ဗလာနတ်ဘုရားအဆင့်သို့ တက်လှမ်းခြင်း
Vol. 18 Ch. 275
လီချန်သည် ထာဝရအသက်ရှင်ခြင်းလျှို့ဝှက်နယ်ပယ်ရှိ ကူလွန်လှိုဏ်ဂူကောင်းကင်ဘုံမှာ လော်ယွမ်းတာအိုကျောင်းတော်၏ ဆရာဘိုးဘေးနှင့် ဤသို့သော ရေစက်မျိုး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော်၊ ဆရာဖြစ်သူ ထျန်းလန်ကျောင်းတော်သခင် ဆိုခဲ့သော စကားများအရ၊ သူသည် အချိန်ခေါင်းလောင်းလှိုဏ်ဂူကောင်းကင်ဘုံအတွင်း၌ ဗလာနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်သည်ကို ကိုယ်စားပြုနေ၏။
မသိသေးတာက သူ ဗလာနတ်ဘုရားအဆင့်သို့ တက်လှမ်းသည့်အခါ၊ အချိန်ခေါင်းလောင်းလှိုဏ်ဂူကောင်းကင်ဘုံသည် ပျက်စီးသွားခြင်း ရှိ၊ မရှိပင် ဖြစ်သည်။
အချိန်ခေါင်းလောင်းလှိုဏ်ဂူကောင်းကင်ဘုံသည် သာမန် လှိုဏ်ဂူကောင်းကင်ဘုံများနှင့် မတူညီဘဲ၊ တာအိုအဆင့် အချိန်ခေါင်းလောင်းမှ ပြောင်းလဲဖြစ်ပေါ်လာသည် မှန်သော်လည်း၊ တကယ်လို့ ပျက်စီးသွားခဲ့ရင်ရော။
သို့ရာတွင် အချိန်ခေါင်းလောင်းလှိုဏ်ဂူကောင်းကင်ဘုံသည် ပျက်စီးသွားသည် သို့မဟုတ် ပြိုလဲသွားသည့်တိုင် အချိန်အနည်းငယ် ပေးလိုက်ပါက ဖြည်းညင်းစွာ ပြန်လည်ကောင်းမွန်လာနိုင်ပေသည်။
သို့သော် လှိုဏ်ဂူကောင်းကင်ဘုံ ပျက်စီးသွားခြင်းသည် လှိုဏ်ဂူကောင်းကင်ဘုံအတွင်း နေထိုင်ကြသော လူများအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုမျိုးဖြစ်ပေါ်လာနိုင်မလဲ။
"ဆရာ၊ တပည့်က 'သေမျိုးနယ်မြေ' လို့ခေါ်တဲ့ တခြားကမ္ဘာတစ်ခုမှာ လှိုဏ်ဂူကောင်းကင်ဘုံတစ်ခုကို ရှာတွေ့ထားတယ်။ တပည့်သာ ဒီလှိုဏ်ဂူကောင်းကင်ဘုံထဲမှာ ဗလာနတ်ဘုရားအဆင့်ကို တက်လှမ်းခဲ့ရင်... လှိုဏ်ဂူထဲမှာ နေထိုင်တဲ့လူတွေကို သက်ရောက်မှု ရှိနိုင်မလား။"
လီချန်က ချက်ချင်း မေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။
"သက်ရောက်မှုကတော့ သေချာပေါက် ရှိမှာပဲ။ ဒါပေမဲ့ သေမျိုးနယ်မြေမှာ တကယ်လှိုဏ်ဂူကောင်းကင်ဘုံ ရှိလို့လား။"
ထျန်းလန်ကျောင်းတော်သခင်သည် ကြားသည်နှင့် မျက်နှာပေါ်၌ အံ့အားသင့်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။
သူသည် အမတနယ်မြေမှ ဇာစ်မြစ်ဖြစ်ရာ၊ သေမျိုးနယ်မြေအကြောင်းကို နားလည်ထားလေသည်။
အမတနယ်မြေနှင့် သေမျိုးနယ်မြေတို့သည် ပုံစံတူ အမွှာနယ်မြေများ ဖြစ်ကြပြီး၊ မတူညီသော ဘုံများတွင် ရှိနေကြသော်လည်း နက်ရှိုင်းသော ရေစက်ဆက်နွှယ်မှုများ ရှိနေကြသည်။
ထို့ကြောင့် ဘုံနှစ်ခုအကြား သွားလာခြင်းသည် အတော်အတန် လွယ်ကူပေလိမ့်မည်။
အကယ်၍ အခြားသော အောက်ဘုံများသို့ ပြောင်းလဲသွားလာမည်ဆိုပါက၊ အလွန်အမင်း အခက်အခဲ ရှိပေလိမ့်မည်။
ထျန်းလန်ကျောင်းတော်သခင်က ချက်ချင်း ပြောလိုက်၏။ "နေဦး၊ ဒီလိုဆိုရင်တောင် လုံလောက်တဲ့ တည်ငြိမ်မှု မရှိသေးဘူး။ ဒီလိုလုပ်၊ ဆရာက ထျန်းလန်နတ်ဘုရားစံအိမ်ကနေတစ်ဆင့် မင်းဆီကို ဝိညာဉ်ကျောက်တုံးတွေ ပို့ချပေးမယ်။"
ဝိညာဉ်ကျောက်တုံးဟူသည် ယွမ်ကျောက်တုံးများနှင့် ဆင်တူပြီး၊ ပြည့်ဝသော ဝိညာဉ်စွမ်းအင်များ ပါဝင်သည်။
အထက်ဘုံတွင် အတော်အတန် အဖိုးတန်သော ကျင့်ကြံခြင်းအရင်းအမြစ်တစ်ခုဟု သတ်မှတ်နိုင်ပေသည်။
ပုံမှန် အခြေအနေအောက်တွင် အောက်ဘုံသို့ ကျင့်ကြံခြင်း အရင်းအမြစ်များ ပို့ရန်မှာ အခက်အခဲ အလွန် ကြီးမားလှသည်။
သို့သော် သူသည် ထိုစဉ်က အောက်ဘုံ၌ ထျန်းလန်နတ်ဘုရားစံအိမ်ဟူသော ကြားခံနယ်တစ်ခုကို ချန်ထားခဲ့သဖြင့် အတော်အတန် လွယ်ကူပေလိမ့်မည်။
သို့သော်၊ ကုန်ကျစရိတ်မှာလည်း ကြီးမားလှပေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ မြေနတ်ဘုရား အဆင့်ကိုးမျှသော စွမ်းအားလေးဖြင့် သူ့စွမ်းအားကို အားကိုး၍ အထက်အောက်ဘုံများအကြား ပစ္စည်းများ ဖြတ်ကျော်ပို့ဆောင်ရန် မလုံလောက်သောကြောင့် ဖြစ်သည်။
ယွီဟွာနတ်ဘုရားဂိုဏ်း၏ အထူးနေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အကူအညီယူရမည်ဖြစ်သည်။
ထိုအထူးနေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုရန်မှာ နတ်ဘုရားသလင်းကျောက်များ ကုန်ကျပေမည်။
