အခန်း (၅၂၀)
Vol. 35 Ch. 520
လျှို့ဝှက်မြေအောက်ခန်း အတွင်းမှာတော့ သားရဲတစ်ကောင်၏ ဟိန်းဟောက်သံများ ထွက်ပေါ်နေခဲ့၏။ ဓားဘုရင် လီချင်းချိုးက သူ၏မိန်းမကို အစာကျွေးရန် ကြိုးစားလျက် ရှိနေပြီး သူ၏မိန်းမက ဒေါသတကြီးဖြင့် သောင်းကျန်းနေ၏။
အကြောင်းက ဓားဘုရင်၏ မိန်းမက သားရဲတိရစ္ဆာန် တစ်ကောင်ကဲ့သို့ စားသောက်ရသည်ကို အသားကျလျက် ရှိ၏။ ထမင်းကို ကြမ်းပြင်ပေါ်သို့ ပုံချလိုက်ပြီး ပါးစပ်နှင့် ကုန်းစားတတ်၏။ ထိုအရာကို ဓားဘုရင်က သဘောမကျသဖြင့် ဇွန်းနှင့် ခွံ့ကျွေးရာမှ ပြဿနာ တက်ကြခြင်းပင်။
ယခင်တုန်းက သူမက ဤမျှထိ ရူးသွပ်ခြင်း မရှိခဲ့ချေ။ အသိစိတ် အနည်းငယ် ကျန်ရှိနေသေးကြောင်း ရှမ့်လန် မှတ်မိ၏။ လအနည်းငယ်လောက် မတွေ့ရသည့်အချိန်တွင် သူမက သားရဲတိရစ္ဆာန် တစ်ကောင် ကဲ့သို့ပင် အလုံးစုံ ပြောင်းလဲသွားခဲ့သည်။
သို့ပေမည့် ရှမ့်လန်က နားလည်ပေးနိုင်၏။ အဘယ်ကြောင့်ဆိုသော် လီချင်းချိုးက သူ၏ဇနီးသည်ကို ဂရုတစိုက် ပြုစုစောင့်ရှောက်ခဲ့သောကြောင့် သူမက အဆိပ်ပြင်းမိထားသည်ဆိုသော်လည်း အသိစိတ် အနည်းငယ် ကျန်ရှိနေခြင်းပင်။
သို့ပေမည့် လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဓားဘုရင်က ရှမ့်လန်ကို ကူညီရန် ရှမ့်လန်၏ ဘေးတစ်ဖက်ဆီသို့ လိုက်ပါလာခဲ့ရ၏။ ခင်ပွန်းသည်၏ ပြုစုစောင့်ရှောက်မှု မရှိတော့သောကြောင့် ဓားဘုရင်၏ မိန်းမက နောက်ဆုံး ကျန်ရှိနေသည့် အသိစိတ်များ ပျောက်ဆုံးသွားခဲ့ပြီး သားရဲတိရစ္ဆာန်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခြင်း ဖြစ်၏။
ထိုခဏမှာပဲ ရှမ့်လန်က သူ့ကိုသူ အပြစ်ရှိသလို ခံစားလိုက်ရ၏။ တကယ်တမ်းမှာတော့ သူ့၌ ဓားဘုရင်ကို အမိန့်ပေးနိုင်သည့် အခွင့်အာဏာ မရှိသလို၊ ဓားဘုရင်ကို သူ၏မိန်းမနှင့် ခွဲထားနိုင်သည့် အရည်အချင်းလည်း မရှိပေ။
ဓားဘုရင်က အလွန် ရိုးသားသည့် လူတစ်ယောက်ဖြစ်ပြီး ရှမ့်လန်ကို ပေးထားသည့် ကတိစကားတစ်ခုကြောင့် ယခုအချိန်ထိ လိုက်ပါကူညီပေးနေခြင်း ဖြစ်၏။
