ငါက ရုပ်ချောနေလို့လား
Vol. 26 Ch. 388
အခန်း (၃၈၈) : ငါက ရုပ်ချောနေလို့လား
ရှန်ထျန်းက ထာဝရဘုံဗိမာန်ကျွန်းပေါ်ရှိ ရွှေကျီး နတ်ဧကရာဇ် ဂူဗိမာန်အပြင်ဘက်တွင် တစ်ယောက်ယောက် သူ့အကြောင်း စဉ်းစားနေသည်ကို မသိပေ။
သူ၊ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင်တို့က ရွှေကျီး အငြိုးကြီးဝိညာဉ်များကို ဘဝကူးနိုင်ရန် ကူညီပေးဖို့ အာရုံအပြည့်အဝ စိုက်ထားကြသည်။
ထိုအရာ၏ လွှမ်းမိုးနိုင်စွမ်းက အတော်လေး ကြီးမားလှသည်။ အကယ်၍ သူတို့သာ ရွှေကျီး အငြိုးကြီးဝိညာဉ်ကိုးကောင်လုံးကို ဘဝကူးနိုင်အောင် အောင်အောင်မြင်မြင် ဆောင်ရွက်ပေးသရွေ့ ထာဝရဘုံဗိမာန်ကျွန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အပိုင် ဖြစ်လာလိမ့်မည်။
ဤနေရာမှာ ရွှေကျီး နတ်ဧကရာဇ် လေ့ကျင့်ခဲ့သည့် နေရာဖြစ်ကြောင်း သိထားရမည်။ မြောက်ပင်လယ်၌ ဝိညာဉ်စွမ်းအားအကြွယ်ဝဆုံးရှိသည့် အထွတ်အထိပ်အဆင့် ကျွန်းများအနက် တစ်ခုအပါအဝင် ဖြစ်နေသေးသည်။ ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်လေးလောက် အဖိုးတန်လှသည်။
အကယ်၍ သူတို့သာ ထာဝရဘုံဗိမာန်ကျွန်းကို အပိုင်ရယူနိုင်ခဲ့လျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အမွေအနှစ်က သိသိသာသာ တိုးများလာပေမည်။
ဤကိစ္စ၏ အဓိကပါဝင်သူများ ဖြစ်ကြသည့် ဂိုဏ်းချုပ်၊ ကြာပြာနှင့် ရှန်ထျန်းတို့က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ သမိုင်းကြောင်း၌ မှတ်သားခံရကာ နောင်လာနောက်သား မျိုးဆက်များ မှတ်သားစရာ ဖြစ်လာလောက်သည်။
နောက်မျိုးဆက်ကို ရှင်သန်လိုသည့် လူတိုင်းက ဤအရာမှာ ပြီးပြည့်စုံသည့် အခွင့်အရေးဟု တွေးမိပေမည်။
ရွှေကျီးသုံးကောင်က ဦးဆောင်ခေါ်သွားသောကြောင့် အခြားရွှေကျီးများကို လိုက်ရှာရာ၌ ပိုမို ချောမွေ့လာသည်။ သိပ်မကြာခင် သူတို့က စိတ်ဝိညာဉ်မိုင်းတွင်းနား နောက်ထပ် ရွှေကျီး အငြိုးကြီးဝိညာဉ်ကို ရှာတွေ့သွားသည်။
