← Chapters

မင်း ဝိဇ္ဇာမဟုတ်တာတောင် ဒီနေရာကို ခိုးဝင်ရဲတယ်လား

Vol. 26 Ch. 382

မင်း ဝိဇ္ဇာမဟုတ်တာတောင် ဒီနေရာကို ခိုးဝင်ရဲတယ်လား

Vol. 26 Ch. 382

အခန်း (၃၈၂) :  မင်း ဝိဇ္ဇာမဟုတ်တာတောင် ဒီနေရာကို ခိုးဝင်ရဲတယ်လား

တံခါးချပ်ပေါ်တွင် အံ့ဖွယ်ငှက် ဆယ်ကောင်လည်း အပါအဝင် ထူးခြားဆန်းကြယ် သင်္ကေတများ ရေးထွင်းထားလေသည်။ သူတို့က ‌နေမင်းကဲ့သို့ ဖြစ်ပြီး မသိမသာ တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားပြီး အဆုံးမဲ့ နက်နဲမှုတို့ ကိန်းအောင်းနေသည်။

ထို့နောက် လေဟာနယ် လမ်းကြောင်းတစ်ခု ပေါ်လာသည်။

ကြီးကျယ်ကာ ထိတွေ့မရနိုင်သော  ဖိနှိပ်ထားသည့် ခံစားချက်မျိုး ပျံ့နှံ့လာကာ အားလုံးက ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြလေသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့ပင် သိသိသာသာ လှုပ်ခတ်နေလေ၏။ ဤအရှိန်အဝါက သူ့အတွက် ခြိမ်းခြောက်မှုဖြစ်စေဖို့ လုံလောက်မှန်း သိသာလှသည်။

“ ဒီလမ်းကြောင်းက ဂူဗိမာန်ရဲ့ အလယ်ပိုင်းကို ဦးတည်နေတာနေမယ် ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အပြုံးက ဖျော့တော့သွားကာ  “ ဒါပေမဲ့ ဒီဂူဗိမာန်က အမြဲပြောင်းလဲနေသလိုပဲ။ ကျွန်တော်တို့ အကျိုးမြတ်တွေ့မလား အန္တရာယ်တွေ့မလား မသိနိုင်ဘူး။ ရှေ့တိုးမလား နောက်ဆုတ်မလား သေချာစဉ်းစားသင့်တယ်”

ကြာပြာကောင်းကင်အသျှင်က သူ့သိုလှောင်လက်စွပ်ထဲမှ ဝတ်ရုံအသစ်ကို ထုတ်ကာ မျက်နှာပြောင်ပြောင် ပြောလိုက်သည်  “ငါတို့ ဒီရောက်လာမှတော့ ဘာကြောက်နေရဦးမှာလဲ ”

အဲဒီငှက်နှစ်ကောင်ကြောင့် လောင်သွားတော့မလို့ ဝိဇ္ဇာလက်နက်လည်း ညီလေးဆီ ပြန်ပေးလိုက်ရပြီ … ငါ တော်တော်ဆုံးရှုံးသွားပြီ

ဒီဂူဗိမာန်ထဲကနေ ရတနာမရမချင်း မကျေအေးနိုင်ဘူး … ဒါတွေက တာ့လီဂိုဏ်းချုပ်နဲ့ သူ့အဖွဲ့ အမှားပဲ။ ငါသာ သူတို့ကို မကယ်ရင် ဒီရွှေကျီးတွေက ငါ့ကို လုပ်ကြံနိုင်မှာ မဟုတ်ဘူး

ငါတို့ ပြန်ရောက်လာတဲ့အခါ အဲလူတွေကို သင်ခန်းစာပေးဖို့ အခွင့်အရေး ရှာရမယ်

ကြာပြာကောင်းကင်အသျှင်က အတွေးပေါင်းစုံ တွေးနေစဉ် တာ့လီဂိုဏ်းချုပ်နှင့် သူ့အဖွဲ့က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အား ကျေးဇူးတင်နေကြလေပြီ။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အရှေ့ပိုင်းလွင်ပြင်တွင် ရှိကာ တာ့လီအထွတ်အမြတ်မြေနှင့် ပုံမှန်ဆက်ဆံရေးမျိုး မရှိသော်လည်း နယ်မြေငါးခုက ဝိဇ္ဇာကျင့်ကြံသူတစ်ယောက်အတွက် ကြီးမားကျယ်ဝန်းသည်ဟု ယူဆ၍ မရပေ။

ထိုကျင့်ကြံသူများက နောင်အနာဂတ်တိုက်ပွဲများနှင့် ဆန်းကြယ်နယ်မြေများ ဖွင့်ရာ၌ တစ်ယောက်နှင့် တစ်ယောက် ပြန်ဆုံနိုင်ခြေ မြင့်မားလေသည်။ အကယ်၍ သူတို့သာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကပ်နေနိုင်လျှင် တာ့လီလူစုအတွက် အကျိုးမြတ်ရပေမည်။

