အမတ်ချုပ်ကြီး၊ အဲ့ဒါ အရှင်မင်းကြီးဆိုတာသေချာရဲ့လား
Vol. 9 Ch. 130
ရင်ပြင်၏ထောင့်တွင် ရပ်နေသော စစ်သူကြီးတစ်ဦးသည် လိုကျစ်ကွေ့ထံသို့ လျှောက်လာပြီး သူ၏နားထဲသို့ တိုးတိုးလေး သတင်းပို့သည်။
"လူ ၃,၀၀၀ ရောက်နေပါပြီ။ မြို့တော်ရဲ့ စစ်တပ်တွေက နန်းတော်ရဲ့ ရှေ့တံခါးတွေကို သူတို့ရဲ့တပ်ဖွဲ့တွေ၊ မြင်းတွေနဲ့ ဝိုင်းထားတယ်။ အင်အား ၅,၀၀၀ လောက်ရှိမယ်။"
လိုကျစ်ကွေ့က သူနားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"အမတ်ချုပ်ကြီးက ဘေးတံခါးတွေကိုလည်း ပိတ်ဆို့ထားဖို့ ဖြစ်နိုင်ခြေများတယ်။ စစ်သေနာပတိချုပ်၊ ကျွန်တော်တို့ရဲ့ နည်းပါးလှတဲ့အင်အားနဲ့ အရှင်မင်းကြီးကို ကာကွယ်ပြီး ဘယ်လိုလုပ် တိုက်ထွက်နိုင်မှာလဲ။"
စစ်သူကြီး၏အသံသည် စိုးရိမ်မှုကြောင့် ပို၍ကျယ်လာသည်။
လိုကျစ်ကွေ့ကသူ၏လက်အောက်ငယ်သားကို လှည့်၍ ပြုံးပြလိုက်ပြီး သူ၏လေသံမှာ လုံးဝပုံမှန်အတိုင်းပင် ဖြစ်သည်။
"ငါတို့က မြို့တစ်မြို့ကို တိုက်ခိုက်နေတာ ဒါမှမဟုတ် နယ်မြေတွေကို လုယက်နေတာမှ မဟုတ်တာ။ လူအများကြီး ဘာလို့လိုမှာလဲ။ အချိန်တန်ရင် လွတ်မြောက်ဖို့လမ်းကြောင်းတစ်ခု ဖောက်ထွက်နိုင်အောင်လုပ်ရုံပဲ။”
စစ်သူကြီးသည် လိုကျစ်ကွေ့၏ စကားကြောင့် အံကြိတ်လိုက်သည်။ မှန်ပေသည်။ ဤသည်မှာ သူတို့ မြောက်ပိုင်းဟူတို့နှင့် ရင်ဆိုင်ခဲ့ရသော စစ်မြေပြင်များထက် ပို၍သေးငယ်သော စစ်မြေပြင်တစ်ခုသာ ဖြစ်သည်။ ၎င်းသည် သီးခြားတပ်ဖွဲ့တစ်ခု၏ ထိုးစစ်တစ်ခုမျှသာ မဟုတ်လော။
"အချက်ပြမြှားတွေကို လွှတ်လိုက်။"
လိုကျစ်ကွေ့က စစ်သူကြီး၏ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။ စစ်သေနာပတိချုပ်က ခေါင်းညိတ်ပြီး လျင်မြန်သောခြေလှမ်းများဖြင့် လှည့်ထွက်သွားသည်။
အမတ်ချုပ်ကြီးရှဲ့သည် ထိုအရာအားလုံးကို အေးစက်စွာ စောင့်ကြည့်နေသည်။ သူသည် နဉ်ယွီနှင့် လိုကျစ်ကွေ့တို့ ငြိမ်ငြိမ်ထိုင်၍ သေခြင်းကို စောင့်ဆိုင်းနေမည်မဟုတ်ကြောင်း သိသည်။ သို့သော် သူတို့ပြုလုပ်ခဲ့သော မည်သည့်အစီအစဉ်မဆို ယခုအခါ အသုံးမဝင်တော့ပေ။
နဉ်ယွီသာ ထိုတွင်းထဲသို့ ကျသွားလျှင် သူမရှင်သန်ရန် အခွင့်အရေးမရှိတော့ပေ။ ထိုကဲ့သို့သော သေမင်းထောင်ချောက်ထဲတွင် အလောင်းများပင် တည်ရှိနိုင်မည်မဟုတ်ပေ။ အဆိပ်မှုန့်နှင့် ထိတွေ့သော မည်သည့်အရာမဆို အရိုး၊ အသားအားလုံး အရည်ပျော်သွားမည်ဖြစ်သည်။ သင်သည် မသေမျိုးတန်ခိုးရှင်တစ်ဦးဖြစ်နေပါစေ အရည်ပျော်သွားခြင်းမှ ရှောင်ရှားရန် ခက်ခဲလိမ့်မည်။ နဉ်ယွီ၊ မင်းက အစွမ်းထက်နိုင်တာမှန်ပေမယ့် အဲ့လိုတန်ခိုးရှင်တွေထက် ပိုပြီးများအစွမ်းထက်နိုင်မှာတဲ့လား။
