အစ်ကိုရှန်က သေချာပေါက် ငါ့ကို သဘောကျနေတာပဲ
Vol. 27 Ch. 397
အခန်း (၃၉၇) : အစ်ကိုရှန်က သေချာပေါက် ငါ့ကို သဘောကျနေတာပဲ
မင်းသမီးလင်းလုံ၏ ကျင့်ကြံဆင့်က ကနဦးဝိညာဉ်အဆင့်မှာသာ ရှိသော်လည်း သူမက လင်းလုံဝိဇ္ဇာခန္ဓာကို ပိုင်ဆိုင်ထားကာ တော်ဝင်ကျမ်းကဲ့သို့ စွမ်းအားကြီးသော အထွတ်အထိပ်အဆင့် ဓားပညာရပ်ဖြစ်သည့် မဟူရာကောင်းကင် ဓားပညာရပ်ကို ကျင့်ကြံထားသည်။
ထိုအရာက မင်းသမီးလင်းလုံ၏ တိုက်ခိုက်စွမ်းရည်ကို အဆမတန် တိုးတက်သွားစေသည်။
ထိုတိုက်ကွက်၏ စွမ်းအားက ကောင်းကင်အသျှင် တစ်ယောက်ကိုပင် ခြိမ်းခြောက်ဖို့အတွက် လုံလောက်စေသည်။
ကြယ်ကြွေသလိုမျိုး ကောင်းကင်မှ ဆင်းသက်လာသည့် ဓားအရှိန်အဝါက မြောက်ပင်လယ်တစ်ခွင်လုံးကို ထိန်လင်းတောက်ပသွားစေသည်။
ထောင်ထွက်နေသော ရေကျောက်တိုင်များက ထိုဓားအရှိန်အဝါ၏ ဖျက်စီးခြင်းကို ခံလိုက်ရပြီး ရေစက်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ဓားအရှိန်အဝါက ဤနေရာမှာတင် ရပ်တန့်မသွားဘဲ ရက်စက်ကြမ်းကြုတ်သော ငါးနဂါးဆီသို့ ဆက်လက်ပျံသန်းသွားသည်။
ချွင်…
ဓားအရှိန်အဝါက ငါးနဂါးကို ခုတ်လိုက်သော်လည်း ရုတ်တရက် အရိုးဆူးချွန်များ ပေါ်ထွက်လာကာ နံရံတစ်ခုကို ဖန်တီးလိုက်သည်။
အရိုးဆူးချွန်များက ဓားအရှိန်အဝါကို တားဆီးထားပြီး အက်ကြောင်းအနည်းငယ်သာ ဖြစ်ပေါ်သွားသည်။
“ အဲဒီသားရဲရဲ့ ခုခံစွမ်းအားက တကယ်ကို သန်မာတာပဲ”
ရှီလင်းလုံ၏ အသံက စိတ်ပျက်အားလျော့နေပုံပေါ်သည်။ သူမ စွမ်းအားအကုန် ထည့်ထားသော တိုက်ကွက်က ထိုရက်စက်ကြမ်းကြုတ်သော သားရဲ၏ အကာအကွယ်ကို မထိုးဖောက်နိုင်ဘူးဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
ငါးနဂါး၏ အရိုးဆူးချွန်များက ကြံ့ခိုင်လွန်းသည့်အတွက် အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းတစ်ခုနှင့်ပင် နှိုင်းယှဉ်လို့ရနိုင်သည်။
ရက်စက်ကြမ်းကြုတ်သော ထိပ်သီးဧရာမစွမ်းပကားရှင် သားရဲနှင့် ရင်ဆိုင်ဖို့က တကယ်ကို ခက်ခဲလှသည်။
“ ဒီလိုမျိုး စွမ်းအားကြီးပြီးတော့ အသိစိတ်မရှိပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲက ဘယ်လိုလုပ်ပြီးတော့ မြောက်ပင်လယ်ရဲ့ နက်တဲ့အပိုင်းမှာ ရှိနေရတာလဲ”
ရှီလင်းလုံက တွေဝေသွားသည်။ ကျင့်ကြံသူများကို ဝိညာဉ်အသွင်ပြောင်း ထိပ်သီးအဆင့်ကို ရောက်ရှိသွားပါက စွမ်းအားကြီးသော ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်လို့ ရနိုင်သည်။
ဒါပေမဲ့ ဒီရက်စက်ကြမ်းကြုတ်တဲ့ သားရဲမှာ အသိဉာဏ်ရှိတဲ့ပုံ မပေါ်ဘူး။ တစ်စုံတစ်ယောက်က သူ့ရဲ့ အသိဉာဏ်ကို ဖျက်စီးပြီးတော့ သတ်ဖြတ်သွေးဆာမှုကိုပဲ ချန်ထားခဲ့တာများလား
ရှီလင်းလုံက အတွေးထဲ နစ်မြောနေသော်လည်း ရက်စက်ကြမ်းကြုတ်သော သားရဲက နောက်ထပ်တစ်ခါ ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။
ထိုသားရဲ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါ ပေါက်ကွဲထွက်လာသည်။ ထိုအရာက အရာအားလုံးကို ဝါးမျိုနိုင်သည့် ပင်လယ်လှိုင်းလုံးကြီးများအဖြစ်သို့ ပြောင်းလဲသွားသည်
ပေတစ်သောင်းလောက် အမြင့်ရှိသော လှိုင်းလုံးများက ရှီလင်းလုံကို ပြင်းထန်သော အရှိန်ဖြင့် ဖိလိုက်သည်။