ရွှေကျီးကိုးကောင်က တသီးတခြားစီ ပိတ်လှောင်ခံထားရသည်။ သူတို့အနေနှင့် သူတို့စည်းတံဆိပ်ကို ဖျက်စီးဖို့ နည်းလမ်း မရှိပေ။
ထာဝရဘုံဗိမာန်ကျွန်းက ထွက်ပေါ်လာခါစ ဖြစ်၍ ရွှေကျီး အငြိုးကြီးဝိညာဉ်က မလွတ်မြောက်သွားသေးပေ။
ထို့ကြောင့် ဤရွှေကျီး ဘဝကူးပေးရသည့် ဖြစ်စဉ်က အင်မတန် ချောမွေ့ခဲ့သည်။ ဂိုဏ်းချုပ်နှင့် ကြာပြာတို့က ရွှေကျီး၏ တောင်ပံတစ်ဖက်တစ်ချက်စီ ချုပ်ကိုင်ထားပြီး ထိန်းထားလိုက်သည်။
ရွှေကျီးသုံးကောင်ကလည်း တူညီသော စွမ်းအားဖြင့် ဖိနှိပ်ပေးထားသောကြောင့် တစ်ဖက်စောင်း တိုက်ပွဲ ဖြစ်သွားသည်။
“ ဒါပဲလား။ ငါတို့တွေ အဲဒီကြက်ပေါက်စလေးတွေ ဘဝကူးပေးဖို့ အတူတူ တွဲလုပ်ဖို့တောင် လိုရဲ့လား ”
ကြာပြာကောင်းကင်အသျှင်က တုတ်ကို ပခုံးပေါ်တင်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည် “ဒီလူအိုကြီးနဲ့တင် လုံလောက်နေပြီ။ ညီလေး သွားနားနေလိုက်တော့ ”
ဂိုဏ်းချုပ်ကလည်း မထူးမခြားနား ပြောလိုက်သည် “ ရွှေကျီးမင်းသားတွေက ရှိနေတုန်းပဲ။ အစ်ကိုကြီး စကားတွေကြည့်ပြော ”
ထိုရွှေကျီးများက အားနည်းသွားသည်မှာ သူတို့ ကျဆုံးသွားပြီး တကယ့်ဝိညာဉ်အပိုင်းအစသာ ကျန်ရှိတော့၍ ဖြစ်သည်။
မဟုတ်ရင်တော့ သူတို့ အထွတ်အထိပ် ရောက်နေတုန်း သူတို့ရှေ့ ကြက်ပေါက်စလို့ ခေါ်ရဲလို့လား …
တစ်ကောင်ချင်းစီက ရွှေကျီးမျိုးနွယ်၏ စိတ်အားထက်သန်မှုအကြောင်း သိသွားစေရန် အံ့ဖွယ်မီးဖြင့် မှုတ်လိုက်လိမ့်မည်။
ရွှေကျီးမင်းသားက နေရခက်သည့်အပြုံးဖြင့် “ ကိစ္စမရှိပါဘူး။ ဒီကျေးဇူးရှင်က စနောက်နေတာနေမှာပါ … အဖေက သင်ပေးဖူးတယ်။ လူသားမျိုးနွယ်နဲ့ နီးနီးကပ်ကပ်နေပြီးတော့ သူတို့အပေါ် ကြင်နာပေးဖို့လေ။ ကျုပ်တို့ အဲလိုကိစ္စအသေးလေးကို စိတ်ထဲ မထားပါဘူး ”
အားလုံးက ရွှေကျီးမျိုးနွယ်သည် မီးတောက် ထိန်းချုပ်နိုင်ပြီး ရေကဲ့သို့ ညင်သာသည့်အတွက် နာမည်ကျော်ကြားကြောင်း သိကြသည်။
သူတို့က စိတ်ကောင်းရှိကြလေသည်။
...................