လိုကျစ်ကွေ့သည် လမ်းဖယ်ပေးလိုက်သည်။ အမတ်ချုပ်ကြီးရှဲ့သည် လှေကားထစ်များပေါ်သို့ ဆက်လက်တက်လှမ်းသွားပြီး လိုကျစ်ကွေ့က သူ၏နောက်မှ အနီးကပ်လိုက်ပါသွားသည်။
"စစ်သေနာပတိချုပ်၊ စစ်သားတွေက ဒီလှေကားထစ်တွေပေါ်ကို တက်ခွင့်မရှိဘူး။ စည်းကမ်းတွေကို မသိဘူးလား။"
လိုကျစ်ကွေ့၏အသံသည် အေးစက်နေသည်။
"ကျွန်တော်က အရှင်မင်းကြီးကို မေးခွန်းတစ်ခုပဲ မေးချင်တာပါ၊ အမတ်ချုပ်ကြီးကို နန်းတော်ထဲဝင်ဖို့ အမိန့်ပေးခဲ့သလားဆိုတာကိုပါ။"
"ဒီအဘိုးကြီးက မင်း နတ်ဘုရားတွေနဲ့ ဘိုးဘေးတွေကို စော်ကားမိရင် ကိုယ့်ကိုယ်ကို ရှင်းပြနိုင်မှာမဟုတ်မှာကို စိုးရိမ်တယ်။ ဒီအဘိုးကြီးက ထွက်ပြေးမှာမှ မဟုတ်တာ။ မဟာယဇ်ပူဇော်ပွဲပြီးမှ အရှင်မင်းကြီးကို မေးရင်လည်း နောက်မကျပါဘူး။"
အမတ်ချုပ်ကြီးရှဲ့က လိုကျစ်ကွေ့၏ အကျိုးစီးပွားကို စိတ်ဝင်စားဟန်ဆောင်လိုက်သည်။
"ကျွန်တော်သာ နတ်ဘုရားတွေကို စော်ကားမိရင် အပြစ်ဖြေဖို့အတွက် သေရွာကို သွားဖို့ဆန္ဒရှိပါတယ်။ အမတ်ချုပ်ကြီးအနေနဲ့ ဒီကိစ္စတွေအတွက် စိတ်ပူစရာမလိုပါဘူး။"
လိုကျစ်ကွေ့က အေးစက်တည်ငြိမ်စွာ ဆိုသည်။
အမတ်ချုပ်ကြီးရှဲ့က ပြုံးလျက် ‘ကောင်းပြီ’ ဟု ခေါင်းညိတ်ပြီး လိုကျစ်ကွေ့ကို နောက်ထပ်စကားမပြောတော့ပေ။
မယ်တော်ကြီးရှဲ့သည် လှေကားထစ်များ၏ ထိပ်တွင် ရပ်နေသည်။ နဉ်ရှောင်ယောင်းသည် သူမ၏တည်ရှိမှုကို လုံးဝလျစ်လျူရှုထားခဲ့သည်။ ယခု သူမအဖေ လှေကားထစ်များပေါ်သို့ တက်လာသည်ကို မြင်သောအခါ သူမ၏နှလုံးသည် ပြန်လည်တည်ငြိမ်သွားသည်။ အကြီးအကဲလီသည် အမတ်ချုပ်ကြီးရှဲ့၏ ရှေ့တွင်ရပ်ကာ တင်းမာသောမျက်နှာထားဖြင့် နောက်ဆုံးတွင် လမ်းကို ပိတ်ဆို့လိုက်သည်။
"ခင်ဗျား ဘာလို့ ဒီကိုရောက်နေတာလဲ။"
အမတ်ချုပ်ကြီးရှဲ့သည် လိုကျစ်ကွေ့နှင့် ပြောဆိုခဲ့သော စကားဝိုင်းကို ပြန်လည်ပြောပြလိုက်သည်။ ထိုအခါ အကြီးအကဲလီ၏ ခေါင်းသည် လိုကျစ်ကွေ့ထံသို့ လှည့်သွားသည်။ သူတို့သည်အရှင်မင်းကြီး၏အမိန့်တော်များအပေါ် တိုက်ရိုက်မေးခွန်းမထုတ်နိုင်ပေ။ ပြီးတော့ အမတ်ချုပ်ကြီးရှဲ့က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရဲတင်းရတာလဲ။
အမတ်ချုပ်ကြီးရှဲ့က မယ်တော်ကြီးရှဲ့ကို ကြည့်လိုက်ရာ သူမက ခေါင်းခါပြသည်။ သူမ၏ဆိုလိုရင်းမှာ ဘိုးဘေးခန်းမမှ မည်သည့်ဆူညံသံကိုမျှ မကြားရသေးကြောင်း ဖြစ်သည်။
ဝှစ်!
