← Chapters

သဘောထားကွဲလွဲလာသည့် အမတ်ချုပ်ကြီးနှင့် မယ်တော်ကြီး

Vol. 9 Ch. 136

သဘောထားကွဲလွဲလာသည့် အမတ်ချုပ်ကြီးနှင့် မယ်တော်ကြီး

Vol. 9 Ch. 136

အမတ်ချုပ်ကြီးရှဲ့သည် မယ်တော်ကြီးနန်းဆောင်သို့ မရောက်သေးခင်မှာပင် သတင်းတစ်ခု ရောက်လာသည်။ ယင်းယွီက မယ်တော်ကြီးနန်းဆောင်မှ နဉ်ရှင်းကို ခေါ်ထုတ်သွားပြီး ထိုက်ဟွာနန်းဆောင်သို့သွားရာလမ်းတွင် သူ၏လူများက တားဆီးထားကြောင်းပင်။

အမတ်ချုပ်ကြီးရှဲ့သည် အတွေးနက်နေသည်ဖြစ်စေ၊ ဒေါသထွက်နေသည်ဖြစ်စေ သူ၏မျက်နှာအမူအယာကို ကြည့်ရုံဖြင့် စိတ်ခံစားချက်ကို အခြားသူများအား အလွယ်တကူ အသိမပေးတတ်သူဖြစ်သည်။ ယခုတစ်ကြိမ်လည်း ထိုနည်း၎င်းပင်။ ယင်းယွီက နဉ်ရှင်းကို ခေါ်ထုတ်သွားသည့်သတင်းကို ကြားပြီးနောက် အမတ်ချုပ်ကြီးရှဲ့သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သတင်းပို့သူကို လေးနက်သောအသံဖြင့် မေးလိုက်သည်။

“မယ်တော်ကြီးရော ဘယ်လိုနေလဲ။”

“မယ်တော်ကြီးက နောက်ကနေ လိုက်သွားပါတယ်၊ ဒါပေမဲ့ ယင်းယွီက မယ်တော်ကြီးရဲ့အမိန့်ကို မနာခံပါဘူး။” ဟု သတင်းပေးသူက တိုးညင်းစွာ ပြန်ဖြေသည်။

ယင်းယွီက မယ်တော်ကြီး၏စကားကို နားထောင်မည်မဟုတ်သည်ကို အမတ်ချုပ်ကြီးရှဲ့ သိပြီးဖြစ်သည်။ သူသည် ခေတ္တမျှရပ်၍ စဉ်းစားလိုက်ပြီးနောက် ချက်ချင်းအမိန့်ပေးလိုက်သည်။

“နန်းတော်တံခါးပေါက်ကို သေချာစောင့်ကြည့်ထား။ ယင်းယွီနဲ့ သူ့လူတွေကို နန်းတော်ထဲကနေ လုံးဝထွက်ခွင့်မပေးနဲ့။”

ထိုက်ဟွာနန်းဆောင်ကို ဝင်ရောက်၍မရလျှင် လိုကျစ်ကွေ့က ယင်းယွီကို နဉ်ရှင်းနှင့်အတူ နန်းတော်အပြင်သို့ ထွက်ခွာရန် အမိန့်ပေးလိမ့်မည်။ မြို့တော်ထဲတွင် လိုမိသားစု၏ လျှို့ဝှက်နေရာများရှိရာ ယင်းယွီသာ နဉ်ရှင်းကိုခေါ်၍ ထိုနေရာများထဲမှ တစ်ခုခုတွင် ပုန်းအောင်းလိုက်ပါက အချိန်တိုအတွင်း နဉ်ရှင်းကို ရှာတွေ့ရန် အခွင့်အရေး အလွန်နည်းပါးသွားပေလိမ့်မည်။

ထိုအခါ သန်မာကြံ့ခိုင်သော အမျိုးသားအချို့သည် အမိန့်ကိုနာခံရန် နေရာအသီးသီးသို့ ထွက်ခွာသွားကြသည်။

......

