ရက်စက်စွာ အသတ်ခံခဲ့ရသော သခင်မကြီးရှဲ့
Vol. 9 Ch. 143
“ဒါ မဖြစ်နိုင်ဘူး။” ရှဲ့အန်းယိသည် ပူဇော်
ပွဲစားပွဲရှေ့တွင် ရပ်ကာ မယုံနိုင်စွာခေါင်းခါလိုက်သည်။
စိတ်ထဲတွင် အပြစ်ရှိသည်ဟု ခံစားရသောကြောင့် လူကောင်းတစ်ယောက်ဖြစ်ချင်လာသော နဉ်ရှောင်ယောင်းက ပြောလိုက်သည်
“ဒါဆိုရင် အမွှေးတိုင်ထည့်ခွက်အသစ်တစ်ခု လဲလိုက်ပေါ့။ ဒီအမွှေးတိုင်ထည့်ခွက်ရဲ့ အရည်အသွေးက မကောင်းလို့ နေမှာပါ။”
အားလုံး “….”
အမတ်ချုပ်ကြီးအိမ်တော်က အိမ်တော်ရှင်သခင်မကြီး၏ ဝိညာဉ်ခန်းမတွင် အသုံးပြုသော အမွှေးတိုင်ထည့်ခွက်သည် အရည်အသွေးညံ့တဲ့ ပစ္စည်းဖြစ်နိုင်ပါ့မလား။
အကြီးအကဲလီသည် အေးစက်စွာ တစ်ချက်ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “သခင်မကြီးက နားလည်တတ်ကျွမ်းတဲ့သူပဲ။”
အဘိုးကြီး၏စကားကို နဉ်ရှောင်ယောင်းနားမလည်ပေ။ ရှဲ့မိသားစု၏ သခင်မကြီးက သေသွားပြီလေ၊ ဘာတွေများနားလည်နိုင်ဦးမှာလဲ။
“လူရှိလား။” အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။ “အမွှေးတိုင်ထည့်ခွက်အသစ်တစ်ခု လဲလိုက်။”
“ကျီကျီ~” ဝိညာဉ်ခန်းမအပြင်ဘက်တွင် ဤအချိန်တွင် အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်၏ အသံထွက်ပေါ်လာသည်။
နဉ်ရှောင်ယောင်းသည် နားစွင့်လိုက်သည်။
“ရှောင်ယောင်း။” အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်သည် ဝိညာဉ်ခန်းမအပြင်ဘက်တွင် ပြောလိုက်သည်။ “ကြာပန်းဖြူလေးကို အမတ်ချုပ်ကြီးက အရှေ့ဘက်ခြံဝင်းက ထင်းရှူးတောထဲမှာ ဖမ်းထားတယ်။”
နဉ်ရှောင်ယောင်းသည် အင်္ကျီကော်လံကို ဆွဲလိုက်သည်။ သခင်မကြီးသည် သခင်မလေးဝမ်၏ လက်ထဲတွင် လုပ်ကြံခံရ၍သေဆုံးခဲ့သည်သာ ဖြစ်ရမည်။
ဝိညာဉ်ခန်းမထဲမှ လူများသည် အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်၏ အော်သံကို ကြားသောအခါ အံ့အားသင့်သွားကြသည်။ အိမ်တွင် အသုဘအခမ်းအနားရှိနေစဉ် ခေါက်ရှာငှက်အော်သံကြားရသည်မှာ မည်သည်ကိုဆိုလိုပါသနည်း။ သခင်မကြီးရှဲ့ သေဆုံးခြင်းသည် ကောင်းသည်ဟု မဆိုနိုင်ပေ။