အချက်ပြမြှားအချို့ လေထဲသို့ ပျံတက်သွားပြီး ၎င်းတို့၏ စူးရှသောအသံသည် လူတိုင်း၏နားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ စုဝေးနေသောလူအုပ်သည် ထိုအသံကြောင့် မငြိမ်မသက်ဖြစ်လာကြသည်။ တိုက်ပွဲတစ်ခု ဖြစ်ပွားတော့မည်လော။ နေကို တိမ်ထုကြီးများက ဖုံးလွှမ်းသွားပြီး နေ့ခင်းဘက်သည် မှုန်မှိုင်းသော မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ မုန်တိုင်းတိမ်များသည် ယုံနင်၏မြို့တော်အတွက် မကောင်းသောနိမိတ်များကို သယ်ဆောင်လာပုံရသည်။
မြောက်ဘက်တံခါးများတွင် ဖန်းထန်သည် အချက်ပြသံကိုကြားပြီး သူ၏လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ ရိုက်ခွဲလိုက်သည်။ ခြေလှမ်းအနည်းငယ်ဖြင့် သူသည် မြို့တံခါးများသို့ ရောက်ရှိသွားပြီး သူ၏လေးကို မြှောက်ကာ ဝင်ပေါက်ကို စောင့်ကြပ်နေသော စစ်သေနာပတိချုပ်ကို ချိန်ရွယ်လိုက်သည်။ သူ၏အမိန့်အောက်ရှိ တော်ဝင်အစောင့် ၅၀၀ သည် တံခါး၏ညာဘက်ခြမ်းရှိ လမ်းကြားတစ်ခုတွင် ပုန်းအောင်းနေကြသည်။
ယခုအခါ သူတို့သည် မှောက်လှန်ထားသော ပုရွက်ဆိတ်အုံကဲ့သို့ ကင်းမျှော်စင်သို့ တက်သည့် လှေကားထစ်များပေါ်သို့ အုံလိုက်ကျင်းလိုက် တက်သွားကြသည်။ မြို့တော်၏စစ်သားများသည် ယနေ့မြို့တံခါးများတွင် မငြိမ်မသက်မှုများ ဖြစ်ပွားမည်ဟု ကြိုတင်သတိပေးခံထားရသောကြောင့် တိုက်ခိုက်မှု၏ ပထမဆုံးလက္ခဏာတွင် ဓားများကို ဆွဲထုတ်ပြီး ပြန်လည်တိုက်ခိုက်ကြသည်။ ချက်ချင်းပင် မြို့တော်အတွင်း၌ တိုက်ပွဲများ ဖြစ်ပွားလာပြီး တိုက်ပွဲသံများ လေထုထဲတွင် ပြည့်နှက်သွားလေသည်။
မြောက်ဘက်တံခါးအနီးရှိ မြို့သူမြို့သားများသည် ဤမြင်ကွင်းကို မြင်သောအခါ ရှုပ်ထွေးစွာ ထွက်ပြေးကြရုံသာ တတ်နိုင်သည်။ ထိုအခြေအနေသည် ကူးစက်ရောဂါကဲ့သို့ မြောက်ဘက်တံခါးမှ မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ဤသို့ဖြစ်ပျက်နေချိန်တွင် သခင်မငယ်ဝမ်သည် လောင်ဟော့ထံမှ ကြွေပုလင်းငယ်တစ်လုံးကို လက်ခံယူနေပြီး ထို့နောက် သူက မှောင်မိုက်သောထောင့်တစ်ခုသို့ ဆုတ်ခွာသွားကာ သူ၏မျက်လုံးများသည် သခင်မငယ်ဝမ်ကို စိုက်ကြည့်နေသည်။
သခင်မငယ်ဝမ်သည် တုန်ယင်နေသောလက်ချောင်းများဖြင့် ပုလင်းကို သူမ၏လက်စွပ်ထဲသို့ ထည့်လိုက်ပြီးနောက် လှေကားထစ်များပေါ်သို့ ယိမ်းယိုင်စွာ တက်သွားကာ အမတ်ချုပ်ကြီးရှဲ့၏ စံအိမ်ဘေးတံခါးများကို ခေါက်လိုက်သည်။ သူမခေါက်လိုက်သည့်အချိန်တွင် မယ်တော်ကြီးရှဲ့က လိုကျစ်ကွေ့ကို တင်းမာသောအသံဖြင့် မေးခွန်းထုတ်လိုက်သည်။