ထိုအချိန်တွင် ယင်းယွီသည် အနက်ရောင်နှင်းခဲမြင်းတပ်မှ ဗိုလ်ချုပ်တစ်ဦးနှင့်အတူ နန်းတော်၏အနောက်ဘက် တံခါးပေါက်ဆီသို့ ရောက်ရှိလာသည်။

ထိုနေရာတွင် စောင့်ကြပ်နေသည်မှာ မြို့တော်စောင့်တပ်မှ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်က ယင်းယွီနှင့်အဖွဲ့ကို မြင်သောအခါ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဘယ်သူတွေလဲ။ ရပ်လိုက်စမ်း။”

“ဆက်သွား၊ မရပ်နဲ့။” အနက်ရောင်နှင်းခဲမြင်းတပ်မှ ကျိန့်ထုံအမည်ရှိ ထိုဗိုလ်ချုပ်က ယင်းယွီအား တိုးညင်းစွာ ပြောလိုက်သည်။ “တိုက်ပြီးထွက်မယ်။”

နန်းတော်တွင်းမှ ထိုအဖွဲ့သည် မရပ်တန့်ဘဲ ရှေ့ဆက်လာသည်ကိုမြင်သော် မြို့တော်စောင့်တပ်ဖွဲ့ဝင်များက သူတို့၏ ဓားလှံများကို မြှောက်လိုက်ကြသည်။

“ခဏနေရင် မင်းသားလေးကို ခေါ်ပြီး အရင်သွားလိုက်။” တိုက်ပွဲမစတင်မီ ကျိန့်ထုံက ယင်းယွီကို မှာကြားလိုက်သည်။ “ငါ မင်းနောက်ကို လိုက်လာခဲ့မယ်။”

ယင်းယွီက ခေါင်းညိတ်ပြလိုက်သည်။

နန်းတွင်းနှင့် နန်းပြင်မှ အဖွဲ့နှစ်ဖွဲ့သည် ထိပ်တိုက်တွေ့ဆုံကာ ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။ သို့သော် နဉ်ရှင်းမှာမူ ယင်းယွီ၏ ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင်။ ယင်းယွီသည် နဉ်ရှင်းကို ပို၍တင်းကျပ်စွာ ပွေ့ချီထားလိုက်ပြီး လက်ထဲမှဓားဖြင့် ရှေ့မှ မြို့တော်စောင့်တပ်မှူးတစ်ဦး၏ ဓားချက်ကို ကာလိုက်သည်။ ထို့နောက် သူ၏ကိုယ်ကို လျင်မြန်စွာလှုပ်ရှားကာ ရှုပ်ထွေးစွာတိုက်ခိုက်နေသော လူအုပ်ကြားထဲမှ ထိုးဖောက်ပြေးထွက်သွားသည်။ လိုကျစ်ကွေ့က ဤတာဝန်ကို ယင်းယွီအား ပေးအပ်ရခြင်းမှာ သူ၏ ကိုယ်ဖော့သိုင်းကွက်များက နဂါးအစောင့်တပ်တွင် အကောင်းဆုံးဖြစ်သောကြောင့် ဖြစ်သည်။

ယင်းယွီသည် မျက်စိတစ်မှိတ်အတွင်း အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ကျိန့်ထုံက ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး သူ၏ပြိုင်ဘက်ကို ဓားဖြင့်တစ်ချက်တည်း ခုတ်ချကာ မြင်းပေါ်မှ လွင့်ကျသွားစေသည်။

မိမိတို့၏ဗိုလ်ချုပ် မြင်းပေါ်မှ ပြုတ်ကျသွားသည်ကို မြင်သောအခါ မြို့တော်စောင့်တပ်သားများ၏ တိုက်စစ်သည် အနည်းငယ် ယိမ်းယိုင်သွားသည်။

“သတ်။” ဟု ကျိန့်ထုံက ဟစ်ကြွေးလိုက်သည်။

နဂါးအစောင့် နှစ်ဆယ်ခန့်သည် ကျိန့်ထုံနောက်မှ တကောက်ကောက်လိုက်ကာ အသက်ကို ပဓာနမထားဘဲ နန်းတော်တံခါးပြင်ပသို့ တိုက်ခိုက်ထွက်ခွာသွားကြသည်။

မကြာမီမှာပင် ယင်းယွီသည် နဉ်ရှင်းကိုပွေ့ချီရင်း လူအုပ်ထဲမှ ခုန်ထွက်လာပြီး အနီးရှိ ပိုင်ရှင်မဲ့မြင်းတစ်ကောင်ပေါ်သို့ လွှားခနဲ တက်လိုက်သည်။ ဇက်ကြိုးကို တစ်ဖက်မှဆွဲကိုင်ရင်း ကျိန့်ထုံတို့အဖွဲ့ကို လှည့်ကြည့်လိုက်သည်။

“သွားတော့။” ဟု ကျိန့်ထုံက အော်ပြောလိုက်သည်။

မြင်းသည် ဟီလိုက်သော်လည်း ယင်းယွီက မည်သို့ပင် တိုက်တွန်း၍ မည်မျှပင် ကြိမ်လုံးဖြင့် ရိုက်စေကာမူ ရှေ့သို့မထွက်ဘဲ နေရာမှာပင် ရပ်နေသည်။

