ကြာပြာကောင်းကင်အသျှင်၏ ဆိုးဆိုးရွားရွား သရုပ်ဆောင်ချက်
Vol. 26 Ch. 385
အခန်း (၃၈၅) : ကြာပြာကောင်းကင်အသျှင်၏ ဆိုးဆိုးရွားရွား သရုပ်ဆောင်ချက်
“ တစ်ယောက်ယောက်သာ ငါ့ကလေးကိုးယောက်လုံး အောင်အောင်မြင်မြင် သန့်စင်ပေးနိုင်မယ်ဆိုရင် ငါ့အမွေအနှစ်နဲ့ ဒီအံ့ဖွယ်နေမင်း မီးပြင်းဖိုအပါအဝင် ဒီထာဝရဘုံဗိမာန်ကျွန်းပေါ်မှာရှိတဲ့ အားလုံးကို လက်ဆောင်ပေးမယ်။ ”
ရွှေကျီး နတ်ဧကရာဖ်၏ အသံက အတိတ်ကို အောက်မေ့တသ ဖြစ်နေသော်လည်း ခိုင်မာလှသည် “ တကယ်လို့ ဘယ်သူမှ မလုပ်နိုင်ရင်တောင် အတင်းကျပ် ဖိအားမပေးပါဘူး။ ဒီစင်မြင့်ကိုးခုက ငါ့လက်အောက်ခံတွေ လေ့ကျင့်ခဲ့တဲ့ နေရာပဲ။
မင်းတို့တွေ ဉာဏ်အလင်းပွင့်ဖို့ ကြိုးစားကြည့်နိုင်တယ်။ ဒါကတော့ အားလုံးအတွက် ငါ့ဆီကနေ လက်ဆောင်အသေးလေးပေါ့ … ထပ်ပြောစရာ မရှိတော့ဘူးဆိုတော့ ငါ နှုတ်ဆက်ခဲ့ပါတယ်”
သူ့စကားအဆုံးတွင် စွမ်းအားကြီးပုံရိပ်က အံ့ဖွယ်နေမင်း မီးပြင်းဖိုထဲ ပြန်ဝင်သွားသည်။
အထွတ်အမြတ်မြေများမှ ဝိဇ္ဇာများနှင့် ကောင်းကင်အသျှင်များက တစ်ယောက်နှင့် တစ်ယောက် အံ့ဩတကြီး ကြည့်လိုက်ကြသည်။ သူတို့က မည်သို့ရွေးချယ်ရမှန်း မသိတော့ပေ။
သူတို့အောက်ရှိ စင်မြင့်ကိုးခုမှာ အလွန်ထူးခြားကြောင်း ခံစားမိကြ၏။ ဤပြိုင်ပွဲကွင်းရှိ စည်းမျဉ်းအမျိုးမျိုးက ပြင်ပလောကထက် ဆယ်ဆမက ရှင်းလင်းပြတ်သားနေရုံသာမက ဉာဏ်အလင်းပွင့် အခြေအနေရောက်သွားသည့်အခါ တစ်ဝက်အားထုတ်ရုံဖြင့် ရလဒ်နှစ်ဆ ရလာနိုင်သည်။
အကယ်၍ သူတို့သာ ဉာဏ်အလင်းပွင့် အခြေအနေထဲ စိတ်နစ်မြှပ်သွားခဲ့လျှင် ကမ္ဘာဦးခေတ်အခါက ရွှေကျီး နတ်ဧကရာဇ်၏ အားအကောင်းဆုံး ကျင့်ကြံသူများကြား လက်ရည်စမ်းပွဲများကိုပင် မြင်လာနိုင်သည်။
ဤသို့သော လက်ရည်စမ်းပွဲများက နောက်ပိုင်းမျိုးဆက်အတွက် ကမ္ဘာဦးခေတ်အခါက ကျင့်ကြံသူများ၏ အဖိုးတန် တိုက်ပွဲနည်းစနစ်များ သို့မဟုတ် ကာကွယ်ရေး ပညာရပ်များနှင့် အထွတ်အထိပ် ဆန်းကြယ်ပညာရပ်များကို နားလည်သင်ယူနိုင်သည့်အတွက် အတော်လေး အကျိုးရှိလှသည်။
စင်မြင့်က စစ်နတ်ဘုရား မျှော်နန်းဆောင်နှင့် ယှဉ်လိုက်လျှင် မှေးမှိန်သွားသည်မှာ သဘာဝကျပေသည်။ စစ်နတ်ဘုရား မျှော်နန်းဆောင်ကား နတ်ဘုရားလောက၌ပင် အဖိုးတန် ရတနာအဖြစ် မှတ်ယူနိုင်လေ၏။