လူတစ်ယောက်မှာ ရန်သူထက် မိတ်ဆွေများလေ ကောင်းလေ ဖြစ်၏။

“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ကျုပ်တို့ မတွေ့တာ နှစ်ရာချီနေပြီပဲ။ ခင်ဗျားက တကယ်ကို ထူးချွန်ပြီး အားကြီးတာပဲ။

တကယ်လို့ ခင်ဗျားရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် အကျိုးဆက်တော့ မတွေးရဲစရာပဲ။ ညီအစ်ကိုလုံယွမ် ကျေးဇူးပါဗျာ။ ကျုပ်တို့ကို ကယ်ပေးခဲ့တဲ့ အသက်ကြွေးကို ဘယ်တော့မှ အပြည့်အဝ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး။ ဒီအထွတ်အထိပ် ဝိညာဉ်လက်နက် ပယင်းအံ့ဖွယ်ဓားလေးကို လက်ခံပေးပါ။ နိမ့်ကျတယ်လို့တော့ မတွေးပါနဲ့ …”

“ ကျုပ်က ဒီနှင်းကြာပန်းကို နှစ်သုံးထောင်လောက် ဂရုတစိုက် ပြုစုပျိုးထောင်လာတာ။ ဝိဇ္ဇာအဆင့် ဆေးပင် ဖြစ်နေပြီ။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ဒီဟာလေးကို ကျုပ်ရဲ့အသက် ကယ်ပေးတဲ့ ကျေးဇူးကြွေးအနေနဲ့ လက်ခံပေးပါဗျာ ”

.............

တစ်ယောက်ပြီးတစ်ယောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ထံ ရတနာများ ပေးနေကြသည်။ ကြာပြာကောင်းကင်အသျှင်က မနာလိုဖြစ်လွန်းလို့ မျက်နှာပင် အစိမ်းရောင် ပြောင်းလုမတတ် ဖြစ်နေလေပြီ။

ဒီလက်ဆောင်တွေကို လက်ခံရမဲ့သူက သူ ဖြစ်သင့်တာလေ … သေစမ်း သူက ငါ့ကံအပြောင်းအလဲ အခွင့်အရေးကို ဝင်ခိုးသွားတာပဲ

အဲဒီရွှေကျီး ခေါင်းနှစ်ခေါင်းကလည်း ငါ့အပိုင် ဖြစ်သင့်တာလေ …

ထိုကျင့်ကြံသူများက အသက်ကြွေးတင်နေခြင်း မဟုတ်လျှင် ဤမျှလောက် ရက်ရောနေမည် မဟုတ်ပေ။

ရုတ်တရက် ပေါ်ထွက်လာသည့် ဤလမ်းကြောင်းက နက်နဲလွန်းသည့် တစ်နေရာသို့ ဦးတည်နေမှန်း သိသာလှသည်။ ထိုနေရာ၌ ကံအပြောင်းအလဲ အခွင့်အရေးကြီးကြီးမားမား ရှိနေနိုင်သလို အန္တရာယ်ကြီးကြီးမားမားလည်း စောင့်ကြိုနေနိုင်သည်။

ဤလိုအချိန်မျိုး၌ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်လို လူနား ကပ်ထားနိင်ဖို့ ပို၍ အရေးကြီးလေသည်။

အချိန်ကိုက် လှုပ်ရှားတတ်သည့်လူများက အသက်ရှည်တတ်၏။

“ အားလုံး ယဉ်ကျေးနေဖို့ မလိုပါဘူးဗျာ။ ကျုပ်တို့လို ကျင့်ကြံသူတွေက တစ်ယောက်နဲ့ တစ်ယောက် ကူညီပေးရမှာပေါ့။ တကယ်လို့ စိတ်မရှိရင် ဒီခရီးကို ကျုပ်နဲ့အတူတူ လိုက်ခဲ့ကြပါ့လား ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ လေသံက ပျော့ပျောင်းနေကာ သူ့မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့ကလည်း အသာအယာ လှုပ်ခတ်နေကြ၏။ သူက ရတနာများကို တစ်ခုပြီး တစ်ခု စနစ်တကျ သိမ်းဆည်းလိုက်သည်။

ထို့နောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အဖွဲ့ကို တံခါးဆီ ဦးဆောင်ခေါ်သွားလိုက်သည်။

ဘေးပတ်လည် အာကာပြင်အပိုင်းအစများက တွန့်ချိုးလာကာ အားလုံးက ဂူဗိမာန်အတွင်းပိုင်း အမှန်တကယ် ဝင်ရောက်သွားကြောင်း ခံစားမိလိုက်ကြသည်။