သူသည် အဘယ်ကြောင့် နှစ်ပေါင်း ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်း ကြာမှသာ ထျန်းလန်နတ်ဘုရားစံအိမ်ကို တစ်ကြိမ် ပေါ်ထွက်စေခဲ့သလဲဆိုတာက... သူ မလိုလား၍ မဟုတ်ဘဲ... ပေးဆပ်ရသော တန်ဖိုးမှာ အလွန်ကြီးမားလှသောကြောင့်ဖြစ်သည်။ အထူး နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တစ်ကြိမ်အသုံးပြုတိုင်း ကုန်ကျစရိတ်သည် နတ်ဘုရားကံကြမ္မာအခွင့်အရေးအတွက် ကုန်ကျသော နတ်ဘုရားဝိညာဉ်ချီထက် ဆယ်ဆ ပိုမိုမြင့်မားသည်။
ယခု၊ သူသည် လီချန် ပိုမို တည်ငြိမ်စွာဖြင့် ဗလာနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ယွီဟွာနတ်ဘုရားဂိုဏ်း၏ အထူးနေရာရွှေ့ပြောင်းခြင်း အစီအရင်ကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
"လီချန်၊ မင်း သေချာလို့လား ဒါက တကယ့် လှိုဏ်ဂူကောင်းကင်ဘုံအစစ်ဆိုတာ။"
ထျန်းလန်ကျောင်းတော်သခင်က နောက်တစ်ကြိမ် ထပ်မံ အတည်ပြုလိုက်သည်။
"ဆရာ၊ သေချာပေါက် လှိုဏ်ဂူကောင်းကင်ဘုံပါပဲ။"
လီချန်က ပြောလိုက်၏။ "ပြီးတော့၊ ဒီနှစ်တွေမှာ တပည့်က ဒီလှိုဏ်ဂူကောင်းကင်ဘုံကို အသုံးချပြီးတော့ ဝိညာဉ်စွမ်းအင်တချို့ကို သိုလှောင်ထားခဲ့တယ်။"
"အင်း၊ လှိုဏ်ဂူကောင်းကင်ဘုံက ကောင်းချီးမြေထက် အဆင့်ပိုမြင့်တယ်လေ။ အထက်ဘုံကနေ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်တဲ့ ဂုဏ်သတ္တိရှိတာတော့ အမှန်ပဲ။ ဒါဆိုရင်တော့ လှိုဏ်ဂူကောင်းကင်ဘုံ ဖြစ်လောက်တယ်။"
ထျန်းလန်ကျောင်းတော်သခင်က ခေါင်းညိတ်လိုက်သည်။
"ဆရာ၊ ဆရာက ဝိညာဉ်စွမ်းအင် ပို့ပေးမယ်ဆိုတာ ဒီလောက်လွယ်ကူမှာ မဟုတ်ဘူး မဟုတ်လား။ တပည့် ဒီနှစ်တွေမှာ သိုလှောင်ထားတဲ့ ဝိညာဉ်စွမ်းအင်က၊ လုံလောက်,လောက်ပါပြီ။"
လီချန်က မနေနိုင်ဘဲ မေးလိုက်သည်။
"အင်း၊ ဝိညာဉ်စွမ်းအင် ပို့ပေးဖို့၊ ယွီဟွာနတ်ဘုရားဂိုဏ်းရဲ့ အထူးနေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုရမှာ။ ကုန်ကျစရိတ်က နည်းနည်းတော့ ကြီးမားတယ်။ ဒါပေမဲ့၊ မင်းသာ လှိုဏ်ဂူကောင်းကင်ဘုံကို အသုံးချပြီး ဗလာနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် အရာအားလုံးက တန်ဖိုးရှိသွားပါပြီ။"
ထျန်းလန်ကျောင်းတော်သခင်က ညင်သာစွာ ရယ်မောလျက် ပြောလိုက်၏။
လော်ယွမ်းတာအိုကျောင်းတော်သည် တည်ထောင်ခဲ့ပြီးသည့်နောက် တည်ထောင်သူ ဆရာဘိုးဘေး တစ်ဦးတည်းသာ ထျန်းနတ်ဘုရားအဆင့်သို့ ရောက်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဘေးအန္တရာယ်ကြီးနှင့် ကြုံတွေ့ခဲ့ရပြီး ကံမကောင်းစွာ ကျဆုံးသွားခဲ့သည်။
ထိုအချိန်မှစ၍ လော်ယွမ်းတာအိုကျောင်းတော်တွင် အင်အားအကြီးမားဆုံးမှာ သူဟူသော ကျောင်းတော်သခင်၊ မြေနတ်ဘုရား အဆင့်ကိုးသာ ဖြစ်တော့သည်။
အခြားသော တပည့် နှစ်ဆယ်ဂဏန်းကျော်ထဲတွင် သုံးဦးတည်းသာ မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိကြပြီး ကျန်သူများမှာ ဗလာနတ်ဘုရားအဆင့်၌သာ ရှိနေကြသေးသည်။
ဤသုံးဦးသည် မြေနတ်ဘုရားအဆင့်သို့ ဖြစ်လာသည့်တိုင် နတ်ဘုရားအထောက်အထား ရရှိရန် အရည်အချင်း လုံးဝ မရှိကြဘဲ... အလုပ်ကြမ်းတပည့် အဆင့်အတန်း၌သာ ရှိနေကြဆဲ ဖြစ်သည်။
ယွီဟွာနတ်ဘုရားဂိုဏ်းအတွင်း၌ နတ်ဘုရားအထောက်အထား ရရှိလိုပါက အစကတည်းက နတ်ဘုရားအထောက်အထားရတပည့် ဖြစ်လာမှသာ ရမည်ဖြစ်ပြီး၊ မဟုတ်ပါက လမ်းတစ်လမ်းတည်းသာ ရှိသည်။ ထိုအရာမှာ အလုပ်ကြမ်းတပည့် အဆင့်အတန်းဖြင့် ထျန်းနတ်ဘုရားအဆင့်သို့ ခြေချနိုင်ရန် ဖြစ်သည်။
သို့သော် အခက်အခဲမှာ အလွန်ကြီးမားလှပြီး၊ လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
သူ့ဆရာ လော်ယွမ်း တစ်ဦးတည်းသာ အလုပ်ကြမ်းတပည့် အဆင့်အတန်းဖြင့် ထျန်းနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး၊ ထိုမှတစ်ဆင့် နတ်ဘုရားအထောက်အထားကို ရရှိခဲ့ခြင်း ဖြစ်ရာ၊ ဒါဟာ ယွီဟွာနတ်ဘုရားဂိုဏ်း၏ သမိုင်းတစ်လျှောက်လုံးတွင် လက်ချိုးရေတွက်၍ရနိုင်သည့် အဖြစ်အပျက် ဖြစ်သည်။
ဒါ့အပြင် သူ့ဆရာသည် ဗလာသို့ပြန်ခြင်းကျင့်ကြံသူ ဇာစ်မြစ်မှလာသူဖြစ်သည်။
"ဆရာ့ကို ကျေးဇူးတင်ပါတယ်။"
လီချန်သည် ကြားသည်နှင့် ငြင်းဆန်မနေတော့ပေ။
မည်သို့ပင်ဖြစ်စေ ဝိညာဉ်စွမ်းအင်မှာ များနိုင်သမျှ များလေ ကောင်းလေ ဖြစ်သည်။