လေးကောင်မြောက် ရွှေကျီးကို သန့်စင်ပေးပြီးနောက် ရှန်ထျန်းက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို ဖြည်းဖြည်းချင်း ဖယ်ထုတ်လိုက်သည်။
ထိုစဉ် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားဝန်းကျင် ကုသိုလ်စွမ်းအားများက ယခင်ထက် ပိုသိပ်သည်းလာကာ အံ့ဖွယ်လိုမျိုး ဖြစ်နေသည်။
ရှန်ထျန်းလည်း သူ့ခန္ဓာကိုယ် သက်တောင့်သက်သာ ဖြစ်လာသလို ခံစားလိုက်ရသည်။ ကောင်းကင်တာအိုက သူနှင့် နီးကပ်လာသလိုမျိုး သူ့စိတ်မှာလည်း ဆီသုတ်လိုက်သည့်အလား ကြည်လင်သွားလေသည်။
“ နောက်ထပ် ညီအစ်ကိုငါးယောက်က စည်းတံဆိပ်ကို ချိုးဖောက်နေကြပြီ” ရွှေကျီး မင်းသားက ဆက်ပြောလိုက်သည် “ ကျုပ်တို့က သွေးချင်းဆက်နွယ်နေတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အကြမ်းဖျင်း အာရုံခံမိကြတယ်။ သူတို့လည်း တစ်ခုခု အာရုံခံမိမှာ သေချာတယ် ”
ရှန်ထျန်းက နှုတ်ခမ်းစေ့ထားလိုက်မိသည်။
သူတို့ တစ်ခုခု အာရုံခံမိသွားတော့ ဘာဖြစ်မှာလဲ …
ဤဂူဗိမာန်ကြီးက အပြင်ဘက်လောကနှင့် သီးခြားတည်ရှိနေကာ အပြည့်အဝ ပိတ်ဆို့ထားလေသည်။ ပြောရမည်ဆိုလျှင် ဤနေရာ၌ အကူအညီတောင်းဖို့ပင် မဖြစ်နိုင်ပေ။
ထို့အပြင် ရွှေကျီးမင်းသား လေးယောက်က ဦးဆောင်ပေးနေသောကြောင့် သူတို့အနေနှင့် လက်ကျန် ရွှေကျီးငါးကောင်ကို သန့်စင်ပေးနိုင်ဖို့ အချိန်တစ်ခုမျှသာ ဖြစ်၏။
ရုန်းချင်တာလား … လည်ချောင်းကွဲမတတ် အော်ရုန်းလေ … အလုပ်မဖြစ်ဘူးကွ
ရွှေကျီးမင်းသား၏ လမ်းညွှန်မှုဖြင့် ဂိုဏ်းချုပ်၊ ကြာပြာနှင့် ရှန်ထျန်းတို့က ကျန်ရှိနေသော ရွှေကျီးများကို တစ်ကောင်ပြီး တစ်ကောင် သန့်စင်ပေးခဲ့သည်။
အရာအားလုံးက မယုံနိုင်လောက်ဖွယ် ချောမွေ့နေလေ၏။
ဤသည်မှာ ရှန်ထျန်း၏ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြား၏ အကျိုးကျေးဇူးအများအပြား ပါဝင်လေသည်။
တစ်ချိန်တည်းတွင် သူ့တွင် ဝိညာဉ်ကူးပြောင်းပေးရာ၌ ကျွမ်းကျင်သည့် ယဲ့ချန်းခန် တစ်ယောက်လုံး ရှိနေသေး၏။ အကယ်၍ ဤသို့သာ မဟုတ်လျှင် နှစ်သောင်းချီ မိစ္ဆာအငွေ့အသက် စွန်းထင်းထားသော ရွှေကျီးကိုးကောင်အား သန့်စင်ပေးဖို့ရာမှာ အရူးအိပ်မက်သာ ဖြစ်သွားပေမည်။
ထိုအရာက နတ်ဧကရာဇ်ပင် လုပ်နိုင်သည့်အရာ မဟုတ်ချေ။
............
