သွေးနတ်ဘုရားကျမ်း အပြည့်အစုံ
Vol. 26 Ch. 390
အခန်း (၃၉၀) : သွေးနတ်ဘုရားကျမ်း အပြည့်အစုံ
ရွှေကျီး နတ်ဧကရာဇ်က ရှန်ထျန်းသည် သူ့လေ့ကျင့်ရေးနေရာကို ခရီးသွား ဆွဲဆောင်ရေးနေရာအဖြစ် ပြောင်းလဲဖို့ ကြံနေသည်ကို မသိရှာပေ။
သူက အလျှင်မလိုဘဲ ပြောလိုက်သည်
“ ပြီးတော့ နောင်အနာဂတ်ာ နယ်မြေငါးခုနဲ့ နတ်ဘုရားလောကမှာ ကမောက်ကမအခြေအနေတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ မင်းလိုမျိုး ပါရမီရှင်က ဒီလိုစစ်ပွဲမျိုးရဲ့ ခေါင်းဆောင် ဖြစ်လာရမယ်။ မင်း အဆုံးမရှိတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာကိုတော့ စိုးမိသား။
ငါ နတ်ဘုရားလောက မတက်လှမ်းခင် အထွတ်အထိပ်အမွေအနှစ် သွေးနတ်ဘုရားကျမ်း စာရွက်နှစ်ရွက်ကို ရလိုက်တယ်။ အဲဒါက ထူးခြားပြီးတော့ နက်နဲတယ်။ ပြောရရင် နတ်ဘုရားလောကမှာတောင် အထွတ်အထိပ် အမွေအနှစ်အဖြစ် သတ်မှတ်လို့ ရတယ် ဒါပေမဲ့ ဒီအမွေအနှစ်က အခြေခံအခန်းတစ်ဝက်လောက် ပျောက်နေတာ နှမြောစရာပဲ။
ငါ့လက်ထဲမှာတောင် စွမ်းအားအပြည့် ထုတ်မသုံးနိုင်ဘူး။ အခု ငါက ပြန်လည်ဝင်စားတော့မှာဆိုတော့ ဒီအမွေအနှစ်ကို ငါ သိမ်းမထားသင့်တော့ဘူး။ မင်းကို ပေးလိုက်မယ် …
မင်း နောင်ကျရင် ဒီအမွေအနှစ်အပြည့်အစုံကို စုစည်းပြီး စစ်ပွဲအခြေအနေကို ပြောင်းပစ်နိုင်ဖို့ မျှော်လင့်ပါတယ် ”
သူ့စကားအဆုံးတွင် ပုံရိပ်ဆီမှ ရှေးဟောင်းသင်္ကေတများ ပါဝင်နေသည့် စာရွက်နှစ်ရွက် လွှင့်လာသည်။
သူတို့၏ အရွယ်အစား၊ အရောင်နှင့် အငွေ့အသက်များက ရှန်ထျန်းတစ်ယောက် ခြင်နတ်ဆိုးဆီမှ ရထားသည့် သွေးနတ်ဘုရားကျမ်းနှင့် ကွက်တိအတူတူ ဖြစ်နေသည်။ သူတို့က အရင်းအမြစ်တူမှန်း သိသာလှ၏။
ရှန်ထျန်းက အပျော်လွန်မိသွားသည်။
သူက ရှုပ်ထွေးပွေလီ မီးစာကျမ်းကို ကျင့်ကြံသောကြောင့် သူ့အရှိန်အဝါတို့ကို အပြည့်အဝ ဖုံးကွယ်ထားနိုင်သည်။ ရွှေကျီး နတ်ဧကရာဇ်ပင် သူ့ခန္ဓာကိုယ်ပေါ်မှ သွေးနတ်ဘုရားကျမ်း အငွေ့အသက်ကို အာရုံမခံမိပေ။
