ကြာပြာကောင်းကင်အသျှင်၏ စွမ်းအားအစစ်အမှန်
Vol. 26 Ch. 386
အခန်း (၃၈၆) : ကြာပြာကောင်းကင်အသျှင်၏ စွမ်းအားအစစ်အမှန်
ဝှီး …
ရွှေကျီး သုံးကောင်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၊ ကြာပြာကောင်းကင်အသျှင်နှင့် ရှန်ထျန်းတို့ကို ထိန်းကျောင်းဖို့ လုံလုံလောက်လောက် စွမ်းအားကြီးကြသည်။ သုံးယောက် အပြိုင် သုံးယောက် ဖြစ်နေ၏။ ဂဏန်းအရေအတွက်အရ တစ်ယောက်ချင်း ချနိုင်ပေလိမ့်မည်။
သို့သော် ကျင့်ကြံရေးလောက၌ တစ်နှင့် တစ် ပေါင်းခြင်းက အမြဲတမ်း နှစ် မဟုတ်ပေ။
ယခင် ရွှေကျီးနှစ်ကောင်၏ ပူးပေါင်းစွမ်းအားက ရွှေကျီး သုံး၊ လေးကောင်နှင့် ညီမျှနေသည်။
ထို့ကြောင့် ရွှေကျီး သုံးကောင် ပူးပေါင်းတိုက်ခိုက်ခြင်းက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင်တို့အတွက် သူတို့၏ နဂိုဖိအားထက် ခုနစ်ဆ၊ ရှစ်ဆလောက် ပိုများစေသည်။
ရွှေကျီး သုံးကောင် ပူးပေါင်းတိုက်ခိုက်ခြင်းက အားကောင်းသော ရွှေကျီး ခုနှစ်ကောင်၊ ရှစ်ကောင်ကို ရင်ဆိုင်နေရခြင်းနှင့် ညီမျှပေသည်။ သူတို့၏ မိစ္ဆာ မီးတောက်များက အားကောင်းကာ လွှမ်းခြုံထားလေ၏။
ထိုရွှေကျီး သုံးကောင်က ဉာဏ်ရည်မရှိဘဲ သူတို့မီး တိုက်ကွက်ကိုသာ အားကောင်းအောင် မည်သို့တိုက်ခိုက်ရမည်ကိုသာ သိထားသည်။ သူတို့က ပြိုင်ဖက်ကို ဝိဇ္ဇာအစစ်တစ်ယောက် တိုက်ခိုက်သလိုမျိုး မတိုက်နိုင်ကြသောကြောင့် သူတို့တိုက်ပွဲစွမ်းရည်က တကယ့် ဝိဇ္ဇာအစစ် ကျင့်ကြံသူတစ်ယောက်ထက် အားနည်းနေသည်။
သို့သော်လည်း သူတို့က အိမ်ကွင်းတွင် ဖြစ်နေသောကြောင့် အရေးသာချက်ရှိသည်။ ထိုကျီးများက မဖျက်စီးရနိုင်ဘဲ မသေမျိုးလို ဖြစ်နေသည်။
သူတို့ကို လုံလုံလောက်လောက် ဒဏ်ရာမပေးနိုင်ပါက ချက်ချင်းနီးပါး ပြန်ကောင်းလာကြသည်။ တကယ်တော့ သူတို့ပြန်ကောင်းလာနှုန်းက တစ်ဖက်လူ၏ တိုက်ခိုက်နှုန်းထက် ပိုမြန်ဆန်သေး၏။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူတို့ကို တိုက်ခိုက်ပြီး ဒဏ်ရာပေးနိုင်ခဲ့လျှင်ပင် အသုံးမဝင်ဆဲသာ ဖြစ်နေသည်။ သူတို့၏ တကယ့်ဝိညာဉ်က ဂူဗိမာန်နှင့် ပေါင်းစပ်သွားပြီးပြီ ဖြစ်သလို သူတို့ဝိညာဉ်များက ဂူဗိမာန်အတွင်း အမှတ်အသားပြုပြီးသွားလေပြီ။
