နတ်ဘုရားလောက၏ လျို့ဝှက်ချက်များ
Vol. 26 Ch. 389
အခန်း (၃၈၉) : နတ်ဘုရားလောက၏ လျို့ဝှက်ချက်များ
“ထျန်းအာ နောက်ဆုတ်နေ ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားကာ ရှန်ထျန်းရှေ့ ကာဆီးပေးထားလိုက်သည်။ သူက ဓားကို ကိုင်ဆောင်ထားရင်း ရွှေကျီး နတ်ဧကရာဇ်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
“ ငှက်အိုကြီး … ငါ့ဂိုဏ်းတူ တူလေးကို ထိရဲထိကြည့် သေတဲ့အထိ ရိုက်ပစ်မယ် ”
ကြာပြာကောင်းကင်အသျှင် ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ တဖြတ်ဖြတ် ထွက်ပေါ်လာသည်။ ပုံရိပ်နှစ်ခုက အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ၏။
ဤသည်က ချီတစ်သွယ် သန့်စင်သုံးသွယ် ကျင့်စဉ်၏ လျို့ဝှက်နည်းစနစ် ဖြစ်ပြီး ကြာပြာကောင်းကင်အသျှင်အား သူ့ကန့်သတ်ချက်ကို ကျော်လွန်၍ တိုက်ခိုက်စွမ်း ချက်ချင်း တိုးမြင့်လာစေသည်။
ထိုစဉ် မည်သူကမှ နောက်မဆုတ်ကြပေ။
နတ်ဧကရာဇ်၏ ဖိအားက သာမန်ဝိဇ္ဇာ ခံနိုင်သည့်အရာမျိုး မဟုတ်ချေ။ ရွှေကျီး နတ်ဧကရာဇ်က သူ့ဝိညာဉ်အပိုင်းအစသာ ကျန်ရှိတော့သော်လည်း သူက သာမန်နတ်ဧကရာဇ်တော့ မဟုတ်ပေ။ သူက လွန်ခဲ့သော နှစ် ရှစ်သောင်းခန့် နတ်ဘုရားလောကဆီ တက်လှမ်းသွားခဲ့သော နတ်ဧကရာဇ် တစ်ပါး ဖြစ်၏။
သူ နတ်ဘုရားလောကဆီ တက်လှမ်းသွားပြီးနောက် သူ့ကျင့်ကြံဆင့် မည်မျှကြောက်ဖို့ကောင်းလာမည်ကို မည်သူမှ မသိပေ။
သို့သော် သူ့ကျင့်ကြံဆင့်က နှစ်ရှစ်သောင်းလုံးလုံး ရပ်တန့်နေမည် မဟုတ်ကြောင်း သိသာလှသည်။ ထို့ကြောင့် ရွှေကျီး နတ်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစလေး ဖြစ်နေလျှင်ပင် သာမန်ဝိဇ္ဇာအနေနှင့် ဝင်မရှုပ်ရဲပေ။
အကယ်၍ သူတို့သာ အပြည့်အဝ စဉ်းစားနိုင်စွမ်းရှိလျှင် ဂိုဏ်းချုပ်နှင့် ကြာပြာတို့ နှစ်ယောက်လုံး နတ်ဧကရာဇ်ရှေ့တွင် ရပ်ကာ ရင်ဆိုင်နေမည် မဟုတ်ချေ။ အကြောင်းမှာ ဤသို့သော ပြိုင်ဖက်မျိုးနှင့် ရင်ဆိုင်ခြင်းက အသက်ရှင်နိုင်ခြေ အနည်းငယ်မှပင် အခြေအနေမျိုး ဖြစ်နေလေသည်။ ထို့အစား သေခြင်းတရားက သေချာနေလေ၏။ သူတို့ သေချာပေါက် သေဆုံးရမည့် အအခြေအနေမျိုး ဖြစ်နေသည်။
သို့သော်လည်း သူတို့က ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားဖြင့် တုံ့ဆိုင်းနေခြင်းမရှိ ရှန်ထျန်းရှေ့ ကာဆီးပေးခဲ့ကြသည်။
အကြောင်းမှာ သူတို့က ရှန်ထျန်းသည် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အနာဂတ်ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ထားသောကြောင့် ဖြစ်သည်။ သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ထိပ်ဆုံးအထိ ပြန်ဦးဆောင်ပေးမည့် ကံကြမ္မာသားတော်လည်း ဖြစ်နေသေး၏။
ထို့ကြောင့် သူတို့ဆယ်ယောက်လောက်က ရှန်ထျန်းတစ်ယောက်အတွက် သေဆုံးသွားရလျှင်ပင် သူတို့အနေနှင့် အကျိုးမြတ်ရဦးမည်ဟုသာ ယုံကြည်ထားကြသည်။ ထို့အပြင် ရွှေကျီး နတ်ဧကရာဇ်ကလည်း တိုက်ခိုက်မည် မဟုတ်ကြောင်း အပြည့်အဝ ယုံကြည်ထားသည်။