အကြောင်းမှာ နတ်ဧကရာဇ် အရှိန်အဝါက ပို၍ သိပ်သည်းလာ၍ ဖြစ်သည်။  စမ်းသပ်ချက် ဖြတ်ကျော်ထားသော ဝိဇ္ဇာဖြစ်သည့် တာ့လီဂိုဏ်းချုပ်ပင် သူ့ဝိညာဉ် တုန်ယင်သွားသလို ခံစားလိုက်ရသည်။ ဤအရှိန်အဝါက သူတို့ထက် ကျင့်ကြံဆင့် အတော်မြင့်မားသည့် တစ်ယောက်ဆီမှ ထွက်ပေါ်နေကြောင်း သိသာလှသည်။ ဤလူက ဒဏ္ဍာရီလာ နတ်ဧကရာဇ်ပင် ဖြစ်နိုင်၏။

“ ရွှေကျီးနှစ်ကောင်က ကျုပ်တို့နောက် လိုက်ပေမဲ့ သူတို့က ဒီတံခါးဆီ ဦးဆောင်လမ်းပြခဲ့တာပဲ”

“ ဟုတ်ပါ့ … ကံကောင်းမှုနဲ့ ကံဆိုးမှုတို့က ကြေးပြားရဲ့ ဟိုဘက်ဒီဘက်မလား။ ကံဆိုးလွန်ရင်လွန်းတဲ့အခါ ကံကောင်းမှုအဖြစ် ပြောင်းသွားတတ်တယ်လေ ”

“ ကျုပ်တို့က နတ်ဧကရာဇ် ဂူဗိမာန်အတွင်းပိုင်း ပထမဆုံး ဝင်တဲ့လူတွေ ထင်တယ်။ တကယ်လို့ ကျုပ်တို့သာ ကံကောင်းရင် ရွှေကျီး နတ်ဧကရာဇ် ချန်ထားခဲ့တဲ့ ရတနာ ရလာနိုင်တယ် ”

“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့ ကျေးဇူးကြောင့်ပါပဲ။ တကယ်လို့ အတွင်းပိုင်းမှာ ထူးထူးခြားခြား ရတနာတွေရှိခဲ့ရင် ခင်ဗျား အရင်ရွေးပါ ”

…………...

အဖွဲ့က သွားရင် စကားပြောလိုက်ကြသည်။

ဂူဗိမာန်ကျွန်း ပေါ်ထွက်လာပြီးနောက် ရက်ပိုင်းလေးအတွင်း နတ်ဧကရာဇ်၏ ဂူဗိမာန်အတွင်းပိုင်း သွားရာ လမ်းကြောင်းကို ရှာတွေ့ခြင်းက ကံကောင်းမှုကြီး ဖြစ်နေလေပြီ။

အလယ်ပိုင်းကုန်းမြေ၏ နတ်ဧကရာဇ် ဂူဗိမာန်က နှစ်ရာချီ သို့မဟုတ် နှစ်တစ်ထောင်နေမှ တစ်ခါပွင့်လာလေ့ရှိ၏။ အတွင်းပိုင်းကား တစ်ခါမှ မပွင့်လာဖူးသေးပေ။ ဤသည်မှာ နတ်ဧကရာဇ် ချန်ထားခဲ့သည့် အမွေအနှစ် တည်ရှိရာ ပင်မနေရာ ဖြစ်၏။

ပုံမှန်အားဖြင့် နတ်ဧကရာဇ်၏ အသိအမှတ်ပြုမှုကို ရရှိသူသာ ဝင်နိုင်ကြသည်။ မဟုတ်လျှင် ဂူဗိမာန်ကို မည်မျှစူးစမ်းရှာဖွေစေကာမူ ဘယ်တော့မှ ရှာမတွေ့နိုင်ပေ။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အေးအေးဆေးဆေး ပြောလိုက်သည်

“ အားလုံး သတိကြီးကြီးထားကြပါ။ ဒီအတွင်းပိုင်းက ဘေးကင်းမှာ မဟုတ်လောက်ဘူး။ ပြီးတော့ တကယ်လို့ ကံအပြောင်းအလဲ အခွင့်အရေးရှိရင်လည်း ကျုပ်တို့က ပထမဆုံး မဟုတ်လောက်ဘူး။ ကျုပ်တို့အရင် တစ်ယောက်ယောက် ရောက်လာပြီးလောက်ပြီ ”

တာ့လီဂိုဏ်းချုပ်က အံ့ဩသွားကာ “ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

ပြောရမည်ဆိုလျှင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရွှေကျီး အငြိုးကြီးဝိညာဉ်နှစ်ကောင်ကို သတ်ပြီးနောက်မှသာ တံခါးကို အသက်သွင်းနိုင်ခဲ့ခြင်း ဖြစ်၏။

