ရွှေကျီးအငြိုးကြီး ဝိညာဉ်များ၏ တိုက်ခိုက်မှု
Vol. 26 Ch. 380
အခန်း (၃၈၀) : ရွှေကျီးအငြိုးကြီး ဝိညာဉ်များ၏ တိုက်ခိုက်မှု
ရှန်ထျန်းတို့အဖွဲ့က နတ်ဧကရာဇ် ဆေးဥယျာဉ်ထဲ ပျော်ရွှင်နေစဉ် အပြင်ဘက်ရှိ ကျန်လူများက အချိန်ကောင်း မရှိကြပေ။ အဖွဲ့များတွင် နယ်မြေငါးခုရှိ အထွတ်အမြတ်မြေအသီးသီးမှ ပင်မတပည့်များ ပါဝင်ပြီး သူတို့က ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်ထဲ စူးစမ်းရှာဖွေကြလေသည်။ သူတို့ထဲတွင် အတွေ့အကြုံ ကြွယ်ဝသော ကျင့်ကြံသူများစွာလည်း ပါရှိကြသည်။
သူတို့က ဂူဗိမာန်အတွင်းပိုင်း ဝင်လေလေ ဂူဗိမာန်က မြင်ရသလောက် မရိုးရှင်းကြောင်း သိလာလေလေ ဖြစ်၏။
လျို့ဝှက်အခန်းတချို့ ချိုးဖောက်ဝင်ပြီးနောက် ရှေးဟောင်းစည်းတံဆိပ်ကို ထိမိပြီး ကံမကောင်းသည့် အဖွဲ့အရေအတွက် တိုးပွားလာခဲ့ကာ နှစ်သောင်းချီ ပိတ်ဆို့ထားခဲ့သည့် ကြောက်မက်ဖွယ် မိစ္ဆာများကို လွှတ်ပေးလိုက်သလို ဖြစ်သွားသည်။
…………...
“ အား …. ”
မှိန်တုတ်တုတ် လှိုဏ်ခေါင်းများထဲ အလယ်ပိုင်းကုန်းမြေ၏ တာ့လီအထွတ်အမြတ်မြေ အဖွဲ့သည် သနားစဖွယ် ထွက်ပြေးလာကြသည်။
တာ့လီ အထွတ်အမြတ်မြေသည် အလယ်ပိုင်းကုန်းမြေ၌ ထိပ်တန်း ဂိုဏ်း ၄၉ ဂိုဏ်းထဲ မပါဝင်သော်ငြား သူတို့က အဆင့်အောက်ခြေတော့ မဟုတ်ပေ။ တာ့လီတော်ဝင်ကျမ်းသည် နေမင်းတော်ဝင်ကျမ်းမှ ဆင်းသက်လာသောကြောင့် မီးဓာတ် ကျမ်းများအနက် အားအကောင်းဆုံးထဲ ပါဝင်လေသည်။
တာ့လီအထွတ်အမြတ်မြေမှ ကျင့်ကြံသူတိုင်းသည် မီးကို ကောင်းစွာ ထိန်းချုပ်နိုင်ကြ၏။
ထိုသို့ဆိုလျှင်ပင် တာ့လီအထွတ်အမြတ်မြေမှ ကောင်းကင်အသျှင်များနှင့် အကြီးအကဲများ၏ မျက်နှာက အငြိုးကြီးဝိညာဉ် အလိုက်ခံရသည့်အလား ကြောက်ကြောက်လန့်လန့် ဖြစ်နေကြသည်။
တကယ်တော့ “ အလိုက်ခံရသည့်အလား ” တော့ မဟုတ်ခဲ့ချေ။
အားကောင်းကောင်း အငြိုးကြီးဝိညာဉ်တစ်ကောင်က အမှန်တကယ် သူတို့နောက်လိုက်လာလေသည်။ သူတို့အဖွဲ့သားများက ထိုဝိညာဉ်လက်ထဲ ကျရောက်သွားကာ ပြာဖြစ်သွားကြသည်။
သာမန် အငြိုးကြီးဝိညာဉ်က တာ့လီအထွတ်အမြတ်မြေမှ ကောင်းကင်အသျှင်ကို သတ်နိုင်စွမ်း ရှိသော်လည်း မီးဓာတ် အထူးပြုသည့် တာ့လီအထွတ်အမြတ်မြေမှ ကျင့်ကြံသူများကို လောင်ကျွမ်းပြာချစေဖို့အတွက်မူ မဖြစ်နိုင်ချေ။
