ရွှေရောင်ကိုယ်ထည်အဖြစ် ထပ်မံပြောင်းလဲခြင်း…မွေးရာပါ ရှုပ်ထွေးပွေလီ ခန္ဓာ
Vol. 27 Ch. 391
အခန်း (၃၉၁) : ရွှေရောင်ကိုယ်ထည်အဖြစ် ထပ်မံပြောင်းလဲခြင်း…မွေးရာပါ ရှုပ်ထွေးပွေလီ ခန္ဓာ
အံ့ဖွယ်နေမင်း မီးပြင်းဖိုက မီးတောက်များဖြင့် တောက်လောင်နေသည့်အတွက် ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေသည်။
ကြောက်စရာကောင်းသော အပူချိန်က ပတ်ဝန်းကျင်ရှိ အာကာပြင်ကိုပင် လောင်ကျွမ်းသွားစေနိုင်သည့် အပူလှိုင်းများကို ထုတ်လွှတ်နေသည်။
အဆုံးမဲ့ ရွှေရောင်အရည်ထဲတွင် ပုံရိပ်တစ်ခုက မလှုပ်မယှက်ပဲ ရှိနေသည်။
ထိုသူက ရှန်ထျန်းပင် ဖြစ်၏။
ပတ်ဝန်းကျင်ရှိ နေမင်းအရည်က မြင့်တက်လာကာ နေရာတွင် ပြည့်နှက်နေသော စွမ်းအင်များက သေးငယ်သော ရွှေကျီးများအဖြစ် ဖွဲ့စည်းကာ ရှန်ထျန်း၏ သွေးကြောဆုံမှတ်ဆီသို့ ဦးတည်ဝင်ရောက်သွားသည်။
ထိုအခိုက်အတန့်တွင် ရှန်ထျန်းကို နေမင်းအရည်ဖြင့် လုံးဝ ဖုံးအုပ်သွားကာ တောက်ပစူးရှသော အလင်းတန်းကို ထုတ်လွှတ်နေသည်။
“ လူအိုကြီးယဲ့ တစ်ခုခုတော့ မှားနေပြီထင်တယ်။
ဒီအရည်ရဲ့ အကျိုးသက်ရောက်မှုက ဘာလို့ ဒီလောက်ထိ အားကောင်းနေရတာလဲ။ ကျွန်တော်ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားပြီးတော့ ဒေါသထွက်နေတဲ့ ငှက်တစ်ကောင်ပါ နိုးထလာတော့မယ် ထင်တယ်။
ပူတယ်… အရမ်းပူတယ်”
ရှန်ထျန်း၏ တစ်ကိုယ်လုံး နီရဲနေကာ နေမင်းအရည်ကလည်း သူ့ဆီသို့ ထိုးဖောက်ဝင်ရောက်နေသည့်အတွက် ခန္ဓာကိုယ်တစ်ခုလုံးက နေမီးလျှံအစစ်ဖြင့် လောင်ကျွမ်းနေသည်။
ရွှေကျီးစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အခါတိုင်း ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားကာ သူ့အရှိန်အဝါကလည်း မြင့်တက်လာသည်။
နှစ်ပေါင်း ၈သောင်းကြာ စုပုံထားသော နေမင်းအရည်က အရမ်းသန့်စင်သည့်အတွက် ရှန်ထျန်းကို အင်မတန်ပူလောင်စေသည်။ သူ့ခန္ဓာကိုယ်က နေမီးလျှံအစစ်ဖြင့် အဆက်မပြတ် လောင်ကျွမ်းနေခြင်းက အနည်းငယ် ထူးဆန်းသည်ဟု ရှန်ထျန်း ခံစားလာမိသည်။
ကျွန်တော်ကို စွတ်ပြုတ်အဖြစ် ကျိုချက်မလို့လား
“ မစိုးရိမ်ပါနဲ့ … အံ့ဖွယ်နေမင်း မီးပြင်းဖိုက နေမင်းအရည်ကို နှစ်ပေါင်း ၈ သောင်းကြာ သန့်စင်လာခဲ့တာ။ အဲဒါကြောင့် အဲဒီအရည်ရဲ့ စွမ်းအားက ထူးခြားမီးတောက် အများစုထက် ပိုပြီးတော့တောင် ပြင်းထန်တယ်။
သာမန်ဝိဇ္ဇာတွေဆိုရင် ဒါကို စုပ်ယူဖို့တောင် ဖြစ်နိုင်မှာ မဟုတ်ဘူး။
ဒါပေမဲ့ မင်းကတော့ မတူဘူး။ ရှုပ်ထွေးပွေလီ အငွေ့အသက်တောင် မင်းရဲ့ မကောင်းဆိုးဝါးနဲ့တူတဲ့ ခန္ဓာတည်ဆောက်ပုံကို ဘာမှလုပ်လို့မရတာ ဘယ်လိုလုပ်ပြီးတော့ အလွယ်တကူ လောင်ကျွမ်းသွားပါ့မလဲ။
အများဆုံးအနေနဲ့ မင်းရဲ့ ခန္ဓာကိုယ်အပြင်ဘက်ပဲ လောင်သွားပြီး အထဲကတော့ အဆင်ပြေသွားမှာပါ … အရသာရှိတဲ့အနံ့လေးထွက်ရင်းပေါ့”
ယဲ့ချန်းခန်က ရှန်ထျန်းနှင့် စိတ်ချင်းဆက်သွယ်ပြီး စကားပြောလိုက်သည်။
“…”
ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားရသည်။
အပြင်ဘက်ပဲ လောင်သွားပြီးတော့ အထဲကတော့ အဆင်ပြေမှာပါတဲ့လား
အရသာရှိတဲ့ အနံ့တဲ့လား
ဒါက ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ ဖော်ပြမှုမျိုးလဲ။ ခင်ဗျားကိုယ်ခင်ဗျား ကြက်ကင်နေတယ်လို့ ထင်နေတာလား
ဘာ…
အရသာရှိတဲ့အနံ့တဲ့လား
ဒါမဖြစ်နိုင်ဘူး…မဖြစ်သင့်ဘူး။ ငါ့အနေနဲ့ အခုလိုမျိုး ချက်ပြုတ်တာမျိုး ခံရမယ်ဆိုတာ ဖြစ်နိုင်လို့လား
ယဲ့ချန်းခန်က ရှန်ထျန်း စဉ်းစားနေတာကို ရိပ်မိသည့်ပုံစံဖြင့် ဖျောင်းဖျလိုက်သည်
