← Chapters

မတရားမှုများစွာပြုလျှင် မိမိကိုယ်တိုင် ပျက်စီးရမည်

Vol. 9 Ch. 137

မတရားမှုများစွာပြုလျှင် မိမိကိုယ်တိုင် ပျက်စီးရမည်

Vol. 9 Ch. 137

“ဪ ဟုတ်သားပဲ။” နဉ်ရှောင်ယောင်းသည် နှာခေါင်းကိုပွတ်လိုက်ပြီး အမတ်ချုပ်ကြီးရှဲ့ကို ပြောလိုက်သည်။ “ခင်ဗျား လှည့်စားထားတဲ့ အဘိုးကြီးက ခင်ဗျားလုပ်ခဲ့တဲ့ မကောင်းမှုတွေအကုန်လုံးကို ဖွင့်ချလိုက်ပြီ။ အခုဆိုရင် ဒုက္ခသည်တွေက ကျွန်တော့်ကို မသတ်ချင်တော့ဘူး။”

အမတ်ချုပ်ကြီးရှဲ့၏ မျက်ခုံးများက ရုတ်တရက် တွန့်ချိုးသွားသည်။

နဉ်ရှောင်ယောင်းက မေးသည်။ “အခု ခင်ဗျားဆီမှာ ဘာအကြံအစည်ဆိုးတွေ ကျန်သေးလဲ။”

အမတ်ချုပ်ကြီးရှဲ့က ပြန်ပြောသည်။ “အရှင်မင်းကြီးက ကျွန်တော်မျိုးကို နောက်နေတာလား။”

သေစမ်း။ အမတ်ချုပ်ကြီးရှဲ့က ဒီဗျူဟာကိုပဲ ထပ်သုံးနေပြန်ပြီ။

နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့ကို စူးစိုက်ကြည့်လိုက်သည်။

အမတ်ချုပ်ကြီးရှဲ့သည် တည်ငြိမ်စွာပင် တုံ့ပြန်လိုက်ပြီး နဉ်ရှောင်ယောင်းကို ကြည့်ကာ ပြုံးပင်ပြလိုက်သေးသည်။

နဉ်ရှောင်ယောင်း၏ စိတ်ထဲတွင် အလွန်မကောင်းလှ။ ဤတစ်ကြိမ်တွင် ဘယ်သူအနိုင်ရသွာတာလဲ။ ဘာကြောင့် သူမက အောင်နိုင်သူတစ်ယောက်ရဲ့ပျော်ရွှင်မှုကို နည်းနည်းလေးမှ မခံစားရတာလဲ။ ဪ ဟုတ်သားပဲ၊ သူမ၏ ဝမ်းဗိုက်ကို ကိုင်ကြည့်လိုက်သည်။ သူမ ဓားဒဏ်ရာတစ်ချက် ရထားသေးသည်။

“အရှင်မင်းကြီး” အမတ်ချုပ်ကြီးရှဲ့က နဉ်ရှောင်ယောင်းကို ခေါ်လိုက်သည်။

“ထားလိုက်တော့။” နဉ်ရှောင်ယောင်းသည် ရုတ်တရက်ဆိုသလို စိတ်ဝင်စားမှု ကုန်ဆုံးသွားပြီး ခေါင်းငိုက်စိုက်ကျကာ လှည့်ထွက်ရန် ပြင်လိုက်သည်။ အမတ်ချုပ်ကြီးရှဲ့ကို ပြောလိုက်သည်။ “ခင်ဗျား ဆက်လုပ်ချင်တာသာ လုပ်တော့။ ဘာပဲဖြစ်ဖြစ် အခု ကျွန်တော် ခင်ဗျားကို မသတ်နိုင်သေးဘူး။ ကျွန်တော်တို့ နောက်နေ့မှ တွေ့ကြတာပေါ့။”

