← Chapters

အခန်း (၅၂၂)

Vol. 35 Ch. 522

အခန်း (၅၂၂)

Vol. 35 Ch. 522

မြင်းရထားက အရှိန်မြင့်စွာဖြင့် ပြေးထွက်သွား၏။ ၁၅ မိနစ်ခန့် ကြာတော့ ရှမ့်လန်က နန်းတော်ထဲသို့ တိတ်တိတ်ဆိတ်ဆိတ် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ‘အရှင်မင်းကြီး... ဘာမှဖြစ်လို့ မဖြစ်ဘူး။ ဘာမှဖြစ်လို့ မဖြစ်ဘူး။’

လီစွမ်းက ရှမ့်လန်ကို မောင်းမဆောင်ဆီသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားခဲ့၏။ ယခုအချိန်မှာတော့ မောင်မဆောင်အတွင်းရှိ မိန်းမစိုးများနှင့် အပျိုတော်အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ လီစွမ်း၏ ယုံကြည်ရသည့် လူယုံအနည်းငယ်သာ ကျန်ရှိ၏။ ဘာဖြစ်နေသည်ကို မည်သူမှမသိစေရဘူး ဆိုသည်မှာ ထင်ရှားသည်။

မိန်းမစိုးလီစွမ်းက ရှမ့်လန်ကို မိဖုရားကြီးကျုံး၏ ဝင်းထဲသို့ ခေါ်ဆောင်သွားခဲ့၏။ အခန်းထဲသို့ ဝင်သည့်အချိန်မှာတော့ မိဖုရားကြီးကျုံး၏ အော်သံကို ကြားရ၏။

“အရှင်မင်းကြီး.. ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ တစ်ခုခု ပြောပါအုံး။ ကျွန်မကို မခြောက်ပါနဲ့။ ကျွန်မကို ကြောက်အောင် မလုပ်ပါနဲ့”

ရှမ့်လန် အခန်းထဲသို့ ဝင်သည့်အချိန်မှာတော့ ရှေ့မှ မြင်ကွင်းကို ကြည့်ရှုရင်း မင်သက်သွားမိ၏။ နင်ယွမ်ရှန်းနှင့် မိဖုရားကြီးကျုံးတို့က ကုတင်ပေါ်တွင် ရှိနေဆဲဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် ထပ်ရက်သားပင်။

သို့ပေမည့် နင်ယွမ်ရှန်းက မလှုပ်မယှက် ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေ၏။ မျက်လုံးများကလည်း မလှုပ်ရှား။ ခန္ဓာကိုယ်ကလည်း မလှုပ်ရှားဘဲ လေဖြတ်နေသကဲ့သို့ပင်။ ခန္ဓာကိုယ်မှာတော့ တဆတ်ဆတ် တုန်ယင်နေ၏။

မိဖုရားကြီးကျုံးက အစိုးရိမ်လွန်သောကြောင့် မျက်ရည်များ ကျဆင်းလျက် ရှိနေ၏။ ရှမ့်လန်ကို မြင်သည့် အချိန်မှာတော့ သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ရှမ့်လန်.. မြန်မြန်လာပါ။ မြန်မြန်လာပါ အရှင်မင်းကြီးကို ကယ်ပါအုံး။ အရှင်မင်းကြီးကို ကယ်ဖို့ ငါ တောင်းပန်ပါတယ်”

“အရှင်မင်းကြီးက ဒီရက်ပိုင်းထဲမှာ ငါ့အခန်းထဲမှာပဲ အိပ်စက်ခဲ့တာ။ ဒါတွေအားလုံး ငါ့ရဲ့အပြစ်ပါပဲ။ အရှင်မင်းကြီးက ရုတ်တရက်ကြီး လှုပ်လို့မရတော့ဘူး၊ စကားလည်း ပြောလို့ မရတော့ဘူး။ လေဖြတ်သွားသလို ဖြစ်သွားခဲ့တာ ဒါတွေအားလုံး ငါ့ရဲ့ အပြစ်ပါပဲ”

