← Chapters

ရွှေကျီး နတ်ဧကရာဇ်၏ တောင်းဆိုချက်

Vol. 26 Ch. 384

ရွှေကျီး နတ်ဧကရာဇ်၏ တောင်းဆိုချက်

Vol. 26 Ch. 384

အခန်း (၃၈၄)  :  ရွှေကျီး နတ်ဧကရာဇ်၏ တောင်းဆိုချက်

ထိုပုံရိပ်က အရပ်ရှည်ရှည် ထွားကျိုင်းပြီး ရွှေနီရောင် အလင်းများဖြင့် လွှမ်းခြုံထားကာ အံ့ဖွယ်နေမင်း မီးပြင်းဖိုအထက်တွင် ရပ်နေသည်။ သူက ကိုးပေလောက်သာ မြင့်မားသော်လည်း ကောင်းကင်ထိလုမတတ် ဖြစ်နေသည်။

အာကာပြင် ဖြစ်တည်လာပြီး ဖျက်စီးခံလိုက်ရသလိုမျိုး အလင်းအမှောင်တို့ ယိမ်းယိုင်သွားလေကာ အဆုံးမဲ့ ဖိအားများက အံ့ဖွယ်အလင်းအဖြစ် ပြောင်းလဲသွားပြီး ထိုပုံရိပ်ကို လွှမ်းခြုံသွားသည်။ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

“ ကံစပ်တဲ့ လူငယ်လေးတို့ ငါ့ဂူဗိမာန်ကနေ ကြိုဆိုပါတယ် ”

ထိုပုံရိပ်က ခမ်းနားကြီးကျယ်သောကြောင့် ကောင်းကင်ဘုံကိုပင် အုပ်စိုးနိုင်သည့်အလား ထင်မှတ်ရသည်။ သို့သော်လည်း သူ့အသံက အင်မတန် ပျော့ပျောင်းနေပြီး မောက်မာနေခြင်းမျိုး မရှိပေ။

အချုပ်အားဖြင့်ဆိုရလျှင် နတ်ဧကရာဇ်၏ အသံက အတော်လေး ညင်သာကာ ရင်းနှီးသည့် အိမ်နီးနားချင်းလိုမျိုး ထင်မှတ်ရစေသည်။ ထို့ကြောင့် လူအများက မနေနိုင်ဘဲ သူနှင့် နီးကပ်လိုကြသည်။

ဒါက “ နဂိုမူလ သန့်စင်ခြင်းနှင့် ရိုးရှင်းမှုတို့ဆီ ပြန်သွားတယ်” လို့ ခေါ်တာလား …

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့က အသာအယာ လှုပ်ခတ်သွားကာ ဓားပေါ်ရှိ အငွေ့အသက်ကို ထိန်းချုပ်ထားရင်း ထိုစွမ်းအားကြီး ပုံရိပ်ကို ကြည့်နေမိသည်။

နတ်ဧကရာဇ်က မျိုးဆက်တစ်ခု၏ ဦးဆောင်ပုဂ္ဂိုလ် ဖြစ်သောကြောင့် တွေ့ဆုံသည့်အခါ ဦးမညွှတ်ခြင်းက အလွန်အမင်း မလေးစားဖွယ်ရာကျသည်။

ဤသည်က အသိစိတ်တပိုင်းမျှဆိုသော်လည်း သူတို့အနေနှင့် ဦးညွှတ်ဖို့ လိုအပ်သေး၏။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က နဂိုအတိုင်း အေးစက်စက် ပြောလိုက်သည်  “ စီနီယာ ပေါ်ထွက်လာပြီဆိုတော့ စီနီယာက ရွှေကျီး နတ်ဧကရာဇ်လား ”

ထိုပုံရိပ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ အသာပြောလိုက်သည်  “ ဟုတ်ပါတယ်။ ငါ ဒီထာဝရဘုံဗိမာန်ကျွန်းကို ဖန်တီးခဲ့တာက အရင်ဦးဆုံး ရွှေကျီး မျိုးနွယ် ကံကြမ္မာကို ဖိနှိပ်ထားဖို့၊ ဒုတိယအနေနဲ့ ကံစပ်သူကို ရှာပြီး ဆက်ခံသူ ဖြစ်လာစေဖို့ … တတိယကတော့ … ”