ဓားဘုရင်က ရှမ့်လန်ကို မည်သည့်အကြွေးမှ မတင်ချေ။ ပြောင်းပြန်အားဖြင့် ရှမ့်လန်ကသာ ဓားဘုရင်ကို အကြွေးအများကြီး တင်နေခြင်း ဖြစ်၏။ ဓားဘုရင်၏ ကာကွယ်ပေးမှုသာ မရှိပါက ရှမ့်လန်ဆိုသည့် အကောင်သည် ဆယ်ခါလောက်ပင် သေဆုံးနှင့်နေပြီ ဖြစ်၏။ လောကကြီးထဲတွင် ရိုးသားသည့် လူများကို ဘယ်တော့မှ ဝမ်းနည်းအောင် မလုပ်သင့်ပေ။
ဓားဘုရင်က ကြီးမားသည့် ကြိုးစားအားထုတ်မှုဖြင့် သူ၏ဇနီးသည်ကို ထမင်းတစ်ပန်းကန် ကုန်အောင် ကျွေးခဲ့၏။ သူက မဟာပညာရှင်တစ်ယောက် ဖြစ်သော်လည်း တစ်ကိုယ်လုံး ချွေးများဖြင့်ဖြင့် ရွှဲနစ်လျက် ရှိ၏။
“စီနီယာ ဓားဘုရင်... ကျုပ် ခင်ဗျားကို ပြောစရာ ရှိတယ်” ရှမ့်လန်က ပြောလိုက်သည်။
လီချင်းချိုးက ခေါင်းညိတ်လိုက်၏။
“ကောင်းကင်ပင်လယ်နန်းဆောင်က အထင်ကြီးစရာ ကောင်းတယ်။ သူတို့ဆီမှာ ခင်ဗျားရဲ့ မိန်းမကို ကယ်တင်နိုင်မယ့် နည်းလမ်း ရှိသင့်တယ်။ ဒါက စစ်မှန်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်သင့်တယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါကြောင့် ခင်ဗျားရဲ့မိန်းမကို ကယ်ဖို့ မျှော်လင့်ချက်နဲ့ ကောင်းကင်ပင်လယ် နန်းဆောင်ကို ပို့ဆောင်ခဲ့တာ။ ခင်ဗျားရဲ့ မိန်းမနဲ့ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ ကြားထဲမှာ ပတ်သက်မှု တစ်ခုခု ရှိလိမ့်မယ်လို့လည်း ကျုပ် ယုံကြည်ခဲ့တယ်”
“အင်း… ငါသိပါတယ်” ဓားဘုရင်က ပြောလိုက်၏။
“ဒါပေမဲ့ ကောင်းကင်ပင်လယ် နန်းဆောင်က မကယ်ခဲ့ဘူး” ရှမ့်လန်က ပြောလိုက်သည်။
လီချင်းချိုးက သက်ပြင်းချလိုက်၏။ သူက ကောင်းကင်ပင်လယ် နန်းဆောင်ကို အပြစ်မတင်ချင်ပေ။ ထို့အတူ တစ်ယောက်တည်း ငြီးငြူခြင်းကိုလည်း မလုပ်ချင်ပေ။ သို့ပေမည့် သက်ပြင်းချခြင်း၏ နောက်ကွယ်ရှိ အဓိပ္ပာယ်က အလွန်ရိုးရှင်း၏။ သူက အလွန့်ကို သေးနုပ်လွန်းသည့်တစ်ယောက် ဖြစ်သောကြောင့် ကောင်းကင်ပင်လယ် နန်းဆောင်အနေနှင့် သူ့ကို ကူညီရန် မလိုဘူးဟု ခံစားမိနေခြင်းလည်း ဖြစ်နိုင်၏။
သို့မဟုတ် ကောင်းကင်ပင်လယ် နန်းဆောင်၏ အမြင်တွင် လီချင်းချိုးက ရန်နန်းဖေးလောက် အရေးမပါဟု သတ်မှတ်ထားသည်လား မသိချေ။ ရန်နန်းဖေးက ရွှယ်ရွှယ်ကို ခိုင်းပြီး လီချင်းချိုး၏ မိန်းမကို အဆိပ်ခတ်ခိုင်းခဲ့သည်မို့ ကောင်းကင်ပင်လယ်နန်းဆောင်က မကူညီခြင်းများ ဖြစ်နေသည်လား။