သို့သော်လည်း ဤစင်မြင့်ကိုးခုက လွတ်လပ်လေသည်။
ကမ္ဘာပေါ်မှာ အကောင်းဆုံးအရာက ဘာလဲ … တစ်ခုခုကို အလကား ရခြင်းသာ ဖြစ်၏။
ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင် တပည့်များ၏ မျက်ဝန်း၌ပင် စင်မြင့်ကိုးခုကို ကြည့်နေရင်း စိတ်အားထက်သန်မှုအပြည့် ဖြစ်နေသည်။
ကောင်းကင်အသျှင်များစွာက သူတို့သည် ရွှေကျီးအငြိုးကြီး ဝိညာဉ်များနှင့် မရင်ဆိုင်နိုင်ကြောင်း သိထားသောကြောင့် စင်မြင့်ပေါ်၌ ချက်ချင်း ထိုင်ချကာ ထိုအပေါ်မှ စည်းမျဉ်းသဘာဝ အမှတ်အသားများကို အာရုံခံလိုက်ကြသည်။
ထိုစဉ် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်လာကာ ရှန်ထျန်းအား လှမ်းကြည့်လိုက်ရင်း မေးလိုက်သည် “ ထျန်းအာ … မင်း ဒီရွှေကျီး အငြိုးကြီးဝိညာဉ်တွေကို သန့်စင်ပေးနိုင်ဖို့ ယုံကြည်ချက်ရှိလား ”
ရှန်ထျန်းက ခဏတာကြောင်အမ်းအမ်း ဖြစ်သွားသော်လည်း ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်
“ တစ်ကောင်တည်းဆိုရင် ကျွန်တော် ကြိုးစားကြည့်လို့ ရပေမဲ့ ရွှေကျီးနှစ်ကောင်ကိုတော့ သန့်စင်ဖို့ မပြောနဲ့ ရင်ဆိုင်ဖို့ ခက်တယ်။ ကျွန်တော်က ရွှေအမြုတေအဆင့်ပဲ ရှိသေးတာလေ”
ကြာပြာကောင်းကင်အသျှင်က ရှန်ထျန်းနား ရောက်လာကာ အကြံပြုလိုက်သည် “ ပြဿနာမရှိဘူး။ ငါက မင်းကို တစ်ကောင်ချင်းစီ အဝေးခေါ်ပေးနေတုန်း မင်းဆရာက နှစ်ကောင် ထိန်းထားနိုင်တယ်။
ငါတို့ ကံမကောင်းဘဲ ရွှေကျီးလေးကောင် တစ်ပြိုင်နက် မတွေ့သရွေ့ ငါတို့ညီအစ်ကိုအတွက် တစ်ကောင်ချင်းစီ ဖြေရှင်းဖို့ မခက်ဘူး။ ဒါပေမဲ့ ငါတို့က ညီအစ်ကိုတွေဆိုရင်တောင် ကိစ္စတွေကို ရှင်းရှင်းပဲ ပြောထားရမယ်။
ရွှေကျီး နတ်ဧကရာဇ်က ငါတို့ကို ဆုပေးမှာဆိုတော့ ငါတို့တွေ ဆုကို ဘယ်လိုခွဲယူကြမလဲ … ညီလေး၊ ဂိုဏ်းတူတူလေး မင်းတို့ ငါ့ဝေစုကို ယူလို့မရဘူးနော်”
ငါ့ဝါစဉ်က ဘယ်တုန်းက မြင့်သွားပြီးတော့ သူ့ညီအစ်ကို ဖြစ်သွားရတာလဲ …
ရှန်ထျန်းက ချွေးသာ သုတ်လိုက်တော့သည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကြာပြာကောင်းကင်အသျှင်အား အေးစက်စက် ကြည့်လိုက်ပြီးနောက် “ ထျန်းအာက နေမင်းတော်ဝင်ကျမ်းကို ပြည့်ပြည့်စုံစုံ နားလည်ထားတဲ့ အဆင့်ရောက်သွားပြီးတော့ နေဆယ်စင်း ပုံရိပ်သဏ္ဌာန်ကို ဖွဲ့စည်းထားပြီးပြီ။ အဲဆိုတော့ သူက ရွှေကျီး နတ်ဧကရာဇ်ရဲ့ အမွေအနှစ် ဆက်ခံဖို့ အစကတည်းက အရည်အချင်းပြည့်မှီပြီးသား …