ဤစကားသည် အမှန်ပင်။ နဉ်ယွီသည် ယခုအချိန်တွင် သူ့ကို မသတ်နိုင်သေးပေ။ သို့သော် အမတ်ချုပ်ကြီးရှဲ့၏ စိတ်ထဲတွင်လည်း အလွန်မကောင်းလှ။ အစီအစဉ်အားလုံးသည် နဉ်ယွီအပေါ်တွင် အနည်းငယ်မျှ အရာမထင်ခဲ့ဘဲ နောက်တစ်ကြိမ် အရေးနိမ့်ခဲ့ရပြန်သည်။ ဘာကြောင့် ဤသို့ဖြစ်ရသည်ကို အမတ်ချုပ်ကြီးရှဲ့ နားမလည်နိုင်ဖြစ်နေသည်။ သူ့အနီးတွင် နဉ်ယွီ၏ သူလျှိုတစ်ယောက်ရှိနေသောကြောင့်လား။ သူလျှိုတစ်ယောက်၏ အစွမ်းသည် ဤမျှလောက် ကြီးမားပါသလား။ အဲ့ဒီသူလျှိုကရော ဘယ်သူလဲ။

အမတ်ချုပ်ကြီးရှဲ့၏ ဦးနှောက်ထဲတွင် မေးခွန်းပေါင်းများစွာဖြင့် ပြည့်နှက်နေပြီး သူ၏ စိတ်အခြေအနေမှာ အလွန်ဆိုးရွားနေသည်။

နဉ်ရှောင်ယောင်းသည် စိတ်ပျက်အားငယ်စွာဖြင့် ထိုက်ဟွာနန်းဆောင်သို့ လျှောက်သွားသည်။ စစ်တပ်အာဏာ၊ စိတ်ပျက်ဖွယ် စစ်တပ်အာဏာပင်။ သူမ ထိုအခါကို ဘယ်အချိန်ကျမှ ပြန်ယူနိုင်မှာလဲ။။

မယ်တော်ကြီးရှဲ့သည် ထိုနှစ်ယောက်ကို ကြည့်လိုက်သည်။ တစ်ယောက်က လှည့်ထွက်သွားပြီး နောက်တစ်ယောက်မှာမူ သူမ၏သားတော်အတွက် စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိပေ။ မယ်တော်ကြီးရှဲ့သည် နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာသည်။ “မင်းတို့။” မယ်တော်ကြီးက အသံကျယ်စွာဖြင့် ပြောလိုက်သည်။ “မင်းသားလေးချန်ကို ဘယ်လိုလုပ်မှာလဲ။”

နဉ်ရှောင်ယောင်းသည် မယ်တော်ကြီးရှဲ့ကို လျစ်လျူရှုလိုက်သည်။ သူမကိုယ်တိုင်ပင် ဘာလုပ်ရမှန်း မသိဖြစ်နေသည်။

အမတ်ချုပ်ကြီးရှဲ့သည် စိတ်ကို မနည်းပြန်စုစည်းလိုက်ပြီး မယ်တော်ကြီးရှဲ့ကို ကြည့်ကာ နှစ်သိမ့်လိုက်သည်။ “မယ်တော်ကြီး စိတ်မပူပါနဲ့။ နန်းတော်အပြင်မှာ တရားရေးဌာနရဲ့ ရဲမက်တွေ၊ မြို့စောင့်တပ်တွေ၊ မြို့တော်စောင့်တပ်တွေ ရှိနေပါတယ်။ မင်းသားလေး ဘာမှဖြစ်မှာ မဟုတ်ပါဘူး။”

မယ်တော်ကြီးရှဲ့သည် နဉ်ရှောင်ယောင်း လျှောက်သွားရာကို ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေသည်။ ထို့နောက် လူသူကင်းမဲ့နေသော နန်းတော်တံခါးကို လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အနည်းငယ် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာသည်။ မယ်တော်ကြီးရှဲ့သည် အမတ်ချုပ်ကြီးရှဲ့ကို တိုးညင်းစွာ ပြောလိုက်သည်။ “အဖေ့အတွက် စွန့်လွှတ်လို့မရတဲ့လူဆိုတာ ရှိလို့လား။”

အမတ်ချုပ်ကြီးရှဲ့က အလျင်အမြန် ပြောလိုက်သည်။ “မယ်တော်ကြီး၊ မယ်တော်ကြီး...”