“ ဖန်းဝူ” ရှီလင်းလုံက အော်လိုက်သည့်အခါ အနီရောင်ဆံနွယ် ပိုင်ရှင် ကောင်မလေးက ချက်ချင်း လှုပ်ရှားလိုက်သည်။
ဟူး…
ဖန်းဝူက သူမ၏ ပါးများကို ဖောင်းကာ ရုတ်တရက် အံ့ဖွယ်ဇာမဏီမီးတောက်ကို မှုတ်ထုတ်လိုက်သည့်အခါ မီးလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဂျိန်း…
မီးလုံးနှင့် ရေနံရံတို့ ထိတိုက်မိသွားသည့်အခါ အဆုံးမဲ့ အဖြူရောင်မြူခိုးထွက်ပေါ်လာသည်။
“ သားရဲကောင်…နင့်ကို သေချာ ဆုံးမပေးမှ ဖြစ်တော့မယ်”
“အံ့ဖွယ်မီးတောက် ဥက္ကာခဲ”
အနီရောင်ဆံနွယ်ပိုင်ရှင် ကောင်မလေးက ဒေါသထွက်သွားကာ သူမ၏ နောက်ရှိဇာမဏီ ပုံရိပ်သဏ္ဌာန်ကလည်း ယခုချက်ချင်း ထပြီး ပျံသန်းတော့မလိုမျိုး တောင်ပံများကို ဖြန့်နေသည်။
ဇာမဏီပုံရိပ်သဏ္ဌာန်ဆီမှ မီးတောက်များ ထွက်လာကာ ဥက္ကာခဲ ပြုတ်ကျလာသလိုမျိုး ခမ်းနားကြီးကျယ်သော အရှိန်အဝါများကို လွှတ်ထုတ်နေသည်။
အံ့ဖွယ်ဇာမဏီမီးတောက်က အာကာပြင်တစ်ခုလုံး ပြာကျသွားအောင် လုပ်ချင်သလိုမျိုး တောက်ပစွာ လောင်ကျွမ်းနေသည်။
မီးမိုးများကျဆင်းလာကာ ငါးနဂါးအပေါ် ချက်ချင်း ဖုံးလွှမ်းသွားသည်။
“အာဝူး….”
ငါးနဂါးက နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။ ခန္ဓာကိုယ်ကလည်း မီးလောင်ကျွမ်းသွားကာ ချက်ထားသော အသားကင် ရနံ့ပင် သင်းပျံ့လာသည်။
အံ့ဖွယ်ဇာမဏီမီးတောက်တွင် အဆုံးမဲ့စွမ်းအားများ ရှိနေသည်။ ထိပ်သီးဧရာမစွမ်းပကားရှင် သားရဲက ပြင်းထန်သော မီးလောင်ကျွမ်းမှုကို ခံစားသွားရသည်။
“ ကောင်းတယ် ဖန်းဝူ” ရှီလင်းလုံက ဝမ်းသာအားရဖြင့် ပြောလိုက်သည်
“ ဟုတ်တယ် မီးတောက်တွေကို အသုံးပြုပြီးတော့ ဆက်တိုက်ခိုက်”
ဂါး…
ရက်စက်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
ရက်စက်ကြမ်းကြုတ်သော သားရဲက ဒေါသထွက်သွားသည့်ပုံပေါ်ကာ ချက်ချင်း ပြင်းထန်လာသည်။ မူလက အနီရောင်သန်းနေသောမျက်လုံးများက ယခု သွေးလမင်းလိုမျိုး ကြက်သွေးရောင်ဖြစ်သွားသည်။
ဒုံး…ဒုံး…ဒုံး…
ထိုငါးနဂါးက ရုတ်တရက် ရှေ့သို့ တိုးလာသည်။ ခန္ဓာကိုယ်ကြီးက တောင်လောက်ရှိပြီး အရမ်းလေးသည့်အတွက် လူသားများကို သွေးအနှစ်အဖြစ် ပြောင်းလဲပစ်လိုက်နိုင်သည်။
ပတ်လည်ဝန်းရံနေသော ပင်လယ်ရေများလည်း နှစ်ခြမ်းကွဲသွားသည်။
ငါးနဂါးက အခက်အခဲမရှိ ချောမွေ့စွာ ရေကူးလာသည့်အတွက် ပိုမိုကြောက်စရာကောင်းသည့်ပုံစံ ပေါ်စေသည်။
ရှီလင်းလုံက မျက်မှောင်ကြုတ်ကာ ဓားကို ကိုင်မြှောက်ထားရင်း သူမဆီသို့ ဦးတည်လာနေသော ရက်စက်ကြမ်းကြုတ်သည့် သားရဲကို မျက်နှာမူထားလိုက်သည်။ သူမက ကျက်သရေရှိစွာ ကနေသလိုမျိုး ကြယ်တာရာ လင်းလုံဓားကို လွှဲယမ်းကာ ပြင်းထန်သော ဓားအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် မရေတွက်နိုင်သော ဓားအရှိန်အဝါများ ထွက်လာကာ ဓားအရှိန်အဝါပိုက်ကွန်တစ်ခု ဖန်တီးကာ ငါးနဂါးကို လွှမ်းခြုံထားလိုက်သည်။
ရှဲ…ရှဲ…ရှဲ…
ဓားအရှိန်အဝါက ပတ်ပတ်လည်ရှိ ပင်လယ်ပြင်ကို နှစ်ပိုင်းပိုင်းကာ ဗလာနတ္ထိနယ်မြေကို ထုတ်ဖော်လိုက်သည်။ ဓားအရှိန်အဝါပိုက်ကွန်၏ ထိုးဖောက်နိုင်စွမ်းက လွှမ်းခြုံခြင်းကို ခံထားရသော ငါးနဂါးကို အစိတ်စိတ်အမြွာမြွာဖြစ်အောင် ခုတ်ထစ်လိုက်သည်။