သူ စုဆောင်းထားသော ဝိညာဉ်စွမ်းအင်သည် လုံလောက်ပြီဟု သူ ထင်မြင်နေသော်လည်း၊ သူ့တွင် ဗလာနတ်ဘုရားအဆင့်သို့ တက်လှမ်းဖူးသော အတွေ့အကြုံ မရှိသေးရာ၊ အကယ်၍ လိုအပ်သော ဝိညာဉ်စွမ်းအင် အလွန်များပြားနေပြီး၊ မလုံလောက်ခဲ့ပါက ဘယ်လိုလုပ်ကြမလဲ။
ထို့ကြောင့် ဝိညာဉ်စွမ်းအင် အပို ဆောင်ထားခြင်းသည်သာ အကောင်းဆုံး နည်းလမ်း ဖြစ်သည်။
ထိုအချိန်မှစ၍ လီချန်သည် လော်ယွမ်းတာအိုကျောင်းတော်၌ ကျင့်ကြံနေခဲ့သည်။
သူသည် လော်ယွမ်းတာအိုကျောင်းတော်မှ အခြားသူများနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။
လော်ယွမ်းတာအိုကျောင်းတော်တွင်၊ ကျောင်းတော်သခင်အပြင် ဆရာဦးလေး နှစ်ဦး ရှိသေးပြီး၊ သူတို့သည် ဆရာဖြစ်သူ ထျန်းလန်ကျောင်းတော်သခင်နှင့် မျိုးဆက်တူဖြစ်ကာ၊ သူတို့အားလုံးမှာ မြေနတ်ဘုရား အဆင့်တစ်များ ဖြစ်ကြသည်။
ကျန်သူများမှာမူ ဆရာနှင့် ဆရာဦးလေးနှစ်ဦးတို့၏ တပည့်များ ဖြစ်ကြသည်။
ဤတပည့်များထဲတွင်... အချို့မှာ ထျန်းလန်ကျောင်းတော်သခင်က အမတနယ်မြေမှ ရွေးချယ်ခေါ်ယူခဲ့သော ဗလာသို့ပြန်ခြင်းကျင့်ကြံသူများ ဖြစ်ကြပြီး၊ အများစုမှာ ယခင် လော်ယွမ်းတာအိုကျောင်းတော်မှ ဗလာသို့ပြန်ခြင်းကျင့်ကြံသူ တပည့်များ၏ မျိုးဆက်များ ဖြစ်ကြသည်...။ အားလုံးသည် အမတနယ်မြေနှင့် ဆက်နွှယ်မှု ရှိကြသည်။
ထိုအထဲတွင် ထျန်းလန်ကျောင်းတော်သခင်၏ တပည့်ကြီး ယန်ဖူသည် လီချန်ကဲ့သို့ပင် အမတနယ်မြေမှ တက်ရောက်လာသော ဗလာသို့ပြန်ခြင်းကျင့်ကြံသူ ဖြစ်ပြီး၊ ယခုအခါ မြေနတ်ဘုရား အဆင့်တစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယခင်က လီချန်ကို ဂိုဏ်းအတွင်းသို့ ခေါ်ဆောင်လာခဲ့သော ချန်ယွီမှာ ထျန်းလန်ကျောင်းတော်သခင်၏ တတိယတပည့် ဖြစ်ပြီး ဗလာနတ်ဘုရား အဆင့်၁၀ ဖြစ်သည်။
အခြားသူ အများစုမှာ ဗလာနတ်ဘုရား အဆင့်ခုနစ်အောက်တွင် ရှိကြသည်။
ခြုံငုံ၍ ဆိုရလျှင်၊ လော်ယွမ်းတာအိုကျောင်းတော်၏ ယွီဟွာနတ်ဘုရားဂိုဏ်းအတွင်းရှိ အင်အားနှင့် နောက်ခံအခြေအနေမှာ အမှန်တကယ်ပင် အဆင့် မဝင်လှဘဲ အောက်ဆုံးတွင် ရှိနေသည်ဟု ဆိုနိုင်၏။
နောက်ပိုင်း ဆယ်နှစ်ကျော် ကာလအတွင်း၊ လီချန်သည် ဗလာနတ်ဘုရားအဆင့်သို့ တက်လှမ်းရန်အတွက် ပြင်ဆင်မှုများ စတင် ပြုလုပ်ခဲ့သည်။
ထို့အပြင် ဗလာနတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးနောက် အထက်ဘုံသို့ တက်ရောက်သွားသည်နှင့် အမတနယ်မြေသို့ ပြန်လာရန်မှာ အချိန်တိုအတွင်း လုံးဝ မဖြစ်နိုင်သလောက် ဖြစ်သည်ကို ထည့်သွင်းစဉ်းစားမိရာ သူသည် တာအိုအဆင့် အချိန်ခေါင်းလောင်းကို ရွှေ့ပြောင်းရန်အတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်ရပေမည်။
အရေးကြီးဆုံးမှာ အချိန်ခေါင်းလောင်းလှိုဏ်ဂူကောင်းကင်ဘုံကို ဘယ်လိုစီမံခန့်ခွဲကြမလဲ။
နတ်ဘုရားဓားဂိုဏ်းတစ်ခုလုံးကို အထက်ဘုံသို့ အတူတကွ ခေါ်ဆောင်သွားရမှာလား။
အမှန်တကယ် ထိုသို့ ပြုလုပ်လိုက်ပါက၊ နတ်ဘုရားဓားဂိုဏ်းမှ လူများသည် အမှန်တကယ်ပင် လှိုဏ်ဂူကောင်းကင်ဘုံအတွင်း၌ လုံးဝ ပိတ်မိသွားကြမည်ဖြစ်ပြီး၊ လွတ်လပ်ခွင့် ဆုံးရှုံးသွားကြပေလိမ့်မည်။
သူ သိရှိသည်မှာ အောက်ဘုံမှ လူများသည် အထက်ဘုံသို့ ဝင်ရောက်လာပြီး ဗလာသို့ပြန်ခြင်း ဘုံအဆင့်တက်ခြင်းကို မပြီးမြောက်နိုင်ပါက... အသက်ရှင် ရပ်တည်နိုင်မည် မဟုတ်ပေ။
အချိန်ခေါင်းလောင်းလှိုဏ်ဂူကောင်းကင်ဘုံ၏ ဧရိယာမှာ ထိုမျှသာရှိပြီး၊ များပြားသော လူဦးရေကို လက်ခံထားရန်မှာ အလွန်အမင်း ကျပ်တည်းလှပေမည်။
အချိန်တိုအတွင်းဖြစ်ပါက ကောင်းသေး၏။ သို့သော် အချိန် ကြာလာသည်နှင့် ကြီးမားသော ပြဿနာများ ဖြစ်ပွားလာမည်မှာ သေချာသည်။
အကြိမ်ကြိမ်အခါခါ စဉ်းစားပြီးနောက်၊ လီချန်သည် တာအိုအဆင့် အချိန်ခေါင်းလောင်းကိုသာ ရွှေ့ပြောင်းရန် ဆုံးဖြတ်လိုက်သည်။
နတ်ဘုရားဓားဂိုဏ်းကို အောက်ဘုံ၌သာ ဆက်လက်ဖွံ့ဖြိုးတိုးတက်စေမည်။
အများဆုံးအားဖြင့် နောင်တွင် ဆရာဖြစ်သူ ထျန်းလန်ကျောင်းတော်သခင်ကဲ့သို့ နတ်ဘုရားဓားဂိုဏ်းမှ ဗလာသို့ပြန်ခြင်းကျင့်ကြံသူများကို ပုံမှန် ရွေးချယ်ပြီး၊ နတ်ဘုရားအခွင့်အရေးများ ချီးမြှင့်ပေးမည်...