မိဖုရားကြီးကျုံးက မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ဖုံးလွှမ်းနေ၏။ သူမ၏ ဝတ်လစ်စလစ် ခန္ဓာကိုယ်ကို တခြားသူ မြင်သွားမည်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။ တကယ်တော့ လီစွမ်းက မိန်းမစိုး တစ်ယောက် ဖြစ်သလို ရှမ့်လန်ကလည်း သူမ၏ တူအရွယ် ဖြစ်၏။ ယနေ့ကဲ့သို့သော အခြေအနေမျိုးတွင် သူမက ထိုအရာများကို ဂရုမစိုက်နိုင်တော့ချေ။

‘အင်း… ဦးနှောက် သွေးကြောပေါက်တာတော့ မဖြစ်ပါစေနဲ့’

အကယ်၍ ဦးနှောက် သွေးကြောပေါက်ခြင်းသာ ဖြစ်ခဲ့ပါက ဦးခေါင်းခွံကို ဖွင့်၍ ခွဲစိတ်ကုသမှု ပြုလုပ် ရပေလိမ့်မည်။ သို့ပေမည့် ဤလောကကြီးထဲတွင် ဦးနှောက်ခွံကို ဖွင့်၍ ခွဲစိတ်ခြင်း ဆိုသည်မှာ သေမင်းထံသို့ သွားခြင်းနှင့် အတူတူ ဖြစ်၏။

‘အဆိပ်မိတာလည်း မဖြစ်စေနဲ့။ အထူးသဖြင့် စေတီတောင်က အဆိပ်မျိုး မဖြစ်ပါစေနဲ့’

အကယ်၍ ထိုသို့သာ ဖြစ်ပါက ရွှဲ့ပြည်နယ် တော်ဝင်မျိုးနွယ်၏ အာဏာလုပွဲက ချက်ချင်းပဲ အထွတ်အထိပ် အခြေအနေဆီသို့ ရောက်ရှိသွားပြီး ပြည်တွင်းစစ်ကြီးပင် ဖြစ်လာနိုင်သည်။

ရှမ့်လန်နှင့် မင်းသားနင်ကျန်းတို့၏ အင်အားစုက တကယ့်ကို အားအင်နည်းပါးနေသေး၏။ ပြည်တွင်းစစ်သာ ဖြစ်ပွားခဲ့ပါက သူတို့အနေနှင့် ဤအာဏာလု ကစားပွဲတွင် ပါဝင်ရန် အရည်အချင်းပင် မပြည့်မီပေ။ သူတို့လုပ်နိုင်သည် တစ်ခုတည်းသော အရာက ထွက်ပြေးခြင်းသာ ဖြစ်ပေလိမ့်မည်။

ရှမ့်လန်က အလျှင်အမြန်ပဲ သူ၏ X-Ray အမြင်ကို အသုံးပြုပြီး ဘုရင်မင်းမြတ်၏ ခန္ဓာကိုယ်ကို ကြည့်ရှုလိုက်၏။ အထူးသဖြင့် ဦးနှောက်ကို ကြည့်ရှုစစ်ဆေးလိုက်ခြင်းပင်။ ဦးနှောက်သွေးကြောပေါက်ခြင်း မဟုတ်ချေ။ သူက သက်ပြင်းမော တစ်ချက်ကို မှုတ်ထုတ်လိုက်မိ၏။

ပြီးနောက် သွေးကြောများကို သေသေချာချာ ဂရုစိုက်၍ ဆက်လက်က ကြည့်ရှု၏။ ထူးဆန်းသည့် အဆိပ်ငွေ့များ တည်ရှိနေသလား ဟုပင်။ သို့ပေမည့် မရှိချေ။ အဆိပ်မိခြင်းလည်း မဟုတ်ပေ။ နောက်ဆုံးမှာတော့ ရှမ့်လန်က ဘုရင်မင်းမြတ်၏ ဦးနှောက်သွေးကြောထဲတွင် အရိပ်မည်းတစ်ခုကို တွေ့ရ၏။ ထိုအရာက ဦးနှောက် သွေးကြောပိတ်ခြင်းပင် ဖြစ်၏။ ထိုအရာက သွေးခဲပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာခဲ့သည့် ဦးနှောက် သွေးကြောပိတ်ခြင်းပင်။