"လိုကျစ်ကွေ့၊ မင်း ဘာလုပ်နေတာလဲ။"
လိုကျစ်ကွေ့သည် လေးစားမှုကင်းမဲ့စွာဖြင့် ဆိုသည်။
"ကျွန်တော်မျိုးက မယ်တော်ကြီးကို အဲ့ဒီမေးခွန်းအတိုင်းပဲ မေးချင်ပါတယ်။ မယ်တော်ကြီး ဘာလုပ်နေတာလဲ။"
ယင်းဖုန်းနှင့် ကျန်သူများသည် သူတို့ထံသို့ ချဉ်းကပ်လိုသော်လည်း အားကောင်းပြီး မရင်းနှီးသောလူအချို့၏ တားဆီးခြင်းကို ခံလိုက်ရသည်။
"မင်း အဲ့ဒီစစ်သားတွေကို ဘိုးဘေးခန်းမရဲ့ လှေကားထစ်တွေဆီကို ခေါ်လာခဲ့တယ်။ လိုကျစ်ကွေ့၊ မင်းမှာ ဘယ်လောက်တောင် သတ္တိရှိနေလဲ။ အိုက်ကျားက မင်းကို ပုန်ကန်ဖို့ စီစဉ်နေတယ်လို့ပဲမြင်တယ်။"
မယ်တော်ကြီးရှဲ့က လိုကျစ်ကွေ့၏နောက်တွင် ရပ်နေသော စစ်သူကြီးအနည်းငယ်ကို ညွှန်ပြရင်း အသံမြှင့်လိုက်သည်။
လိုကျစ်ကွေ့သည် ဘေးချင်းယှဉ်ရပ်နေသော ရှဲ့သားအဖကို ကြည့်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။
"အဲ့တော့ ဘာဖြစ်လဲ။ မယ်တော်ကြီးကကျွန်တော်မျိုးကို သေဒဏ်ပေးချင်သေးတာလား။"
မယ်တော်ကြီးရှဲ့က လှေကားထစ်များ၏ ဘေးနှစ်ဖက်တွင် တန်းစီနေသော မိန်းမစိုးများကို အမိန့်ပေးလိုက်သည်။
"မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ။ လိုကျစ်ကွေ့ကို အိုက်ကျားအတွက် ဖမ်းဆီးလိုက်ကြစမ်း။"
ဓားများဆွဲထုတ်သံများ ထွက်ပေါ်လာပြီး အနက်ရောင်နှင်းခဲမြင်းတပ်မှ စစ်သူကြီးများအားလုံး ဓားများကို ထုတ်ကိုင်လိုက်ကြသည်။ ထိုလက်နက်များကို မြင်သောအခါ လှေကားထစ်များကို စောင့်ကြပ်နေသော မိန်းမစိုးများလည်း ဓားများကို တစ်လှည့်စီ ထုတ်ယူလိုက်ကြသည်။ နှစ်ဖက်စလုံးသည် လှေကားထစ်ပေါ်တွင် မျက်နှာချင်းဆိုင် ရင်ဆိုင်ရန် အသင့်ပြင်ထားကြသည်။ ယခုအခါ နက္ခတ်ဗေဒင်ပညာရှင်ခုနစ်ဦးသည် ဘုရားကျောင်းတံခါးဝတွင် အုပ်စုဖွဲ့နေကြသည်။ နောက်ဆုံးတွင် အရှင်မင်းကြီးက သူတို့ နောင်တရမည်ဟု အဘယ်ကြောင့် ပြောခဲ့သည်ကို သူတို့နားလည်သွားကြသည်။ အကယ်၍ ထိုအုပ်စုနှစ်ခု ယခုတိုက်ခိုက်ကြလျှင်…
ကယ်ကြပါဦး။ ကျွန်တော်တို့ အဲ့ဒီအိုးအဖုံးတွေ တကယ်လိုအပ်နေပြီ ဝူးဝူး။
အကြီးအကဲလီသည် သူ၏တပည့်များကို နောက်တွင်ကာကွယ်ရင်း ရှေ့သို့တက်လှမ်းကာ သူ၏လက်ကို လိုကျစ်ကွေ့၏ ဓားကိုင်ထားသောလက်ပေါ်တွင် ဖိထားလိုက်သည်။ သူ၏လေသံသည် နိမ့်ကျပြီး တည်ကြည်နေသည်။
"ငါတို့ အရှင်မင်းကြီးကို အရင်ဆုံး အပြင်ထွက်ခိုင်းလိုက်ရင် မကောင်းဘူးလား။"