အဟွတ်ဟွတ် … ဟုတ်တာပေါ့ သူတို့က ရွှေကျီး နတ်ဧကရာဇ် မတိုက်ခိုက်လောက်ဘူးလို့ အခိုင်အမာကို ယုံကြည်ထားကြတယ်
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာကောင်းကင်အသျှင်တို့၏ နားနှင့် ခေါင်းက ကောင်းသေးသည့်အတွက် ရွှေကျီး နတ်ဧကရာဇ် ပြောသည့်အကြောင်းကို သေချာကြားလိုက်ရသည်မှာ ပုံမှန် ဖြစ်သည်။
သူက “ ငါ ရှန်ထျန်းရဲ့ ခန္ဓာကိုယ်ကို ငှားပြီး ဒုတိယဘဝ နေချင်ခဲ့တယ်။ ရောက်လာမဲ့ ကပ်ဘေးကြီးကို ပြောင်းပြန်လှန်ပစ်နိုင်လောက်တယ်လို့ ထင်ခဲ့မိတယ် ”
သူက “ နေချင်ခဲ့တယ်” နှင့် “ ထင်ခဲ့မိတယ်” သုံးနှုန်းခဲ့သောကြောင့် ထိုနည်းလမ်းကို ဆက်မစဉ်းစားထားကြောင်း ဆိုလိုနေသည်။
ထို့အပြင် ဂိုဏ်းချုပ်နှင့် ကြာပြာတို့က ရွှေကျီး နတ်ဧကရာဇ်ဆီမှ သတ်ဖြတ်ငွေ့ကို မခံစားမိခဲ့ကြပေ။ ရှန်ထျန်းဆီ နတ်ဘုရားလောကမှ အကောင်ကြီးကြီး ရှိနေသည့်အကြောင်းကို ထည့်မပြောရသေးပေ။
သူတို့နှစ်ယောက်လုံးက ဝိညာဉ်အပိုင်းအစတွေ ဖြစ်သောကြောင့် ဘာတွေများ ကြောက်နေရမည်နည်း။
ဂိုဏ်းချုပ်နှင့် ကြာပြာတို့က သူတို့မွေးစားအဖေသည် ရွှေကျီး နတ်ဧကရာဇ်နှင့် တိုက်ခိုက်နိုင်ခြေ ရှိကြောင်း ထည့်စဉ်းစားထားလေ၏။
လူအိုကြီးက နှစ်များစွာကြာမြင့်သည်ဖြစ်ရာ ပြန်လည် ကောင်းမွန်လာပြီ မဟုတ်ပါလော။ သူ့တွင် ဝှက်ဖဲ မည်မျှ ရှိနေပြီး မည်မျှအားကောင်းနေမည်ကို မည်သူမှ မသိနိုင်ပေ။
ထိုသို့ဖြစ်လာသည့်အတွက် သူတို့က ဤအခွင့်အရေးအား အပြည့်အဝ အသုံးချကာ ရှန်ထျန်း၏ မျက်နှာသာပေးမှု တိုးပွားလာစေရန် သူတို့၏ လေးနက်မှုကို ပြသလိုက်ကြသည်။
မှန်ပေ၏။ ထျန်းအာက မျက်ဝန်း၌ မျက်ရည်များ ဝဲလာသည့်အထိ ရင်ထဲ လှုပ်ရှားသွားမိလေသည်။
ငါက ဉာဏ်ကောင်းလိုက်တာ
ဂိုဏ်းချုပ်နှင့် ကြာပြာတို့က တစ်ယောက်နှင့် တစ်ယောက် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ဟုတ်ပေသည်။ သူတို့က အတိတ်တုန်းကနှင့် အတူတူ ဖြစ်နေဆဲသာ …
................
“ဆရာ၊ ဂိုဏ်းတူဦးလေးတို့ နားလည်မှုလွဲနေပြီ တူတယ်”
ရှန်ထျန်းက သူတို့ပခုံးကို အသာထိကာ “စီနီယာက အစတုန်းက ကျွန်တော်ကို အပိုင်စီးချင်တယ်ဆိုပေမဲ့ အခု ဒီလိုအတွေးမျိုး မရှိတော့ဘူးလို့ ပြောတာလားလို့”
ရှန်ထျန်းက ရွှေကျီး နတ်ဧကရာဇ်ဘက် လှည့်လိုက်ပြီး “ စီနီယာ … ဆရာနဲ့ ဂိုဏ်းတူဦးလေးတို့က ကျွန်တော်အပေါ် စိုးရိမ်လွန်ပြီး စိတ်အနှောင့်အယှက်ပေးမိသလို ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ကို ခွင့်လွတ်ပေးပါ ”
ရွှေကျီး နတ်ဧကရာဇ်က ဂိုဏ်းချုပ်နှင့် ကြာပြာတို့ကို ခပ်ပြုံးပြုံး ကြည့်လိုက်သည်။ ထိုအပြုံးက သူတို့အား ကြက်သီးထလာစေ၏။
ခဏအကြာတွင် ရွှေကျီး နတ်ဧကရာဇ်က တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်
“ မင်းက မောက်မာတာလည်း မရှိသလို စိတ်မြန်လက်မြန်လည်း မရှိဘူး။ ငါနဲ့ မျက်နှာချင်းဆိုင်နေရတာတောင် အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်း ရှိတယ်။ လူငယ်လေး မင်းက အတော်လေး ထူးခြားတယ် … ဟုတ်တယ်။
