← Chapters

အံ့ဩမှင်သက်သွားသော ပဒုမ္မာကြာ နတ်ဧကရာဇ်

Vol. 27 Ch. 398

အံ့ဩမှင်သက်သွားသော ပဒုမ္မာကြာ နတ်ဧကရာဇ်

Vol. 27 Ch. 398

အခန်း (၃၉၈) : အံ့ဩမှင်သက်သွားသော ပဒုမ္မာကြာ နတ်ဧကရာဇ်

ပုံရိပ်သုံးခုက မြောက်ပင်လယ်၏ အနက်ပိုင်းထဲ  ဦးတည်သွားလိုက်သည်။

“ ထူးဆန်းတယ်… မြေပုံအရဆိုရင် ဖန်းလဲ့ကျွန်းက ဒီနားလောက်မှာ ရှိနေရမှာ။ ဒီနေရာတစ်ခွင်လုံး သွားလာပြီးတာတောင် ဘာလို့ ရှာမတွေ့သေးတာပါလိမ့်”

ရှီလင်းလုံက မြေပုံဟောင်းကိုကြည့်ပြီး စိတ်ရှုပ်ထွေးနေမိသည်။ သူတို့၏ ဘေးပတ်လည်တွင် ကျယ်ပြန့်သော ပင်လယ်ပြင်သာ ရှိပြီး ဖန်းလဲ့ကျွန်း၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရပေ။

“ အစ်ကိုရှန် ခဏလေးပဲ စောင့်ပေးပါနော်။ ကျွန်မ ဦးတည်ရာရှာတွေ့တာနဲ့ ဖန်းလဲ့ကျွန်းကို သေချာပေါက် ရှာတွေ့မှာပါ”

ရှီလင်းလုံ၏ မျက်နှာက ရှက်ရွံ့မှုကြောင့် အနည်းငယ် နီရဲသွားသည်။ သူမက ဖန်းလဲ့ကျွန်းကို လေ့လာဖို့အတွက် ရှန်ထျန်းကို ဖိတ်ခေါ်ထားသည့်အတွက် အစက စိတ်ဓာတ်တက်ကြွနေခဲ့သည်။

သို့သော် ယခု ဖန်းလဲ့ကျွန်းကိုပင် ရှာမတွေ့သည့်အတွက် အရမ်းကို့ရို့ကားရားနိုင်လှသည်။

မင်းသမီးလင်းလုံ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည့်ပုံစံကို ကြည့်ကာ ရှန်ထျန်း စိတ်ထဲမှ ရယ်လိုက်မိသည်။

ဒီအမျိုးသမီးက တကယ်ပဲ ဦးတည်ရာကို အာရုံမခံနိုင်တဲ့သူပဲ

ရှီလင်းလုံ ထာဝရဘုံဗိမာန်ကျွန်းမှ ထွက်လာတာ လဝက်လောက်ရှိသွားပြီ ဖြစ်သော်လည်း ဖန်းလဲ့ကျွန်းကို ရှာမတွေ့သေးပေ။ သူမက ပင်လယ်ပြင်တစ်ခွင် လျှောက်သွားနေကာ ငါးနဂါး၏ ပိုင်နက်ထဲသို့ မတော်တဆ ရောက်ရှိလာခြင်း ဖြစ်သည်။

“ မင်းသမီးလေး ကျွန်တော် မြေပုံ ကြည့်ကြည့်လို့ ရမလားဟင်” ရှန်ထျန်းက အကြံပြုလိုက်သည်။

သူတို့သာ ဒီလိုမျိုး ဆက်ပြီး ကြန့်ကြာနေပါက နေဝင်သွားလိမ့်မည်။

“ ကောင်း…ကောင်းပါပြီ”

ရှီလင်းလုံ၏ မျက်နှာက ပိုမိုနီရဲလာကာ မြေပုံကို ရှန်ထျန်းဆီ အလျင်အမြန် ပေးလိုက်သည်။

ရှန်ထျန်းက မြေပုံကို ယူကြည့်ပြီး နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

ဒီမြေပုံက ဘယ်လိုကြီးလဲ

ထိုထဲတွင် ကန့်လန့်ဖြတ်နေသော မျဉ်းများဖြင့်သာ ပြည့်နှက်နေပြီး ကလေးတစ်ယောက် ပုံဆွဲထားသည့် ပုံစံနှင့်တူသည်။ ဤမြေပုံဖြင့် လမ်းရှာတွေ့ပါက အရမ်းဆန်းကြယ်သည့်အရာ ဖြစ်လိမ့်မည်ဖြစ်သည်။

ကောင်းပြီလေ

သူကလည်း မြေပုံ ကြည့်တဲ့နေရာမှာ မတော်ဘူးဆိုတာကိုတော့ ရှန်ထျန်း ဝန်မခံတော့ဘူး…

ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး

ရှန်ထျန်းက သူ့အဝတ်အစားထဲ မြေပုံကို ထည့်ကာ ဦးတည်ရာတစ်ခု ရွေးပြီး ပြောလိုက်သည်

“ ကျွန်တော်နောက်ကို လိုက်ခဲ့ပါ”

ထို့နောက် ရှန်ထျန်းက ဦးတည်ရာအတိုင်း ပျံသန်းသွားသည်။

မင်းသမီးလင်းလုံနှင့် ဖန်းဝူကလည်း အလျင်အမြန် နောက်လိုက်သွားသည်။

သိပ်မကြာခင်မှာပဲ သူတို့ မိုင်ပေါင်းထောင်ချီ ကျော်ဖြတ်ပြီးနောက် ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေသော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။