“ကံကောင်းလိုက်တာ။ တော်သေးတာပေါ့”

ရှမ့်လန်က စိတ်သက်သာရာ ရသွားဖြင့် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်၏။ ရုတ်တရက် ဦးနှောက် သွေးကြောပိတ်ခြင်းအတွက် ကုသ၍ရနိုင်သည့် ရွှေရောင်အချိန်ကာလက ၆ နာရီ ရှိ၏။ သွေးကြောပိတ်မှုကို ပြန်လည်ဖွင့်ပေးနိုင်သည့် ကာလပတ်လုံး သွေးမလျှောက်တော့သည့် ပြဿနာကို ဖြေရှင်းနိုင်ပေမည်။ အချိန်မီ ကယ်တင်နိုင်ပါက နောက်ဆက်တွဲ ဆိုးကျိုးများ ကျန်ရှိလိမ့်မည် မဟုတ်ချေ။

သို့ပေမည့် ယခုအခြေအနေက တကယ့်ကို အရေးပေါ်အခြေအနေ ဖြစ်၏။ အချိန်မီ မကယ်တင်နိုင်ပါက လေဖြတ်ရုံတင်မက အသက်ပင် သေဆုံးနိုင်၏။ ဤလောကကြီးထဲမှာတော့ ယခုလိုရောဂါမျိုးက ကုသ၍ မရနိုင်သည့် ရောဂါသာ ဖြစ်၏။

“ရှမ့်လန်.. ကယ်လို့ ရပါ့မလား။ ကယ်လို့ ရနိုင်သေးလား” မိဖုရားကြီးကျုံးက ငိုယိုကာ မေးမြန်းနေသည်။

သူမက တကယ့်ကို စိုးရိမ်လွန်အားကြီးပြီး ရူးသွပ်လုနီးပါးပင် ဖြစ်နေ၏။ သူမက အပြစ်ရှိသလို ခံစားရ၏။ သူမကြောင့်သာ မဟုတ်ပါက ဘုရင်မင်းမြတ်က ယခုလို ရောဂါမျိုး ဖြစ်လိမ့်မည် မဟုတ်ဟု ယူဆနေ၏။

လွန်ခဲ့သည့် ၂ နှစ်အတွင်း သူမနှင့် အရှင်မင်းကြီးတို့က စစ်အေးတိုက်ပွဲကို ဆင်နွှဲခဲ့၏။ အချိန်ကာလ မည်မျှ ကြာခဲ့သည်ကို သူမ မသိရှိသော်လည်း သူမက အမျိုးသမီးတစ်ယောက်၏ အရင့်ကျက်ဆုံး အရွယ်တွင် ရှိနေ၏။ အရှင်မင်းကြီးကြောင့် တောက်လောင်ခဲ့ရသည့် သူမ၏ နှလုံးသားထဲမှ မီးတောက်က ငြိမ်းသတ်ရန် လွယ်ကူသည် မဟုတ်ချေ။ ထို့ကြောင့် လွန်ခဲ့သည့် ၂ ရက်အတွင်း သူမက အခွင့်အရေးယူပြီး နင်ယွမ်ရှန်းကို မြှူဆွယ်ကာ အကြိမ်ကြိမ် အတူတူ အိပ်စက်ခဲ့သည်။

ဤရောဂါအကြောင်းကို သူမက ကြားဖူးခဲ့ပြီး အခြေခံအားဖြင့် ကုသ၍ မရနိုင်သည့် ရောဂါ ဖြစ်၏။ အကယ်၍ အရှင်မင်းကြီးသာ ဤကိစ္စကြောင့် နတ်ရွာစံသွားခဲ့သည်ဆိုပါက သူမ အကြိမ်တစ်ထောင်လောက် သေလျှင်တောင်မှ အပြစ်ကြွေး ကျေလိမ့်မည် မဟုတ်ချေ။