ကျွန်တော်က ထျန်းအာအတွက် ရွှေကျီးအငြိုးကြီးဝိညာဉ်တွေကို ဖိနှိပ်ပြီး သန့်စင်ပေးဖို့ အလကားကူညီပေးတာ။ အစ်ကိုကြီး ဒုက္ခများစရာ မလိုပါဘူး။ ဒီမှာပဲ အေးအေးဆေးဆေး နေပြီးတော့ ဉာဏ်အလင်းပွင့်ဖို့ ကြိုးစားသင့်တယ် ”
ကြာပြာကောင်းကင်အသျှင် “ … ”
ဉာဏ်အလင်းပွင့်ဖို့လား …
မင်းက မင်းတပည့်နဲ့ အငြိုးကြီးဝိညာဉ် လိုက်သန့်စင်ပြီး ရတနာတွေ ယူမယ်ဆိုပေမဲ့ ငါ့ကိုကျ ဉာဏ်အလင်းပွင့်ဖို့ဆိုပြီး ဒီနေရာမှာ နေခဲ့စေချင်တာလား …
ငါက မတုံးဘူး … ဉာဏ်ကောင်းတယ်။ ငါလည်း ထျန်းအာရဲ့ ကံကြမ္မာကို အလကားမျှယူချင်တယ်
ရွှေကျီး နတ်ဧကရာဇ် ပြောပုံအရ ဂူဗိမာန်က အလွန်ဆုံး သုံးလလောက်သာ ရွှေကျီး အငြိုးကြီးဝိညာဉ်များကို ထိန်းနိုင်တော့မည် ဖြစ်သည်။ အဖြစ်အပျက်ဆိုးကို ကာကွယ်ဖို့အတွက် ထာဝရဘုံဗိမာန်ကျွန်းက တစ်လအကြာတွင် သူ့အလိုလို ဖျက်စီးခံလိုက်ရမည်။
ထို့ကြောင့် အငြိုးကြီးဝိညာဉ်များကို သန့်စင်နိုင်သည် ဖြစ်စေ၊ မသန့်စင်နိုင်သည် ဖြစ်စေ လက်ကျန်တစ်လတာအချိန်ကို စင်မြင့်အထက်တွင် အချိန်မဖြုန်းသင့်ပေ။
ဂူဗိမာန်နေရာတိုင်း၌ ရတနာများစွာ ရှိမှန်း သိထားသင့်သည်။ ကြာပြာကောင်းကင်အသျှင်၏ စွမ်းအားဖြင့် ရွှေကျီးသုံးကောင်အထက် မဝိုင်းထားသရွေ့ သေချာပေါက် ထွက်ပြေးနိုင်လိမ့်မည်။
ဤသို့သော အခြေအနေမျိုး၌ ရတနာရှာခြင်းသာ ဖြစ်သင့်သည်။
ဒါပေမဲ့ ငါ ဘယ်သူ့နောက်လိုက်ရမှာလဲ … ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံထားရတဲ့ ထျန်းအာနောက်ပေါ့
ဟိုကောင်လေး ငတုံး ဖန်ချန်းက သူတို့ ရှန်ထျန်းနောက်လိုက်ရင်း ရွှေကျီး နတ်ဧကရာဇ် ချန်ထားခဲ့တဲ့ ဆေးဥယျာဉ်ကို တန်းတွေ့သွားတယ်လို့ မပြောလိုက်ဘူးလား …
ဆေးပင်အားလုံးက သက်တမ်း နှစ်တစ်သိန်းကျော် ဖြစ်ပြီး အဆိုးရွားဆုံး ဆေးပင်ပင် အထွတ်အထိပ်အဆင့် ဝိညာဉ်ဆေးပင် ဖြစ်နေသည်။
ကြာပြာကောင်းကင်အသျှင်က အားကျနေမိသည်။
ဟုတ်တယ် … ဟိုမိစ္ဆာကောင်တွေကို သန့်စင်လို့ ရရ၊ မရရ ဂိုဏ်းတူ တူလေးကို မြင်ကွင်းအောက်ကနေ အပျောက်ခံလို့ မဖြစ်ဘူး
ဒီဂူဗိမာန်ထဲ ငါ့ဝေစုကို သေချာပေါက် ရအောင် ယူရမယ်
..................