သို့သော် ရွှေကျီး နတ်ဧကရာဇ် ရှာမတွေ့သော အခြေခံအခန်းဖြစ်သည့် ပထမနှင့် ဒုတိယစာရွက်တို့က ရှန်ထျန်းဆီတွင် အမှန်တကယ် ရှိနေလေသည်။
သူ လိုအပ်နေသည်မှာ တတိယနှင့် စတုတ္ထစာရွက်တို့ ဖြစ်သည်။
သွေးနတ်ဘုရားကျမ်းကို စာရွက်နှစ်ခုစီ တစ်ပိုင်း ခြားထားလေသည်။ ရှန်ထျန်းလက်ထဲရှိ သွေးနတ်ဘုရားကျမ်းသည် ပထမအပိုင်း ဖြစ်၏။ အခြေခံအပိုင်း၏ စာရွက်နှစ်ရွက်မှာ သွေးပညာရပ်နှင့် ဝိညာဉ်ခွဲ ပညာရပ်တို့ ပါဝင်သည်။ သူတို့က သွေးအဆီအနှစ်ကို အသုံးပြုကာ ခန္ဓာကိုယ်အသစ် ဖန်တီးနိုင်ပြီး ကိုယ်ပွားများအတွင်း ဝိညာဉ်ကို ခွဲထုတ်နိုင်လေသည်။
အစောပိုင်း ရှန်ထျန်း ခြင်နတ်ဆိုးကို သတ်ခဲ့စဉ်အခါက သွေးနတ်ဘုရားကျမ်း စာရွက်နှစ်ရွက်ကို ရရှိခဲ့သည်။ ဤသည်မှာ အင်မတန် အားကောင်းသော အသက်ကယ် ပညာရပ် ဖြစ်ပြီး ရှန်ထျန်းအား သေခြင်းတရားကို မစိုးရိမ်ဘဲ ဆန်းကြယ်နယ်မြေများထဲ စွန့်စားသွားလာစေနိုင်သည်။
ယခု ရွှေကျီး နတ်ဧကရာဇ် လက်ထဲမှ စာရွက်နှစ်ရွက်သည် ဒုတိယအပိုင်း ဖြစ်၏။ သွေးနတ်ဘုရားကျမ်း၏ ဒုတိယအပိုင်းကို ရာသက်ပန်အပိုင်းဟု လူသိများကြသည်။
ရာသက်ပန်အပိုင်း၏ တတိယစာရွက်တွင် တကယ့်စိတ်ဝိညာဉ် ပြန်လည်မွေးဖွားခြင်း ပညာရပ်အကြောင်း မှတ်သားထားပြီး ထိုစိတ်ဝိညာဉ်ကို သီးခြားနယ်မြေတစ်ခုအတွင်း အမှတ်အသားပြုထားနိုင်သည်။ ထိုနယ်မြေ ဖျက်စီးမခံရသရွေ့ စိတ်ဝိညာဉ်က ထာဝရပြန်လည် မွေးဖွားနေဦးမည်သာ ဖြစ်သည်။
အကောင်းဆုံး နမူနာမှာ ယခင် ရွှေကျီးအငြိုးကြီး ဝိညာဉ်ကိုးကောင် ဖြစ်လိမ့်မည်။ သူတို့ကို ရင်ဆိုင်ဖို့ ခက်ပြီး မသတ်နိုင်သည်မှာ သူတို့စိတ်ဝိညာဉ်များက ရွှေကျီး ဂူဗိမာန်တွင် တည်ရှိနေသောကြောင့် ဖြစ်သည်။
အကယ်၍ ထိုအငြိုးကြီးဝိညာဉ်ကိုးကောင်ကို သတ်လိုပါက အရင်ဆုံး ရွှေကျီး နတ်ဧကရာဇ် ဂူဗိမာန်ကို ချိုးဖောက်ကာ သူတို့စိတ်ဝိညာဉ်များကို ရှင်းထုတ်ပစ်ဖို့ လိုအပ်သည်။
