← Chapters

စစ်သေနာပတိချုပ်၏ ကောင်ချောလေးအကွက်

Vol. 9 Ch. 139

စစ်သေနာပတိချုပ်၏ ကောင်ချောလေးအကွက်

Vol. 9 Ch. 139

မျက်နှာပေါ်မှ အနမ်းခံလိုက်ရသောနေရာကို ပွတ်သပ်ရင်း နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို မေးလိုက်သည်။ “ရှင် ကျွန်မကို ကောင်ချောလေးအကွက် သုံးနေတယ်လို့ ဘာလို့များ ခံစားနေရတာပါလိမ့်။”

စစ်သေနာပတိချုပ်လို "..."

လောင်တသည် အမြီးကိုကုတ်ကာ ပြတင်းပေါက်သို့ ပြေးသွားပြီး ခုန်ထွက်ပြေးသွားသည်။ ဤကဲ့သို့သော စကားပြောဆိုမှုကို ကြောင်တစ်ကောင်အနေဖြင့် ဆက်လက်နားထောင်နိုင်စွမ်းမရှိတော့ပေ။

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ မေးစေ့ကို ကိုင်ကာ ထိုထောင့်ကျသောမျက်နှာကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။ “ကောင်ချောလေးအကွက်သုံးဖို့ အရည်အချင်းတော့ ရှိသားပဲ။”

လိုကျစ်ကွေ့သည် ကူကယ်ရာမဲ့သွားပြီး နဉ်ရှောင်ယောင်းကို နောက်ပြောင်လိုက်သည်။ “ကျွန်တော့်ရုပ်ရည်ကို ရှောင်ယောင်း ကျေနပ်ရဲ့လား။”

“ကျေနပ်တာပေါ့။” နဉ်ရှောင်ယောင်းက ခေါင်းညိတ်လိုက်သည်။ “ရှင့်ရုပ်ရည်က ဒီလောက်ချောနေတာ၊ ကျွန်မသာ မကျေနပ်ရင် ကောင်းကင်ဘုံက အပြစ်ပေးခံရမှာပေါ့။”

ဤကဲ့သို့သော စကားကို စစ်သေနာပတိချုပ်လိုက မည်သို့ပြန်ဖြေရမည်နည်း။

“ကောင်းပြီလေ။” နဉ်ရှောင်ယောင်းက ပြောသည်။ “ဒီမျက်နှာလေးကို ထောက်ထားပြီး သခင်မငယ်ဝမ်ရဲ့ကိစ္စကို ကျွန်မ ခွင့်ပြုလိုက်ပြီ။”

စစ်သေနာပတိချုပ်လိုမှာ စကားဆက်မပြောနိုင်တော့ပေ။

“ဟားဟားဟား။” နဉ်ရှောင်ယောင်းသည် မိမိဘာသာ ရယ်မောလိုက်ပြီး လိုကျစ်ကွေ့ကို ပြောလိုက်သည်။ “ကျွန်မမှာ အရည်အချင်းမရှိတဲ့ ဘုရင်တစ်ပါးဖြစ်နိုင်တဲ့ အရည်အချင်းမျိုးရှိတယ်ဆိုတာ တွေ့လိုက်ရပြီ။ အိုက်ဖေးရယ်၊ မင်းအရမ်းလှလွန်းလို့ ကျန်း ဒီနေ့ကစပြီး နံနက်ခင်းညီလာခံ မတက်တော့ဘူး။ ဟားဟားဟား။” နဉ်ရှောင်ယောင်းသည် အားရပါးရ ရယ်မောလိုက်သည်။

စစ်သေနာပတိချုပ်လို "...."

ဒါဘာတွေလျှောက်ပြောနေတာလဲ။

ခန်းမဆောင်အိပ်ခန်းအပြင်ဘက်တွင် ရပ်နေသော အကြီးအကဲလီက ယင်းတျန့်ကို မေးလိုက်သည်။ “ဧကရာဇ်နဲ့ စစ်သေနာပတိချုပ်က အခန်းထဲမှာလား။”

ယင်းတျန့်က ခေါင်းညိတ်ပြလိုက်သည်။

အကြီးအကဲလီ အလွန်အံ့အားသင့်သွားသည်။ လိုကျစ်ကွေ့သည် စည်းကမ်းကြီးသော လူတစ်ယောက်ပုံစံဖြစ်သည်။ အရှင်မင်းကြီးက ဒီလိုလူမျိုးနဲ့စကားပြောရတာတောင် ဒီလောက်ရယ်မောနေနိုင်တာလား။ “ရှဲ့ဝမ်ယွမ်တော့ မသေသေးပါဘူး။” အကြီးအကဲလီက တိုးတိုးလေး ရေရွတ်လိုက်သည်။

ယင်းတျန့် "..."