တကယ်တမ်းမှာတော့ ရှမ့်လန်ရော၊ လီချင်းချိုးရော နှစ်ယောက်လုံး၌ ကောင်းကင်ပင်လယ်နန်းဆောင်ကို အကူအညီတောင်းဆိုရန် အခွင့်အရေးဟူ၍ မရှိချေ။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ပင်လယ် နန်းဆောင်က သူတို့အပေါ်၌ မည်သည့်အကြွေးမှ တင်မနေသည်မှာတော့ သေချာ၏။
သို့ပေမည့် လက်တွေ့ဘဝကို သက်သေပြလိုက်သည်မှာ ကောင်းကင်ပင်လယ် နန်းဆောင်က သူတို့ထင်သလို မြင့်မြတ်ခြင်း မရှိပေ။ အပြင်ပန်းက မြင်ရသလို အထက်စီးဆန်နေခြင်းလည်း မရှိချေ။ သူတို့က ထိပ်တန်း တက္ကသိုလ် တချို့နှင့် တူညီ၏။ လယ်သမား ဖြစ်စေ၊ အိမ်ခြေရာမဲ့ ဖြစ်စေ ကျောင်းတွင်းသို့ ဝင်ရောက် စာဖတ်နိုင်၏။ အတန်းလည်း တက်နိုင်သည်။
ထိုအချိန်မျိုး၌ တကယ့်ကို ကျေးဇူးတင်မိပြီး ဤကျောင်းကြီးက သိပ်ကောင်းတာပဲ၊ သိပ်ပြီး မြင့်မြတ်တာပဲဟု ခံစားရပေလိမ့်မည်။ သို့ပေမည့် စာကြည့်တိုက်ထဲ ဝင်မည်လုပ်သည့်အချိန်မှာတော့ လုံခြုံရေးအစောင့်၏ တားမြစ်ခြင်းကို ခံရပေလိမ့်မည်။
အရေးကြီးပုဂ္ဂိုလ်များ လာရောက် စစ်ဆေးသည့်အချိန် သို့မဟုတ် ကျောင်းနှစ်ပတ်လည်ပွဲများ ကျင်းပသည့် အချိန်တွေတွင် ကျောင်းဝင်းတံခါးဝသို့ပင် ဖြတ်သန်းခွင့် ရလိမ့်မည် မဟုတ်ပေ။ ထိုအချိန်ကျမှ ဤနေရာက မိမိကို မကြိုဆိုကြောင်း သဘောပေါက်ပေလိမ့်မည်။
တကယ်တော့ ထိုအရာကလည်း မှားယွင်းသည်ဟု ပြောဆို၍ မရချေ။ ရှမ့်လန်အနေဖြင့် ကောင်းကင်ပင်လယ် နန်းဆောင်အပေါ်တွင် မျှော်လင့်ချက် မထားခဲ့သင့်ပေ။ သူက ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်သောကြောင့် ကောင်းကင်ပင်လယ်နန်းဆောင်က သူ့ကို ဟင်းကောင်း တစ်ခွက်ကဲ့သို့ သဘောထားလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ လက်တွေ့မှာတော့ ထိုသို့ မဟုတ်ခဲ့ချေ။ လီချင်းချိုးလို လူမျိုးတောင်မှ ကောင်းကင်ပင်လယ်နန်းဆောင်၏ မျက်လုံးထဲတွင် အရေးမပါသည့် လူတစ်ယောက် ဖြစ်ခဲ့၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းကင်ပင်လယ်နန်းဆောင်က ခင်ဗျားရဲ့ မိန်းမကို မကယ်တင်ချင်ဘူး ဆိုတော့ ကျုပ်ရဲ့ နည်းလမ်းအတိုင်းပဲ လုပ်ကြတာပေါ့။ အင်း... အရမ်း အန္တရာယ်များတယ် ဆိုပေမဲ့ ...”
