရနိုင်တဲ့ မိန်းမတစ်ယောက် ရှိပါရက်နဲ့ အပြင်မှာ ဖောက်ပြန်ခဲ့မိတယ်။ ငါက တိရစ္ဆာန်ထက်တောင် ဆိုးတဲ့လူပါပဲ။

မိန်းမ ငါ့ကို သေအောင်သာ ရိုက်သတ်လိုက်ပါတော့ ... မိန်းမ ရိုက်ပါ။ ဒါပေမဲ့ စိတ်တိုပြီး ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်အောင်လို့၊ စိတ်ဆင်းရဲအောင် နေပါနဲ့။ မင်းသာ တစ်ခုခု ဖြစ်တယ်ဆိုရင် ငါ ရင်ကျိုးပြီး သေရပါလိမ့်မယ်”

မူလန်က ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။ ရုတ်တရက် ထိုလူယုတ်မာက သူမ၏ ရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ တစ်စက္ကန့်အတွင်းမှာပဲ ထိုလူယုတ်မာက သူမကို နားလည်ရခက်စွာနှင့် ပွေ့ဖက် လိုက်ပြန်၏။ နောက်တစ်စက္ကန့်အတွင်းမှာပဲ ထိုလူယုတ်မာက သူမကို ရှင်းပြ၍ မရအောင် နမ်းရှိုက် လိုက်ပြန်၏။

“မိန်းမ... ငါ မင်းကို ပွေ့ချီပြီး အထဲကို ခေါ်သွားပေးမယ်” ရှမ့်လန်က တီးတိုးပြောလိုက်သည်။

မူလန်က ရှမ့်လန်ကို ဒေါသတကြီး စိုက်ကြည့်ရင်း မလှုပ်မယှက် တည်ရှိနေခဲ့၏။ ရှမ့်လန်က သက်ပြင်း တစ်ချက် ချလိုက်၏။ ပြီးနောက် သူက မူလန်ကို ပွေ့ချီကာ အခန်းထဲသို့ လျှောက်ဝင်သွားခဲ့၏။ သို့ပေမည့် ငါးမီတာလောက်ပင် မလျှောက်ရသေးချေ။ ရှမ့်လန်၏ ခြေထောက်များက ယိုင်နဲ့လျက် ရှိနေပြီး အသက်ကို မောကြီးပန်းကြီး ရှူနေရ၏။ သူ လဲပြိုကျလုနီးပါး ဖြစ်နေ၏။

မူလန်က သူ့ကို ငြင်သာစွာဖြင့် ပြန်လည်ကာ ဆွဲထိန်းပေးရသည်။ “လူယုတ်မာကောင်... ကိုယ့်မိန်းမရဲ့ ခန္ဓာကိုယ်ကိုတောင် နိုင်အောင်မချီနိုင်ဘဲနဲ့ ဖောက်ပြန်ဖို့ကျတော့ အင်အားတွေ ရှိနေတယ်ပေါ့။”

မူလန်က ငိုချင်နေသည် ဆိုသော်လည်း မျက်ရည် ထွက်မလာခဲ့ချေ။ တကယ်တမ်းမှာတော့ သူမ၏ ယောက်ျားက ချီနိုင်၏။ ယနေ့ ခါးနှင့်ခြေထောက်တွေ အားနည်းနေသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။

အခန်းထဲသို့ ဝင်လိုက်ချိန်မှာတော့ နင်ယန် မရှိတော့ချေ။ ဤနေရာတွင် အခန်းတွေက တစ်ခန်းပြီး တစ်ခန်း ဆက်နေသဖြင့် ပုန်းစရာနေရာကလည်း များ၏။ နင်ယန်က မူလန်ကို ရင်ဆိုင်ရဲသည့် သတ္တိ မရှိသောကြောင့် ထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။

မူလန်က ရင်းနှီးနေသည့် ရနံ့တစ်ခုကို ရရှိလိုက်သည်နှင့် ချက်ချင်းပဲ မျက်မှောင်ကြုတ်လိုက်၏။ ပြီးနောက် သက်ပြင်းကို ချလိုက်သည်။

“မိန်းမ”