ထိုပုံရိပ်က တစ်ခုခုကို တွေးနေသည့်အလား တိတ်ဆိတ်သွားသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ် မေးလိုက်သည်  “ တတိယအကြောင်းအရင်းက အဲဒီရွှေကျီး အငြိုးကြီးဝိညာဉ်တွေနဲ့များ ပတ်သတ်နေတာလား ”

ထိုပုံရိပ်က သက်ပြင်းအရှည်ကြီးချကာ  “ မင်းတို့လည်း ငါ့ဂူဗိမာန်ထဲ ရောက်လာပြီးပြီဆိုတော့ အဲဒီနေ့ရက်က မကြာခင် ရောက်လာတော့မှာပဲ။ ဟုတ်ပြီလေ။ မင်းတို့အားလုံးဆီကနေ ဖုံးကွယ်မထားတော့ဘူး ”

ရွှေကျီး နတ်ဧကရာဇ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်  “ လွန်ခဲ့တဲ့ နှစ်ရှစ်သောင်းလောက်တုန်းက အခြားနယ်မြေက အင်အားစုတစ်ခုက နယ်မြေငါးခုကို ကျူးကျော်လာခဲ့တယ်။ ဒါပေမဲ့ ငါ သူတို့ အာကာပြင်လှိုဏ်ခေါင်း အပြင်ဘက်မှာ ရှိနေတုန်း တားဆီးနိုင်ခဲ့တယ်။

ကံဆိုးတာက ငါ့လက်အောက်က အင်အားစုတွေက သုတ်သင်ခံရလုနီးပါး ဖြစ်သွားပြီးတော့ ရွှေကျီး မျိုးနွယ်လည်း အဲဒီတိုက်ပွဲပြီးတော့ ပြန်မကောင်းမွန်လာတော့ဘူး။ ငါ့အမြုတေလည်း  ထိခိုက်သွားတယ် ”

ရွှေကျီး နတ်ဧကရာဇ်၏ အသံက အဖြစ်အပျက်ဆိုး တိုက်ပွဲကို ပြန်လည်အောက်မေ့ကာ နှလုံးသားနာကျင်နေရသည့် အသံမျိုး ဖြစ်နေသည်။

သူက သက်ပြင်းချလိုက်ပြီးနောက်

“ မင်းတို့အားလုံး အဲလိုမျိုး ရန်သူနဲ့ ထပ်တွေ့ရမလား မပြောတတ်ပေမဲ့ သူတို့က အဆိုးမြင် ခံစားချက်ကို စားသုံးကြတာ။ အငြိုးအတေးတို့၊ မကောင်းတဲ့ အတွေးမျိုးတွေကိုပေါ့ … အဲဒါတွေက သူတို့အင်အားကို သိသိသာသာ တိုးတက်လာစေလိမ့်မယ်။

ပိုပြီး အရေးကြီးတာက တကယ်လို့ တိုက်ပွဲနယ်မြေမှာ သေဆုံးသွားကြတဲ့ နယ်မြေငါးခုရဲ့ ကျင့်ကြံသူတွေကို စုပ်ယူလိုက်ရင် သူတို့က မိစ္ဆာသက်ရှိတွေရဲ့ အာဟာရ၊ လက်နက်နဲ့ ကျေးကျွန်တို့ ဖြစ်လာကြတယ်။ သူတို့အင်အားက ထပ်တိုးသွားပြီးတော့ ငါတို့ကို ထပ်တိုက်ခိုက်ကြလိမ့်မယ်။

နယ်မြေငါးခုရဲ့ ကျင့်ကြံသူတွေက သူတို့ကျင့်စဉ်ကို အသုံးပြုနိုင်ပြီးတော့ ကျင့်ကြံဆင့်လည်း အင်မတန် မြန်ဆန်လာကြတယ်။ အဲဒါကြောင့် မကောင်းတဲ့အတွေးတွေနဲ့ ကျင့်ကြံသူမြောက်များစွာက မိစ္ဆာကျင့်ကြံသူ ဖြစ်လာဖို့ ဆွဲဆောင်ခံလိုက်ကြရတယ်”

ဝိဇ္ဇာများနှင့် ကောင်းကင်အသျှင်များက ရွှေကျီး နတ်ဧကရာဇ် ပြောစကားကို ကြားပြီး စိုးထိတ်လာကြသည်။ အကြောင်းမှာ ရွှေကျီး နတ်ဧကရာဇ် ပြောသည့် မိစ္ဆာသက်ရှိများ၏ အကျင့်စရိုက်က ယခင် သူတို့ကမ္ဘာကို ကျူးကျော်လာကြသည့် မိစ္ဆာဝိညာဉ်မျိုးနွယ်နှင့် အတော်လေး ဆင်တူနေ၍ ဖြစ်သည်။