သို့သော် သူ တက်လှမ်းသွားပြီးနောက် နတ်ဘုရားဓားဂိုဏ်းသည် လုံလောက်သော အင်အားကြီးမားမှု ဆုံးရှုံးသွားမည်ဖြစ်ရာ သေချာစီစဉ်ထားရှိမှ ဖြစ်ပေမည်။
ဟေးကျွယ်နန်းတော်အတွင်းမှ မိစ္ဆာကို... ဆက်လက် ချန်ထားခဲ့မည်။ ဤသို့ဖြင့် နတ်ဘုရားဓားဂိုဏ်း သို့မဟုတ် သူ၏ နှလုံးသားမဲ့တောင်ထွတ်အတွက် နောက်ခံအင်အားတစ်ခုအဖြစ် ရှိနေစေမည်။
သို့ရာတွင် သူ အထက်ဘုံသို့ မခေါ်ဆောင်သွားရခြင်း အကြောင်းမှာ အဓိကအားဖြင့် မိစ္ဆာ၏အစွမ်းအစမှာ အားမကောင်းလှဘဲ ဗလာနတ်ဘုရားအဆင့်နှင့်ညီမျှရုံသာ ရှိသောကြောင့် ဖြစ်သည်။
အမတနယ်မြေ၌ ထားရှိမည်ဆိုပါက သေချာပေါက် ရှုံးနိမ့်ခြင်းမရှိသော တည်ရှိမှု ဖြစ်ပေမည်။
သို့သော် အထက်ဘုံတွင်မူ အဆင့်မဝင်လှပေ။
ထို့အပြင် သူသည် ဆရာဖြစ်သူ ထျန်းလန်ကျောင်းတော်သခင်ကို မေးမြန်းခဲ့ပြီးဖြစ်ရာ ထိုမိစ္ဆာသည် အထက်ဘုံမှ မိစ္ဆာလမ်းစဉ် အင်အားစုတစ်ခုက ဖန်တီးပြုလုပ်ထားခြင်းမျှသာ ဖြစ်ပြီး၊ အမတနယ်မြေ၌ ဘာကြောင့်ထွက်ပေါ်လာခဲ့ရလဲဆိုတာကတော့ ဟိုးအရင်အချိန်တစ်ခုတုန်းက အထက်ဘုံမှ ပျံ့နှံ့ကျဆင်းသွားခြင်း ဖြစ်နိုင်ဖွယ် ရှိသည်။
ထို့ကြောင့် နတ်ဆိုးနတ်ဘုရားအမိန့်ပြား၏ နောက်တစ်ဆက် ထိန်းချုပ်သူသည် အလွန်အမင်း အရေးကြီးလှသည်။
ထို့အပြင် နတ်ဆိုးနတ်ဘုရားအမိန့်ပြား၏ ထိန်းချုပ်သူသည် ကျင့်ကြံမှုအဆင့် လုံလောက်စွာ မြင့်မားမှသာလျှင် မိစ္ဆာ၏စိတ်ဆန္ဒ တိုက်စားမှုများကို တွန်းလှန်နိုင်ပေမည်။
မဟုတ်ပါက နောင်တွင် ကျယ်ယွီမျိုးနွယ်ကဲ့သို့သော အခြေအနေမျိုး ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည်။
အကြိမ်ကြိမ်အခါခါ စဉ်းစားချင့်ချိန်ပြီးနောက်၊ လီချန်သည် နတ်ဘုရားဓားဂိုဏ်း၏ ပထမဆုံး အကြီးအကဲချုပ်အား နတ်ဆိုးနတ်ဘုရားအမိန့်ပြား၏ အရှင်သခင်အဖြစ် နတ်ဆိုးနတ်ဘုရားအမိန့်ပြားကို ထိန်းသိမ်းစေရန် ဆုံးဖြတ်လိုက်သည်။
ထို့အပြင် လီချန်သည် နတ်ဆိုးနတ်ဘုရားအမိန့်ပြား၏ အရှင်သခင်အပေါ် ကန့်သတ်ချက်တစ်ခု ပြုလုပ်ခဲ့သည်။ ထိုအရာမှာ ထျန်းချွမ်ကန္တာရမှ ထွက်ခွာခွင့် မရှိခြင်း ဖြစ်သည်။
ထျန်းချွမ်ကန္တာရမှ ထွက်ခွာသွားသည်နှင့် နတ်ဆိုးနတ်ဘုရားအမိန့်ပြားကို ပိုင်ဆိုင်နိုင်သော အရည်အချင်းကို အလိုအလျောက် ဆုံးရှုံးသွားပေမည်။
ဤသို့ဖြင့် မိစ္ဆာ၏ လှုပ်ရှားမှုနယ်ပယ်ကိုလည်း ကန့်သတ်ထားနိုင်ပေမည်။
ဤသည်မှာလည်း နတ်ဆိုးနတ်ဘုရားအမိန့်ပြားသည် ရည်မှန်းချက်ကြီးမားသူ၏လက်ထဲသို့ ကျရောက်သွားပြီး အမတနယ်မြေမှ သက်ရှိများအား သေကြေပျက်စီးစေမည့် အခြေအနေမှ ကာကွယ်ရန်အတွက် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မိစ္ဆာတစ်ကောင် ပေါ်ထွက်လာသည်နှင့် အမတနယ်မြေအတွက် အတိုင်းအဆမရှိသော တိုက်ခိုက်မှုကြီးတစ်ခု ဖြစ်ပေလိမ့်မည်။
ထပ်ခါတလဲလဲ ချိန်ညှိပြီးနောက်၊ လီချန်သည် နောက်ဆုံးတွင် တပည့်ငယ် ရှင်းကျွေးကို ရွေးချယ်လိုက်သည်။
ဤရှင်းကျွေးမှာ၊ ချီဧကရာဇ်သားတော်၏ သမီး ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ခြောက်ရာကျော်က ချီဧကရာဇ်သားတော်က အချိန်ခေါင်းလောင်းလှိုဏ်ဂူကောင်းကင်ဘုံသို့ ပို့ဆောင်ခဲ့ပြီး လီချန်အား ဆရာအဖြစ် တပည့်ခံစေခဲ့သည်။
အရောင်ငါးမျိုး အလင်းမဲ့အဆင့် ပါရမီကို ပိုင်ဆိုင်ထားသဖြင့် ကျင့်ကြံမှုအရှိန်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး ယခုအခါ ကျင့်ကြံမှုအဆင့်သည် ဗလာသို့ပြန်ခြင်း ခြေလှမ်း သုံးဆယ့်ရှစ်လှမ်းသို့ ရောက်ရှိနေပြီဖြစ်ကာ နတ်ဘုရားဓားဂိုဏ်းရှိ တပည့်များအားလုံးတွင် ပထမဆုံးသူ ဖြစ်သည်။
သို့ရာတွင် လီချန်တော့ မပါဝင်ပေ။
ယန်လျန်နှင့် နှိုင်းယှဉ်လျှင်ပင် ကြီးမားသော ကွာခြားချက် ရှိနေသေးသည်။
ယန်လျန်သည် ယခင်က အချိန်ခေါင်းလောင်း အဆင့်တက်စဉ် အရိုးအမြစ်များ များစွာ တိုးတက်သွားခဲ့သော်လည်း၊ ရှင်းကျွေးနှင့် နှိုင်းယှဉ်နိုင်စွမ်း မရှိသေးပေ။
ကျန်သူများမှာမူ ပြောစရာပင် မလိုတော့ပေ။
လီချန်သည် ချီဧကရာဇ်သားတော်က ရှင်းကျွေးအား မိမိထံ တပည့်ခံစေရသည့် ရည်ရွယ်ချက်မှာ နတ်ဆိုးနတ်ဘုရားအမိန့်ပြားအတွက် ဖြစ်လောက်ကြောင်း သိပေသည်။
သို့သော် သူသည် ရှင်းကျွေး မည်သို့ ရွေးချယ်ရမည်ကို သိရှိလိမ့်မည်ဟု ယုံကြည်သည်။
နောင်တွင် အထက်ဘုံသို့ တက်ရောက်ရမည့်အရေးနှင့်နှိုင်းယှဉ်ပါက ထာဝရဧကရာဇ်မျိုးနွယ်၏အကျိုးစီးပွားမှာ ထည့်တွက်စရာ မရှိတော့ပေ။
ဤနှစ်ပေါင်း ခြောက်ရာကျော်အတွင်း ရှင်းကျွေးသည် နတ်ဘုရားဓားဂိုဏ်း၌သာ အမြဲတမ်း နေထိုင်ခဲ့သည်။
"ရှင်းကျွေး၊ မင်း သေချာ စဉ်းစားရမယ်။ နတ်ဆိုးနတ်ဘုရားအမိန့်ပြားကို ထိန်းချုပ်လိုက်တာနဲ့ မင်း ထျန်းချွမ်ကန္တာရကနေ ထွက်ခွာလို့ရတော့မှာမဟုတ်ဘူး။"
လီချန်က အငယ်ဆုံး တပည့်ဖြစ်သူ ရှင်းကျွေးအား ပြောလိုက်သည်။
"ဆရာ၊ တပည့် ဆန္ဒရှိပါတယ်။"
ရှင်းကျွေး၏လေသံမှာ တည်ကြည်လျက် ရှိသည်။
"ဒါဆို ကောင်းပြီ။"
လီချန်က ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူသည် နတ်ဆိုးနတ်ဘုရားအမိန့်ပြားကို ထုတ်ယူလိုက်ပြီး ရှင်းကျွေးထံသို့ ပေးအပ်လိုက်သည်။
နတ်ဆိုးနတ်ဘုရားအမိန့်ပြားတွင် တကယ်တော့ အဆင့်ဆင့်သော ထိန်းချုပ်ခွင့်များ ရှိသည်။
လီချန်သည် အမြင့်ဆုံး ထိန်းချုပ်ခွင့်ကို ပိုင်ဆိုင်ထားသည်။
သူ ရှင်းကျွေးအား ပေးအပ်လိုက်သည်မှာ ဒုတိယအဆင့် ထိန်းချုပ်ခွင့်ဖြစ်ပြီး ဤသို့ဖြင့် သူ၏ အမြင့်ဆုံး ထိန်းချုပ်ခွင့်မှတစ်ဆင့် ဒုတိယအဆင့် ထိန်းချုပ်ခွင့်အပေါ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်မှုများ ပြုလုပ်နိုင်ပေမည်။
အမြဲတမ်းလိုလို၊ ကျယ်ယွီမျိုးနွယ်မှ လူများ ပိုင်ဆိုင်ခဲ့ကြသည်မှာ ဒုတိယအဆင့် ထိန်းချုပ်ခွင့်မျှသာ ဖြစ်သည်။ ထို့ကြောင့်သာ မိစ္ဆာ၏စိတ်ဆန္ဒ တိုက်စားမှုများကို မခံနိုင်ခဲ့ကြဘဲ နောက်ဆုံးတွင် မိမိကိုယ်ကို ပူဇော်စတေး၍ နတ်ဆိုးနတ်ဘုရားအမိန့်ပြား၏ အရှင်သခင်သစ်ကို ရွေးချယ်ခဲ့ကြရခြင်း ဖြစ်သည်။
မကြာမီ၊ ရှင်းကျွေးသည် နတ်ဆိုးနတ်ဘုရားအမိန့်ပြားကို သွေးနှင့်သန့်စင်ခြင်း ပြီးမြောက်သွားပြီး ဒုတိယအဆင့် ထိန်းချုပ်ခွင့်ကို ပိုင်ဆိုင်သွားသည်။
......