သို့သော်လည်း ထိုအတိုင်း အတိအကျ ဖြစ်ပျက်ပြီးသွားလေပြီ။
အကြောင်းမှာ သူတို့နောက်လိုက်လာသည့် အငြိုးကြီးဝိညာဉ်က ဒဏ္ဍာရီလာ အံ့ဖွယ်ငှက် ရွှေကျီး ဖြစ်နေ၍ ဖြစ်သည်။
အမှန်ဖြစ်၏။ ဤသည်မှာ ရှန်ထျန်း တွေ့ခဲ့ရသည့် အငြိုးကြီး ရွှေကျီး ဝိညာဉ် ဖြစ်သည်။
ကွာခြားချက်မှာ ကောင်းကင်အသျှင်များက ရှန်ထျန်းလောက် အားမကောင်းဘဲ ထိုငှက်ကို မဖိနှိပ်နိုင်ကြပေ။
ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်အတွင်း ကျင့်ကြံသူအားလုံး၏ ကျင့်ကြံဆင့်မှာ ဝိဇ္ဇာအဆင့်အောက် ဖိနှိပ်ခံထားရသောကြောင့် သူတို့တိုက်ခိုက်စွမ်းအားမှာ လျော့ချခံထားရသည်။
လူထူးဆန်း ကြာပြာလိုမျိုး သာလွန်တာအို ကောင်းကင်အသျှင်များမှလွဲ၍ အားလုံးနီးပါးက ဝိဇ္ဇာစွမ်းအား တိုက်ခိုက်စွမ်းရည်မျိုး မရှိကြပေ။
“ နီးပါး ” ဟု သုံးစွဲထားလေသည်။ ပြောရလျှင် အခြေခံအုတ်မြစ်က ဝိဇ္ဇာအဆင့်နီးပါး ဖြစ်နေပြီး အင်မတန် နက်နဲသည့် ကျင့်ကြံဆင့်မျိုး ပိုင်ဆိုင်ထားကြသည့် ဖုံးကွယ်နေသော သာလွန်တာအိုကောင်းကင်အသျှင်များ ရှိနိုင်သေးသည့်အချက်ကို လျစ်လျူမရှုထားပေ။
အကယ်၍ ထိုသိုသိုသိပ်သိပ်နေသည့် ကျင့်ကြံသူများသာ ရွှေကျီး အငြိုးကြီးဝိညာဉ်နှင့် ရင်ဆိုင်ရလျှင် ထိုငှက်များက ထွက်ပြေးရသူ ဖြစ်သွားပေမည်။
ကံဆိုးစွာဖြင့် တာ့လီအထွတ်အမြတ်မြေ ကျင့်ကြံသူများကြား သာလွန်တာအို ကောင်းကင်အသျှင် မပါရှိပေ။ သူတို့က ရွှေကျီးနှင့် ရင်ဆိုင်ရသည့်အခါ ရွေးချယ်စရာတစ်ခုသာ ကျန်ရှိတော့သည်။
ထွက်ပြေးဖို့ …
ဝုန်း …
သူတို့နောက်မှ အနီရင့်ရင့် မီးလုံးများ ရောက်ရှိလာပြီး တာ့လီအထွတ်အမြတ်မြေ ကျင့်ကြံသူများအား တစ်ယောက်ပြီး တစ်ယောက် ဝါးမျိုသွားလေသည်။
သူတို့က ပြန်လည်တိုက်ခိုက်ဖို့ မပူးပေါင်းသောကြောင့် မဟုတ်ပေ။ လှိုဏ်ခေါင်းက လေထန်ပြီး ရွှေကျီး အငြိုးကြီးဝိညာဉ်ကို ပစ်မှတ်ထားဖို့ ခက်ခဲနေ၏။ ထို့အပြင် ဂူဗိမာန်၏ စွမ်းအားက အရင်းအမြစ်တစ်ခု ဖြစ်နေသောကြောင့် ရွေကျီး အငြိုးကြီးဝိညာဉ်က ဘယ်တော့မှ မပင်ပန်းပေ။ ရန်သူများကို မမောမပန်း ထာဝရ လိုက်ဖမ်းနိုင်သည်။
ဤသို့သော အခြေအနေမျိုး၌ အသက်ရှင်ဖို့ နည်းလမ်းတစ်ခုသာ ကျန်ရှိတော့သည်။ သူတို့အဖွဲ့ဝင်များထက် မြန်မြန် ပြေးဖို့သာ ဖြစ်၏။
ကိုယ့်အဖွဲ့ဝင်များကို စတေးလိုက်ခြင်းဖြင့် ကိုယ့်အတွက်ကို ထွက်ပြေးဖို့ အချိန်ပိုရနိုင်သည်။