ရှမ့်လန်က မူလန်ကို ရင်ခွင်ထဲသို့ ထည့်ထား၏။ သူမ၏ ကိုယ်သင်းနံ့များကို မက်မက်မောမောဖြင့် ရှူရှိုက်လျက် ရှိနေ၏။

မူလန်က ဂရုမစိုက်သလို နေထိုင်နေသည်။

ရှမ့်လန်က ပြောလိုက်၏။ “မိန်းမ... ငါ ကျိန်ဆိုရဲပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်လုံး ငါ သန့်သန့်ရှင်းရှင်း နေခဲ့တာပါ။ မင်းအတွက် ဆိုပြီးတော့ ဟိုဟိုဒီဒီ လျှောက်ပြီးတော့...”

‘ဟာ... မဖြစ်သေးပါဘူး။ ဒီလိုပြောလို့ မဖြစ်ဘူး။ ဒီလိုပြောရင် အသက်ခံရနိုင်တယ်’

“မိန်းမ... ငါ ကျိန်ပြောပါတယ်။ နင်ယန်နဲ့က ဒါ ဒုတိယအကြိမ်ပါပဲ။ အဲဒါက လွဲရင် တခြား ဘယ်မိန်းမနဲ့မှ မပတ်သက်ခဲ့ဖူးပါဘူး။ ဒီလိုခေတ်ကြီးထဲမှာ ငါ့လောက် သန့်ရှင်းတဲ့ ယောက်ျားမျိုး ရှားပါတယ်”

မူလန်က ပြောလိုက်၏။ “လူယုတ်မာ... ရှင်ကများ ကိုယ့်ဘာသာ ဒီလိုစကားတွေ ပြောနေသေးတယ်ပေါ့”

ရှမ့်လန်က သူ သန့်သန့်ရှင်းရှင်း နေခဲ့သည်မှာ တကယ့်ကို အံ့မခန်းဖြစ်သည်ဟု ထင်ရသော်လည်း မူလန်နှင့် သူ၏ကြားထဲတွင် အမြင်မတူမှုကတော့ တကယ့်ကို ကြီးမား၏။

“မိန်းမ ရက်စက်လိုက်တာ။ လွန်ခဲ့တဲ့ လတွေတည်းက ငါ မင်းကို ပက်ပက်စက်စက် လွမ်းနေခဲ့တာလေ။ ဒါပေမဲ့ မင်း ငါ့ဆီ မလာခဲ့ဘူး။ ငါ ထမင်းစားတိုင်း မင်း ထမင်းစားပြီးပြီလား၊ ဗိုက်များ ဆာနေမလားဆိုပြီး တွေးပူခဲ့တာ။ အိမ်သာ သွားရင်တောင်မှ ငါ့မိန်းမ ဝမ်းမှန်ရဲ့လား ဆိုပြီး တွေးခဲ့တာ”

နောက်ဆုံးမှာတော့ မူလန်က မည်သို့မှ မနေနိုင်တော့ချေ။ ရယ်မောလိုက်မိ၏။ ထိုအချိန်မှာတော့ သူမ၏ ကိုယ်ပေါ်တွင် ရင်စည်း အတွင်းခံလေးသာ ရှိတော့ကြောင်း သတိထားလိုက်မိ၏။

‘ဒီလူယုတ်မာကောင် လက်သွက်လှချည်လား။ သူမ အဘယ်ကြောင့် သတိမထားမိရသနည်း’

ရှမ့်လန်က မူလန်၏ မွှေးပျံ့လျက်ရှိသည့် ခန္ဓာကိုယ်ကို ပွေ့ဖက်ရင်း သူမ၏ နှုတ်ခမ်းများကို တပ်မတ်စွာ နမ်းရှိုက်လိုက်၏။ ခဏကြာသည့်အချိန်မှာတော့ မူလန်က တားလိုက်သည်။ “မလုပ်နဲ့”

ရှမ့်လန်က ပြောလိုက်၏။ “မိန်းမ... ငါ့ကို ရွံသွားလို့လား။ နင်ယန်နဲ့ အိပ်ခဲ့လို့ ငါ့ကို ရွံသွားတာလား။ ငါရေသွားချိုးလိုက်မယ်။”