လူတိုင်းသည် နက္ခတ်ဗေဒင်ပညာရှင်ချုပ်ကို စိုက်ကြည့်လိုက်ကြရာ သူက တံတွေးမျိုချလိုက်သည်။ သူသည် အခက်အခဲများစွာဖြင့် သူ၏တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီး ဆိုသည်။
"အချိန်မတန်သေးဘူး။ အရှင်မင်းကြီးက ဘိုးဘေးခန်းမကနေ ထွက်ခွာလို့မရသေးဘူး။"
"ဒါဆို ငါတို့က ဒီအတိုင်းပဲ စောင့်နေရမှာလား။"
အနက်ရောင်နှင်းခဲမြင်းတပ်မှ တစ်ဦးက ဒေါသတကြီး မေးသည်။
နက္ခတ်ဗေဒင်ပညာရှင်ချုပ်က အလျင်အမြန် ခေါင်းခါလိုက်သည်။
"အချိန်ကျမှပဲ အရှင်မင်းကြီး ထွက်လာလို့ရမှာပါ။"
ဘိုးဘေးခန်းမ၏ အပြင်ဘက်တွင် လက်နက်များ ထုတ်ကိုင်ထားပြီးဖြစ်သည်။ အကယ်၍ အရှင်မင်းကြီး အမှန်တကယ် ထွက်လာလိုလျှင် မည်သူမျှတားဆီးမရပေ။
နက္ခတ်ဗေဒင်ပညာရှင်ချုပ်သည် တဖြည်းဖြည်း အခြေအနေကို နားလည်လာသလို ခံစားလိုက်ရသည်၊ ၎င်းမှာ အရှင်မင်းကြီးသည် မိမိကိုယ်ကို ထုတ်ဖော်ရန် သတ္တိမရှိခြင်းပင်ဖြစ်သည်။
"ကျွန်တော်မျိုးက အရှင်မင်းကြီးကို ဘိုးဘေးခန်းမကနေ ထွက်တော်မူဖို့ ရိုသေစွာ တောင်းပန်အပ်ပါတယ်။"
အကြီးအကဲလီက ပိတ်ထားသောတံခါးများကို အသံမြှင့်၍ ပြောလိုက်သည်။
လှေကားထစ်များထိပ်ရှိ အမတ်များနှင့် အရာရှိအမျိုးမျိုးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း ဆိုလိုက်ကြသည်။
"ကျွန်တော်မျိုးတို့ အရှင်မင်းကြီးအား ဘိုးဘေးခန်းမမှ ထွက်တော်မူပါရန် ရိုသေစွာ တောင်းပန်အပ်ပါတယ်။"
တုံ့ပြန်မှုအဖြစ် တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ရှိနေသည်။ ဘိုးဘေးခန်းမထဲတွင် မည်သူမျှမရှိသကဲ့သို့ပင်။
"အရှင်မင်းကြီး။"
အကြီးအကဲလီက ထပ်မံအော်ဟစ်လိုက်သည်။ အဘယ်ကြောင့် အမတ်ချုပ်ကြီးရှဲ့က နန်းတော်သို့ ရောက်ရှိနေရသနည်း။ ရှဲ့သားအဖက အရှင်မင်းကြီးကို ထပ်မံလိမ်လည်လှည့်ဖြားခဲ့လေသလား။ အကြီးအကဲလီ ဆက်လက်စဉ်းစားလေလေ ဖြစ်နိုင်ခြေသည် ပိုမိုကြီးမားလာလေလေဖြစ်သည်။ သို့မဟုတ်လျှင် ရှဲ့ဝမ်ယွမ်သည် ထိုသို့သော ရဲရင့်မှုကို ဘယ်ကနေများရလာမှာလဲ။ ထိုသို့သော မိမိကိုယ်ကို ယုံကြည်မှုကို ဘယ်လိုများရှိနေနိုင်ရတာလဲ။
"ငါတို့ ဘာလုပ်ရမလဲ။"
စစ်သူကြီးတစ်ဦးက လိုကျစ်ကွေ့ကို လေသံတိုးတိုးဖြင့် မေးသည်။
"ငါတို့ အတွင်းကို တိုက်ဝင်သင့်လား။"
"ငါတို့ ရှဲ့ဝမ်ယွမ်နဲ့ မယ်တော်ကြီးကို ဓားစာခံအဖြစ် ဖမ်းထားလို့ရတယ်။ သူတို့ ငါတို့လက်ထဲမှာရှိရင် မြို့တော်ထဲကနေ တိုက်ထွက်ဖို့ လွယ်ကူသွားမှာပဲ။"