လွန်ခဲ့တဲ့ နှစ်ရှစ်သောင်းတုန်းက ရွှေကျီး နတ်ဧကရာဇ် အသက်ရှင်နေတုန်း မိစ္ဆာဝိညာဉ်မျိုးနွယ်က နယ်မြေငါးခု ကမ္ဘာကို တွေ့သွားပြီးတာ့ ကျူးကျော်ဖို့ ကြိုးစားခဲ့ကြတာပေါ့ …

တကယ်လို့ ဒီဟာသာ အမှန်ဖြစ်နေခဲ့ရင် အရင်နှစ်တစ်သောင်းခန့်က မိစ္ဆာဝိညာဉ်မျိုးနွယ် မကျူးကျော်လာခင် အရင် နှစ် ၇သောင်းလုံးကို မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတာ ဘယ်သူလဲ …

ရွှေကျီး နတ်ဧကရာဇ်က အားလုံး၏ သိချင်မှုကို ခံစားမိသည့်အလား တည်တည်ငြိမ်ငြိမ် ဆက်ပြောပြလိုက်သည်

“ အဲဒီမိစ္ဆာကောင်တွေနဲ့ တိုက်ပွဲဖြစ်နေတုန်း ငါ သင်ယူခဲ့ရသလောက် ဒါက ငါတို့ကမ္ဘာကြီးကို သူတို့ကျုးကျော်ဖို့ ကြိုးစားတာ ပထမဆုံးအကြိမ် မဟုတ်ဘူးတဲ့။ ငါနဲ့ မတိုက်ခင်ကတည်း အကြိမ်အများကြီး ကြိုးစားခဲ့ကြဖူးပြီးသား … နယ်မြေငါးခုရဲ့ အားကောင်းတဲ့ ကျင့်ကြံသူတွေက သူတို့ကို တားဆီးခဲ့ကြတာ။ ပြီးတော့ နတ်ဘုရားလောကရဲ့ ကျင့်ကြံသူတွေက စွမ်းအားအများစု ကန့်သတ်ခံရတယ်လေ။

အဲလိုဆိုရင်တောင် အဲဒီအချိန်တုန်းက ကျူးကျော်မှုတွေက ငါ ထင်ထားတာထက် ပိုအားကောင်းလောက်တယ်။

ငါ့ကလေးကိုးယောက်လုံး တိုက်ပွဲမှာ သေဆုံးသွားပြီးတော့ အဲဒီနတ်ဧကရာဇ်အဆင့် ကျူးကျော်သူက သူတို့ဝိညာဉ်ကို ညစ်ညမ်းစေခဲ့တာ။ သူတို့ကို အငြိုးကြီး ဝိညာဉ်အဖြစ် ပြောင်းပစ်ပြီးတော့ ငါတောင် သူတို့ကို တားဖို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။

ငါ ဒီဂူဗိမာန် တည်ဆောက်ထားတဲ့ အကြောင်းအရင်းတစ်ခုက ငါ့ကလေးကိုးယောက်လုံး ကမ္ဘာကို မထိခိုက်စေနိုင်အောင် ကန့်သတ်ဖမ်းချုပ်ထားလိုက်တာပဲ”

ရွှေကျီး နတ်ဧကရာဇ်၏ အသံက ကူကယ်ရာမဲ့မှု ကြီးစိုးနေသည်။ သူက အားကြီးသည့် နတ်ဧကရာဇ် ဖြစ်ကာ နယ်မြေငါးခုလုံး အုပ်စိုးနိုင်သော်လည်း သူက ဖခင်တစ်ဦး အရင် မဟုတ်ပါလော။

မိစ္ဆာအဖြစ် ပြောင်းလဲပြီးနောက် မသန့်စင်နိုင်တော့သည့် သူတို့ကလေးကို ပြန်သတ်ဖို့ မည်သည့်ဖခင်အတွက်မူ ခက်ခဲပေမည်။