ဤသို့ဖြင့် နောက်ထပ် နှစ်ပေါင်း ဆယ်ဂဏန်းကျော် ကုန်လွန်သွားပြန်သည်။
တာအိုကျောင်းတော် အတွင်း။
လီချန်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့မျက်နှာပေါ်၌ ဝမ်းမြောက်မှု အရိပ်အယောင်တစ်ချက် ထင်ဟပ်လာသည်။
အကြောင်းမှာတော့ သူ၏အစီအရင်ပညာ တတ်ကျွမ်းမှုသည် နောက်ဆုံးတွင် ဆယ့်ငါးအခြေခံအဆင့်သို့ ခြေချနိုင်ခဲ့ပြီဖြစ်သောကြောင့်ပင်။
ဆယ့်ငါးအခြေခံ။
တုထျန်းအစီအရင်ဂိုဏ်း တစ်ခုလုံးတွင် တည်းမဟုတ် အမတနယ်မြေတစ်ခုလုံးတွင် လူတစ်ဦးတည်းသာ ရှိသည်။ ထိုသူမှာ တုထျန်းတန်ခိုးရှင်ဘိုးဘေး ဖြစ်သည်။
သူ ဗလာနတ်ဘုရားအဆင့်သို့ ဘာကြောင့်တက်လှမ်းရသေးလဲဆိုတော့ အဓိကအားဖြင့် အစီအရင်ပညာ တိုးတက်လာမှုကို စောင့်ဆိုင်းနေသောကြောင့် ဖြစ်သည်။
နောက်ဆုံးတော့ အစီအရင်ပညာသည် တိုးတက်သွားခဲ့ပြီဖြစ်သည်။
အစီအရင်ပညာသည် ဆယ့်ငါးအခြေခံသို့ ဝင်ရောက်သွားသည်နှင့် နေရာလွတ်ကို ပြန်လည်ဖန်တီးနိုင်သောစွမ်းအားကို ပိုင်ဆိုင်သွားပြီး ဘုံနှစ်ခုအကြား နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို တည်ဆောက်ရန်ပင်လျှင် ပြဿနာမရှိတော့ပေ။
"မြေခွေးဖြူကိုယ်ပွားကိုလည်း ပြန်ခေါ်ရတော့မယ်။"
လီချန်က ရေရွတ်လိုက်သည်။
သူသည် ဗလာနတ်ဘုရားအဆင့်သို့ ရောက်ရှိလိုပါက ကိုယ်ပွားကြီးနှစ်ခု၏ မူလဝိညာဉ်များကို ပြန်လည် ရယူရမည်ဖြစ်ပြီး မူလဝိညာဉ် တစ်သားတည်း ဖြစ်စေမှသာ ဗလာနတ်ဘုရားအဆင့်သို့ တက်လှမ်းခြင်းသည် ပြီးပြည့်စုံမည်ဖြစ်ပြီး မည်သည့် ချို့ယွင်းချက်မျှ ရှိတော့မည် မဟုတ်ပေ။
သို့ရာတွင် ဗလာနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပြီးနောက် ကိုယ်ပွားနှစ်ခုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဦးမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူ၏နောက်ဆက်တွဲ အစီအစဉ်များတွင် ဤကိုယ်ပွားနှစ်ခုသည် ကြီးမားသော အသုံးဝင်မှုများ ရှိနေသေးသည်။
......