ပင်လယ်ပြင်မှ အဖြူရောင်မြူခိုးများ မြင့်တက်နေသည့်အတွက် ကြည့်ရတာ အိပ်မက်ဆန်လှသည်။ နေရောင်ခြည်က သိပ်သည်းသော မြူခိုးအပေါ် ကျရောက်နေသည့်အတွက် ဤနယ်မြေက နတ်သမီးကျွန်းနှင့် တူနေပြီး ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်စေသည်။

သိပ်သည်းသော မြူခိုးနောက်တွင် ကျွန်းတစ်ကျွန်း မြောနေသည်ကို ထင်ရှားစွာ တွေ့မြင်လိုက်ရသည်။

“ ဒါက ဖန်းလဲ့ကျွန်းပဲ”

ရှီလင်းလုံက သူတို့၏ ဦးတည်ရာကို တွေ့ရှိသွားသည့်အတွက် ဝမ်းသာသွားသည်။

“ အစ်ကိုရှန်က တကယ်ကို အံ့ဩစရာပဲ။ ဒီလိုခက်ခဲတဲ့ မြေပုံကိုတောင် နားလည်နိုင်တယ်နော်”

ရှီလင်းလုံက မြေပုံကို အကြာကြီး ကြည့်ခဲ့သော်လည်း နားမလည်ပေ။

သို့သော် ရှန်ထျန်း၏ ညွှန်ပြမှုကြောင့် ဖန်းလဲ့ကျွန်းကို အချိန်ခဏအတွင်း ရှာတွေ့သွားခြင်းဖြစ်ပြီး သူ၏ လမ်းရှာနိုင်စွမ်းက အရမ်းစွမ်းအားကြီးလှသည်။

ရှန်ထျန်း မတတ်နိုင်ဘဲ  ရှီလင်းလုံ၏ ချီးကျူးမှုကို ကြားပြီး ပြုံးလိုက်မိသည်။

ဒါတွေက ကျွန်တော်ရဲ့ ဉာဏ်ကောင်းမှုကြောင့်ပဲလေ

ကျွန်တော် နားမလည်နိုင်တဲ့ မြေပုံဆိုတာ မရှိဘူး

ကောင်းပြီလေ

တကယ်တော့ ရှန်ထျန်း ဖန်းလဲ့ကျွန်းကို အမြန်ဆုံး ရှာတွေ့သွားရတဲ့ အကြောင်းအရင်းက ကံအပြောင်းအလဲ အခွင့်အရေး မြေပုံကြောင့် ဖြစ်သည်။

ရှီလင်းလုံ၏ ရောင်ဝါစက်ဝန်းထဲတွင် ကံအပြောင်းအလဲ အခွင့်အရေး ပုံရိပ်မြင်ကွင်းကို မြင်နေရသည်။ ပုံမှန်အတိုင်းဆိုလျှင် ကျန်နေရာများအားလုံးကို လျှောက်သွားပြီးမှသာ ဖန်းလဲ့ကျွန်းကို ရှာတွေ့မည် ဖြစ်သည်။

ရှန်ထျန်းက အချိန်မဖြုန်းချင်သည့်အတွက် ကြားထဲမှ လုပ်ငန်းစဉ်များကို ကျော်ကာ ဖန်းလဲ့ကျွန်းသို့ တန်းပြီး လာရောက်ခြင်း ဖြစ်သည်။

သူတို့သုံးယောက်က သိပ်သည်းသော မြူခိုးကို ဖြတ်သန်းကာ ကျွန်းနှင့် ပိုမိုနီးကပ်လာသည်။

ဖန်းလဲ့ကျွန်းက ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မြောနေသည်။ အထင်ကြီးစရာကောင်းသည့် အလင်းတန်းများကို ထုတ်လွှတ်နေသည့်အတွက် ထိုအရာက ဆန်းကြယ်လှသည်။

ထိုအရာက ဖန်းလဲ့ကျွန်းဟု ခေါ်သည့်အပြင် ဖန်းလဲ့နတ်သမီးကျွန်းဟု ခေါ်သည့်နေရာ ဖြစ်သည်။

“ ကောလဟာလတွေအရ ပဒုမ္မာကြာ နတ်ဧကရာဇ် ဒီနေရာမှာ ကျင့်ကြံတာက ဝိညာဉ်ချီတွေ အများကြီးရှိပြီးတော့ နိဗ္ဗာန်လိုမျိုး တိတ်ဆိတ်ငြိမ်းချမ်းတယ်။

ပြီးတော့ ဖန်းလဲ့ကျွန်းရဲ့ ပတ်ဝန်းကျင်က အဖိုးတန် ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးဖို့အတွက် အရမ်းသင့်တော်တယ်။

အဲဒါကြောင့် ကျွန်မတို့ ဒီနေရာမှာ အကျိုးအမြတ်တွေ အများကြီးရမှာ သေချာတယ်” ရှီလင်းလုံက ရှင်းပြလိုက်သည်။