“ စိတ်အေးအေးထားပြီးတော့ ရှုပ်ထွေးပွေလီ မီးစာကျမ်းကို သုံးပြီး နေမင်းအရည်ရဲ့ စွမ်းအားကို မင်းရဲ့အပိုင်အဖြစ် စုပ်ယူလိုက်ပါ”
ယဲ့ချန်းခန် ပြောတာကို ကြားပြီးနောက် ရှန်ထျန်းက တင်ပျဉ်ခွေထိုင်ကာ ငြိမ်ငြိမ်လေးနေရင်း အဆုံးမရှိသော နေမင်းအရည်များကို သူ့ခန္ဓာကိုယ်ထဲသို့ ဆက်ဝင်လာခွင့် ပြုထားလိုက်သည်။ သူက ရှုပ်ထွေးပွေလီ မီးစာကျမ်းကို အသက်သွင်းလိုက်ပြီးနောက် ဘေးပတ်လည်ရှိ စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် စုစည်းသွားသည်။
ထိုအခိုက်အတန့်တွင် မီးပွားလေးတစ်ခုကပင် ကြီးမားသော မီးတောက်တစ်ခု ဖြစ်သွားစေနိုင်သည်။
ဝုန်း…
နေမင်းအရည်စွမ်းအင်က ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အတွက် သူ၏ အဝတ်အစားများလည်း ချက်ချင်း ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ လုံယွမ်နတ်ချပ်ဝတ်ကိုတော့ ယခင်ကတည်းက သိမ်းထားပြီးပြီ ဖြစ်သည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲရှိ များပြားသော ထူးခြားအံ့ဖွယ် ပစ္စည်းများကလည်း မူမမှန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ အထူးသဖြင့် နေမီးလျှံအစစ် မီးစေ့က ပိုမိုသိသာသည်။ ထိုအရာက နေမင်းအရည်၏ စွမ်းအားကို စတင်စုပ်ယူပြီး လျင်မြန်စွာ ကြီးထွားလာကာ ထူးခြားမီးတောက် စာရင်းတွင် အဆင့်၂ ချိတ်သည့် ထူးခြားမီးတောက်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို လွှတ်ထုတ်ပေးနေသည်။
သို့သော် နေမင်းအရည် အများစုကို ဝါးမျိုနေသည့်အရာက နေမီးလျှံအစစ် မဟုတ်ဘဲ ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲရှိ ရှုပ်ထွေးပွေလီ အငွေ့အသက် ဖြစ်သည်။
ရှုပ်ထွေးပွေလီ အငွေ့အသက်က အစားကြီးသူအဖြစ် ပြောင်းလဲသွားကာ သူ၏ ကိုယ်ပိုင်စွမ်းအားကို တိုးမြှင့်နိုင်ရန်အတွက် နေမင်းအရည်၏ စွမ်းအင်ကို လျင်မြန်စွာ စုပ်ယူနေသည်။
နေမင်းအရည်၏ စွမ်းအင်က ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အဆီအနှစ်လိုမျိုး အသန့်စင်ဆုံးဖြစ်သည့်အတွက် ရှုပ်ထွေးပွေလီ အငွေ့အသက်က ချက်ချင်း ပြောင်းလဲပေးနိုင်သည်။
နေမင်းအရည်ကို စုပ်ယူပြီးနောက် ရှန်ထျန်း၏ ရှုပ်ထွေးပွေလီ အငွေ့အသက်က သူ၏ ကိုယ်တွင်းအင်္ဂါများ၊ ခြေလက်များနှင့် အရိုးများထိ စိမ့်ဝင်ပျံ့နှံ့သွားသည်။
ထိုအရာက သူ စောင့်မျှော်နေသော အခွင့်အရေး ဖြစ်သည့်အတွက် ရှန်ထျန်း၏ ခန္ဓာကိုယ် တုန်လှုပ်လာသည်။
သူက ရှုပ်ထွေးပွေလီ အငွေ့အသက်ကို အသုံးပြုကာ သူ၏ ရွှေရောင်ကိုယ်ထည်ကို သန်မာလာအောင် လုပ်ဖို့အတွက် ဤစွမ်းအင်ကို ငှားရမ်းလိုက်ခြင်း ဖြစ်သည်။
သူက ရွှေရောင်ကိုယ်ထည်ကို ထပ်မံပြောင်းလဲပြီး နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် အစစ်အမှန်ကို သန့်စင်ခြင်းအဆင့်ကို ရောက်ရှိပြီး သူ့အခြေခံအုတ်မြစ်ကို အမြင့်ဆုံးအဆင့်ထိ ရောက်ရှိသွားအောင် လုပ်နိုင်သည်။
ထိုအခိုက်အတန့်တွင် ရှန်ထျန်းကို အလင်းတန်းများဖြင့် လွှမ်းခြုံထားသည့်အတွက် တောက်ပနေကာ သွေးကြောဆုံမှတ်မှ အသံများ ထွက်ပေါ်နေသည်။ ထိုအရာက ပြီးပြည့်စုံသည်ဟု မပြောနိုင်သည့်အတွက် ထိုအရာကို အရင်ဆုံး တစ်စစီလုပ်ကာ သူ၏ ရွှေရောင်ကိုယ်ထည်ကို ထပ်မံ ပြောင်းလဲဖို့အတွက် ပြင်ဆင်လိုက်သည်။
ရှုပ်ထွေးပွေလီ မီးစာကျမ်းကို အသက်သွင်းလိုက်သည့်အတွက် ရှုပ်ထွေးပွေလီ အငွေ့အသက်က ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ၏ အသား၊ သွေး၊ အရိုးနှင့် အရွတ်များဖြင့် ပေါင်းစပ်သွားသည်။