ကံကောင်းစွာဖြင့် ငါးနဂါးက သူ၏ ခန္ဓာကိုယ်ကို ကွေးကာ မရေတွက်နိုင်သော ချွန်ထက်သည့် အရိုးဆူးချွန်များကို ထုတ်လိုက်သည်။
ချွင်…ချွင်…ချွင်…
အရိုးဆူးချွန်များက ဓားအရှိန်အဝါတိုင်းကို ပိတ်ဆို့ထားသည့်အတွက် သူတို့က အရိုးဆူးချွန်များကို လုံးဝ မထိုးဖောက်နိုင်ဖြစ်နေရသည်။
ထိုအချိန်တွင် ငါးနဂါး၏ ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက ကောင်းကင်အသျှင်တစ်ယောက်၏ ခန္ဓာကိုယ်ကို စုတ်ဖြဲနိုင်သည့် ကြောက်စရာကောင်းသော အရှိန်အဝါပါရှိသည့် ချွန်ထက်သော အရိုးဆူးချွန်များ ဖြစ်သည်။
ချွင်…
ရှီလင်းလုံက သူမ၏ ဓားနှင့် ပိတ်ပင်ဖို့အတွက် လွှဲယမ်းလိုက်သော်လည်း နောက်သို့ ဆုတ်သွားရကာ သူမ၏ ဘေးပတ်လည်ရှိ အရှိန်အဝါက စတင်ဆူပွက်လာသည်။
သူမက သာမန် ကောင်းကင်အသျှင်တစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်နိုင်သော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှု အားကောင်းသော ထိပ်သီးနတ်ဆိုးအသျှင်သားရဲနှင့် တိုက်ခိုက်ဖို့က သူမ၏ တိုက်ခိုက်စွမ်းရည်ထက် ကျော်လွန်နေသည်။
ငါးနဂါး၏ တိုက်ခိုက်မှုက ရပ်တန့်သွားခြင်း မရှိပေ။ အရိုးဆူးချွန်များ တုန်လှုပ်လာကာ တစ်ချက် ဟိန်းဟောက်လိုက်တိုင်း သူ့ ခန္ဓာကိုယ်မှ ဆူးချွန်များကို ပစ်လွှတ်နေသည်။
အရိုးဆူးချွန်များ မိုးရွာသလို ကျလာသည့်အခါ အာကာပြင်လည်း တုန်လှုပ်သွားသည်။ အာကာပြင်က ထိုခွန်အားကို တောင့်မခံသည့်ပုံစံဖြင့် ပြိုလဲတော့မလို ဖြစ်နေသည်။
“ အိုး…မဖြစ်သေးဘူး”
ရှီလင်းလုံ၏ မျက်နှာထား ပြောင်းလဲသွားသည်။ ထိုအရှိန်အဝါက အရမ်းကြောက်စရာကောင်းသည့်အတွက် သူမ ပိတ်ဆို့တာမျိုး မလုပ်နိုင်ပေ။
ထိုအခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်တစ်ခုက လျင်မြန်စွာဖြင့် ရှီလင်းလုံ၏ ရှေ့တွင် ထွက်ပေါ်လာသည်။
ဝုန်း…
ပြင်းထန်သော ထုရိုက်မှုကြောင်င့ အသံအကျယ်ကြီးထွက်သွားကာ ထိုသက်ရောက်မှုကြောင့် အာကာပြင်လည်း တစ်စစီဖြစ်သွားသည်။
ထိတ်လန့်စရာကောင်းသော လက်သီးက အရိုးဆူးချွန်နှင့် ထိတိုက်မိသွားကာ ဆူးချွန်များကို အစိတ်စိတ်အမြွာမြွာ ဖြစ်သွားအောင် လုပ်လိုက်ပြီး အကြွင်းအကျန်များကို အဘက်ဘက်သို့ ပျံ့နှံ့သွားစေသည်။
ရှီလင်းလုံက ထိုမြင်ကွင်းကြောင့် မေးရိုးပြုတ်ကျမတတ် အံ့ဩသွားသည်။
“ အရမ်းစွမ်းအားကြီးတဲ့ ထိုးနှက်ချက်ပဲ” သူမက ချီးကျူးလိုက်သည်။
သူမ တားဆီးဖို့တောင် ခက်နေခဲ့တဲ့ အရိုးဆူးချွန်တွေက အဲဒီရွှေရောင်ပုံရိပ်က အစိတ်စိတ်အမြွာမြွာဖြစ်သွားအောင် လုပ်လိုက်တာတဲ့လား
ရွှေရောင်အလင်းက ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာသည့်အတွက် ဘယ်သူဆိုတာကို သိနိုင်ပြီ ဖြစ်သည်။ ရွှေရောင်အံ့ဖွယ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက် ဖြစ်သည်။ သူ၏ ဘေးတိုက်ပုံရိပ်ကပင် ကောင်းကင်ဘုံ၏ ပန်းချီကားတစ်ချပ်လိုမျိုး အရမ်းချောမောလှသည်။ ရှီလင်းလုံက သူ့ကို စိုက်ကြည့်ရင်း ချစ်ကျွမ်းဝင်လာမိသည်။
“ သူတော်စင် ရှန်ထျန်း” ရှီလင်းလုံက စိတ်လှုပ်ရှားစွာဖြင့် အော်ခေါ်လိုက်သည်။