ဂူဗိမာန်သာ တစ်စုတစ်စည်းတည်း ဖြစ်နေသရွေ့ သူတို့၏ တကယ့်ဝိညာဉ်က ထပ်ခါထပ်ခါ မွေးဖွားလာနိုင်သည်။ ဤသည်မှာ အံ့ဩလောက်ဖွယ် ဖြစ်၏။
နယ်မြေငါးခု၌ ဤသို့သော အကန့်အသတ်မဲ့ ပြန်လည်မွေးဖွားမှုမျိုး ရှိနိုင်မည် မဟုတ်ချေ။ ဤသည်မှာ သဘာဝစည်းမျဉ်းနှင့် ဆန့်ကျင်နေလေသည်။
သေခြင်းရှင်ခြင်းက သဘာဝဖြစ်စဉ်၏ အဓိကအစိတ်အပိုင်း ဖြစ်ပြီး အကန့်အသတ်မဲ့ ပြန်လည်မွေးဖွားလာခြင်းက ထိုဖြစ်စဉ်ကို လုံးလုံး ဆန့်ကျင်နေသည်။
ရွှေကျီး နတ်ဧကရာဇ်က အမှန်တကယ် စွမ်းအားကြီးလှသည်။ သူက သူ့သွေးသား ကိုးယောက်လုံး၏ တကယ့်စိတ်ဝိညာဉ်ကို အာဟာရပေးနိုင်ဖို့ ထာဝရဘုံဗိမာန်ကျွန်းတွင် အံ့ဩလောက်ဖွယ် နယ်မြေကို ခင်းကျင်းထားနိုင်၏။
သူကလွဲ၍ မည်သူကမှ ဒီလို လုပ်နိုင်မည် မဟုတ်ပေ။
ရွှေကျီး နတ်ဧကရာဇ်တွင် အလွန်အားကောင်းသော အမွေအနှစ် ပိုင်ဆိုင်ထားသည်မှာ သိသာလှပေသည်။
……….....
“ ဒီသားရဲတွေ ပူးပေါင်းလိုက်ရင် ဖြေရှင်းဖို့ ပိုခက်လာတာပဲ ”
ကြာပြာကောင်းကင်အသျှင်က မီးပင်လယ် လောင်ကျွမ်းခံရလုနီးပါးမှ ခုန်ရှောင်လိုက်သည်။ သူက သာလွန်တာအို ကောင်းကင်အသျှင်တစ်ပါး ဖြစ်ပြီး သူ့တိုက်ခိုက်စွမ်းက ဝိဇ္ဇာတစ်ယောက်နှင့် ညီမျှသည်။
သို့သော်လည်း ရွှေကျီး နတ်ဧကရာဇ်က သူ့နယ်မြေကို ခင်းကျင်းရာ၌ ဤသို့သော ကျင့်ကြံသူမျိုး ပါဝင်လာနိုင်ခြေအား ထည့်စဉ်းစားမိပြီးသား ဖြစ်ကြောင်း သိသာလှသည်။
ကြာပြာကောင်းကင်အသျှင်က အခြားဝိဇ္ဇာများလောက် ဖိအားမခံစားရသော်လည်း သိသာသည့် ဖိနှိပ်မှုတော့ ခံစားနေရဆဲ ဖြစ်သည်။
“ ကြက်ပေါက်စတွေ … ဒီဂူဗိမာန်သာ ငါ့စွမ်းအားကို မကန့်သတ်ထားရင် မင်းတို့ကို ပညာပေးပြီးပြီ ”
သူက ရွှေတုတ်ကို ဝေ့လိုက်ရင်း မီးတောက်များကို ဖယ်ရှားလိုက်သည်။
ကြာပြာကောင်းကင်အသျှင်၏ ရုပ်ခန္ဓာက ပွဖောင်းလာကာ သူ့ဝတ်ရုံပွပွက ကိုယ်ကျပ် ဖြစ်သွားလေသည်။ သူ့ဆံပင်များက လွှင့်နေပြီး စွမ်းအားကြီး အရှိန်အဝါတို့ ထုတ်လွှင့်နေလေ၏။
ထိုသို့ဆိုလျှင်ပင် ကြာပြာကောင်းကင်အသျှင်က ရွှေကျီးများ၏ ပူးပေါင်းတိုက်ခိုက်မှုကို မရှောင်ရှားနိုင်သေးပေ။ သူ့တုတ်ရိုက်ချက် စွမ်းအားက ရွှေကျီးသုံးကောင် ပူးပေါင်းမှုအောက် ဖန်တီးထားသည့် အစီအရင်အောက်တွင် လွှင့်ပျယ်သွားသည်။