ထိုအတွေးဖြင့် တာ့လီအထွတ်အမြတ်မြေ ကျင့်ကြံသူများက အသည်းအသန် ထွက်ပြေးလာကြပြီး လွတ်မြောက်ရေး နည်းစနစ်များကို သင်ကြားရာ၌ အားမစိုက်ခဲ့မိသောကြောင့် နောင်တရနေမိသည်။
“ ဂိုဏ်းချုပ် ဂိုဏ်းချုပ် ကျွန်တော်တို့ ဘာလုပ်ရမလဲ ”
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို သွားရှာချည်။ ဟိုးကတည်းက အဲလူက သာလွန်တာအို ကောင်းကင်အသျှင် ဖြစ်ခဲ့တာလို့ ကောလဟာလတွေ ထွက်ခဲ့ဖူးတယ်။ တကယ့် လက်ဆုပ်လက်ကိုင်ပြစရာ တိုက်ပွဲ မရှိခဲ့ရုံပဲ။ အခုနှစ်အများကြီးကြာသွားပြီဆိုတော့ သူ ဘယ်လောက်အားကောင်းနေမလဲ ဘယ်သူမှ မသိဘူး။ သူ့ကျင့်ကြံဆင့် ဖိနှိပ်ခံထားရရင်တောင် ဒီမိစ္ဆာငှက်ကို နှိမ်နင်းနိုင်ဦးမှာပဲ ”
“ အဲဆိုတော့ ကျုပ်တို့သာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ရှာတွေ့ရင် ဒီမိစ္ဆာငှက်ကို နှိမ်နင်းနိုင်မှာပေါ့ ”
“ ဟုတ်တယ်။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံဆင့်က ငါနဲ့ လက်ရည်တူတယ်။ တကယ်လို့ ငါတို့သာ ပူးပေါင်းလိုက်ရင် အဲဒီမိစ္ဆာငှက်က ဘာမှမဟုတ်တော့ဘူး ”
………….....
ဝုန်း
အနီရင့်ရင့် မီးလုံး ထပ်မံ ထွက်လာပြန်သည်။
မီးလုံးက အမြန်နှုန်းဖြင့် ပျံသန်းလာကာ ကြောက်မက်ဖွယ် အပူစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထိုအရာက တာ့လီအထွတ်အမြတ်မြေ ဂိုဏ်းချုပ်၏ ဦးခေါင်းဆီ ဦးတည်နေလေ၏။
“သေစမ်း … အဲဒီမိစ္ဆာငှက် ငါတို့ရှေ့ကနေ ဘယ်တုန်းက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ ရောက်လာတာလဲ ”
တာ့လီ ဂိုဏ်းချုပ်က ရှုံ့မဲ့သွားလေသည်။ သူက လက်ဟန်တချို့ ပြုလုပ်ကာ “ ငါ့နဂါးကိုးကောင် အံ့ဖွယ်မီးတောက်အကာအရံကို မြည်းစမ်းကြည့် ”
ဂါး …
နဂါးသဏ္ဌာန် မီးတောက်ကိုးခုက ဂိုဏ်းချုပ်ရှေ့ ထွက်ပေါ်လာကာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး မီးပိုက်ကွန် ဖြစ်လာသည်။ အနီရင့်ရင့် မီးလုံးက ပိုက်ကွန်ဆီ ဝင်ရောက်သွားပြီးနောက် အပြင်းအထန် လှည့်ပတ်ကာ ဘေးပတ်လည်ရှိ အာကာပြင်အပိုင်းအစများကိုပါ လောင်ကျွမ်းပစ်လိုက်သည်။
ဂျွတ် …
တာ့လီ ဂိုဏ်းချုပ်၏ မီးတောက်များကလည်း သာမန်မီးတောက် မဟုတ်မှန်း သိသာလှသည်။