“သခင်မကြီးက ကြာပန်းဖြူလေးအတွက် အဆိပ်တစ်ခွက် ပြင်ဆင်ခိုင်းထားတယ်။” အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်သည် ဝိညာဉ်ခန်းမ၏ အမိုးပေါ်တွင် ဆက်လက်ရပ်နေရင်း နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ “ကြာပန်းဖြူလေးက မသောက်ချင်ဘူး၊ သခင်မကြီးက သူ့ကို အတင်းတိုက်ခိုင်းတယ်၊ ပြီးတော့ ကြာပန်းဖြူလေးက သခင်မကြီးကို တစ်ချက်တွန်းလိုက်တယ်၊ သခင်မကြီးရဲ့ခေါင်းက စားပွဲထောင့်နဲ့ ဆောင့်မိပြီး ဒီလိုပဲ သေသွားခဲ့တာပဲ။”
နဉ်ရှောင်ယောင်းသည် လှည့်ကာ နှစ်ယောက်အိပ်ကုတင်အရွယ်အစားရှိသော အနီရောင်သစ်သားခေါင်းတလားကို ကြည့်လိုက်သည်။ ဒီအဘွားကြီးက တော်တော်ရက်စက်ပါလား။
“နောက်ပြီးတော့။” အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်က ပြောသည်။ “ကြာပန်းဖြူလေးကလည်း သခင်မကြီးရဲ့ လက်ဖက်ရည်ထဲမှာ တစ်ခုခုထည့်ခိုင်းထားတယ်။ အခု အဲဒီပစ္စည်းက သခင်မကြီးရဲ့ အခန်းထဲမှာ ရှိနေသေးတယ်။ ကျီကျီ၊ ငါအကုန်လုံး တွေ့ခဲ့တယ်။”
နဉ်ရှောင်ယောင်းသည် အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်ကို လက်မထောင်ပြလိုက်သည်။ ဝမ်းကွဲအစ်ကို၏မျက်လုံးသည် ရေဒါနှင့်ပင် တူနေပြီဖြစ်သည်။
အကြီးအကဲလီသည် မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီး အမတ်ချုပ်ကြီးရှဲ့ကို ကြည့်ကာ ပြောလိုက်သည်။ “အမွှေးတိုင်
ထည့်ခွက်က ကွဲတဲ့အပြင် ခေါက်ရှာငှက်ကလည်း ဝိညာဉ်ခန်းမမှာ ဆော်ဪသံထွက်လာတယ်။ အမတ်ချုပ်ကြီး၊ အခုလိုပုံမှန်မဟုတ်တာက နိမိတ်မကောင်းဘူးလို့ဆိုလိုတာပဲ သတိထားပါ။”
အကြီးအကဲလီ၏စကားကို ထိုနေရာရှိ လူများထဲတွင် နဉ်ရှောင်ယောင်းမှလွဲ၍ အခြားသူအားလုံး နားလည်ကြသည်။ အကြီးအကဲလီက ရှဲ့မိသားစု၏ကံကြမ္မာ ကုန်ဆုံးတော့မည်ဟု ဆိုလိုနေခြင်းဖြစ်သည်။
“အဲဒီငှက်ကို မောင်းထုတ်လိုက်။” အမတ်ချုပ်ကြီးရှဲ့က အမိန့်ပေးလိုက်သည်။
အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်သည် အမတ်ချုပ်ကြီးရှဲ့၏ အော်သံကို ကြားသောအခါ အလျင်အမြန် ပျံသန်းသွားသည်။
နဉ်ရှောင်ယောင်းသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ သခင်မကြီးရှဲ့၏ သေဆုံးမှုကို ဘယ်လိုပြောပြရမလဲကိုမသိတော့ပေ။
ဤနေရာတွင်လူကောင်းတစ်ယောက်မှ မရှိပေ။ နောက်ဆုံးတွင် ကံဆိုးမိုးမှောင်ကျပြီး သေသင့်သူက သေရမည်သာဖြစ်သည်။ တကယ်ပဲ ဘယ်လိုမိသားစုမျိုးလဲ။
နဉ်ရှောင်ယောင်းသည် ရုတ်တရက် နဉ်ယွီအစစ်ကို ထပ်မံသနားသွားခဲ့သည်။ ဤကဲ့သို့သော မိသားစုထဲတွင် ဆယ်နှစ်ကျော်ကြာ နေထိုင်ခဲ့ရသော နဉ်ယွီ၏ ဆယ်ကျော်သက်ဘဝသည်လည်း ပျော်ရွှင်မှုရရှိခဲ့မည်မဟုတ်ပေ။