သူ့တောင်ဖြိုခွင်း တိုက်ခိုက်မှုက ရွေကျီး သုံးကောင်ဆီ အားအပြည့် ကျရောက်သွားသော်လည်း သူတို့ငှက်မွေးအနည်းငယ်သာ ကျွတ်သွားစေသည်။ တကယ့် သက်ရောက်မှု မရှိလိုက်ချေ။
“ ဒီငှက်သုံးကောင်ကို ခွဲထားရမယ်။ မဟုတ်ရင် ငါတို့တွေ သူတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အသံက ပုံမှန်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူ့အနားရှိ ကောင်းကင်အရှိန်အဝါတို့က အားကောင်းလာသည့်အလား ပို၍ တောက်ပလာသည်။
သူ့တစ်ကိုယ်လုံးကို ရွှေရောင်မိုးကြိုးများ ဝန်းရံထားသည့်အပြင် ရွှေနီရောင် အံ့ဖွယ်မီးတောက်လည်း ပါရှိနေသေး၏။
ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်း အဆင့်မြင့်ကျွမ်းကျင်မှု ပုံစံမှ ဓာတ်နှော နတ်မိုးကြိုး ဖြစ်သည်။ ထိုအရာက မိစ္ဆာဝိညာဉ်များကို ရင်ဆိုင်ရာ၌ အကျိုးသက်ရောက်မှု အားကောင်းလေသည်။
တစ်ချိန်တည်းတွင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် နားလည်ထားသည့် နေမင်းတော်ဝင်ကျမ်းမှ ကျင့်ကြံထားသော နေမင်းစွမ်းအားလည်း ပါဝင်နေသည်။ ဤသည်မှာလည်း မိစ္ဆာဝိညာဉ်များကို ရင်ဆိုင်ရာ၌ သက်ရောက်မှု အားကောင်းသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရွှေကျီးများကို အပြည့်အဝ နှိမ်နင်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် နေမင်းတော်ဝင်ကျမ်းကို ထုတ်သုံးခြင်း မဟုတ်ပေ။ ဤသည်က မဖြစ်နိုင်ပေ။
ရွှေကျီးမျိုးနွယ်သည် မီးဓာတ် ထိန်းချုပ်ရာ၌ အကောင်းဆုံးထဲအနက် ပါဝင်လေသည်။ သူတို့က ဇာမဏီမျိုးနွယ်နှင့်အတူ မြင့်မားသော အဆင့်အတန်း ရှိကြသည်။
ထို့အပြင် ထိုရွှေကျီးကိုးကောင်က နတ်ဧကရာဇ်၏ သားများ ဖြစ်၍ သူတို့၏ ပါရမီ၊ ကျင့်ကြံဆင့်နှင့် စွမ်းအားတို့က စွမ်းအားကြီးပြီးသား ဖြစ်ကြသည်။ သူတို့၏ မီးဓာတ် ထိန်းချုပ်နိုင်စွမ်းကိုလည်း စိတ်ကူးကြည့်လို့ ရပေသည်။
ပြောရလျှင် မီးစွမ်းအားဖြင့် သူတို့ကို ဖိနှိပ်ဖို့ လုံးဝ မဖြစ်နိုင်ပေ။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က နတ်ဧကရာဇ်၏ နေမင်းတော်ဝင်ကျမ်းကို အသုံးပြုလိုသည်မှာ သူ့ပြန်လည်ကောင်းမွန်လာနှုန်း တိုးမြင့်လာစေရန်အတွက်သာ ဖြစ်၏။
တစ်ချိန်တည်းတွင် သူက ထိုရွှေကျီးသုံးကောင်၏ ပြန်လည်ကောင်းမွန်လာနှုန်းကိုလည်း ဖိနှိပ်ထားနိုင်လောက်မည်။