အခြားစစ်သူကြီးတစ်ဦးက အကြံပြုသည်။
"ငါ့အမြင်အရတော့ ငါတို့ သူတို့နှစ်ယောက်လုံးကို သတ်ပစ်သင့်တယ်။"
လိုကျစ်ကွေ့၏ ညာဘက်မှ စစ်သူကြီးက တိုးတိုးလေး ရေရွတ်လိုက်သည်။
"သူတို့ကို ဓားနဲ့ထိုးပြီး သတ်ပလိုက်ကြမယ်။ “
လိုကျစ်ကွေ့သည်သူ၏လက်အောက်ငယ်သားများကို တိတ်ဆိတ်ရန် လက်မြှောက်အချက်ပြပြီးနောက် အကြီးအကဲလီကို စကားပြောလိုက်သည်။ အဘိုးကြီးသည် သူ၏လက်ကို ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်သည်။
"အရှင်မင်းကြီး အန္တရာယ်ကျရောက်နေနိုင်တယ်။ အခြေအနေက အန္တရာယ်များလာရင် ကျွန်တော် အရှင်မင်းကြီးကို ခေါ်ထုတ်သွားမယ်။"
အကြီးအကဲလီသည် လိုကျစ်ကွေ့ကို ကြည့်လိုက်ရာ သူ၏နှလုံးသည် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းများဖြင့် လှုပ်ခတ်နေသည်။ သို့သော် သူ၏မျက်နှာအမူအရာသည် ငြိမ်သက်နေသော ရေကန်ကဲ့သို့ တည်ငြိမ်နေသည်။
"အန်းယွမ်ကို ပြန်မှာလား။"
လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။
"ရှဲ့ဝမ်ယွမ်က အကြောင်းရင်းပဲလား။"
တစ်ဖန် စစ်သေနာပတိချုပ်လို ခေါင်းညိတ်လိုက်သည်။
အကြီးအကဲလီက သူ၏လက်ကို ပြန်ရုပ်သိမ်းပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"မင်း အရှင်မင်းကြီးကို သေချာပေါက် ကူညီနိုင်မယ်လို့ ယုံကြည်ရဲ့လား။"
"မသေချာဘူး။ ဒါပေမဲ့ ကျွန်တော်မသေသရွေ့တော့ အရှင်မင်းကြီးကို ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်စေရဘူး။"
အကြီးအကဲလီက တွန့်ဆုတ်ပြီးနောက် ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။
"နောက်ပိုင်း ကျွန်တော် ဘာပဲပြောပြော အကြီးအကဲလီက ကျွန်တော့်ကို သံသယမဝင်ဖို့ တောင်းဆိုပါတယ်။"
လိုကျစ်ကွေ့က နောက်ဆက်တွဲပြောသည်။ အကယ်၍ နောက်ပိုင်းတွင် နဉ်ရှောင်ယောင်းနှစ်ယောက် ရုတ်တရက် ပေါ်လာလျှင် အကြီးအကဲလီနှင့် သူ၏အုပ်စုသည် မည်သည့်အုပ်စုကို ယုံကြည်ကြမလဲ။
"အဖေ၊ ဒီတစ်ခါ လုံးဝယုံကြည်စိတ်ချရဲ့လား။"
အကြီးအကဲလီက လိုကျစ်ကွေ့ကို စကားပြောနေချိန်တွင် မယ်တော်ကြီးရှဲ့က အမတ်ချုပ်ကြီးရှဲ့ကို မေးခွန်းထုတ်နေသည်။
"မယ်တော်ကြီး စိတ်အေးအေးထားပါ။ တစ်ခုခုမှားယွင်းသွားရင် မယ်တော်ကြီးက ကိုယ့်ကိုယ်ကိုအတွက်ပဲ စဉ်းစားဖို့လိုတယ်။"
"အဖေ ဒါက ဘာကိုဆိုလိုတာလဲ။"
မယ်တော်ကြီးရှဲ့က အလျင်အမြန် မေးသည်။ အဖေက ငါတို့ကြားမှာ ရှင်းလင်းတဲ့မျဉ်းတစ်ကြောင်း ဆွဲချင်နေတာလား။ သူမသည် သတိထားစောင့်ကြည့်လာသည်။
