ဝိဇ္ဇာဆေးပင်ရာကျော်
Vol. 26 Ch. 378
အခန်း (၃၇၈) : ဝိဇ္ဇာဆေးပင်ရာကျော်
အရိုးသားဆုံးပြောရလျှင် ရှန်ထျန်းပင် ထိုဝိဇ္ဇာဆေးပင်များ၏ တိုက်ခိုက်စွမ်းကြောင့် အံ့အားသင့်သွားမိသည်။ ထိုဆေးပင်များက ဤဆေးဥယျာဉ်ထဲ ကြီးထွားနေသည်မှာ နှစ်တစ်သိန်းအထက် ရှိနေပြီ ဖြစ်သောကြောင့် တစ်ပင်ချင်းစီက ဆေးဥယျာဉ်နှင့် ပြည့်ပြည့်ဝဝ သဟဇာတ ဖြစ်နေလေပြီ။
သူတို့က ဤနယ်မြေ၏ စွမ်းအားကို အသုံးပြုကာ သူတို့တိုက်ခိုက်စွမ်းကို မြင့်တင်ကြသည်။ အများစုက ဧရာမစွမ်းပကားရှင်အဆင့်သာ ဖြစ်ကြ၏။
မြေအောက်ထဲ ရောက်သွားပြီးနောက် ထိုဝိဇ္ဇာဆေးပင်များက ရေထဲမှ ငါးအလား ဖြစ်လာသည်။ ထိုစဉ် မြေအောက်ထဲတွင် သာမန်နတ်ဆိုးနှင့် လူသားကျင့်ကြံသူများ၏ တိုက်ခိုက်စွမ်းက သုညနီးပါးအထိ လျော့ချခံလိုက်ရသည်။
မြေလျိုးခြင်းနှင့် မြေဓာတ် လွတ်မြောက်ရေး နည်းစနစ်တို့ကို ကျွမ်းကျင်သည့် မြေဓာတ် ကျင့်ကြံသူတချို့အတွက်ပင် မြေအောက်၌ စွမ်းအားတစ်ဝက်လောက်အထိ လျော့ကျသွားသည်။
ကံကောင်းစွာဖြင့် ရှန်ထျန်း၏ အံ့ဖွယ်ဝါးမျိုနွယ်ပင်က အရမ်းအားကောင်းပြီး သူ့အား မြေအောက်၌ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်စွမ်းကို ပေးထားသည်။
ရှန်ထျန်း၏ တွက်ချက်မှုအရ မိုးကြိုးလက်သီးနှင့် ဓားပညာရပ်လိုမျိုး သူ့အဝေးတိုက်ကွက်များအတွက် မြေအောက်၌ ကန့်သတ်ခံထားရသည်။ သို့သော် အခြားပညာရပ်၊ တိုက်ကွက်များက ဝန်ပိုမဖြစ်ခဲ့ပေ။ သူ့တိုက်ခိုက်စွမ်းရည်က တစ်ဝက်မက လျော့ချခံလိုက်ရသော်လည်း ထိုဝိဇ္ဇာဆေးပင်များအား ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
ငါက သူတို့ထက် မြန်မြန် မြေလျိုးနိုင်တယ်လေ ဟားဟား … ဒီဆေးပင်တွေ ငါ့လက်ကနေ လွတ်မှာ မဟုတ်ဘူး
အားသာချက်ရှိတာ ခံစားချက် ကောင်းလိုက်တာ
ရှန်ထျန်းက ပုံရိပ်အသွင်ပြောင်းလဲလိုက်ပြီးနောက် မြေလျိုးလိုက်သည်။ ဝိဇ္ဇာအဆင့် ဆေးပင်များက တစ္ဆေတစ်ကောင် မြင်သည့်အလား ချက်ချင်း ထွက်ပြေးကြသည်။
သို့သော်လည်း သူတို့က ဤလူသားသည် အင်မတန် မြန်ဆန်ကြောင်း သတိပြုမိလိုက်ကြ၏။
ရွှေရောင်အလင်းတစ်ချက် …
အစိမ်းရောင်အလင်းတစ်ချက် …
ဤလူသားက ခက်ထန်ကြမ်းတမ်းဟန်ဖြင့် တူကြီးကိုင်ကာ သူတို့ဆီ ချီတက်လာလေသည်။
သူတို့ မည်သို့သော တိုက်ခိုက်မှုမျိုးကို အသုံးပြုစေကာမူ နွယ်ပင်များ သို့မဟုတ် သစ်ရွက်ဓားသွားတို့က ရှန်ထျန်း၏ ကာကွယ်မှုကို မချိုးဖောက်နိုင်ပေ။
အဆိပ်မြူများပင် အသုံးမဝင်ချေ။ ထိုလူတွင် အဆိပ်အားလုံး ခုခံနိုင်သည့် ပြန်လည်သန့်စင်ခြင်း မြေကြီးစွမ်းအား ရှိနေလေသည်။