သူက သူ့ကလေးများကို နှစ်ရှစ်သောင်းလုံးလုံး ပိတ်ဆို့ထားဖို့ ဂူဗိမာန်တည်ဆောက်ထားခဲ့၏။ သူ မှားယွင်းနေသည်ဟု မည်သူမှ မပြောနိုင်ကြပေ။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရွှေကျီး နတ်ဧကရာဇ်ကို ဦးညွှတ်လိုက်ပြီး  “ စီနီယာက ကြင်နာပြီးတော့ ဖြောင့်မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ ဂူဗိမာန်ထဲ ဝင်လာလာချင်း ရွှေကျီး အငြိုးကြီးဝိညာဉ်တွေနဲ့ ဘာလို့ တွေ့ရတာလဲ ”

ရွှေကျီး နတ်ဧကရာဇ်က ပြန်ဖြေလိုက်သည်  “ ဒီဂူဗိမာန်ရဲ့ အဓိကနယ်မြေက ငါ့အသက်နဲ့ ဆက်နွယ်နေတာလေ။ ငါ အသက်ရှင်နေသရွေ့ ထာဝရဘုံဗိမာန်ကျွန်းတစ်ခုလုံး ထာဝရ ပိတ်ဆို့ခံထားရမှာ။ အခု ထာဝရဘုံဗိမာန်ကျွန်း ပေါ်လာပြီဆိုတော့ … ”

ရွှေကျီး နတ်ဧကရာဇ်က ဆက်မပြောတော့သော်လည်း သူ့စကားထဲမှ အကြောင်းအရာများက လူများစွာကို အံ့ဩတုန်လှုပ်သွားစေဖို့ လုံလောက်သည်။

ရွှေကျီး နတ်ဧကရာဇ် အသက်ရှင်နေသရွေ့ ထာဝရဘုံဗိမာန်ကျွန်းက ထာဝရ ပိတ်ဆို့ခံထားရမည် ဖြစ်၏။ ထို့ကြောင့် ထာဝရဘုံဗိမာန်ကျွန်း ပြန်လည် ပေါ်ထွက်လာမှုက နတ်ဘုရားလောကဆီ လှမ်းတက်သွားသည့် ရွှေကျီး နတ်ဧကရာဇ် သေဆုံးသွားပြီလို့ ဆိုလိုတာလား။

ထိုစဉ် လူများစွာက ခိုးကိုးရာမဲ့သလို ခံစားလာကြရသည်။

သူက လွန်ခဲ့သော နှစ်ရှစ်သောင်းခန့်က ဒဏ္ဍာရီတစ်ခုသဖွယ် ဖြစ်နေသော နယ်မြေငါးခု၌ ပြိုင်ဖက်ကင်း နတ်ဧကရာဇ်တစ်ပါး ဖြစ်ခဲ့သည်။

ဒီလိုအားကောင်းတဲ့ လူတောင် နတ်ဘုရားလောကမှာ ကျရှုံးသေးတာလား … ဒဏ္ဍာရီလာ နတ်ဘုရားလောကကလည်း တိုက်ပွဲနယ်မြေပဲ ဖြစ်နေမလား

ရွှေကျီး နတ်ဧကရာဇ်က ဆက်ပြောလိုက်သည်

“ အားလုံး တစ်ရက်ကျ သေဆုံးရမှာပဲလေ။ မိုးမြေအောက်မှာ သက်တမ်းတူ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မင်းတို့အားလုံး ဒီကို ရောက်လာပြီဆိုတော့ ငါနဲ့ ကံစပ်လို့ပဲ။ အကန့်အသတ်တွေ မခံစားနေကြနဲ့ …

ငါက သေဆုံးပြီးပြီဆိုတော့ ဒီဂူဗိမာန်က အငြိုးကြီးဝိညာဉ် ကိုးကောင်ကို အလွန်ဆုံး နောက်ထပ် သုံးလလောက်ပဲ ချုပ်ထိန်းထားနိုင်တော့မှာ။ အခု နယ်မြေငါးခုထဲ သူတို့ကို သန့်စင်ပေးနိုင်မဲ့လူများ ရှိမလား။ တကယ်လို့ လုပ်နိုင်တဲ့သူရှိရင် ငါ အရမ်းကို ကျေးဇူးတင်မိမှာပါ။

