ပေါက်ကွဲစမ်း...ပေါက်ကွဲစမ်း...ပေါက်ကွဲစမ်း ...
Vol. 1 Ch. 231
ချော်ရည်အိုင်ထဲတွင် ပွက်ပွက်ဆူနေသော ချော်ရည်များနှင့် အစိမ်းရောင် အခိုးအငွေ့များပင် ထွက်နေသော ကမ္ဘာ့မီးလျှံတို့ ပြည့်နေလေသည်။ ချော်ရည်အိုင်ကြီးအား ကမ္ဘာ့မီးလျှံများက အလင်းပေးထားရာ နေ့အချိန်အလား လင်းထိန် နေတော့သည်။
ပွက်ပွက်ဆူနေသော ချော်ရည်များထက်တွင် သုံးမီတာကျော် ရှည်လျားသော ငှက်ကြီးတစ်ကောင် မျောနေသည်။ ၎င်း၏ကိုယ်မှ အနီရောင် အလင်းများ ထုတ်လွှင့်နေပြီး ပြန်လည် ကုစားရန် ကမ္ဘာ့မီးလျှံများကို စုပ်ယူ နေလေသည်။ တစ်ဖက်တွင် နတ်ဆိုး မျက်နှာဖုံးနှင့် ခန့်ညားလှသည့် အနက်ရောင် သံချပ်ကာတို့ကို ဆင်မြန်းထားသူ တစ်ဦးသည်လည်း ချော်ရည်ထဲတွင် ကိုယ်တစ်ပိုင်း နစ်ဝင်လျက် ရှိသည်။ သူ၏ လက်တစ်ဖက်သည် မီးနဂါးများ ကူးခတ် လှည့်ပတ်နေသည့် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်တွင် ရွှေရောင်အလင်းများ တောက်ပနေသည့် ကျောက်စိမ်း တံဆိပ်ပြားလေးကို ကိုင်ဆောင် ထားသည်။ တံဆိပ်ပြားမှ ရွှေရောင် စာလုံးလေးများ ထွက်ပေါ်နေကာ ငှက်ကြီးထံ နှင်းပွင့်လေးများအလား ပျံသန်း သွားနေလေသည်။ အဆုံးအစမဲ့သော ကမ္ဘာ့ မီးလျှံများကမူ ထိုလူ၏ကိုယ်ထဲ တိုးဝင် ပျောက်ကွယ် သွားကြလေသည်။
ကမ္ဘာ့မီးလျှံများ အလျင်အမြန် စုပ်ယူခြင်း ခံနေရပြီး အနီးအနားမှ ချော်ရည်များ စတင် အေးခဲလာသည်။ ကျန်းရီသည် ချော်ရည်ထဲမှ တက်၍ ချော်ခဲပြင်ပေါ် တက်ရပ်လိုက်သည်။ ဖီးနစ်ငှက်သည် ဒဏ်ရာ အပြင်းအထန် ရထားသည့်အပြင် မီးနဂါးဓားနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါ၏ ဖိအားကြောင့် လှုပ်တောင် မလှုပ်နိုင်တော့ပေ။
ရွှေရောင်စာလုံးများသည် ဖီးနစ်ငှက်ထံ အဆက်မပြတ် ဝင်ရောက်သွားကြပြီး အားနည်းလွန်း၍ မျက်လုံးများ မှေးမှိတ်ထားသော ဖီးနစ်ငှက်၏ ကိုယ်ကြီးသည် တဆတ်ဆတ် တုန်လာလေသည်။ ၎င်းသည် စူးရှ ကျယ်လောင်သော အော်သံကြီး တစ်ခု ပြုပြီးသည်နှင့် ရက်စက်သည့် အရှိန်အဝါများ လုံးဝ ပျောက်ကွယ် သွားတော့သည်။