ရှမ့်လန်က ပြောလိုက်၏။ “မိဖုရားကြီး... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါအုံး။ အရှင်မင်းကြီးက သေဆုံးသွားတာ မဟုတ်ပါဘူး”

မိဖုရားကြီးကျုံးက ငိုယိုကာ မေးမြန်းလိုက်သည်။ “ကယ်လို့ ရသေးလား။ သူ့ကို ကယ်လို့ ရသေးလား”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် အကောင်းဆုံး ကြိုးစားပေးပါမယ်။ ယုံကြည်ချက် ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်”

မိဖုရားကြီးကျုံးက ပြောလိုက်သည်။ “ဒါဆိုရင် မြန်မြန်လုပ်ပေးပါ။ ငါတောင်းပန်ပါတယ်”

ရှမ့်လန်က ပြောဆိုလိုက်၏။ “မိဖုရားကြီးကျုံး.. အဝတ်အစား မြန်မြန်ဝတ်ပြီး ဘုရင်မင်းမြတ်ရဲ့ ခန္ဓာကိုယ်ပေါ်က ဖယ်ပေးပါအုံး”

ဘုရင်မင်းမြတ် ရောဂါဖောက်နေသည်မှာ နာရီဝက်ခန့်သာ ရှိသေး၏။ မိဖုရားကြီးကျုံးနှင့် လီစွမ်းက မလှုပ်ရဲသဖြင့် ဤအတိုင်း နေနေခြင်းသာ ဖြစ်၏။ ရှမ့်လန်၏ စကားကို ကြားသည့်အချိန်မှာတော့ မင်းကြီးနှင့် မိဖုရားကြီးကျုံးတို့၏ ခန္ဓာကိုယ်က လူချင်းကွဲသွား၏။ သူမ၏ အပျိုတော်တစ်ယောက်က ရှေ့သို့ လှမ်းတိုးလာခဲ့ပြီး မိဖုရားကြီးကျုံး၏ခန္ဓာကိုယ်ကို စောင်ဖြင့် ရစ်ပတ်ပေး၏။ သူမက ထွက်မသွားသေးဘဲ ဤနေရာတွင်သာ ဆက်လက်ကာ ရပ်နေသည်။

“မိဖုရားကြီးကျုံး... မိဖုရားကြီးက စိတ်မြန်လက်မြန် ရှိနေတော့ ဒီနေရာမှာနေရင် အပိုပါပဲ။ အခြားအခန်း တစ်ခန်းကို အရင်သွားနေလိုက်ပါလား” ရှမ့်လန်က ပြောလိုက်၏။

မိဖုရားကြီးကျုံးက ပြောလိုက်သည်။ “ဟင့်အင်း.. ငါ အရှင်မင်းကြီးနားကနေ ထွက်မသွားချင်ဘူး။ မဟုတ်ရင် ရူးသွားလိမ့်မယ်။ ဒီမှာ ပေးနေပါလား။ ဘာစကားမှ မပြောပါဘူး။ အသံလည်း မထွက်စေရပါဘူး”

ရှမ့်လန်က မည်သို့မှ မတတ်နိုင်ဘဲ ခေါင်းညိတ်လိုက်ရ၏။ ပြီးနောက် သူက ရှေ့သို့တိုးပြီး ဘုရင်မင်းမြတ်၏ ခန္ဓာကိုယ်ကို အရေးပေါ် ပြုစုပေး၏။

“မိန်းမစိုးလီ.. အရှင်မင်းကြီးရဲ့ ဦးနှောက်ထဲက သွေးကြောက ပိတ်နေတာ။ ဒါကို ချက်ချင်း ပြန်ပွင့်အောင် လုပ်ဖို့လိုတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “နောက်ထပ် ၄ နာရီအတွင်း မဖြစ်မနေ လုပ်ရမယ်။ မဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးက ကြီးကျယ်ပြီး တစ်ကိုယ်လုံး လေဖြတ်သွားတာမျိုး ဖြစ်နိုင်တယ်”