ဒီဂူဗိမာန်ထဲ ဒီလိုတိုက်ခိုက်စွမ်းရည်မျိုး ဘယ်သူ့ဆီမှာ ရှိဦးမှာလဲ …

တွေးကြည့်လို့တောင် မရဘူး …

အခြားလူများ တိတ်ဆိတ်သွားသော်လည်း သူတို့မျက်ဝန်းထဲ သံသယတချို့ ရှိနေသေး၏။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင်လောက် အားကြီးသည့် လူများရှိသည်ကိုက အံ့ဖွယ် ဖြစ်နေလေပြီ။ အကယ်၍ သူတို့နှစ်ယောက်ထက် အားကောင်းသည့်သူ ရှိနေခဲ့လျှင် သူတို့ကျန်လူများက အသုံးမကျတဲ့ အမှိုက်သရိုက်တွေ ဖြစ်မသွားပေဘူးလား။

မဖြစ်နိုင်ဘူး … လုံးဝ မဖြစ်နိုင်ဘူး

ဝုန်း …

လမ်းကြောင်းက အညင်အသာ တုန်ခါလာပြီး သူတို့ဦးတည်ချက် ရောက်ရှိသွားကြောင်း ညွှန်ပြနေသည်။

သူတို့ရှေ့တွင် ထူးထူးဆန်းဆန်း အလင်းပေါ်လာပြီးနောက် မီးပင်လယ်အလား ပူခြစ်တောက်နေသည့် လေထု ထွက်ပေါ်လာသည်။ သူတို့အားလုံးက အားကောင်းသည့် ကျင့်ကြံသူများသာ မဟုတ်လျှင် ထိုအပူဓာတ်က သူတို့ကို သတ်သွားနိုင်၏။

“ ဒါက ထူးခြားတဲ့ ကမ္ဘာငယ်လေးပဲ ”

အားလုံးက သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်လာကြသည်။

ဤသည်မှာ ကျတ်တီးမြေ ဖြစ်ပြီး သက်ရှိ အရိပ်အယောင် မရှိနေပေ။ ထိုကျတ်တီးမြေ ကောင်းကင်ယံတွင် နေဆယ်စင်း တောက်ပနေသည်။ သူတို့ကြားမှ နေတစ်စင်းက ကြီးမားပြီး မျက်စိစူးလောက်ဖွယ် ဖြစ်နေကာ ကျင့်ကြံသူတိုင်းက လျော့တွက်ရဲမည် မဟုတ်ပေ။

ကျန်နေကိုးစင်းက တစ်ဝက်လောက်သာ အရွယ်အစား ရှိပြီး ဧရာမနေမင်းကြီးကို ဝန်းရံထားကြသည်။ ထိုပုံရိပ်က တံခါးပေါ်ရှိ ပုံရိပ်နှင့် အတူတူ ဖြစ်၏။

နေဆယ်စင်း အပူဓာတ်အောက်တွင် မြေကြီးများက ခြောက်သွေ့ကာ အက်ကွဲနေသည်။ မိုင်တော်တော်များများအထိ စိမ်းစိမ်းစိုစို အရိပ်အယောင် မတွေ့ရပေ။

ဤနေရာ၌ အပင် ကြီးထွားလျှင်ပင် နီရဲတောက်နေသည့် အပင်သာ ဖြစ်၏။

…………....

ထိုကျတ်တီးမြေ အလယ်တွင် ဧရာမ မီးတောင်ကြီးတစ်လုံး ရှိနေသည်။ ထိုမီးတောင်က အနည်းဆုံး ပေတစ်သောင်းလောက် မြင့်မားပြီး ထိပ်တွင် ရွှေနီရောင် မီးပြင်းဖိုတစ်လုံး လွှင့်မျှောနေလေ၏။

ထိုရွှေနီရောင် မီးပြင်းဖိုကို နေမီးလျှံအစစ်ဖြင့် လွှမ်းခြုံထားသောကြောင့် ဘေးပတ်ဝန်းကျင်ပင် ရွှေနီရောင် စွန်းနေလေ၏။ ဤသည်မှာ ပြိုင်ဖက်ကင်း နတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်း အံ့ဖွယ်နေမင်း မီးပြင်းဖို ဖြစ်သည်။

အားလုံးက ထိုမီးပြင်းဖိုကို ကြည့်နေရင်း နေမင်းကို ကြည့်မိသည့်အလား သူတို့မျက်လုံးများပင် စူးအောင့်လာလေသည်။

တောင်၏ အလယ်ပိုင်းလောက်တွင် ချိတ်ဆွဲထားသည့် စင်မြင့်ကိုးခု ရှိနေသည်။

တောင်ထိပ်နှင့် နီးသည့် စင်မြင့်အထက်တွင် …

ဟမ် … လူတချို့ ရှိနေလေသည်။

All Chapters