သူမက ဖန်းလဲ့ကျွန်းကို ဦးတည်မသွားခင်ကတည်းက အများကြီး ပြင်ဆင်ထားခဲ့သည်။

သိပ်မကြာခင်မှာပဲ သူတို့ ဖန်းလဲ့ကျွန်းသို့ ရောက်ရှိသွားသည်။ သို့သော် မြင်ကွင်းက သူတို့ကို ကြောင်အသွားစေသည်။

သူတို့ရှေ့ရှိ ဖန်းလဲ့ကျွန်းက နည်းနည်းလေးမှ သုခဘုံနှင့် မတူပေ။ ထိုနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်ထားသလိုမျိုး အပျက်အစီးများနှင့်သာ ပြည့်နှက်နေသည်။ ဖန်းလဲ့ကျွန်းတစ်ခုလုံးက ပျက်စီးနေသော အခြေအနေမှာ ကျရောက်နေသည်။

“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ ဖန်းလဲ့ကျွန်းက ဘာလို့ ဒီလိုဖြစ်သွားရတာလဲ”

ရှီလင်းလုံ အံ့ဩမှင်သက်သွားမိသည်။

နတ်ဧကရာဇ်၏ ဂူဗိမာန်က ပျက်စီးသွားတာလား

ဤကျွန်းပေါ်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ထားတာ သေချာသည်။ အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ တိုက်ခိုက်ထားပြီး နေရာတစ်ခုလုံးကို ဖျက်စီးထားပုံပေါ်သည်။ ထိုအရာကြောင့် တောင်များပြိုလဲသွားပြီး မြေများလည်း ပျက်စီးသွားသည်။

ဝိညာဉ်သွေးကြောများအားလုံး ခြောက်ကပ်နေကာ ဤကျွန်းပေါ်ရှိ ဝိညာဉ်ချီအရင်းအမြစ်နှင့် ဖြတ်တောက်ထားပုံရသည်။

မင်းသမီးလင်းလုံလည်း  စိတ်မထိန်းနိုင်လိုက်ဘဲ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။

“ ပဒုမ္မာကြာ နတ်ဧကရာဇ် အသက်ရှင်စဉ်တုန်းက ဖန်းလဲ့ကျွန်းကို ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်ထားတာ။ ဒါမှ သူ့ကို ဘယ်သူမှ မနှောင့်ယှက်နိုင်တော့မှာလေ။ အခုလိုမျိုး ပျက်စီးသွားတဲ့နယ်မြေ ဖြစ်သွားမယ်လို့ ဘယ်သူထင်ထားမှာလဲ” ရှီလင်းလုံက ပြောလိုက်သည်။

များပြားသော စွမ်းအားကြီးသူများက အတိတ်မှာ နယ်မြေငါးခုအတွက် ဘယ်လောက်ထိကြီးမားသော ဂုဏ်ကို ယူဆောင်လာပါစေ အချိန်ကြာလာလျှင် နာမည်က ပျောက်ဆုံးသွားသည်။

ဖန်းလဲ့ကျွန်း ဤအခြေအနေသို့ ကျရောက်နေရခြင်း အကြောင်းက တချို့လူများက ဒီကို အရင်ရောက်လာပြီး အဖိုးတန်ရတနာများကို ယူဆောင်သွားသည့်အတွက် အခုလိုမျိုး ဖြစ်နေခြင်း ဖြစ်နိုင်သည်။

သိပ်မကြာခင်မှာပဲ သူတို့က ဖန်းလဲ့ကျွန်းအနှံ့ ရှာဖွေကြတော့သည်။

ကျန်ရှိနေသော ဝိညာဉ်ဆေးပင်အချို့အပြင် ကျန်ရှိနေတာ ဘာမှမရှိတော့ပေ။

“ ကြည့်ရတာ ကျွန်မတို့ ဘာအကျိုးမှ မရှိပဲ လာမိပြီထင်တယ်။ တခြားသူတွေက ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရရှိသွားလောက်ပြီ မဟုတ်လား”

သူမ ရှန်ထျန်းကို ဖိတ်မိခဲ့တာ နှမြောစရာ ဖြစ်သွားသည်ဟု ရှီလင်းလုံ ခံစားလာမိသည်။ သူမက ကံအပြောင်းအလဲ အခွင့်အရေးကို ရှန်ထျန်းနှင့် မျှဝေချင်ခဲ့သည်။

ဖန်းလဲ့ကျွန်းက လုံးဝ ပျက်စီးနေပြီးတော့ ဘာမှမရနိုင်ဘူးလို့ ဘယ်လိုလုပ်ထင်ခဲ့မှာလဲ

ဟင်း…ရှက်ဖို့ ကောင်းလိုက်တာ

ရှီလင်းလုံ စိတ်ဓာတ်ကျနေသည့်ပုံကို ကြည့်ကာ ရှန်ထျန်းက ပြုံးပြီး ပြောလိုက်သည်

“ မစိုးရိမ်ပါနဲ့။ ဒီနေရာက ကြာပန်းနတ်ဧကရာဇ်ရဲ့ နောက်ဆုံးအနားယူတဲ့နေရာဆိုတော့ ဒီလောက်ထိ ရိုးရှင်းနေစရာအကြောင်း မရှိဘူး။

ပဒုမ္မာကြာ နတ်ဧကရာဇ်က စွမ်းအားကြီးတဲ့ နတ်ဧကရာဇ်ပဲလေ။ အဲဒါကြောင့် သူ့ရဲ့ အမွေအနှစ်ကို တခြားသူတွေ ယူသွားတာကို အလွယ်တကူ ခံပါ့မလား။