“မြားနဲ့ပစ်။” ဟု မြို့တော်စောင့်တပ်မှ အရာရှိတစ်ဦးက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

ထိုစဉ် အဘိုးဟွေ့က အဝါရောင်မြင်းကြီး၏ ဦးခေါင်းပေါ်သို့ နားလိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။ “မင်းက ရှောင်ယောင်းကို ကူညီရမှာနော်။ မင်းရဲ့သခင်က ရှဲ့ဝမ်ယွမ်ဆိုတဲ့ လူဆိုးကြီးနောက်လိုက်ပြီး မကောင်းမှုတွေလုပ်နေတာ၊ မင်းကပါ လူဆိုးနောက်လိုက်ပြီး မကောင်းမှုတွေလုပ်ချင်လို့လား။”

မြင်းကြီးက အဘိုးဟွေ့ကို ပြန်ဟီလိုက်သည်။ “မင်းပြောတော့သာ လွယ်တာ၊ ငါ့သခင်ကို စွန့်လွှတ်လိုက်ရင် နောက်ဘယ်သူက ငါ့ကို အစာကျွေးမှာလဲ။” သူက မြက်စားရမည်၊ ပဲဖတ်စားရမည်။ သခင်မရှိလျှင် မြို့တော်ထဲတွင် သူဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ

အဘိုးဟွေ့က အဝါရောင်မြင်းကြီးကို တစ်ချက်ဆိတ်လိုက်ပြီး ပြောသည်။ “မင်းသာ ရှောင်ယောင်းကို ကူညီခဲ့ရင် နောက်ဆို သူကပဲ မင်းကို ကျွေးမွေးမှာပေါ့။ သူက မင်းရဲ့သခင်အသစ်ဖြစ်သွားမှာပဲ၊ ကြားလား။”

“မင်း ဒီမြင်းကို လိမ်လို့မရဘူးနော်။” ဟု မြင်းကြီးက ဆိုသည်။

အဘိုးဟွေ့က ပြန်ပြောသည်။ “ငါသာ မင်းကို လိမ်ခဲ့ရင် မင်းငါ့ကို လာသတ်လိုက်ပေါ့။”

အဝါရောင်မြင်းကြီးသည် ထိုအကြံကို သဘောကျသွားပုံရသည်။

ယင်းယွီသည် သူ၏ဓားဖြင့် မြားတစ်စင်းကို ကာကွယ်လိုက်သည်။

“မလုပ်နဲ့။” ဟု အမျိုးသမီးတစ်ဦး၏ စူးရှသော အော်သံသည် မလှမ်းမကမ်းမှ ထွက်ပေါ်လာသည်။ “မြားမပစ်ကြနဲ့။”

ထိုအမျိုးသမီး၏ အော်သံကြောင့် မြားသမားများ၏ လက်များက တစ်ချက် တုံ့ဆိုင်းသွားသည်။

အဝါရောင်မြင်းကြီးသည် တစ်ချက်ဟီလိုက်ပြီး နန်းတော်အပြင်ဘက် လမ်းမပေါ်သို့ ပြေးထွက်သွားတော့သည်။

မယ်တော်ကြီးရှဲ့သည် ဆံပင်များ ဖရိုဖရဲဖြစ်ကာ မိန်းမစိုးငယ်နှစ်ဦး ထမ်းလာသော ဝေါယာဉ်ငယ်ပေါ်တွင် ထိုင်လျက် အနောက်ဘက်တံခါးသို့ ရောက်လာသည်။ အသက်ကိုပင် ကောင်းစွာမရှူနိုင်သေးဘဲ မြို့တော်စောင့်တပ်သားများကို ဒေါသတကြီး ကြိမ်းမောင်းတော့သည်။ “မင်းတို့... မင်းတို့တွေ မြန်မြန်လုပ်ကြလေ။ ငါ့အတွက် မင်းသားလေးချန်ကို ပြန်လိုက်ရှာကြစမ်း။ သွားကြလေ။”

မြို့တော်စောင့်တပ်ဖွဲ့ဝင်အားလုံး ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွားသည်။ ခုနက နဂါးအစောင့်၏ လက်ထဲမှ ကလေးငယ်မှာ မင်းသားလေးချန် နဉ်ရှင်း ဖြစ်နေသည်တဲ့လား။