ရှန်ထျန်း၏ ကိုယ်တွင်းအင်္ဂါများပင် ငွေဖြူရောင်အလင်းကို ထုတ်လွှတ်နေသည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်ကို ဆက်တိုက်သန့်စင်ပြီး အားကောင်းအောင် လုပ်နေသည့်အတွက် ရှန်ထျန်း၏ အရှိန်အဝါက အားကောင်းသည်ထက် အားကောင်းလာသည်။
အပြင်ဘက်ကမ္ဘာတွင်…
ရှန်ထျန်း အံ့ဖွယ်နေမင်း မီးပြင်းဖိုထဲသို့ ဝင်သွားပြီးနောက် ရွှေကျီးနတ်ဧကရာဇ်က သူ့ကို ဂရုမစိုက်တော့ပေ။
ရွှေကျီးနတ်ဧကရာဇ်၏ အမြင်အရ ရှန်ထျန်းအနေဖြင့် နေမင်းအရည်၏ တိုးမြှင့်မှုကို ခံနိုင်ရည်ရှိဖို့အတွက် အရမ်းမခက်ခဲပဲ အချိန်အနည်းငယ်သာ လိုအပ်သည်ဟု မြင်သည်။
ထို့နောက် ရွှေကျီးနတ်ဧကရာဇ်၏ အလင်းတန်းက သူ၏ ကလေးကိုးယောက်အပေါ် ဆင်းသက်သွားသည်။
“ မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်း ၈ သောင်းကုန်သွားပြီးတော့ မင်းတို့ကိုးယောက်လုံးလည်း နောက်ဆုံးတော့ တက်လှမ်းလာနိုင်ခဲ့ပြီ။ ဒီနေ့ မင်းတို့အားလုံးကို ပြန်လည်ဝင်စားအောင် လုပ်ပေးမယ်”
ရွှေကျီးနတ်ဧကရာဇ်က နတ်ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း ရွှေကျီးကိုးကောင်က သူ၏ သားပေါက်များ ဖြစ်သည်။
ယခု သူတို့ကို သန့်စင်ပေးပြီးပြီ ဖြစ်သည့်အတွက် နတ်ဧကရာဇ်က သူတို့ လွတ်မြောက်နိုင်အောင် သူတို့၏ နောက်ဆုံးခရီး ဖြစ်သော ပြန်လည်ဝင်စားခြင်း စက်ဝန်းထဲသို့ ပို့ဆောင်ပေးသည်။
“ အဖေ အကယ်၍ နောက်ဘဝသာ တကယ်ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ အဖေရဲ့ ကလေးတွေပဲ ဖြစ်နေချင်သေးတယ်”
ရွှေကျီးကိုးကောင်၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်နေပြီး သူတို့ ဝမ်းနည်းညှိုးငယ်နေကြသည်။
ပြိုင်ဘက်ကင်း နတ်ဧကရာဇ် တစ်ပါးဖြစ်သည့် သူတို့၏ အဖေက နှစ်ပေါင်း ၈ သောင်း ကြာသည်အထိ သူတို့ကို ကယ်တင်ဖို့အတွက် လက်လျှော့ခြင်း မရှိခဲ့ပေ။
သူက နတ်ဘုရားလောကမှာ သေခဲ့တာဆိုပေမဲ့ သူတို့ကို ပြန်လည်ဝင်စားတဲ့နေရာမှာ လမ်းပြဖို့အတွက် မှတ်ဉာဏ် အစိတ်အပိုင်းလေးက ပျောက်ဆုံးသွားခဲ့တာ မရှိဘူးလေ။ အဲဒီတော့ သူတို့က ဘယ်လိုလုပ်ပြီးတော့ မခံစားရဘဲ နေပါ့မလဲ
“ စိတ်အေးအေးနဲ့ သွားပါ”
ရွှေကျီးနတ်ဧကရာဇ်က သက်ပြင်းချကာ လက်ဖြင့် ထိတွေ့လိုက်သည့်အခါ ပြိုင်ဘက်ကင်း အထွတ်အထိပ်စွမ်းအားက ထိုးဖောက်ထွက်လာသည်။
မြေပြင်ပေါ်သို့ တောက်ပသော အလင်းတန်း ဖြာကျလာသည်။
ထိုအခိုက်အတန့်တွင် ရွှေကျီးကိုးကောင်၏ ပုံရိပ်က ပျောက်ကွယ်သွားကာ ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတစ်ခွင် ပြန့်ကျဲသွားကာ ပြန်လည်ဝင်စားခြင်း စက်ဝန်းထဲသို့ ဝင်သွားသည်။
ရွှေကျီးနတ်ဧကရာဇ်၏ ကျန်ရှိသော အသိစိတ်ကိုလည်း ပိုမိုထိုးထွင်းမြင်နေရသည်။
သူက ရွှေကျီးနတ်ဧကရာဇ် ဖြစ်သော်လည်း သူ၏ ကလေးကိုးယောက်ကို ပြန်လည်ဝင်စားနိုင်အောင် လုပ်ဖို့အတွက် စွမ်းအင်တွေ အများကြီး အသုံးပြုဖို့ လိုအပ်သည်။
သို့သော် ရွှေကျီးနတ်ဧကရာဇ်က သူ့ဆန္ဒတွေ ပြည့်ဝသွားသည်ကို စိတ်ထဲ မထားနိုင်ပေ။ ယခု သူကိုယ်တိုင် လွတ်မြောက်အောင် လုပ်ဖို့ အချိန်ရောက်ရှိလာပြီ ဖြစ်သည်။
ဂျိန်း…
ထိုအခိုက်အတန့်တွင် ကျယ်လောင်သော အသံတစ်ခု ပဲ့တင်ထွက်လာသည်။
အံ့ဖွယ်နေမင်း မီးပြင်းဖိုထဲမှ အလင်းတန်းတစ်ခု ထွက်လာကာ ကောင်းကင်သို့ ပျံသန်းသွားသည်။
အားလုံး၏ အာရုံက အံ့ဖွယ်နေမင်း မီးပြင်းဖိုဆီသို့ ရောက်ရှိသွားသည်။ ထိုထဲတွင် အံ့ဩမှင်သက်စရာကောင်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကိုလည်း သူတို့ အာရုံခံမိသည်။
မူလက ရှန်ထျန်းကို လွှမ်းခြုံထားသော နေမီးလျှံအစစ်က ဖြည်းဖြည်းချင်း ငြိမ်းသွားကာ သူ၏ ဘေးပတ်လည်ရှိ နေမင်းအရည်ကလည်း ကျိုးတိုးကျဲတဲ ဖြစ်သွားသည်။