နှစ်အနည်းငယ် ကြာပြီးနောက်။
အချိန်ခေါင်းလောင်းလှိုဏ်ဂူကောင်းကင်ဘုံအတွင်း။
လီချန်သည် အရာအားလုံးကို စီစဉ်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
လက်ရှိအချိန်။
သူသည် တိမ်တိုက်များအကြားတွင် တင်ပျဉ်ခွေ ထိုင်နေသည်။
သူ့ဘေးတွင် မြေခွေးဖြူနှင့် ယွင်လုံ ကိုယ်ပွားနှစ်ခုသည် လေပေါ်တွင်ဝဲပျံလျက် ရှိသည်။
ရုတ်တရက်၊ အလင်းတန်းနှစ်တန်းသည် ကိုယ်ပွားများအတွင်းမှ ပန်းထွက်လာပြီး လီချန်၏နဖူးတည့်တည့်သို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
သူသည် ဖြည်းညင်းစွာ မျက်လုံးများကို ဖွင့်လိုက်ပြီး၊ သူ့မျက်နှာပေါ်၌ သက်သောင့်သက်သာ ဖြစ်သွားသော အရိပ်အယောင်တစ်ချက် ထင်ဟပ်လာသည်။
ကိုယ်ပွား နှစ်ခုမှာမူ ဝိညာဉ်များ ပျောက်ဆုံးသွားသကဲ့သို့ ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် အခွံတစ်ခုကဲ့သို့ ဖြစ်သွားသည်။
သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ များပြားလှသော ထူးဆန်းသည့် သလင်းကျောက်တုံးများ ပေါ်ထွက်လာပြီး အစွမ်းထက်သော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေသည်။
ဤသည်မှာ ဝိညာဉ်ကျောက်တုံးများ ဖြစ်ကာ စစ်မှန် သန့်စင်သော ဝိညာဉ်စွမ်းအင်များ ပါဝင်သည်။
လွန်ခဲ့သော နှစ်တစ်ရာခန့်က ဆရာဖြစ်သူ ထျန်းလန်ကျောင်းတော်သခင်သည် ကြီးမားသော တန်ဖိုးကို ပေးဆပ်၍ အထူးနေရာရွှေ့ပြောင်းခြင်း အစီအရင်မှတစ်ဆင့် ဤဝိညာဉ်ကျောက်တုံးများကို ထျန်းလန်နတ်ဘုရားစံအိမ်အတွင်းသို့ ပို့ချပေးခဲ့ခြင်း ဖြစ်သည်။
အကယ်၍ တည်ငြိမ်မှုရှိစေရန်အတွက် မဟုတ်ပါက သူသည် တကယ်တော့ ဆရာဖြစ်သူအား ဤမျှများပြားသော နတ်ဘုရားသလင်းကျောက်များကို အကုန်အကျ မခံစေလိုပေ။
ဝိညာဉ်ကျောက်တုံးများသည် အတော်အတန်အဖိုးတန်သည် မှန်သော်လည်း ကုန်ကျသွားသော နတ်ဘုရားသလင်းကျောက် အမှတ်တစ်ထောင်ကျော်နှင့် နှိုင်းယှဉ်ပါက ဝိညာဉ်ကျောက်တုံးများသည် ထည့်တွက်စရာ မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် လီချန်၏ဦးခေါင်းထက်တွင် ခေါင်းလောင်းတစ်လုံးပေါ်ထွက်လာပြီး ထူထပ်သော ဝိညာဉ်စွမ်းအင်များသည် ၎င်းအတွင်းမှ စီးဆင်းထွက်ပေါ်လာကာ ဝိညာဉ်အနှစ်သာရများအဖြစ်သို့ ပြောင်းလဲသွားပြီး လီချန်အား ရစ်ပတ်လွှမ်းခြုံထားလိုက်သည်။
လီချန်သည် အသက်ကို ပြင်းစွာရှူသွင်းလိုက်ပြီး တွေဝေမနေတော့ဘဲ ချက်ချင်းပင် ရေခဲနှလုံးသားသိုင်း၏ကျင့်ကြံခြင်း နည်းလမ်းအတိုင်း ဗလာနတ်ဘုရားအဆင့်သို့ စတင် တက်လှမ်းလိုက်တော့သည်။
တစ်ခဏချင်းတွင်၊ လီချန်၏ခန္ဓာကိုယ်သည် ရုတ်တရက် ပြိုကွဲလာပြီး ဗလာအဖြစ် ပြောင်းလဲသွားကာ နောက်ဆုံးတွင် ထူးဆန်းသော အလင်းတန်းတစ်စအဖြစ်သို့ ပြောင်းလဲသွားပြီး ပုံသဏ္ဌာန်ကို လုံးဝမမြင်နိုင်တော့ပေ။
သူ့ခန္ဓာကိုယ်သာမက မူလဝိညာဉ် အပါအဝင် အလွန်သန့်စင်သော စွမ်းအင်အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပြီး တွေးခေါ်မှုအသိစိတ်သာလျှင် ဆက်လက်တည်ရှိနေတော့သည်။
တစ်ချိန်တည်းမှာပင် ထိုဝိညာဉ်ကျောက်တုံးများသည် သန့်စင်သော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး၊ ရစ်ပတ်ထားသော ဝိညာဉ်တိမ်တိုက်များနှင့်အတူ လီချန်၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူးစုပေါင်းဝင်ရောက်သွားကြသည်။
လီချန်ကနေပြောင်းလဲသွားသော အလင်းတန်းသည် ဝိညာဉ်စွမ်းအင်အားလုံးကို မျိုချနိုင်သော ဝဲဂယက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အဆုံးအစမရှိ အကန့်အသတ်မရှိ ဖြစ်နေသည်။
"ဘာလို့ ဒီလောက်တောင် ဝိညာဉ်စွမ်းအင်တွေ အများကြီး လိုအပ်နေရတာလဲ။"
လီချန် အလွန်တုန်လှုပ်သွားသည်။
သူသည် ဗလာနတ်ဘုရားအဆင့်သို့ မည်သို့ တက်လှမ်းရမည်ကို အတော်အတန် အသေးစိတ် နားလည်ထားပြီး လိုအပ်သော ဝိညာဉ်စွမ်းအင်မှာ ကြီးမားလှသည် မှန်သော်လည်း၊ သူ ဤနှစ်များအတွင်း စုဆောင်းထားသည်မှာ အတော်လေး လုံလောက်ပြီဟု မိမိဘာသာ ယူဆထားခဲ့သည်။
သို့သော် ယခု ကြည့်ရသည်မှာ မလုံလောက်သေးပေ။
ယခု သူ သိုလှောင်ထားသော ဝိညာဉ်စွမ်းအင်များ စုပ်ယူခံလိုက်ရရုံသာမက များပြားလှသော ဝိညာဉ်ကျောက်တုံးများအတွင်းမှ ဝိညာဉ်စွမ်းအင်များပါ အရူးအမူး ဆွဲထုတ်စုပ်ယူခြင်းခံနေရသည်။
နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး အနည်းငယ်မျှသာ ကျန်ရှိတော့သည့်အခါ၊ လီချန်ကနေပြောင်းလဲသွားသော အလင်းတန်းသည် နောက်ဆုံးတွင် ဝိညာဉ်စွမ်းအင်စုပ်ယူခြင်းကို ရပ်တန့်လိုက်တော့သည်။
တဖြည်းဖြည်းချင်း အလင်းတန်းများ ပြန်လည် စုစည်းလာပြီး ကြက်ဥတစ်လုံးကဲ့သို့သော ဝိညာဉ်အိမ်တစ်လုံးအဖြစ် ပေါ်ထွက်လာသည်။
ဤဝိညာဉ်အိမ်သည် အလွန် ထူးဆန်းသည်။ မရေမတွက်နိုင်သော အလင်းတန်းများ ပျံ့နှံ့ ထွက်ပေါ်လာပြီး လေဟာနယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ၊ လှိုဏ်ဂူကောင်းကင်ဘုံတစ်ခုလုံးနှင့် ပေါင်းစပ်သွားသကဲ့သို့ ရှိသည်။