အမတ်ချုပ်ကြီးရှဲ့က ပြုံးလိုက်သည်။
"ကျွန်တော်မျိုးက မယ်တော်ကြီးကို ဘာမှမဖြစ်စေချင်ရုံလေးပါပဲ။"
အကယ်၍ ထိုအသိဉာဏ်မဲ့သောလူမိုက် အမှန်တကယ် ဧကရာဇ်ဖြစ်လာလျှင် နဉ်ရှင်းကို ပလ္လင်ပေါ်တင်ရန် လိုအပ်ဦးမည်လော။ အမတ်ချုပ်ကြီးရှဲ့သည် သူ၏နှလုံးသားထဲတွင် အစီအစဉ်များ ကြာမြင့်စွာကတည်းက ရေးဆွဲထားခဲ့သော်လည်း ယခုအချိန်တွင် သူသည် သူ၏ရက်စက်ကြမ်းကြုတ်သော သမီး၏နှလုံးသားကို တည်ငြိမ်အောင် ပြုလုပ်ရမည်ဖြစ်သည်။
မယ်တော်ကြီးရှဲ့သည် သူမ၏ခမည်းတော်က သူ၏စကားများနောက်ကွယ်တွင် အမှန်တရားကို ဖုံးကွယ်ထားသည်ဟုသာ ခံစားလိုက်ရသည်။ တစ်နေရာရာမှာ တစ်ခုခုလွဲချော်သွားတာလား။ သူမသည် မိမိကိုယ်တိုင် စိတ်ထဲတွင် တွက်ချက်မှုများ စတင်ပြုလုပ်လာသည်။
အမတ်ချုပ်ကြီးရှဲ့သည် လိုကျစ်ကွေ့က ဘိုးဘေးခန်းမ၏ တံခါးများသို့ ပိုမိုနီးကပ်လာသည်ကို စောင့်ကြည့်ရင်း သူ၏လက်ကိုမြှောက်ကာ ချောင်းဆိုးသံကို ဖုံးကွယ်လိုက်သည်။ ယဇ်ပလ္လင်အောက်တွင် ပုန်းအောင်းနေသော မိန်းမစိုးသည် ဤချောင်းဆိုးသံကိုကြားပြီး ၎င်းကို အချက်ပြအဖြစ် မှတ်ယူလိုက်သည်။ သူသည် ယဇ်ပလ္လင်အောက်မှ ထွက်ပြေးလာပြီး စားပွဲပေါ်ရှိ ကမ္ဗည်းပြားများနှင့် အမွှေးတိုင်ခွက်များအားလုံးကို တွန်းချကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ကြွေ၊ ကြေးနှင့် အခြားအသုံးအဆောင်ပစ္စည်းများ ကြမ်းပြင်နှင့် ရိုက်ခတ်သံသည် ဖျာပေါ်ရှိ စိတ်ရှုပ်ထွေးနေသော လူငယ်ကို လန့်ဖျပ်သွားစေပြီး သူက စူးရှသောအော်သံများဖြင့် သူ၏ခေါင်းကို ဖိကိုင်လိုက်သည်။
လိုကျစ်ကွေ့၏လက်သည် အော်သံများကြောင့် ဘိုးဘေးခန်းမ၏ တံခါးများရှေ့တွင် ရပ်တန့်သွားသည်။ ဒါမိန်းကလေးနဉ်ရဲ့အသံ မဟုတ်ဘူး။
"အရှင်မင်းကြီး။"
အမတ်ချုပ်ကြီးရှဲ့က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းတက်သွားပြီး တံခါးဘေးတွင် ရပ်နေသော နက္ခတ်ဗေဒင်ဌာနမှ အရာရှိများကို တွန်းဖယ်လိုက်သည်။ သူသည် မင်္ဂလာရှိသောတိမ်များ ထွင်းထုထားသော အနီရောင်သဲကျောက်တံခါးများကို တွန်းဖွင့်ပြီး ဘိုးဘေးခန်းမထဲသို့ ဝင်ရောက်သွားသည်။ ထိုအချိန်တွင် မိန်းမစိုးသည် ယဇ်ပလ္လင်အောက်ရှိ သူ၏ပုန်းအောင်းရာနေရာသို့ ပြန်လည်ရောက်ရှိသွားသည်။ စိတ်ရှုပ်ထွေးနေသော လူငယ်သည် မြေပြင်ပေါ်တွင် ဘောလုံးကဲ့သို့ ကွေးကွေးလေးနေပြီး မရပ်မနား တုန်လှုပ်နေသည်။