သူမရှေ့သို့ ရောက်ရှိလာသူက လွန်ခဲ့သော လဝက်တုန်းက ပျောက်ကွယ်သွားသည့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင် လေဟာနယ်ထဲတွင် ပိတ်မိနေသည်ကို သိပြီးနောက် ရှီလင်းလုံ အရမ်းစိတ်ပူနေခဲ့သည်။
သူမက သူမ၏ အဖေဆီ အမြန်သတင်းပို့ကာ လေဟာနယ်ထဲတွင် ရှန်ထျန်းကို ရှာဖို့အတွက် အကူအညီ တောင်းခဲ့သည်။ သို့သော် ဘာသတင်းမှ မကြားခဲ့ရပေ။ ယခု ရှန်ထျန်းက သူမရှေ့သို့ ရောက်ရှိလာပြီး ရက်စက်ကြမ်းကြုတ်သော သားရဲ၏ တိုက်ခိုက်မှုကို တားဆီးပေးလိုက်သည့်အတွက် ရှီလင်းလုံ ရင်ခုန်ကာ လျှောက်တွေးနေမိသည်။
“ မင်းသမီးလေး အဆင်ပြေရဲ့လား” ရှန်ထျန်းက လှည့်ကြည့်ကာ မေးလိုက်သည်။
“ ကျွန်မကို ကူညီတဲ့အတွက် သူတော်စင်ကို ကျေးဇူးတင်ပါတယ်”
ရှန်ထျန်းက သူမကို စိတ်ပူနေသည်ကို တွေ့လိုက်ရသည့်အခါ ရှီလင်းလုံ၏ မျက်နှာနီရဲသွားကာ စိတ်မထိန်းနိုင်ပဲ ရင်ခုန်မိသည်။
အံ့ဖွယ်မိုးကောင်းကင်သူတော်စင်က ဘာလို့ ဒီနေရာမှာ ရောက်လာတာလဲ
ငါ အန္တရာယ်ရှိနေတာကို သိလို့ လာပြီးတော့ ကယ်တာများလား
ကြည့်ရတာ သူ ငါ့ကို တကယ်ဂရုစိုက်တဲ့ပုံပဲ
ဂါး…
ထိုအခိုက်အတန့်တွင် ငါးနဂါးက ထပ်မံ တိုက်ခိုက်ပြန်သည်။ သူ၏ တိုက်ခိုက်မှုကို တားဆီးခံလိုက်ရသည့်အခါ ကြက်သွေးရောင်မျက်လုံး၏ အကြည့်များက ပိုမိုပြင်းထန်လာကာ ရုတ်တရက် ရှန်ထျန်းဆီသို့ ဦးတည်လာနေသည်။
“ ဂရုစိုက်ပါ သူတော်စင်။ ဒီရက်စက်ကြမ်းကြုတ်တဲ့ သားရဲရဲ့ ခန္ဓာကိုယ်က အရမ်းကြံ့ခိုင်တာမလို့ အဲလိုမျိုး ရင်မဆိုင်သင့်ဘူး” ရှီလင်းလုံက သတိပေးလိုက်သည်။
ထိုရက်စက်ကြမ်းကြုတ်သော သားရဲ၏ ခန္ဓာကိုယ်က ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို သူမ သိသည်။ သူမ၏ မဟူရာကောင်းကင်ဓားပင် ထိုသားရဲ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ခြင်း မလုပ်နိုင်ခဲ့ပေ။
“ ဟုတ်ပြီ။ ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ထိသန်မာလဲဆိုတာကို ကျွန်တော်လည်း သိချင်တယ်။ ပြီးခဲ့တဲ့လတုန်းက သေချာရိုက်နှက်ခံထားရပြီးပြီ”
ရှန်ထျန်းက စိတ်မထိန်းနိုင်ဘဲ အပြစ်တင်ပြောဆိုလိုက်မိသည်။ လွန်ခဲ့သော လတုန်းက ထာဝရဇာမဏီဘုရင်မနှင့် ပြင်းထန်သော ကျင့်ကြံမှုတွင် အရေးနိမ့်ခဲ့သည့်အတွက် အရမ်းကံဆိုးနေသည်။ သူမက သူ့ကို လုံးဝ လွှမ်းမိုးချုပ်ကိုင်ထားခဲ့သည်။
ထာဝရဇာမဏီဘုရင်မက အားလုံး၏ အပေါ်မှာ ရှိနေရတာကို ကြိုက်သည့်အတွက် ရွေးချယ်စရာ မရှိခဲ့ပေ။
ထို့ကြောင့် ပြီးခဲ့သော လဝက်အတွင်း ရှန်ထျန်း ဒေါသပုံချတာမျိုးကို မလုပ်နိုင်ခဲ့ပေ။
ဤရက်စက်ကြမ်းကြုတ်သော သားရဲက အချိန်ကိုက် ထွက်ပေါ်လာသည့်အတွက် ရှန်ထျန်းက ထိုကဲ့သို့သော ကောင်းမွန်သည့် အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။
သူ ဒေါသဖြေဖို့အတွက် ဤရက်စက်ကြမ်းကြုတ်သော သားရဲကို စိတ်ကြိုက် ရိုက်နှက်လို့ရသည်။
တစ်ချိန်တည်းမှာပဲ ရှန်ထျန်းက သူ၏ နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို သိချင်နေမိသည်။
ရှန်ထျန်းက လေထဲသို့ ပျံသန်းသွားကာ ရွှေရောင်အလင်းတန်းက သူ့ကို ပတ်လည်ဝန်းရံနေပြီး များပြားသော ပုံရိပ်သဏ္ဌာန်များက သူ့နောက်တွင် ထွက်ပေါ်လာသည်။
မိုးကြိုးသားရဲဆယ်ကောင်၊ ဇာမဏီနတ်ဘုရားပုံရိပ်သဏ္ဌာန်များစသည်ဖြင့် ပေါ်ထွက်လာကာ သူ့ကို နတ်ဘုရားလောကမှ ဆင်းသက်လာသော ထာဝအရှင်တစ်ပါးနှင့် တူစေသည်။