ငါ့တာအိုကို နှစ်ရှစ်သောင်းကြာ သက်သေပြဖို့ ကြိုးစားခဲ့တယ်။ ငါ ဖုံးကွယ်မထားတော့ဘူး။ ငါ ထာဝရဘုံဗိမာန်ကျွန်းကို မင်းဆီ ပေးမယ် သဘောတူထားမှတော့ ဒီဂူဗိမာန်အကြောင်းမှန်ကို ပြောပြပေးမယ် ”
ရွှေကျီး နတ်ဧကရာဇ်က သက်ပြင်းအသာချကာ “ နှစ်တစ်သောင်းတိုင်း နယ်မြေငါးခုမှာ အပြင်ဘက်လောကက မိစ္ဆာတွေရဲ့ ကျူးကျော်ခံရတယ်ဆိုတာ သိလား။ အဲဒါက မိစ္ဆာဝိညာဉ်တွေ ကျူးကျော်ဖို့ ကြိုးစားတဲ့အခါတိုင်း ခေတ်အသီးသီးရဲ့ နတ်ဧကရာဇ်တွေက တားဆီးပေးခဲ့ကြလို့ ဒီနယ်မြေထဲအထိ မချိုးဖောက်လာနိုင်တာပဲ ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အသာခေါင်းညိတ်လိုက်ပြီး
“ ဂျူနီယာ သိထားပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းအတွင်း နယ်မြေငါးခုမှာ နတ်ဧကရာဇ် မရှိတော့ဘူး။ အပြင်ဘက်လောကက မိစ္ဆာကောင်တွေက နယ်မြေငါးခုဆီ ချိုးဖောက်ကျုးကျော်ပြီး မကြုံစဖူးကပ်ဘေးကို ဖန်တီးကြတယ်”
နတ်ဧကရာဇ်ကက ခေါင်းညိတ်ကာ “ ငါလည်း အဲဒီတိုက်ပွဲကို ခံစားမိတယ်။ ဒါပေမဲ့ နောက်လာမဲ့ ကပ်ဘေးနဲ့ ယှဉ်လိုက်ရင် အရင်နှစ်တစ်သောင်းတုန်းက တိုက်ပွဲက အစမ်းသဘောပဲ ရှိသေးတယ်။ ဘာမှမဟုတ်သေးဘူး”
ရွှေကျီး နတ်ဧကရာဇ်၏ စကားများက အားလုံးအား တုန်လှုပ်လာစေသည်။
လွန်ခဲ့သည့် နှစ်တစ်သောင်းခန့်က တိုက်ပွဲသည် နယ်မြေငါးခုလုံးကို ဖျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ ဝိညာဉ်သွေးကြောများနှင့် ကောင်းချီးနယ်မြေများလည်း အပျက်အစီးများ ဖြစ်သွားပြီး ရှေးဟောင်းတိုက်ပွဲနယ်မြေသည်လည်း တသီးတခြား ဖြစ်သွားရသည်။
အထွတ်အမြတ်မြေများနှင့် မျိုးနွယ်စုများကလည်း ကပ်ဘေးအတွင်း ဆုံးရှုံးမှုကြီးကြီးမားမား ခံစားခဲ့ရသည်။ တချို့အထွတ်အမြတ်မြေနှင့် မျိုးနွယ်တို့က အပြီးတိုင် ဖျက်စီးခံလိုက်ရသည်။
အကယ်၍ ဤသို့သော စစ်ပွဲကြီးက နောက်လာမည့် ကပ်ဘေးနှင့် ယှဉ်လိုက်သည့်အခါ အစမ်းသဘောဆိုလျှင် နောက်ကပ်ဘေးကြီးက မည်သို့ဖြစ်မည်နည်း။
နယ်မြေငါးခုက ဘာတွေများ ကြုံတွေ့ရမည်နည်း။ ကမ္ဘာတစ်ခုလုံး ဖျက်စီးခံလိုက်ရမှာလား။
ရွှေကျီး နတ်ဧကရာဇ်က သက်ပြင်းထပ်ချလိုက်ပြီး
“ နတ်ဘုရားလောကရဲ့ အင်အားစုအသီးသီးနဲ့ မျိုးနွယ်တွေက အပြင်ဘက်လောကက မိစ္ဆာတွေကို ခုခံနေရတာ သိလား။ နတ်ဘုရားလောက ရင်ဆိုင်နေရတဲ့ ပြင်ပလောက မိစ္ဆာတွေက နယ်မြေငါးခုဆီ ကျူးကျော်လာတဲ့ မိစ္ဆာတွေလိုမျိုး အားမနည်းဘူး။
မဟုတ်ရင် လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက နယ်မြေငါးခုဆီ လာတိုက်တဲ့ မိစ္ဆာဝိညာဉ်မျိုးနွယ်က နတ်ဘုရားလောကရဲ့ အစောင့်အကြပ်တွေ တမင်လွှတ်ပေးလိုက်တဲ့ အဖွဲ့အသေးလေးပဲ ရှိသေးတာ …
အဲဒါက နယ်မြေငါးခုကို လေ့ကျင့်ပေးပြီးတော့ ပါရမီရှင်တွေ ပိုမွေးထုတ်လာနိုင်လို့ပဲ။ အဲဒါမှ သူတို့ နတ်ဘုရားလောကဆီ တက်လှမ်းသွားတဲ့အခါ ပြင်ပလောက မိစ္ဆာမျိုးနွယ်ရဲ့ ပင်မအင်အားစုကို ရင်ဆိုင်နိုင်လာမယ်လေ ”