ရှန်ထျန်းက ဝိဇ္ဇာဆေးပင်များကြား လွှမ်းမိုးထားလေသည်။ သူ့ညာဘက်လက်တွင် ပင်လယ်အံ့ဖွယ်တူ ကိုင်ဆောင်ထားပြီး ဘယ်လက်တွင် သုံးရောင်ခြယ်ရေစင်ပုလင်းကို ကိုင်ထားသည်။
“ အားလုံးက ငါ့ထက် အသက်ကြီးပြီးတော့ ဆင်ခြင်နိုင်စွမ်းလေး ရှိကြပါဦးလား။ ငါ့ကို ရင်မဆိုင်နိုင်မှန်း သိနေတာကို မျက်စိမှတ် လက်ခံလိုက်စမ်းပါ …
ဆေးပင်ကောင်းလေးတွေ ဖြစ်ပြီး ငါနဲ့ လိုက်ခဲ့ကြ။ တကယ်လို့ နောင်ကျရင် ကောင်းကောင်းပြုမူပြီး အသီးတချို့ မွေးထုတ်ပေးမယ်ဆိုရင် ဒီသုံးရောင်ခြယ်ရေစင်နဲ့ လောင်းပေးမယ်။ ကံကောင်းရင် မင်းတို့တွေ လူသားအသွင်တောင် ဖြစ်လာနိုင်တယ်။ တကယ်လို့ အတင်းကျပ်လုပ်ဖို့ ဖိအားပေးနေရင်တော့ ငါ့တူက သက်ညှာမပေးဘူးနော် ”
ရှန်ထျန်းက စကားပြောလိုက်ရင်း သူ့လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အငွေ့အသက် ထွက်ပေါ်လာသည်။
ထိုဝိဇ္ဇာဆေးပင်များက သူ့စကားကို နားမလည်ကြပေ။ သူတို့အသိစိတ်က လူသားများနှင့် ဆက်နွယ်နိုင်လောက်အောင်အထိ မဖွံ့ဖြိုးသေးပေ။ သို့သော်လည်း သူတို့က ရှန်ထျန်းဆီမှ ထွက်ပေါ်နေသည့် အလွန်ရင်းနှီးနေသော အငွေ့အသက်များကို ခံစားမိကြသည်။ ဤသည်မှာ အလွန်သန့်စင်ကာ ပြင်းထန်သည့် နေမီးလျှံအစစ်နှင့် သုံးရောင်ခြယ် ရေစင်တို့ ဖြစ်ကြသည်။
ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်ရှိ ဝိဇ္ဇာဆေးပင်များက မီးဓာတ် သဘာဝရှိကြသည်။ ထိုထူးခြားအံ့ဖွယ်ပစ္စည်းနှစ်မျိုးက ထိုအပင်များအား ဆွဲဆောင်နိုင်လိုက်၏။ ထို့ကြောင့် သူတို့က လူသားသည် သူတို့ကို မကောင်းကြံနေမှန်း သိသော်လည်း ဆေးပင်အများစုက ရှန်ထျန်းနား ဝေ့ပတ်သွားနေကြဆဲ ဖြစ်သည်။
သူတို့က ဤအတိုင်း ထွက်မပြေးနိုင်သည့်အလား …
ရလဒ်အနေနှင့် ရှန်ထျန်းက တပုံတပင်ကြီး ရိတ်သိမ်းနိုင်လိုက်သည်။ အမြစ်တစ်ဝက်လောက် ဆုံးရှုံးပြီးသွားသည့်နောက်တွင်ပင် တာအိုကိုယ်တော် ဖက်တီးဆီမှ ထွက်ပြေးလာခဲ့သော နေမင်းမီးတောက်မြက်က ခုခံတိုက်ခိုက်နေဆဲ ဖြစ်၏။
သို့သော် ရှန်ထျန်း၏ အံ့ဖွယ်တူရိုက်ချက်အောက်တွင် နေမင်းမီးတောက်မြက်က မရပ်တန့်သွားခင် အနည်းငယ်မျှသာ ရုန်းကန်နိုင်လိုက်သည်။
ရှန်ထျန်းက သူ့အမြစ်ထဲ သုံးရောင်ခြယ်ရေစင် တစ်စက် ချလိုက်သေး၏။ ထိုအကြောင်းအရင်းလည်း ပါဝင်ပေမည်။
သို့သော် အဓိကအကြောင်းအရင်းမှာ သူ့ဆွဲဆောင်မှုကြောင့် ဖြစ်၏။
မှန်ပေသည် … ကိုယ်ပိုင်ဆွဲဆောင်မှု
....................