လီချင်းချိုးက ပြောလိုက်၏။ “လုပ်ပါ။ လုပ်စရာ ရှိတာ လုပ်တော့”
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားမိန်းမရဲ့ ခန္ဓာကိုယ်က အဆိပ်မိနေတာ။ တကယ်လို့ ယုတ္တိဗေဒအရ ပြောရမယ်ဆိုရင် အရူးကြီးရဲ့ ရွှေရောင်သွေးမျိုးဆက် အဆီအနှစ်ကို အသုံးပြုပြီး ကိုယ်ထဲမှာရှိနေတဲ့ ပိုးကောင်တွေကို စုပ်ထုတ်လိုက်ရမယ်”
အရူးကြီးက ထိုစကားကို ကြားသည်နှင့် ဓားတစ်ချောင်းကို ထုတ်ကာဖြင့် သူ၏ သွေးကြောများကို ဖောက်ထုတ်ရန် ပြင်လိုက်၏။
“နေပါအုံးဟ၊ မလောပါနဲ့အုံး”
ရှမ့်လန်က အလျင်အမြန် တားမြစ်လိုက်၏။ ပြီးနောက် ရှမ့်လန်က ဓားဘုရင်ကို လှမ်းပြောသည်။ “ဒါပေမဲ့ အခု အကြီးမားဆုံး ပြဿနာက အဲဒီပိုးကောင်တွေက ခင်ဗျားမိန်းမရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပြီ။ သူမကို အသက်ဆက်ထားတဲ့ စွမ်းအင်တစ်မျိုးလိုတောင် ဖြစ်နေတယ်။ အဆိပ်ပြင်းမြွေ တချို့လိုပေါ့။ သူတို့ရဲ့ အဆိပ်ကို ဖယ်ရှားလိုက်တာနဲ့ချက်ချင်း အားနည်းပြီး သေဆုံးသွားလိမ့်မယ်”
ယခုအချိန်မှာတော့ ဓားဘုရင်၏ မိန်းမ၏ ခန္ဓာကိုယ်၌ အဆိပ်များနှင့် ပြည့်နှက်နေ၏။ သူမက လုံးဝကို အဆိပ်လူသား တစ်ယောက်ကဲ့သို့ပင် ပြောင်းလဲနေ၏။ သူမက အသိစိတ်လွတ်နေသောကြောင့် လှောင်အိမ် ထဲတွင် ထည့်ပိတ်ထားရ၏။
သို့ပေမည့် လီချင်းချိုး သူမအနားသို့ လာသည့်အချိန်မှာတော့ သူမက ရိုက်နှက်ဆဲဆိုတတ်သော်လည်း သူမ၏ ယောက်ျားကိုတော့ မကိုက်ခဲ့ချေ။ အကယ်၍ အခြားသော သူတစ်ယောက်ယောက်သာ သူမကို သွားထိပါက ချက်ချင်း ကိုက်ပေလိမ့်မည်။ သူမ၏ အကိုက်ခံရပါက အသက်အန္တရာယ် ရှိနိုင်၏။ သွားထဲတွင် အဆိပ်များ ပြည့်နှက်လျက် ရှိနေသောကြောင့်ပင်။ ထို့ကြောင့် သူမက အသိစိတ် လွတ်နေသည် ဆိုသော်လည်း လီချင်းချိုးကို မိသားစု ဖြစ်ကြောင်း ပင်ကိုအသိစိတ်ဖြင့် သိရှိနေသည်။
“ဒါကြောင့် ကျုပ်တို့က သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပိုးကောင်ကို စုပ်ထုတ်လို့ မဖြစ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ထဲက အဆိပ်တွေကိုတော့ ဖယ်ရှားပစ်ရမယ်။ ကျုပ် စဉ်းစားလို့ရတဲ့ တစ်ခုတည်းသော နည်းလမ်း ကတော့ အဆိပ်ကို အဆိပ်နဲ့ ပြန်ပြီးတိုက်ခိုက်တာမျိုးပဲ။