အဆုံးသတ်၌ ရှန်ထျန်း သူ့ဆရာနောက် လိုက်ကာ ပင်မနယ်မြေမှ ထွက်လာလိုက်သည်။ သူတို့က ဂူဗိမာန်တစ်လျှောက် သွားလာရင်း ရွှေကျီး အငြိုးကြီးဝိညာဉ်များကို သန့်စင်ဖို့ ပြင်ဆင်ထားကြသည်။
တာအိုကိုယ်တော်ကြီးက အရည်ထူကာ ဂူဗိမာန်က အန္တရာယ်များလွန်းကြောင်း တဖွဖွပြော၍ ဂိုဏ်းချုပ်တစ်ယောက်တည်း ကာကွယ်ပေးနေလျှင် ရှန်ထျန်း၏ ဘေးကင်းမှုကို စိုးရိမ်သည်ဟု အကြောင်းပြကာ အတင်းကျပ် လိုက်ပါလာသည်။
သူ တွေးနေသည့်အရာကိုတော့ သူပဲ ကောင်းကောင်း သိလိမ့်မည်။
ဂိုဏ်းအသီးသီး၏ စွမ်းအားကြီး ပုဂ္ဂိုလ်များအား ပင်မနယ်မြေသို့ ပြောင်းရွေ့ခံလိုက်ရပြီးနောက် ဂူဗိမာန်ကြီးက ပို၍ တိတ်ဆိတ်သွားလေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က လမ်းကြောင်းများကို ဖြတ်ကာ ပျံသန်းလာသည်။ သူ့အမြန်နှုန်းက ရှန်ထျန်း လျှပ်စစ်အရိပ်ခြေလှမ်းကို ထုတ်သုံးသည့်အခါလောက် မြန်ဆန်ကာ ရွှေရောင်အလင်းသာ မြင်နေရသည်။
ဤသည်မှာ သူ့ကျင့်ကြံဆင့် မြင့်သောကြောင့် တပိုင်းတစပါဝင်သည်။
အကယ်၍ ရှန်ထျန်းသာ အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့် ရောက်သွားခဲ့လျှင် နယ်မြေငါးခု၌ အမြန်ဆုံးလူသား ဖြစ်လာပေမည်။
“ ရွှေကျီး နတ်ဧကရာဇ်ရဲ့ ဂူဗိမာန်က ကြီးလွန်းတယ်။ ဒီအငြိုးကြီးဝိညာဉ်တွေကို ဂူဗိမာန်ထဲ ပိတ်ထားတာ နှစ်ရှစ်သောင်းလောက် ရှိပြီဆိုတော့ ဒီပတ်ဝန်းကျင် ရင်းနှီးကျွမ်းဝင်မှုက ကျွန်တော်တို့ထက် သာနေမှာပဲ ”
ရှန်ထျန်းက မပြောခင် ခဏစဉ်းစားလိုက်ပြီးနောက် “ ဆရာနဲ့ ဂိုဏ်းတူဦးလေးတို့က အားကောင်းကောင်း အရှိန်အဝါကို ထုတ်လွှင့်ထားတာလေ။ ပြီးတော့ နှစ်ယောက်လုံးက ရွှေကျီးနှစ်ကောင်ကို နှိမ်နင်းဖူးတယ်ဆိုတော့ သူတို့ ဆရာတို့ကို ရှောင်သွားလောက်တယ် ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အတွေးနက်နေသည့်အလား