တကယ်လို့ ဘယ်သူမှ သူတို့ကို မသန့်စင်နိုင်ရင်တော့ အခု ဒီကမ္ဘာငယ်လေးထဲကနေ ထွက်သွားကြပါ။ အားလုံးကို ထာဝရဘုံဗိမာန်ကျွန်း အပြင်ဘက်ဆီ တစ်လကြာရင် ပို့ပေးပြီးတော့ ဒီကမ္ဘာငယ်လေးနဲ့အတူတူ ကိုယ့်ဘာသာ ဖောက်ခွဲပစ်လိုက်မယ်။ အဲဒီအခါကျ ငါ့ကလေးကိုးယောက်လည်း အပြီးတိုင် ပျောက်ကွယ်သွားပြီးတော့ ကမ္ဘာကြီးကို ဒုက္ခမပေးနိုင်တော့ဘူး ”

ရွှေကျီး နတ်ဧကရာဇ်၏ လေသံက ပြောင်းလဲခြင်း မရှိပေ။ သူ့ဝိညာဉ်အစိတ်အပိုင်း မဟုတ်ဘဲ သူ ချန်ထားခဲ့သည့် အသိစိတ်တပိုင်းတစမျှသာ ဖြစ်နေ၏။

သို့သော်လည်း သူ မည်မျှတည်တည်ငြိမ်ငြိမ် ပြောနေစေကာမူ သူ့ကလေးကိုးယောက်အတွက် ချစ်ခြင်းမေတ္တာမှာ လျှောက်ပြောနေခြင်းမျိုး မဟုတ်ကြောင်း အားလုံး ခံစားမိကြ၏။

……………....

အဆုံးသတ်၌ နတ်ဘုရားလောကနှင့် သေမျိုးလောကက မတူညီသည့် ကမ္ဘာနှစ်ခု ဖြစ်လေသည်။ ရွှေကျီး နတ်ဧကရာဇ်က အားကောင်းသော နတ်ဧကရာဇ်တစ်ပါး ဖြစ်လျှင်ပင် အဆင့်မတက်ခင် ထာဝရဘုံဗိမာန်ကျွန်းတစ်ခုလုံးကို သူနှင့်အတူ အစီအရင်ဗဟိုချက်အဖြစ် စည်းပိတ်ဖို့ရာ လွယ်ကူသည့် ကိစ္စ မဟုတ်ပေ။

သူက သူ့ကလေးကိုးယောက်လုံး ပေါ်ထွက်မလာဘဲ ကမ္ဘာကြီးကို ဒုက္ခမပေးနိုင်အောင်လည်း အသေအချာ ပြင်ဆင်ထားခဲ့ရသည်။

သူက ဝိဇ္ဇာများစွာကို စိတ်ပျက်သွားစေနိုင်ပြီး နတ်ဧကရာဇ်ပင် ပြုမူဖို့ရာ ဝန်လေးသည့် တန်ကြေးမျိုး ပေးဖို့ လိုအပ်ခဲ့သည်။ ရွေကျီး နတ်ဧကရာဇ်သာ ဂူဗိမာန်စည်းအတွက် သူ့စွမ်းအားတပိုင်းတစကို ခွဲမပေးခဲ့ရလျှင် နတ်ဘုရားလောက၌ သေချင်မှ သေလောက်သည်။ သူက အောင်အောင်မြင်မြင် ထွက်ပြေးပြီး အသက်ရှင်နိုင်သွားတာမျိုးလည်း ဖြစ်နိုင်၏။

မည်သို့ပင်ဆိုစေကာမူ ရွှေကျီး နတ်ဧကရာဇ်က သူ့ကလေးကိုးယောက်ကို လက်မလျော့ဘဲ အနာဂတ်မျိုးဆက်အပေါ် မျှော်လင့်ချက် ထားခဲ့သည်။

သူ့ကလေးများအတွက် ချစ်ခြင်းမေတ္တာကို ပြောနေဖို့ပင် မလိုတော့ပေ။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အနားရှိ အရှိန်အဝါတို့က လှုပ်ခတ်သွားပြီး  “ စီနီယာရဲ့ မြင့်မြတ်တဲ့ သဘောထားကို လေးစားမိပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပြီးတော့ ကလေးကိုးယောက်လုံးကို သန့်စင်ပေးပါ့မယ် ”

သန့်စင်ခြင်းနှင့် သုတ်သင်ခြင်းမှာ လုံးဝ ကွဲပြားသော သဘောတရား နှစ်ခု ဖြစ်၏။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အငြိုးကြီးဝိညာဉ်နှစ်ကောင်ကို နှိမ်နင်းခဲ့သော်လည်း အမှန်တကယ် သုတ်သင်မခံခဲ့ရပေ။