ကျန်းရီ၏ မျက်လုံးများ တောက်ပနေခဲ့သည်။ သူသည် ရောက်လာတော့မည့် အန္တရာယ်အကြောင်း တွေးပင်မတွေးမိဘဲ မချင့်မရဲနှမြောတသ ဖြစ်နေခဲ့သည်။ အခြား ဖီးနစ်တစ်ကောင်ကို သူအသက် ချမ်းသာပေး၍ ယဉ်ပါးအောင် လုပ်လိုက်သင့်သည်။ ထိုသို့ဆိုလျှင် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်တစ်ယောက်ကို သူအသာလေး သတ်နိုင်လေသည်။
ရွှေရောင် စာလုံးလေးများ အားလုံး ပျံသန်းသွားခဲ့ပြီး သားရဲ ယဉ်ပါးအောင် လုပ်ခြင်းအမှုသည် ချောချောမွေ့မွေ့ ဖြစ်နေခဲ့သည်။ ဖီးနစ်ငှက်၏ ကိုယ်ထဲ နောက်ဆုံးစာလုံး ဝင်ရောက် သွားသောအခါ ဖီးနစ်ငှက်သည် အနီရောင်အလင်းများ တောက်ပ လာခဲ့သည်။ ကျန်းရီသည် ဖီးနစ်ငှက်နှင့် သူ့အကြားရှိ စိတ်ချင်း ဆက်သွယ်မှုလေးကို ခံစားမိလိုက်သည်။
ထိုခဏတွင်....
ကျန်းရီ၏ စိတ်ထဲတွင် ရုတ်တရက် စူးရှရှ နာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး စိတ်ဝိညာဉ်မှာ အပိုင်းပိုင်း စုတ်ဖြဲ ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ ထိုနာကျင်မှုသည် အမည်မဲ့ကျင့်စဉ်၏ ပထမအဆင့် စတင် နိုးထလာချိန်ထက် ပို၍ပင် ပြင်းထန်သေးသည်။ သူ့ကိုယ်သည် ချော်ရည်အိုင်ထဲတွင် လူးလှိမ့်နေခဲ့သည်။ သူ့ကိုယ်ကို ကာကွယ်ပေးထားသော မီးဝိညာဉ် ပုလဲသာ မရှိပါလျှင် သူပြာဖြစ်နေသည်မှာ ကြာလှလောက်ပေပြီ။
ကျန်းရီသည် သူ့စိတ်ဝိညာဉ်နှင့် တစ်ခုတည်းသာ ဆက်သွယ်မှု ရနိုင်ရန် တိုက်ခိုက် နေကြသော စွမ်းအင်နှစ်ခုကို ခံစား ရလိုက်သောကြောင့် အလွန်အမင်း ချောက်ချား သွားရသည်။ သူ့အား ပို၍ပင် စိတ်ပျက်လက်ပျက် ဖြစ်စေသော တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်။ မီးဝိညာဉ်ပုလဲမှ ရွှေရောင်အလင်းသည် သူ့စိတ်ထဲ တိုးဝင် ပြီးသွားသည့်နောက် ထူးစွမ်းသည့် အမည်မသိ စွမ်းအင်၏ အာနိသင်ပင် ပျောက်ဆုံး သွားသည့်ပုံ ရသည်။ နာကျင်မှုသည် ပို၍ ဆိုးဝါးလာကာ သူ့စိတ်ဝိညာဉ်သည် စက္ကန့်ပိုင်း အတွင်း နှစ်ပိုင်း ပြတ်သွားတော့မည်ဟု ခံစားနေရသည်။