နောက်ဆုံးကျန်ရှိနေသော နေမင်းအရည်က ရှန်ထျန်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်ကလည်း ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ထိုအချိန်တွင် ရှန်ထျန်း၏ နှလုံးသားထဲတွင် မီးလုံးတစ်ခု ထွက်ပေါ်လာသလို ခံစားလိုက်ရသည်။
အ…
အား…
အား…
ငါ ထပ်ပြီးတော့ မခံနိုင်တော့ဘူး ငါ ပေါက်ကွဲတော့မယ်
ဝုန်း…
ရှန်ထျန်း၏ ခန္ဓာကိုယ်မှ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်ပြီးနောက် သူ့အရှိန်အဝါကလည်း မယုံကြည်နိုင်စရာကောင်းသော အရှိန်ဖြင့် အလျင်အမြန် မြင့်တက်သွားသည်။
ပထမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်
ဒုတိယမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်
တတိယမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်
…
နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်
ကြောက်စရာကောင်းသော အရှိန်အဝါက အလျင်အမြန် ကြီးထွားနေပြီး ရှန်ထျန်း နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားမှသာ ရပ်တန့်သွားသည်။
ဒါက နဝမမြောက် သန့်စင်ခြင်းအဆင့်ဖြစ်တဲ့ ပြိုင်ဘက်ကင်း ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည်ပဲ
ရှန်ထျန်း ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည့်အခါ ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ ဘေးပတ်လည်ရှိ အရှိန်အဝါကို ဖိနှိပ်လိုက်သည်။
ရှန်ထျန်း၏ အရှိန်အဝါက ပိုမိုသိပ်သည်းကာ ထူထဲလာသည်။ သူ့ကို အံ့ဖွယ်နေအလင်းဖြင့် ပတ်လည်ဝန်းရံထားသည့်အတွက် သူ့ခန္ဓာကိုယ်က အရောင်တင်ထားသော ဝိညာဉ်ကျောက်စိမ်းလိုမျိုး ကြည်လင်တောက်ပနေသည်။
နေမင်းအရည်၏ ကျေးဇူးကြောင့် ရှန်ထျန်းက သူ၏ ရွှေရောင်ကိုယ်ထည်ကို ထပ်မံပြောင်းလဲကာ နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားသည်။
ထိုအရာတင်မကသေးဘဲ ထူးခြားသည့် အရှိန်အဝါက သူ့ ခန္ဓာကိုယ်ထဲမှ ထွက်လာကာ သူ့ကို လွှမ်းခြုံထားပြီး အင်မတန်ဆန်းကြယ်သည့်ပုံ ပေါ်သွားစေသည်။
ရှန်ထျန်းကို ကြည့်ရတာ ပိုပြီး ချောမောသွားကာ နူးညံ့သိမ်မွေ့သွားပုံပေါ်သည်။
“ ဒါက …ရှုပ်ထွေးပွေလီ အငွေ့အသက် မဟုတ်လား”
ရှန်ထျန်းက သူ၏ ဘေးပတ်လည်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
သက်ရှိသတ္တဝါအားလုံးကို ငြိမ်သက်သွားအောင် လုပ်နိုင်သည့် ရှုပ်ထွေးပွေလီ အငွေ့အသက်က အင်မတန် နူးညံ့သိမ်မွေ့သွားကာ အလွယ်တကူ ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။
ရှန်ထျန်းက လက်ကို အသာအယာမြှောက်ကာ လေထဲသို့ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ရှုပ်ထွေးပွေလီ အငွေ့အသက် ထွက်ပေါ်လာကာ ဤအာကာပြင်ကို ထိုးဖောက်သည့် ချွန်ထက်သော ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
ချွင်…
ထိုကျယ်လောင်သော အသံက လူတစ်ယောက်၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။
ဤနေရာက အံ့ဖွယ်နေမင်း မီးပြင်းဖို၏ အတွင်းပိုင်းဖြစ်သော်လည်း ရှန်ထျန်း၏ တိုက်ခိုက်မှုက ထိုအရာကို ပြင်းထန်စွာ တုန်ခါသွားစေရုံသာမက တစ်စစီပင် ဖြစ်သွားစေသည်။
ထိုရှုပ်ထွေးပွေလီ အငွေ့အသက်တွင် ကောင်းကင်ကိုပင် ထိုးဖောက်နိုင်သည့် ခွန်အားရှိနေပုံပေါ်သည်။
ယဲ့ချန်းခန် ထွက်ပေါ်လာကာ ရှုပ်ထွေးပွေလီ အငွေ့အသက်များဖြင့် လွှမ်းခြုံနေသော ရှန်ထျန်းကို စိုက်ကြည့်လိုက်သည်။
သူက ချီးကျူးလိုက်သည်
“ ထင်ထားတဲ့အတိုင်းပဲ ဒီကလေးရဲ့ ထူးခြားတဲ့ ခန္ဓာတည်ဆောက်ပုံကြောင့် ရှုပ်ထွေးပွေလီ ခန္ဓာကို အောင်အောင်မြင်မြင်နဲ့ ကျင့်ကြံနိုင်သွားပြီပဲ”