“သွားကြစမ်း။” ဟု မယ်တော်ကြီးရှဲ့က အော်ဟစ်လိုက်သည်။ “မင်းသားလေးသာ တစ်ခုခုဖြစ်ခဲ့ရင် မင်းတို့ရဲ့ ဆွေစဉ်မျိုးဆက်အကုန်သတ်ပစ်မယ်။”

ထိုအချိန်တွင် ကျိန့်ထုံသည် သူ၏လူများကို ဦးဆောင်၍ နန်းတော်တံခါးအပြင်ဘက်သို့ ထွက်လာခဲ့သည်။ နန်းတော်တံခါးအတွင်းမှ အရူးမတစ်ယောက်ကဲ့သို့ ဖြစ်နေသော မယ်တော်ကြီးရှဲ့ကို လှည့်ကြည့်လိုက်သောအခါ ဗိုလ်ချုပ်ကျိန့်၏စိတ်ထဲတွင် ဤအဆိပ်ပြင်းလှသော မိန်းမယုတ်ကို ဓားဖြင့်ထိုးသတ်ပစ်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။

“သွားမယ်။” သူသည် သတ်ချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ပြီးနောက် နဂါးအစောင့်များကို ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။

အမတ်ချုပ်ကြီးရှဲ့သည် သူ့လူများနှင့်အတူ အနောက်ဘက်တံခါးသို့ ရောက်လာသောအခါ မယ်တော်ကြီးရှဲ့နှင့် သူမ၏အခြွေအရံများမှလွဲ၍ အခြားမည်သူ့ကိုမျှ မတွေ့ရတော့ပေ။ ဝေါယာဉ်ပေါ်တွင်ထိုင်၍ ငိုကြွေးနေသော သူ့သမီးကြီးရှေ့တွင် ရပ်လိုက်ပြီး အမတ်ချုပ်ကြီးရှဲ့က စိုးရိမ်စွာမေးလိုက်သည်။

“ယင်းယွီက မင်းသားလေးကို နန်းတော်အပြင်ဘက် ခေါ်သွားတာလား။”

မယ်တော်ကြီးရှဲ့သည် အမတ်ချုပ်ကြီးရှဲ့၏ အသံကိုကြားသောအခါ ဖခင်ဖြစ်သူကို မော့ကြည့်လိုက်ပြီး ငိုယိုကာ ပြောလိုက်သည်။ “အဖေ၊ သမီးအတွက် မင်းသားလေးကို ပြန်ရှာပေးပါနော်။”

အမတ်ချုပ်ကြီးရှဲ့က ကောင်းစွာမထိုင်နိုင်ဖြစ်နေသော မယ်တော်ကြီးကို ထိန်းပေးရန် အနားမှ အထိန်းတော်နှစ်ဦးကို မျက်ရိပ်ပြလိုက်ပြီး နှစ်သိမ့်စကားဆိုသည်။ “ဒါကတော့ ပြောစရာမလိုပါဘူး။ ကျွန်တော်မျိုး မင်းသားလေးကို ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးမှာပါ။”

မယ်တော်ကြီးရှဲ့သည် အသက်ရှူပင် ရပ်မတတ် ငိုကြွေးရင်း ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ “နဉ်ယွီ၊ ဒီသေချင်းဆိုးမ။”

“မယ်တော်ကြီး၊ စကားကို ဆင်ခြင်ပါ။” ဟု အမတ်ချုပ်ကြီးရှဲ့က အလျင်အမြန် တားမြစ်လိုက်သည်။ ယခုအချိန်တွင် အပြင်လူများ မရှိသော်လည်း လူအများရှေ့တွင် ဧကရာဇ်ကို သေသင့်သည်ဟု ကြိမ်းမောင်းခြင်းသည် မိမိကိုယ်ကို သေကြောင်းကြံနေခြင်းနှင့် တူပေသည်။

“အမတ်ချုပ်ကြီးရဲ့ စကားက မှန်တယ်။” နဉ်ရှောင်ယောင်းသည် ရှဲ့သားအဖတို့၏ မလှမ်းမကမ်းတွင် ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

မယ်တော်ကြီးရှဲ့သည် သူမ၏အမြင်ကို ကွယ်ထားသော အမတ်ချုပ်ကြီးရှဲ့ကို ဘေးသို့တွန်းဖယ်လိုက်ပြီး နဉ်ရှောင်ယောင်းကို ဒေါသတကြီး စိုက်ကြည့်ကာ တစ်စုံတစ်ခု ကြိမ်းမောင်းရန် ပြင်လိုက်သည်။