နယ်မြေငါးခုဆီ လာတိုက်တဲ့ မိစ္ဆာမျိုးနွယ်က နတ်ဘုရားလောကက တမင်လွှတ်ပေးလိုက်တာတဲ့လား …
ရွှေကျီး နတ်ဧကရာဇ်၏ စကားများက တုန်လှုပ်ဖို့ကောင်းလှသည်။
အကယ်၍ ကလေးဆန်ပြီး မရင့်ကျက်သေးသည့် လူငယ်လေးသာဆိုလျှင် ဘဝအကြောင်း သံသယဝင်လာကာ စတင်ကျိန်ဆဲမိလောက်သည်။
သို့သော်လည်း ဂိုဏ်းချုပ်၊ ကြာပြာနှင့် ရှန်ထျန်းတို့က ဉာဏ်ရည်နိမ့်သည့်သူများ မဟုတ်ကြသောကြောင့် ထိုအကြောင်း ပို၍ တွေးမိသွားကြသည်။
ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့က အသာအယာ လှုပ်ခတ်နေကာ “ တခြားစကားနဲ့ပြောရရင် အတိတ်တုန်းက ကပ်ဘေးတိုင်းက နတ်ဘုရားလောကရဲ့ တမင် ကြံစည်မှုပေါ့ ”
ရွှေကျီး နတ်ဧကရာဇ်က ခေါင်းညိတ်ပြလိုက်ပြီး “ ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းက မိစ္ဆာဝိညာဉ်တွေ နယ်မြေငါးခုဆီ ကျူးကျော်ပြီး သွေးချောင်းစီးခဲ့တဲ့အချက်ကို မပြောဘဲ သိသွားကြတာ”
ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါတို့က အနည်းငယ် အားပိုကောင်းလာကာ “ အသက်အများကြီး စတေးဖို့ လိုလို့လား”
ဂိုဏ်းချုပ်က အကြောင်းအရင်းကိုတော့ မမေးခဲ့ပေ။ အကြောင်းမှာ သူက ထိုအကြောင်းအရင်းကို မှန်းဆပြီးသား ဖြစ်သည့်အတွက် ဖြစ်၏။
ရွှေကျီး နတ်ဧကရာဇ်က အသာပြန်ဖြေလိုက်သည် “ လိုတာပေါ့ … မကြုံစဖူး စစ်ပွဲကြီး စတင်တော့မှာလေ။ မျိုးနွယ်စုကြားက စစ်ပွဲက သူရဲဘောကြောင်ဖို့အတွက် မဟုတ်ဘူး။ နတ်ဘုရားလောကနဲ့ သေမျိုးလောကအကုန်လုံး အသက်ရှင်သန်မှုနဲ့ ယှဉ်လိုက်ရင် လေ့ကျင့်မှုကြောင့် ဆုံးရှုံးသွားရတဲ့ အသက်က လက်ခံနိုင်တဲ့ အတိုင်းအတာထဲမှာပဲ။
တကယ်တော့ လွန်ခဲ့တဲ့ နှစ်တစ်သောင်း စစ်ပွဲပြီးသွားတော့ နယ်မြေငါးခုမှာ နတ်ဘုရားလောကကိုတောင် အံ့အားသင့်သွားစေတဲ့ ပါရမီရှင်မြောက်များစွာ မွေးထုတ်ပေးနိုင်ခဲ့ကြတယ် ”
ထိုသို့ပြောလိုက်ပြီးနောက် သူက ဂိုဏ်းချုပ်၊ ကြာပြာတို့အား ကြည့်ကာ အနည်းငယ် ပြုံးလိုက်ပြီးနောက် “ မင်းတို့နှစ်ယောက်လုံးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ဆက်ခံသူတွေကြား ထူးချွန်တယ်လို့ သတ်မှတ်လို့ ရတယ်။
ဒီနေရာမှာ အရင်းအမြစ်အများကြီး ရှိတယ်။ နယ်မြေငါးခုသာ တည်ငြိမ်အေးချမ်းနေမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ပြဿနာရှာတာနဲ့ပဲ အားကုန်လိမ့်မယ်။ သူတို့ရင်ဆိုင်ရမဲ့ ရန်သူက အားကောင်းမှန်း သင်ယူပြီးတဲ့နောက်မှာ အားလုံးက စည်းလုံးလာကြတယ်လေ ”
ဂိုဏ်းချုပ်က ထပ်မေးလိုက်သည် “ အဲလိုဆို မကြုံစဖူး စစ်ပွဲကြီးဆိုတာက ဘာကို ပြောချင်တာလဲ ”
ရွှေကျီး နတ်ဧကရာဇ်က ပြောလိုက်သည် “ နတ်ဘုရားလောကရဲ့ အစောင့်အကြပ်တွေက ကြာကြာတောင့်မခံနိုင်တော့ဘူး ”
နောက်ထပ် အံ့ဩသင့်စရာတစ်ခု ဖြစ်၏။ ရွှေကျီး နတ်ဧကရာဇ်က ဆက်ပြောပြလိုက်သည်
“ငါ နတ်ဘုရားလောက တက်လှမ်းသွားပြီးတော့ နှစ်ရှစ်သောင်းအကြာမှာ ဘာလို့ ရုတ်တရက် သေဆုံးသွားတယ်လို့ ထင်လဲ။ ငါ့ကျင့်ကြံဆင့်က စိတ်ကူးမကြည့်နိုင်တဲ့ အဆင့်မျိုးဖြစ်တဲ့ နတ်ဧကရာဇ်အဆင့်မှာ အကြာကြီး ကန့်သတ်ခံထားရတယ်။