အမတ်ချုပ်ကြီးရှဲ့မသေလျှင် ဧကရာဇ်က ရယ်မောခွင့်မရှိဘူးလား။ ဘယ်လိုအတွေးမျိုးကြီးလဲ။

“ငါ့အတွက် သတင်းပို့ပေး။” အကြီးအကဲလီက ယင်းတျန့်ကို တိုက်တွန်းလိုက်သည်။

ယင်းတျန့်သည် စိတ်ထဲမှ ညည်းညူလိုက်သည်။ ယခုမှ ဤအကြီးအကဲသည် ဧကရာဇ်ကို တွေ့ဆုံရန် သတင်းပို့ရမည်ကို သတိရလာသည်။ ခင်ဗျား လူအုပ်လိုက်ကြီး ထိုက်ဟွာနန်းဆောင်ကိုခေါ်လာပြီး သတင်းပို့ဖို့ကျတော့ သတိမရဘူးလား။

“သတင်းတောင် မပို့တတ်ဘူးလား။” ယင်းတျန့် ရပ်နေသည်ကို မြင်သောအခါ အကြီးအကဲလီ၏ မျက်နှာသည် ညိုမှောင်သွားသည်။

ယင်းတျန့်သည် စိတ်ကိုတင်းလိုက်ပြီး ဖွင့်ထားသော တံခါးဘက်သို့ လှမ်းအော်လိုက်သည်။ “အရှင်မင်းကြီး၊ အကြီးအကဲလီနဲ့ အဖွဲ့ တွေ့ဆုံခွင့်တောင်းနေပါတယ်။”

အခန်းထဲမှ ရယ်သံသည် ချက်ချင်း ရပ်တန့်သွားသည်။

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ ပေါင်ပေါ်တွင် ထိုင်နေရင်း ကိုယ်တောင့်တင်းသွားပြီး ပြောလိုက်သည်။ “လူတစ်ယောက်ဝင်လာတာတော့ ကြားလိုက်တယ်၊ ဒါပေမဲ့ ဘာလို့ အဲ့လူက အဘိုးကြီးလီ ဖြစ်နေရတာလဲ။”

လိုကျစ်ကွေ့က “သူ့ကို ကြောက်လို့လား။”

နဉ်ရှောင်ယောင်းက နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။ “နည်းနည်းတော့ ကြောက်တယ်။”

လိုကျစ်ကွေ့သည် နားမလည်နိုင်ဖြစ်သွားသည်။ အဘယ်ကြောင့် ဧကရာဇ်တစ်ပါးက လက်ထဲတွင် စစ်တပ်အာဏာမရှိဘဲ စကားအပြောကောင်းသည့် အမတ်တစ်ယောက်ကို ကြောက်ရတာလဲ။ ဒီမိန်းကလေးသည် ရှဲ့ဝမ်ယွမ်ကို မကြောက်ဘဲ လီဝူချီကိုမှ ကြောက်နေသည်။

“ကျွန်မက အသက်ကြီးသူကို လေးစားတာပါ။” မိမိ၏ ရဲရင့်သော ပုံရိပ်ကို ပြန်လည်ဆယ်ယူရန် နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို ရှင်းပြလိုက်သည်။ “ကျွန်မက အသက်ကြီးသူကို လေးစားပြီး ငယ်သူကို ချစ်ခင်တာပါ။”

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ ခေါင်းကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ “ရှဲ့ဝမ်ယွမ်ရဲ့ အသက်လည်း မငယ်တော့ပါဘူး။”

“ဒါပေမဲ့ ရှဲ့ဝမ်ယွမ်က လူဆိုးအဘိုးကြီးလေ။” နဉ်ရှောင်ယောင်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