ကျုပ် စမ်းသပ်မှုတွေ လုပ်ပြီးပြီ။ နတ်မိမယ် ရွှယ်ရင်ရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ ပိုးကောင်တွေနဲ့ ခင်ဗျားရဲ့ မိန်းမ ကိုယ်ထဲမှာ ရှိနေတဲ့ ပိုးကောင်တွေက တစ်ကောင်နဲ့တစ်ကောင် သတ်ဖြတ်နေကြတယ်။ ဒါကြောင့် ကျုပ်က ခင်ဗျားမိန်းမရဲ့ ကိုယ်ထဲကို အာရုံကြောအဆိပ်ပိုးကောင် အမြောက်အများအပြားကို ထိုးထည့်ပေးဖို့ လိုလိမ့်မယ်။
ဒါပေမဲ့ အဲလိုလုပ်မယ် ဆိုရင် ခင်ဗျားမိန်းမရဲ့ ကိုယ်ထဲမှာ ရှိတဲ့ အဆိပ်ဓာတ်တွေ ဓာတ်မပြယ်ခင်မှာ အာရုံကြောအဆိပ်ကြောင့် အရင်ဆုံး သေသွားနိုင်တဲ့ အခြေအနေမျိုး ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်ဆီမှာ အောင်မြင်နိုင်ခြေ ၇၀ ရာခိုင်နှုန်းလောက်တော့ ရှိတယ်။ ဒီတော့ ကျုပ်တို့ စလိုက်ကြမလား”
လီချင်းချိုးက ပြောလိုက်၏။ “လုပ်ပါ။ အခုပဲ လုပ်လေ”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ အန္တရာယ် ရှိနိုင်ခြေ ၃၀ ရာခိုင်နှုန်း ရှိသေးတယ် ဆိုတာကို မမေ့နဲ့အုံး။ တကယ်လို့ မအောင်မြင်ဘူးဆိုရင် ခင်ဗျားမိန်းမက တစ်ခါတည်း သေဆုံးသွားနိုင်လိမ့်မယ်”
လီချင်းချိုးက ပြောလိုက်၏။ “ကျုပ်က ကံတရားကို ယုံကြည်တယ်။ ကျုပ် ... လီချင်းချိုးက တစ်သက်လုံး ဘယ်သူ့ကိုမှ ထိခိုက်နာကျင်အောင် မလုပ်ခဲ့ဘူး။ ကောင်းကင်ဘုံက ကျုပ်ကို စောင့်ရှောက်လိမ့်မယ်လို့ ယုံကြည်မိတယ်”
ရှမ့်လန်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ “ကောင်းပြီလေ။ ဒီလိုဆိုရင်လည်း ကျုပ်တို့ စလိုက်ကြတာပေါ့”
...........................
ဓားဘုရင်၏ မိန်းမကို ကယ်တင်မည့် နည်းလမ်းကို ရှမ့်လန် ရှင်းပြသည်က အလွန်ရိုးရှင်း၏။ အဆိပ်ကို အဆိပ်နှင့် တိုက်ဖျက်ခြင်းပင်။ သို့ပေမည့် တကယ်တမ်း ပြုလုပ်ရမည့် လုပ်ငန်းစဉ်ကတော့ ရှုပ်ထွေးလွန်း လှချေ၏။ အဘယ်ကြောင့်ဆိုသော် အာရုံကြောအဆိပ် ပိုးကောင်မျိုးဆက် အများအပြား လိုအပ် သောကြောင့်ပင်။
ပထမမျိုးဆက်ကို အစပိုင်းမှာ အသုံးပြုရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သေစေနိုင်လောက်အောင် အလွန် ပြင်းထန်သောကြောင့်ပင်။ သို့ပေမည့် ဓားဘုရင်မိန်းမ၏ ကိုယ်ထဲရှိ အဆိပ်များက တဖြည်းဖြည်း လျော့ပါးသွားသည်နှင့်အမျှ ဒုတိယမျိုးဆက်၊ တတိယမျိုးဆက် ပိုးကောင်များကို ပြောင်းလဲကာ အသုံးပြုရ ပေလိမ့်မည်။ အမှားအယွင်း အနည်းငယ်ပင် ရှိ၍ မရချေ။ ရှိခဲ့လျှင် ဓားဘုရင်၏ မိန်းမက သေဆုံးသွားနိုင်၏။
“စီနီယာ ဓားဘုရင်.. ခင်ဗျားမိန်းမကို ကုတင်ပေါ် ပွေ့တင်လိုက်အုံး။ ပြီးရင် သူ့ရဲ့ သွေးကြောဆုံမှတ်တွေကို ပိတ်ပြီး လက်ကို ကြိုးနဲ့ချည်ထားပေး”