သူ့မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့မှ ဆယ်ပေလောက် မြင့်မားသည့် စွမ်းအားကြီး ပုံရိပ်တစ်ခု ဖြစ်တည်လာသည်။ ဤသည်မှာ မိုးကြိုးနတ်ဘုရား ကမ္ဘာမြေ ဆင်းသက်လာသည့်အလား ဖြစ်၏။
ထိုရွှေကျီးများ ဖန်တီးထားသော မီးလုံးများက သူ့ဆီ ဝင်ရောက်လာသော်လည်း သူ့လက်ထဲရှိ မိုးကြိုးဓားဖြင့် နှစ်ပိုင်းပိုင်းခြင်း ခံလိုက်ရသည်။
သူ့ရွှေတုတ်ဖြင့် တိုက်ခိုက်မှု လုပ်လိုက် ထွက်ပြေးလိုက် လုပ်နေသော ကြာပြာကောင်းကင်အသျှင်နှင့် ယှဉ်လျှင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ လုပ်ဆောင်မှုက ပိုသာပေသည်။
အနည်းဆုံးတော့ သူက ခပ်မိုက်မိုက်ပုံ ပိုပေါ်လေသည်။
“ လုပ်လိုက်တာထက် ပြောတာက မြန်တယ်။ စွမ်းအား၊ အမြန်နှုန်းနဲ့ ကာကွယ်ရေးအားလုံးက သူတို့ပူးပေါင်းလိုက်တဲ့အခါ အဆအများကြီး တိုးပွားလာတာ။ စမ်းသပ်ချက် ငါးကြိမ် ခံယူထားတဲ့ ဝိဇ္ဇာတောင် သူတို့ကို နှိမ်နင်းနိုင်မှာ မဟုတ်တော့ဘူး။
ပြီးတော့ ငါတို့စွမ်းအားက နတ်ဧကရာဇ် ဂူဗိမာန်ထဲ ကန့်သတ်ခံထားရတာ။ ငါတို့တွေ ဘယ်လိုခွဲထုတ်မှာလဲ ပြောစမ်းပါဦး။ မင်းတပည့်ရဲ့ ခပ်ချောချော ရုပ်ရည်လေးနဲ့ မျှားခေါ်မလို့လား ”
ကြာပြာကောင်းကင်အသျှင်က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ ရွှေကျီးများ၏ စွမ်းအားများက ကိုင်တွယ်ဖို့ ခက်ခဲလှသည်။ သူက မျှားခေါ်မိသည့်အတွက် နောင်တရလာမိ၏။
ဟူး ကံကောင်းလွန်းတဲ့ ဂိုဏ်းတူ တူလေးနဲ့အတူ ရတနာတွေ တိတ်တဆိတ် သွားခိုးချင်တာလေ … အခုတော့ ဘာဖြစ်နေတာလဲ
ရွှေကျီး နတ်ဧကရာဇ် ချန်ထားခဲ့တဲ့ ရတနာ … သူ့ထမင်းပန်းကန် ဖြစ်နေဦးမယ်ဆိုရင်တောင် ထူးခြားနေဦးမှာပဲ
ဒီရတနာတွေက ဒီခရီးအတွက် ထိုက်တန်တယ်။ ငါက ဘာလို့များ အန္တရာယ်များတာတွေ လိုက်လုပ်ပေးနေရတာလဲ။
အခြားရွှေကျီးတွေ ရောက်လာရင် ဘယ်လိုလုပ်ကြမလဲ။ ငါ အသားကင် ဖြစ်သွားမှာ မဟုတ်ဘူးလား
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “ အစ်ကိုကြီးက နတ်ဘုရားကိုယ်ထည်မာ လမ်းစဉ်ကို ရွေးပြီးသွားကတည်းက ပိုတည်ငြိမ်လာပြီးတော့ ထိန်းသိမ်းတတ်ဖို့ သိလာတယ်။ ဒါက ကိစ္စကောင်းတစ်ခုပဲ။