ကျွန်တော်တို့ မြင်နေရတာက ပုံရိပ်ယောင်လည်း ဖြစ်သွားနိုင်တာပဲ”

ထာဝရဘုံဗိမာန်ကျွန်းလိုမျိုး ဤနေရာကလည်း နတ်ဧကရာဇ်၏ နောက်ဆုံးအနားယူရာနေရာ ဖြစ်သည်။ သို့သော် ထာဝရဘုံဗိမာန်ကျွန်းတွင် အဖိုးတန်ဆုံး ရတနာများနှင့် အမွေအနှစ်များက ရွှေကျီးဂူဗိမာန်ထဲတွင် ရှိနေခဲ့သည်။

သူတို့က ဖန်းလဲ့ကျွန်းတွင် ပဒုမ္မာကြာ နတ်ဧကရာဇ်ဩ ဂူဗိမာန်ကို ရှာမတွေ့သေးသည့်အတွက် တခြားသူများက အမွေအနှစ်ကို ယူသွားသည်ဟု ကောက်ချက်ချလို့ မရသေးပေ။

“ အစ်ကိုရှန် ပြောတာ အဓိပ္ပာယ်ရှိတယ်”

ရှီလင်းလုံက ခေါင်းညိတ်ပြလိုက်သည်။ တခြားသူများက ပဒုမ္မာကြာ နတ်ဧကရာဇ်၏ အမွေအနှစ်ကို ယူသွားသည်ဟု သူမ မယုံကြည်နိုင်တော့ပေ။

အဆုံးသတ်တွင် ထိုအရာက ဆေးပညာရပ်တွင် အကျွမ်းကျင်ဆုံး နတ်ဧကရာဇ်၏ အမွေအနှစ် ဖြစ်သည့်အတွက် တစ်စုံတစ်ယောက်သာ ထိုအရာကို တကယ်ရရှိသွားပါက နယ်မြေငါးခုလုံးတွင် ကျော်ကြားသူတစ်ယောက် ဖြစ်လာလိမ့်မည်။ ဘာသတင်းမှ ထွက်မလာဘူးဆိုတာ မဖြစ်နိုင်ပေ။

“ ဒါပေမဲ့ ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ ဂူဗိမာန်က ဘယ်နားမှာ ဖြစ်မလဲ”

ရှီလင်းလုံ တွေဝေသွားသည်။ သူတို့က ဖန်းလဲ့ကျွန်းတစ်ခုလုံးကို နှံ့အောင် ရှာဖွေပြီးပြီဖြစ်သော်လည်း ဂူဗိမာန်ကို ရှာမတွေ့နိုင်ဖြစ်နေသည်။

ဂူဗိမာန်နှင့် ပတ်သက်ပြီး သဲလွန်စပင် မတွေ့ရပေ။

ရှန်ထျန်းက ပြုံးကာ သတိပေးလိုက်သည်

“ ကျင့်ကြံနေစဉ်တုန်းက ပဒုမ္မာကြာ နတ်ဧကရာဇ်က ကြာပန်းတစ်ပွင့် အသွင်ဖြစ်ခဲ့တယ်လို့ ပြောတယ်။

အဲဒါကြောင့် ဓာတ်ငါးပါးရဲ့ ဆက်သွယ်ချက်အရ ရေဓာတ်က သစ်သားဓာတ်ကို အထောက်အပံ့ပေးတယ်ဆိုတော့ သူ့ရဲ့ ဂူဗိမာန်က ရေအောက်မှာ မြုပ်နေတာပဲ ဖြစ်ရမယ်”

ရှီလင်းလုံ၏ ရောင်ဝါစက်ဝန်းထဲမှ ပုံရိပ်ကြောင့် ဂူဗိမာန်က ပင်လယ်ကြမ်းပြင်မှာ ရှိနေကြောင်း  ရှန်ထျန်း သိထားပြီးပြီဖြစ်သည်။

“ အစ်ကိုရှန် ပြောတာ မှန်တယ်”

ရှီလင်းလုံ၏ အကြည့်တို့ လင်းလက်တောက်ပသွားသည်။ ထိုကဲ့သို့သော အရာမျိုးကို သူမ အရင်တုန်းက မတွေးခဲ့ဖူးပေ။ သို့သော် ရှန်ထျန်း၏ အကြံပေးမှုကြောင့် ရုတ်တရက် အသိဝင်သွားသည်။

“ ဒါဆိုရင် ကျွန်မတို့ ရေအောက်ကို တစ်ချက် သွားကြည့်ရအောင်”

သူတို့သုံးယောက်က ဖန်းလဲ့ကျွန်း၏ အောက်သို့ အလျင်အမြန် ဒိုင်ဗင်ထိုးလိုက်သည်။

မြောက်ပင်လယ်က အရမ်းနက်သည့်အတွက် ပင်လယ်ကြမ်းပြင်ကို မမြင်ရပေ။

သူတို့က ပင်လယ်၏ ပိုမိုနက်သော အပိုင်းသို့ ရေကူးသွားသည်။

သူတို့ ပိုပြီးတော့ နက်သော အပိုင်းသို့ သွားလေလေ ဘေးပတ်လည်ရှိ ရေဖိအားက ပိုမို ပြင်းထန်လာလေ ဖြစ်သည်။ ထိုဖိအားက တောင်တစ်တောင်၏ ဖိအားကဲ့သို့ လွှမ်းမိုးနေပြီး သူတို့ကို အသက်ရှူကြပ်စေသည်။