လီစွမ်းက ပြောလိုက်၏။ “အခု ကိစ္စမှန်သမျှကို မင်းပဲ ဆုံးဖြတ်ပါ။ အရှင်မင်းကြီးကို ကယ်တင်နိုင်မျှ ကာလပတ်လုံး လူတိုင်းက မင်းရဲ့ အမိန့်ကို နာခံကြလိမ့်မယ်”

ခေတ်မီသောလူ့အဖွဲ့အစည်း၏ လောကဘုံတွင်တော့ ဤမျှ အန္တရာယ်များသည့် ဦးနှောက်သွေးကြော ပိတ်ခြင်းကို ခွဲစိတ်ကုသမှု ပြုရန် လိုအပ်၏။ နည်းပညာ တိုးတက်လာသည်နှင့်အမျှ ထိခိုက်မှုနည်းသော ခွဲစိတ်မှုများကို ပြုလုပ်နိုင်စွမ်း ရှိ၏။ သို့ပေမည့် ဤလောကကြီးထဲမှာတော့ ရှမ့်လန်က ဦးနှောက် ခွဲစိတ်မှု မလုပ်နိုင်ချေ။ ထိုသို့ဆိုလျှင် မည်သို့ ကယ်တင်ရမည်နည်း။

ပထမဦးဆုံး နည်းလမ်းမှာတော့ အထူးစွမ်းအင် တစ်မျိုးကို အသုံးပြု၍ သွေးကြောထဲသို့ ဝင်ရောက်ကာ ပိတ်ဆို့နေသည့် နေရာကို တိုက်ရိုက် ဖွင့်ပစ်ခြင်းပင်။ ဤလောကကြီးထဲတွင် ထိုကဲ့သို့သော အရာများ တကယ်ရှိ၏။

ဥပမာအားဖြင့် အဆင့်အနိမ့်ဆုံး ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်ပင်။ သို့ပေမည့် ယခင်က ပြောကြားသည့်အတိုင်း ကျန်းလီ၏ သွေးမျိုးဆက်ပိုင်ရှင် သို့မဟုတ် မည်သည့် သွေးမျိုးဆက်မျိုးမှ မရှိသည့် ဗလာနတ္ထိ သွေးမျိုးဆက်ပိုင်ရှင်များမှ လွဲ၍ ကူပိုးကောင်များ ခန္ဓာကိုယ်ထဲ ဝင်ရောက်သည်နှင့် တစ်ခါတည်း ပေါက်ကွဲကာ သေဆုံးပေလိမ့်မည်။ နင်ယွမ်ရှန်းကလည်း ဤလောက၏ စည်းမျဉ်းမှ လွတ်ကင်းခွင့် မရှိချေ။

ထိုသို့ဆိုလျှင် ဒုတိယနည်းလမ်းကို အသုံးပြုရပေလိမ့်မည်။ အလွန်သေးငယ်သည့် ငွေအပ်လေးကို မင်းကြီး၏ ဦးနှောက်ထဲသို့ ထိုးသွင်းပြီး သွေးကြောပိတ်ဆို့သည့် နေရာကို တိကျစွာ ရှာဖွေရပေလိမ့်မည်။ ပြီးနောက် အတွင်းအားကို အသုံးပြုပြီး ပိတ်ဆို့လျက်ရှိနေသည့် သွေးခဲကို ဖယ်ရှားကာ သွေးကြောကို ပုံမှန်အတိုင်း ဖြစ်စေရပေမည်။