သို့သော် နဉ်ရှောင်ယောင်းက ဦးစွာစကားဆိုလိုက်သည်။ “ခင်ဗျား၊ ခင်ဗျားအဖေစကားကို တကယ်ယုံနေတာလား။ သူက နဉ်ရှင်းရဲ့အသက်ကို ကာကွယ်ပေးမယ်တဲ့လား။ ဖြစ်နိုင်ပါ့မလား၊ နဉ်ရှင်းသာ သေသွားခဲ့ရင်တောင် သူက တခြားကလေးတစ်ယောက်ကို ရှာပြီး ခင်ဗျားကို မွေးစားခိုင်းမှာပဲ။”

မယ်တော်ကြီးရှဲ့၏ ငိုသံသည် ရုတ်တရက် ရပ်တန့်သွားသည်။

“ဟင်း ဟင်း။” နဉ်ရှောင်ယောင်းက ပြောသည်။ “အမတ်ချုပ်ကြီး၊ ကျွန်တော်ပြောတာ မမှားဘူးမလား။”

အမတ်ချုပ်ကြီးရှဲ့သည် နဉ်ရှောင်ယောင်း၏ ဒဏ်ရာရနေသော ဝမ်းဗိုက်ကို ကြည့်လိုက်သည်။

နဉ်ရှောင်ယောင်းက သူမ၏ဝမ်းဗိုက်ကို ပုတ်လိုက်ပြီး ပြောသည်။ “ကျွန်တော်က လွယ်လွယ်နဲ့ သေမယ့်လူစားမျိုး မဟုတ်ဘူး။”

အမတ်ချုပ်ကြီးရှဲ့က မေးသည်။ “မင်းရဲ့ဆရာက ဘယ်သူလဲ။”

“ဘယ်သူပဲဖြစ်ဖြစ် ခင်ဗျားတော့မဟုတ်ဘူး။” နဉ်ရှောင်ယောင်းက ပြောသည်။ “မယ်တော်ကြီး၊ ကျွန်တော်က လွယ်လွယ်နဲ့မသေနိုင်ပေမယ့် မယ်တော်ကြီးရဲ့သားကတော့ မသေချာဘူးနော်။ အမတ်ချုပ်ကြီးရဲ့လူတွေက ကလေးကို ပြန်မရရင် သတ်ပစ်မှာပဲ။”

“သူက မင်းရဲ့ညီလေးလေ။” မယ်တော်ကြီးရှဲ့က နဉ်ရှောင်ယောင်းကို စူးရှစွာ အော်လိုက်သည်။

“ဟက်ဟက်။” နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။

“မင်း... မင်းကရော မင်းရဲ့ညီလေးကို သေစေချင်တာလား။” အထိန်းတော်နှစ်ဦးသာ ထိန်းမထားပါက မယ်တော်ကြီးရှဲ့သည် ဝေါယာဉ်ပေါ်မှ လဲကျသွားနိုင်ပေသည်။

“ဟက်ဟက်။” နဉ်ရှောင်ယောင်းသည် ဆက်လက်၍ ရယ်မောနေသည်။

ဤကဲ့သို့ ကမ္ဘာလောကကြီးတစ်ခုလုံးကို မကောင်းမြင်စိတ်များဖြင့် ပြည့်နှက်စေသော ရယ်သံသည် မယ်တော်ကြီးရှဲ့ကို အားကိုးရာမဲ့စေပြီး စိတ်ဖောက်ပြန်လုနီးပါး ဖြစ်သွားစေသည်။ သူမသည် အမတ်ချုပ်ကြီးရှဲ့၏ အင်္ကျီလက်ကို ဆွဲကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ “အဖေ... အဖေကရော ကျွန်မရဲ့သားတော်ကို ဒုက္ခပေးမလို့လား။”

အမတ်ချုပ်ကြီးရှဲ့က “မယ်တော်ကြီး။” ဟု ခေါ်လိုက်သည်။

“ခင်ဗျား သူ့ကို အမေလို့ခေါ်လဲ အသုံးမဝင်ဘူး။” နဉ်ရှောင်ယောင်းက ဘေးမှနေ၍ သွေးထိုးလှုံ့ဆော်လိုက်သည်။

“မဟုတ်ဘူး။ ဒီလိုမဖြစ်ရဘူး။ မဖြစ်ရဘူး။” မယ်တော်ကြီးရှဲ့သည် ခေါင်းကို အဆက်မပြတ်ခါယမ်းနေသည်။ သူမ၏သားတော်သည် သေဆုံး၍ မဖြစ်ပေ။ နဉ်ရှင်းကိုသာ ဆုံးရှုံးသွားပါက သူမ၌ ဘာတစ်ခုမျှ ကျန်တော့မည် မဟုတ်ပေ။