ဒါပေမဲ့ ဒီကိစ္စက ရွှေကျီး နတ်ဧကရာဇ်ရဲ့ မျိုးဆက်နဲ့ ပတ်သတ်နေတာလေ။ ပြီးတော့ ထျန်းအာအတွက် ထာဝရဘုံဗိမာန်ကျွန်းကို အမွေဆက်ခံနိုင်မလား၊ မဆက်ခံနိုင်မလားဆိုတာ မူတည်နေတယ်။ အစ်ကိုကြီးရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်ပြမှ ဖြစ်တော့မယ် ”
ကြာပြာကောင်းကင်အသျှင်က စိတ်ဆိုးတကြီးဖြင့် “ ညီလေး ဘာတွေပြောနေတာလဲ။ ငါက အကောင်းဆုံး ကြိုးစားပြီးပြီလေ ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပြန်မေးလိုက်သည် “ ဟုတ်လို့လား ”
ကြာပြာကောင်းကင်အသျှင်က ဇွတ်အတင်းပြောလိုက်သည် “ အဟုတ်ပဲ ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ထပ်ပြောလိုက်သည် “ ကျွန်တော်က ဒီထာဝရဘုံဗိမာန်ကျွန်းကို ရှင်းထုတ်ပြီးရင် ကံအပြောင်းအလဲ အခွင့်အရေးတွေကို အညီအမျှ ခွဲယူဖို့ ပြောတော့မလို့ပဲ။ ဒါပေမဲ့ အခုတော့ … ”
ကြာပြာကောင်းကင်အသျှင်က ပြုံးလိုက်ကာ “ မင်း ဘယ်တုန်းက သတိထားမိသွားတာလဲ ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်လာပြီး “ အစ်ကိုကြီး မေ့ပျောက်ဆေးလုံး သောက်တိုင်း ဆေးလုံးက ချောချောမွေ့မွေ့ အာနိသင်ပြလာတာလေ … အစ်ကိုကြီးရဲ့ နတ်ဘုရားကိုယ်ထည်မာ ခန္ဓာကိုယ်နဲ့ဆိုရင် ဝိဇ္ဇာအဆင့် မေ့ပျောက်ဆေးလုံးတောင် သက်ရောက်မှု ရှိမှာ မဟုတ်ဘူး။ ”
ကြာပြာကောင်းကင်အသျှင်က ပခုံးတွန့်ကာ “ အဲဆိုတော့ ဘာဖြစ်လဲ ”
ဂိုဏ်းချုပ်က အသာပြောလိုက်သည် “ ဆိုလိုတာ အစ်ကိုကြီးက စွမ်းအားအစစ်အမှန်ကို တမင်ဖုံးကွယ်ထားတာလေ။ လူတွေက ဂိုဏ်းတစ်ဂိုဏ်းမှာ အဆင့်မြင့် ပါရမီရှင်နှစ်ယောက် မြင့်တက်လာတာကို ခွင့်မပြုနိုင်မှန်း သိလို့ အစ်ကိုကြီးက ကိုယ့်ဘာသာ လက်လျော့လိုက်တဲ့ပုံစံနဲ့ ရူးကြောင်ကြောင် ဟန်ဆောင်ပြီး ပြဿနာတွေ လိုက်ရှာနေတာလေ။
ဒါပေမဲ့ ကျွန်တော်ကို လွှမ်းမိုးနိုင်တဲ့ ကျွန်တော်ရဲ့ အစ်ကိုကြီးအနေနဲ့ အခြားလူတွေထက် ပိုအားကောင်းမှန်း အမြဲယုံကြည်ပြီးသား။ ကျွန်တော် ဖုံးကွယ်ထားတာက အစ်ကိုကြီးလည်း ဖုံးကွယ်ထားလို့ … အပြန်အလှန် နားလည်မှုနဲ့ သဘောတူညီချက်တစ်ခုလိုမျိုး ဖြစ်သွားတာပေါ့”
ကြာပြာကောင်းကင်အသျှင်က မပြောင်းမလဲ အမူအယာဖြင့် “ မင်းက ဘာပြောချင်နေတာလဲ ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခိုင်ခိုင်မာမာ ပြောလိုက်သည် “ ဟိုးအရင် အစ်ကိုကြီးက စွမ်းအားကြီးတယ်ဆိုပေမဲ့ ကျွန်တော် မလေးစားခဲ့ဘူး။ အကြောင်းအရင်းက အဲဒီအချိန် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ကျဆင်းလာတာဆိုတော့ ခေါင်းမာတဲ့ ခေါင်းဆောင်မျိုး မလိုအပ်ခဲ့ဘူး။