“အရှင်မင်းကြီး။” လိုကျစ်ကွေ့သည် ဤအချိန်တွင် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ရှဲ့အန်းယိကို ညွှန်ပြကာ နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ “ဒီလူကို နယ်နှင်ဒဏ်ပေးရမယ်။”
နဉ်ရှောင်ယောင်းက မကျေမနပ်ဖြင့် ပြောလိုက်သည်။ “မိသားစုတစ်စုလုံးက မကောင်းတဲ့မျိုးစေ့တွေ အကုန်လုံးကို နယ်နှင်ဒဏ်ပေးလိုက်ရင် ကောင်းမှာပဲ။”
“ဘာကိုပြောတာလဲ။” လိုကျစ်ကွေ့က မေးသည်။
“ကျွန်တော်တို့ သွားကြရအောင်။” နဉ်ရှောင်ယောင်းသည် ဤဝိညာဉ်ခန်းမထဲတွင် မနေချင်တော့ပေ။
လိုကျစ်ကွေ့က ပြောသည်။ “ဒါဆိုရင် သခင်မငယ်ဝမ်ကရော။”
“ရှဲ့အန်းယိကို ခေါ်သွားလိုက်။” နဉ်ရှောင်ယောင်းသည် အကြီးဆုံးသခင်လေးရှဲ့ကို ညွှန်ပြကာ အမိန့်ပေးလိုက်သည်။
နဂါးအစောင့်နှစ်ဦးသည် ရှေ့သို့ပြေးလာပြီး ရှဲ့အန်းယိကို ဆွဲခေါ်ကာ ထွက်သွားရန် ပြင်လိုက်သည်။
“သားကြီး။” အတွင်းခန်းမထဲမှ သခင်မဝမ်၏ ငိုယိုအော်ဟစ်သံ ထွက်ပေါ်လာသည်။
“ငါမသွားဘူး။” ရှဲ့အန်းယိသည် ဘယ်ကနေ အားအင်များ ရလာသည်မသိ၊ ကိုယ်ကိုမတ်ကာ ပူဇော်စားပွဲပေါ်သို့ ပြေးတက်သွားသည်။
နဂါးအစောင့်နှစ်ဦးသည် ရှဲ့အန်းယိ ဤသို့လုပ်လာမည်ကို မမျှော်လင့်ထားဘဲ အလျင်အမြန် ရှေ့သို့တစ်လှမ်းတိုးကာ ရှဲ့အန်းယိကို အတင်းဆွဲထားလိုက်သည်။
နဉ်ရှောင်ယောင်းသည် နဂါးအစောင့်နှစ်ဦးကို အော်ဟစ်လိုက်ပြီးနောက် လှည့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သံသယဖြင့် ပြောလိုက်သည်။ “အိုး၊ ဘာအနံ့လဲ။”
အမွှေးတိုင်ထည့်ခွက်ကွဲကြေပြီးနောက် မီးလောင်နေသော အမွှေးတိုင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ခေါင်းတလားပေါ်တွင် လွှမ်းခြုံထားသော အဖြူရောင်အဝတ်စသည် မြေပြင်ပေါ်တွင် တွဲလောင်းကျနေပြီး အမွှေးတိုင်ပေါ်မှ မီးပွားများကြောင့် အဝါရောင်ပြောင်းကာ မီးလောင်ကျွမ်းသွားခဲ့သည်။ ဤအချိန်တွင် ထူထဲသောအဖြူရောင်အဝတ်စပေါ်တွင် နောက်ဆုံးတွင် မီးတောက်များ ပေါ်လာသည်။
နဉ်ရှောင်ယောင်းသည် ပူဇော်ပွဲစားပွဲနောက်မှ မီးခိုးများ တက်လာသည်ကို မြင်သောအခါ အလျင်အမြန် အော်လိုက်သည်။ “မကောင်းဘူး၊ မီးလောင်နေပြီ။”
“ဒါ..မဖြစ်နိုင်ဘူး။” ရှဲ့အန်းယိသည် ဤအချိန်တွင် နဂါးအစောင့်နှစ်ဦး၏ လက်မှ လွတ်မြောက်သွားပြီး ပူဇော်စားပွဲပေါ်သို့ လဲကျသွားသည်။