ဒါပေမဲ့ အဲဒီစစ်ပွဲမှာ ငါကိုယ်တိုင်က နယ်ရုပ်တစ်ရုပ်ပဲ။ တကယ့် ကစားသူအစစ် မဖြစ်လာဘူး။
တကယ်လို့ ငါ့ဆီမှာသာ သွေးနတ်ဘုရားကျမ်း နှစ်ရွက် မရထားသလို ထာဝရဘုံဗိမာန်ကျွန်း သီးသန့်နယ်မြေကို တော်ဝင်ဂူဗိမာန်အဖြစ် အသုံးပြုပြီး ကမ္ဘာကို အံ့ဩသွားစေမဲ့ ပြန်လည်မွေးဖွားခြင်း အစီအရင်မျိုး မခင်းကျင်းထားခဲ့ရင် ငါ့ဝိညာဉ် ပျောက်ကွယ်သွားလောက်ပြီ။ ”
ရွှေကျီး နတ်ဧကရာဇ်က သူ့ကိုယ်သူ စစ်ပွဲအတွင်းမှ နယ်ရုပ်ဟု ခေါ်ဆိုစဉ်အခါက ပုံမှန်အတိုင်းသာ ဖြစ်နေသည်။ သို့သော်လည်း နတ်ဧကရာဇ်တစ်ယောက်အတွက် ဤသို့စိတ်ခံစားချက်မျိုးနှင့် သက်ပြင်းချခြင်းက နတ်ဘုရားလောက၏ ပါရမီရှင်များ စွမ်းအားက စိတ်ကူးယဉ်လို့မရအောင် ဖြစ်နေလောက်သည်။
ထို့နောက် ရှန်ထျန်းက မေးလိုက်သည် “ သွေးနတ်ဘုရားကျမ်းလား။ စီနီယာက ပြန်လည်မွေးဖွားခြင်း အစီအရင်ကို ခင်းကျင်းထားတယ်ဆိုရင် ပြန်လည်ဝင်စားဖို့ ကျွန်တော့်ခန္ဓာကိုယ်ကို ဘာလို့ လိုချင်တာလဲ ”
ရွှေကျီး နတ်ဧကရာဇ်က အေးအေးဆေးဆေး ပြန်ဖြေလိုက်သည် “ ငါ့ဆေးဥယျာဉ်ထဲက ဥခွံကို မင်း တွေ့ပြီးလောက်ပြီ။ မိတ်ဆွေလေး … အဲဒါက ငါ့ဝိညာဉ်ပဲ။
ဒါပေမဲ့ ဒီကမ္ဘာဆီ ပြန်ရောက်လာတာက ငါ့ တကယ့် စိတ်ဝိညာဉ်တစ်ခုတည်းပဲလေ။ ငါ့အံ့ဖွယ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာက ဖျက်စီးခံလိုက်ရပြီးပြီ။ ငါ့အနေနဲ့ အမှီအခိုကင်းကင်း ပြန်လည် မွေးဖွားလာဖို့ နည်းလမ်း မရှိဘူး။ ငါ့ဆီမှာ နိဗာနကျော်ဖြတ်ဖို့ ပြိုင်ဖက်ကင်း စံပြတာအိုအသီးကို မီးဖိုအနေနဲ့ သုံးလို့ ရတယ် ”
ပြန်လည်ဝင်စားခြင်း ဖြစ်စဉ်မှ ပူးကပ်ခြင်းဖြစ်စဉ်အထိ ရွှေကျီး နတ်ဧကရာဇ်၏ လေသံက အပြစ်ရှိနေဟန် အရိပ်အယောင်မျိုး ပါဝင်နေသည်။
“ ငါ့အပြုအမူတွေက လူကြီးလူကောင်း မဆန်ဘဲ ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်ရင် ထင်လိမ့်မယ်။
ဒါပေမဲ့ စစ်ပွဲက တကယ်ကို ရက်စက်တယ်။ တကယ်လို့ မိတ်ဆွေလေးရဲ့ ပါရမီက ကောင်းတယ်လို့ ယူဆလို့ ရမယ်ဆိုရင် ဒီနယ်မြေငါးခုထဲ ကျရောက်လာတော့မည့် ကပ်ဘေးထဲ မင်းအနေနဲ့ မသေခင် နတ်ဧကရာဇ် ဖြစ်လာဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး …
ဒီလိုဆိုမှတော့ ငါက မင်းကို သံသရာစက်ဝန်းထဲ ပို့လွှတ်လိုက်ပြီးတော့ ငါ့ ပြန်လည်မွေးဖွားမှုနဲ့ လဲလှယ်ချင်တာ … ငါ ပြန်လည်ရှင်သန်လာတာက အရွယ်မရောက်သေးတဲ့ ပါရမီရှင်တစ်ယောက်အတွက် ပိုသက်ရောက်မှုရှိတယ်လေ ”
သူက အသုံးမဝင်လို့ သေသင့်တာလား …
ရှန်ထျန်းက ရွှေကျီး နတ်ဧကရာဇ်၏ စကားများကြောင့် အော့ကြောလန်သွားသလို ခံစားလိုက်ရသည်။ သူက ၂၁ ရာစုမှ ဖြစ်သောကြောင့် သူ သင်ယူခဲ့ရသည့် ကမ္ဘာကြီးအမြင်က လုံးဝ ကွဲပြားပေသည်။
သို့သော်လည်း သူက အရိုက်ခံရမည်ကို စိုး၍ ပြန်လည် မပြောလိုက်ပေ။ သူက ထိုငှက်အိုကြီး ဒေါသဆွပေးသလို ဖြစ်မည်ကို စိုးမိ၏။
သူက တကယ်ကို ပူးကပ်လိုက်ရင် ဘယ်လိုလုပ်မလဲ …
……………....