တွေးတောပြီးနောက် ပြန်ဖြေလိုက်သည် “ ထျန်းအာ ပြောချင်တာ ဒီလိုမျိုးလား ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အရှိန်အဝါက တဖြည်းဖြည်း ကမောက်ကမ ဖြစ်လာပြီးနောက် အားပျော့သွားသည်။ ကြည့်ရသည်မှာ ဒဏ်ရာအပြင်းအထန်ရသွားသည့်အလား တုန်လှုပ်မှုနှင့် အလောကြီးမှုတို့ ပြည့်နှက်နေဟန် ထင်မှတ်ရသည်။
အကယ်၍ ရှန်ထျန်းနှင့် ကြာပြာကောင်းကင်အသျှင်တို့က တစ်ချိန်လုံး အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဘေးမှာသာ ရှိမနေခဲ့လျှင် သူတို့အနေနှင့် ဂိုဏ်းချုပ် အမှန်တကယ် ဒဏ်ရာရသွားတာလားဟု မရေမရာ ဖြစ်သွားနိုင်သည်။
မြေခွေးအိုကြီး … မင်းက တကယ်ကို မြေခွေးအိုကြီးပဲ
ကြာပြာက စိတ်ထဲတွင် ငြီးတွားလိုက်ရင်း ရှုံ့မဲ့သွားလေသည်။
သူ့စိတ်ခံစားချက်တွေ ပျောက်ဆုံးတာအပြင် ညီလေးက ဒီနှစ်တစ်ထောင်အတွင်း ဘာမှကို မပြောင်းလဲသွားဘူး
သူက စိတ်ခံစားချက် ကင်းမဲ့လှပေမဲ့ ဉာဏ်များဖို့တော့ မမေ့ဘူး … အကြံသမား ဖြစ်နေတုန်းပဲ
သူက ကျီးများ ထွက်လာအောင် မျှားခေါ်လိုက်ပြီး သုတ်သင်ပစ်လိမ့်မည်။ သို့သော်လည်း ဤနည်းလမ်းက ဉာဏ်များသော်လည်း ထပ်တွေးကြည့်လိုက်သည့်အခါ အကြံကောင်း ဖြစ်ပေသည်။
ဟုတ်ပြီ … ငါလည်း လုပ်မယ်
ထိုအတွေးဖြင့် ကြာပြာက ရင်ဘတ်ကို အသာပုတ်လိုက်ပြီးနောက် သူ့ဘေးပတ်လည်ရှိ အရှိန်အဝါတို့မှာ ကမောက်ကမ ဖြစ်လာသည်။ သူက သွေးတစ်ပွက်ပင် အန်ထုတ်လိုက်သေး၏။
“မဖြစ်တော့ဘူး … ငါ ဒဏ်ရာအပြင်းအထန် ရသွားပြီ။ ငါ မရတော့ဘူး။ တကယ်ကြီး သေတော့မယ်။ ငါ့နံရိုးတွေ တစစီ ဖြစ်နေသလိုပဲ …
ငါ့အတွက် ပြီးဆုံးသွားပြီ။ ဒီလိုအန္တရာယ်များတဲ့ ဂူဗိမာန်ထဲ ဒဏ်ရာအပြင်းအထန် ရနေရတယ်လို့ကွာ … အမည်မသိ ကောင်စုတ်လေးက ခိုးကြောင်ခိုးဝှက် လုပ်ကြံသွားတာ ငါတော့ အဆုံးသတ်ရတော့မယ် ”
…………....