ရှန်ထျန်းက ဆက်ရိတ်သိမ်းလိုက်သည်။ နေမင်းမီးတောက်မြက်က ဝိဇ္ဇာဆေးပင်များအနက် အရည်အသွေးအတော်လေး မြင့်မားသော်လည်း ထိပ်တန်းဆေးပင် မဟုတ်သေးပေ။
နေမင်းမီးတောက်မြက်လောက် ကောင်းသည့် အခြားဆေးပင်များ ရှိသေးသလို ပိုကောင်းသည့် အပင်များလည်း ကျန်ရှိနေသေး၏။
နဂိုချမ်းသာပြီးသား ဖြစ်သည့် ရှန်ထျန်းပင် ပါးစပ်နားရွက်ချိတ်မတတ် ပြုံးမိသွားသည်။
အကျိုးမြတ် အများကြီးပဲ …
ဆုလာဘ်က စွန့်စားမှုနှင့် တိုက်ရိုက်အချိုးကျနေလေသည်။ ဤရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်က အန္တရာယ်များသော်လည်း အကျိုးမြတ်ကလည်း မယှဉ်နိုင်လောက်အောင် ကြွယ်ဝများပြားလှသည်။
နေမင်းမီးတောက်မြက်၊ ကျီးနီ နှလုံးသားပန်း၊ ဖန်နှလုံးသား သစ်သီးပင်၊ နှစ်တစ်သောင်း သက်တမ်းရှိ ချော်ရည်အညှောင့်၊ နှင်းဝိညာဉ် မီးတောက်ကြာပွင့် …
ပြင်ပလောကတွင် မတွေ့နိုင်လောက်အောင်အထိ အဖိုးတန်လွန်းသော ဆေးပင်များက ရှန်ထျန်း အိတ်ထဲ ရောက်သွားကြသည်။
အထွတ်အမြတ်မြေက ထိုဝိဇ္ဇာဆေးပင်တစ်ပင်ပင်အား အဖိုးတန် အမွေအနှစ်ပစ္စည်းအဖြစ် တန်ဖိုးထားကြလိမ့်မည်။
လိုအပ်လာသည့်အခါ ထိုဆေးပင်များက ဝိဇ္ဇာကျင့်ကြံသူများအတွက် အသုံးဝင်သည့် အံ့ဩလောက်ဖွယ် ဆေးလုံးများအဖြစ် သန့်စင်နိုင်သည် မဟုတ်ပါလော။
အင်မတန် ဉာဏ်ကောင်းသော အထွတ်အမြတ်မြေက ထိုအပင်တစ်ပင်လုံးကို သုံးစွဲပစ်မည် မဟုတ်ပေ။ သူတို့က အရည် သို့မဟုတ် အရွက်နည်းနည်းလောက်သာ ယူပြီး ဆေးလုံးလုပ်ကြလိမ့်မည်။ သူတို့က ထိုဆေးပင်ကို အာဟာရ၊ မြေဩဇာမျိုးစုံဖြင့် ပြန်လည် ပျိုးထောင်ကြလိမ့်မည်။ ဥ ဥပေးနေသည့် ကြက်မကို သတ်ပစ်ခြင်းက ရေရှည်အတွက် မကောင်းချေ။
ဤသည်မှာ ဝိဇ္ဇာဆေးပင်အများစုသည် သူတို့ကို ဆေးလုံး လုပ်ပစ်မည်ကို သိထားသော်လည်း ရှန်ထျန်းအား ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည်ကို ရပ်လိုက်သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သူတို့က သုံးရောင်ခြယ်ရေစင် အငွေ့အသက်ကို အာရုံခံမိသွားသောကြောင့် ဖြစ်၏။
ဆင်းရဲသော ပိုင်ရှင်ထက် ချမ်းသာကြွယ်ဝသော ပိုင်ရှင်ဆီ နေရတာ ပိုကောင်းပေသည်။ သူတို့လည်း ကောင်းကောင်း အာဟာရစုပ်ယူနိုင်သည် မဟုတ်ပါလော။
အကယ်၍ သူတို့က ချဉ်စုတ်စုတ် အနံ့ထွက်နေသည့် တာအိုကိုယ်တော် ဖက်တီးနှင့် ပါသွားခဲ့လျှင် တစ်ရက်ကျ သူ့ကျင့်ကြံဆင့် တိုးတက်ဖို့အတွက် သူတို့အားလုံးကို အမြစ်ပါမကျန် စားလိုက်လျှင် ဘယ်လိုလုပ်ရမလဲ။
“ ပုန်းနေတဲ့ ဆေးပင်တွေ ကျန်နေသေးတာလား ”