လီချင်းချိုးက ပြောသည့်အတိုင်း လိုက်လံကာ လုပ်၏။ သူ အားစိုက်ထုတ်ခဲ့ရ၏။ သူ၏ မိန်းမကို မထိခိုက်စေရန် လှုပ်ရှားမှုတိုင်းကို တကယ် သတိထားခဲ့ရသည်။
၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက် ဓားဘုရင်၏ မိန်းမသည် ကုတင်ပေါ်တွင် ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီ ဖြစ်၏။ သူမက လုံးဝ မလှုပ်ရှားနိုင်သော်လည်း သူမ ရှုထုတ်လိုက်သည့် လေများကပင်လျှင် အပြာရောင်သမ်းပြီး အဆိပ်ငွေ့များ ပါဝင်နေ၏။
ရှမ့်လန်က အကာအကွယ် ဝတ်စုံနှင့် ဓာတ်ငွေ့ကာ မျက်နှာဖုံးကိုပင် ဝတ်ဆင်ထားခဲ့ရ၏။ ပြီးနောက် သူက ပထမဦးဆုံး ဆေးထိုးအပ်ကို ထုတ်လိုက်၏။ ထိုထဲတွင် အာရုံကြောအဆိပ် ပိုးကောင်ပေါင်း တစ်မီလီမီတာခန့် ပါဝင်၏။ ခဏမျှ တုံ့ဆိုင်းပြီးနောက် သူက သူမ၏ ခန္ဓာကိုယ်ထဲသို့ ထိုပိုးကောင်များ ထိုးသွင်းလိုက်သည်။
ချက်ချင်း ဆိုသလိုပဲ သူမ၏ အသက်ရှူသံများက ရပ်တန့်သွားပြီး နှလုံးခုန်သံကလည်း ရပ်တန့်သွား၏။ သူမ၏ တစ်ကိုယ်လုံးက ရေခဲရိုက်ထားသကဲ့သို့ပင် တောင့်တင်းသွား၏။ သို့သော်ငြား ခဏအကြာမှတော့ သူမ၏ နှလုံးခုန်သံနှင့် အသက်ရှူနှုန်းများက ပုံမှန်အတိုင်း ပြန်လည် ပြောင်းလဲသွားခဲ့၏။ သူမက လုံးဝ ရူးသွပ်သွားသကဲ့သို့ပင် ဖြစ်ကာ အလွန် သနားစရာကောင်းသည့် ခြောက်ခြားဖွယ်ရာ အသံကြီးဖြင့် အော်ဟစ်နေ၏။ တစ်ကိုယ်လုံးကလည်း ရုန်းကန်လျက် ရှိ၏။
လီချင်းချိုးက သူမ၏ သွေးကြောဆုံမှတ်များကို ပိတ်ထားခဲ့သည်မှာ သေချာသော်လည်း ယခုအချိန်တွင် ထိုအရာ အားလုံးက ပွင့်ထွက်သွားခဲ့၏။ သူမ၏ အားက သန်လွန်းသောကြောင့် အလုံးစုံ ဖိနှိပ်၍ မရနိုင်ခဲ့ချေ။ ဓားဘုရင်၊ အရူးကြီးနှင့် ထန်ယင်တို့က ရှေ့သို့ တိုးလာခဲ့၏။ ကျွမ်းကျင်သူသုံးယောက် ကြိုးစားမှသာလျှင် ဓားဘုရင်၏ မိန်းမကို ဖိချုပ်ထားနိုင်သည်။
ပြီးနောက် ပိုမို ကြောက်မက်ဖွယ်ရာ ကောင်းသည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ ဓားဘုရင် မိန်းမ၏ ခန္ဓာကိုယ်ထဲတွင် မရေတွက်နိုင်သည့် အဆိပ်ပိုးကောင်များနှင့် မြွေများ သွားလာနေသကဲ့သို့ ဖြစ်လာသည်။ သူမ၏ အရေပြားက မရပ်မနားပင် ဖုထစ်ပြီး လှုပ်ရှားနေ၏။ ခန္ဓာကိုယ်ထဲတွင် အကောင်များ၊ မြွေများ ဝင်ရောက်ပြီး တည်နေရာအနှံ့သို့ လှည့်လည်ကာ သွားလာနေသကဲ့သို့ ဖြစ်သည်။