ဤအကြောင်းအရာကို ဆက်လက်ပြောဆိုနေပါက အဆုံးအစမရှိ ဖြစ်တော့မည်ကို သိသောကြောင့် လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ “ကျွန်တော်လည်း တစ်ခါတစ်လေ အကြီးအကဲလီကို စိတ်အနှောင့်အယှက်ဖြစ်မိတယ်။”

“ဟုတ်လား။” နဉ်ရှောင်ယောင်းသည် ချက်ချင်းပင် လိုကျစ်ကွေ့ကို မိတ်ဆွေအရင်းတစ်ယောက်ကဲ့သို့ ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “အဲဒီအဘိုးကြီးပြောတဲ့စကားတော်တော်များများမှာ ကျွန်မ တစ်ခွန်းမှ နားမလည်ဘူး။”

“အကြီးအကဲလီနဲ့ အဖွဲ့ကို ဝင်ခိုင်းလိုက်ပါ။” လိုကျစ်ကွေ့သည် မတ်တပ်ရပ်လိုက်သည်။ ဒီအကြောင်းအရာကို ဒီမှာပဲ ရပ်လိုက်ကြရအောင်။ သူကတော့ အကြီးအကဲလီ၏ စကားကို နားလည်နိုင်သော်လည်း ဒီမိန်းကလေးရဲ့ စကားကို တော်တော်များများ နားမလည်နိုင်ပေ။

အကြီးအကဲလီနှင့် အဖွဲ့သည် နဉ်ရှောင်ယောင်း၏ ခေါ်ယူမှုဖြင့် အခန်းထဲသို့ ဝင်ရောက်လာပြီး အရိုအသေပြုပြီးနောက် အကြီးအကဲလီက ဦးစွာ နဉ်ရှောင်ယောင်း၏ ဒဏ်ရာကို မေးမြန်းလိုက်သည်။

“ကျွန်တော် ဘာမှမဖြစ်တော့ပါဘူး။” နဉ်ရှောင်ယောင်းက ပြောသည်။ “ဘာမှကို မဖြစ်တော့တာပါ။”

အကြီးအကဲလီက ပြောသည်။ “ဘယ်နန်းတွင်းသမားတော်က ဧကရာဇ်ကို ကုသပေးတာလဲ။”

“အင်း။” နဉ်ရှောင်ယောင်းက ပြောသည်။ “ကျွန်တော်ကိုယ်တိုင်ပါပဲ၊ ကျွန်တော်က သမားတော်တစ်ယောက်လေ။”

အကြီးအကဲလီသည် မျက်မှောင်ကြုတ်လိုက်ပြီး နဉ်ရှောင်ယောင်းကို အလေးအနက် ကြည့်ကာ ပြောလိုက်သည်။ “'သမားတော်သည် မိမိကိုယ်ကို မကုသရာ၊ ဧကရာဇ်သည် နဂါးကိုယ်ကို ဂရုစိုက်သင့်သည်။' ရှေးလူကြီးတွေရဲ့ အဆိုအရ...” အကြီးအကဲလီသည် ရှေးပညာရှိများ၏ စကားကို အသုံးပြုကာ နဉ်ရှောင်ယောင်းကို ဆုံးမရန် ကြိုးစားလိုက်သည်။

နဉ်ရှောင်ယောင်း၏ နဖူးတွင် ချွေးများ စို့တက်လာသည်။ အကူအညီတောင်းသကဲ့သို့ လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။ ဒီအဘိုးကြီး ငါ့ကိုဘာတွေလာပြောနေတာလဲ။

ထိုသို့ဖြင့် လိုကျစ်ကွေ့ ဝင်ပြောရတော့သည်။ “အကြီးအကဲက အရှင်မင်းကြီးကို ဘာကိစ္စနဲ့ လာတွေ့တာလဲ။”

စကားဖြတ်ပြောခံလိုက်ရသော အကြီးအကဲလီသည် လိုကျစ်ကွေ့ကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်။” နဉ်ရှောင်ယောင်းက အလျင်အမြန် ပြောလိုက်သည်။ “အဘိုးကြီး၊ ခင်ဗျား ကျွန်တော့်ကို ဘာကိစ္စနဲ့ လာရှာတာလဲ။”