မူလန်က အံကို ကြိတ်လိုက်မိသည်။ ‘လူယုတ်မာ.. နင်ယန်အကြောင်း ထည့်မပြောလို့ မရဘူးလား။ ရှင် ဖောက်ပြန်တာကို မိခဲ့တယ်ဆိုပေမဲ့ ဒီကိစ္စက အချိန်တစ်နာရီနဲ့ လေးပုံတစ်ပုံလောက်ပဲ ရှိနေသေးတယ်။ ကျွန်မလည်း မေ့ဖို့ ကြိုးစားနေတုန်း ရှိသေးတယ်။ ရှင် ဒီစကားကို ထပ်ခါထပ်ခါ ဘာလို့ လာပြောနေတာလဲ။ ဒီကြမ်းတမ်းတဲ့ မိန်းမနဲ့ ရှုပ်ပွေခဲ့ပြီးတော့ ရှင့်မှာ အင်အားတွေ ကျန်နေသေးလို့လား’

မူလန်က တိုးညှင်းစွာ ပြောလိုက်၏။ “ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် မလုပ်နဲ့။ ဘာပဲဖြစ်ဖြစ် နောက်ထပ် နှစ်ရက် ရသေးတယ်”

“ဘာနှစ်ရက်လဲ” မူလန်က ရှမ့်လန်ကို မပြောချင်ပေ။ သို့ပေမည့် သူမ ကိုယ်ဝန်ရနိုင်ရန် ရက်ရာဇာက နောက်ထပ် နှစ်ရက် ကျန်သေး၏။ သို့ပေမည့် ကိုယ်ဝန်ရကြောင်း သေချာမှသာလျှင် ရှမ့်လန်ကို ပြောပြမည်ဟု ဆုံးဖြတ်ထား၏။ ပြီးနောက် နှစ်ယောက်သား ပွေ့ဖက်ရင်း စကားစမြည် ပြောလျက် ရှိ၏။

“ယောက်ျား... ကျန်းယွီယင်းက ရှင့်ကို စကားတစ်ခွန်း ပါးလိုက်သေးတယ်” မူလန်က ပြောလိုက်သည်။

ရှမ့်လန်က ရုတ်တရက် အကြီးအကျယ်ထိတ်လန့်သွားပြီး ကပျာကယာ ပြောလိုက်၏။ “မိန်းမ.... ငါ သူနဲ့ တစ်ခါမှ မရှုပ်ဘူးနော်။ သူ ငါ့ကို တစ်ဖက်သတ် ကြိုက်နေတာကိုတော့ ငါသိပါတယ်။ ဒါပေမဲ့ ငါ ပြတ်ပြတ်သားသား ငြင်းခဲ့ပြီးသား။ ငါက ဒီလိုယောက်ျားမျိုး လုံးဝမဟုတ်ပါဘူး။ ဒီရက်ပိုင်းထဲမှာ ငါငြင်းခဲ့တဲ့ မိန်းမတွေက မြစ်ထဲက ငါးတွေထက်တောင် ပိုပြီး များသေးတယ်။ ဒီနေ့ နင်ယန်နဲ့ ကိစ္စကလည်း လုံးဝ မတော်တဆပါပဲ။ တကယ့်ကို မတော်တဆပဲ။”

မူလန်က သူမယောက်ျား၏ စကားများကို မကြားချင်တော့ချေ။ နားကိုပိတ်ပြီး တိုတိုတုတ်တုတ်ပင် ပြောလိုက်၏။ “ကျန်းယွီယင်းက ရှင့်ကို ပြောခိုင်းလိုက်တယ်။ ဒီနေ့ကစပြီး သူစိမ်းတွေ ဖြစ်သွားကြပြီတဲ့။”

‘ဟမ်... အဲလောက်တောင် ဖြစ်သွားခဲ့တာလား’ ရှမ့်လန်က ကျန်းယွီယင်း၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်ကို ပြန်လည်ကာ မတွေးဘဲ မနေနိုင်ခဲ့ချေ။ အသက်အရွယ်က ပဟေဋ္ဌိ ဖြစ်သည်ဆိုသော်လည်း ရင့်ကျက်ပြီး ပြည့်စုံသည့် အမျိုးသမီးတစ်ယောက် ကဲ့သို့ပင်။ သို့ပေမည့် သူတို့က သူစိမ်း ဖြစ်သွားခဲ့ပြီလား။ ဤကဲ့သို့သာ ဖြစ်မည်ဆိုပါက ကောင်းကင်ပင်လယ်နန်းဆောင်မှာတည်းက သူမကို သိမ်းပိုက်ခဲ့သင့်၏။ တကယ့်ကို နှမြောစရာပင်။