ပူဇော်စားပွဲပေါ်မှ ကလေးလက်မောင်းအရွယ်အစားရှိသော ဖယောင်းတိုင်ဖြူနှစ်တိုင်သည် ရှဲ့အန်းယိ၏ တိုက်မိမှုကြောင့် စားပွဲအောက်သို့ ပြုတ်ကျသွားလေသည်။
လောင်တသည် ပူဇော်ပွဲစားပွဲပေါ်သို့ ခုန်တက်လိုက်ပြီး ရှဲ့အန်းယိတိုက်မိ၍ ယိုင်သွားသော ငါးကြော်ကို ကိုက်စားလိုက်သည်။
နဉ်ရှောင်ယောင်းသည် ဘာပြောရမှန်းမသိတော့ပေ။ ဒီကြောင်ကတော့ ငါးက အရေးကြီးတာလား၊ အသက်က အရေးကြီးတာလား။
မီးသည် အလွန်လျင်မြန်စွာ လောင်ကျွမ်းလာသည်။ လူများသည် ဝါဂွမ်းအထည်လောင်ကျွမ်းသည့်အနံ့ကို ရရှိပြီး မီးခိုးများကို မြင်လိုက်ရသည်။ မျက်တောင်မခတ်မီမှာပင် တောက်လောင်နေသော မီးတောက်များသည် သူတို့ရှေ့တွင် ပေါ်လာသည်။
“လူကယ်ကြ။” အမတ်ချုပ်ကြီးရှဲ့က အော်ဟစ်လိုက်သည်။
အမတ်ချုပ်ကြီးက လူများကို နဉ်ရှောင်ယောင်းကို ကယ်တင်ရန် ပြောနေခြင်းမဟုတ်ပေ။ အိမ်တော်မှ အမျိုးသမီးများသည် အတွင်းခန်းမထဲတွင် ရှိနေကြသည်မဟုတ်လား။
ပူဇော်ပွဲစားပွဲအထက်မှ အဖြူရောင်အလံသည် ဤအချိန်တွင် မီးလောင်နေပြီဖြစ်သည်။ လေတိုက်ခတ်မှုကြောင့် ဝိညာဉ်ခန်းမတစ်ခုလုံးရှိ အဖြူရောင်အလံများအားလုံး မီးလောင်သွားသည်။ သခင်မကြီးရှဲ့၏ ဝိညာဉ်ခန်းမသည် ချက်ချင်း မီးပင်လယ်ဖြစ်သွားသည်။
လူများသည် ဝိညာဉ်ခန်းမအပြင်ဘက်သို့ ပြေးထွက်သွားကြသည်။ အခြေအနေသည် အလွန်ရှုပ်ထွေးပြီး မည်သူကမျှ မည်သူ့ကိုမျှ ဂရုမစိုက်နိုင်တော့ပေ။
လိုကျစ်ကွေ့သည် ဘေးမှလူကို ဆွဲခေါ်ကာ ဝိညာဉ်ခန်းမထဲမှ ထွက်လာခဲ့သည်။ အသက်ကိုရှူလိုက်ပြီး ဘေးကလူအားမကြောက်ရန် ပြောလိုက်သော်လည်း လှည့်ကြည့်လိုက်သောအခါ လိုကျစ်ကွေ့သည် သူဆွဲခေါ်လာသူသည် နဉ်ရှောင်ယောင်းမဟုတ်ကြောင်း သိရှိသွားသည်။ “မင်းဘယ်သူလဲ။” လိုကျစ်ကွေ့သည် ဆွဲထားသော ဤမိန်းကလေးကို လွှတ်ချလိုက်ပြီး အံ့အားသင့်စွာ ဒေါသတကြီး ပြောလိုက်သည်။
ရှဲ့သော်ယင်းသည် လိုကျစ်ကွေ့၏ လွှတ်ချမှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး အချိန်အတော်ကြာအောင် စကားမပြောနိုင်ဖြစ်နေသည်။
သူမသည် အတွင်းခန်းမထဲမှ ပြေးထွက်လာပြီး တိုင်အနီးတွင် ရပ်နေသော ဧကရာဇ်ကို မြင်လိုက်ရသည်။ သူမသည် ဤသည်မှာ သူမ၏ အခွင့်အရေးတစ်ခုဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။ ဧကရာဇ်က သူမကို ထပ်မံကြည့်ရှုပြီး သူမ၏ကောင်းကွက်များကို တွေ့ရှိနိုင်မည့် အခွင့်အရေးပင်။ ထို့ကြောင့် ရှဲ့သခင်မလေး ၅သည် အရာအားလုံးကို ဂရုမစိုက်ဘဲ နဉ်ရှောင်ယောင်း၏ ဘေးသို့ ပြေးသွားသည်။