“ကျွန်တော်မျိုး အရှင်မင်းကြီးကို မေးချင်တာရှိပါတယ်။” အကြီးအကဲလီက ပြောသည်။ “ဘိုးဘေးခန်းမကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ။”

“အိုး၊ ဒီကိစ္စလား။” နဉ်ရှောင်ယောင်းသည် သက်ပြင်းချလိုက်သည်။ ဤကိစ္စကို သူမ ကြိုတင်စဉ်းစားထားပြီးဖြစ်တာကြောင့် အကြီးအကဲလီကို တန်းပြောလိုက်နိုင်သည်။ “ကြမ်းပြင်မှာ အပေါက်ကြီးဖြစ်နေတာပဲ မဟုတ်လား၊ ကျွန်တော် ခဏနေရင် အဲဒီအပေါက်ကို သွားဖြည့်ခိုင်းလိုက်မယ်။”

အကြီးအကဲလီနှင့် အဖွဲ့ "....."

ဒီလောက်ကိစ္စကြီးကို မင်းက အပေါက်ဖြည့်လိုက်ရုံပဲလို့ပြောရုံနဲ့ ပြီးသွားရောလား။

“အချိန်လည်း မစောတော့ဘူး။” နဉ်ရှောင်ယောင်းသည် အပြုံးချိုချိုဖြင့် အကြီးအကဲလီတို့ကို ပြောလိုက်သည်။ “ခင်ဗျားတို့အားလုံး အိမ်ပြန်ပြီး ထမင်းစားကြတော့လေ။”

အကြီးအကဲလီက နဉ်ရှောင်ယောင်းကို ပြန်ပြောလိုက်သည်။ “ကျွန်တော်မျိုး ဗိုက်မဆာသေးဘူး။”

နဉ်ရှောင်ယောင်းသည် ခဏတွေဝေသွားပြီး ပြောလိုက်သည်။ “ဒါဆိုရင် အိပ်တော့မလား။”

“ကျွန်တော်မျိုး အိပ်လည်းမငိုက်သေးဘူး။” အကြီးအကဲလီသည် အော်ဟစ်ကာ ပြောလိုက်သည်။

နဉ်ရှောင်ယောင်းသည် လက်ဖဝါးကို ထပ်ကုတ်နေပြန်သည်။ သူမသည် အလုံခြုံဆုံးဖြစ်သော ထမင်းစားခြင်းနှင့် အိပ်စက်ခြင်းဟူသော အကြောင်းအရာကို ရွေးချယ်ပြောဆိုခဲ့သည်။ ဤသည်ကပင် ဤအဘိုးကြီးကို ဒေါသထွက်စေနိုင်သေးတာလား။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ မဖြစ်နိုင်တော့ဘူးလား။ “အဘိုးကြီး၊ ခင်ဗျား တကယ်ပဲ ဘာဖြစ်နေတာလဲ။” နဉ်ရှောင်ယောင်းသည် အလွန်ခေါင်းကိုက်နေသည်။

အကြီးအကဲလီက ပြောသည်။ “အရှင်မင်းကြီးက ကျွန်တော်မျိုးကိုတောင် ပြန်မေးနေသေးတာလား။”

“ဟမ်။” နဉ်ရှောင်ယောင်းက ပြောသည်။ “ဒါဆိုရင် ခင်ဗျားစိတ်တိုနေတာကို ကျွန်တော်က ခင်ဗျားမှမမေးရင် ဘယ်သူ့ကို သွားမေးရမှာလဲ။”

“ကျွန်တော်မျိုး စိတ်မတိုပါဘူး။” အကြီးအကဲလီက ဒေါသတကြီး ပြောလိုက်သည်။

“ကောင်းပြီ၊ ခင်ဗျား စိတ်မတိုဘူး။” နဉ်ရှောင်ယောင်းက ပြောလိုက်ရတော့သည်။ “ကျွန်တော်စိတ်တိုတယ်ဆိုရင်ရော၊ အဆင်ပြေပြီလား။ အဘိုးကြီး၊ ခင်ဗျား သွားလို့ရပြီလား။”

အကြီးအကဲလီတစ်ယောက် ပိုလို့ပင်ဒေါသထွက်လာတော့သည်။ “အရှင်မင်းကြီးက ကျွန်တော်မျိုးကို နှင်ထုတ်နေတာလား။”