ရှီလင်းလုံက အသက်ရှူရခက်လာသည့်အတွက် မျက်နှာနီရဲလာသည်။ သူမက ထိုဖိအားကို ခံနိုင်ရည်ရှိသည့်ပုံ မပေါ်ပေ။

သူမက နတ်ဘုရားတိုင်းပြည်၏ မင်းသမီးဖြစ်သော်လည်း သူမ၏ ကြံ့ခိုင်မှုက မများလှပေ။

ယခုလက်ရှိတွင် ရေဖိအားက သာမန်ကောင်းကင်အသျှင်များပင် ခံနိုင်ရည်ရှိဖို့အတွက် အခက်တွေ့သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဖန်းဝူက သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာစေရန်အတွက် ဇာမဏီအသွင် ပြောင်းလိုက်သည်။ ထိုအခါမှသာ ရေဖိအားကို ခံနိုင်ရည်ရှိသွားသည်။

ထိုအချိန်တွင် ရှီလင်းလုံ၏ ခန္ဓာကိုယ်ထဲမှ အလင်းတန်းတစ်ခု ပွင့်လာသည်။

သူမ၏ နောက်တွင် ဂူဝတစ်ခု ပွင့်လာပုံပေါ်သည်။ ကြယ်တာရာအလင်းတို့ဖြင့် သိပ်သည်းသော ကောင်းကင်အရှိန်အဝါက တောက်ပသော အလင်းတန်းနှင့်အတူ စီးဆင်းနေသည်။

ထိုအရာက ရှီလင်းလုံ၏ ဝိဇ္ဇာခန္ဓာကို တိုးမြှင့်အောင် လုပ်ပေးနိုင်သည့် အထွတ်အထိပ်အဆင့် ပုံရိပ်သဏ္ဌာန် ဖြစ်သည်။

ဂူဝ ပွင့်လာသည့်အခါ ရှီလင်းလုံပေါ်ရှိ ဖိအားက များပြားစွာ လျော့ကျသွားကာ သူမ၏ အသက်ရှူနှုန်းလည်း ပုံမှန်းအတိုင်း ပြန်ဖြစ်သွားသည်။

တစ်ဖက်တွင် ရှန်ထျန်းက မူလအစကတည်းက တည်ငြိမ်နေသည်။

ထာဝရဇာမဏီဘုရင်မတောင် ငါ့ကို မလွှမ်းမိုးနိုင်ဘူး ဒီလိုမျိုး ရေဖိအားလောက်တော့ စာဖွဲ့နေစရာကို မလိုဘူး

သူ၏ နဝမမြောက် ရှုပ်ထွေးပွေလီ ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ကြောင့် ရရှိလာသည့် စွမ်းအားကြီးသော ခန္ဓာကိုယ်ကြောင့် လက်ရှိရေဖိအားက သူ့အတွက် ဘာမှအရေးမပါပေ။ ချောမွေ့စွာ ရွက်လွှင့်နေသည်ဟုပင် ပြောလို့ရသည်။

သူတို့သုံးယောက်က အောက်ဖက်သို့ အလျင်အမြန် သွားနေကြပြီး ပင်လယ်ရေမျက်နှာပြင်အောက် ပေပေါင်း ၃၆ သိန်းသို့ ရောက်ရှိလာသည်။

နောက်ဆုံးတွင် ထူးခြားသော မြင်ကွင်းတစ်ခုက သူတို့ရှေ့သို့ ရောက်ရှိလာသည်။

ထိုအကွာအဝေးမှ ကြီးမားသော တောင်ကြားတစ်ခုကို မြင်နေရသည်။

ထူးဆန်းသော ကျောက်တုံးများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ဝန်းရံထားသည့်အတွက် ထိုးဖောက်မရနိုင်သော သဘာဝ အကာအကွယ်ဖြစ်နေပြီး ထိုတောင်ကြားက ထူးဆန်းသည်။

ကြည့်ရတာ အဆင့်၁၂ ကြာပန်း ပွင့်နေသလိုပဲ။ သဘာဝအတိုင်းဖြစ်နေတယ်လို့ ထင်ရလောက်အောင် တည်ဆောက်ထားတာ တကယ်သေသပ်တာပဲ

သို့သော် စွမ်းအားကြီးသော စွမ်းအာက ပတ်လည်ဝန်းရံထားပြီး ဘေးပတ်လည်ရှိ ပင်လယ်ရေများ အထဲသို့ မဝင်နိုင်အောင် တားမြစ်ထားသည်။

“ ကျွန်မတို့ နောက်ဆုံးတော့ ရှာတွေ့ပြီ။ တောင်ကြားအနေနဲ့ ကြာပန်း။ ကျောက်ပြားအနေနဲ့ တောင်ကြား။ ဒါက ဂူဗိမာန်ပဲ ဖြစ်လိမ့်မယ်”

ရှီလင်းလုံ ပျော်မြူးသွားသည်။

ဖန်းလဲ့ကျွန်းက အရင်ကတည်းက လူတွေရဲ့ အဓမ္မ လုယူတာကို ခံခဲ့ရပေမဲ့ ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ အမွေအနှစ်ကို တခြားသူတွေ မရသွားတာက အဆန်းတော့ မဟုတ်ဘူးပဲ