သို့သော် သူမသည် ဧကရာဇ်နှင့် စကားမပြောရသေးမီ စစ်သေနာပတိချုပ်လိုက သူမ၏လက်ကို ဆွဲကိုင်ကာ ဝိညာဉ်ခန်းမထဲမှ ခေါ်ထုတ်သွားမယ်လို့ ဘယ်သူထင်ထားမှာလဲ။ ရှဲ့သခင်မလေး ၅သည် အလွန်ဝမ်းနည်းသွားသည်။ ဘာကြောင့်များ သူမကိုဆွဲခေါ်သွားရတာလဲလို့။
T/N (မိန်းကလေး၊ မီးလောင်နေတဲ့နေရာမှာ ဧကရာဇ်က မင်းကို ချစ်သွားနိုင်မယ့် အခွင့်အရေး ဘယ်လောက်များ ရှိတယ်လို့ ထင်နေတာလဲ။)
လိုကျစ်ကွေ့သည် သူဆွဲထုတ်လာသော အမျိုးသမီးသည် မည်သူဖြစ်သည်ကို စဉ်းစားရန် အချိန်မရှိပေ။ “အရှင်မင်းကြီး။” စစ်သေနာပတိချုပ်လိုသည် ဝင်းထဲတွင် ရပ်ကာ အော်ဟစ်လိုက်သည်။
ယင်းဖုန်းနှင့် အဖွဲ့သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြပြီး အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဧကရာဇ်သည် ဝင်းထဲတွင် မရှိတော့ပေ။
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့က အလှမယ်လေးကို ဆွဲခေါ်ကာ အမြန်ပြေးသွားသည်ကို ကြည့်လိုက်ပြီး ကမ်းထားသော မ်ိမိလက်ကို တိတ်တဆိတ် ရုပ်သိမ်းလိုက်သည်။ နှာခေါင်းကိုပွတ်လိုက်ပြီး နဉ်ရှောင်ယောင်း၏စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းသွားသည်။ ဒီလူကတော့ တကယ်ပဲအရေးကြီးတဲ့အချိန်ရောက်တော့တခြားမိန်းကလေးတစ်ယောက်ကို ဆွဲခေါ်ပြီးပြေးသွားတယ်ပေါ့လေ။
လောင်တသည် နဉ်ရှောင်ယောင်း၏ပခုံးပေါ်သို့ ခုန်တက်လိုက်ပြီး အားကုန်အော်ဟစ်လိုက်သည်။ “မင်း မပြေးသေးဘူးလား။”
နဉ်ရှောင်ယောင်းသည် လောင်တကို မျက်လုံးလှန်ပြလိုက်ပြီး ပြောလိုက်သည်။ “မင်းရော ငါး စားလို့ပြီးပြီလား။”
လောင်တသည် ခဏတိတ်ဆိတ်သွားပြီးနောက် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“မင်း ကြောင်ကို ငါးမစားခိုင်းဘဲနေလို့ မရဘူးလေ?”
“အမေ၊ အမေက အတွင်းထဲမှာ ရှိနေသေးတယ်။”
သခင်မဝမ်၏ ငိုယိုအော်ဟစ်သံသည် ဤအချိန်တွင် ဝိညာဉ်ခန်းမအပြင်ဘက်မှ ဝင်ရောက်လာသည်။
အိမ်တိုင်တစ်တိုင်သည် နဉ်ရှောင်ယောင်း၏ မလှမ်းမကမ်းတွင် ပြိုကျလာသည်။
လောင်တက အော်လိုက်သည်။ “ပြေးတော့။”