ကယ်ကြပါဦး။ နဉ်ရှောင်ယောင်း ခေါင်းကိုသာဖိကိုင်လိုက်သည်။ ကောင်းကောင်းမွန်မွန် စကားပြောလို့ မရတော့ဘူးလား။

အကြီးအကဲလီနှင့်အတူ အခန်းထဲသို့ ဝင်ရောက်လာသော အမတ်များသည် တိတ်တဆိတ် နောက်သို့ တစ်လှမ်းဆုတ်လိုက်ကြသည်။ လူတိုင်း နားမလည်နိုင်ဖြစ်နေကြသည်။ အခန်းထဲသို့ ဝင်ပြီးနောက် သူတို့သည် ဤကဲ့သို့ လုံးဝအဓိပ္ပာယ်မရှိသော စကားပြောဆိုမှုကို ကြားလိုက်ရသည်။ အကြီးအကဲလီသည်လည်း ဒေါသတကြီးဖြစ်နေပြီး ဧကရာဇ်မှာမူ သေချင်နေသည့်ပုံ ပေါက်နေသည်။

“အကြီးအကဲလီ။” ဤအချိန်တွင် လိုကျစ်ကွေ့သည် နောက်တစ်ကြိမ် ဝင်ရောက်စွက်ဖက်ရတော့သည်။ အကြီးအကဲလီကို ပြောလိုက်သည်။ “ခင်ဗျား တကယ်ပဲ ဘာကိစ္စရှိလို့လဲ။ အရှင်မင်းကြီးကို ရိုးရိုးရှင်းရှင်းစကားလုံးသုံးပြီး ပြောပြလိုက်ပါ။”

လူတိုင်းသည် လိုကျစ်ကွေ့ကို ထပ်မံစိုက်ကြည့်လိုက်ကြသည်။ စစ်သေနာပတိချုပ်၏ စကားအဓိပ္ပာယ်အရ အရင်က အကြီးအကဲလီပြောခဲ့သော စကားများကို ဧကရာဇ်က နားမလည်ခဲ့ဘူးလား။

“အရှင်မင်းကြီး ဒီနေ့ ပင်ပန်းနေပြီ။” မိမိ၏ အရင်စကားများတွင် ပြဿနာရှိသည်ကို သတိပြုမိသော လိုကျစ်ကွေ့သည် ထပ်ဖြည့်စွက်လိုက်သည်။

နဉ်ရှောင်ယောင်းသည် ချက်ချင်းပင် အားနည်းဟန်ဆောင်လိုက်သည်။ အကြီးအကဲလီ အမြန်ဆုံး အိမ်ပြန်သွားရန်သာ ဆုတောင်းနေသည်။

အကြီးအကဲလီသည် ဒေါသကြောင့် ရယ်မောလိုက်ပြီး နဉ်ရှောင်ယောင်းကို ကြည့်ကာ နှစ်ကြိမ်ရယ်လိုက်သည်။

နဉ်ရှောင်ယောင်းသည် ကိုယ်ကို ပိုမိုတည့်မတ်စွာ ထိုင်လိုက်သည်။ အသက်ကြီးသူတစ်ယောက် ဤမျှလောက် မေတ္တာကင်းမဲ့စွာ ရယ်မောသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

“အရှင်မင်းကြီး၊ ရှဲ့ဝမ်ယွမ်ကို ဘယ်လိုအရေးယူမှာလဲ။” အကြီးအကဲလီက နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

နဉ်ရှောင်ယောင်းက ပြောသည်။ “ကျွန်တော် သူ့ကို မသတ်နိုင်မှတော့ သူ့ကို ဘယ်လိုလုပ်နိုင်မှာလဲ။”

ဤသည်မှာ အမှန်တရားပင်။ အကြီးအကဲလီပင်လျှင် ပြန်မပြောနိုင်ပေ။

“ဒါဆိုရင် နန်းတော်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကိုရော အရှင်မင်းကြီး ဘယ်လိုအရေးယူမှာလဲ။” အရာရှိတစ်ဦးက နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

နဉ်ရှောင်ယောင်းသည် စဉ်းစားမနေဘဲ ပြောလိုက်သည်။ “လွှတ်ပေးလိုက်ပါ။”