ပဒုမ္မာကြာ နတ်ဧကရာဇ်က သူ့ရဲ့ ဂူဗိမာန်ကို ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၃၆ သိန်းမှာ ဆောက်လုပ်ခဲ့မယ်လို့ ဘယ်သူက သိမှာလဲ

ဒီနေရာက သာမန်လူတွေ ဝင်မလာနိုင်တဲ့နေရာဆိုတာကိုတော့ ပြောဖို့တောင် မလိုတော့ဘူး

ပြင်းထန်သောရေဖိအားကြောင့် သာမန်ကောင်းကင်အသျှင်များပင် ပင်လယ်ရေမျက်နှာပြင်အောက် ဒီလောက်နက်သည့်နေရာအထိ လာရန် အခက်တွေ့လိမ့်မည်။

သူတို့၏ ပစ်မှတ်ကို ရှာတွေ့ပြီးနောက် အဆင့်၁၂ ကြာပန်းတောင်ကြားသို့ အလျင်အမြန် ကူးခတ်သွားလိုက်သည်။

ခမ်းနားသော ရှေးဟောင်းနန်းတောင်က သူတို့ရှေ့တွင် မြောနေသည်။

နန်းတော်ရှေ့ရှိ ထူထဲသော ရှေးဟောင်းတံခါးမကြီးများက အတိတ်အချိန်များ၏ လေးလံသော ခံစားချက်ကို ပေးစွမ်းသည်။ ဂိတ်ပေါက်၏ ထိပ်တွင် ခမ်းနားတောက်ပြောင်သော ကျောက်ပြားကြီးပေါ်၌ “ပဒုမ္မာကြာ နတ်ဧကရာဇ် ဂူဗိမာန်”ဟု ထွင်းထားသည်။

စကားလုံးများကို အားပါပါဖြင့် ရေးသားထားပြီး ကြည့်လိုက်ရုံဖြင့်တင် အင်မတန် စွမ်းအားကြီးသော အရှိန်အဝါကို အာရုံခံလို့ရသည်။

“ ဒါက ပဒုမ္မာကြာ နတ်ဧကရာဇ်ရဲ့ ဂူဗိမာန်လား”

ရှီလင်းလုံက သူမ၏ ရှေ့ရှိ နန်းတော်ကို ကြည့်ပြီး အံ့ဩမှင်သက်နေသည်။

ဂူဗိမာန်၏ ခမ်းနားသော အရှိန်အဝါက ရွှေကျီးနတ်ဧကရာဇ်ဂူဗိမာန်ထက် ပိုပြီးတော့ အားနည်းခြင်း မရှိနိုင်ပေ။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက ဆေးပညာရပ်တွင် ကျွမ်းကျင်သော နတ်ဧကရာဇ်ဖြစ်သည့်အတွက် သူ့ ဂူဗိမာန်က တစ်မူထူးခြားသည်။

ဂျိန်း…

သူတို့သုံးယောက်ကို အာရုံခံမိသည့်အတွက် လေးလံသော ဂိတ်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာကာ ရုတ်တရက် ခမ်းနားသော အရှိန်အဝါများ လျှံထွက်လာသည်။

“ အစ်ကိုရှန် ကျွန်မတို့ ဝင်သွားပြီးတော့ ကြည့်ကြမလား”

ရှီလင်းလုံက စိတ်ရှုပ်ထွေးသွားစေသည်။ သူတို့၏ ပတ်ဝန်းကျင်က အရမ်းငြိမ်သက်နေသည်က ထူးဆန်းလှသည်။

ဂူဗိမာန်တံခါးကလည်း သူ့ဘာသူပွင့်သွားပြီး ဘာသော့မှ မလိုအပ်ခဲ့ပေ။

“ ငါ အားလုံးအဆင်သင့် ပြင်ထားပြီးပြီမလို့ ဝင်လာခဲ့တော့” လို့ ပြောနေသလိုပဲ

အဲဒါကြောင့် သူတို့လည်း ဂရုတစိုက်ပဲ နေရတော့မယ်

“ ရပါတယ် ဆေးပညာရပ်တွင် အကျွမ်းကျင်ဆုံး နတ်ဧကရာဇ်တစ်ယောက်အနေနဲ့ ပဒုမ္မာကြာ နတ်ဧကရာဇ်က သူ အထက်ဘုံ မတက်လှမ်းသွားခင် လူတွေကို ကယ်ဖို့အတွက် ဆေးလုံးတွေ ဖန်တီးခဲ့တယ်။ သူက သဘောထားကြီးမှုကြောင့် ကျော်ကြားတယ်။

ပြီးတော့ နတ်ဧကရာဇ် တစ်ပါးအနေနဲ့ တခြားသူတွေကို ထိခိုက်အောင်လို့ ထောင်ချောက်မဆင်လောက်ပါဘူး။

ပဒုမ္မာကြာ နတ်ဧကရာဇ်က သူ့ရဲ့ဆက်ခံသူ ရှာတွေ့အောင် ဒီဂူဗိမာန်ကို ချန်ထားခဲ့တာလေ။ ဝင်လာတဲ့သူတွေကို ထိခိုက်အောင် လုပ်လို့ သူ့အတွက် အကျိုးအမြတ် မရှိဘူး”