နဉ်ရှောင်ယောင်းသည် အသက်ကိုအောင့်ကာ အပြင်သို့ပြေးရန် ပြင်လိုက်သော်လည်း သခင်မကြီး၏ ခေါင်းတလားအနီးမှ မိန်းကလေးတစ်ယောက်၏ ငိုသံကို ကြားလိုက်ရသည်။
လိုကျစ်ကွေ့သည် မီးလောင်ပြင်ထဲသို့ ပြေးဝင်ရန် ပြင်လိုက်သည်။ အနက်ရောင်နှင်းခဲသံချပ်ကာတပ်မှ ဗိုလ်ချုပ်နှစ်ဦးသည် တားမြစ်ရန် ကြိုးစားသော်လည်း မတားနိုင်ခဲ့ပေ။ သူတို့၏ စစ်သေနာပတိချုပ်သည် ဤအချိန်တွင် အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
အမတ်ချုပ်ကြီးရှဲ့သည် ရှေ့မှ မီးကြီးကို ကြည့်ရင်း စိတ်ထဲတွင် ရေရွတ်လိုက်သည်။ အမြန်လောင်ပါစေ၊ နဉ်ယွီ ဒီမီးထဲမှာတစ်ခါတည်းင်္သဂြိုဟ်ပြီးသား ဖြစ်သွားရင်
ဘယ်လောက်တောင်ကောင်းမလဲ။
ဤမီးသည် မထင်မှတ်ထားပဲထူးဆန်းစွာ လောင်ကျွမ်းလာခြင်းဖြစ်သည်။ အမတ်ချုပ်ကြီးရှဲ့ စဉ်းစားလိုက်သည်မှာ သခင်မကြီးက သူတို့ရှဲ့မိသားစုကို ကောင်းချီးပေးနေခြင်းဖြစ်နိုင်ပြီး နဉ်ယွီကို ငရဲသို့ ခေါ်ဆောင်သွားရန် အထူးတလည် မီးကြီးကြီးကို မွှေးပေးနေခြင်း ဖြစ်ရမည်။
(T/N- ရူးလိုက်တာဟယ်)
ဝိညာဉ်ခန်းမ၏ ဘယ်ဘက်ခြမ်းသည် မီး၏အရှိန်ကြောင့် ပြိုကျသွားခဲ့သည်။ ထွက်ပေါ်လာသော ဖုန်မှုန့်များသည် မီးခိုးများနှင့် ရောနှောသွားပြီး မီးလောင်ပြင်ထဲသို့ ပြေးဝင်လာသော လိုကျစ်ကွေ့ပင်လျှင် မျက်လုံးမဖွင့်နိုင်တော့ပေ။
အကြီးအကဲလီသည် ဝင်းထဲတွင် မျက်လုံးများနီရဲကာ အမတ်ချုပ်ကြီးရှဲ့ကို ညွှန်ပြကာ အော်ဟစ်လိုက်သည်။ “ရှဲ့ဝမ်ယွမ်။”
မီးလောင်ပြီးနောက် ဤလူသည် မီးငြှိမ်းသတ်ရန် အမိန့်မပေးဘဲ မီးလုံးကြီးက ဝိညာဉ်ခန်းမတစ်ခုလုံးကို ဝါးမျိုသွားသည်ကို ရပ်ကြည့်နေသည်။ ရှဲ့ဝမ်ယွမ်က ဧကရာဇ်သေဆုံးသည်ကို ကြည့်ချင်နေတာပဲ။ အကြီးအကဲလီသည် ဒေါသကြောင့် သတိလစ်လုနီးပါးဖြစ်သွားသည်။
အမတ်ချုပ်ကြီးရှဲ့သည် လက်နောက်ပစ်ကာ ရပ်နေပြီး အကြီးအကဲလီ၏ အော်သံကို မကြားသကဲ့သို့ပင် နေခဲ့သည်။
မူလက ငိုကြွေးနေသော ရှဲ့မိသားစုဝင်များသည် အမတ်ချုပ်ကြီးရှဲ့၏ အပြုအမူကို မြင်သောအခါ တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။
အရာရှိများသည် မီးငြှိမ်းသတ်ချင်သော်လည်း သူတို့သည် အမတ်ချုပ်ကြီးအိမ်တော်နှင့် မရင်းနှီးသောကြောင့် ရေဘယ်မှာရမည်ကို မသိပေ။ ထို့ကြောင့် ဝိညာဉ်ခန်းမရှိရာ ခြံဝင်းထဲမှ ဦးစွာထွက်ပြေးကာ ရေရှာရန်သာ တတ်နိုင်ပေသည်။
“အရှင်မင်းကြီး။”
“ရှောင်ယောင်း။”
...