“လွှတ်ပေးလိုက်မယ်။” အရာရှိများစွာသည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ ဤဒုက္ခသည်များသည် ပုန်ကန်ခြင်းဖြစ်သည်။ ဤသို့လွယ်လွယ်ကူကူ လွှတ်ပေးလိုက်ရုံလား။

“အရှင်မင်းကြီး။” အကြီးအကဲလီက ပြောသည်။ “ဒီကိစ္စက လူအများစုပါဝင်နေလျှင် ဥပဒေဖြင့် အရေးမယူနိုင်ဆိုတဲ့ ဆိုရိုးနဲ့မသက်ဆိုင်ပါဘူး။”

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။ “လူလူအများစုပါဝင်နေလျှင် ဥပဒေဖြင့် အရေးမယူနိုင်ဆိုတာ ဘာအဓိပ္ပာယ်လဲ။”

လိုကျစ်ကွေ့က ရိုးရှင်းစွာ ပြောလိုက်သည်။ “အကြီးအကဲလီရဲ့ အဓိပ္ပာယ်က အဲဒီဒုက္ခသည်တွေကို မလွှတ်ပေးနိုင်ဘူးလို့ ဆိုလိုတာပါ။”

နဉ်ရှောင်ယောင်းသည် ခေါင်းထပ်ကိုက်လာပြီး အကြီးအကဲလီကို မေးလိုက်သည်။ “ဒါဆိုရင် အဘိုးကြီး၊ ခင်ဗျားတကယ်ပဲ ဘာကိုပြောချင်တာလဲ။ လူတွေအကုန်လုံးကို သတ်ပစ်မှာလား။ ဘိုးဘေးခန်းမမှာ ဒုက္ခသည်တွေအများကြီး သေထားပြီးပြီ မဟုတ်ဘူးလား။”

အကြီးအကဲလီက ပြောသည်။ “အရှင်မင်းကြီး၊ သူတို့က အကြမ်းဖက်သမားတွေ၊ ပုန်ကန်သူတွေပါ။”

နဉ်ရှောင်ယောင်းသည် အကြီးအကဲလီကို လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ “ဘာပုန်ကန်တာလဲ၊ သူတို့က အမတ်ချုပ်ကြီးရဲ့ လှည့်စားတာကို ခံရတာပဲ။ အမတ်ချုပ်ကြီးကို မသတ်နိုင်တော့ သူတို့အပေါ်မှာ ဒေါသမပုံချသင့်ဘူးလေ။ ဒီလိုအသုံးမကျတဲ့အလုပ်ကို မလုပ်သင့်ဘူး။”

အကြီးအကဲလီ "....."

လူတိုင်း "....."

ဧကရာဇ်နဉ်သည် အကြီးအကဲလီကို အသုံးမကျဟု ပထမဆုံး ဆဲဆိုသူ ဖြစ်နိုင်သည်။

“နောက်ပြီးတော့ သူတို့က ကျွန်တော့်အိမ်ထဲကို ပြေးဝင်လာတာ။” နဉ်ရှောင်ယောင်းက ဆက်ပြောသည်။ “ဆဲဆိုခံရတာက ကျွန်တော်၊ သတ်ခံရမှာကလည်း ကျွန်တော်ပဲ။ ကျွန်တော်တောင် စိတ်မတိုဘူး၊ အဘိုးကြီး၊ ခင်ဗျား ဘာလို့ စိတ်တိုနေတာလဲ။ မလိုအပ်ပါဘူး၊ စိတ်မတိုပါနဲ့၊ အိမ်ပြန်ပြီး ကောင်းတာလေးတွေစား၊ အိပ်လိုက်၊ မနက်မိုးလင်းရင် နေထွက်တာကို ကြည့်လိုက်ရင် စိတ်တွေ ကြည်လင်သွားမှာပါ။”

အကြီးအကဲလီသည် မျက်နှာသေဖြင့် နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။

နဉ်ရှောင်ယောင်းတွင် နှစ်သိမ့်စကားများစွာ ရှိသေးသော်လည်း အကြီးအကဲလီ၏ စိုက်ကြည့်မှုကြောင့် မပြောဝံ့တော့ပေ။