ရလဒ်အနေနှင့် ခက်ခဲမှုကား အဆများစွာ တိုးမြင့်သွားလိမ့်မည်။
စတုတ္ထမြောက် စာရွက်သည် စိတ်ဝိညာဉ် လှည့်ပြောင်းခြင်း ပညာရပ်ကို မှတ်သားထားလေ၏။ ထိုပညာရပ်ကို ကျွမ်းကျင်ပြီးသွားနောက် ကျင့်ကြံသူ၏ စိတ်ဝိညာဉ်က ပင်မခန္ဓာနှင့် သွေးနတ်ဘုရား ကိုယ်ပွားကြား စိတ်ကြိုက်သွားလာကူးပြောင်းလို့ ရလေသည်။ ဤသည်က ကျင့်ကြံသူ၏ အသက်ကယ်စွမ်ရည်ကို အဆများစွာ တိုးတက်စေ၏။
ရွှေကျီး နတ်ဧကရာဇ်က ထိုစွမ်းရည်ကို အသုံးချကာ သူ့လက်ကျန် ဝိညာဉ်အပိုင်းအစလေးကို လူသားကမ္ဘာဆီ ရွေ့ပြောင်းနိုင်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ရွှေကျီး နတ်ဧကရာဇ်က သွေးနတ်ဘုရားကျမ်း၏ အခြေခံအပိုင်း မရှိထားသောကြောင့် သူက သွေးနတ်ဘုရား သားတော်ကိုယ်ပွားကို မပြုလုပ်နိုင်ပေ။ ထို့ကြောင့် သူက စိတ်ဝိညာဉ် လှည့်ပြောင်းခြင်း ပညာရပ်ကို အပြည့်အဝ မထုတ်ဖော်နိုင်ခြင်း ဖြစ်၏။ မဟုတ်လျှင် သူ့တွင် သွေးနတ်ဘုရား သားတော် အယောက်တစ်ရာလောက်ရှိနေခဲ့လျှင် သူ့အနေနှင့် သူတို့ကြား လွတ်လွပ်လပ် ပြောင်းရွှေ့သွားလာနိုင်လိမ့်မည်။
သွေးနတ်ဘုရား သားတော်ကိုယ်ပွားများကို တစ်ခါတည်းဖြင့် မသုတ်သင်နိုင်သရွေ့ သူက ရာသက်ပန်တည်ရှိမှုမျိုး ဖြစ်နေပေမည်။
အကယ်၍ ဤသို့သာ ဖြစ်ပါက ရွှေကျီး နတ်ဧကရာဇ် လွယ်လွယ်လေး သေသွားမည် မဟုတ်ပေ။
.................
သဘောတရားအရပြောရလျှင် သွေးနတ်ဘုရားကျမ်း၏ စာရွက်တိုင်းတွင် အားကောင်းသည့် ပညာရပ်များ ပါဝင်လေ၏။ သို့သော်လည်း ထိုလေးရွက်လုံးက အချင်းချင်း အထောက်အကူပြုနေသောကြောင့် လေးရွက်လုံး စုံသည့်အခါမှ သွေးနတ်ဘုရားကျမ်း၏ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်နိုင်လိမ့်မည်။
ရှန်ထျန်းက သွေးနတ်ဘုရားကျမ်း နောက်ဆုံးစာရွက် နှစ်ရွက်ကို ကိုင်ထားပြီး စိတ်အားထက်သန်မှုအပြည့် ဖြစ်နေသည်။