မီးဝိညာဉ်ပုလဲမှ အမည်မသိ စွမ်းအင်သည် အာနိသင် ပျောက်သွားခြင်း မဟုတ်ကြောင်းနှင့် သူ့စိတ်ဝိညာဉ်သည် ပြင်ပမှ တိုက်ခိုက်မှုကို ခံစားနေရခြင်း မဟုတ်ကြောင်း ကျန်းရီ မသိပေ။ တိုက်ခိုက်မှုသည် ဟွမ်ကြီးနှင့် ဖီးနစ်ငှက်တို့၏ စိတ်အသိများ ပဋိပက္ခ ဖြစ်နေခြင်းကြောင့် သူ့စိတ်ဝိညာဉ်ထဲမှ လာခြင်းဖြစ်သည်။
မီးဝိညာဉ်ပုလဲမှ အမည်မသိသော စွမ်းရည်သည် အစောင့်ခွေး တစ်ကောင်နှင့် တူပြီး ပြင်ပမှလာသော ရန်သူများနောက် ပြေးလိုက်ကာ တစ်စစီ စုတ်ဖြဲ ပစ်လိမ့်မည်။ ယခုမူ အိမ်ထဲမှ ကလေးနှစ်ယောက်၏ ရန်ပွဲ ဖြစ်သောကြောင့် ရပ်ကြည့်၍သာ နေရပေမည်။ ဟွမ်ကြီးနှင့် ဖီးနစ်ငှက် နှစ်ကောင်လုံးသည် ကျန်းရီ၏ ဝိညာဉ်သားရဲများ ဖြစ်ကြပြီး နှစ်ကောင်လုံးတွင် ကျန်းရီ၏ စိတ်ဝိညာဉ် အငွေ့အသက်များ ရှိနေကြသည်။ မည်သူ့ကို ထိုထူးဆန်းသည့် စွမ်းအင်က ကူညီပေးရမည်နည်း။
ယခုမူ ကလေး နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် လက်ခံလိုခြင်း အလျဉ်းမရှိဘဲ ရန်ဖြစ်နေကြသည်။ အဓိကတရားခံမှာ ကျန်းရီ ဖြစ်လေသည်။ အိမ်ထဲတွင် ကလေး နှစ်ယောက်သာ တစ်စစီ ပြိုကွဲ ပျက်စီးသွားလျှင် ကျန်းရီ၏ စိတ်ဝိညာဉ်လည်း ပျက်စီး သွားလိမ့်မည်။ မီးဝိညာဉ်ပုလဲ၏ အကာအကွယ် မဆိုထားနှင့် မသေမျိုးတစ်ယောက်ပင် ကျန်းရီကို ကယ်နိုင်မည် မဟုတ်ချေ။
"ငါဘာလုပ်ရမလဲ...ငါဘာလုပ်ရမလဲ"
ကျန်းရီသည် စိတ်ငြိမ်စေရန် ကြိုးစားလိုက်သည်။ ဤသေရေးရှင်ရေး အခြေအနေတွင် မည်သည့် အကြံဉာဏ်မှ ထွက်မလာလျှင် သူသေရုံသာ ရှိတော့သည်။ မည်သူမှ မသေချင်ကြပေ။ လူတိုင်း၏ စိတ်သည် သေရခါနီးအချိန်တွင် အမြန်ဆုံးနှုန်းနှင့် အလုပ်လုပ်သည်။ ကျန်းရီသည် စိတ်ကို မြန်မြန် အလုပ်ပေးလိုက်ရာ အတွေး ပေါင်းများစွာ ဖြစ်တည်လာသည်။ ဤအခြေအနေမှ လွတ်မြောက်ရန် အကောင်းဆုံးနည်းလမ်းကို သူရွေးချယ်ရမည်။