မယ်တော်ကြီးရှဲ့သည် ဝေါထမ်းသမား မိန်းမစိုးများကို နန်းတော်အပြင်သို့ ထွက်ခွာရန် ပြင်းထန်စွာ အမိန့်ပေးလိုက်သည်။ သူမ နဉ်ရှင်းကို သွားရှာရမည်။

“မယ်တော်ကြီး။” ဟု အမတ်ချုပ်ကြီးရှဲ့က လေးနက်သော အသံဖြင့် အော်ခေါ်လိုက်သည်။

မယ်တော်ကြီးရှဲ့သည် ဖခင်၏အော်သံကို လျစ်လျူရှုလိုက်ပြီး သူမကို ထိန်းထားသော အထိန်းတော်နှစ်ဦးကို တွန်းဖယ်လိုက်သည်။ ယခုအချိန်တွင် သူမ၏မျက်လုံးထဲ၌ ဖွင့်ထားသော နန်းတော်တံခါးကိုသာ မြင်နေသည်။

“မယ်တော်ကြီးကို မယ်တော်ကြီးနန်းဆောင်ကို အမြန်ပြန်ပို့ကြလေ။” အမတ်ချုပ်ကြီးရှဲ့သည် မယ်တော်ကြီးရှဲ့၏ အခြေအနေကိုမြင်သော် မိန်းမစိုးနှစ်ဦးကို အမိန့်ပေးလိုက်သည်။

မိန်းမစိုးနှစ်ဦးသည် ရဲတင်းစွာဖြင့် ဝေါကို လှည့်ကာ မယ်တော်ကြီးနန်းဆောင်သို့ ပြန်သွားရန် ပြင်လိုက်သည်။

“သေသင့်တဲ့ကျွန်တွေ။” ဟု မယ်တော်ကြီးရှဲ့က အော်ဟစ်လိုက်သည်။

အရူးမတစ်ယောက်ကဲ့သို့ ဖြစ်နေသော မယ်တော်ကြီးကို ကြည့်ရင်း နဉ်ရှောင်ယောင်းက နှုတ်ခမ်းကိုစေ့လိုက်သည်။ ဒီအမျိုးသမီးဆီမှာ နှောင်းဘုရင်ကတောင် စွဲစွဲလမ်းလမ်းချစ်ခင်ရလောက်အောင် ဘယ်လိုအချက်တွေများရှိနေလို့လဲ။ တကယ်ပင် နားမလည်နိုင်သော အချစ်ဇာတ်လမ်းပင်။

“မင်းသားလေးကို မထိခိုက်စေရဘူး။” မယ်တော်ကြီးရှဲ့သည် မိန်းမစိုးနှစ်ဦးကို ရပ်တန့်စေပြီးနောက် အမတ်ချုပ်ကြီးရှဲ့ကို ထပ်မံအော်ဟစ်လိုက်သည်။ “မဟုတ်ရင် ကျွန်မ အဖေ့ကို ခွင့်လွှတ်မှာမဟုတ်ဘူး။ အမတ်ချုပ်ကြီး၊ ကျွန်မသားကို ထိခိုက်ဖို့ ကျွန်မခွင့်မပြုနိုင်ဘူး။”

မယ်တော်ကြီးရှဲ့က အမတ်ချုပ်ကြီးရှဲ့ကို အော်ဟစ်ကြိမ်းမောင်းနေသည်ကိုမြင်သောအခါ နဉ်ရှောင်ယောင်း၏ မျက်လုံးများက အရောင်တောက်လာသည်။ ဤနှစ်ယောက်သည် မကြာမီ အတွင်းပိုင်းတိုက်ပွဲ စတင်တော့မည့် အခြေအနေပင်။

အမတ်ချုပ်ကြီးရှဲ့သည် သူ့သမီးကြီးက နဉ်ရှောင်ယောင်း၏ သွေးထိုးစကားများကို နားဝင်သွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။ သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး မယ်တော်ကြီးရှဲ့ကို တိုးညင်းစွာ ပြောလိုက်သည်။ “မယ်တော်ကြီး၊ မယ်တော်ကြီးက ဧကရာဇ်ရဲ့ သွေးထိုးစကားတွေကို ယုံကြည်နေတာလား။”