“စစ်သေနာပတိချုပ်။” အရာရှိတစ်ဦးက လိုကျစ်ကွေ့ကို မေးလိုက်သည်။ “ခင်ဗျားလည်း လွှတ်ပေးသင့်တယ်လို့ ထင်လား။”

လိုကျစ်ကွေ့က ပြောသည်။ “ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့အမိန့်ကို နာခံပါတယ်။”

“အရှင်မင်းကြီး ဉာဏ်ပညာကြီးမားလှပါတယ်။” အကြီးအကဲလီသည် ဤအချိန်တွင် ဦးညွှတ်ကာ နဉ်ရှောင်ယောင်းကို အရိုအသေပြုလိုက်သည်။ ဒုက္ခသည်များကို ဤရက်ပိုင်းအတွင်း ဧကရာဇ်က ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ လူယုတ်မာ၏ သွေးထိုးမှုကို ယုံကြည်ကာ နန်းတော်ထဲသို့ ဝင်ရောက်ပုန်ကန်ခြင်းသည် ကျေးဇူးကန်းခြင်းပင်ဖြစ်ပြီး သတ်ပစ်သင့်သူများဖြစ်သည်။ သို့သော် ယခုဧကရာဇ်သည် ဤလူများကို ခွင့်လွှတ်လိုသေးသည်။ ဤကဲ့သို့သော စိတ်ထားကြီးမားမှုကို အကြီးအကဲလီသည် မိမိကိုယ်ကို နှိုင်းယှဉ်၍မရနိုင်ပေ။

နဉ်ရှောင်ယောင်းသည် အံ့အားသင့်ကာ ထိုင်ခုံပေါ်မှ ခုန်ထလုနီးပါးဖြစ်သွားသည်။ သူမ ဘာများပြောလိုက်မိလို့လဲ။

“'ဧကရာဇ်တစ်ပါး၏ ရင်ဟာ ပင်လယ်လေးစင်းကို ဆန့်နိုင်ပါတယ်။'” အကြီးအကဲလီသည် ဦးညွှတ်ကာ နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

နဉ်ရှောင်ယောင်းသည် မိမိ၏ ရင်ဘတ်ငယ်ကို ငုံ့ကြည့်လိုက်သည်။ ဤမျှလောက်နှင့် ပင်လယ်လေးစင်းကို ဆန့်နိုင်ပါ့မလား။ သူမ ရင်စည်းမစည်းထားဘဲနှင့်တောင် ဤရင်ဘတ်သည် မသိသာလှပေ။

နဉ်ရှောင်ယောင်း ရင်ဘတ်ကို ငုံ့ကြည့်သည်ကို မြင်သောအခါ လိုကျစ်ကွေ့သည် ဤမိန်းကလေး ဘာစဉ်းစားနေသည်ကို ချက်ချင်းနားလည်လိုက်သည်။ မျက်နှာသည် အလိုလို နီရဲသွားသည်။ စစ်သေနာပတိချုပ်လိုသည် လက်မြှောက်ကာ နဉ်ရှောင်ယောင်း၏ ကျောကို ပုတ်လိုက်ပြီး နဉ်ရှောင်ယောင်းကို ခေါင်းမော့ခိုင်းလိုက်သည်။ ရင်ဘတ်ကို မကြည့်တော့ရန်။ ဤနေရာကို ကြည့်ရုံဖြင့် ကြီးလာနိုင်ပါ့မလား။

အကြီးအကဲလီသည် ဤအချိန်တွင် နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ “ဧအရှင်မင်းကြီး ဉာဏ်ပညာကြီးမားလှတဲ့အတွက် ကျွန်တော်မျိုး အရမ်းကျေးဇူးတင်ပါတယ်။”

အကြီးအကဲလီ၏ မျက်လုံးများသည် အမှန်တကယ် နီရဲနေသည်။ ဉာဏ်ပညာရှိသော ဘုရင်တစ်ပါးကို မျှော်လင့်ရင်း သူသည် မျိုးဆက်နှစ်ဆက်တိုင်အောင် မျှော်လင့်ခဲ့ရသည်။ အကြီးအကဲလီအတွက်လည်း မလွယ်ကူပေ။