မီးတောက်နှစ်မျိုး ထိပ်တိုက် တွေ့သွားကာ တိုက်ခိုက်နေကြသည်။ သို့သော် မကြာခင် အနီရင့်ရင့် မီးလုံးက အရှိန်ရလာပြီး ပျံ့နှံ့သွားလေသည်။ ထိုစဉ် နဂါးကိုးကောင် အံ့ဖွယ်မီးတောက် အကာအရံက ပျက်စီးသွားပြီး တာ့လီဂိုဏ်းချုပ်၏ အားဖျော့နေသည့် မျက်နှာကို မြင်လိုက်ရသည်။
အသုံးမဝင်ပေ။ သူ့ကျင့်ကြံဆင့် ဖိနှိပ်ထားသည့် နဂါးကိုးကောင် အံ့ဖွယ်မီးတောက် အကာအရံကို ထုတ်သုံးခြင်းက ဝိဇ္ဇာအဆင့် ရွှေကျီး အငြိုးကြီးဝိညာဉ်နှင့် ရင်ဆိုင်ဖို့ ခက်ခဲလွန်းပေသည်။
ပို၍ အရေးကြီးသည်က သူက တစ်စုံတစ်ခုကို သတိထားလိုက်မိခြင်း ဖြစ်၏။
သူ မှားသွားလေပြီ။ သူတို့နောက်က ငှက်က ရှေ့ကို ရုတ်ချည်း ရောက်လာခြင်း မဟုတ်ဘဲ ရှေ့မှတစ်ကောင်ကား တခြားငှက် ဖြစ်၏။ ယခုရွေကျီးက နောက်တွင် ကျန်ခဲ့သည့် ရွှေကျီးထက် ပိုမို ခက်ထန်ကာ ကြီးမားပေသည်။
ဟုတ်တယ် … ရွှေကျီး အငြိုးကြီးဝိညာဉ်နှစ်ကောင် အဝိုင်းခံထားရတဲ့ ကံမကောင်းတဲ့ အဖွဲ့လေး
...............
“ သေစမ်း … ရွှေကျီး နတ်ဧကရာဇ် ဂူဗိမာန်ထဲမှာ ဒီလိုအရာတွေ ဘာလို့ရှိနေရတာလဲ ”
တာ့လီဂိုဏ်းချုပ်က ရွှေကျီး အငြိုးကြီးဝိညာဉ်နှစ်ကောင်ကိုသာ မျှော်လင့်ချက်ကုန်ခမ်းနေဟန်ဖြင့် ကြည့်လိုက်သည်။ သူက ဒီနေ့ ထွက်မလာခင် ပြက္ခဒိန် ကြည့်ခဲ့သင့်သည်။
အကယ်၍ သူသာ လုပ်ခဲ့လျှင် ဤကျိန်စာနေရာကို မလာခင် ကောင်းကောင်း သိသွားပေမည်။
ယခု ရွှေကျီး အငြိုးကြီးဝိညာဉ်နှစ်ကောင် ဝိုင်းထားလေပြီ။ သူက မီးတောက်ဖြင့် နှစ်တစ်ထောင်ကြာ ဆော့ကစားခဲ့သော်လည်း ဤတစ်ကြိမ်တော့ မလွတ်မြောက်နိုင်တော့ပေ။ ဤငှက်ကြီးနှစ်ကောင်ကြောင့် လောင်ကျွမ်းသေဆုံးရတော့မည်။
ဤသည်မှာ တာ့လီဂိုဏ်းချုပ်အတွက် အရှက်ရဖွယ် ဖြစ်၏။
ခဏနေပါဦး …
တာ့လီဂိုဏ်းချုပ်၏ မျက်လုံးများ ပြူးကျယ်လာကာ “ အနီးအနားမှာ တစ်ယောက်ယောက်ရှိနေတယ် ”
သူတို့က သေခြင်းတရားနှင့် ရင်ဆိုင်ရတော့မည့်ဆဲဆဲတွင် ဘေးဘက်လှိုဏ်ခေါင်းအတွင်းမှ စူးစူးဝါးဝါး အော်သံ ထွက်လာသည်။
“ အားရို့ … မိစ္ဆာကောင်။ ငါ ရှိနေတုန်း လက်လွတ်စပယ် လာပြုမူရဲတယ်ပေါ့လေ ”
ဝုန်း …
အာကာပြင်အပိုင်းအစတို့က ပေါက်ကွဲထွက်သွားကာ ခရမ်းဝတ်ရုံနှင့် တာအိုကိုယ်တော်ကြီး ထွက်ပေါ်လာသည်။
သူ့ပိန်ပါးပါး ခန္ဓာကိုယ်အထက်ရှိ ကြွက်သားတို့က ကြီးမားလာကာ မကြာခင် ထွားကျိုင်းကျိုင်း အဘိုးကြီးသဖွယ် ဖြစ်လာသည်။