ဝိညာဉ်ခန်းမထဲတွင် လိုကျစ်ကွေ့သည် အသက်ရှူကျပ်လာပြီး အသက်မရှူနိုင်တော့ပေ။ မီးတောက်ကြီးများနှင့် မီးခိုးများမှလွဲ၍ သူဘာမှမမြင်ရပေ။
အသက်ရှူကျပ်နေစဉ် လူတစ်ယောက်က သူ့လက်ကို ဆွဲကိုင်လိုက်သည်။ ထို့နောက် စစ်သေနာပတိချုပ်လိုသည် မိန်းကလေးနဉ်၏ အသံကို ကြားလိုက်ရသည်။
“ဟေး ခင်ဗျား ဘာလို့ ဒီကိုထပ်ဝင်လာတာလဲ။”
ယင်းဖုန်းနှင့် ဤနဂါးအစောင့်အဖွဲ့သည်လည်း မီးလောင်ပြင်ထဲသို့ ပြေးဝင်ရန် ပြင်လိုက်သည်။ မီးလောင်ပြင်ထဲသို့ မဝင်မီမှာပင် အပူချိန်မြင့်မားမှုကြောင့် သူတို့၏ အပြင်ဘက်အရေပြားများသည် ပူလောင်နေပြီဖြစ်သည်။
နဉ်ရှောင်ယောင်း၏ အသံသည် မီးလောင်ပြင်ထဲမှ ထွက်ပေါ်လာသည်။ “မီးလောင်နေတာ မပြေးဘဲ၊ ဘာကိစ္စ အသက်ကိုစွန့်ချင်နေကြတာလဲ။”
ယင်းဖုန်းတို့သည် နဉ်ရှောင်ယောင်း၏ စကားကို ကြားသောအခါ ဝမ်းသာလွန်း၍ မျက်ရည်ကျလုနီးပါးဖြစ်သွားကြသည်။ အရှင်မင်းကြီး ဘာမှမဖြစ်ပေ။
အကြီးအကဲလီသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကောင်းကင်ဘုံကို ကျေးဇူးတင်လိုက်သည်။
အမတ်ချုပ်ကြီးရှဲ့သည် မျက်လုံးများကို တင်းတင်းမှိတ်လိုက်သည်။ ဒီကောင်မလေး သေဘေးကနေလွတ်မြောက်သွားပြန်ပြီ။
နဉ်ရှောင်ယောင်းသည် မီးလောင်ပြင်ထဲမှ ထွက်လာသည်နှင့် ဝိညာဉ်ခန်းမ၏ ညာဘက်ခြမ်းသည်လည်း ချက်ချင်းပြိုကျသွားသည်။ “အိုးဘုရားသခင်။” နဉ်ရှောင်ယောင်းက အော်ဟစ်လိုက်သည်။ သစ်သားအဆောက်အအုံများသည် တကယ်တော့ မီးပွားတစ်စပင် မထိတာကြောင့် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် မလောင်ကျွမ်းသွားသင့်ပေ။
ခြံဝင်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသည်။ လူများသည် မီးလောင်ပြင်ထဲမှ ထွက်လာသော ဧကရာဇ်ကို မှင်တက်စွာ ကြည့်နေကြသည်။ ဧကရာဇ်သည် အမှန်တကယ် လမ်းလျှောက်ထွက်လာခြင်းဖြစ်ပြီး ခြေလှမ်းများသည် အေးဆေးသက်သာစွာ လမ်းလျှောက်နေသကဲ့သို့ပင်။
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ လက်ကိုလွှတ်လိုက်ပြီး သူမကို ကြည့်နေသော လူအုပ်ကြီးကို မေးလိုက်သည်။ “ခင်ဗျားတို့ ဘာဖြစ်နေကြတာလဲ။”
အကြီးအကဲလီသည် ယိုင်နဲ့စွာဖြင့် နဉ်ရှောင်ယောင်း၏ရှေ့သို့ ပြေးလာပြီး နဉ်ရှောင်ယောင်း၏ ပခုံးကို ညွှန်ပြကာ စကားမပြောနိုင်ဖြစ်နေသည်။
နဉ်ရှောင်ယောင်းသည် ပခုံးပေါ်တွင် ထမ်းထားသော ခေါင်းတလားကို မြေပြင်ပေါ်သို့ ချလိုက်သည်။ ခေါင်းတလားသည် မြေပြင်နှင့် ထိတွေ့သောအခါ အလွန်ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ခေါင်းတလားပေါ်တွင် ဝပ်နေပြီး လက်နှစ်ဖက်ဖြင့် ခေါင်းတလားကို ပွေ့ဖက်ထားသော အစေခံမလေးသည် ဤအချိန်တွင်ပင် ငိုကြွေးနေဆဲဖြစ်သည်။