ဒါပေမဲ့ အစ်ကိုကြီး စွမ်းအားပျောက်ကွယ်သွားပြီးတဲ့နောက်ကျ ကျွန်တော် တွေးထားသလိုမျိုး အစ်ကိုကြီးက တုံးအအ မဟုတ်ဘူးဆိုတာ သဘောပေါက်ခဲ့တယ်။
ကျွန်တော်တို့ဂိုဏ်း နှစ်ရာချီ ငြိမ်းချမ်းလာအောင်အတွက် ပြီးတော့ ကျွန်တော်အတွက် အစ်ကိုကြီးက ကိုယ့်ဘာသာ အနစ်နာခံခဲ့တာပဲ …
အစ်ကိုကြီးက စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားချင်တော့ ကျွန်တော်လည်း အစ်ကိုကြီးသဘောအတိုင်း လိုက်လျောပေးခဲ့တယ်။ အစ်ကိုကြီးက ရူးမိုက်မိုက် မဆင်မခြင် လုပ်ချင်တော့ ကျွန်တော်လည်း အတူတူ ကစားပေးခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်း နှစ်ရာချီကြာသွားပြီ။
အစ်ကိုကြီး အခုကျွန်တော်တို့ဂိုဏ်းက ထျန်းအာ ရှိလာပြီးတော့ တဖန် မြင့်တက်လာပြီ။ အစ်ကိုကြီး ဒီဝန်ထုပ်ကြီးကို ထမ်းထားစရာ မလိုတော့ဘူး။ တကယ့် စွမ်းအားအစစ်အမှန်ကို ထုတ်လိုက်ပါတော့ …
အရှေ့ပိုင်းလွင်ပြင်မှာ သူ့မျိုးဆက်အတွင်း ထိပ်တန်း ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ အရင်မျိုးဆက် အစ်ကိုကြီးက အားအကောင်းဆုံး ပါရမီရှင်ဆိုတာကို နယ်မြေငါးခုလုံး သိဖို့ အချိန်ကျလာပြီ။ သူတို့ကို အံ့ဩတုန်လှုပ်သွားကြပါစေ …
ပြီးတော့ ကျွန်တော်လည်း သတိထားထားတယ်။ လွန်ခဲ့တဲ့ နှစ် ၇၀၀ တုန်းက အစ်ကိုကြီးက အမြဲတမ်း ကျွန်တော့်အပေါ်ကဆိုပေမဲ့ အခု နှစ် ၇၀၀ ကြာပြီးတော့ ကျွန်တော် လူသားခံစားချက်နဲ့ လိုအင်ဆန္ဒတွေကို ဖြတ်တောက်ပြီးတဲ့နောက်မှာ အစ်ကိုကြီးရဲ့ နောက်မှာ နောက်ကျကျန်နေဦးမလား သိချင်မိတယ် … ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က အပြင်းအထန် လှုပ်ခါလာသည်။ ဆယ်ပေမြင့်မားသည့် မိုးကြိုးပုံရိပ်ကြီးကလည်း မြေတုန်လုမတတ် အရှိန်အဝါများ ထုတ်လွှင့်လာသောကြောင့် လမ်းကြောင်းပင် တုန်ခါသွားစေသည်။
သူ့အသံက စိတ်လှုပ်ရှားမှု အရိပ်အယောင်အနည်းငယ် ပါဝင်နေပြီး “ အစ်ကိုကြီး ကျွန်တော်နဲ့ ပြိုင်ရဲလား။ ရွှေကျီးတွေကို ဘယ်သူက အရင်နှိမ်နင်းနိုင်မလဲ ကြည့်ရအောင် ”
…………….....
