← Chapters

ကပ်ဘေးတဖန် တိုက်ကွက်

Vol. 26 Ch. 381

ကပ်ဘေးတဖန် တိုက်ကွက်

Vol. 26 Ch. 381

အခန်း (၃၈၁)  : ကပ်ဘေးတဖန် တိုက်ကွက်

လေဟာနယ်ထဲ သက်ပြင်းချသံကို ကြားလိုက်ရသည်။ ထို့နောက် ရွှေရောင်အလင်းတန်းမြောက်များစွာ ပေါ်ထွက်လာလေ၏။ အာကာပြင်က ပုံပျက်သွားကာ မိုးကြိုးတစ်ခု ထွက်ပေါ်လာသည်။

ထိုရွှေရောင်မိုးကြိုးအတွင်း ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။ သူ့ကို မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့ဖြင့် ဖုံးအုပ်ထားကာ သူ့မျက်နှာမှာ မှုန်ဝါးဝါး ဖြစ်နေသည်။

သို့သော်လည်း သူ့အရှိန်အဝါအရ အံ့ဖွယ်မိုးကောင်းကင် ကျင့်စဉ်များကို ကျင့်ကြံထားပြီး ကောင်းကင်ပြစ်ဒဏ် မိုးကြိုးကို ပိုင်ဆိုင်ထားသည့်သူမှန်း သိသာလှသည်။

“ အစ်ကိုကြီးက အရမ်းအလောကြီးတာပဲ ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရွှေကျီးနှစ်ကောင်ကို စိုက်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ထိုငှက်နှစ်ကောင်က ကြမ်းတမ်းခက်ထန်သည့် ရွှေကျီး အငြိုးကြီးဝိညာဉ် မဟုတ်တော့ဘဲ အလွယ်တကူ သတ်နိုင်သည့် ကြက်ပေါက်စအလား ဖြစ်သွားသည်။

သူက စိုးရိမ်စွာ ပြောလိုက်သည်

“ဒီရွှေကျီးတွေက အရမ်းအားကောင်းတယ်။ ကျုပ် ကျင့်ကြံဆင့်ကလည်း အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့်အောက် လျော့ချခံထားရတော့ ဒီလိုအခြေအနေမျိုးမှာ ဒီလိုသားရဲမျိုးကို ရန်သွားစတာ မကောင်းဘူး။

ပြီးတော့ ဒီရွှေကျီးနှစ်ကောင်က နတ်ဧကရာဇ်နဲ့ မျိုးနွယ်အတူတူပဲ။ ဒီမှာ ထိလို့မရတဲ့ ရှေးဟောင်းထောင်ချောက်တချို့ ရှိနေနိုင်တယ် … အခြေအနေကို လေ့လာအကဲခတ်လိုက်ဦးမယ်။ အလျှင်စလို မလုပ်ကြနဲ့ဦး ”

အားလုံးက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် စကားများကြောင့် အံ့ဩသွားလေသည်။

ဟုတ်တယ် … ရွှေကျီး အငြိုးကြီးဝိညာဉ်တွေ ရွှေကျီး နတ်ဧကရာဇ် ဂူဗိမာန်ထဲ ပေါ်လာတာက ပုံမှန်မဟုတ်ဘူး။ ထူးဆန်းနေတယ်

အကယ်၍ သူတို့သာ ထိုငှက်နှစ်ကောင်ကို သတ်လိုက်လျှင် ရွှေကျီး နတ်ဧကရာဇ်က ခေါင်းတလားထဲမှ ပြန်ထလာပြီး သူတို့နှင့် စာရင်းရှင်းဖို့ ရောက်လာနိုင်သည်။

အာ့ …

ငှက်ဆိုးထိုးသံလိုမျိုး ထွက်ပေါ်လာသည်။

ကြာပြာကောင်းကင်အသျှင်က ရွှေကျီးမီးတောက် လောင်ကျွမ်းခံရပြီးနောက် သုတ်သုတ်ပျာပျာ ထွက်ပြေးလာသည်။ သူ့ကြည့်ရသည်မှာ အတော်လေး သနားစဖွယ် ဖြစ်နေရှာ၏။

သို့သော် သူ့အပေါ်တွင် ရွှေကျီးမီးတောက်ကို ကာကွယ်ပေးထားနိုင်သည့် စိမ်းပြာရောင် မီးတောက်အကာရံဖြင့် လွှမ်းခြုံထားသောကြောင့် အသက်အန္တရာယ်တော့ မရှိပေ။