သူ၏ ထိတ်လန့်စရာကောင်းသော အရှိန်အဝါ ထွက်လာပြီး ပင်လယ်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
“ တကယ်ကို စွမ်းအားကြီးတဲ့ အရှိန်အဝါတစ်ခုပဲ”
ရှီလင်းလုံ၏ အကြည့်ထဲတွင် အံ့ဩမှင်သက်မှုတို့ဖြင့် ထင်ဟပ်နေသည်။
အစ်ကိုရှန်က ငါတို့မတွေ့ရတဲ့ လဝက်အတွင်း ဒီလောက်ထိတောင် သန်မာလာတာလား
သူ၏ အရှိန်အဝါတစ်ခုထဲကပင် ထိပ်သီးနတ်ဆိုးအသျှင် ရက်စက်ကြမ်းကြုတ်သော သားရဲနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။
ဖန်းဝူလည်း ထိုမြင်ကွင်းကြောင့် အံ့ဩမှင်သက်သွားသည်။
“ ဟမ်…ဘာတွေဖြစ်နေတာလဲ။
အစ်ကိုရှန်က ဘယ်လိုလုပ်ပြီးတော့ ဇာမဏီနတ်ဘုရား ပုံရိပ်သဏ္ဌာန်နဲ့ အံ့ဖွယ်ဇာမဏီစွမ်းအားကို ပိုင်ဆိုင်သွားရတာလဲ။
အရည်အသွေးကလည်း ငါ့မျိုးနွယ်အကြီးအကဲတွေရဲ့ စွမ်းအားထက်တောင် ပိုပြီးတော့ မြင့်နေသေးတယ်”
ဖန်းဝူက ထာဝရဇာမဏီမျိုးနွယ်၏ မင်းသမီးလေး ဖြစ်ခဲ့ပြီး အံ့ဖွယ်ဇာမဏီတော်ဝင်ကျမ်းကို ကျင့်ကြံခဲ့သည်။ ထို့ကြောင့် အံ့ဖွယ်ဇာမဏီစွမ်းအားကို သူမ အင်မတန် ရင်းနှီးနေခြင်းဖြစ်သည်။
သို့သော် ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲတွင် အင်မတန် သန့်စင်သော အံ့ဖွယ်ဇာမဏီစွမ်းအား ပါဝင်နေသည်ကို ဖန်းဝူ အာရုံခံမိသည်။ အဆင့်အရမ်းမြင့်သည့်အတွက် သူမ၏ ခန္ဓာကိုယ်ထဲရှိ အံ့ဖွယ်ဇာမဏီ စွမ်းအားထက်ပင် ပိုပြီးတော့ စွမ်းအားကြီးနေသည်။
ရှန်ထျန်းက တိုက်ပွဲ၏ အလယ်မှာ ရှိမနေပါက သူမ သူ့ကို မေးမြန်းပြီးလောက်လေပြီ။
ထိုအချိန်တွင် တိုက်ပွဲကို ဆက်လက် တိုက်ခိုက်နေသည်။
ရှန်ထျန်းက ကျယ်လောင်စွာ ဆက်လက် တိုက်ခိုက်နေသည်။ သူ့ခြေထောက်အောက်တွင် စီးဆင်းနေသော ရွှေအလင်းက ဥက္ကာခဲတစ်ခုလိုမျိုး စီးဆင်းနေကာ ထိုရက်စက်ကြမ်းကြုတ်နေသော သားရဲဆီသို့ ဦးတည်သွားနေသည်။
ဂါး…
ငါးနဂါးက ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည့်အခါ သူ့ ခန္ဓာကိုယ်ရှိ အရိုးဆူးချွန်များက များပြားသော ချွန်ထက်သည့် လှံတံများကဲ့သို့ ထောင်မတ်လာသည်။
ရှန်ထျန်းက ရှေ့တိုးသွားကာ ထိုးနှက်လိုက်သည်။
သူ့နောက်ရှိ အသီးသီးသော ပုံရိပ်သဏ္ဌာန်များက ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ထိုထိုးနှက်မှု စွမ်းအားက နယ်မြေငါးခုကို အံ့ဩမှင်သက်သွားအောင် လုပ်ဖို့အတွက် လုံလောက်သည်။
ဝုန်း…
လက်သီးချက်က အရိုးဆူးချွန်များအပေါ်သို့ ကျရောက်ပြီးနောက် အရိုးဆူးချွန်များ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။
ထိုလက်သီးချက်က တကယ်ကို ကြောက်ဖို့ကောင်းလှသည်။
ထိုအရာကို မြင်သည့်အခါ ရှန်ထျန်း ပြုံးလိုက်မိသည်။
နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည်သန့်စင်ခြင်းအဆင့်က ထင်ထားသလို ကြောက်ဖို့ ကောင်းတာပဲ
သူ၏ ခန္ဓာကိုယ်ခွန်အားက ဝိဇ္ဇာတစ်ယောက်၏ ခွန်အားနှင့် နှိုင်းယှဉ်လို့ ရနိုင်သည်။
ငါးနဂါးက ထိပ်သီးဧရာမစွမ်းပကားရှင်အဆင့်သို့ ရောက်ရှိပြီး စွမ်းအားကြီးသော ခန္ဓာကိုပိုင်ဆိုင်ထားသော်လည်း သေခြင်းရှင်ခြင်း ကပ်ဘေးနယ်ပယ်အဆင့်ကို ရောက်ဖို့အတွက် ဝေးနေသေးသည်။