“ သေမျိုးရဲ့ဘဝကို ကြိုမသိနိုင်သလို ကျင့်ကြံရေး လမ်းစဉ်က ရှည်လျားလွန်းတော့ ဖမ်းဆုပ်ဖို့ ခက်ခဲတယ်။ တစ္ဆေတွေက လူသားတွေအပေါ် ယာယီပျော်ရွှင်မှုတို့ကို ဆောင်ကျဉ်းလာနိုင်ပေမဲ့ လူသားတစ်ယောက်အနေနဲ့ ကျင့်ကြံရေးလမ်းစဉ်ကိုသာ လျှောက်လှမ်းသင့်တယ်။
ကျင့်ကြံရေး လမ်းစဉ်က ဘဝကို တန်ဖိုးထားရမဲ့ နေရာတစ်ခုပဲ။ တစ္ဆေ ဖြစ်ရတာက အဆုံးသတ်မှုအပေါ် အသာပေးနေတာပဲ။ ကျင့်ကြံရေးလမ်းစဉ်က တစ်ခါတစ်ရံ ကံကောင်းမှုကို ဆောင်ယူလာပြီးတော့ တစ္ဆေတွေကတော့ အန္တရာယ်တွေကို ဖြစ်စေပြီး ရက်စက်လာစေတယ် ”
ဆန်းကြယ်သော ရွတ်ဖတ်သံများ ထွက်ပေါ်လာသည့်အခါ နောက်ဆုံးသော ရွှေကျီးကို ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြား၏ အလင်းများ လွှမ်းခြုံလိုက်ပြီး မိစ္ဆာအငွေ့အသက်များကို ဖြည်းဖြည်းချင်း ဖယ်ရှားပေးလိုက်နိုင်သည်။
ဤရွှေကျီးက အခြားရွှေကျီးများထက် ပို၍ သေးမှန်း သိသာလှသည်။ ရွှေကျီးကိုးကောင်အနက် အငယ်ဆုံးလေး ဖြစ်ပုံပေါ်၏။
ဟုတ်တယ် … ခြေသုံးချောင်း ရွှေကျီး၏ တတိယခြေထောက်လေးက တိုနေကာ လိပ်နေသောကြောင့် အပြည့်အဝ အရွယ်မရောက်သေးမှန်း သိသာလှသည်။
ဤရွှေကျီးလေး သေဆုံးစဉ်အခါ အလွန်ငယ်ရွယ်နေသေးပြီး နှစ်သောင်းချီ ကြာမြင့်သွားသည့်နောက်တွင်ပင် နဂိုပုံစံအတိုင်း ကျန်ရှိနေဆဲ ဖြစ်၏။
နောက်ဆုံးသော ရွှေကျီးလေး၏ မိစ္ဆာအငွေ့အသက်များ ပျောက်ပျယ်သွားသည့်အခါ ရွှေကျီးကိုးကောင်က နေမင်းထွက်လာသည့်အလား ရောင်စုံအလင်းတန်းများ ထုတ်လွှင့်လာကြသည်။
ထိုစဉ် ရွှေကျီးကိုးကောင်ဆီမှ ထွက်ပေါ်နေသော အံ့ဖွယ်အလင်းတန်းတို့က အချင်းချင်း ဆက်သွယ်သွားကြသည်။
ဂူဗိမာန်နေရာတစ်ခုလုံး အားပြင်းပြင်း ဖိအား ဖြစ်လာစေကာ တုန်ခါသွားစေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါနှင့် မိုးကြိုးတို့က သိသိသာသာ လှုပ်ခတ်နေလေသည်။ သူက စိတ်မတည်ငြိမ်နေမှန်း သိသာလှ၏။
“ နယ်မြေငါးခုကို တုန်လှုပ်သွားစေတဲ့ ရွှေကျီးမင်းသားကိုးယောက်ဆိုတဲ့ အတိုင်းပဲ။ သူ့ဆီမှာ အဆီအနှစ် ဝိညာဉ်ပဲ ကျန်ရှိတော့ပေမဲ့ စွမ်းအားက အံ့မခန်းပဲ ”