ကြာပြာကောင်းကင်အသျှင်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဆီမှ ထုတ်လွှင့်နေသော ပြိုင်ဆိုင်လိုမှု အငွေ့အသက်များကို ကြည့်ရင်း နှုတ်ခမ်းတင်းတင်း စေ့ထားလိုက်မိသည် “ မင်းက အများကြီး ထုတ်ပြောနေတာပဲ။ ဒါပေမဲ့ မင်းက ငါ့ကို ဝှက်ဖဲ ဖော်ထုတ်ဖို့ တွန်းအားနေတာပဲ မလား”
တာအိုကိုယ်တော် မျက်ခုံးကြားမှ ရွှေရောင် မိုးကြိုးအမှတ်အသား ပေါ်ထွက်လာသည်။ ထို့နောက် ထိုအရာမှ စွမ်းအားကြီး အငွေ့အသက်များ ထုတ်လွှင့်လာလေ၏။
သူက ရွှေတုတ်ကို မြှောက်လိုက်ပြီးနောက် ကောင်းကင်ကို ချိန်ရွယ်လိုက်သည်။ ထိုအခါ သူ့တုတ်ချောင်းပတ်လည်တွင် ဓာတ်နှော နတ်မိုးကြိုးများ စတင် စုစည်းလာလေသည်။
ဟုတ်တယ် … အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးပညာရပ် ဖြစ်၏။ ရွှေအမြုတေနှင့်အထက် ချီသန့်စင်ခြင်း ကျင့်ကြံသူသာ ထိုပညာရပ်ကို ထုတ်သုံးနိုင်ကြသည်။
ကြာပြာကောင်းကင်အသျှင်က ထိုမိုးကြိုးပညာရပ်အား အသင့်တော်ဆုံး ပုံစံ ထုတ်လွှင့်လာသည်။
သူ့အရှိန်အဝါက တိုးပွားလာကာ ဝိဇ္ဇာအဆင့် အကာအရံကို ချိုးဖောက်သွားပြီး နောက်ထပ် အဆင့်အသစ်တစ်ခု ရောက်ရှိသွားသည်။
သူက ရှေ့တိုးလာကာ နောက်တွင် ပုံရိပ်များသာ ချန်ထားခဲ့လေသည်။ ထိုပုံရိပ်များက ဖြည်းဖြည်းချင်းဖြင့် တကယ့်ပုံရိပ်တစ်ခုအဖြစ် ဖွဲ့စည်းလာသည်။
ထိုပုံရိပ်က ကြာပြာကောင်းကင်အသျှင်နှင့် အလွန်တူသော်လည်း လူလတ်အရွယ် ဖြစ်ပုံပေါ်သည်။ သူက လက်ထဲတွင် အဖိုးတန်ရတနာများကို ကိုင်ဆောင်ထားရင်း အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့ဆီမှ ထုတ်လွှင့်နေသော စွမ်းအားကြီး အငွေ့အသက်အရ နတ်ဘုရားဘုရင်နှင့်ပင် ညီမျှလေသည်။
ကြာပြာကောင်းကင်အသျှင်က ရပ်တန့်မသွားသေးပေ။ သူက နောက်တစ်လှမ်း လှမ်းလိုက်သည့်အခါ နောက်ထပ် ပုံရိပ်တစ်ခု ဖြစ်တည်လာပြီး ထိုပုံရိပ်ကလည်း ဖြည်းဖြည်းချင်း တကယ့်ပုံသဏ္ဍာန် ဖြစ်ပေါ်လာသည်။
ထိုပုံရိပ်က ကြာပြာကောင်းကင်အသျှင်နှင့် ဆင်တူသော်လည်း ပိုငယ်ရွယ်၏။ သူက လူငယ်ပါရမီရှင်လေးနှင့် တူနေသည်။ သူက အချိန်ကို ပိုင်းဖြတ်နိုင်သည့်အလား ထက်ရှရှ စွမ်းအားကို ထုတ်လွှင့်နေသည့် အစိမ်းရောင် ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က ထိုလူငယ်ပုံရိပ်လေးကို မြင်လိုက်ရသည့်အခါ ပိုမို လှုပ်ခတ်လာသည်။
………….....
ဤပုံရိပ်က ဂိုဏ်းချုပ်၏ နှစ်ရာချီ မှတ်ဉာဏ်အတွင်း ရေးထွင်းထားသော ပုံရိပ်လေး ဖြစ်ပေသည်။ သူက ကြာပြာကောင်းကင်အသျှင်ကို ကြည့်လိုက်ရင်း သူ့အသံတွင် စိတ်ခံစားချက်အရိပ်အယောင် ရောပြွန်းနေပြီး “ အစ်ကိုကြီး နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ ”
ရွှေရောင်တုတ် ကိုင်ဆောင်ထားသည့် ချူးလုံဟယ်က အရင် သူ တစ်ခါမှ မပိုင်ဆိုင်ဖူးသည့် ဆွဲဆောင်မှုမျိုးဖြင့် “ ဟုတ်တယ် ငါတို့ ပြန်ရောက်လာပြီ ”
လူငယ်လေး၊ လူလတ်အရွယ်နှင့် လူအိုကြီးတို့က တပြိုင်နက် ပြောလိုက်ကြသည် “ အခု ငါတို့က သုံးယောက်ဆိုတော့ … ”
“ အပိုကြေး ထပ်ပေးရမယ် ”