ရှန်ထျန်းက ကြာပြာ၏ ဆိုးရွားလှသော သရုပ်ဆောင်မှုကို ကြည့်ရင်း နဖူးပေါ်မှ ချွေးအေးများ စီးကျလာလေသည်။
ပိုလွန်းတယ် … သူ့သရုပ်ဆောင်ချက်တွေက တကယ်ကို ပိုလွန်းတယ်
ရှန်ထျန်းက တစ်ခုသာ ပြောချင်မိတော့သည် “ ကျွန်တော်က နေမင်းတော်ဝင်ကျမ်းကို ပြီးပြည့်စုံတဲ့ အဆင့်အထိ ကျင့်ကြံထားတာလေ။ အဲဆိုတော့ အငြိုးကြီးဝိညာဉ်တွေရဲ့ နေရာကို အာရုံခံနိုင်တယ်။
ခင်ဗျားရဲ့ အရှိန်အဝါက အားကောင်းလွန်းလို့ ကျွန်တော်တို့ အဲဒီနေရာမရောက်ခင် သူတို့ ထွက်ပြေးသွားနိုင်တယ်။ နှစ်ယောက်လုံး အရှိန်အဝါကို ဖုံးကွယ်ပြီး မတွေ့သွားအောင် အကောင်းဆုံး ကြိုးစားကြပါ့လား။ အခုတော့ နှစ်ယောက်လုံးက ဒဏ်ရာရချင်ယောင်ဆောင်ပြီးတော့ သူတို့ကို ဆွဲဆောင်ဖို့ တွေးနေကြတယ်ပေါ့လေ …
အထွတ်အမြတ်မြေရဲ့ ခက်ခဲကျပ်တည်းတဲ့ နှစ်တွေကို ကြုံတွေ့ခဲ့ရတဲ့ အကြီးအကဲတွေအားလုံး ဒီလို ဉာဏ်များကြတာလား ”
သို့သော်လည်း ကြာပြာကောင်းကင်အသျှင်၏ ဆိုးဆိုးရွားရွား သရုပ်ဆောင်ချက်ကို ကြည့်ပြီး ရွှေကျီး အငြိုးကြီးဝိညာဉ်များက တကယ် ငါးစာလာဟပ်ပါ့မလားဟု တွေးမိသွားသည်။
သူတို့က နှစ်ရှစ်သောင်း ရွှေကျီးအိုကြီးများ ဖြစ်၍ အသိဉာဏ်က ဒီလောက် မနိမ့်ကျလောက်ပေ။
သို့သော်လည်း အချက်အလက်များက မှန်ကန်ကြောင်း သက်သေပြနေလေ၏။
ရှန်ထျန်းက မျက်လုံးမှိတ်ထားရင်း သူ့လက်ထဲမှ ပင်လယ်အံ့ဖွယ်တူကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရင်း အငြိုးကြီး အငွေ့အသက်တချို့ သူတို့ဆီ အလျှင်အမြန် ချည်းကပ်လာနေသည်ကို အာရုံခံမိလိုက်သည်။
သူတို့ ရောက်လာပြီ …
......................
ဝုန်း …
လမ်းထောင့်ဘက်မှ မီးလုံး ရုတ်ချည်း ထွက်လာကာ လမ်းကြောင်းတစ်ခုလုံးကို ထိန်လင်းသွားစေသည်။
ဝှီး
သူတို့က စူးစူးဝါးဝါး အော်သံများ မကြားခင် မီးလုံး သုံးလုံး ကျရောက်လာကာ ထိုမီးလုံးများက ခြစ်ခြစ်တောက် အရှိန်အဝါများ ထုတ်လွှင့်နေလေ၏။
မီးလုံးနှစ်လုံးက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ထံ သတ်ဖြတ်ငွေ့အပြည့်ဖြင့် ပစ်မှတ်ထားထားသည်။
ယခင် ဂိုဏ်းချုပ် သတ်ခဲ့သည့် ရွေကျီး အငြိုးကြီးဝိညာဉ်နှစ်ကောင်၏ အစိတ်အပိုင်းက ထိုမီးလုံးနှစ်လုံးကြား ကိန်းအောင်းနေသည်။
သူတို့က အသက်ပြန်ရှင်လာပြီး စွမ်းအားလုံလုံလောက်လောက် ရရှိပြီးနောက် လက်စားချေရန် ရောက်လာကြသည်။