ဤလောကကြီးထဲသို့ ရောက်ရှိနေရခြင်း၏ အင်မတန်ကောင်းသည့်အချက်မှာ ထိုအရာသာ ရှိ၏။ ခေတ်မီလောကကြီးထဲတွင် မည်မျှ ပျော့ပျောင်းပြီး ထက်ရှသည့် ငွေအပ်ဖြင့် ဖြစ်စေ ဦးခေါင်းခွံကို ဖောက်ထွင်း၍ ရနိုင်လိမ့်မည် မဟုတ်ချေ။ ဤနေရာမှာတော့ ရရှိ၏။ ထူးခြားသည့် အတွင်းအားနည်းစနစ်များ ရှိနေသောကြောင့်ပင်။

သို့ပေမည့် နောက်ထပ် ပြဿနာတစ်ခု တည်ရှိနေသေး၏။ ဦးနှောက်က တကယ့်ကို နုနယ်ပြီး မည်သည့် ထိခိုက်မှုကိုမှ ခံနိုင်ရည် ရှိသည့် အရာ မဟုတ်ချေ။ သေးငယ်သည့် ငွေအပ်လေးတစ်ချောင်းကပင်လျှင် ကြီးမားသည့် ဆိုးကျိုးကို ဖြစ်စေနိုင်၏။

ဦးနှောက်ထဲမှ အာရုံကြောများက တကယ့်ကို ရှုပ်ထွေးပြီး နုနယ်လွန်း၏။ ထို့ကြောင့် ငွေအပ်နှင့် ဦးနှောက်ကို ထွင်းဖောက်ရုံသာမက ဦးနှောက်ထဲရှိ အပ်ကို ကွေးညွှတ်သွားအောင် ထိန်းချုပ်ပြီး ထိခိုက်လွယ်သည့် နေရာများကို ရှောင်ကွင်းသွားရပေဦးမည်။ ဤအရာက တကယ့်ကို ခက်ခဲလွန်းလှသည်။

ရှမ့်လန်က လမ်းကြောင်းကို တွက်ချက်ကြည့်ရှုလိုက်၏။ ဤငွေအပ်က အနည်းဆုံး ၁၉ စင်တီမီတာ ရှည်ရမှာ ဖြစ်ပြီး အကွေ့အကောက် ၃ ခုလောက်ထိ ကွေ့ပတ်သွားရပေလိမ့်မည်။ မင်းသမီးနင်ကျဲ့၏ သိုင်းပညာက တကယ့်ကို မြင့်မား၏။ သို့သော်ငြား သူမ လုပ်နိုင်ပါ့မည်လား။

ရှမ့်လန်က သူ၏ အစီအစဉ်ကို ပြောပြလိုက်၏။

ထိုစကားကို ကြားသည့်အချိန်မှာတော့ မိန်းမစိုးကြီး လီစွမ်းက မည်သို့မှ မနေနိုင်ဘဲ ခေါင်းကိုခါယမ်းလိုက်သည်။ “မင်းသမီးနင်ကျဲ့ရဲ့ သိုင်းပညာက လုပ်ရင်လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ အန္တရာယ်ရှိတယ်။ အနည်းဆုံး မဟာပညာရှင် အဆင့် လိုအပ်တယ်။”

“ငါ လုပ်မယ်” ထိုအချိန်မှာပဲ အမှောင်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။

ရှမ့်လန်က ရုတ်တရက် အံ့အားသင့်သွား၏။ ဤလူက ဘယ်အချိန်တုန်းက ရောက်ရှိနေသနည်း။ ကိုယ်ရောင် ဖျောက်ထားသကဲ့သို့ပင်။

“ဘိုးဘိုး” မိန်းမစိုးကြီး လီစွမ်းက ရှေ့ကိုတိုးပြီးတော့ ဂါရဝပြုလိုက်၏။

ရှမ့်လန်က ဤလူ မည်သူဖြစ်မှန်း သိရှိလိုက်ရ၏။ “ဘိုးဘေးလီမူ” ပင်၏။ ရွှဲ့ပြည်နယ်၏ မဟာပညာရှင် ၆ ဦးထဲမှ တစ်ဦး ဖြစ်ပြီး ဒဏ္ဍာရီထဲတွင်သာရှိသည့် မိန်းမစိုးအိုကြီး ဖြစ်သည်။