နဉ်ရှောင်ယောင်းသည် ဟဲဟဲဟု နှစ်ကြိမ်ရယ်လိုက်သည်။ သူမက ဘယ်လိုလုပ်ပြီး ဉာဏ်ပညာကြီးမားသွားရတာလဲ။ နားမလည်နိုင်ပေ။ အကြီးအကဲလီသည် အလွန်နက်နဲသော လူတစ်ယောက်ဟု ထင်မိသည်။

“ဒါဆိုရင် လက်နက်ကိုင်ခဲ့တဲ့လူတွေကို အရှင်မင်းကြီး ဘယ်လိုအရေးယူမှာလဲ။” အရာရှိတစ်ဦးက နဉ်ရှောင်ယောင်းကို ထပ်မေးလိုက်သည်။

လိုကျစ်ကွေ့သည် လက်ကို နဉ်ရှောင်ယောင်း၏ ပခုံးပေါ်တင်လိုက်ပြီး ပခုံးကို ညှစ်လိုက်သည်။

“လက်နက်ကိုင်ခဲ့တဲ့လူတွေကို စစ်သေနာပတိချုပ်ကိုပဲ အပ်လိုက်ပါ။” နဉ်ရှောင်ယောင်းက ချက်ချင်း ပြောလိုက်သည်။

“ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါတယ်။” လိုကျစ်ကွေ့သည် ဦးညွှတ်ကာ အမိန့်ကို လက်ခံလိုက်သည်။

“တခြားကိစ္စရှိသေးလား။” နဉ်ရှောင်ယောင်းက အကြီးအကဲလီများကို မေးလိုက်သည်။

“အဲဒီလူစားထိုးကရော။” အကြီးအကဲလီက မေးသည်။

“သူ့ကို အရင်ဆုံး ဆေးကုပေးလိုက်ပါ။” နဉ်ရှောင်ယောင်းက ပြောသည်။ “သူနေကောင်းသွားရင် သူ့မိသားစုကို ရှာပေးနိုင်မလား ကြည့်ရမယ်။”

“အရှင်မင်းကြီးက သူ့အတွက် မိသားစုရှာပေးမှာလား။” အကြီးအကဲလီက သံသယဖြင့် မေးလိုက်သည်။

“သူလည်း လူဆိုးမဟုတ်ပါဘူး။” နဉ်ရှောင်ယောင်းက ပြောသည်။ “အကြွေးရှိရင် အကြွေးရှင်ရှိတယ်၊ တကယ်အရည်အချင်းရှိရင် ကျွန်တော်တို့ အဓိကတရားခံကို သွားရှာကြတာပေါ့။”

အကြီးအကဲလီက ခေါင်းငုံ့လိုက်ပြီး ပြောသည်။ “အရှင်မင်းကြီးရဲ့ ဆုံးမစကား မှန်ပါတယ်။”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။” နဉ်ရှောင်ယောင်းက အလျင်အမြန် ခေါင်းခါလိုက်သည်။ “ကျွန်တော် ဘယ်လိုလုပ်ပြီး ခင်ဗျားကို ဆုံးမရဲမှာလဲ။”

အကြီးအကဲလီက ခေါင်းခါကာ ပြုံးလိုက်သည်။

အဘိုးကြီးသည် ဤတစ်ကြိမ်တွင် အလွန်မေတ္တာပါစွာ ပြုံးနေသည်ကို မြင်သောအခါ နဉ်ရှောင်ယောင်းသည် ပျော်ရွှင်စွာ ပြောလိုက်သည်။ “ကိစ္စမရှိတော့ဘူးမလား။ ကိစ္စမရှိရင် အားလုံးပြန်ကြတော့လေ။”

“အရှင်မင်းကြီး။” အကြီးအကဲလီသည် မျက်နှာပေါ်မှ အပြုံးကို ရုပ်သိမ်းလိုက်ပြီး နဉ်ရှောင်ယောင်းကို သတိပေးလိုက်သည်။ “ရှဲ့သခင်မကြီး ကွယ်လွန်သွားပြီ၊ သူက အရှင်မင်းကြီးရဲ့ ဘေးတော်ပါ၊ ထုံးစံအရ အရှင်မင်းကြီးက အမတ်ချုပ်ကြီးအိမ်တော်ကို တစ်ခေါက်သွားသင့်ပါတယ်။”

***

All Chapters