“အဖေ ဘယ်နည်းလမ်းပဲသုံးသုံး ကျွန်မ ဂရုမစိုက်ဘူး။” မယ်တော်ကြီးရှဲ့သည် အမတ်ချုပ်ကြီးရှဲ့၏ စကားကို ဖြတ်ပြောလိုက်သည်။ “နေမဝင်ခင် မင်းသားလေးကို ဘေးကင်းလုံခြုံစွာနဲ့ တွေ့ချင်တယ်။ မဟုတ်ရင်တော့ အမတ်ချုပ်ကြီး၊ အိုက်ကျားရဲ့ လက်စလက်နကို မသိတာ မဟုတ်ပါဘူးနော်။”

မယ်တော်ကြီးရှဲ့သည် သူမ၏ နန်းတွင်းသူများနှင့်အတူ မယ်တော်ကြီးနန်းဆောင်သို့ ပြန်သွားသည်။ လာတုန်းက အရူးမတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း ယခုအခါ ပြန်သွားချိန်တွင်မူ ထိုမယ်တော်ကြီးသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေပြီ။

အမတ်ချုပ်ကြီးရှဲ့သည် နေရာမှာပင် ရပ်နေသည်။ ဘိုးဘေးခန်းမမှ လူအများစု သေဆုံးဒဏ်ရာရခဲ့ကြောင်း သတင်းပေးသူတစ်ဦး၏ အစီရင်ခံမှုကို ကြားရသော်လည်း အမတ်ချုပ်ကြီးရှဲ့၏ မျက်နှာအမူအယာမှာ အနည်းငယ်မျှပင် မပြောင်းလဲပေ။ နဉ်ယွီကို မသတ်နိုင်လျှင် သူသည် စစ်သည်တစ်ယောက်မျှ မဆုံးရှုံးခဲ့လျှင်ပင် ရှုံးနိမ့်ခြင်းသာ ဖြစ်သည်။ လူအနည်းငယ်ပိုသေခြင်းသည် သူ၏ စိတ်အင်အားကို ဖြုန်းတီးရန် မထိုက်တန်ပေ။

“လိုကျစ်ကွေ့ ဘယ်မှာလဲ။” အမတ်ချုပ်ကြီးရှဲ့က သတင်းပေးသူကို မေးလိုက်သည်။

သတင်းပေးသူက အလျင်အမြန် ပြန်ဖြေသည်။ “စစ်သေနာပတိချုပ်လိုက ဘိုးဘေးခန်းမမှာပဲ ရှိပါသေးတယ်။”

အမတ်ချုပ်ကြီးရှဲ့သည် ဘိုးဘေးခန်းမရှိရာသို့ လျှောက်သွားသည်။ နဉ်ရှင်း၏ကိစ္စအတွက် လိုကျစ်ကွေ့ကိုသာ ရှာဖွေရပေမည်။

ထိုအချိန်တွင် လိုကျစ်ကွေ့သည် မင်းသားကျီ နင်ကွမ်းယွမ် အစရှိသည့် တော်ဝင်မျိုးနွယ်များနှင့်အတူ ရပ်၍ စကားပြောနေသည်။ ရင်ပြင်နှင့် စင်မြင့်ထစ်များပေါ်တွင် အလောင်းများနှင့် သွေးများက နေရာအနှံ့ ပျံ့ကျဲနေသည်။ စစ်မြေပြင်သို့ သွားဖူးသည့် မင်းသားကျီမှလွဲ၍ ကျန်တော်ဝင်မင်းသားများအားလုံးမှာမူ နေရထိုင်ရခက်နေကြသည်။

“ဒါက ငါတို့နဉ်မျိုးနွယ်ရဲ့ ဘိုးဘေးခန်းမပဲ။ အခု အဓိကခန်းမရဲ့ ကြမ်းပြင်မှာ အပေါက်ကြီးဖြစ်နေတယ်။ အပြင်မှာလည်း သေနေတဲ့လူတွေ အများကြီးပဲ။” မူလက တည်ငြိမ်နေခဲ့သော မင်းသားကျီသည် ပြောရင်းဆိုရင်း ဒေါသထွက်လာပြီး လိုကျစ်ကွေ့ကို အသံကျယ်စွာဖြင့် မေးလိုက်သည်။ “ဧကရာဇ်က ဘာတွေလုပ်နေတာလဲ။” မင်းက ဧကရာဇ်ဖြစ်နေရင်တောင် ဘိုးဘေးတွေကို မလေးမစားလုပ်လို့ မရဘူး မဟုတ်လား။"

ကိုယ်ရံတော်နှစ်ဦးသည် အလောင်းတစ်လောင်းကို သယ်ဆောင်ကာ တော်ဝင်မျိုးနွယ်များ၏ နောက်မှ ဖြတ်လျှောက်သွားသည်။ တတ်နိုင်သမျှ ဝေးဝေးမှ ရှောင်သွားသော်လည်း တော်ဝင်မျိုးနွယ်များကမူ ရွံရှာစွာဖြင့် နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ထားကြသည်။