သို့ပေမည့် ကျန်းယွီယင်း ဤကဲ့သို့သောစကားမျိုး ပြောထွက်ပြီဆိုမှတော့ နောက်ဆက်တွဲ အကျိုးဆက်က တကယ့်ကို ပြင်းထန်သွားခဲ့ပြီ ဖြစ်၏။ နင်ဟန်၏ စကားတစ်ခွန်းကြောင့် ‘ကောင်းကင်ပင်လယ် နန်းဆောင်’ တစ်ခုလုံး၏ သဘောထားက ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်၏။

မူလန်က တိုးညင်းစွာ မေးမြန်းလိုက်သည်။ “ယောက်ျား... ဘာတွေ ဖြစ်ခဲ့တာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “အင်း.. အရူးတစ်ယောက် ရှိတယ်။ အဲဒီအရူးက ငါ့ကို နန်းပလ္လင် ယှဉ်ပြိုင်တဲ့ တိုက်ပွဲကနေ နှုတ်ထွက်စေချင်တယ်။ ပြီးတော့ တခြား အရူးအဘိုးကြီး တစ်ယောက်ဆီမှာ တပည့် ခံခိုင်းတယ်။ ငါက ငြင်းလိုက်တော့ အဲဒီအရူးက ကောင်းကင်ပင်လယ်နန်းဆောင် တစ်ခုလုံးကို ငါတို့နဲ့ အဆက်အသွယ် ဖြတ်တောက်ခိုင်းလိုက်တာပဲ”

မူလန်က ရှမ့်လန်ကို ခပ်တင်းတင်း ပွေ့ဖက်ထား၏။ သူမ၏ ရင်ထဲတွင် နာကျင်သွားရ၏။ ရှမ့်လန်က ပေါ့ပေါ့ပါးပါး ပြောဆိုနေသော်လည်း ထိုအချိန်က ရှမ့်လန် ခံစားရသည့် အထင်သေးခံရမှုနှင့် အရှက်ရမှုတို့ကို သူမ ပြန်လည်ကာ ခံစားမိ၏။ သူမ ဆုံးဖြတ်လိုက်သည်မှာ ယနေ့မှစ၍ သူမ အမုန်းဆုံးလူက ချောင်ယောင်းအာ မဟုတ်တော့ဘဲ နင်ဟန်သာလျှင် ဖြစ်တော့သည်။

“ယောက်ျား... အဲဒါ နင်ဟန်ဆိုတဲ့ မိန်းမ မလား” မူလန်က မေးမြန်းလိုက်၏။

ရှမ့်လန်က ပြန်လည်ကာ ဖြေသည်။ “ဟုတ်တယ်။ အဲဒီအရူးပဲ”

မူလန်က ရှိုက်ကြီးတငင် ငိုကြွေးနေမိ၏။ “ယောက်ျား... ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ အသုံးမကျလို့ ရှင့်ကို သူများတွေ အနိုင်ကျင့်ခဲ့တာပဲ”

ရုတ်တရက် ရှမ့်လန်က မူလန်ကို ရတနာလေးတစ်ပါးကဲ့သို့ပင် ပွေ့ဖက်ထား၏။ မူလန်က သူမ၏ စိတ်ထဲတွင် ထပ်ကာတလဲလဲ ပြောဆိုနေမိ၏။ ‘ငါ လောကရဲ့ နံပါတ်တစ် ဖြစ်ရမယ်။ ငါ လောကရဲ့ နံပါတ်တစ် ဖြစ်ကိုဖြစ်ရမယ်။ ငါ နင်ဟန်ကို သတ်ပစ်မယ်’

“ယောက်ျား... ရှင် ကျွန်မအတွက်နဲ့ ကျုံးရှစ်ရှစ်ကို သေလုနီးပါး ဖြစ်အောင် ရိုက်ခဲ့တယ်ဆိုတာ ကျွန်မ သိတယ်။ ကျွန်မအတွက် လက်စားချေပေးလို့ ကျေးဇူးပါပဲ။ ရှင်က လူယုတ်မာတစ်ယောက် ဖြစ်တယ် ဆိုပေမဲ့ ရှင်က ကျွန်မရဲ့ အကောင်းဆုံး ခင်ပွန်းပါပဲ။ ကျွန်မ ပျော်တယ်”

……………..