ရှမ့်လန်သည် ထိုသူကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ ဆံပင်များက ဖြူလျော်လျက် ရှိနေပြီး နုနယ်၍ ငယ်ရွယ်သေ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်၏။ မျက်ခုံးနှင့် ဆံပင်များက နှင်းကဲ့သို့ ဖြူဖွေးနေခဲ့ပြီး မျက်နှာသွင်ပြင်၌ အရေးအကြောင်း တစ်ခုမှမရှိဘဲ ချောမွတ်နေ၏။ ကြင်နာသနားတတ်သည့် အရိပ်အယောင်မျိုး မျက်နှာထက်၌ ပေါ်၏။ နင်ယွမ်ရှန်းကို အချိန်တိုင်း စောင့်ရှောက်နေသည့် ဘုရင်မင်းမြတ်၏ အရိပ်လည်း ဖြစ်တန်ကောင်း၏။

“ငါ လုပ်လို့ ရမလား” မဟာပညာရှင်လီမူက မေးမြန်းလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ရပါတယ်။ ဒီလို မဟာပညာရှင်ကြီး ရှိနေပြီဆိုမှတော့ သေချာပေါက် ကောင်းတာပေါ့”

ပြီးနောက် ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမစိုးကြီးလီ.... ကျေးဇူးပြုပြီး ရွှံ့စေး နည်းနည်းလောက် ရှာပေးပါအုံး။ အရှင်မင်းကြီးရဲ့ ဦးခေါင်း ပုံစံတူ တစ်ခုကို ကျုပ် အရင်ဆုံး လုပ်ချင်တယ်”

မိန်းမစိုးကြီး လီစွမ်းက ပျံသန်း ထွက်ခွာသွားခဲ့၏။ ချက်ချင်းပဲ ရွှံ့စေးများနှင့်အတူ ပြန်လည် ရောက်ရှိလာ၏။ ရှမ့်လန်က ရွှံ့စေးကို အသုံးပြုပြီး ဘုရင်မင်းမြတ်နင်ယွမ်ရှန်း၏ ဦးခေါင်းပုံစံတူ တစ်ခုကို ပြုလုပ်၏။

“မင်းကြီးရဲ့ ဦးနှောက်ထဲက သွေးကြောပိတ်နေတဲ့နေရာက ဒီနေရာ။ သွေးမလျှောက်တော့တဲ့ တည်နေရာက ဒီနေရာပဲ။ ဘိုးဘိုး.. ခင်ဗျားက ငွေအပ်ကို ဒီနေရာ၊ ဒီနေရာ ပြီးတော့ ဒီနေရာကို ထိုးသွင်းရမယ်။ ဦးနှောက်ရဲ့ အထိမခံဆုံးနဲ့ အန္တရာယ်အများဆုံး တည်နေရာတွေကို ရှောင်ကွင်းဖို့ ကွေ့ဝိုက်သွားရလိမ့်မယ်။ ပိတ်နေတဲ့ သွေးကြောထဲကို ငွေအပ် ရောက်သွားပြီဆိုရင်လည်း တိကျဖို့ လိုအပ်တယ်။ သွေးကြော ပြန်ပွင့်အောင် လုပ်ပေးရမယ်။ ဒါပေမဲ့ သွေးကြောကို ထိခိုက်အောင် လုပ်လို့လည်း မဖြစ်ဘူး” ရှမ့်လန်က အတိအကျ အချက်အလက် တစ်ခုချင်းစီတိုင်းကို သေသေချာချာ ပြောဆိုပေးသည်။

လီမူက ခေါင်းညိတ်လိုက်၏။ “ငါ ကြိုးစားကြည့်မယ်။ အချိန် သိပ်မကျန်တော့ဘူး မဟုတ်လား”