မိုးကြိုးချက်ကြောင့် သူတို့စွမ်းအားကို ယာယီမျှ အားပျော့သွားစေခြင်း ဖြစ်၏။ အချိန်တစ်ခုကြာမြင့်ပြီးနောက် သူတို့က နဂိုအတိုင်း ပြန်ဖြစ်သွားလိမ့်မည်။

အကယ်၍ သူတို့သာ ရွှေကျီးကိုးကောင်လုံးကို သုတ်သင်လိုလျှင် နည်းလမ်းနှစ်ခု ရှိပေသည်။ ပထမတစ်ခုက သူတို့ဝိညာဉ်များကို ဖျက်စီးခြင်းဖြင့် သတ်ဖြတ်ပစ်ဖို့ရာ ဖြစ်ပြီး ဒုတိယတစ်ခုမှာ သူတို့ဝိညာဉ်များကို ညစ်ညမ်းစေသည့် မိစ္ဆာဝိညာဉ်များ၏ အငွေ့အသက်များကို အပြည့်အဝ ဖယ်ရှားပေးပြီး သန့်စင်ပေးခြင်းမျိုး ဖြစ်သည်။

နည်းလမ်းနှစ်ခုလုံး၏ ခက်ခဲမှုက အတော်လေး မြင့်မားပေသည်။

ရွှေကျီးများက ဂူဗိမာန်ထဲ နှစ်ရှစ်သောင်းကြာ ပိတ်လှောင်ခံထားရသောကြောင့် ဂူဗိမာန်၏ စွမ်းအားတစ်ခု ဖြစ်လာကြပြီးသား ဖြစ်၏။ ထို့ကြောင့် သူတို့က ဂူဗိမာန်စွမ်းအားကို သုံး၍ အချိန်မရွေး ပြန်ကောင်းမွန်လာနိုင်သည်။

ဂူဗိမာန်ကို မဖျက်ပစ်သရွေ့ ထိုရွှေကျီးကိုးကောင်က သူတို့စွမ်းအား ပြန်လည် ကောင်းမွန်လာမည်သာ ဖြစ်သည်။ ထို့ကြောင့် သူတို့ကို သုတ်သင်ပစ်ဖို့ ခက်ခဲလှပေသည်။

ရွှေကျီးများက ပူးပေါင်းတိုက်ကွက်များ၌ ကျွမ်းကျင်ကြပြီး နှစ်ကောင်မျှ ပူးပေါင်းတိုက်ခိုက်လျှင် ကြာပြာကောင်းကင်အသျှင်ပင် အကူအညီအော်ခေါ်ရသည့်အထိ ဖြစ်သွားစေသည်။

အကယ်၍ ရွှေကျီးကိုးကောင်သာ လွတ်မြောက်သွားပြီး ပူးပေါင်းတိုက်ခိုက်လျှင် နတ်ဧကရာဇ် ဖြစ်ဖို့ ခြေတစ်လှမ်းမျှသာ ကွာဝေးသော တစ်ယောက်ယောက်ပင် ရင်ဆိုင်ဖြေရှင်းနိုင်မည် မဟုတ်ချေ။

ဤဂူဗိမာန်အတွင်း အားလုံး၏ ကျင့်ကြံဆင့်က ဖိနှိပ်ခံထားရသည့်အကြောင်း ထည့်မပြောရသေးပေ။ ဝိညာဉ်အသွင်ပြောင်းအဆင့်လောက်ဖြင့် အငြိုးကြီးဝိညာဉ်ကိုးကောင်အား ရှင်းထုတ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

ရှန်ထျန်းသာ ဝိညာဉ်အသွင်ပြောင်းအဆင့် ရောက်လျှင် စမ်းကြည့်နိုင်သေး၏။ ပြဿနာကား သူက ရွှေရောင်ကိုယ်ထည်အဆင့်/ ရွှေအမြုတေအဆင့်မျှသာ ရှိသေးပြီး ကနဦးဝိညာဉ်အဆင့်ပင် မရောက်သေးချေ။

ထိုအငြိုးကြီးဝိညာဉ်ကိုးကောင်ကို လိုက်ဖမ်းပြီး သန့်စင်ရမည့် ဒုတိယနည်းလမ်းကို ထည့်မပြောရသေးပေ။