လိုကျစ်ကွေ့က အေးစက်စွာ ပြောလိုက်သည်။ “မင်းသားတို့၊ အဲဒါ ကိုယ်ရံတော်တစ်ယောက်ပဲ။”

တော်ဝင်မင်းသားများသည် လိုကျစ်ကွေ့ကို ကြည့်လိုက်ကြသည်။ လိုကျစ်ကွေ့၏ စကားအဓိပ္ပာယ်ကို သူတို့ ကောင်းစွာ နားမလည်ကြပေ။ ထိုအလောင်း၏ အဝတ်အစားကို ကြည့်ရုံဖြင့် သူတို့က မည်သူမည်ဝါမှန်း သိနိုင်သည် မဟုတ်ပါလား။ လိုကျစ်ကွေ့က အထူးတလည် ပြောပြရန် လိုအပ်ပါသလား။

လိုကျစ်ကွေ့က ပြောသည်။ “သူသာမရှိရင် အခုလို အသယ်ခံရမယ့်လူတွေက မင်းသားတို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။”

“မင်း။” မင်းသားတစ်ပါးက ချက်ချင်း ဒေါသထွက်ရန် ပြင်လိုက်သည်။

မင်းသားကျီသည် ထိုမင်းသားကို လက်ကာပြလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “ဆက်မပြောနဲ့တော့။”

“ဒီနေ့ ဒီလိုအခြေအနေမျိုး ဖြစ်လာတာက ဧကရာဇ်အလိုရှိလို့ မဟုတ်ပါဘူး။” လိုကျစ်ကွေ့က ပြောသည်။ “အမတ်ချုပ်ကြီးက အာဏာကို တစ်ဦးတည်း ချုပ်ကိုင်ချင်နေတာပါ။ ဒီစကားကို ကျွန်တော်မျိုး မင်းသားတို့ကို အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။”

တော်ဝင်မျိုးနွယ်များအားလုံး၏ မျက်နှာများမှာ ပျက်ယွင်းနေသည်။

“ဒီနေ့သာ ဒီဒုက္ခသည်တွေကို ဆူပူအုံကြွခွင့်ပေးလိုက်ရင်။” လိုကျစ်ကွေ့က ဆက်ပြောသည်။ “အခြေအနေက ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူမှ ပြောနိုင်မှာမဟုတ်ဘူး။”

မင်းသားကျီက မကျေမနပ်ဖြင့် ပြောလိုက်သည်။ “ရှဲ့ဝမ်ယွမ်၊ ဒီလောဘဇောမသတ်နိုင်တဲ့ လူယုတ်မာ။” မင်းသားကျီသည် နဉ်မျိုးနွယ်၏ တိုင်းပြည်ကို ထိုမျှလောက် မချစ်ခင်ပေ။ သူသည် ဖြောင့်မတ်ခြင်းနှင့်လည်း မသက်ဆိုင်ပေ။ သို့သော် ဤတိုင်းပြည်သည် နဉ်မျိုးနွယ်ပိုင် ဖြစ်ရမည်။ ဤသည်မှာ မင်းသားကျီ၏ အနိမ့်ဆုံးသတ်မှတ်ချက်ဖြစ်သည်။ မည်သူမဆို ထိပါးလာလျှင် ထိုသူသည် မင်းသားကျီ၏ ရန်သူပင်။ တိုင်းပြည်က နဉ်မျိုးနွယ်ပိုင် မဟုတ်တော့လျှင် သူ နင်ကွမ်းယွမ်သည် ဘာကိုများဆက်ပြီးလုပ်နိုင်မှာလဲ။

လိုကျစ်ကွေ့က ပြောသည်။ “အခု ကျိန်ဆဲနေလို့ ဘာအသုံးဝင်မှာလဲ။ မင်းသား၊ ရှဲ့မိသားစုလက်ထဲက အသက်ကယ်နိုင်တဲ့ အရာတွေကို ဘယ်လိုဖယ်ရှားမလဲဆိုတာ စဉ်းစားသင့်ပါတယ်။”

မည်သည့်အရာက ရှဲ့မိသားစု၏ အသက်ကို ကယ်တင်နိုင်မည်နည်း။

တော်ဝင်မျိုးနွယ်များ၏ စိတ်ထဲတွင်လည်း ရှင်းလင်းစွာ သိနေသည်။ စစ်တပ်အာဏာမှလွဲ၍ ရှဲ့မိသားစု၏ အသက်ကို ကယ်တင်နိုင်မည့် အရာမရှိပေ။