အကုန်စုံပြီ … နောက်ဆုံးတော့ အကုန်စုံသွားပြီ
သွေးနတ်ဘုရားကျမ်း စာရွက်လေးရွက်နဲ့ဆိုရင် ငါ နောက်ဆုံးတော့ စိတ်အေးအေး ပျော်လို့ရပြီ
ရှန်ထျန်းက ရွှေကျီး နတ်ဧကရာဇ်ကို ကြည့်လိုက်ပြီး “ စီနီယာ စိတ်ချလိုက်ပါ။ မိစ္ဆာတွေ တိုက်ခိုက်ခဲ့ရင် ကျွန်တော် သေတဲ့အထိ နယ်မြေငါးခုလုံးကို ကာကွယ်ပေးသွားပါ့မယ် ”
ဟီးဟီး သွေးနတ်ဘုရားကျမ်း စာရွက်လေးရွက်နဲ့ဆိုရင် ငါ ဘယ်လိုလုပ် သေတော့မှာလဲ …
ငါ ဒီပညာရပ်ကို ကျွမ်းကျင်အောင် လုပ်ပြီးတာနဲ့ ငါ တစ်ယောက် သေသွားတော့ရော ဘာဖြစ်လဲ။ ထောင်ချီနေတဲ့ ငါတွေက ပြန်လက်စားချေလို့ ရတယ်လေ
သွေးနတ်ဘုရားသားတော် သေဆုံးသွားရင် သွေးအဆီအနှစ်နဲ့ နတ်ဘုရားအသိစိတ် အားနည်းသွားနိုင်ပေမဲ့ ဘယ်လိုလုပ် ငါက အားနည်းသွားနိုင်မှာလဲ …
ငါ့ဆီမှာ နိဗာနတော်တင်ရေစင် အမြောက်အများနှင့် သုံးရောင်ခြယ် ရေစင်တို့ ရှိနေတယ်လေ… ငါ ဘယ်လောက်အားနည်းလာလာ သူတို့ကို သောက်လိုက်တာနဲ့ ချက်ချင်း ထိပ်ဆုံးအခြေအနေ ပြန်ရောက်သွားနိုင်တယ်။
မိစ္ဆာတွေ ကျူးကျော်လာရင်တောင် ငါက ဦးဆောင်ရမည်။
ငါက လူသောင်းချီကို ဦးဆောင်ပေးရမည့်လူလေ …
ကမောက်ကမ အခြေအနေတွေ ဖြစ်လာရင် ငါ့ရန်သူတွေရဲ့ သွေးနဲ့ ကောင်းကင်ပြာကို အနီရောင်ခြယ်မှုန်းပစ်မယ် …
ငါ သူတော်စင်က အကြိမ်သောင်းချီ ပြန်လည်ရှင်သန်နိုင်တဲ့လူ မိစ္ဆာဝိညာဉ် တိုက်ပွဲနယ်မြေလောက်ကို ဘာမှကြောက်စရာ မရှိဘူး
“ နောင်တမရှိဘဲ သေဆုံးနိုင်ပြီ။ ကောင်းတယ် ကောင်းတယ် ”
ရွှေကျီး နတ်ဧကရာဇ်၏ မျက်နှာအထက် အားရသည့် အပြုံးမျိုး ဖြစ်တည်လာသော်လည်း သူက တစ်ခုခု တွေးမိသွားပုံပေါ်သည်
“ သွေးနတ်ဘုရားကျမ်းက အားကောင်းပေမဲ့ မင်းကို ပြိုင်ဖက်ကင်း ဖြစ်လာစေမှာတော့ မဟုတ်ဘူး။ သံသရာစက်ဝန်း ဒါမှမဟုတ် ကံကြမ္မာ စည်းမျဉ်းကို ထိန်းချုပ်နိုင်တဲ့ အထွတ်အထိပ် ပညာရှင်တွေနဲ့ တွေ့တဲ့အခါ သူတို့က ပင်မခန္ဓာနဲ့ ကိုယ်ပွားကြား ဆက်နွယ်မှုကို ချက်ချင်း ဖြတ်တောက်ပစ်လိမ့်မယ်။