ရှုပ်ထွေးပွေလီ ခန္ဓာက တစ်သန်းမှာ တစ်ယောက်သာရှိနိုင်သည့် ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့် ခန္ဓာတည်ဆောက်ပုံဖြစ်သည့်အတွက် ယဲ့ချန်းခန် မတတ်နိုင်ဘဲ ပင့်သက်ရှိုက်လိုက်မိသည်။
ထိုသူက အနာဂတ်တွင် ကျင့်ကြံရေး၏ ထိပ်သီးသို့ ရောက်ရှိသွားကာ ကြီးမားသော အောင်မြင်မှုများကို သေချာပေါက် ရရှိနိုင်လိမ့်မည်။
သို့သော် ဤခန္ဓာတည်ဆောက်ပုံက အရမ်းစွမ်းအားကြီးသည့်အတွက် ထိုကဲ့သို့သော သူမျိုးကို နတ်ဘုရားလောကမှာပင် ရှာတွေ့ဖို့ရန် ခက်ခဲလှသည်။
ရှိခဲ့လျှင်လည်း အများစုက အကြမ်းထည် မွေးဖွားခါစ ရှုပ်ထွေးပွေလီခန္ဓာများသာ ဖြစ်လိမ့်မည်။
သို့သော် ရှန်ထျန်းက ပြီးပြည့်စုံသော မွေးရာပါ ရှုပ်ထွေးပွေလီ ခန္ဓာကိုရရှိခဲ့သည့်အတွက် သူ၏ ခန္ဓာတည်ဆောက်ပုံက ဘယ်လောက်ထိ ထိတ်လန့်ဖို့ကောင်းကြောင်း သက်သေပြဖို့ လုံလောက်သွားပြီ ဖြစ်သည်။
ရှုပ်ထွေးပွေလီအရှိန်အဝါကို အားဖြည့်သည့်အရာအဖြစ် အသုံးပြုကာ ကျင့်ကြံသည့်နည်းလမ်းကို ယဲ့ချန်းခန်ပင် မကြားဖူးသည့်အတွက် ရှုပ်ထွေးပွေလီ မီးစာကျမ်းက ဘယ်လောက်ထိ စွမ်းအားကြီးကြောင်း သက်သေပြပြီးသားဖြစ်သွားပြီဖြစ်သည်။
ဒါဆိုရင် ကြေးလက်စွပ်က နတ်ဘုရားက ဘယ်သူလဲ
နတ်ဘုရားက “အဲဒီ”အဆင့်ရဲ့ တည်ရှိမှုဆိုတာ ဖြစ်နိုင်လို့လား
အဲလိုအဆင့်မှာရှိတဲ့သူတောင် ထျန်းအာရဲ့ ပြိုင်ဘက်ကင်း ချောမောမှုကြောင့် ကျရှုံးသွားတယ်တဲ့လား။ ကျစ်…ကျစ်….ငါ့ရဲ့ မွေးစားမြေးလေးကတော့ ထင်ထားတဲ့အတိုင်းပဲ
ကြီးမြတ်တဲ့ ဧကရီက ငါ့ရဲ့ မွေးစားမြေးချွေးမ ဖြစ်လာရင် နတ်ဘုရားလောကကို ငါ ကြိုက်သလို လုပ်နိုင်တော့မှာ မဟုတ်လား
ဟီး…ဟီး…စဉ်းစားရုံနဲ့တင် စိတ်လှုပ်ရှားလာအောင် လုပ်နိုင်တာပဲ
အထင်ကြီးစရာကောင်းသော အနာဂတ်ကို ပုံဖော်ကြည့်ရုံဖြင့်ပင် အရမ်းပျော်နေမိလေပြီ။
တစ်ဖက်တွင် ရှန်ထျန်းက ယဲ့ချန်းခန်၏ ရှေ့သို့ ဆင်းသက်လိုက်သည့်အတွက် ဘေးပတ်လည်ရှိ ရှုပ်ထွေးပွေလီ အငွေ့အသက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ယဲ့ချန်းခန်က ပြုံးရင်း မေးလိုက်သည်
“ အဲဒီတော့ နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ရဲ့ စွမ်းအားက ဘယ်လိုနေလဲ”
ရှန်ထျန်းက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်
“ ဒါက အရမ်းကို စွမ်းအားကြီးတယ်။ ကျွန်တော်ရဲ့ ခွန်အားလည်း အများကြီး တိုးပွားသွားသလို အခု သာမန်ကောင်းကင် အသျှင်တွေကိုတော့ အလွယ်တကူ အနိုင်ယူနိုင်မယ်လို့ ထင်ပါတယ်။
သုံးကြိမ်မြောက် အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်အောက်မှာရှိတဲ့ ဝိဇ္ဇာတွေ အများကြီး တစ်ခါထဲမလာသ၍ သူတို့နဲ့ တိုက်ခိုက်တဲ့အခါ အသာစီးရနေမှာ သေချာတယ်။”
ရှန်ထျန်းက သူ၏ ခန္ဓာကိုယ်ထဲရှိ အဆုံးမဲ့စွမ်းအင်ကို ခံစားလို့ရနေပြီး အချိန်မရွေး ထိုးဖောက်ထွက်လာနိုင်သည့် အရှိန်ပြင်းသော ရေစီးကြောင်းတစ်ခုလို ခံစားရစေသည်။
ရှန်ထျန်းက နတ်ဘုရားလောကမှာပင် အထွတ်အထိပ်အဆင့် ခန္ဓာတည်ဆောက်ပုံဟု သတ်မှတ်ခံထားရသည့် နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီး နိဗာန နယ်ပယ်အဆင့်သို့ ရောက်ရှိဖို့ပင် အခွင့်အရေးကို အရယူသွားသည်။ သူက ယခု သာမန်ဝိဇ္ဇာများနှင့် တိုက်ခိုက်နိုင်တော့မည် ဖြစ်သည်။
နေဦး…ငါက နိဗာန နယ်ပယ်အဆင့်ကို ရောက်သွားတာလား
ရှန်ထျန်း တစ်စုံတစ်ခုကို တွေးမိသွားသည့်အတွက် စိတ်လှုပ်ရှားသွားသည်။ သူက မဟူရာအလင်းကြေးမုံကို အလျင်အမြန်ထုတ်ယူကာ သူ၏ ချောမောသောမျက်နှာ …. အာ… ချောမောသောမျက်နှာ၏ အပေါ်ရှိ ရောင်ဝါစက်ဝန်းကို ကြည့်လိုက်သည်။