“ရှဲ့မိသားစုက စစ်တပ်ထဲမှာ လူမရှိတာ မဟုတ်ဘူး။” လိုကျစ်ကွေ့သည် သူ့ထံသို့ လျှောက်လာသော အမတ်ချုပ်ကြီးရှဲ့ကို ကြည့်ရင်း မင်းသားများကို တိုးညင်းစွာ ပြောလိုက်သည်။ “အမြစ်ကနေ မဖြတ်နိုင်ရင်တောင် အနည်းဆုံးတော့ အကိုင်းအခက်တွေကို ရှင်းလင်းသင့်တယ်။”

“အဲဒါ ဘယ်နှယောက်များ ရှိလို့လဲ။” မင်းသားချီ နဉ်ကွမ်းပေက ပြောလိုက်သည်။ “ရှဲ့မိသားစုက စာပေမျိုးရိုးပဲ။ စစ်တပ်ထဲမှာ အမှုထမ်းနေတဲ့ သားသမီးတွေက ငါးယောက်ပဲ ရှိတယ်လို့ ငါမှတ်မိတယ်။”

“သစ္စာရှိတဲ့ ကျွန်တွေလည်း ရှိသေးတယ်။” လိုကျစ်ကွေ့က ဖြည့်စွက်လိုက်သည်။

“အထူးသစ္စာရှိတဲ့ အမျိုးအစားလား။” မင်းသားကျီက မေးသည်။

“သစ္စာရှိမရှိက အရေးမကြီးပါဘူး။” လိုကျစ်ကွေ့က ပြောသည်။ “အရေးကြီးတာက သစ္စာဖောက်လို့မရတဲ့လူတွေပါ။ ဥပမာအားဖြင့် မိသားစုဝင်တွေက ရှဲ့မိသားစုလက်ထဲမှာ ရှိနေတဲ့လူတွေပေါ့။”

“မင်းသားတို့ကို ကျွန်တော်မျိုး ဂါရဝပြုပါတယ်။” လိုကျစ်ကွေ့၏ စကားဆုံးသည်နှင့် အမတ်ချုပ်ကြီးရှဲ့သည် မင်းသားများအနီးသို့ ရောက်လာပြီး လက်ယှက်ကာ အရိုအသေပြုလိုက်သည်။

မင်းသားများသည် နောက်သို့ဆုတ်သွားကြပြီး မင်းသားကျီတစ်ဦးတည်းသာ အမတ်ချုပ်ကြီးရှဲ့ရှေ့တွင် ကျန်ရစ်ခဲ့သည်။

“စစ်သေနာပတိချုပ်၊ နောက်နေ့ အားတဲ့အခါမှ ကျွန်တော်တို့ စကားပြောကြတာပေါ့။” မင်းသားချီသည် လိုကျစ်ကွေ့ကို နှုတ်ဆက်လိုက်ပြီး မင်းသားအချို့နှင့်အတူ ထွက်ခွာသွားသည်။

ထိုတော်ဝင်မျိုးနွယ်များသည် မိမိနှင့် ရန်သူဖြစ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိသော်လည်း အမတ်ချုပ်ကြီးရှဲ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားဆဲဖြစ်သည်။ သူက ပြောလိုက်သည်။ “မင်းသားတို့က စစ်သေနာပတိချုပ်နဲ့ စကားစမြည်ပြောနေကြတာကိုး။”

မင်းသားကျီက အေးစက်စွာ ပြောလိုက်သည်။ “ငါတို့ ဒေါသမထွက်နိုင်ရင်တောင် စစ်သေနာပတိချုပ်နဲ့ စကားလေးဘာလေး ပြောလို့မရဘူးလား။”

“မင်းသား။” အမတ်ချုပ်ကြီးရှဲ့က ပြောသည်။ “ဒီနေ့ကိစ္စမှာ လူတိုင်းမှာ အမှားရှိပါတယ်။”

မင်းသားကျီက ပြုံးလိုက်ပြီး ပြောသည်။ “တရားခံကို မစစ်ဆေးရသေးဘူး။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ အခု ဆုံးဖြတ်လို့မရသေးဘူး။ ဒါပေမဲ့ ဒုက္ခသည်တွေကိစ္စအတွက်တော့ ငါတို့အားလုံး အမတ်ချုပ်ကြီးရဲ့ ရှင်းပြချက်ကို စောင့်နေကြတယ်။”