အဲဒီအခါကျ မင်းရဲ့ ကိုယ်ပွားတွေက အသုံးမဝင်တော့သလို ပြန်အသက်မရှင်နိုင်တော့ဘူး။ မင်း သတိကြီးကြီးထားတာ ပိုကောင်းတယ် ”
ရွှေကျီး နတ်ဧကရာဇ်၏ လေသံက ပိုမို လေးနက်လာသည်။ သူ နတ်ဘုရားလောကသို့ တက်လှမ်းသွားပြီးနောက် ကိစ္စများစွာ မြင်ဖူးခဲ့သောကြောင့် သွေးနတ်ဘုရားကျမ်းအပေါ် အတော်လေး နားလည်နေသည်။
သွေးနတ်ဘုရားကျမ်းက အားကောင်းကာ ထာဝရ တည်မြဲဖို့ ခွင့်ပြုထားသည်ဟု ပြောသော်လည်း သူတို့သာ အထွတ်အထိပ် ပညာရှင်များနှင့် တွေ့ဆုံသည့်အခါ လုံးဝ ဘေးကင်းနေခြင်းမျိုးတော့ မဟုတ်ပေ။
ဤသို့သော တည်ရှိမှုမျိုးရှိ ဝှက်ဖဲများက စိတ်ကူးကြည့်၍ပင် မရပေ။ သို့သော် သံသရာစက်ဝန်း သို့မဟုတ် ကံကြမ္မာစည်းမျဉ်းကို ထိန်းချုပ်နိုင်သူများက နတ်ဘုရားလောက၌ပင် အထွတ်အထိပ် ပြိုင်ဖက်ကင်း တည်ရှိမှုမျိုး ဖြစ်ကြသည်။
ရွှေကျီး နတ်ဧကရာဇ်ပင် ထိုပညာရှင်များအကြောင်း ကြားသာ ကြားဖူးခဲ့၏။ သူက သူတို့နှင့် စကားပြောဆိုခွင့် မရှိချေ။ အခြားနည်းဖြင့်ဆိုရလျှင် ရှန်ထျန်းသာ သွေးနတ်ဘုရားကျမ်းကို ကျွမ်းကျင်တတ်မြောက်သွားသရွေ့ သူ့တွင် ထာဝရတည်မြဲသည့် ခန္ဓာကိုယ် ရလာပေမည်။
အားအကောင်းဆုံး ဝိဇ္ဇာ သို့မဟုတ် နတ်ဧကရာဇ်တပိုင်းအဆင့်ပင် သူ့အား သတ်နိုင်မည် မဟုတ်ချေ။
ရှန်ထျန်းက ထိုအရာများကို မသိပေ။ သူ သိသည်က သွေးနတ်ဘုရားကျမ်းသည် ထင်ရသလောက် ပြိုင်ဖက်ကင်း မဟုတ်ကြောင်းသာ ဖြစ်၏။
ငါက တိုက်ခိုက်ရတာ အမုန်းဆုံးလေ … အခြားလူတွေကို နှိမ်နင်းဖို့ အားသာချက် သုံးရတာပဲ ကြိုက်တယ်
ငါ မသိသလိုလေးနေပြီး အေးအေးဆေးဆေး ကြီးထွားလာတာက ပိုကောင်းတယ်လေ
ဟုတ်တယ် ဆုံးဖြတ်လိုက်ပြီ … နတ်ဧကရာဇ် ဖြစ်မလာခင်အထိ ငါ လျှောက်မသွားတော့ဘူး
မဟုတ်သေးဘူး … အရင်ဆုံး ထာဝရဘုရင်အဆင့် ရောက်အောင် ကျင့်ကြံရမယ် …
......................