ကောင်းကင်ယံရှိ နေမင်းကိုးစင်းက နတ်ဧကရာဇ်များနှင့် ယှဉ်ပြိုင်နိုင်သည်ဟု ကောလဟာလများက အနည်းငယ် ပိုနေလျှင်ပင် အဓိပ္ပါယ်မရှိခြင်းတော့ မဟုတ်ပေ။
နှမြောစရာပဲ …
နဂါးနှင့် ခွန်မျိုးနွယ်တို့နှင့် ယှဉ်လိုက်လျှင် ရွှေကျီးမျိုးနွယ်၏ သားဖွားနှုန်းက အတော်လေးကို အားနည်းလွန်းလှသည်။
နယ်မြေငါးခုလုံး၌ ရွှေကျီး နတ်ဧကရာဇ် တစ်ဦးတည်းသာ အံ့ဖွယ် ဖန်တီးပြီး ကလေးကိုးယောက် မွေးဖွားပေးနိုင်ခဲ့ခြင်း ဖြစ်၏။ ထိုအချင်းအရာက နယ်မြေငါးခုလုံးကို အံ့ဩတုန်လှုပ်စေခဲ့သေးသည်။
အခြားရွေကျီးများက သူတို့ဘဝတစ်လျှောက်လုံး၌ ကလေးတစ်ယောက်၊ နှစ်ယောက်လောက်ပင် မမွေးဖွားနိုင်ကြပေ။
ရွှေကျီး နတ်ဧကရာဇ်က နတ်ဘုရားလောကဆီ တက်လှမ်းသွားကတည်းက ရွှေကျီးမျိုးနွယ်သည် အရေအတွက်အားဖြင့် ဖြည်းဖြည်းချင်း ကျဆင်းလာခဲ့သည်။ ယခု နှစ်ရှစ်သောင်း ကုန်လွန်သွားပြီဖြစ်ရာ နယ်မြေငါးခု၌ သူတို့က မျိုးတုံးပျောက်ကွယ်သွားရှာလေပြီ။ သူတို့တွင် မျိုးဆက်ကျန်နေသေးလားတော့ မသိကြပေ။
ထိုသို့မဟုတ်လျှင် သူတို့က နဂါး၊ ဇာမဏီထက် အားမနည်းသည့် အထွတ်အထိပ် အံ့ဖွယ်သားရဲ သေချာပေါက် ဖြစ်လာပေမည်။
အားပြင်းပြင်း နေကိုးစင်းက တစ်ယောက်နှင့် တစ်ယောက် စောင့်ကြပ်ပေးကာ နေမင်းဆီမှ စွမ်းအားများက လှိုင်းလုံးများအလား နေရာအနှံ့ ပျံ့နှံ့သွားသည်။ ဂူဗိမာန်အတွင်းရှိ အပူချိန်သည်လည်း ချက်ချင်း ဆယ်ဆမက မြင့်တက်လာသည်။
ဂူဗိမာန်အတွင်းရှိ အားလုံးက ကျင့်ကြံဆင့်နိမ့်သည့် ကျင့်ကြံသူများ မဟုတ်သည့်အချက်ကြောင့်သာ မဟုတ်လျှင် ဤကြောက်မက်ဖွယ် အပူလှိုင်းက အားလုံးကို ပြာဖြစ်စေလောက်၏။
ဝုန်း …
ရွှေကျီးကိုးကောင်လုံးက စက်ဝန်းသဏ္ဍာန် ဝန်းပတ်ထားကာ ထိုအလယ်ခေါင်ရှိ အာကာပြင်သည် ဗလာအဖြစ် လောင်ကျွမ်းခံလိုက်ရသည်။ ထိုအာကာပြင်အတွင်း ရွှေနီရောင်တံခါးချပ် ဖြည်းဖြည်းချင်း ပွင့်လာကာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာသည်။
ရွှေကျီးကိုးကောင်လုံးက တပြိုင်နက် နှုတ်ဆက်လိုက်ကြသည် “ သားတို့က အဖေနတ်ဧကရာဇ်ကို ဂါရဝပြုပါတယ် ”