ထိုသို့ဆိုလျှင်ပင် အသားကင်နံ့ ရနေသေး၏။

“ အခြေအနေကို ကြာကြာလေ့လာချင်တယ်ဆိုတာ ဘာပြောတာတုန်း။ ဒီမှာ လျို့ဝှက်ထောင်ချောက်တွေရှိနေရင်တောင် ငါ့ကို အရင်ကယ်လိုက်ပါ့လား” ကြာပြာကောင်းကင်အသျှင်က ခရမ်းရောင်စည်းတံဆိပ်ကို ထုတ်ယူကာ  “ ဒီမှာ … မင်းကို ဒီကောင်းကင်မိုးကြိုးစည်းတံဆိပ် ပြန်ပေးမယ် ဟုတ်ပြီလား ”

ဝှီး

ခရမ်းစည်းတံဆိပ်က အလင်းတန်းအသွင် ပြောင်းလဲသွားပြီးနောက် အံ့ဖွယ်မိုးကောင်ကင် ဂိုဏ်းချုပ်လက်ထဲ ရောက်ရှိသွားသည်။

သူ့လက်ထဲမှ ဝိဇ္ဇာလက်နက်၏ စွမ်းအားကို ခံစားမိပြီး အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်လာကာ  “ အစ်ကိုကြီး ဒီလိုလုပ်ဖို့ မလိုပါဘူး။ ကျွန်တော်က အစ်ကိုကြီးကို မကယ်ဘဲ ထိုင်ကြည့်နေမဲ့လူနဲ့ တူလို့လား ”

ချွမ်

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်လက်ထဲ ဓားတစ်လက် ပေါ်ထွက်လာသည်။

အံ့ဖွယ်အလင်းနှင့် ဓာတ်နှောနတ်မိုးကြိုးတို့ လွှမ်းခြုံထားသော ပုံရိပ်က အဆုံးမဲ့ မိုးကြိုးအစီအရင်ကို ဖွဲ့စည်းလိုက်သည်။

ဝှီး

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နောက်ရှိ ပုံရိပ်သဏ္ဌာန်တွင် နတ်သားရဲဆယ်ကောင် ဟိန်းဟောက်နေကြ၏။

ထိုရွှေကျီးနှစ်ကောင်၏ ငှက်မွေးများလည်း ထိုပုံရိပ်သဏ္ဌာန်ကို မြင်လိုက်သည့်အခါ ထောင်မတ်သွားကြသည်။ သူတို့က သေစေလောက်သည့် အန္တရာယ်မျိုး ခံစားလာကြရသည်။

မိုးကြိုးက မိစ္ဆာများအကြောက်ရွံ့ဆုံး စွမ်းအား ဖြစ်သည့်အပြင် ဓာတ်နှောနတ်မိုးကြိုးကိုတော့ ထည့်ပြောစရာ မလိုတော့ပေ။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ဓာတ်နှောနတ်မိုးကြိုးက သဘာဝအတိုင်း တွေ့ရသည့် ဓာတ်နှောနတ်မိုးကြိုး မဟုတ်ဘဲ သူ့ဘာသာ ဖန်တီးယူထားသောအရာ ဖြစ်၏။

သို့သော်လည်း အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်း၏ စွမ်းအားကြောင့် ထိုစွမ်းအားမှာ နတ်မိုးကြိုးအဆင့်စာရင်း၌ ပြိုင်ဖက်ကင်း နတ်မိုးကြိုးများဖြင့် ယှဉ်နိုင်လေသည်။

ထိုရွှေကျီး အငြိုးကြီးဝိညာဉ်နှစ်ကောင်က ထိုဓားချက်ကို ကာကွယ်နိုင်မည် မဟုတ်ပေ။

……………...

“ ဒါက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့ စွမ်းအားအစစ်အမှန်ပေါ့ ”

ဘေးဘက်တွင် တာ့လီဂိုဏ်းချုပ်က သူ့အကြီးအကဲတချို့နှင့် ပုန်းခိုနေခဲ့သည်။ သူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အရှိန်အဝါကြောင့် လုံးဝကို လန့်ဖြတ်သွားလေသည်။

သူ့ကျင့်ကြံဆင့် ဝိညာဉ်အသွင်ပြောင်းအဆင့် ဖိနှိပ်ခ့ထားရတာတောင် ဒီလူရဲ့ တိုက်ခိုက်စွမ်းက ဘာလို့ ဘာမှမဖြစ်ရတာလဲ …

လွှမ်းမိုးအုပ်စိုးနိုင်တဲ့ အငွေ့အသက်မျိုး … ဒါက ကောင်းကင်အသျှင် ကျင့်ကြံသူတစ်ယောက် ထုတ်လွှင့်နိုင်တာမျိုးလား