“ အားကောင်းလာမှသာ သူတို့လမ်းမှာ ရှိသမျှ ထိုးဖောက်ကျော်လွှားပြီး အင်အားစုအားလုံးနဲ့ ရင်ဆိုင်နိုင်မှာ။ မိတ်ဆွေလေးက ပါမီရှင်ပါ။ မင်းကို တိုးတက်လာဖို့ ငါ အကောင်းဆုံး ကူညီပေးဖို့ပဲ တတ်နိုင်တယ် ”
ရွှေကျီး နတ်ဧကရာဇ်က သက်ပြင်းအရှည်ကြီးချကာ ရှန်ထျန်းအား ကြည့်လိုက်သည်။
“ စီနီယာက ဘာကို ပြောချင်တာလဲ ”
ရှန်ထျန်းက နှလုံးခုန်မြန်လာမိသည်။
ကြည့်ရတာ ရွှေကျီး နတ်ဧကရာဇ်က သူ့ကို ပစ္စည်းကောင်းလေး ပေးတော့မယ် တူတယ်
ရှန်ထျန်းက အကျိုးမြတ်များကို ငြင်းဆန်မည့်သူ လုံးဝ မဟုတ်ပေ။
“ မင်းကို အားလုံးပေးမယ် သဘောတူထားမှာတော့ ဘာမှထိန်ချန်မထားတော့ဘူး ”
ရွှေကျီး နတ်ဧကရာဇ်က ခေါင်းအသာညိတ်လိုက်သည်။ သူက ရှန်ထျန်း ကြီးထွားလာကာ နတ်ဘုရားလောကဆီ တက်လှမ်းပြီး မိစ္ဆာများကို တားဆီးခုခံနိုင်ဖို့ မျှော်လင့်ထားသည်။
ရွှေကျီး နတ်ဧကရာဇ်က လက်အသာဝေ့လိုက်သည့်အခါ ကောင်းကင်ကြီးက ပြောင်းလဲလာသည်။
အဆုံးမဲ့ တိမ်တိုက်များ ပြောင်းလဲလာပြီး တိမ်များ ပျောက်လွှင့်သွားကာ နေမင်းတစ်စင်း ပေါ်ထွက်လာသည်။ ထိုစဉ် ကောင်းကင်ယံ၌ နေရာအနှံ့ လွှမ်းမိုးထားသည့် အံ့ဖွယ် မီးပြင်းဖို တစ်လုံး ပေါ်လာသည်။ ဤအရာမှ အံ့ဖွယ်အလင်းရောင်စုံ ထွက်ပေါ်နေပြီး အင်မတန် ခမ်းနားလှသည်။
ဤသည်မှာ ရွှေကျီး နတ်ဧကရာဇ်၏ နတ်ဧကရာဇ် ပစ္စည်းဖြစ်သည့် အံ့ဖွယ်နေမင်း မီးပြင်းဖို ဖြစ်သည်။
“ မိတ်ဆွေလေး ဒီအံ့ဖွယ်နေမင်း မီးပြင်းဖိုက ငါ နေမင်းအဆီအနှစ်နဲ့ မိုးမြေ ဝိညာဉ်တွေကို နှစ်ရှစ်သောင်းကြာ သန့်စင်ခဲ့တဲ့ နေမင်းအရည်ပဲ။ ဒီနေမင်းအရည်ထဲ မိုးမြေရဲ့ အသန့်စင်ဆုံး စွမ်းအားတွေနဲ့ ပြည့်နေတယ်။ အဲဒါက ခန္ဓာကိုယ် သန်မာလာဖို့ ကူညီပေးနိုင်တယ်။
ဒါပေမဲ့ နေမင်းအရည်က နှစ်ရှစ်သောင်း သန့်စင်ထားတာဆိုတော့ အထဲက စွမ်းအားက အလွန်သိပ်သည်းနေပြီးတော့ ပြင်းထန်တယ်။ တကယ်လို့ ရုပ်ခန္ဓာက လုံလုံလောက်လောက် အားမကောင်းဘူးဆိုရင် ဒီစွမ်းအားသက်ရောက်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။
မိတ်ဆွေလေး မင်း ကြိုးစားပြီး အထဲဝင်ရဲလား ”
ရွှေကျီး နတ်ဧကရာဇ်က ရှန်ထျန်းက တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။