ရှန်ထျန်းက နတ်ဧကရာဇ်ကို ကြည့်လိုက်သည် “ အဲလိုဆို စီနီယာက ဒီအတွေးကို ဘာလို့ လက်လျော့လိုက်တာလဲ ”
ရွှေကျီး နတ်ဧကရာဇ်၏ အကြည့်များက လေးနက်လာပြီး “ မင်းရဲ့ သွင်ပြင်က ထူးခြားလွန်းနေလို့လေ။ မိတ်ဆွေလေးက ငါ့ငယ်ငယ်တုန်းကလိုပဲ။ ငါ့ကိုယ်ငါ မလုပ်နိုင်ဘူးလေ ”
ရှန်ထျန်း “ … ”
“ ဟားဟား စတာပါကွာ ”
ရွှေကျီး နတ်ဧကရာဇ်က ရယ်မောလိုက်ပြီး
“ မိတ်ဆွေလေးရဲ့ ပါရမီက ငါ မြင်ဖူးသမျှအထဲ အံ့ဩဖို့အကောင်းဆုံး ဖြစ်နေလို့။ မင်းသာ နတ်ဘုရားလောကဆီ တက်လှမ်းသွားမယ်ဆိုရင် နတ်ဘုရားလောကရဲ့ ထိပ်သီး ပါရမီရှင်တွေတောင် မင်းနဲ့ ယှဉ်လိုက်ရင် မှေးမှိန်သွားလောက်တယ်။
ငါ မင်းကို ဝင်ပူးလိုက်ရင် ငါ့ထိပ်ဆုံးအဆင့် ပြန်ရောက်သွားမယ်ဆိုရင်တောင် နယ်မြေငါးခုကို နှစ်တစ်သောင်းလောက်ပဲ ကာကွယ်ပေးနိုင်မှာလေ။ ပြီးသွားရင် ငါက နတ်ဘုရားလောကမှာ စစ်သည်တော် ဖြစ်ပြီးတော့ တိုက်ပွဲအတွင်း သေဆုံးရဦးမှာပဲ …
ဒီလိုဆိုမှတော့ ငါ့မျှော်လင့်ချက်ကို မင်းအပေါ် ပုံအပ်ထားလိုက်ပြီ။ တကယ်လို့ မင်းသာ ကြီးထွားလာရင် အဲဒီမိစ္ဆာစုတ်တွေရဲ့ အမူအယာတော့ တော်တော်စိတ်ဝင်စားဖို့ ကောင်းလာတော့မှာပဲ။
ထူးခြားအံ့ဖွယ်ပစ္စည်းဆယ်ခု ပိုင်ဆိုင်ထားတဲ့ မင်းကို ရန်သူလုပ်လိုက်ရင် သူတို့က နောင်အနာဂတ်မှာ အေးအေးဆေးဆေး အိပ်နိုင်မှာတောင် မဟုတ်တော့ဘူး ”
ရွှေကျီး နတ်ဧကရာဇ်က သက်ပြင်းအသာချကာ “ ပြီးတော့ ငါလည်း နှစ်ရှစ်သောင်းလောက် တိုက်ခိုက်လာရတော့ တော်တော်ပင်ပန်းနေပြီ။ ပြန်လည်မွေးဖွားခြင်း လမ်းစဉ်ကို လျှောက်လှမ်းပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ကျင့်ကြံရေးလမ်းကြောင်းပေါ် ပြန်ရွေးတာက အတွေ့အကြုံသစ် ဖြစ်လာလောက်တယ်။ ငါ နောက်ထပ်အဆင့်တောင် တက်လှမ်းနိုင်လောက်သေးတယ် ”
ရှန်ထျန်းက ရွှေကျီး နတ်ဧကရာဇ် ထိုအကြောင်းများ ပြောနေစဉ် သူ့ဝန်ထုပ်အားလုံး လျော့ချလိုက်သလို ပေါ့ပါးသွားသည်ကို ခံစားမိလိုက်သည်။ သူ့လေသံက ပို၍ ပေါ့ပါးသွက်လက်လာသည်။
ဆိုတော့ ဘေးအန္တရာယ်က ဒီလိုလွယ်လွယ်လေး ပြီးဆုံးသွားတာလား …
ဂိုဏ်းချုပ်က ရှန်ထျန်းအား အားရစွာ ကြည့်လိုက်သည်။
ထျန်းအာက တကယ်ကို ကံကြမ္မာသားတော်ပဲ …
နတ်ဧကရာဇ်တောင် သူ့ဘာသာ စစ်ပွဲအတွင်းက နယ်ရုပ်လေးလို့ ပြောနေပြီးတော့ ထျန်းအာကိုတော့ နတ်ဘုရားလောကရဲ့ ထိပ်သီးပါရမီရှင်တွေနဲ့တောင် ယှဉ်နိုင်တယ်တဲ့လား … သူက နတ်ဘုရားလောကကိုတောင် ဦးဆောင်နိုင်မဲ့ အခွင့်အရေးမျိုး ရလာနိုင်တယ်