အမတ်ချုပ်ကြီးရှဲ့သည် ခေါင်းခါကာ ပြောလိုက်သည်။ “အဲဒီအဘိုးကြီးက လျှောက်ပြောနေတာပါ။ သန့်ရှင်းတဲ့သူက သန့်ရှင်းနေမှာပဲ။ ဧကရာဇ်က ကျွန်တော်မျိုးကို တရားမျှတမှု ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။”

အားလုံးက မျက်နှာပြောင်တိုက်တတ်သူများဖြစ်ရာ အတူတူတွေ့ဆုံသည့်အခါ မည်သူကမျှ အနိုင်မရနိုင်ပေ။

မင်းသားကျီသည် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး လိုကျစ်ကွေ့ကို ပြောလိုက်သည်။ “မနက်ဖြန် ဒီမင်းသား စစ်သေနာပတိချုပ်ကို လာတွေ့မယ်။” ဤစကားကို ပြောပြီးနောက် လိုကျစ်ကွေ့၏ အဖြေကို မစောင့်ဘဲ မင်းသားကျီသည် စင်မြင့်ထစ်များမှ ဆင်းသွားသည်။

စင်မြင့်ပေါ်တွင် ကျန်ရစ်ခဲ့သော နက္ခတ်ဗေဒဌာနမှ လူများမှာ... တော်ဝင်မင်းသားများလည်း ထွက်ခွာသွားကြပြီ။ ဧကရာဇ်သည်လည်း ပြန်မလာတော့ပေ။ ဘိုးဘေးခန်းမကို ဘယ်သူက စစ်ဆေးမှာလဲ။ မင်းတို့ဘိုးဘေးတွေရဲ့ကမ္ပည်းပြားတွေထားတဲ့ ဝိညာဉ်ခန်းမကြီးက အပေါက်ဖြစ်နေတာမဟုတ်ဘူးလား။

အမတ်ချုပ်ကြီးရှဲ့နှင့် လိုကျစ်ကွေ့တို့သည် အတူတူရပ်နေကြသည်။ အခြားသူများမှာမူ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ထိုနှစ်ယောက်နှင့် ဝေးဝေးတွင် နေကြသည်။

“စစ်သေနာပတိချုပ်က မင်းသားလေးချန်ကို ဘယ်ကို ခေါ်သွားခိုင်းတာလဲ။” အမတ်ချုပ်ကြီးရှဲ့သည် တည့်တိုးပင် မေးလိုက်သည်။

လိုကျစ်ကွေ့သည်လည်း အမတ်ချုပ်ကြီးရှဲ့နှင့် ကွေ့ကောက်မနေဘဲ တည့်တိုးပင် ပြန်ဖြေလိုက်သည်။ “နန်းတော်ထဲမှာ အခြေအနေတည်ငြိမ်သွားရင် ကျွန်တော်မျိုး မင်းသားလေးကို နန်းတော်ထဲ ပြန်ခေါ်လာခိုင်းပါ့မယ်။”

“အဲဒါ အကောင်းဆုံးပါပဲ။” အမတ်ချုပ်ကြီးရှဲ့သည် ခေါင်းညိတ်လိုက်သည်။

“အမတ်ချုပ်ကြီး စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။” လိုကျစ်ကွေ့သည် အမတ်ချုပ်ကြီးရှဲ့ကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့သည် ခြေရင်းမှ သွေးများကို ငုံ့ကြည့်လိုက်ပြီး လိုကျစ်ကွေ့ကို မော့ကြည့်ကာ မေးလိုက်သည်။ “ဧကရာဇ်က အဲဒီဒုက္ခသည်တွေကို ဘယ်လိုအရေးယူမှာလဲ။”

လိုကျစ်ကွေ့ စကားမပြောရသေးမီ မြို့တော်စောင့်တပ်မှ အရာရှိတစ်ဦးသည် အပြေးအလွှား ရောက်လာပြီး အမတ်ချုပ်ကြီးရှဲ့၏ ရှေ့သို့ရောက်သောအခါ တိုးညင်းစွာဖြင့် စကားအနည်းငယ် ပြောလိုက်သည်။