သူ၏ ရွှေရောင်တောက်တောက်အဖြစ် ရှိနေခဲ့သော ရောင်ဝါစက်ဝန်းက ဖျော့တော့သော ရွှေရောင်အဖြစ်သို့ ရောက်ရှိသွားသည်ကို သိလိုက်ရသည်။
သေစမ်း…
နယ်ပယ်အသစ်ကို ရောက်သွားလို့ ကံကျသွားတာက ဘာလို့ အရင်ကထက်ပိုပြီးတော့ များလာရတာလဲ
ရှုပ်ထွေးပွေလီ မီးစာကျမ်းက သာမန်မီးစာကျမ်းထက် စွမ်းအားကြီးလို့များလား
အော်… မဟုတ်သေးဘူး
ငါ့ရဲ့ ကံကြမ္မာ … ငါက တခြားသူတွေဆီက အခွင့်ကောင်းယူရင်း ရောင်ဝါ ရွှေရောင်တောက်တောက်ကို ရဖို့အတွက် အများကြီး ကြိုးစားခဲ့ရတာ…
အဆုံးသတ်တွင် သူ၏ ကံကြမ္မာစက်ဝန်းက အများကြီး လျော့ကျသွားသည့်အတွက် မျက်ရည်များ ကျလုဆဲဆဲ ဖြစ်သွားသည်။
အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင် နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ကြာပြာ ကောင်းကင်အသျှင်က ဘာလို့ ကံဆိုးစွာဖြင့် အဆုံးသတ်သွားရလဲဆိုတာကို ရှန်ထျန်း ယခု ပိုပိုပြီးတော့ နားလည်နိုင်လာပြီ ဖြစ်သည်။
မီးစာကျမ်းက ကောင်းကင်ဘုံ၏ ဖန်တီးမှုများကို ထိခိုက်အောင်လုပ်သော်လည်း ကံကြမ္မာကို လျော့ကျအောင် လုပ်သည့် အကျိုးသက်ရောက်မှုက သာမန်လူတစ်ယောက်အနေဖြင့် တောင့်ခံနိုင်သည့် ကိစ္စတစ်ခု မဟုတ်ပေ။
ရှန်ထျန်းက တခြားသူများ၏ ကံအပြောင်းအလဲ အခွင့်အရေးကို မျှယူပြီး သူ၏ ကံကြမ္မာကို မြှင့်တင်နိုင်သည်က ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။
ဒီလိုမဟုတ်ပါက အဆင့်တစ်ခု တက်သွားတိုင်း ကံကြမ္မာနိမ့်ကျသွားပါက သူ၏ ရောင်ဝါစက်ဝန်းသည်လည်း အနက်ရောင်သို့ ရောက်ရှိသွားနိုင်သည်။
သူ၏ ကံကြမ္မာက အနှေးနှင့် အမြန် တိုးလာမည်ဖြစ်သည့်အတွက် ခဏတာ ကံကျသွားသည်က စိုးရိမ်စရာ မဟုတ်ပေ။
ရှန်ထျန်း စိုးရိမ်သည်က သူ ကံကျသွားသည့်အချိန်တိုင်း ကံဆိုးမှုတစ်ခုနှင့် အမြဲတမ်း ကြုံတွေ့ရသည့်အတွက် ဖြစ်သည်။ ယခု ရွှေကျီးနတ်ဧကရာဇ် ဂူဗိမာန်တွင် သူ ကံကြမ္မာ ကျဆင်းသွားသည့်အတွက် သူ ကြောက်ရွံ့မိသည်။
“ လူအိုကြီးယဲ့ အခု ရွှေကျီးကိုးကောင်က ဘဝကူးပြောင်းသွားပြီဆိုတော့ ကံဆိုးမှုတွေ မရှိသင့်တော့ဘူး မဟုတ်လား”
ယဲ့ချန်းခန်က ပြုံးကာ ပြောလိုက်သည်
“ မစိုးရိမ်ပါနဲ့။ မီးစာကျမ်းကို ကျင့်ကြံတဲ့သူတွေက ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အမြဲတမ်း အသက်ရှင်ကြတယ်။ ကံဆိုးမှုတွေဖြစ်ဖို့ကလည်း အဲလောက်ထိ မလွယ်ကူပါဘူး”
“တကယ်လား”
ဤအဖိုးကြီးက သူ့ကို လမ်းမှားရောက်အောင် ခေါ်ဆောင်နေသည်ဟု ရှန်ထျန်း ခံစားလာမိသည်။
မီးစာကျမ်းကို ကျင့်ကြံတဲ့သူတွေမှာ ကောင်းမွန်တဲ့ အဆုံးသတ် မရှိတဲ့ပုံပဲ
ကြာပြာကောင်းကင်အသျှင်နဲ့ သူ့ရှေ့မှာရှိတဲ့ လူအိုကြီးက သိသာတဲ့ ဥပမာတွေပဲ မဟုတ်လား
ယဲ့ချန်းခန်ကိုလည်း နတ်ဘုရားလောကက သူတွေ နယ်မြေငါးခုထိ ရောက်အောင် ရိုက်နှက်လိုက်တယ်။ စစ်နတ်ဘုရား မျှော်နန်းဆောင်တောင် ကွဲအက်သွားတယ်ဆိုတော့ သူကလည်း လုံးဝ ကံကောင်းတဲ့ပုံမပေါ်ဘူး
ရှန်ထျန်း၏ သံသယ ရှိသောအကြည့်ကို သတိထားမိသွားသည့် ယဲ့ချန်းခန်က မြင်တွေ့ဖို့ခက်ခဲသည့် မြင်ကွင်းတစ်ခုဖြစ်သည့် မျက်နှာနီရဲသွားသော်လည်း အလျင်အမြန် ဖုံးကွယ်လိုက်သည်။
သူက ရှန်ထျန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်
“ ကျင့်ကြံတယ်ဆိုတာက ကံကြမ္မာကို ပြောင်းလဲအောင် လုပ်ရတာပဲ။ ယုတ္တိမရှိတဲ့ ကံတရားကို ဂရုစိုက်နေစရာ မလိုဘူး။
ငါ အနားမှာရှိနေရင်လည်း ဘာဒုက္ခမှ ဖြစ်လာစရာ အကြောင်းမရှိဘူး”
ဟုတ်တယ်…မှန်တယ်… ။ အနည်းဆုံးတော့ သေမျိုးလောကရဲ့ နယ်မြေငါးခုမှာ ငါ ကြောက်တာ ဘာမှမရှိဘူး
ထိုအတွေးကြောင့် ယဲ့ချန်းခန်၏ ယုံကြည်မှုက ပိုမိုခိုင်မာလာသည်။