ရှန်ထျန်းက ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းကား မြေအောက်တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။ သို့သော် ဤဆေးဥယျာဉ်ထဲ၌ နဂိုကတည်းက ဝိဇ္ဇာဆေးပင် များများစားစား မရှိချေ။ ရှန်ထျန်း ရိတ်သိမ်းလိုက်ပြီးနောက် ဘာမှမကျန်တော့ပေ။
ရှန်ထျန်းက ဥယျာဉ်တစ်ခုလုံးကို သွားကာ ရှာဖွေလိုက်သော်လည်း ဝိဇ္ဇာဆေးပင် မတွေ့ရတော့ပေ။
သူက ဆေးပင် ရှာမတွေ့သော်လည်း ထူးထူးခြားခြားတစ်ခုကို တွေ့လိုက်ရသည်။ ဤသည်မှာ ဆေးဥယျာဉ်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် ချီစုစည်းရေး အစီအရင်ကြီး ဖြစ်သည်။
ဤအစီအရင်က ပင်မဗဟိုချက်နေရာရှိ ဧရာမ အံ့ဖွယ်ငှက်သိုက်ကို ဦးတည်၍ ချီစွမ်းအားတစ်ဝက်လောက်ကို စုစည်းထားသည်။
ဤအသိုက်က အဓိကအချက်မှန်း သိသာလှသည်။ သို့သော် အချိန်မသိလိုက်ခင် ထိုအစီအရင်က ပျက်စီးသွားပြီးဖြစ်သောကြောင့် ရှန်ထျန်းရှေ့ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အသိုက်အလယ်၌ ဧရာမ ရွှေနီရောင် ဥကြီးတစ်လုံး ရှိနေသည်။ ဤသည်မှာ လူသားအမြင့်လောက် ရှိသော်လည်း ဥပေါက်ပြီးသွားလေပြီ။
ထိုသို့ဆိုလျှင်ပင် ဥခွံမှ အင်မတန် ပြင်းထန်သည့် အပူဓာတ်ကို ထုတ်လွှင့်နေဆဲ ဖြစ်သောကြောင့် သာမန်သက်ရှိ မဟုတ်မှန်း သိသာလှသည်။
“ဒီလိုကြီးမြတ်တဲ့ နတ်ဧကရာဇ်က ဝိဇ္ဇာဆေးပင်တွေကို ဒီလောက်ကြီး တယုတယတန်ဖိုးထားနေမှာ မဟုတ်ဘူးလို့ ငါ သိနေတယ်။ သူက ဒီဥကို အာဟာရဖြည့်ဖို့ ဝိဇ္ဇာဆေးပင်ရာကျော် စိုက်ခဲ့တာလား” ရှန်ထျန်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်
“ ကြည့်ရတာ ဒီငှက်ဥကရွှေကျီး နတ်ဧကရာဇ်အတွက် အတော်လေး အရေးပါမဲ့ပုံပဲ … သူ့ဆယ်ယောက်မြောက် သားများလား ”
……………...
ဒဏ္ဍာရီထဲ၌ ရွှေကျီး နတ်ဧကရာဇ်တွင် သားကိုးယောက်ရှိကြောင်း ဆိုကြသည်။ ရွှေကျီး မင်းသား တစ်ယောက်ချင်းစီက အသန့်စင်ဆုံး အံ့ဖွယ်ငှက် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြပြီး ရွှေကျီး မီးတောက်ကို ထိန်းချုပ်နိုင်စွမ်း မွေးရာပါ ပါရမီပါလာကြသည်။
ရွှေကျီးမင်းသား ကိုးပါးလုံးက ဆိုးဆိုးရွားရွား အဖြစ်အပျက်တချို့၌ ထူးထူးဆန်းဆန်း သေဆုံးသွားသည်မှာ နှမြောစရာကောင်းလှသည်။ ထိုအခါကတည်းက ရွှေကျီး နတ်ဧကရာဇ်သည် မျိုးဆက် မမွေးထုတ်တော့ပေ။
ဤဥက လောလောလတ်လတ် ပေါက်ထားတာ ဖြစ်ပြီး နွေးနေဆဲ ဖြစ်၏။
အကယ်၍ ရွှေကျီး နတ်ဧကရာဇ်၏ မျိုးဆက် ဖြစ်နေခဲ့လျှင် ရွှေကျီး နတ်ဧကရာဇ် အသစ် ဖြစ်လာနိုင်သည်။ နတ်ဆိုးမျိုးနွယ်အတွင်း အဆင့်အတန်းမှာလည်း နှိုင်းယှဉ်၍ ရမည် မဟုတ်ပေ။