“ ငါ့အထွတ်အထိပ် ပင်လယ်တုတ်ချောင်း - ကြက်ကလေး ကို မြည်းစမ်းကြည့်လိုက် ”
ဝှီး
ဝှီး ဝှီး
ဝှီး ဝှီး ဝှီး …
ရွှေရောင်တုတ်ချောင်းက ဟိုဟိုဒီဒီ ဝေ့ယမ်းသွားပြီးနောက် လေထဲ ပုံရိပ်တွေ ထွက်ပေါ်လာကာ ဘယ်ဘက်ရှိ ရွှေကျီးဆီ ကျရောက်သွားသည်။ တုတ်ချောင်းက ရွှေကျီး မီးတောက်များကို အစိတ်စိတ်အမြွာမြွာ ဖြစ်သွားစေသည်။ ခဏအကြာတွင် ရွှေကျီး အငြိုးကြီးဝိညာဉ်က နှိမ်နင်းခံလိုက်ရသည်။
တာအိုကိုယ်တော်ကြီးက ဘဝင်ခိုက်စွာ ပြုံးလိုက်ကာ “ အားလုံး စိတ်မပူကြပါနဲ့။ ငါသာ ဒီမှာရှိရင် ဒီအငြိုးကြီးဝိညာဉ်လေးတွေက ဘာမှမလုပ်နိုင်ပါဘူး။ အားလုံးက ကျုပ်စွမ်းအား ပြန်ဖြည့်ဖို့ ကာကွယ်ကြေးနဲ့ ဝိညာဉ်ချီပေးသရွေ့ ဘေးကင်းမှုကို အာမခံတယ်။ ကျေနပ်စေရမယ် ”
တာအိုကိုယ်တော်ကြီးက မောက်မာကာ အရှက်မရှိသော်လည်း အမှန်တကယ် အားကောင်းလွန်းလှသည်။
သူက ကောင်းကင်အသျှင်တစ်ယောက်သာ ဖြစ်သော်လည်း ဝိဇ္ဇာအဆင့် အငြိုးကြီးဝိညာဉ်ကို အပြည့်အဝ နှိမ်နင်းနိုင်လေသည်။
ဤသည်မှာ သာလွန်တာအို ကောင်းကင်အသျှင်တစ်ယောက် ဖြစ်၏။
နောက်ထပ် ရွှေကျီးတစ်ကောင်က သူ့မျိုးနွယ် နှိမ်နင်းခံလိုက်ရပြီးသည်ကို မြင်ပြီးနောက် တိုက်ခိုက်မှုကို မရပ်တန့်သွားပေ။
ရွှေကျီးနှစ်ကောင် အားပူးပေါင်းလိုက်သည့်အခါ သူတို့တိုက်ခိုက်စွမ်းအားက သိသိသာသာ တိုးတက်လာသည်။ ရွှေကျီးနှစ်ကောင်က ဝိဇ္ဇာလေးယောက်ကို အတူတကွ ရင်ဆိုင်နိုင်လေသည်။
တာအိုကိုယ်တော်ကြီးက ရုတ်ချည်းဆိုသလို မီးတောက်များမှ ထွက်ပြေးလာရသည်။
သူက ပြေးရင်း နာနာကျင်ကျင် အော်ညီးနေသည်။
“ သေစမ်း သေစမ်း မင်းတို့ငှက်အိုနှစ်ကောင် အရှက်မရှိဘူးလား။ မင်းတို့တွေက နှစ်သောင်းချီ သက်တမ်းရှိနေပြီးတော့ ငါ့လိုမျိုး လူငယ်လေးကို အနိုင်ကျင့်ကြတာလား။
အခု ငါ့ကို အုပ်စုဖွဲ့ အနိုင်ကျင့်နေပြီ … မင်းတို့မီးလုံး ဘယ်ပစ်နေတာလဲဆိုတာ ကြည့်ကြဦး။ ငါက အဲဒီအစိတ်အပိုင်း သုံးတောင် မသုံးရသေးဘူး။ နောင်အခါ နတ်ဘုရားလောကရောက်သွားရင် မိန်းမပျိုလေးတွေကို ဘယ်လိုလုပ် ပိုးပန်းနိုင်တော့မှာလဲ။
ဒီလိုလုပ်နေဦးမှာလား။ အဲဒါက ကျက်တော့မယ်။ ကယ်ကြပါဦး ညီလေးရေ မင်းဘယ်ရောက်နေလဲ။ အစ်ကိုကြီးကို လာကယ်ပါဦး။ ဒီဂူဗိမာန်ထဲမှာ မင်းဆီကနေ ခိုးထားတဲ့ ဝိဇ္ဇာလက်နက် ပြန်ပေးပါ့မယ်ကွာ ”
တာ့လီဂိုဏ်းချုပ် “ … ”
အားလုံး “ … ”