နောက်တစ်ရက်မှာတော့ မင်းသမီးနင်ယန်က အကောင်အထည် ပြသခဲ့ပြီ ဖြစ်၏။ သူမ၏ အမူအရာက အပြင်ပန်းတွင် မာကျောသယောင် ရှိသော်လည်း အတွင်းစိတ်ကတော့ ပျော့ညံ့ဆဲပင်။ သူမက သတ္တိမွေး၍ ထမင်းစားပွဲဝိုင်းတွင် အတူဝင်ထိုင်ကာ မူလန်၏ မျက်လုံးကို စိုက်ကြည့်၏။ သူမ၏ ပုံစံက ‘ငါ နင့်ယောက်ျားကို ခိုးယူထားတယ်။ ဒီတော့ နင် ဘာလုပ်နိုင်လဲ’ ဟူ၍ စိန်ခေါ်နေသယောင် ရှိ၏။ သို့ပေမည့် တူကိုကိုင်သည့် သူမ၏ လက်များကတော့ တုန်ယင်လျက် ရှိနေ၏။

“မိန်းမ... ငါတို့ရဲ့ သင်္ဘောတည်ဆောက်မှု အခြေအနေက ဘယ်လိုရှိလဲ”

မူလန်၏ မျက်လုံးများက အရောင်တောက်ပသွားခဲ့သည်။ “တစ်ဝက်ကျော်ကျော်လောက်တော့ ပြီးသွားပါပြီ”

ရှမ့်လန်က သူမကို ကတိပေးထားသည်။ တတိယမင်းသားနှင့် အိမ်ရှေ့စံမင်းသားတို့ကို သတ်ဖြတ်ပြီး နင်ကျန်းကို ထီးနန်းရအောင် ကူညီပြီးသည်နှင့် သူမကို ခေါ်၍ သင်္ဘောကြီးနှင့် ကမ္ဘာပတ်မည် ဟူ၍ပင်။ မူလန်က ထိုအရာကို တကယ်ပင် မျှော်လင့်ထားခဲ့၏။ ထို့ကြောင့် ရှမ့်လန်က ဤမကြုံစဖူး ကြီးမားလွန်းသည့် သင်္ဘောကြီးကို တည်ဆောက်ရန် ရွှေဒင်္ဂါး တစ်သိန်းခွဲကိုပင် လက်မှတ်ထိုး ယူခဲ့၏။

ဟွမ်တုံက ထိုကုန်ကျစရိတ်ကို မြင်သည့်အချိန်က မျက်ခုံးများပင် လှုပ်ခဲ့သည်။ ရှမ့်လန်ကို သတိကြီးစွာဖြင့် မေးမြန်းခဲ့မိသည်။ “ဒီသင်္ဘောကြီးက ဘာလုပ်ဖို့လဲ”

ရှမ့်လန်က တည်ကြည်စွာပင် ပြန်လည်ကာ ပြောဆိုလိုက်၏။ “ပျော်ရွှင်ဖို့ပေါ့”

ဟွမ်တုံ၏ မျက်ခုံးများက တဆတ်ဆတ်နှင့် လှုပ်ခါလျက် ရှိနေ၏။ သူက နာကျင်စွာဖြင့် ရေရွတ်လျက် ရှိနေသည်။ “ပျော်ဖို့ ... ပျော်ဖို့တဲ့လား”

ပြီးနောက် သင်္ဘောကြီး တည်ဆောက်ရန် ကောင်းကင်တာအိုအဖွဲ့အစည်းက ချက်ချင်းပဲ ရွှေဒင်္ဂါး တစ်သိန်းခွဲကို ချပေးခဲ့၏။ ဤမျှ သဘာဝကျကျဖြင့် ဖြုန်းတီးနိုင်သည့်လူဟူ၍ ဤလောကကြီးတွင် ရှိမည်မဟုတ်ချေ။ တခြား သူဌေးသား၊ အပျော်ပါးမက်သူများပင်လျှင် အများဆုံးသုံးမှ ရွှေဒင်္ဂါး တစ်ထောင် လောက်သာလျှင် သုံးကြ၏။