ထို့ကြောင့် ငါးနဂါးလည်း ရှန်ထျန်း၏ တိုက်ခိုက်မှုကြောင့် ချက်ချင်းကံဆိုးသွားသည်။
ငါးနဂါး၏ အရိုးဆူးချွန်များက အရိုးများမှ ရှည်ထွက်လာခြင်းဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဆက်နွယ်ထားသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ထိုအရာများက ငါးနဂါး၏ အသက်သွေးကြော ဖြစ်သည်။
ယခု အရိုးဆူးချွန်များ ကြေမွသွားသည့်အတွက် သူ၏ ကျောရိုးများ ကြေမွသွားသည်နှင့် အတူတူပင်ဖြစ်ပြီး ဘယ်လောက်ထိ နာကျင်မည်ဆိုတာကို စဉ်းစားကြည့်လို့ရသည်။
ငါးနဂါးက ရှန်ထျန်း ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို သိသွားသည့်အတွက် ပင်လယ်ပြင်ထဲ ခုန်ချပြီး ထွက်ပြေးချင်နေသည်။
“ မင်းဒီတိုင်း ထွက်သွားလို့ရမလား။ ငါ အခုထိ ကောင်းကောင်း မပျော်ရသေးဘူးလေ”
ရှန်ထျန်းက ရွှေရောင်အလင်းတန်းကို လွှတ်ထုတ်ပြီးနောက် ရက်စက်ကြမ်းကြုတ်သော သားရဲ၏ ဘေးတွင် ပြန်လည် ထွက်ပေါ်လာသည်။
ဝုန်း…
ရှန်ထျန်းက ဧရာမ ငါးနဂါးကို ထိုးနှက်လိုက်သည့်အခါ လွင့်ထွက်သွားကာ ရေထဲသို့ ကျသွားသည့်အခါ ရေမျက်နှာပြင်တွင် ကြီးမားသော လှိုင်းဂယက်များ ဖြစ်ပေါ်သွားစေသည်။
ငါးနဂါးက ဆိုးရွားစွာ အော်ဟစ်နေသည်။ ပြင်းထန်သော နာကျင်မှုကြောင့် စတင်ရုန်းကန်နေသည့်အတွက် ပြင်းထန်သော လှိုင်းလုံးများကို ဖြစ်ပေါ်သွားစေသည်။ ပြင်းထန်သော လှိုင်းလုံးများက ရှန်ထျန်းဆီသို့ ဦးတည်လာနေပြီး သူ့ကို နောက်ဆုတ်သွားစေချင်ပုံပေါ်သည်။
သို့သော် ရှန်ထျန်း၏ ပြိုင်ဘက်ကင်း ထိုးနှက်ချက်က လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ပွတ်တိုက်ဖျက်စီးပစ်သည်။
လက်ရှိရှန်ထျန်းက ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးနှင့် အသွင်တူနေပြီး ငါးနဂါး၏ ခန္ဓာကိုယ်ပေါ်သို့ လက်သီးချက်တိုင်းက တိကျစွာ ကျရောက်နေသည်။
အရိုးဆူးချွန်အချို့က လက်သီးချက်များကြောင့် ကျိုးပဲ့သွားသည့်အတွက် ငါးနဂါး၏ ငြီးတွားသံက ပင်လယ်ပြင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားသည်။
ဘေးမှာရှိနေပြီး အံ့ဩမှင်သက်နေသော ရှီလင်းလုံက ရှန်ထျန်းကို စိုက်ကြည့်နေသည်။
“ အရမ်းကို စွမ်းအားကြီးတဲ့ ခန္ဓာကိုယ်ပဲ အရမ်းသန်မာတယ်”
ရှီလင်းလုံ၏ နှလုံးသားလေး လှုပ်ခတ်သွားသည်။ သူမ မြင်တွေ့နေရသည်က ခန္ဓာကိုယ်ခွန်အား၏ အသန့်စင်ဆုံးပုံစံ ဖြစ်သည်။ လူသားတစ်ယောက်၏ ခွန်အားက ရက်စက်ကြမ်းကြုတ်သော သားရဲ၏ ခွန်အားနှင့် နှိုင်းယှဉ်နိုင်သည်က တွေ့မြင်ဖို့အတွက် ခဲယဉ်းလှသည်။
ရှန်ထျန်းလိုမျိုး နိဗာနကျင့်ကြံသူတစ်ယောက်က ထိပ်သီးဧရာမ စွမ်းပကားရှင်သားရဲကို လွှမ်းမိုးနိုင်သည့် ကိစ္စကိုတော့ ထည့်ပြောစရာပင် မလိုတော့ပေ။
အရာအားလုံးက ယုံကြည်နိုင်ဖွယ်ရာ မရှိပေ။
ရှီလင်းလုံက ဘယ်လောက်ထိ အသိဉာဏ်ကြွယ်ဝနေပါစေ အံ့ဩမှင်သက်နေရသည်။
ရှန်ထျန်းက ရှီလင်းလုံ မထိုးဖောက်နိုင်ခဲ့သည့် သားရဲ၏ ခန္ဓာကိုယ်ကို သဲအိတ်တစ်အိတ်ကဲ့သို့ သဘောထားနေသည်။
လုံယွမ်နတ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ရှန်ထျန်းက စစ်နတ်ဘုရားအသွင်နှင့်တူပြီး ချစ်ကျွမ်းဝင်နေသော မင်းသမီးလင်းလုံက သူ့ကို စိုက်ကြည့်နေသည်။