လိုကျစ်ကွေ့သည် အမတ်ချုပ်ကြီးရှဲ့၏ ကိုယ် ယိုင်သွားသည်ကို မြင်လိုက်ရသည်။ အရာရှိက ထိန်းပေးလိုက်သော်လည်း ကောင်းစွာ မရပ်နိုင်ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် လိုကျစ်ကွေ့ နားလည်လိုက်သည်။ သခင်မငယ်ဝမ် အောင်မြင်သွားပြီဖြစ်ရမည်။

အရာရှိသည် အမတ်ချုပ်ကြီးရှဲ့ကို ထိန်းထားရင်း သူ့သခင်ကို မော့ကြည့်ရန် မဝံ့ရဲပေ။ ရှဲ့အိမ်တော်မှ အဘွားအိုသည် ယနေ့ ရုတ်တရက် သေဆုံးသွားခြင်းမှာ မည်သို့စဉ်းစားစဉ်းစား မသင်္ကာဖွယ်ရာ ဖြစ်နေသည်။

အမတ်ချုပ်ကြီးရှဲ့သည် လှည့်ထွက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားပြီး လိုကျစ်ကွေ့ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။

လိုကျစ်ကွေ့သည် သွေးစွန်းနေသော လှေကားထစ်များပေါ်တွင် လက်နောက်ပစ်ကာ ရပ်နေသည်။ သူ၏ မျက်နှာမှာ အေးစက်တည်ငြိမ်ပြီး လောကီအညစ်အကြေးများနှင့် ကင်းစင်နေသကဲ့သို့ပင်။

“မင်း။” အမတ်ချုပ်ကြီးရှဲ့သည် မေးရန် ကြံလိုက်သည်။ မင်းလို ယောက်ျားတစ်ယောက်က အသက်ကြီးရင့်နေတဲ့ အဘွားအိုတစ်ယောက်ကို လက်ပါရသလား။ သို့သော် အမတ်ချုပ်ကြီးရှဲ့သည် "မင်း" ဟူသော စကားတစ်လုံးကိုသာ ပြောနိုင်ပြီး နောက်ဆက်တွဲစကားများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး မပြောနိုင်တော့ပေ။ လိုမိသားစုမှ ဖခင်နှင့် သားများ၏ အသက်ကို သူ၏လက်ဖြင့် သုတ်သင်ခဲ့သည် မဟုတ်ပါလား။ အဘွားအိုတစ်ယောက် မပြောနှင့်၊ လိုကျစ်ကွေ့က သူ၏ ရှဲ့မိသားစုတစ်စုလုံးကို သတ်ဖြတ်ခဲ့လျှင်ပင် သူက ဘာမှ ပြန်ပြောနိုင်မည် မဟုတ်ပေ။

လိုကျစ်ကွေ့သည် လှေကားထစ်အနည်းငယ်ကို ဆင်းလာပြီး အမတ်ချုပ်ကြီးရှဲ့၏ ရှေ့သို့ ရောက်လာသည်။

အမတ်ချုပ်ကြီးရှဲ့ကို ထိန်းထားသော မြို့တော်စောင့်တပ်အရာရှိသည် အလွန်စိုးရိမ်နေသည်။ လိုကျစ်ကွေ့က အမတ်ချုပ်ကြီးရှဲ့ကို ရုတ်တရက် လက်ပါလာမည်ကို စိုးရိမ်နေသည်။ လိုကျစ်ကွေ့ကဲ့သို့သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရလျှင် အမတ်ချုပ်ကြီးရှဲ့ကို ကာကွယ်ရန် သူ့တွင် အခွင့်အရေး လုံးဝမရှိပေ။

“ဒုက္ခသည်တွေက အသက်ရှင်ဖို့ပဲ တောင်းဆိုတာပါ။” လိုကျစ်ကွေ့က အမတ်ချုပ်ကြီးရှဲ့ကို ပြောလိုက်သည်။ “အမတ်ချုပ်ကြီးက အထက်တန်းလွှာမှာ ရှိနေပေမယ့် ပုရွက်ဆိတ်တစ်ကောင်ရဲ့ အသက်ကိုတောင်မှ တွက်ချက်နေတာကို ကျွန်တော်မျိုး လေးစားပါတယ်။”

အမတ်ချုပ်ကြီးရှဲ့သည် အားတင်းကာ ပြောလိုက်သည်။ “မင်းဘာတွေပြောနေလဲ ငါနားမလည်ဘူး။”