အခြား အခြေအနေ တစ်ခုခုဆိုပါက သူဖြေရှင်းပြီးလောက်ပေပြီ။ စိတ်ဝိညာဉ် ဟူသည်မှာ ခရမ်းရောင် နန်းတော်ရှင် အဆင့် တစ်ယောက် အနေနှင့် မမြင်နိုင် မထိတွေ့နိုင်သော အရာဖြစ်သည်။ လူ့ခန္ဓာကိုယ်သည် အရေးကြီးသော်လည်း စိတ်ဝိညာဉ်က သာ၍ အရေးကြီးသည်။ ခန္ဓာကိုယ် ထိခိုက်လျှင် အလွန်ဆုံးမှ မသန်မစွမ်း ဖြစ်သွားရုံလောက် ဖြစ်သည်။ စိတ်ဝိညာဉ် ထိခိုက်လျှင် ဦးနှောက်သေခြင်း၊ အိုမင်း ရင့်ရော်သွားခြင်းနှင့် တစ်ခုခု ချွတ်ချော်သွားပါက သေဆုံး၍ပင် သွားနိုင်သေးသည်။
ဘက်ပေါင်းစုံမှ တွေးကြည့်ပြီးသော် ကျန်းရီသည် စိတ်အသိ နှစ်ခုကို ထိန်းချုပ်နိုင်ရန်မှာ ပြင်ပ အကူအညီနှင့် သူစိတ်ဝိညာဉ် အားကောင်းလာအောင် လုပ်ရမည်ဖြစ်မှန်း သဘောပေါက် သွားခဲ့သည်။ အခြားနည်းလမ်း လုံးဝမရှိပေ။
ပြဿနာသည် သူ့တွင် စိတ်ဝိညာဉ် အားဖြည့်စရာ ဘာမှရှိမနေခြင်းပင်။ မီးဝိညာဉ်ပုလဲမှ အမည်မသိ စွမ်းအင်သည်လည်း ယခုအခြေအနေတွင် လုံးဝ အသုံးမဝင်ပေ။
"အား.."
ကျန်းရီ၏ စိတ်ထဲမှ နာကျင်မှုသည် ပိုမို ဆိုးဝါးလာခဲ့သည်။ သူသည် ဆီပူအိုးထဲ ကျသွားသည့် ငါးတစ်ကောင် အလား ချော်ရည်အိုင်ထဲတွင် လူးလိမ့်နေရသည်။ ချော်ရည်များသည် သူ့ကိုယ်ကြီးဖြင့် မွှေနောက်ခြင်း ခံနေရသည်။ သူ့မျက်ဝန်းထဲမှ သတ်ဖြတ်ခြင်း အရှိန်အဝါ ကွယ်ပျောက် သွားသော်လည်း မျက်လုံးများသည် တစ္ဆေတစ်ကောင် အလား ရဲရဲနီ၍ ကျန်ရစ် လေသည်။
အနက်ရောင် အတွင်းအား....ဟုတ်တယ်၊ ငါ့မှာ အနက်ရောင် အတွင်းအား ကျန်နေသေးတယ်
အတွေးတစ်ခု သူ့စိတ်ထဲ ဝင်ရောက် လာခဲ့သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူအားကိုးစရာ အနက်ရောင် အတွင်းအားသာ ရှိသည်။ အနက်ရောင် အတွင်းအားသည် အလွန် ထူးခြား ဆန်းကြယ်ပြီး အနက်ရောင် အတွင်းအား တစ်စကို သူ့စိတ်ဝိညာဉ်ထံ အရောက်ပို့နိုင်လျှင် စိတ်ဝိညာဉ်မှ ဆူပူအုံကြွမှုကို ဖိနှိပ် နိုင်လောက်သည်။
သို့သော်.... အနက်ရောင် အတွင်းအားတို့သည် ခရမ်းရောင် နန်းတော် ငယ်ထဲတွင်သာ ရှိသည်။ ခရမ်းရောင် နန်းတော်ငယ်ထဲမှ ထွက်လာသည်နှင့် အပြာရောင် အတွင်းအား အဖြစ် ချက်ချင်း ပြောင်းလဲ သွားလိမ့်မည် ဖြစ်ပြီး အနက်ရောင် အတွင်းအား၏ အာနိသင်များ အားလုံး ပျောက်ဆုံး သွားလိမ့်မည်။ ထို့ကြောင့် အနက်ရောင် အတွင်းအားကို သူသုံး၍ မရနိုင်လောက်ချေ။