ရှန်ထျန်းက တည်ငြိမ်နေပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်တို့ လုံးဝ မရှိပေ။

စွန့်စားခရီးသွားပြီးတော့ ရတနာရှာတဲ့သူတွေက ဘာလို့ အန္တရာယ်တွေကို ကြောက်ရမှာလဲ

တန်ဖိုးနည်းဂူဗိမာန်တစ်ခုကို စူးစမ်းရုံနဲ့တင် ကြောက်ဖို့ လိုလို့လား

စူးစမ်းလေ့လာဖို့ ခြေထောက်တစ်စုံကို ပိုင်ဆိုင်ထားရင်ပဲ အရာအားလုံး ဖြစ်နိုင်တယ်

ရှီလင်းလုံက ရှန်ထျန်း၏ သတ္တိရှိမှုကို လေးစားနေသည်။

အစ်ကိုရှန်ကတော့ ထင်တဲ့အတိုင်းပဲ။ ဒီလိုမျိုး ဂူဗိမာန်ရှေ့မှာတောင် အရမ်းတည်ငြိမ်နေတယ်။ အစ်ကိုရှန် ဘေးမှာရှိနေရင် အရမ်းလုံခြုံတယ်လို့ ခံစားရတယ်

သူတို့သုံးယောက်က ရှေ့သို့ လမ်းလျှောက်သွားကာ ဂူဗိမာန်ထဲ ဝင်သွားသည်။

ဝုန်း…

သူတို့သုံးယောက် ဝင်သွားသည့်အခါ လေးလံသော ဂိတ်တံခါးများ ရုတ်တရက် ပိတ်သွားသည်။

တစ်ချိန်တည်းထဲမှာ အသက်ကြီးကြီး လူတစ်ယောက်က အားလုံးကို စိတ်ချင်းဆက်သွယ်ပြီး စကားပြောလိုက်သည်။

“ လူငယ်ကျင့်ကြံသူတွေကို ကြိုဆိုပါတယ်။ နှစ်ပေါင်းတစ်သောင်းကြာပြီးတော့ ငါ့ရဲ့ ဂူဗိမာန်ထဲကို ဝင်လာတဲ့သူ ရှိခဲ့ပြီပဲ။

ငါ့ရဲ့ အမွေအနှစ်ကို ရဖို့အတွက် စစ်ဆေးမှုကို ကျော်ဖြတ်ဖို့ပဲ လိုတာပါ”

ထိုအသံက အလွန်သိမ်မွေ့နူးညံ့သော်လည်း အရမ်းအံ့ဩတုန်လှုပ်ဖို့ ကောင်းသည့်အတွက် သူတို့ကို ထိတ်လန့်သွားစေသည်။

ထို့နောက် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုသူက အစိမ်းရောင် ဝတ်စုံဝတ်ဆင်ထားပြီး ဖော်ရွေတတ်ပုံပေါ်သည့် အဖိုးကြီးတစ်ယောက် ဖြစ်သည်။ သူ့ကို ကြည့်ရတာ ပြိုင်ဘက်ကင်း နတ်ဧကရာဇ်တစ်ပါးနှင့် မတူဘဲ ကြင်နာတတ်သော အဖိုးကြီးနှင့် ပိုတူသည်။

ထိုသူက တခြားသူများကို ကံဆိုးမှုမှ ကယ်တင်ပေးကာ ကြင်နာတရားကို ပြသတတ်သည့် ဆေးပညာရပ်တွင် အကျွမ်းကျင်ဆုံး နတ်ဧကရာဇ်ဖြစ်သည့် ပဒုမ္မာကြာ နတ်ဧကရာဇ် ဖြစ်သည်။

“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ် ကျွန်မတို့ လာရတဲ့ အကြောင်းအရင်းက စီနီယာရဲ့ အမွေအနှစ်ဖြစ်တဲ့ ဆေးပညာရပ်ကို ကြေညာပေးပြီးတော့ တခြားသူတွေ ဒုက္ခရောက်နေတာကို ကူညီပေးဖို့အတွက် အမွေဆက်ခံဖို့ လာခဲ့တာပါ”

ရှီလင်းလုံက သူမ၏ ရှေ့ရှိ ဆံဖြူ အဖိုးကြီးကို ကြည့်ပြီး အကြည့်ထဲတွင် လေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။

“ အဲလိုစိတ်ထားလေး ရှိတာတော့ မဆိုးပါဘူး။ ဒါပေမဲ့ ငါ့ရဲ့ အမွေအနှစ်ကို ရဖို့အတွက် စစ်ဆေးမှုသုံးခုကို ဖြတ်ကျော်ဖို့ လိုအပ်တယ်။

အဲဒီသုံးခုလုံးကို ဖြတ်ကျော်ပြီးမှ ငါ့ရဲ့အမွေကို ဆက်ခံလို့ ရမယ်”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ပြုံးပြလိုက်သည်။

“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ် ကျွန်တော်တို့ စစ်ဆေးမှုကို လက်ခံပါတယ်”  ရှီလင်းလုံနှင့် ရှန်ထျန်းတို့က ခေါင်းညိတ်ပြလိုက်သည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ပြောလိုက်သည်

“ ကောင်းပြီလေ”