နေမင်းအရည်လား …
ကြည့်ရတာ ကောင်းမဲ့ပုံလေး …
ရှန်ထျန်း၏ မျက်ဝန်းများ တောက်ပလာသည်။ သို့သော်လည်း ရွှေကျီး နတ်ဧကရာဇ်က ရုပ်ခန္ဓာသာ လုံလုံလောက်လောက် အားမကောင်းလျှင် စွမ်းအား သက်ရောက်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ကြောင်း ပြောသွားခဲ့၏။
ဟူး နည်းနည်းတော့ ပြင်းထန်တဲ့ပုံပဲ
“ လူအိုကြီးယဲ့ ကျွန်တော်တို့ အဲဒီနေမင်းအရည်ကို သုံးသင့်လား။ ကျွန်တော်က ရွှေရောင်ကိုယ်ထည်အဆင့်ပဲ ရှိသေးတာလေ။ သေတဲ့အထိ လောင်ကျွမ်းမသွားလောက်ပါဘူးနော့ ”
ယဲ့ချန်းခန်၏ ကူကယ်ရာမဲ့နေသည့် အသံက ရှန်ထျန်း စိတ်ထဲ ထွက်ပေါ်လာသည်
“ မင်းခန္ဓာကိုယ်က ထူးဆန်းလွန်းလို့ ရှုပ်ထွေးပွေလီ အငွေ့အသက်ကိုတောင် ချေဖျက်နိုင်တယ်။ ဒီနေမင်းအရည်က ဘာမှမဟုတ်သေးပါဘူးကွာ။
ဒါပေမဲ့ ဒီအံ့ဖွယ်နေမင်း မီးပြင်းဖိုက နှစ်ရှစ်သောင်းလောက် နေမင်းအရည်တွေကို သန့်စင်ထားတာဆိုတော့ တကယ်ကို အဖိုးမဖြတ်နိုင်ဘူး။ ပုလင်းအသေးလေးနဲ့ အတိဒုက္ခလွန် ကျင့်ကြံသူကို ပြောင်းလဲပေးနိုင်လိမ့်မယ်။
ဒါကို ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူအတွက် သုံးတာက တကယ်ကို ဖြုန်းတီးတာပဲ … အခြေအနေပေးလာမှတော့ ဒီအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ပြီး ရွှေရောင်ကိုယ်ထည်ကို ပြန်လည်ထုဆစ်လိုက်လေ။ မင်း ရှုပ်ထွေးပွေလီ မီးစာကျမ်းကို မရခင်တုန်းက မင်းရဲ့ ရွှေရောင်ကိုယ်ထည် လေ့ကျင့်ရေးမှာ ပြစ်ချက်အများကြီး ပါနေတာ။
ဒီနေမင်းအရည်နဲ့ မင်းခန္ဓာကိုယ်ကို သန့်စင်ပြီးတော့ ဒဏ္ဍာရီလာ နဝမ ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ရောက်အောင် လုပ်လိုက် … အဲဒါမှ အဆင့်မြင့် အခြေခံက ခိုင်မာကျစ်လစ်လာမှာ”
အဲလိုလား …
ရှန်ထျန်း၏ မျက်ဝန်းများ လင်းလက်လာသည်။ ယဲ့ချန်းခန် စကားများက သူ့သွေးများကို ဆူပွက်လာစေသောကြောင့် ဆက်မထိန်းထားနိုင်တော့ပေ။
သူက လက်နှစ်ဖက်ယှက်ကာ ရွှေကျီး နတ်ဧကရာဇ်အား ပြောလိုက်၏ “ ဒီဂျူနီယာလေးက စီနီယာရဲ့ လက်ဆောင်ကို ကြိုးစားကြည့်ရဲပါတယ် ”
ရွှေကျီး နတ်ဧကရာဇ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။
ချွမ် …
နားကွဲလုမတတ် အသံမျိုး ထွက်ပေါ်လာသည်။