ဘိုးဘေးခန်းမသည် မည်သူမဆို ဝင်ရောက်နိုင်သော နေရာမဟုတ်ပေ။ သို့သော် ယခုအခါ မည်သူမျှ စည်းကမ်းများကို ဂရုမစိုက်တော့ပေ။ လူတိုင်းသည် အမတ်ချုပ်ကြီးရှဲ့၏နောက်သို့ လိုက်ပါဝင်ရောက်သွားကြပြီး မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လျက် ကြောက်ရွံ့နေသော လူငယ်တစ်ဦးကို သူ၏လက်မောင်းများထဲတွင် ပွေ့ဖက်ထားသည်ကို တွေ့လိုက်ရသည်။ စိုးရိမ်သောလေသံဖြင့် သူက မေးလိုက်သည်။
"အရှင်မင်းကြီး။ အရှင်မင်းကြီး။ အရှင်မင်းကြီး ဘာတွေများဖြစ်သွားတာလဲ။"
လူငယ်သည် သူ၏ခေါင်းကို ဆက်လက်ဖိကိုင်ထားဆဲဖြစ်ပြီး သူ၏လက်မောင်းများသည် လက်ရှိတွင် သူ၏မျက်နှာကို အမတ်ချုပ်ကြီးရှဲ့၏ မျက်လုံးများမှ ဖုံးကွယ်ထားသည်။
"လိုကျစ်ကွေ့။"
မြေပြင်ပေါ်ရှိ ရှုပ်ပွနေသောအရာများကို ကြည့်ပြီးနောက် မယ်တော်ကြီးရှဲ့က လိုကျစ်ကွေ့ကို ဒေါသတကြီး ညွှန်ပြလိုက်သည်။
"မင်း စစ်သားတွေကို ဒီကိုခေါ်လာပြီး နတ်ဘုရားတွေနဲ့ ဘိုးဘေးတွေကို စော်ကားခဲ့တာပဲဖြစ်မယ်။ အခု မင်းက အရှင်မင်းကြီးကို ကြောက်လန့်အောင် လုပ်လိုက်ပြီ။"
လိုကျစ်ကွေ့သည် မယ်တော်ကြီးရှဲ့ကို လျစ်လျူရှုပြီး အမတ်ချုပ်ကြီးရှဲ့နှင့် လူငယ်ထံသို့ ချဉ်းကပ်သွားသည်။ သူသည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ထိုင်ပြီး ထိုခေါင်းကို ဖိကိုင်ထားသော လက်များကို ဆွဲဖယ်လိုက်သည်။ အမတ်ချုပ်ကြီးရှဲ့၏ နှုတ်ခမ်းများပေါ်တွင် အေးစက်သောပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် နဉ်ရှောင်ယောင်းသည် သူမ၏ နောက်ဆုံးနေကြာစေ့ကို စားသုံးပြီး မတ်တပ်ရပ်ကာ မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိရန် သူမ၏ ခြေလက်များကို နွေးထွေးစေလိုက်သည်။ သူတို့သည် ဤမြေအောက်ခန်းကို မည်သို့တည်ဆောက်ခဲ့သည်ကို သူမ မသိသော်လည်း ၎င်းသည် လေဝင်လေထွက်အလွန်ကောင်းမွန်ပေသည်။ ထို့အပြင် သူမသည် မြေပြင်ပေါ်တွင် ဖြစ်ပျက်နေသော စကားဝိုင်းများကိုပင် ကြားနိုင်သည်။ မြေပြင်ပေါ်သို့ ခုန်မတက်မီ နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ ထိုသားအဖကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ရသည်မှာ အမှန်ပင် ပင်ပန်းလှသည်။ သူမသည် သူ၏လက်ထဲရှိ စစ်တပ်အာဏာကို မည်သည့်အချိန်တွင် ပြန်လည်ရယူနိုင်မည်နည်း။
မြေပြင်ပေါ်တွင် လိုကျစ်ကွေ့က အမတ်ချုပ်ကြီးရှဲ့ကို အေးစက်သောအသံဖြင့် မေးလိုက်သည်။
"အမတ်ချုပ်ကြီး၊ အဲ့ဒါ အရှင်မင်းကြီးဆိုတာ သေချာရဲ့လား။"
***