ဝိညာဉ်အိမ်သည် ဤ အလင်းတန်းများမှတစ်ဆင့် လှိုဏ်ဂူကောင်းကင်ဘုံ၏ ပင်မရင်းမြစ်ကို ဆွဲထုတ်နေသကဲ့သို့ ရှိသည်။
ဤ အခိုက်အတန့်တွင် လီချန်သည် ဆရာဖြစ်သူက လှိုဏ်ဂူကောင်းကင်ဘုံမှတစ်ဆင့် ဗလာနတ်ဘုရားအဆင့်သို့ တက်လှမ်းခြင်းသည် လှိုဏ်ဂူကောင်းကင်ဘုံအပေါ် ကြီးမားသော ပျက်စီးမှုကို ဖြစ်စေသည်ဟုပြောခဲ့သည်ကို နားလည်သွားတော့သည်။
ပင်မရင်းမြစ်များ ဆွဲထုတ်ခံရပြီးနောက် လှိုဏ်ဂူကောင်းကင်ဘုံသည် မပြိုလဲသွားလျှင်ပင် ကံကောင်းလှပြီ ဖြစ်သည်။
"ငါ အချိန်ခေါင်းလောင်းလှိုဏ်ဂူကောင်းကင်ဘုံရဲ့ ပင်မရင်းမြစ်ကို ဆွဲထုတ်လိုက်တာက တာအိုအဆင့် အချိန်ခေါင်းလောင်း ပင်မကိုယ်ထည်ကို ပျက်စီးစေမလားမသိဘူး။"
လီချန်က စိတ်ထဲ၌ တိတ်တဆိတ် တွေးလိုက်သည်။
အချိန် မည်မျှ ကြာသွားသည်ကို မသိလိုက်ဘဲ များပြားလှသော လှိုဏ်ဂူကောင်းကင်ဘုံ၏ ပင်မရင်းမြစ်ကို ရရှိလိုက်သော ဝိညာဉ်အိမ်သည် တဖြည်းဖြည်း ခိုင်မာလာသည်။
ရုတ်တရက်၊ ထိုခိုင်မာသွားသော ဝိညာဉ်အိမ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး၊ ထို့နောက်တွင် သွယ်လျသော ပုံရိပ်တစ်ခုသည် ၎င်းအတွင်းမှ ပေါ်ထွက်လာသည်။
ထိုသူမှာ လီချန်ပင် ဖြစ်သည်။
ဝတ်လစ်စားလစ် ခန္ဓာကိုယ်သည် အလွန် ပြီးပြည့်စုံလှသည်ဟု ထင်မှတ်ရသည်။
အထူးဆန်းဆုံးမှာ သူ၏ဆံပင်သည် အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
ကိုယ်ခန္ဓာတစ်ခုလုံးမှ မမြင်နိုင်သော အေးစက်သည့် အငွေ့အသက်တစ်ရပ်ကို ထုတ်လွှတ်နေသည်။
သူ မျက်လုံးများကို ဖွင့်လိုက်သည့်အခါ မျက်လုံးသူငယ်အိမ်များသည်ပင် အဖြူရောင်စစ်စစ် ဖြစ်နေသည်။
မမြင်နိုင်သော နက်ရှိုင်းသည့် လင့်တုန်းအငွေ့အသက်တစ်ရပ် ပျံ့နှံ့ ထွက်ပေါ်လာသကဲ့သို့ ရှိသည်။
"ဒါက ဗလာနတ်ဘုရားအဆင့်လား။"
လီချန်သည် သူ့ခန္ဓာကိုယ်၌ ကောင်းကင်နှင့်မြေကြီးသဖွယ် ပြောင်းလဲမှုကြီးများ ဖြစ်ပေါ်သွားသည်ကို အာရုံခံမိနိုင်သည်။
ဒန်ထျန်းချီပင်လယ်သည် ပျောက်ကွယ်သွားခဲ့ပြီ။
များပြားလှသော နတ်ဘုရားအကြောပေါက်ရတနာတိုက်များသာလျှင် ခန္ဓာကိုယ်အတွင်း၌ ထင်ရှားစွာ ပေါ်ထွက်လာပြီး၊ ကိုးဆယ့်ကိုး ရာခိုင်နှုန်းသော နတ်ဘုရားအကြောပေါက်ရတနာတိုက်များမှာ မီးခိုးရောင်အဖြစ် ရှိနေကြကာ ၁၆၈ ခုသော နတ်ဘုရားအကြောပေါက်ရတနာတိုက်များသာ လင်းလက်နေသည်ကို တွေ့ရသည်။
ဤသည်မှာ လီချန်သည် နတ်ဘုရားအကြောပေါက်ရတနာတိုက် ဘဏ္ဍာတိုက် ၁၆၈ ခု ကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကိုယ်စားပြုသည်။
အထက်ဘုံ၏နတ်ဘုရားကျင့်ကြံခြင်း နည်းလမ်းသည် အဓိကအားဖြင့် နတ်ဘုရားအကြောပေါက်ရတနာတိုက်၏ ဝိညာဉ်နတ်ဘုရားကို အခြေခံ၍ ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး ဝိညာဉ်စွမ်းအားကို သန့်စင်ခြင်းဖြစ်သည်။
မတူညီသော ကျင့်စဉ်များသည် မတူညီသော နတ်ဘုရားအကြောပေါက်ရတနာတိုက်များနှင့် သက်ဆိုင်သည်။
မူလက လီချန်ကျင့်ကြံခဲ့သော ကောင်းကင်ဘုံကိုးလွှာဓားသိုင်းသည် နတ်ဘုရားအကြောပေါက်ရတနာတိုက် သုံးရာကျော်နှင့် သက်ဆိုင်သည်။
သို့သော် လင့်တုန်းမျိုးစေ့ကို ရရှိပြီးနောက် နက်နက်နဲနဲ စဉ်းစားပြီးသည့်အခါ ရေခဲနှလုံးသားသိုင်းဖြင့် ဗလာနတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ဤနှစ်များအတွင်း၊ သူသည် နောက်ထပ် နတ်ဘုရားအကြောပေါက်ရတနာတိုက် ခြောက်ဆယ်ကို ထပ်မံ ဖွင့်လှစ်ခဲ့သည်။
ဤ နတ်ဘုရားအကြောပေါက်ရတနာတိုက် ခြောက်ဆယ်သည် ရေခဲနှလုံးသားသိုင်း၏ ပထမအဆင့်နှင့်သက်ဆိုင်သော နတ်ဘုရားအကြောပေါက်ရတနာတိုက်များကို ကိုယ်စားပြုသည်။
ရေခဲနှလုံးသားသိုင်း၏ ပထမအဆင့်တွင် နတ်ဘုရားအကြောပေါက်ရတနာတိုက် ခြောက်ဆယ်တည်းသာရှိသည် မဟုတ်ဘဲ ရှစ်ဆယ့်ကိုးခု ရှိသည်။
အခြား သုံးဆယ့်ကိုးခုမှာ ကောင်းကင်ဘုံကိုးလွှာဓားသိုင်း၏ ပထမအဆင့်နှင့် ထပ်တူကျနေသည်။
ဤသည်မှာလည်း ပုံမှန်ပင် ဖြစ်သည်။ မတူညီသော နတ်ဘုရားကျင့်ကြံခြင်း နည်းလမ်းများတွင် နတ်ဘုရားအကြောပေါက်ရတနာတိုက်များစွာမှာ အတူတူပင် ဖြစ်လေ့ရှိသည်။
ထို့ကြောင့် နတ်ဘုရားကျင့်ကြံခြင်းကျင့်စဉ်၏ အားကောင်း၊ အားနည်းကို... မကြာခဏဆိုသလို သက်ဆိုင်သော နတ်ဘုရားအကြောပေါက်ရတနာတိုက် အရေအတွက်မှတစ်ဆင့် တွေ့မြင်နိုင်ပေသည်။
ကောင်းကင်ဘုံကိုးလွှာဓားသိုင်း၏ ပထမအဆင့်သည် နတ်ဘုရားအကြောပေါက်ရတနာတိုက် ၁၀၈ ခုနှင့် သက်ဆိုင်သည်။
ရေခဲနှလုံးသားသိုင်း၏ ပထမအဆင့်မှာမူ ၈၉ ခုသာ ရှိသည်။ ၁၉ ခုတိတိ ကွာခြားနေသည်။
သို့သော် ပြဿနာမှာ လီချန်၌ လင့်တုန်းမျိုးစေ့ ရှိနေသဖြင့် ရေခဲနှလုံးသားသိုင်းသည် သေချာပေါက် ပိုမိုသင့်လျော်ပေသည်။
ထို့အပြင် ရေခဲနှလုံးသားသိုင်းနှင့် သက်ဆိုင်သော နတ်ဘုရားအကြောပေါက်ရတနာတိုက်မှာ ၃၅၃ ခု ဖြစ်သည်။