သူမ၏ တစ်ကိုယ်လုံးကလည်း လိမ်ကောက်လျက် ရှိနေ၏။ နှလုံးခုန်သံက မြန်ဆန်သည်ထက် မြန်ဆန်လာခဲ့ပြီး အသက်ရှူနှုန်းများကလည်း ပိုမို မြန်ဆန်လာခဲ့၏။ သွေးဖိအားကလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့၏။ မကြာခင် ဦးခေါင်းတစ်ခုလုံး ပွင့်ထွက်လုမတတ်ပင်။ အကယ်၍ သူမကိုသာ အမြန် မကယ်တင်နိုင်ပါက တစ်ကိုယ်လုံး ပေါက်ကွဲထွက်ပြီး ချက်ချင်း သေဆုံးပေလိမ့်မည်။
ရှမ့်လန်က သန့်စင်ထားသည့် မေ့ဆေးများကို ဓားဘုရင်၏ မိန်းမ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်၏။ နောက်ဆုံးမှာတော့ သူမက အနည်းငယ် ငြိမ်သက်သွားခဲ့၏။ သို့ပေမည့် လုံလောက်မှုတော့ မရှိသေးချေ။ သူမ၏ သွေးဖိအားက ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပြီး ပေါက်ကွဲတော့မည့် အတိုင်းပင်။
ထို့ကြောင့် ရှမ့်လန်က ဒုတိယမြောက် အာရုံကြောအဆိပ်ကို ထိုးထည့်လိုက်၏။ နောက်ဆုံးမှာတော့ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက တဖြည်းဖြည်း ငြိမ်သက်သွား၏။ ရေခဲရိုက်ထားသည့် အခြေအနေဆီသို့ ပြန်လည် ရောက်ရှိသွားပြန်၏။
မိနစ် အနည်းငယ် ကြာသည့်အချိန်မှာတော့ သူမက ထပ်မံကာ သောင်းကျန်း လာပြန်၏။ နှလုံးခုန်သံများက တဒိန်းဒိန်းနှင့် ခုန်လျက် ရှိနေပြီး သွေးဖိအားများကလည်း ထိုးတက်လာခဲ့၏။ ဤအရာက သူမ၏ ကိုယ်ထဲမှ ကပ်ပါးကောင်များ၏ တန်ပြန် တိုက်ခိုက်မှု ဖြစ်ကြောင်း ရှမ့်လန်က သိ၏။ သူမ၏ ခန္ဓာကိုယ်အတွင်း၌ ရုန်းကန် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ဤကဲ့သို့သော လုပ်ငန်းစဉ်ကို ၁၃ ကြိမ်တိုင်တိုင် ပြုလုပ်ပြီး ထပ်ခါထပ်ခါ ဖိနှိပ်ထား၏။ စီနီယာ ဓားဘုရင် တစ်ယောက်တည်း ပင်ပန်းနွမ်းနယ်နေသည် မဟုတ်ချေ။ ရှမ့်လန်ကလည်း လုံးဝကို အားအင် ကုန်ခမ်းနေပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းစဉ် တစ်ခုလုံးက အန္တရာယ် များလွန်းသောကြောင့်ပင်။
အကြိမ်တိုင်း၊ အကြိမ်တိုင်း အာရုံကြောအဆိပ်ကို မီလီမီတာ ပမာဏ ထိုးသွင်းရမည်၊ မည်သည့်မျိုးဆက်ကို အသုံးပြုရမည်၊ ထိုးဆေး တစ်ကြိမ်နှင့် တစ်ကြိမ်ကြား မည်မျှခြားရမည်၊ မည်သည့်အချိန်တွင် မေ့ဆေးမှုန့် များကို သုံးရမည်။ ပြီးနောက် ထိုးထည့်လိုက်သည့် အာရုံကြောအဆိပ် ကူပိုးကောင်မျိုးက နောက်ဆုံးမျိုးဆက် ဖြစ်ကြောင်း သေချာစေရပေလိမ့်မည်။ ထိုမှသာလျှင် အနည်းဆုံး နောက်ဆက်တွဲ ဆိုးကျိုးက အနည်းဆုံး ဖြစ်မည်။