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဒီနှစ်တွေမှာ သူ့စွမ်းအားအစစ်အမှန်ကို လျိုထားခဲ့တာပဲ …

တာ့လီဂိုဏ်းချုပ်က တုန်လှုပ်သွားသည်။

ငါက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့ သေချာလျို့ဝှက်ထားတဲ့ စွမ်းအားကို မတော်တဆ သိသွားခဲ့ပြီတူတယ် … သူ့လျို့ဝှက်ချက်ကို ထိန်းသိမ်းထားဖို့ ငါ့ကို သတ်ပစ်မှာလား

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က မိစ္ဆာမဟုတ်ပေ။ အားလုံးက လှိုဏ်ခေါင်းအတွင်း အခြေအနေကို အမြန်အဆန် စစ်ဆေးကြည့်လိုက်ကြ၏။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ဖိအားက ထိုငှက်နှစ်ကောင်အား အာရုံပြောင်းအောင် လုပ်နိုင်စေခဲ့သည်။ သူ ထုတ်လွှင့်ထားသော အရှိန်အဝါက ကြာပြာကောင်းကင်အသျှင်ထက် ပိုမို စွမ်းအားကြီးနေသည်။ အကယ်၍ သူတို့သာ သူ့အား ယခုမတိုက်လျှင် သူတို့ တစ်ချက်တည်းဖြင့် အသတ်ခံရနိုင်သည်။

အာ့ …

ရွှေကျီးငှက်နှစ်ကောင်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဆီ ဦးတည်လာရင်း သူတို့၏ စွမ်းအားကြီး တိုက်ကွက်ကို ထုတ်သုံးဖို့ ပြင်လိုက်ကြသည်။ သူတို့ သတ်ဖြတ်တိုက်ကွက်ကို ထုတ်သုံးလိုက်သည်နှင့် လေဟာနယ်အတွင်း အက်ကြောင်းများ ပေါ်လာကာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ထံ ရွှေကျီး မိစ္ဆာမီးတောက်က ဖုံးလွှမ်းသွားလေသည်။

ထိုစဉ် အားလုံးက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အတွက် ချွေးအေးများ ထွက်လာကြ၏။

ဤသည်မှာ ရွှေကျီးမီးတောက် ဖြစ်၏။ နေမီးလျှံအစစ်လောက် အားမကောင်းသော်လည်း အံ့ဖွယ်မီးတောက်ထဲ စွမ်းအားကြီးနေဆဲ ဖြစ်သည်။ မိစ္ဆာမီးတောက်အဖြစ် ပြောင်းလဲသွားပြီးသည့်နောက်တွင်ပင် စွမ်းအားက နည်းနည်းမျှ လျော့ကျသွားခြင်း မရှိပေ။ တကယ်တော့ ထိုအကြောင်းအရင်းကြောင့် ပို၍ပင် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာစေသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရွှေကျီး မိစ္ဆာမီးတောက်အား သူ့ခန္ဓာကိုယ်ပေါ် လွှမ်းခြုံခွင့်ပေးထားလိုက်သည်။

သူက ပြာအဖြစ် လောင်ကျွမ်းသွားမည်ကို မကြောက်ဘူးလား...

ခြစ် ခြစ် ခြစ် …

မိုးကြိုးနှင့်ကောင်းကင်အရှိန်အဝါကြား ရွှေရောင် နတ်မိုးကြိုးနှင့် ရွှေကျီး မိစ္ဆာမီးတောက်တို့က တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေသည်။

မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါကို ဖြတ်၍ နက်နဲသည့် မျက်ဝန်းတစ်စုံက  တစ်ခုခု သတိထားမိသွားသည့်အလား ထိုရွှေကျီးနှစ်ကောင်၏ ပုံစံများကို လေ့လာနေသည်။

မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့မှ ဖွဲ့စည်းထားသော အကာအရံက တဖြည်းဖြည်း ပါးလွှာလာသည်။ အထဲရှိ အရပ်ရှည်ရှည် ပိန်ပါးပါး ပုံရိပ်က အားလုံးရှေ့ ထွက်ပေါ်လာလေ၏။

“ ညီလေးရေ ကြည့်ရတာ မင်းလည်း မကိုင်တွယ်နိုင်ဘူးမလား ”