“ခင်ဗျားနားမလည်တာ သဘာဝကျပါတယ်။” လိုကျစ်ကွေ့က ပြောသည်။ “ဒါပေမဲ့ ခင်ဗျားနားမလည်ရင်တောင် ကျွန်တော်ပြောရမယ်။ မတရားမှုများစွာပြုလျှင် မိမိကိုယ်တိုင် ပျက်စီးရမယ်တဲ့။”

အမတ်ချုပ်ကြီးရှဲ့သည် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ဒီစကားကို စစ်သေနာပတိချုပ်လည်း စိတ်ထဲမှာ မှတ်ထားသင့်တယ်။”

ငါ ရှဲ့ဝမ်ယွမ်က လူကောင်းမဟုတ်ဘူးဆိုရင် မင်း လိုကျစ်ကွေ့ကရော ဘယ်လို လူကြီးလူကောင်းမျိုးလဲ။

လိုကျစ်ကွေ့သည် အမတ်ချုပ်ကြီးရှဲ့၏ ဘေးမှ ဖြတ်လျှောက်သွားသည်။

“စစ်သေနာပတိချုပ်။” အမတ်ချုပ်ကြီးရှဲ့သည် လိုကျစ်ကွေ့၏ နောက်တွင် ရပ်ကာ ပြောလိုက်သည်။ “မင်း အခုတွေ့နေရတဲ့ သခင်က အကောင်းဆုံးသခင် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။”

လိုကျစ်ကွေ့သည် လှည့်ကြည့်လိုက်ပြီး အမတ်ချုပ်ကြီးရှဲ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ ဤလူက နင်အမျိုးသမီးလေးသည် မိန်းကလေးဖြစ်ကြောင်း သူ မသိဟု ထင်နေသေးသည်။

လိုကျစ်ကွေ့ ထွက်ခွာသွားပြီးနောက် အမတ်ချုပ်ကြီးရှဲ့၏ ခြေထောက်များက ပျော့ခွေသွားသည်။

“အမတ်ချုပ်ကြီး။” မြို့တော်စောင့်တပ်မှ ဗိုလ်ချုပ်သည် အားထည့်ကာ အမတ်ချုပ်ကြီးရှဲ့ကို ထပ်မံထိန်းလိုက်သည်။

“နန်းတော်ထဲက ထွက်မယ်။” အမတ်ချုပ်ကြီးရှဲ့သည် တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “အမတ်ချုပ်ကြီးအိမ်တော်ကို ပြန်မယ်။”

မိခင် သေဆုံးသွားသောအခါ သူသည် သုံးနှစ်ကြာ ဝမ်းနည်းပူဆွေးကာ အမှုထမ်းခြင်းမှ အနားယူရပေမည်။ ထိုသို့ဖြစ်လျှင် ကိစ္စများစွာကို သူကိုယ်တိုင် ဝင်ရောက်စွက်ဖက်နိုင်တော့မည် မဟုတ်ပေ။ ကံဆိုးစွာဖြင့် သူ၏ ကျန်ရှိနေသော သားနှစ်ယောက်မှာမူ အသုံးမကျလှပေ။ လိုကျစ်ကွေ့၏ ဤခြေလှမ်းသည် သူ၏ အခြေခံအုတ်မြစ်ကို ဖြိုချလိုက်သကဲ့သို့ပင်။

မြို့တော်စောင့်တပ်မှ ဗိုလ်ချုပ်သာ ယခုအချိန်တွင် အမတ်ချုပ်ကြီးရှဲ့၏ အတွေးများကို သိရှိပါက ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။ မိခင်သေဆုံးသွားပြီး အသတ်ခံရခြင်း ဖြစ်သော်လည်း သားဖြစ်သူက ဝမ်းနည်းခြင်းမရှိ၊ လက်စားချေရန် မစဉ်းစား၊ အသုဘအခမ်းအနားကို မည်သို့စီစဉ်ရမည်ကို မစဉ်းစားဘဲ ဦးနှောက်ထဲတွင် တွက်ချက်နေသည်မှာ အရှုံးအမြတ်၊ အချင်းချင်း လှည့်စားခြင်းများသာ ဖြစ်သည်။ ရှဲ့ဝမ်ယွမ်သည် မည်မျှလောက် အေးစက်သွေးအေးသော လူတစ်ယောက်ပါနည်း။

***

All Chapters