ထိုအရာအားလုံးကို ရှမ့်လန်က X-Ray အမြင်ကို အသုံးပြုပြီး သေသေချာချာ ကြည့်ရှုရင်းမှ တွက်ချက်မှုများ ပြုလုပ်ခဲ့ရ၏။ အနည်းငယ်လေးသော မှားယွင်းမှုများ ဖြစ်ပေါ်လာသည်နှင့် ဓားဘုရင်မိန်းမ၏ ခန္ဓာကိုယ်က ပေါက်ကွဲ၍သော်လည်းကောင်း၊ တောင့်တင်း၍သော်လည်းကောင်း သေဆုံးသွားမှာ ဖြစ်၏။
သို့ပေမည့် ကံကြမ္မာ အလှည့်အပြောင်း တစ်ခုက ထွက်ပေါ်လာခဲ့၏။ ဓားဘုရင် မိန်းမ၏ ခန္ဓာကိုယ် ပေါ်တွင် ရှိနေသည့် ဖားပြုတ်ကဲ့သို့သော အသားအရေတစ်ခုက နည်းနည်းချင်းစီ ပျောက်ကွယ်သွားခဲ့၏။ သူမ၏ ကွေးကောက်လျက် ရှိနေသည့် ခန္ဓာကိုယ်က တဖြည်းဖြည်း ဆန့်တန်းလာခဲ့သည်။
တစ်နာရီခွဲလောက် ကြာမြင့်ပြီးနောက် အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ ဓားဘုရင်မိန်းမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဖြောင့်ဆင်းသွားခဲ့၏။ သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဖားပြုတ်ကဲ့သို့သော အရေပြားများက ပျောက်ကွယ်သွားခဲ့၏။
ဟုတ်ပေ၏။ သူမ၏ ဆံပင်များကတော့ မရှိတော့ချေ။ သူမက အလွန် ရုပ်ဆိုးလျက် ရှိနေတုန်းပင်။ ထို့ပြင် သူမက ဆယ်နှစ်နီးပါး ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြမ်းကြမ်းတမ်းတမ်း နေထိုင်ခဲ့ရသည် မဟုတ်ပါလား။ ယခင်နီးပါး ပြန်လည် ကောင်းမွန်ဖို့ဆိုလျှင်ပင် အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက် အချိန်ယူရမှာ သေချာသည်။
သူမက သတိလစ် မေ့မျောလျက် ရှိနေ၏။ နှလုံးခုန်သံများက အားနည်းလျက် ရှိသည်။ အသက် ရှူနှုန်းများကလည်း အားနည်း၏။ သို့ပေမည့် သူမ၏ အသက်ကတော့ အန္တရာယ် မရှိတော့ချေ။ ဤအရာက နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်၏။
နောက်ဆုံးမျိုးဆက် အာရုံကြောအဆိပ် ကူပိုးကောင်များက ခန္ဓာကိုယ်ကို ဤကဲ့သို့ မလှုပ်မယှက် ဖြစ်စေ၏။ သို့ပေမည့် လဝက်ခန့် ကြာမြင့်ပြီးနောက် အဆိပ်ပြင်း ထုတ်လုပ်မှုအားက လျော့ကျလာမှာ ဖြစ်ပြီး အဆိပ်ထုတ်လွှတ်ခြင်းကလည်း တဖြည်းဖြည်း ရပ်တန့်သွားပေလိမ့်မည်။
ထိုအချိန်သို့ ရောက်သည်ဆိုပါက လူ့ခန္ဓာကိုယ်၏ ဇီဝကမ္မ ဖြစ်စဉ် (အလိုလို တုံ့ပြန်နိုင်မှုအား) က ကျန်ရှိသည့် အဆိပ်များကို ခန္ဓာကိုယ်၏ အပြင်ဘက်သို့ သူ့အလိုလို စွန့်ထုတ်ပေလိမ့်မည်။
နောက်ဆုံးမှာတော့ သူတို့ အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ ကုသမှု လုပ်ငန်းစဉ် တလျှောက်လုံးက အန္တရာယ်များသည့် အခြေအနေမျိုးကို ကြုံတွေ့ရသည် ဆိုသော်လည်း အဆုံးသတ်မှာတော့ သူတို့ အောင်မြင်ခဲ့၏။