သို့ပေမည့် သခင်လေးရှမ့်ကတော့ ရွှေဒင်္ဂါးသိန်းချီကို ပျော်ဖို့ အသုံးပြုခဲ့၏။ အဓိကအချက်အားဖြင့် ရှမ့်လန်က ပိုက်ဆံသုံးရခြင်းနှင့် ပတ်သက်၍ စိတ်စနိုးစနှောင့်မဖြစ်ပေ။ ‘ငါက ပိုက်ဆံသုံးဖို့ပဲ စိတ်ဝင်စားတယ်။ ပိုက်ဆံ ဘယ်ကရလဲ ဆိုတာ စိတ်မဝင်စားဘူး’ ဆိုသည့် ပုံစံမျိုးပင် ဖြစ်၏။

သို့ပေမည့် ကောင်းကင်တာအိုအဖွဲ့အစည်းက ရှမ့်လန် တောင်းဆိုသမျှကို ဖြည့်ဆည်းပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန် ဖန်တီးပေးသည့်အရာများက တကယ့်ကို ကောင်းကင်ဘုံကိုပင် အံ့တုနိုင်လောက်အောင် ကြီးမားသောကြောင့်ပင်။ သူတို့၏ မဟာဗျူဟာမြောက် အရေးပါမှုနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ငွေကြေးအနည်းငယ်က ပြောပလောက်သည့် အရာမျိုး မဟုတ်ချေ။

ရှမ့်လန်က စိတ်ထဲတွင် တွက်ချက်လျက် ရှိနေ၏။ ပြီးနောက် ပြောလိုက်၏။ “ငါ နင်ယီနဲ့ နင်ချီကို သတ်ပြီးရင် သင်္ဘောကြီး ဆောက်ပြီးလောက်ပြီ။ အဲအချိန်ကျရင် ခရီးရှည် ထွက်ရမယ်”

နင်ယန်က ရုတ်တရက် ဝင်ပြောသည်။ “ငါလည်း လိုက်မယ်”

“ကျုပ်လည်း လိုက်မယ်” ကျင်းမူကုန်းကလည်း ဝင်ပြော၏။

မူလန်က တူနှင့် ကျင်းမူကုန်း၏ ခေါင်းကို တည့်တည့်ရိုက်ချကာ ဆူသည်။ “နင်ကြောင့် ငါ့ယောက်ျားက အခုထိ အပြင်ကို လျှောက်သွားနေတာ။ နင်သာ အသုံးကျခဲ့ရင် ငါနဲ့ ငါ့ယောက်ျား အပြင်ကို လျှောက်သွားပြီး ပျော်ပါးနေရလောက်ပြီ”

ကျင်းမူကုန်းက ခေါင်းငုံ့ထား၏။ သူက ပါးစပ်ကို ခပ်တင်းတင်း ပိတ်ထားရ၏။ ‘အင်း.. ခင်ဗျားတို့က ဘာလို့ ကျုပ်ကို ရွှမ်ဝူနယ်စားကြီး ဖြစ်အောင် အတင်းဖိအားပေးနေရတာလဲ။ ကျုပ်ရဲ့ အိမ်မက်က လောကအနှံ့ကို လှည့်လည် သွားလာဖို့ပဲလေ’

နင်ယန်က အံကိုကြိတ်ပြီး စားပွဲအောက်တွင်ရှိနေသည့် ရှမ့်လန်၏ ခြေထောက်ကို တက်နင်းလိုက်၏။ ကျင်းမူလန်က ကျင်းမူကုန်းကို ရိုက်ပြသည်မှာ သူမကို ရိုက်ချင်၍ ရိုက်ပြမှန်း သူမ ခံစားမိ၏။ သူမ ထင်သည်ကလည်း အမှန်ပင် ဖြစ်၏။ သို့ပေမည့် ရှမ့်လန်က သူမအတွက် ဝင်မပြောရဲပေ။ သူ၏ မိန်းမကို သူလည်း ကြောက်သည်။

.....................

All Chapters