အမတ်ချုပ်ကြီးရှဲ့၏ စကားကြောင့် မယ်တော်ကြီးရှဲ့သည် တစ်ချက်တွေဝေသွားသည်။

နဉ်ရှောင်ယောင်းက အော်ပြောလိုက်သည်။ “ဘာကို ကျွန်တော့်စကားကို ယုံကြည်တာလဲ။ ကျွန်တော်ပြောတာ မှားလို့လား။ ကျွန်တော်ကြားတာတော့ ခင်ဗျားရဲ့လူတွေက ခုနက နဉ်ရှင်းကိုတောင် မြားနဲ့ပစ်သေးတယ်ဆို။”

အမတ်ချုပ်ကြီးရှဲ့က ပြန်ပြောသည်။ “အဲဒီမြားက ယင်းယွီဆိုတဲ့ ကျွန်ဆီကို ဦးတည်ပစ်တာပါ။”

“ပါးစပ်ပါတိုင်း လျှောက်ပြောနေတာပဲ။” နဉ်ရှောင်ယောင်းက ဆိုသည်။ “ခင်ဗျားက ဘာလို့ ယင်းယွီရဲ့လက်ထဲမှာ နဉ်ရှင်းဆိုတဲ့ ကလေးပေါက်စလေး ပါနေတယ်လို့ မပြောရတာလဲ။”

“ပါးစပ်ပိတ်ထား။” ဟု မယ်တော်ကြီးရှဲ့က နဉ်ရှောင်ယောင်းကို အော်ဟစ်လိုက်သည်။

“ခင်ဗျား ကျွန်တော့်ကို ဒေါသထွက်နေလို့ ဘာအသုံးဝင်မှာလဲ။” နဉ်ရှောင်ယောင်း၏ စိတ်အခြေအနေသည် မယ်တော်ကြီးရှဲ့ကြောင့် အနည်းငယ်မျှပင် မပြောင်းလဲဘဲ ပြောလိုက်သည်။ “ခင်ဗျားတို့ သားအဖနှစ်ယောက်ရဲ့ ချစ်ခင်မှုကို ကြည့်ဖို့ ကျွန်တော်က ဒီမှာရပ်နေချင်တယ်လို့များ ထင်နေတာလား။”

အားလုံးမှာ ဆွံ့အသွားကြသည်။ ယခုအခြေအနေတွင် အမတ်ချုပ်ကြီးနှင့် မယ်တော်ကြီးသည် သားအဖနှစ်ဦးကြား ချစ်ခင်နေသည့်ပုံ ပေါက်နေလို့လား။

“မြင်လား။” နဉ်ရှောင်ယောင်းသည် သူမ၏ကိုယ်ပေါ်မှ နဂါးဝတ်ရုံကို ညွှန်ပြကာ မယ်တော်ကြီးရှဲ့ကို ပြောလိုက်သည်။ “သွေးတွေ။ ကျွန်မ ဓားနဲ့အထိုးခံထားရတာ။”

နဂါးဝတ်ရုံပေါ်မှ သွေးကွက်ကြီးများကြောင့် မယ်တော်ကြီးရှဲ့၏ မျက်လုံးထောင့်များ တစ်ချက်လှုပ်ခတ်သွားသည်။

“မယ်တော်ကြီး။” အမတ်ချုပ်ကြီးရှဲ့သည် မယ်တော်ကြီးရှဲ့ကို အရင်ပြန်လွှတ်ရန် ကြိုးစားလိုက်သည်။

နဉ်ရှောင်ယောင်းက ပြောသည်။ “ဘာမယ်တော်ကြီးလဲ။ ကျွန်တော်ပြောမယ် မယ်တော်ကြီး၊ ခင်ဗျားထင်သလို အမတ်ချုပ်ကြီးက ဘာလို့ မယ်တော်ကြီးနန်းဆောင်ကို လူလွှတ်ရတယ်ထင်လဲ။ ကျွန်တော်သာသေရင် သူက နဉ်ရှင်းကို ဧကရာဇ်တင်ဖို့ပဲ။ ကျွန်တော် စစ်သေနာပတိချုပ်ဆီက ကြားဖူးတယ်၊ နဉ်ရှင်းသာ ဧကရာဇ်ဖြစ်ရင် ခင်ဗျားလည်း သေရမှာပဲ မဟုတ်လား။”

မယ်တော်ကြီးရှဲ့သည် ဖခင်ဖြစ်သူကို လှည့်ကြည့်လိုက်သည်။

အမတ်ချုပ်ကြီးရှဲ့သည် တည်ငြိမ်သော မျက်နှာထားဖြင့် နဉ်ရှောင်ယောင်းကို ကြည့်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီး၊ တချို့စကားတွေကို ဆင်ခြင်ပြီးပြောတာ ပိုကောင်းပါလိမ့်မယ်။”