“ ကျွန်တော်လည်း အဲလိုဖြစ်ဖို့ မျှော်လင့်ပါတယ်”
ရှန်ထျန်းက ပုခုံးတွန့်ပြကာ အနာဂတ်တွင် အခွင့်ကောင်းယူလို့ရမည့် ချစ်စရာကောင်းသော သိုးလေးများကို ရှာဖို့အတွက် ဆုံးဖြတ်လိုက်သည်။ သူ၏ ရောင်ဝါစက်ဝန်း ရွှေရောင်တောက်တောက် မဖြစ်ခင်အထိ သေချာပေါက် လူမသိသူမသိ နေဖို့ လိုအပ်သည်။
ရှန်ထျန်းက ခုန်ကာ အံ့ဖွယ်နေမင်း မီးပြင်းဖိုထဲမှ ထွက်လိုက်သည်။
အပြင်ဘက်လောကတွင်…
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၊ ကြာပြာ ကောင်းကင်အသျှင်နှင့် ရွှေကျီးနတ်ဧကရာဇ်တို့က စောင့်နေကြသည်။
အံ့ဖွယ်နေမင်း မီးပြင်းဖိုမှ လွှတ်ထုတ်လိုက်သော အရှိန်အဝါက ရှန်ထျန်း ပိုင်ဆိုင်သည်ဆိုတာကို သူတို့ သတိထားမိသည်။
ရွှေကျီးနတ်ဧကရာဇ်က ရှန်ထျန်းအနေဖြင့် အံ့ဖွယ်နေမင်း မီးပြင်းဖိုထဲရှိ နေမင်းအရည်အားလုံးကို စုပ်ယူနိုင်သည်အထိ အရည်အချင်းရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဝိုး…
ရှန်ထျန်းအနေဖြင့် ဆယ်ပုံပုံ တစ်ပုံကို စုပ်ယူနိုင်သည်ကပင် အရမ်းအံ့ဩဖို့ ကောင်းသည့်အရာဖြစ်သည်ဟု ရွှေကျီးနတ်ဧကရာဇ်က တွေးထားခဲ့သည်။
ထို့အပြင် နှစ်ပေါင်း ၈ သောင်းကြာ စုဆောင်းခဲ့ရသည့် နေမင်းအရည်ဖြစ်သည့်အတွက် သန့်စင်မှုကလည်း မြင့်မားသည်။
ဝိဇ္ဇာတစ်ပါးပင် တစ်ဝက်လောက် အသုံးပြုရုံဖြင့် ထိပ်ဆုံးသို့ ရောက်ရှိသွားနိုင်သည်။
ရှန်ထျန်းက ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူတစ်ယောက်ပဲလေ။ များပြားတဲ့ နေမင်းအရည်တွေကို စုပ်ယူသွားပြီးရင် သူ့ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် မယုံနိုင်စရာကောင်းလောက်တဲ့အဆင့်ထိ ရောက်သွားမှာလဲ
ရွှေကျီးနတ်ဧကရာဇ်တောင် မစဉ်းစားနိုင်ပေ။
တချို့လူများ၏ အရည်အချင်းက သာမန်လူများ စိတ်ကူးယဉ်နိုင်သော အရာမဟုတ်ဘူးဟုသာ ပြောနိုင်မည် ဖြစ်သည်။
သိပ်မကြာခင်တွင် ရှန်ထျန်းက ရွှေရောင်အလင်းတန်းနှင့်အတူ အားလုံး၏ ရှေ့သို့ ထွက်ပေါ်လာသည်။
“ ကောင်းတယ်။ မင်းရဲ့ အံ့ဩစရာအရည်အချင်းတွေကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ မင်း…မင်းက နေမင်းအရည် အားလုံးကို တကယ်ပဲ စုပ်ယူနိုင်တာပဲ။
မင်းရဲ့ ရွှေရောင်ကိုယ်ထည်ကို ထပ်မံ ပြောင်းလဲပြီး မင်းရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပြီး သန်မာအောင် လုပ်လိုက်တော့ မင်းက ပိုပြီးတော့တောင် ချောလာသလိုပဲ။ မင်းက ငါ ငယ်ငယ်တုန်းကထက်တောင် နည်းနည်း ပိုချောနေတယ်”
ရွှေကျီးနတ်ဧကရာဇ်က ရှန်ထျန်း၏ အရည်အချင်းကြောင့် အံ့ဩမှင်သက်နေသည်။
သူက ရှန်ထျန်း၏ ပြောင်းလဲမှုကို အာရုံခံနိုင်သည်။
ရှုပ်ထွေးပွေလီ မီးစာကျမ်းက နတ်ဘုရားအသိစိတ်အားလုံးကို တားမြစ်ထားသည့်အတွက် ဘယ်သူမှ ရှန်ထျန်း၏ အရှိန်အဝါကို ထိုးဖောက်တာမျိုး မလုပ်နိုင်သော်လည်း ရှန်ထျန်း၏ ထုတ်ဖော်ထားသော အသားအရည်က ယခင်နှင့် မတူတော့သည်ကို သိရှိနိုင်သည်။
အံ့ဖွယ်နေအလင်းဖြင့် လွှမ်းခြုံခြင်းခံထားရသော သူ့ ခန္ဓာကိုယ်က ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသည်။
ရှန်ထျန်းကို ကြည့်ရတာ ဖြောင့်မတ်ပြီး သိမ်မွေ့သည့်ပုံပေါ်ကာ နတ်ဘုရားလောကမှ ဆင်းသက်လာသည့် ကောင်းကင် ထာဝရအရှင်တစ်ပါးအသွင်ကို ဆောင်နေသည်။
ရှန်ထျန်းက ဘာပြောရမယ်မှန်းမသိဖြစ်နေသည်။
အခုထိတောင် ဒီငှက်အိုကြီးက အရှက်မရှိ ကြွားလုံးထုတ်နေတုန်းပဲ
ဒါပေမဲ့ “ လက်ဆောင်က အမြင်အာရုံကို ချို့တဲ့စေတယ်”ဆိုတဲ့အတိုင်းပဲ
သူက နေမင်းအရည်အားလုံးကို ခန်းခြောက်အောင် စုပ်ယူလိုက်မှတော့ အနည်းဆုံးတော့ ရွှေကျီးနတ်ဧကရာဇ်ကို အဲလိုမျိုးတွေ ပြောခွင့်ပြုတာက မှန်ပါတယ်