ရှမ့်လန်က ပြောလိုက်သည်။ “မင်းကြီး ရောဂါဖောက်တာက ၁ နာရီတောင် မပြည့်သေးဘူး။ အသက်ကယ်ဖို့ အကောင်းဆုံး အချိန်ကာလ ဖြစ်တဲ့ ရွှေရောင်အချိန်ကာလ ၄ နာရီလောက် ကျန်နေသေးတယ်”

လီမူက ဆံချည်တစ်မျှင်ထက်ပင် ပိုမိုက သေးငယ်သည့် ငွေအပ်တစ်စင်းကို ကိုင်ဆောင်ထား၏။ ထိုငွေအပ်က ဆံချည်တစ်မျှင်ကဲ့သို့ပင် ပျော့ပျောင်းနေ၏။ သာမန်လူတစ်ယောက်သာဆိုပါက ထိုအရာဖြင့် ဦးခေါင်းခွံကို ထွင်းဖောက်ရန် မည်သို့မှ မဖြစ်နိုင်ချေ။

“ဖောက်”

လီမူက ငွေအပ်ဖြင့် အားကုန်ထိုးကာ ထိုးစိုက်လိုက်၏။ ဤတစ်ကြိမ်မှာတော့ ဝက်ဦးခေါင်းခွံ တစ်ခုကို စမ်းသပ်မှုအဖြစ် အသုံးပြုခြင်း ဖြစ်၏။ တကယ့်ကို ပျော့ပြောင်းပြီး သိမ်မွေ့သည့် ငွေအပ်လေးက ဝက်ဦးခေါင်းခွံ ထဲသို့ လွယ်ကူစွာ ထွင်းဖောက်သွား၏။

ရှမ့်လန်က အံ့အားတကြီးဖြင့် သက်ပြင်းချလိုက်မိ၏။ အရမ်းပင် ခက်ခဲလွန်းလှ၏။ ဖောက်ထွင်းပြီး သည်နှင့် လီမူက နောက်ထပ် ငွေအပ်တစ်ချောင်းကို ချက်ချင်း ပြောင်းလိုက်၏။ ၃ ကြိမ်ဆက်တိုက် ကြိုးစားပြီးနောက် လူဦးခေါင်းနှင့် ဝက်ဦးခေါင်း မတူညီသောကြောင့် သူ၏ ကိုယ်ပိုင်ဦးခေါင်းဖြင့် စမ်းသပ်ရန် ပြင်လိုက်သည်။

“ဖောက်” ချက်ချင်းပင် သူက မိမိ၏ ဦးခေါင်းကို ထွင်းဖောက်လိုက်၏။ နောက်ဆုံးမှာတော့ ဦးခေါင်းခွံကို ထွင်းဖောက်ရန် အားမည်မျှ သုံးရမည်ကို သူ လုံးဝ သဘောပေါက်သွားခဲ့၏။

မိန်းမစိုးကြီးလီမူက နောက်တစ်ဆင့်ကို ဆက်လက်ကာ လေ့ကျင့်၏။ ငွေအပ် ကွေ့ဝိုက်သွားနိုင်စေရန် လေ့ကျင့်ဖို့အတွက် ရှမ့်လန်၏ ရွှံ့နှင့် ပြုလုပ်ထားခဲ့သည့် ဦးခေါင်းခွံဖြင့် စမ်းသပ်လေ့ကျင့်ပြန်သည်။

ဤအချိန်မှာတော့ ရှမ့်လန်က တကယ်ပင် တုန်လှုပ်သွားခဲ့၏။ လီမူ၏ လက်ထဲတွင် ရှိနေသည့် ငွေအပ်က အသက်ဝင် နေသကဲ့သို့ပင်။ အတွင်းအား၏ထိန်းချုပ်မှုအောက်တွင် ငွေအပ်က တကယ်ပင် လိုသလို ကွေ့ဝိုက် သွားနေ၏။ အပ်သွားရာလမ်းကြောင်းက မည်မျှ ကျဉ်းမြောင်းနေပါစေ၊ ထိုအပ်က လွယ်လွယ်ကူကူဖြင့် တိုးဝင်သွားနိုင်၏။

All Chapters