"ငါဘာလုပ်ရမလဲ"
ကျန်းရီသည် အကြံတစ်ခု ရလာသော်ငြား သူ့စိတ်သည် ပူလောင်နေခဲ့သည်။ ၎င်းသည် အလွန်ကျိုးကြောင်း ဆီလျော်သော အကြံဖြစ်လေသည်။ သူ့ကိုယ်သူ ပြန်ကောင်းအောင် မလုပ်နိုင်လျှင် စိတ်ဝိညာဉ် ပျက်စီးသွားပြီး ဤမီးတောင်ထဲ၌ သေဆုံး သွားရလိမ့်မည်။
"ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး"
ဤကဲ့သို့ သေခြင်းနှင့် ရှင်ခြင်း လွန်ဆွဲနေရသော အချိန်တွင် ရူးမိုက်မိုက် အတွေးတစ်ခုသာ သူ့တွင် ရှိတော့သည်။ အနက်ရောင် အတွင်းအား ထွက်မလာနိုင်လျှင် သူ့တွင် နည်းလမ်း တစ်ခုသာ ကျန်တော့သည်။ သူအနက်ရောင် အတွင်းအား ပြန်သုံးနိုင်ရန် ခရမ်းရောင် နန်းတော်နှစ်ခုကို ဖောက်ခွဲ၍ သဏ္ဌာန် သုံးဆင့် အသွင်ပြောင်းခြင်း အဆင့်သို့ ပြန်ဆင်းရန် ဖြစ်လေသည်။
ခရမ်းရောင်နန်းတော် ဖွဲ့စည်းခြင်းသည် ခက်ခဲသည်။ ဖောက်ခွဲပြီးမှ အသစ် ပြန်လည် ဖွဲ့စည်းခြင်းသည် ပို၍ပင် ခက်ခဲပေလိမ့်မည်။ သူ့ကိုယ်နှင့် သူ့ဒန်တျန်းပါ ပေါက်ကွဲ သွားနိုင်သော်လည်း သူ့တွင် အခြားနည်းလမ်း ကျန်သေးပါ၏လော။
သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်သွားလျှင် ခရမ်းရောင် နန်းတော်ရှင် အဆင့်သို့ ပြန်ရောက်နိုင်သေးသည်။ သူ့ကိုယ်သူ မကယ်လျှင်မူ သူချက်ချင်း သေဆုံး သွားလိမ့်မည်။
"ဒါဆိုလည်း ဖောက်ခွဲလိုက်မယ်"
ကျန်းရီသည် ဆုံးဖြတ်ချက် ချလိုက်သည်။ သူသေရတော့မည် ဖြစ်ရာ အခြား အကြောင်းအရာများကို စိတ်ပူ မနေနိုင်တော့ချေ။ သူသည် စိတ်အသိကို ခရမ်းရောင် နန်းတော် နှစ်ခုထံ စူးစိုက်လိုက်သည်။ သူသည် ကိုယ်ထဲမှ စွမ်းအားတို့ကို ထိန်းချုပ်၍ ခရမ်းရောင် နန်းတော် နှစ်ခုကို ဝင်တိုက် စေလိုက်သည်။
'ကျမ်းစာပါ အကြောင်းအရာတို့အား မလုပ်ဆောင်နိုင်လျှင် စွမ်းအားကို ဖောက်ခွဲ၍ မိမိကိုယ်ကို ထိန်းချုပ်ကာ... ယန်ကိုးပါး၏ အစွမ်းကို အရိပ်ထင်စေ၍ တလက်လက် တောက်ပ နေသော ကြယ်တာရာတို့နှင့် မသေမျိုး အဖြစ်.......'