ကြာပြာကောင်းကင်အသျှင်က သူ့ခန္ဓာကိုယ်မှ မိစ္ဆာမီးတောက်ကို ငြိမ်းသတ်လိုက်ပြီး အဝတ်အစားအသစ် လဲလှယ်ပြီးသွားလေပြီ။ ကြာပြာကောင်းကင်အသျှင်က သူ့အနေအထားသူ ပြန်ထိန်းလိုက်ပြီးနောက် ယုံကြည်ချက် ပြန်ရလာ၏  “ ငါ့ကို အဲဒီစည်းတံဆိပ် ပေးလိုက်ပါ့လား. မင်းကို ကူညီပေးမယ်လေ ”

“ မလိုဘူး ”

မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါကြားမှ တည်ငြိမ်အေးဆေးသည့် အသံတစ်သံ ထွက်ပေါ်လာသည်  “ ကျွန်တော်က အဲဒီမိစ္ဆာငှက်နှစ်ကောင်ရဲ့ တိုက်ခိုက်ပုံနဲ့ ရင်းနှီးသွားပြီ ”

မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါ အကာအရံက ရုတ်ချည်းဆိုသလို တောက်ပလာကာ ပို၍ ထူထည်းလာသည်။ အရပ်ရှည်ရှည် ပိန်ပါးပါး ပုံရိပ်လည်း မိုးကြိုးသွားအလား ပြောင်းလဲသွားလေသည်။

ဟုတ်ပေသည်။ ကပ်ဘေးတဖန် ဖြစ်၏။

ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်း၏ တားမြစ်အခန်းဆက် ဖြစ်သည်။ ဓာတ်နှောနတ်မိုးကြိုးကို ဖွဲ့စည်းဖို့ ကူညီပေးနိုင်ရုံသာမက ဓာတ်ငါးပါး ဓာတ်နှောနတ်မိုးကြိုး ဖွဲ့စည်းပုံရလာဖို့လည်း ကူညီပေးနိုင်သည်။

သူ့ဘာသာဆိုလျှင် စွမ်းအားကြီး မိုးကြိုးဓာတ် သတ်ဖြတ်ကွက် ဖြစ်သည်။

ထိုစဉ် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က မိုးကြိုးသွားအဖြစ် ပြောင်းလဲသွားသည်။ သူက ကောင်းကင်ပြစ်ဒဏ်ကို ခွဲပေးတော့မည် ဖြစ်၏။

ထိုရွှေကျီးနှစ်ကောင်က အန္တရာယ်ကို ခံစားမိသည့်အလား ဂိုဏ်းချုပ်ကို ဆက်မတိုက်ကြတော့ပေ။ သူတို့က တောင်ပံခတ်ကာ လှိုဏ်ခေါင်းအတွင်းပိုင်းထဲ ပျံသန်းသွားလေသည်။

သူတို့အတွက် နောက်ကျလွန်းသွားသည်မှာ ကံဆိုးသွားရှာသည်။

မိုးကြိုးသွားက မိုးကြိုးနှင့်ကောင်းကင်အရှိန်အဝါအားလုံးကို စုပ်ယူကာ မိုးကြိုးနှင့် ပြုလုပ်ထားသည့် ဓားသွားအလား ပြောင်းလဲသွား၏။

မီးကောင်းကင်၊ အံ့ဖွယ်မိုးကြိုး၊ ကြောက်မက်ဖွယ် စွမ်းအား၊ ဓားချက် …

ချွမ် …

ထိုဓားက လေဟာနယ်ကို ဖောက်ခွင်းကာ သဘာဝစည်းမျည်းများကို ချိုးဖောက်ပစ်လိုက်၏။ ထိုဓား ကျရောက်မလာမီ အချိန်ပင် နှေးကွေးသွားပုံပေါ်သည်။

ရွှေကျီး အငြိုးကြီးဝိညာဉ်နှစ်ကောင်က ဓားချက်ကို ခံယူလိုက်ရင်း သနားစဖွယ် တုန်တုန်ယင်ယင် ဖြစ်သွား၏။

ဘန်း …

ရွှေကျီး အငြိုးကြီးဝိညာဉ်နှစ်ကောင်က လေထဲ ပူပေါင်းပေါက်သွားသည့်အလား အနီရင့်ရင့် အစက်အပြောက်လေးအဖြစ် ပေါက်ကွဲထွက်သွားသည်။

နောက်စက္ကန့်ပိုင်းလေး၌ လှိုဏ်ခေါင်းအတွင်း ဆူဆူညံညံအသံများ ပဲ့တင်ထွက်လာလေသည်။

ရွှေနက်ရောင် ရှေးဟောင်းတံခါးတစ်ချပ် ဖြည်းဖြည်းချင်း ကျရောက်လာလေ၏။

All Chapters