နဉ်ရှောင်ယောင်းက ပြောသည်။ “မငိုနဲ့တော့၊ ငါတို့အားလုံး ထွက်လာကြပြီပဲ၊ ဘာမှမဖြစ်တော့ဘူး။”
အစေခံမလေးသည် သခင်မကြီး၏ ခေါင်းတလားပေါ်မှ မြေပြင်သို့ လိမ့်ကျသွားပြီး ဒူးထောက်ကာ နဉ်ရှောင်ယောင်း၏ အသက်ကယ်တင်မှုကို ကျေးဇူးတင်စကားဆိုလိုက်သည်။
“ဒီခေါင်းတလားက ဒီလောက်လေးတာ၊ မင်း မင်း ဘယ်လိုထမ်းနိုင်တာလဲ။” အကြီးအကဲလီသည် မိမိအိပ်မက်မက်နေသည်ဟု သံသယဝင်ကာ နဉ်ရှောင်ယောင်းကို မေးလိုက်သည်။
အကြီးအကဲလီသာမက ထိုနေရာရှိ လူအားလုံးသည် မိမိတို့အိပ်မက်မက်နေသည်ဟု သံသယဝင်နေကြသည်။ ခေါင်းတလားတစ်လုံးသည် အလေးချိန်များစွာ ရှိသည်။ လူတစ်ယောက်၊ ကြောင်တစ်ကောင်နှင့် ပေါင်းလိုက်လျှင် ဧကရာဇ်တွင် အင်အားတွေဘယ်လောက်တောင် ရှိနေတာလဲ။
နဉ်ရှောင်ယောင်းသည် မီးခိုးများကြောင့် မည်းတစ်ဝက်ဖြစ်နေသော မျက်နှာကို သုတ်လိုက်ပြီး ပြောလိုက်သည်။ “အဘိုးကြီး၊ အခုက ဒီကိစ္စကို စိတ်ပူရမယ့်အချိန်လား။”
အကြီးအကဲလီသည် ခဏတွေဝေသွားပြီး ရုတ်တရက် ပြောလိုက်သည်။ “အရှင်မင်းကြီး ဒဏ်ရာရထားသေးတာလား။”
လိုကျစ်ကွေ့သည် ဤအချိန်တွင် နဉ်ရှောင်ယောင်း၏လက်ကို ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။ “မင်း အဆင်ပြေရဲ့လား။”
နဉ်ရှောင်ယောင်း စကားမပြောရသေးမီ အနီရောင်သစ်သားခေါင်းတလားသည် ပြိုကျသွားပြီး အပိုင်းငါးပိုင်းကွဲကြေသွားသည်။ သခင်မကြီး၏ အလောင်းသည် ထွက်ကျလာသည်။
လူများသည် သခင်မကြီး၏ အလောင်းကို မြင်သောအခါ အားလုံး အသက်ရှူမှားသွားကြသည်။ သခင်မကြီးသည် မူလက အဝတ်အစားဦးထုပ်များ သပ်ရပ်စွာ ဝတ်ဆင်ထားသော်လည်း ဤအချိန်တွင် ခေါင်းတလားအပြင်ဘက်သို့ လိမ့်ကျသွားသောအခါ ဦးခေါင်းပေါ်မှ သက်ရှည်ဦးထုပ်သည် ပြုတ်ကျသွားပြီး အပေါက်ဖြစ်နေသော နားထင်ကို လူများက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ရှဲ့မိသားစု၏ သခင်မကြီးသည် အမှန်တော့ အသက်ကြီး၍ သေဆုံးခြင်းမဟုတ်ပေ။ လူများသည် အမတ်ချုပ်ကြီးရှဲ့ကို ကြည့်လိုက်ကြသည်။ သခင်မကြီးသည် ရက်စက်စွာ အသတ်ခံရမှန်း သိသာနေသော်လည်း သားဖြစ်သူက ဤကိစ္စကို ဖုံးကွယ်ထားပြီး သခင်မကြီးအတွက် အသုဘအခမ်းအနားကို တိုက်ရိုက်ကျင်းပခဲ့သည်။ ရှဲ့ဝမ်ယွမ်၊ ဒီအဘိုးကြီးက တစ်လောကလုံးရဲ့ သားသမီးဝတ္တရားမကျေပွန်သူဟု ကဲ့ရဲ့ရှုတ်ချတာကို ခံချင်နေတာလား။
***