ကောင်းကင်ဘုံကိုးလွှာဓားသိုင်းမှာ ၃၆၅ ခု ဖြစ်သည်။
နောက်ဆုံးတွင် ၁၂ ခုသော နတ်ဘုရားအကြောပေါက်ရတနာတိုက်သာ ကွာခြားသည်။
ဤသည်မှာ ကျင့်စဉ်နှစ်ခု၏ကွာခြားချက်မှာ အလွန်ကြီးမားလှခြင်း မရှိသည်ကို ကိုယ်စားပြုသည်။
ပထမအဆင့်တွင် ကွာခြားချက် အနည်းငယ် ထင်ရှားနေခြင်းမျှသာ ဖြစ်သည်။
"ဟူး၊ ဒီလောက် လွယ်လွယ်ကူကူနဲ့ ဗလာနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ မထင်ထားဘူး။"
လီချန်သည် လေတစ်ချက်ကို ညင်သာစွာ မှုတ်ထုတ်လိုက်ပြီး သူ့မျက်နှာပေါ်၌ ပြုံးယောင်တစ်ချက် ထင်ဟပ်လာသည်။
သူ့စိတ်အာရုံ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ၈၉ ခုသော နတ်ဘုရားအကြောပေါက်ရတနာတိုက်များ အနည်းငယ် တုန်ခါသွားပြီး ချိတ်ဆက်သွားသကဲ့သို့ အလွန်အမင်း စွမ်းအားကြီးပြီး အေးစက်လှသော ဝိညာဉ်စွမ်းအားတစ်ရပ် သူ့ခန္ဓာကိုယ်အတွင်းမှ ထုတ်လွှတ်လိုက်ရာ နေရာလွတ်ကိုပင် ခဲသွားစေနိုင်သကဲ့သို့ ရှိသည်။
"ဒီလို စွမ်းအားမျိုးက အရင်က ငါ့ကိုသာဆိုရင် လွယ်လွယ်ကူကူ သတ်ပစ်နိုင်တယ်။"
လီချန်က လက်ဖဝါးကို မြှောက်လိုက်ရာ ထူးဆန်းသော ရေခဲအလင်းတန်းတစ်စုသည် လက်ဖဝါးအကြားတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။
ဤရေခဲအလင်းတန်းကိုသာ ထုတ်လွှတ်လိုက်ပါက အချိန်ခေါင်းလောင်းလှိုဏ်ဂူကောင်းကင်ဘုံတစ်ခုလုံးအတွင်းရှိ သက်ရှိအားလုံးကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်ပေသည်။
နောက်တစ်ခဏတွင်၊ လီချန်သည် မူလနေရာမှ ပျောက်ကွယ်သွားပြီး လှိုဏ်ဂူကောင်းကင်ဘုံ၏အပြင်ဘက်သို့ ရောက်ရှိသွားသည်။
ရုတ်တရက်၊ သက်တံရောင် အလင်းတန်းများသည် အရပ်လေးမျက်နှာ ရှစ်ခုရှိ လေဟာနယ်အတွင်းမှ ပျံ့နှံ့ ထွက်ပေါ်လာပြီး၊ လီချန်အား လွှမ်းခြုံထားလိုက်သည်။
"ဒါက ကောင်းကင်နဲ့မြေကြီးရဲ့လက်ဆောင်လား။ တကယ်ပဲ အံ့ဩစရာကောင်းလိုက်တာ။"
သူသည် ဤအလင်းတန်းများသည် ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာပြီးနောက်၊ လင့်တုန်းမျိုးစေ့မှ စုပ်ယူလိုက်သည်ကို ခံစားမိနိုင်သည်။
ခဏအကြာတွင်၊ သက်တံရောင် အလင်းတန်းများ ထပ်မံပေါ်ထွက်လာခြင်း မရှိတော့ပေ။
သို့သော် လီချန်သည် စနစ်မျက်နှာပြင်ကို ဆင့်ခေါ်ကြည့်ရှုလိုက်သည့်အခါ၊ သူ့မျက်နှာပေါ်၌ အရူးအမူးဝမ်းမြောက်သွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
အိမ်ရှင်: လီချန် (နတ်ဘုရားခန္ဓာ) (.....)။
ဗလာနတ်ဘုရားအဆင့် : အဆင့် ၁ (၁/၁၀၀)။
ယန်ဝိညာဉ် (ပြည့်စုံမှု) [ဉာဏ်အလင်းပွင့်ခြင်း] [ဗလာသို့ပြန်ခြင်း] [လျှပ်စီးဝိညာဉ်အမြစ်]။
အချိန်ခေါင်းလောင်း (တာအိုအဆင့် ၂၈၁၂၉၈/၁၀၀၀၀၀၀)။
ကောင်းကင်ဘုံ ဆဋ္ဌမဓား (ဗလာနယ်ဖောက်ခွဲခြင်း၊ သံချပ်ကာဖောက်ခွဲခြင်း၊ နယ်မြေချိုးဖျက်ခြင်း၊ ဝိညာဉ်ချိုးဖျက်ခြင်း၊ လျှပ်စီး)။
ကျိုးထျန်းကြယ်တာရာဓားသိုင်း (အမတအဆင့်)။
ချင်းမင်နတ်ဘုရားဓားသိုင်း (ဗလာနတ်ဘုရားအဆင့်)။
ဝိညာဉ်နတ်ဘုရား (၁၆၈): ထျန်းကုန်း (၆၉/၁၀၀)၊ ရွှမ်ယန် (၆၉/၁၀၀)၊ ကျူယင် (၆၉/၁၀၀)၊ ကျောင်းလီ (၆၉/၁၀၀)၊ ခန့်ကျင်း (၆၉/၁၀၀)၊ ရှီကန် (၆၉/၁၀၀)၊ ထျန်းဖန် (၆၉/၁၀၀)၊ ရှင်စု (၆၉/၁၀၀)၊ ဝေ့ကျီး (၆၉/၁၀၀)...
မျက်လုံးခြောက်လုံးပိုင်ဆိုင်သော ပရမ်းပတာ လျှို့ဝှက်နတ်ဘုရား သက်ဆင်းခြင်းပညာ (ကြီးမားသော သက်ဆင်းခြင်း ၂/၁၀၀)။
ဓားတာအိုအငွေ့အသက် (တာအိုသို့ဝင်ရောက်ခြင်း ၉၇/၁၀၀)။
နိယာမ: လင့်တုန်းမျိုးစေ့ (မျိုးစေ့အဖြစ်ပြောင်းလဲခြင်း ၅၁/၁၀၀)။
နတ်ဘုရားစွမ်းရည်: ခန္ဓာကိုယ်ချုပ်တည်းခြင်းနတ်ပုလဲလုံး။
ချန်ယွမ်အစီအရင်ကျမ်း (ဆယ့်ငါးအခြေခံ ၁၂/၁၀၀)။
မြေခွေးရုပ်သေး (.....)။
ယွင်လုံရုပ်သေး (.....)။
"ဒီဘုံရဲ့လက်ဆောင်က လင့်တုန်းမျိုးစေ့ရဲ့ တိုးတက်မှုကို မြှင့်တင်ပေးနိုင်တာပဲ။"
ယခင်က၊ သူ၏လင့်တုန်းမျိုးစေ့သည် အမြဲတမ်း (မျိုးစေ့အဖြစ်ပြောင်းလဲခြင်း ၁/၁၀၀) ၌သာ ရှိနေခဲ့သည်။
တစ်နည်းအားဖြင့် ဆိုရလျှင် ဤနှစ်တစ်ရာကျော်အတွင်း တစ်မှတ်လောက်တောင်တိုးတက်မှု မရှိခဲ့ပေ။
သို့သော် ယခု အမတနယ်မြေက လက်ဆောင်ပေးသော သက်တံရောင်အလင်းတန်းများသည် လင့်တုန်းမျိုးစေ့၏တိုးတက်မှုကို ၅၁ အထိ တိုက်ရိုက်တိုးမြှင့်ပေးခဲ့သည်။
ဤသို့တွေးမိလိုက်ရာ လီချန်သည် သူ့ဝိညာဉ်စွမ်းအားကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်နှင့် ချက်ချင်းပင် လေအေးတစ်ချက်ကို ရှူသွင်းမိလိုက်သည်။
အကြောင်းမှာတော့ သူသည် အေးခဲဝိညာဉ်စွမ်းအား၏အာနိသင်သည် ယခင်ကထက် အဆပေါင်းများစွာ ကြောက်မက်ဖွယ်ကောင်းသွားသည်ကို ခံစားမိလိုက်သောကြောင့် ဖြစ်သည်။
ယခုအချိန်တွင်၊ အေးခဲဝိညာဉ်စွမ်းအား၏ သက်ရောက်မှုအောက်၌ ပတ်ဝန်းကျင်ရှိ လေဟာနယ်များပင် ခဲသွားမတတ် လိမ်ယှက်နေသကဲ့သို့ ရှိသည်။
***