ဝုန်း…
အဆုံးသတ်တွင် ငါးနဂါးက ရှန်ထျန်း၏ ဆက်တိုက် ရိုက်နှက်မှုကို မခံနိုင်တော့သည့်အတွက် ခန္ဓာကိုယ် ပေါက်ကွဲသွားကာ သွေးမြူခိုးအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
ထိုအခိုက်အတန့်တွင် ရှီလင်းလုံလည်း အသိဝင်လာကာ သူမ၏ အကြည့်ထဲမှ ချစ်ကျွမ်းဝင်မှုက အံ့ဩမှင်သက်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
သူမက တိုက်ပွဲအခြေအနေကို မကြည့်ဘဲ ရှန်ထျန်း၏ ပြီးပြည့်စုံသော ပုံရိပ်ကိုသာ ကြည့်နေခဲ့သည်။
သူမ အသိစိတ်ပြန်ဝင်လာသည့်အခါ ရက်စက်ကြမ်းကြုတ်သော သားရဲက သေဆုံးသွားပြီ ဖြစ်သည်။
သူက အရမ်းစွမ်းအားကြီးတာပဲ
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က လဝက်အတွင်း ဒီလောက်ထိတောင် တိုးတက်သွားတာလား
သူမ၏ ဝမ်းကွဲလည်း ရှန်ထျန်းကို အနိုင်မရနိုင်ဘူးဟု ရှီလင်းလုံ ရုတ်တရက် ခံစားလာမိသည်။
“ မင်းသမီးလေးက ဘာလို့ ဒီလိုနေရာကို ရောက်နေတာလဲ”
ရှန်ထျန်းက ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ စောနက တိုက်ပွဲတိုက်ထားသည့်သူ မဟုတ်သည့်အတိုင်း သူ၏ အသက်ရှူနှုန်းက တည်ငြိမ်နေသည်။
ရှန်ထျန်းက သားရဲကို လွှမ်းမိုးနိုင်ဖို့အတွက် နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်အပေါ်မှာ အပြည့်အဝ မှီခိုထားသည့်အတွက် ခွန်အားတွေ အများကြီး အသုံးမပြုခဲ့ရပေ။
ခွန်အားဖြစ်ဖြစ်၊ အလျင်ဖြစ်ဖြစ် ထိုငါးနဂါးက ရှန်ထျန်းနှင့် နှိုင်းယှဉ်လို့မရနိုင်ပေ။ သူက ရှန်ထျန်းကို အနိုင်ယူဖို့ မဖြစ်နိုင်ပေ။ အရိုးဆူးချွန်များ အသုံးပြုလျှင်ပင် လုံးဝ ခံနိုင်ရည် မရှိချေ။
“ သူတော်စင် ကျွန်မတို့ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့က ဖန်းလဲ့ကျွန်းကို ရှာဖို့အတွက် ဒီနေရာကို ရောက်လာတာပါ”
ရှီလင်းလုံက ရှန်ထျန်းကို ကျေးဇူးတင်လိုက်ပြီးနောက် ဖန်းလဲ့ကျွန်းကို ရှာနေသည့်အကြောင်းကို မဖုံးကွယ်ပဲ ပြောပြလိုက်သည်။
ရှန်ထျန်းသာ ရောက်မလာပါက သူမ အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ သူမက ငါးနဂါးကိုလည်း အနိုင်ယူနိုင်မည် မဟုတ်ပေ။
အသက်နှင့် ယှဉ်လိုက်လျှင် ကံအပြောင်းအလဲ အခွင့်အရေးက ဘာမှအရေးမပါတော့ပေ။
မင်းသမီးလင်းလုံမှ ရှန်ထျန်းကို ဖန်းလဲ့ကျွန်းအကြောင်း ပြောပြသည်က ရှန်ထျန်း၏ ချောမောမှုကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်သည်။
ဟုတ်တယ် အကြောင်းအရင်းရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်ခုပဲ…
“ ဖန်းလဲ့ကျွန်းတဲ့လား”
ရှန်ထျန်း မျက်ခုံးများကို ပင့်တင်လိုက်မိသည်။ သူက ယခင်ကလည်း ဖန်းလဲ့ကျွန်းအကြောင်းကို ကြားဖူးသည်။ ကောလဟာလများအရ ဤကျွန်းက မြောက်ပင်လယ်၏ နက်နဲသောအပိုင်းတွင် တည်ရှိပြီး ပြင်ပလောကနှင့် သီးသန့်ခွဲထုတ်ထားသည့်အပြင် ဖန်းလဲ့နတ်သမီးကျွန်းဟုလည်း အသိများကြသည်။
ရှီလင်းလုံက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက ဆေးပညာရပ်တွင် အကျွမ်းကျင်ဆုံး နတ်ဧကရာဇ် ဖြစ်တဲ့ ပဒုမ္မာကြာ နတ်ဧကရာဇ်က ဖန်းလဲ့ကျွန်းပေါ်တွင် ကျင့်ကြံခဲ့တယ်လေ။ သူက နေမကောင်းတာကို ကုပေးဖို့နဲ့ ကံဆိုးမှုမှ လူများကို ကယ်တင်ပေးဖို့ ဆေးလုံးများ ဖန်တီးနေခဲ့တာ။