ရွှေကျီးတိုင်း၏ မျက်ဝန်းများ မျက်ရည်များ ဝဲနေကြသော်လည်း အပူရှိန်ကြောင့် အငွေ့ပျံမသွားကြပေ။
မိစ္ဆာစွမ်းအားများ ကူးစက်ခံလိုက်ရသော်လည်း သူတို့မှတ်ဉာဏ်များ ပျောက်ပျက်မသွားပေ။ သူတို့က ထာဝရဘုံဗိမာန်ကျွန်း ပေါ်လာရသည့်အချိန်သည် မည်သည်ကို ဆိုလိုကြောင်း ကောင်းကောင်း သိထားကြသည်။
ဆိုလိုသည်မှာ သူတို့အလေးစားရဆုံး အဖေက နတ်ဘုရားလောကတွင် ကျဆုံးသွားကြောင်း ဖြစ်၏။ သူတို့ဖခင်က နတ်ဘုရားလောကတွင် သူတို့ကို ကယ်တင်နိုင်မည့် နည်းလမ်းကို မရှာတွေ့ခဲ့ပေ။
“ သေခြင်းတရားဆိုတာ ရှောင်ကွင်းလို့ မရဘူးလေ။ သေခြင်းတရားက သံသရာစက်ဝန်းတစ်ခုပဲ။ ဝမ်းနည်းနေဖို့ မလိုဘူး ”
ရွှေကျီး နတ်ဧကရာဇ်က ရွှေကျီးကိုးကောင်အား ကျေနပ်အားရစွာ ပြုံးကြည့်လိုက်ရင်း “ မင်းတို့အားလုံး လွတ်မြောက်လာပြီး ပြန်လည်ဝင်စားခြင်း သံသရာစက်ဝန်းထဲ ဝင်နိုင်တာကို မြင်ရတာ ငါ သေသွားတာတောင် ကျေနပ်မိနေတုန်းပဲ ”
ရွှေကျီး နတ်ဧကရာဇ်က ရှန်ထျန်းအား လှည့်ကြည့်လိုက်သည်။
သူ့မျက်နှာအထက် သေချာမမြင်နိုင်သည့် အလင်းတချို့ အုပ်လွှမ်းထားလေသည်။ သို့သော်လည်း သူ့အကြည့်က ထိုးဖောက်နိုင်စွမ်းရှိပုံပေါ်၏။
ရွှေကျီး နတ်ဧကရာဇ်၏ စကားများက အနက်အဓိပ္ပါယ်တစ်မျိုး ရှိနေပုံပေါ်သည် “ နယ်မြေငါးခုကနေ မင်းလိုမျိုး လူသား မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အနည်းငယ် စိတ်လှုပ်ရှားလာကာ “ တော်ဝင်သခင်ကြီး ဘာကို ပြောချင်တာလဲ။ ကြည့်ရတာ ထျန်းအာရဲ့ ခန္ဓာကိုယ်က ထူးခြားကြောင်း သိနေတာလား ”
ရှန်ထျန်း၏ ရုပ်ခန္ဓာက ဘယ်ကနေ ရောက်လာတာလဲ။
သူနဲ့ ရင်းနှီးသူအားလုံးက အတော်လေး သိချင်နေကြသည်။
လူတစ်ယောက်က တားမြစ် ရှုပ်ထွေးပွေလီ အငွေ့အသက် အပါအဝင် ထူးခြားအံ့ဖွယ် ပစ္စည်းဆယ်မျိုးကို ထိန်းထားနိုင်ခြင်းမှာ ယုံချင်စရာမကောင်းပေ။
ရွှေကျီး နတ်ဧကရာဇ်က ခေါင်းအသာယမ်းကာ “ ဒီလို ချောမောတဲ့ လူသားကို တစ်ခါမှ မမြင်ဖူးဘူး။ သူက ငါ ငယ်ငယ်တုန်းကလိုပဲ ချောတယ် ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် “ … ”