“ဟုတ်တာပေါ့။” နဉ်ရှောင်ယောင်းက ပြောသည်။ “ကျွန်တော်တို့က စကားပြောရင် ဆင်ခြင်ရမယ်၊ ပြီးတော့ ခင်ဗျားလာသတ်တာကို ရပ်စောင့်နေရမှာလား။”

“မယ်တော်ကြီးကို မယ်တော်ကြီးနန်းဆောင်ကို ပြန်ပို့ကြ။” အမတ်ချုပ်ကြီးရှဲ့သည် မယ်တော်ကြီးရှဲ့ကို ဤနေရာတွင် ဆက်ထား၍ မဖြစ်တော့ကြောင်း သိလိုက်သည်။

“ရပ်လိုက်။” ထိုအချိန်တွင် မယ်တော်ကြီးရှဲ့သည် တည်ငြိမ်သွားပြီး ဝေါထမ်းသမား မိန်းမစိုးနှစ်ဦးကို ပြောလိုက်သည်။ “မသေချင်ရင် ရပ်လိုက်ကြစမ်း။”

မိန်းမစိုးနှစ်ဦးသည် အမတ်ချုပ်ကြီးရှဲ့၏ လူများဖြစ်သော်လည်း မယ်တော်ကြီးရှဲ့၏ ခြိမ်းခြောက်မှုကြောင့် မလှုပ်မယှက် ရပ်တန့်နေကြသည်။

မယ်တော်ကြီးရှဲ့သည် အေးစက်သော အကြည့်ဖြင့် အမတ်ချုပ်ကြီးရှဲ့ကို ကြည့်ကာ ပြောလိုက်သည်။ “အိုက်ကျားလည်း သိချင်တယ်၊ ဧကရာဇ်သာ တစ်ခုခုဖြစ်ခဲ့ရင် အမတ်ချုပ်ကြီးက ဘယ်လိုလုပ်မှာလဲ။” နဉ်ယွီ၏နေရာတွင် အစားထိုး၍ လုံးဝမရနိုင်သော လူတစ်ယောက်ကို ရှာဖွေခြင်းသည် သူ၏ဖခင်က အစကတည်းက အစားထိုးရန် အစီအစဉ်မရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ဤလူသည် အစကတည်းက နဉ်ရှင်းကို ဧကရာဇ်ဖြစ်လာစေရန်သာ ကြံစည်ခဲ့ခြင်း ဖြစ်ပေမည်။

အမတ်ချုပ်ကြီးရှဲ့သည် စိတ်ထဲမှ တိတ်တိတ်ကလေး ညည်းညူလိုက်ပြီး မယ်တော်ကြီးရှဲ့ကို အသံနှိမ့်ကာ ပြောလိုက်သည်။ “မယ်တော်ကြီး၊ ဧကရာဇ်ရဲ့ သွေးထိုးစကားတွေကို မယုံကြည်သင့်ပါဘူး။”

“အိုက်ကျား နဉ်ရှင်းကို မတွေ့ရသေးဘူး။” မယ်တော်ကြီးရှဲ့သည် ယခုအချိန်တွင် အမတ်ချုပ်ကြီးရှဲ့၏ ရှင်းပြချက်ကို လုံးဝနားမထောင်ချင်တော့ဘဲ အေးစက်စွာ ပြောလိုက်သည်။ “ဒါဆိုရင် အမတ်ချုပ်ကြီး၊ အိုက်ကျားတို့အားလုံးရဲ့ နေ့ရက်တွေက ကောင်းမွန်မှာ မဟုတ်တော့ဘူး။”

“ဟုတ်တယ်။” နဉ်ရှောင်ယောင်းက ခေါင်းညိတ်လိုက်သည်။ အတွင်းစည်းမှာ တိုက်ခိုက်ကြလျှင် အကောင်းဆုံးပင်။ ဤနှစ်ယောက်ကို ဖြေရှင်းပြီးလျှင် သူမသည် ကမ္ဘာပတ်၍ ခရီးထွက်နိုင်ပြီဖြစ်သည်။

အမတ်ချုပ်ကြီးရှဲ့မှာ ဆွံ့အသွားသည်။ သူတို့သားအဖနှစ်ဦးသည် ဤမျှတိုးညင်းစွာ ပြောဆိုနေသည်ကိုပင် နဉ်ယွီက ကြားနိုင်သေးတာလား။ ဒီကောင်မလေး ဘယ်လိုနားများပေါက်နေတာလဲ။

***

All Chapters