ကျွန်မက ရှေးဟောင်းစာအုပ်အချို့ဖတ်ပြီးတော့ ဖန်းလဲ့ကျွန်းက ဒီနယ်မြေထဲမှာလို့ ခန့်မှန်းထားတယ်။ အဲဒါကြောင့် ကျွန်မက ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရှာနိုင်မလားဆိုပြီးတော့ ကျွန်မရဲ့ ကံကို စမ်းတဲ့အနေနဲ့ ဒီကိုလာဖို့ ဆုံးဖြတ်ခဲ့တာ”
ရှီလင်းလုံက ဖန်းလဲ့ကျွန်း၏ တည်နေရာကို မှတ်သားထားသည့် အဝါရောင်မြေပုံကို ထုတ်လိုက်သည်။
“ အစ်ကိုရှန်က ကျွန်မနဲ့အတူ ဖန်းလဲ့ကျွန်းကို သွားချင်လားဟင်”
ရှီလင်းလုံက ရှန်ထျန်းကို စိုက်ကြည့်လိုက်သည်။
“ ဒီမြေပုံကို ရှာတွေ့ထားတာက မင်းသမီးလေးဆိုတော့ ကျွန်တော် လိုက်လို့ မသင့်တော်မှာကို စိုးရိမ်မိတယ်” ရှန်ထျန်းက ပြန်ဖြေလိုက်သည်။
ဆန်းကြယ်နယ်မြေသို့ အတူသွားဖို့ ဖိတ်ခေါ်လိုက်ပါက ကံအပြောင်းအလဲ အခွင့်အရေးများကိုလည်း မျှဝေပေးရမည် ဖြစ်သည်။
မင်းသမီးလင်းလုံဆီမှာ ဖန်းလဲ့ကျွန်း၏ တည်နေရာ ရှိနေသည့်အတွက် သိပ်မကြာခင်မှာပင် ရှာတွေ့တော့မည်မှာ မလွဲဧကန် ဖြစ်သည်။ ထို့ကြောင့် မင်းသမီးလင်းလုံက ရှန်ထျန်းကို ဖိတ်ကြားပြီး ရတနာတွေ အလကား ပေးနေခြင်းဖြစ်သည်ဟုပြောလျှင် အပိုပြောရာကျမည်မဟုတ်ပေ။
“ အပွင့်လင်းဆုံး ပြောရမယ်ဆိုရင် ဖန်းလဲ့ကျွန်းက အနီးနားမှာဆိုတာကို သိပေမဲ့လည်း နတ်ဧကရာဇ်တစ်ပါး ကျင့်ကြံနေတဲ့ ကျွန်းထဲဖို့ ဝင်ဖို့က သေချာပေါက် လွယ်မှာ မဟုတ်ဘူး။
ဥပမာအားဖြင့် စောနက သားရဲကို အနိုင်ယူမပေးရင် ကျွန်မ နောက်ပြန်ဆုတ်ရုံအပြင် တတ်နိုင်မှာ မဟုတ်ဘူး”
ရှီလင်းလုံက ရှန်ထျန်းကို ရိုးသားစွာကြည့်ရင်း ပြောလိုက်သည်
“ အစ်ကိုရှန်က ကံကြမ္မာသားတော်လေ။ အစ်ကိုနဲ့သာ အတူတူသွားမယ်ဆိုရင် ကျွန်မ သေချာပေါက် များပြားတဲ့ အကျိုးအမြတ်ကို ရရှိမှာ သေချာတယ်”
ရှန်ထျန်းက ရှီလင်းလုံ၏ တောက်ပနေသော ရောင်ဝါစက်ဝန်းကို ကြည့်လိုက်သည်။
ကံအပြောင်းအလဲ အခွင့်အရေးတစ်ခု ရှိနေတာပဲ
သူသာ သူမနောက်လိုက်သွားရင် အလကား ယူလို့ရမှာပဲ
အရင်တစ်ခေါက် သူ အဆင့်တက်သွားတော့ ကံကြမ္မာက တော်တော်လေး ကျသွားတာ
ဒီတစ်ခေါက် ခရီးမှာ ကံကြမ္မာ ဘယ်လောက်ထိ ရနိုင်မလဲဆိုတာကို သိချင်နေပြီ
“ မင်းသမီးလေးက ဖိတ်နေမှတော့လည်း ငြင်းလိုက်ရင် ရိုင်းရာကျတယ်။ ဒါဆိုရင် သွားကြတော့မလား”
ရှန်ထျန်းက သူမ၏ ဖိတ်ကြားမှုကို လက်ခံလိုက်သည့်အတွက် ရှီလင်းလုံက ချက်ချင်း ဝမ်းသာသွားသည်။
ရှန်ထျန်း သူမကို ငြင်းလိုက်မည်ကို သူမ စိုးရိမ်နေခဲ့သည်။ ကံအပြောင်းအလဲ အခွင့်အရေးများက သူ့လိုမျိုး ကံကြမ္မာသားတော်ကို တွေ့ရဖို့အတွက် စောင့်မျှော်နေကြမည် ဖြစ်သည်။ တခြားတစ်နည်းဖြင့် ပြောရလျှင် သူ့အတွက် သူမနှင့်အတူ ခရီးသွားဖို့ မလိုအပ်ပေ။
ဒါပေမဲ့ ဖန်းလဲ့ကျွန်းမှာ အန္တရာယ်ရှိတယ်လို့လည်း ပြောလိုက်ရော ရှန်ထျန်းက သူမနဲ့ ခရီးသွားဖို့ သဘောတူလိုက်တယ်
သူ့ရဲ့ ရည်ရွယ်ချက်တွေက မသိသာဘူးလား
ရှီလင်းလုံက မထိန်းနိုင်ဘဲ ပြုံးမိကာ သူမ၏ လှပသော မျက်နှာလေးကလည်း ခရမ်းချဉ်သီးလိုမျိုး နီရဲနေသည်။
အစ်ကိုရှန်က ငါ့ကို စိတ်ပူပြီးတော့ ငါ့ကို ကာကွယ်ပေးချင်လို့ ဖြစ်လိမ့်မယ်
အစ်ကိုရှန်က သေချာပေါက် ငါ့ကို ကြိုက်တယ်
ဟုတ်တယ်…ငါ အရမ်းကို ပျော်တာပဲ