ရှန်ထျန်းက လက်အုပ်ချီကာ ရိုးသားစွာ ကျေးဇူးတင်လိုက်သည်
“ စီနီယာရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်နော်”
နေမင်းအရည်ကြောင့်သာ မဟုတ်ပါက သူ အလျင်အမြန်ဖြင့် နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ကို ရောက်ပြီး မွေးရာပါ ရှုပ်ထွေးပွေလီ ခန္ဓာကို ရရှိစရာအကြောင်း မရှိပေ။
သို့သော် နိဗာန နယ်ပယ်အဆင့်ကို ရောက်ရှိသွားသည့်အတွက် ရှန်ထျန်း၏ ကံကြမ္မာကျဆင်းသွားသော်လည်း သူ့ဆရာ၊ ဆရာဦးလေးနှင့် ရွှေကျီးနတ်ဧကရာဇ်တို့ပါ အနားမှာ ရှိနေသည့်အတွက် အန္တရာယ်ကျစရာအကြောင်း မရှိပေ။
မူလကတည်းက ခမ်းနားကြီးကျယ်လှသော ရွှေကျီးနတ်ဧကရာဇ်က အချိန်မရွေး ကွယ်ပျောက်နိုင်သလိုမျိုး ထိုးဖောက်မြင်လို့ရသည်ကို ရှန်ထျန်း ရုတ်တရက် ရှာဖွေတွေ့ရှိသွားသည်။
“ စီနီယာရဲ့ ခန္ဓာကိုယ်က…”
ရှန်ထျန်းလည်း မတတ်နိုင်တော့ပဲ ရွှေကျီးနတ်ဧကရာဇ်ကို အသိပေးလိုက်သည်
“ ကျွန်တော်ဆီမှာ သုံးရောင်ခြယ် အံ့ဖွယ်ရေစင်နဲ့ နိဗာနတော်ဝင်ရေစင်တွေ ရှိသေးတယ်။ အဲဒါတွေက စီနီယာအတွက် အသုံးဝင်နိုင်မလား”
ရွှေကျီးနတ်ဧကရာဇ်က ပြုံးကာ ပြောလိုက်သည်
“ ဟုတ်ပြီ။ ငါ့ရဲ့ လုပ်ဆောင်မှုကို ပြီးပြည့်စုံအောင် လုပ်ပြီးသွားပြီ။ အခု ငါ့ရဲ့ဝိညာဉ်ကို ကောင်းကင်နဲ့ မြေကြီးဆီ ပြန်ပေးဖို့ အချိန်ပဲ။
အမှန်အတိုင်းပြောရရင် နှစ်ပေါင်း ၈ သောင်းကြာအောင် တိုက်ခိုက်ရတာ တကယ်ကို ပင်ပန်းနေပြီ။
အားလုံးကို မေ့ပြီးတော့ ဘဝအသစ်ဆီသွားရင် နောက်ဘဝမှာ ဒီထက်မြင့်တဲ့ နေရာကိုရောက်ပြီးတော့ ဒီထက်ပိုမြင့်တဲ့ နေရာကနေ အားလုံးကို ကြည့်လို့ရတယ်။
ငါတို့သာ ကံစပ်ရင် နောက်ဘဝမှာ ပြန်တွေ့လို့ရပါတယ်”
ရွှေကျီးနတ်ဧကရာဇ်၏ အသံတွင် စိတ်သက်သာရာရမှုတို့ ပါဝင်နေသည်။
သူ၏ စစ်မှန်သော ဝိညာဉ်က တောက်ပသော အလင်းတန်းကို ထုတ်လွှတ်ကာ ရွှေနီရောင်တံခါးကြီးက အားလုံး၏ ရှေ့တွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ထိုအရာက ပြန်လည်ဝင်စားခြင်း မုခ်ဝ ဖြစ်သည်။ ရွှေကျီးနတ်ဧကရာဇ်က မသန့်စင်သောအရာများကို သန့်စင်ကာ ဘဝအသစ်စတင်ဖို့အတွက် ပြန်လည်ဝင်စားနိုင်မည် ဖြစ်သည်။
ထိုအရာက သူ၏ ကျင့်ကြံစဉ်နှင့် မှတ်ဉာဏ်များအားလုံးကို ဆုံးရှုံးသွားသည်ဟု ဆိုလိုသော်လည်း ရွှေကျီးနတ်ဧကရာဇ်ကဲ့သို့သော တည်ရှိမှုမျိုးအတွက် သေခြင်းရှင်ခြင်းက ဘာမှ အရေးမပါတော့ပေ။ သူ ပြန်လည်ဝင်စားဖို့ မပြင်ဆင်ခင် ကလေးကိုးယောက်ကို တွေ့လိုက်နိုင်သည်အတွက် စိတ်အေးသွားသည်။
သူ၏ ခမ်းနားသောပုံရိပ်က ရွှေနီရောင်တံခါးပေါက်သို့ ဖြည်းဖြည်းချင်း တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က နတ်ဧကရာဇ်ကို အရိုအသေပေးရင်း ပြောလိုက်သည်
“ ကျွန်တော်တို့ နတ်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်”
ကြာပြာကောင်းကင်အသျှင်က ဒီတစ်ခါတော့ ပြက်လုံးတွေ မလုပ်ခဲ့ဘူး။ ဘယ်လောက်တောင် ရှားပါးတဲ့ မြင်ကွင်းလဲ။ သူ့ရဲ့ ရွှေတုတ်ကို ဘေးမှာထားပြီးတော့ “ကျွန်တော်တို့ နတ်ဧကရာဇ်ကို နှုတ်ခွန်းဆက်သပါတယ်” လို့ပြောပြီး ဂါရဝပြုနေခဲ့တယ်
ရှန်ထျန်းကလည်း ဂါရဝပြုဖို့ ပြင်နေစဉ် ယဲ့ချန်းခန်က စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်
“ မဟုတ်သေးဘူး … တစ်ခုခု ထူးဆန်းနေတယ်”
ဝုန်း…
ထိုရွှေနီရောင် ဂိတ်တံခါးက ရုတ်တရက် ပြိုလဲသွားကာ ရွှေကျီးနတ်ဧကရာဇ်၏ ဘေးပတ်လည်ရှိ ရွှေနီရောင် အလင်းတန်းက ပြင်းထန်စွာ စတင် တုန်ခါသွားသည်။
နှောင့်ယှက်သော အရှိန်အဝါတစ်ခုက ရွှေကျီး ဂူဗိမာန်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားလေသည်။