သူက နတ်ဧကရာဇ် ဖြစ်လာဖို့ အလားအလာရှိရုံတင် မဟုတ်တော့ဘူး။ သူက ထာဝရအုပ်ချုပ်သူအရှင် ဖြစ်လာနိုင်ခြေလည်း ရှိတယ်
နောင်ကျရင် ငါ့တပည့်လေး ရှန်ထျန်းက ထာဝရ အုပ်ချုပ်သူအဆင့် ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ထည့်ပြောရမယ် … ခရမ်းစံအိမ် အထွတ်အမြတ်မြေရဲ့တပည့်ဆိုတာ ဘာမှမဟုတ်တော့ဘူး
ဟားဟား …
ကြာပြာကောင်းကင်အသျှင်လည်း တိတ်တဆိတ် ကျေနပ်နေမိသည်။
အရင်တုန်းက ငါ့စွမ်းအားတွေ ဖုံးကွယ်ဖို့ ဆရာနဲ့ တူလေးဆီ ကပ်နေရမဲ့ အခွင့်အရေးနဲ့ အများကြီး လွဲချော်ခဲ့တယ် … ဒီတစ်ခါတော့ နတ်ဧကရာဇ်ကိုတောင် ရင်ဆိုင်ပေးထားတာဆိုတော့ ရှန်ထျန်းက ငါ့အပေါ် အမြင်ကောင်းတွေ ရှိလာလောက်တယ်
ဟားဟား နောင်ကျ ထျန်းအာ အတွေ့အကြုံယူဖို့ ခရီးထွက်တိုင်း ငါလည်း ပစ္စည်းကောင်းတွေ ရတော့မယ် …
...................
ရှန်ထျန်းက ရွှေကျီး နတ်ဧကရာဇ်အား ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်
“ စီနီယာ စိတ်ချလက်ချနဲ့ ပြန်လည် မွေးဖွားလိုက်ပါ။ ကျွန်တော် နတ်ဧကရာဇ် ဖြစ်လာတဲ့အခါကျ နယ်မြေငါးခုကို ကာကွယ်ပြီး ကမ္ဘာကြီးထဲက ရန်သူအားလုံးကို သုတ်သင်ပေးပါ့မယ် ”
ပြင်ပလောကက မိစ္ဆာတွေပါ ပါချင်တာလား … လာလေ တိုက်ကြည့်ကြတာပေါ့
ရှန်ထျန်းက နယ်မြေငါးခုကို အန္တရာယ်ထဲ ကျရောက်ခွင့် မပြုနိုင်ပေ။ ဤနေရာတွင် ချစ်စရာကောင်းသည့် ဂျူနီယာလေးများစွာ ရှိသည် မဟုတ်ပါလော။
အကယ်၍ ကမ္ဘာကြီးသာ ကပ်ဘေးအတွင်း ကျရောက်သွားခဲ့လျှင် သူ့အနေနှင့် ကံအပြောင်းအလဲ အခွင့်အရေး ဘယ်သွားရှာရမည်နည်း။
ဟုတ်တယ် … ငါ နတ်ဧကရာဇ် ဖြစ်လာတဲ့အခါ နယ်မြေငါးခုလုံးကို ကာကွယ်ပေးပြီးတော့ ရန်သူတွေကို နှိမ်နင်းပစ်ရမယ်
အဟွတ်ဟွတ် … ဒါပေါ့ နတ်ဧကရာဇ် ဖြစ်မလာခင်အထိတော့ သိုသိုသိပ်သိပ် ဆက်နေနေရဦးမယ်လေ
သူက အားနည်းပြီး ကူကယ်ရာမဲ့နေသည့် ရွှေအမြုတေအဆင့်လေးသာ ဖြစ်နေသေး၏။
နတ်ဧကရာဇ်များပင် ကပ်ဘေးအတွင်း တစ်ယောက်တည်း မရှင်သန်နိုင်ဘဲ ယင်ကောင်လေးကဲ့သို့ ချက်ချင်း အသတ်ခံရနိုင်၏။
သူ့ဆီမှာ ကောင်းကင်အသျှင်တို့၊ အထွတ်အထိပ်ရှင်တို့ကို တိုက်ခိုက်ကာ အနိုင်ယူနိုင်သည့် ဝှက်ဖဲများ ရှိနေလျှင်ပင် နတ်ဧကရာဇ်ကိုတော့ အနိုင်မယူနိုင်သေးပေ။
အဲဆို … ငါက အနည်းဆုံး ဝိညာဉ်အသွင်ပြောင်းအဆင့်လောက် ရောက်နေရမှာမလား