ထိုခဏတွင် ကျန်းရီ၏ စိတ်ထဲ၌ အနက်ရောင် စာလုံးလေးများ ပေါ်ထွက်လာခဲ့ပြီး သူ့ကိုယ်မှာ တုန်လှုပ် သွားခဲ့သည်။ သူဆယ်ရက် ကျော်ကြာအောင် တစ်လုံးမှ နားမလည်ခဲ့သော အမည်မဲ့ကျင့်စဉ် တတိယအဆင့်ကို သူနားလည် သွားခဲ့ပြီ ဖြစ်သည်။
"တစ်ချိန်လုံး မှားနေခဲ့တာပဲ... ငါတွေးပုံ တွေးနည်းက လမ်းလွဲနေတာ၊ အမည်မဲ့ကျင့်စဉ်ရဲ့ တတိယ အဆင့်ကို ကျင့်ကြံရာမှာ အထောက်အကူ ပြုမယ့်ဟာလို့ ထင်ထားတာ...ချီးတဲ့မှ...ဒါကြီးက ကျင့်ကြံတဲ့ နေရာမှာ အသုံးမဝင်ဘဲ ဒန်တျန်းထဲက ခရမ်းရောင် နန်းတော်ကို ပြန်ဖွဲ့စည်းဖို့ နည်းလမ်းကြီးလို့ ဘယ်သူက ထင်မိမှာလဲ"
၎င်းသည် ဒန်တျန်းထဲမှ ခရမ်းရောင် နန်းတော်ကို ပြန်လည် တည်ဆောက်ရန် အတွက် နည်းလမ်း ဖြစ်လေသည်။ 'စွမ်းအားကို ဖောက်ခွဲ၍ မိမိကိုယ်ကို ထိန်းချုပ်ကာ' ဟူသည်မှာ အရင်ဆုံး သူ လက်ရှိ ခရမ်းရောင် နန်းတော်ကို ဖောက်ခွဲကာ ဒန်တျန်းထဲတွင် ခရမ်းရောင် နန်းတော် အသစ် ဖွဲ့စည်း ရမည်ဟူသော အဓိပ္ပာယ်ပင်။
"ဒါဆိုလည်း ဖောက်ခွဲလိုက်တာပေါ့...ပေါက်ကွဲစမ်း...ပေါက်ကွဲစမ်း...ပေါက်ကွဲစမ်း"
ကျန်းရီ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် သူ့ကိုယ်ထဲမှ ခရမ်းရောင် နန်းတော်များ ပေါက်ကွဲ သွားလေသည်။ အထဲရှိ စွမ်းအင်များ အားလုံးသည် ပင်လယ်ထဲတွင် နဂါးများ လူးလိမ့်နေသည့် အလား တစ်ခုနှင့်တစ်ခု တွန်းတိုက် နေကြလေသည်။ ကျန်းရီ၏ ဒန်တျန်းသည်လည်း ဖောင်းလိုက်၊ ပိန်လိုက်နှင့် အချိန်မရွေး ပေါက်ကွဲကာ သူ့အား သေသွား စေနိုင်သည့် အခြေအနေ ဖြစ်နေသည်။
"ယန်ကိုးပါး၏ အစွမ်းကို အရိပ်ထင်စေ၍ တလက်လက် တောက်ပနေသော ကြယ်တာရာတို့နှင့် မသေမျိုးအဖြစ်သို့....... ဒီသခင်လေး အတွက် ဖွဲ့စည်းပေးလိုက်စမ်း"
ကျန်းရီသည် လက်ရှိအချိန်တွင် ဘာကိုမှ အလျင်မလိုတော့သလို ဘာကိုမှလည်း ဂရုမစိုက်နိုင်တော့ပေ။ သူသည် အမည်မဲ့ကျင့်စဉ်၏ တတိယအဆင့်ကို နားလည် ထားသည့်အတိုင်း ခရမ်းရောင် နန်းတော်ကို ဖွဲ့စည်းနေခဲ့သည်။
*****