ရှင်းရှင်းပြောရလျှင် ယခင်က ရွှေကျီး နတ်ဧကရာဇ်ပင် ထိုအငြိုးကြီးဝိညာဉ်ကိုးကောင်အား ဘာမှမတတ်နိုင်ခဲ့ပေ။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူ့နည်းလမ်းသည် ယခင်ရွှေကျီး နတ်ဧကရာဇ်၏ နည်းလမ်းထက် ပိုကောင်းမွန်သည်ဟု မထင်ပေ။

တကယ်လို့ ငါ မလုပ်နိုင်ရင်တောင် ငါ့တပည့် မလုပ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ …

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ယုံကြည်ချက်ရှိသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူ့တပည့်သည် ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ အထွတ်အထိပ် ထာဝရပစ္စည်းတစ်ခု ရခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိလိုက်သည်။ ဤသည်မှာ အငြိုးကြီးဝိညာဉ်များနှင့် မိစ္ဆာဝိညာဉ်များကို သုတ်သင်ရှင်းလင်းဖို့ အသုံးပြုသည့် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြား ဖြစ်၏။

ဆန်းကြယ်မြေအဆင့်စာရင်း၌ တတိယအဆင့်ချိတ်ပြီး မိစ္ဆာဝိညာဉ်ကို နှိမ်နင်းရာ၌ အကောင်းဆုံး ထူးခြားအံ့ဖွယ်ပစ္စည်း ဖြစ်လေသည်။

တစ်ချိန်တည်းတွင် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားသည် ပြန်လည်ဝင်စားခြင်း အထွတ်အမြတ်မြေ၏ ထိပ်သီး ရတနာ ဖြစ်သည်။

ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားသည် ယခင်ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း မိစ္ဆာဝိညာဉ် အင်အားစုကို ဖိနှိပ်ထားခဲ့သောကြောင့် မိစ္ဆာအငွေ့အသက် ညစ်ညမ်းထားသော ရွှေကျီးကိုးကောင်အား ဖြေရှင်းဖို့အရေးသည် အားစိုက်စရာမလိုသည့် တာဝန်တစ်ခု ဖြစ်ပေသည်။

ထို့အပြင် ရှန်ထျန်းဘေးတွင် နတ်ဘုရားလောက၏ ထူးခြားသော အဆင့်အတန်းနှင့် တည်ရှိမှုမျိုး ဖြစ်သည့် ယဲ့ချန်းခန် ရှိနေသေး၏။

ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အနေနှင့် အရင်ကံကြမ္မာသားတော်များ ဇာတ်ကြောင်းကို သေသေချာချာ ဖတ်ရှုထားခဲ့သောကြောင့် ရှန်ထျန်းအတွက် ရွှေကျီးများ သန့်စင်ပေးဖို့ရာ မခက်ခဲကြောင်း ယုံကြည်ထားမိသည်။

နမူနာအားဖြင့် “ ငါက ကံကြမ္မာသားတော် မဟုတ်ဘူး” ဆိုသော စာအုပ်အတွင်း မှတ်သားထားသော ကံကြမ္မာသားတော်၏ ပုံမှန်အတွေ့အကြုံအရ ဆန်းကြယ်နယ်ပယ်အတွင်း အခြားလူများ မဖြေရှင်းနိုင်သည့် ပြဿနာရှိလာသရွေ့ ထိုကံကြမ္မာသားတော်အတွက်မူ အင်အားပြရမည့် အခွင့်အရေးတစ်ခုသာ ဖြစ်လာတတ်သည်။

ရွှေကျီး နတ်ဧကရာဇ်အား သူ့ကလေးကိုးယောက်လုံး သန့်စင်ဖို့ ကူညီပေးခြင်းအားဖြင့် နတ်ဧကရာဇ်၏ အသိအမှတ်ပြုမှုနှင့် ကျေးဇူးတင်မှုကို ခံရကာ အထွတ်အထိပ် ဆန်းကြယ်ပညာရပ်များ ရလာနိုင်သည်။

အံ့ဖွယ်နေမင်း မီးပြင်းဖိုပင် လက်ဆောင်အနေနှင့် ပေးလာနိုင်၏။

………….....

မှန်ပေသည်။ ဇာတ်ကြောင်းအားလုံးက ထိုသို့သာ ရေးသားထားလေသည်။

ထျန်းအာရေ မင်းအချိန် ရောက်လာပြီ။ အကောင်းဆုံး ကြိုးစား … ဆရာ မင်းကို အများကြီး မျှော်လင့်ထားတယ်

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က ပို၍ အသက်ဝင်လာသည်။

All Chapters