စိတ်အေးအေးထား … တိုးတက်လာလို့ ဘာမှမမှားဘူး …
ဤသို့ရည်ရွယ်ချက်ကြီးကြီးကို ပြသလိုက်သည့် အကြောင်းအရင်းမှာမူ …
ဟီးဟီး စီနီယာရွှေကျီးကို သူ့သဘောထား ပြရမယ်လေ …
တကယ်လို့ ဒီဂျူနီယာလေးမှာသာ ရည်ရွယ်ချက်ကြီးကြီး ရှိနေပြီးသားဆိုရင် စီနီယာရွှေကျီးအနေနဲ့ သူ့စကားကို ပြန်ရုတ်သိမ်းပြီး ဝင်ပူးလို့ မကောင်းလောက်တော့ပေ။
တကယ်လို့ ပိုင်ဆိုင်မှုတွေ ပေးလာမယ်ဆိုရင်တော့ ဒီအစ်ကိုကြီးက အပျော်ဆုံးပေါ့ …
ရွှေကျီး နတ်ဧကရာဇ်၏ သားကိုးယောက်လုံးက သေဆုံးသွားလေပြီ။ အကယ်၍ သူတို့ သံသရာစက်ဝန်းထဲ ဝင်ရောက်သွားလျှင် မိသားစုအမွေအနှစ်ကို ဆက်ခံဖို့ တစ်ယောက်ယောက် ရှာသင့်သည် မဟုတ်ပါလော။
“ အရမ်းကောင်းတယ်။ မင်းဆီမှာ ဒီလိုအသိစိတ်မျိုးရှိတာ ငါတောင် ကိုယ့်ဘာသာ မျက်နှာပူမိတယ်။
အစကတည်းက ကတိပေးထားတဲ့အတိုင်း ငါ့ကလေးကိုးယောက်လုံးကို သန့်စင်ပေးနိုင်ခဲ့ရင် ဒီထာဝရဘုံဗိမာန်ကျွန်းကို အပိုင်ပေးမယ်လို့ ပြောခဲ့တယ်။ အဲဒါအပြင် ငါ့လက်နက်တွေနဲ့ ရတနာတွေလည်း အပိုင်ပေးမယ်။ အခု မင်းက သူတို့ကို သန့်စင်ပေးပြီးသွားပြီဆိုတော့ ငါ့စကားကို ပြန်မရုတ်သိမ်းဘူး “
ရွှေကျီး နတ်ဧကရာဇ်က လက်ဆန့်ထုတ်လိုက်သည့်အခါ သူ့လက်ဖျားတွင် ရွှေရောင်အမှတ်အသားပြားတစ်ခု ပေါ်လာသည် “ဒါက ထာဝရဘုံဗိမာန်ကျွန်းရဲ့ အမှတ်အသားပြားပဲ။ ထာဝရဘုံဗိမာန်ကျွန်း အမှတ်အသားပြားကို သန့်စင်ပြီးရင် မင်း ဒီကျွန်းရဲ့ အကာအရံကို ထိန်းချုပ်လို့ ရပြီ”
ထိုအမှတ်အသားပြားက ရှန်ထျန်း လက်ထဲ ရောက်ရှိလာပြီး သွေးစက်ချလိုက်ပြီးနောက် ရွှေရောင်အလင်းများ ထုတ်လွှင့်လာသည်။
ရှန်ထျန်းက သူနှင့် ဤဧရာမ ထာဝရဘုံဗိမာန်ကျွန်းကြီးကြား ဆက်နွယ်မှုတစ်ခု ဖြစ်လာသလို ခံစားလိုက်ရသည်။
ဤဆက်နွယ်မှုက အလွန်ဆန်းကြယ်လှသည်။ သူက ဤကျွန်းပေါ်ရှိ အစီအရင်များစွာကို အတွေးတစ်ချက်ဖြင့် ထိန်းချုပ်လို့ ရနေသည်။
………....
ရှန်ထျန်းက စိတ်အားထက်သန်စွာ ကြည့်လိုက်ရင်း ထိုအမှတ်အသားပြားကို ပွတ်လိုက်မိသည်။
ထိုအမှတ်အသားပြား လက်ထဲတွင် ရှိခြင်းက သူက ယနေ့မှစ၍ ကျွန်းပိုင်ရှင် ဖြစ်လာခြင်းဟု ယူဆနိုင်လေသည်။
သူက ခရီးသည်တွေကို ဆွဲဆောင်ပြီးတော့ ပင်လယ်မြင်ကွင်းကောင်းကောင်း အိမ်တွေ ရောင်းမယ် … သူက ငါးမျှားရင်း ကမ်းခြေမှာ ရေကူးဝတ်စုံနဲ့ မိန်းမလှလေးတွေကို ကြည့်မယ်
နေ့ရက်တွေက သာယာလိုက်တာ … သာယာလိုက်တာ