ကြာပြာကောင်းကင်အသျှင် “ … ”
ရွှေကျီးမင်းသားကိုးယောက် (မျက်နှာအုပ်ထားလျက်) “ … ”
ခင်ဗျားက နတ်ဧကရာဇ်ဆိုတော့ အကုန်မှန်တယ် …
ဘာဖြစ်ဖြစ် သူကလည်း ဂိုဏ်းချုပ်လိုမျိုး နေ့တိုင်း မျက်နှာကို ဖုံးထားတာလေ … သူ ရုပ်ကို ကောင်းကောင်းမှ မမြင်ရတာ
ရှန်ထျန်းက ပြုံးကာ စိတ်ထဲ၌ ငြီးတွားနေလေသည်။
ရွှေကျီး နတ်ဧကရာဇ်က ရှန်ထျန်း၏ အသိအမှတ်ပြုမှုကို ထိုးဖောက်မြင်သည့်အလား ပြုံးလိုက်ကာ “ လူငယ်လေး … ငါ ဒုတိယဘဝရဖို့ မင်းခန္ဓာကိုယ်ကို ငှားချင်တယ်ဆိုတာ .. သိလား ”
ခန္ဓာကိုယ် ငှားပြီး ဒုတိယဘဝ နေချင်တာလား …
ရွှေကျီး နတ်ဧကရာဇ်၏ ညင်ညင်သာသာ တည်တည်ငြိမ်ငြိမ် အသံက အားလုံးနားထဲ ပဲ့တင်ရိုက်လာသည်။
ထိုစဉ် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာတို့နှစ်ယောက်လုံး သွေးများ အေးခဲသွားသလို ခံစားလိုက်ရ၏။ သူတို့က စွမ်းအားကြီး ရန်သူကို တွေ့သည့်အလား သူတို့အရှိန်အဝါများ ထွက်ပေါ်လာလေသည်။
ထိုစဉ် ရှန်ထျန်းက ကြောင်အမ်းအမ်းဖြင့် ရွှေကျီး နတ်ဧကရာဇ်အား ကြည့်နေဆဲ ဖြစ်၏။ ခဏအကြာ သူက စိတ်ရှုပ်ထွေးလာမိသည်။
စွမ်းအားကြီး ရွှေကျီး နတ်ဧကရာဇ်က သူ့ခန္ဓာကိုယ်ကို ငှားပြီး ဒုတိယဘဝ နေချင်တာတဲ့လား …
သူက ဘယ်လိုငှားရမှာလဲ … သူ့ခန္ဓာကိုယ်ကို သူနဲ့ ဝေမျှသုံးချင်တာလား ဒါမှမဟုတ် အပိုင်စီးချင်တာလား ဒါမှမဟုတ် သူ့ခန္ဓာကိုယ်ပေါ် ငှက်တစ်ကောင်လိုမျိုး ဖြစ်လာမှာလား ဒါမှမဟုတ် ဝတ္ထုတွေထဲကလို သူ့ဝိညာဉ် အဖျက်စီးခံရပြီးတော့ ခန္ဓာကိုယ် သိမ်းသွားမှာလား
ဘာလို့လဲ …
နတ်ဧကရာဇ်က သေဆုံးပြီးသည့်နောက်တွင် ပြန်လည် မမွေးဖွားဘဲ သူ့ခန္ဓာကိုယ်ကို လိုချင်နေသည်တဲ့လား။
သူက ရုပ်ချောနေလို့များလား …
...............
ရှန်ထျန်း၏ သံသယတွေကို ထိုးဖောက်မြင်သည့်အလား ရွှေကျီး နတ်ဧကရာဇ်က အသာသက်ပြင်းချကာ “ အကြောင်းအရင်းက နယ်မြေငါးခုက မျှော်လင့်မထားတဲ့ ကပ်ဘေးကို ရင်ဆိုင်ရမှာကို ငါ သိလို့ပဲ ”
သူက အေးအေးဆေးဆေး ပြောလိုက်သည် “ ငါ အစတုန်းက ဒီရောက်လာမဲ့ ကပ်ဘေးကြီးကို ပြောင်းပြန်လှန်ပစ်ဖို့ပဲ တွေးမိနေတာ ”