အံ့ဖွယ်နေမင်း မီးပြင်းဖိုက တောက်တောက်ပပ လင်းလက်နေကာ အးဖုံးက ရုတ်ချည်း ဟလာသောကြောင့် နေရာအနှံ့ ရောင်စုံအလင်းတန်းများ ဖြန့်ကျက်သွားလေသည်။
ချီ …
အဖုံး ဖွင့်လိုက်သည်နှင့် အံ့ဖွယ်ရွှေရောင်အလင်းတန်းက ချက်ချင်း ကောင်းကင်ယံသို့ ထောင်တက်သွားသည်။
အရာအားလုံးကို လျစ်လျူရှုထားပြီး ထိုမြင်ကွင်းနှင့်ပင် နှလုံးတလှပ်လှပ် ဖြစ်လာစေနိုင်သည်။
အံ့ဖွယ်နေမင်း မီးပြင်းဖိုအတွင်း ရွှေရောင်အရည် ရှိနေသည်။ ထိုအထဲ အဆုံးမဲ့ စည်းမျဉ်းစွမ်းအားများ ဝန်းရံထားပြီး ရွှေသွန်းလောင်းထားသည့်အလား အလင်းများက စီးကျနေသည်။
ထိုမျှတင်မကသေးပေ။ အင်မတန် သိပ်သည်းလှသော အဆီအနှစ်စွမ်းအားလည်း ထွက်ပေါ်လာသည်။ ထိုအငွေ့အသက်က စိတ်ကို သက်သာသွားစေပြီး သက်တောင့်သက်သာ ဖြစ်သွားစေသည်။ ထိုစွမ်းအားနှင့် ထိတွေ့လိုက်သည့်အခါ ချွေးပေါက်များက ကျယ်လာကာ အဆီအနှစ်များကို လောဘတကြီး စုပ်ယူတော့သည်။
တစ်ချိန်တည်းတွင် ကမ္ဘာကြီးကို မီးမြိုက်ပစ်နိုင်သည့်အလား ပြိုင်ဖက်ကင်း အပူဓာတ်ကို သယ်ဆောင်လာသည်။
ဤသည်မှာ နေမင်း၏ အသန့်စင်ဆုံး အဆီအနှစ်မှ သန့်စင်ထားသည့် နေမင်းအရည် ဖြစ်သည်။
နေ မည်မျှပူပြင်းသည်ကို တွေးကြည့်ဖို့ပင် ခက်ခဲလှသည်။ ဤစွမ်းအားတစ်ခုတည်းဖြင့် ထာဝရဘုံဗိမာန်ကျွန်းတစ်ခုလုံးကို အပူဓာတ်ဖြင့် လွှမ်းခြုံထားနိုင်၏။ သို့သော်လည်း ထိုအရာက ရှန်ထျန်းအပေါ် သက်ရောက်မှု မရှိပေ။
သူက မီးပြင်းဖိုထဲ တိုက်ရိုက် ခုန်ဆင်းလိုက်သောကြောင့် ရွှေရောင်အရည်များ ပွက်ခနဲ ဖြစ်သွားလေသည်။
ထို့နောက် မီးပြင်းဖို အဖုံးက ပိတ်သွားပြီး ကမ္ဘာကြီးကို တုန်ခါလာစေ၏။
ထိုစဉ် အံ့ဖွယ်နေမင်း မီးပြင်းဖိုမှ အလင်းတန်း ထွက်ပေါ်လာကာ ဘေးပတ်လည်ရှိ အာကာပြင်တစ်ခုလုံးကို မျက်စိစူးသွားစေသည်။
ထိုအရာကို မြင်သည့်အခါ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရှိ ကောင်းကင်အရှိန်အဝါတို့က လှုပ်ခတ်လာသည်။ သူက ရှန်ထျန်း၏ ဘေးကင်းမှုကို စိတ်မပူဘဲ မီးပြင်းဖိုမှ ထွက်လာသည့်အခါ ရလဒ်ကို မျှော်လင့်ထားမိသည်။
နေမင်းအရည်ထဲ စိမ်ပြီးတော့ ရှန်ထျန်း ဘယ်လိုပြောင်းလဲသွားမလဲ … တွေးကြည့်ရုံနဲ့ စိတ်လှုပ်ရှားလာမိတယ်
ဟားဟား …