တစ်မူထူးခြားသော စွမ်းအားထွက်လာကာ သူတို့သုံးယောက်ကို လွှမ်းခြုံထားလိုက်သည်။

“ ပထမဆုံး စစ်ဆေးမှုက မင်းတို့ရဲ့ ခန္ဓာတည်ဆောက်ပုံ အရည်အချင်းကို အကဲဖြတ်ခြင်းပဲ။ ငါ့ရဲ့ ဆေးပညာရပ်တွေကို အမွေဆက်ခံနိုင်ဖို့အတွက် အထွတ်အထိပ်အဆင့် မီးဓာတ်နဲ့ သစ်သားဓာတ် ခန္ဓာတည်ဆောက်ပုံနှစ်ခုလုံးကို ပိုင်ဆိုင်ထားရမယ်။ ဒါမှ ငါ့ရဲ့ ဆေးပညာရပ်တွေကို ထိပ်သီးအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်မှာ”

အထွတ်အထိပ်အဆင့် မီးဓာတ်ခန္ဓာ တည်ဆောက်ပုံရှိမှသာ မီးဓာတ်ကို ထိန်းချုပ်နိုင်ပြီး ဆေးလုံးလုပ်သည့်အခါ တိကျအောင်မြင်စွာ လုပ်နိုင်လိမ့်မည်။

ထိုအချိန်တွင် အထွတ်အထိပ်အဆင့် သစ်သားဓာတ်ခန္ဓာ တည်ဆောက်ပုံက ဝိညာဉ်ဆေးပင်တို့နှင့် ဆက်နွယ်မှုမြင့်မားပြီး ဆေး၏အကျိုးသက်ရောက်မှုကို အမြင့်ဆုံးအထိ မြှင့်တင်ပေးနိုင်သည်။

ထို့ကြောင့် ဆေးပညာရပ်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ဖို့အတွက် ထိုဓာတ်နှစ်ခုက အင်မတန် အရေးပါသည်။

ပထမဆုံးအနေဖြင့် စစ်ဆေးခံရမည့်သူက မင်းသမီးလင်းလုံ ဖြစ်သည်။

အစိမ်းရောင်အလင်းတန်းက ကောင်းကင်မှ ဆင်းသက်လာကာ ရှီလင်းလုံထဲသို့ ဝင်ရောက်သွားသည်။

“ မင်းဆီမှာ လင်းလုံဝိဇ္ဇာခန္ဓာ ရှိပြီးတော့ ဇာမဏီမျိုးနွယ်က အဲဒီကလေးနဲ့တောင် စာချုပ် ချုပ်ဆိုလိုက်သေးတယ်ပေါ့။ မင်းဆီမှာ ဇာမဏီမျိုးနွယ်ရဲ့ မီးတောက်လည်း ရှိတယ်။ မဆိုးဘူး အရမ်းကောင်းတယ်”

ပဒုမ္မာကြာ နတ်ဧကရာဇ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

လင်းလုံဝိဇ္ဇာခန္ဓာက အထွတ်အထိပ်အဆင့် စိတ်ဝိညာဉ်အရင်းအမြစ် သတ္တု၊ သစ်သား၊ မြေကြီးတို့ သန္ဓေပြောင်းလဲခြင်းမှ ရရှိထားသော အထွတ်အထိပ်အဆင့် ခန္ဓာတည်ဆောက်ပုံ ဖြစ်သည်။

ထိုကဲ့သို့သော ခန္ဓာကိုယ်တည်ဆောက်ပုံကို ပိုင်ဆိုင်ထားသည့်သူက တာအိုအားလုံးနှင့် ဆက်နွယ်မှု ရှိနေရုံသာမက ကျင့်စဉ်အတွက် ဉာဏ်အလင်းပွင့်ခြင်းနှင့် အခြေခံအုတ်မြစ်ကလည်း များပြားစွာ တိုးမြှင့်သွားသည်။ ထိုအရာက ကျိန်းသေပေါက် အထွတ်အထိပ်အဆင့် သစ်သားဓာတ်ခန္ဓာ တည်ဆောက်ပုံ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်။

ရှီလင်းလုံဆီမှာရှိနေသော အံ့ဖွယ်ဇာမဏီ စွမ်းအားက အံ့ဖွယ်ဇာမဏီမီးတောက်ကို အသက်သွင်းပေးနိုင်သည်။ ထို့ကြောင့် သူမဆီမှာ အထွတ်အထိပ်အဆင့် မီးဓာတ် ခန္ဓာတည်ဆောက်ပုံရှိနေသည်ဟု သတ်မှတ်လို့ ရနိုင်သည်။

သစ်သားဓာတ်နှင့် မီးဓာတ် ခန္ဓာတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသော ရှီလင်းလုံက ပဒုမ္မာကြာ နတ်ဧကရာဇ် ကျေနပ်သော အမွေဆက်ခံသူ တစ်ယောက်ထဲတွင် အပါအဝင်ဖြစ်သည်ဟု သေချာပေါက် သတ်မှတ်လို့ရသည်။

ပဒုမ္မာကြာ နတ်ဧကရာဇ်က ပြုံးလိုက်သည်။ နှစ်ပေါင်းတစ်သောင်းကြာပြီးနောက် သူ ပထမဆုံးတွေ့ရသောသူသည် ဒီလောက်ထိ အရည်အချင်း ရှိနေမည်ဟု ထင်မထားခဲ့ပေ။

သူမကို အရာအားလုံး သင်ပေးနိုင်သည့် အဆင့်တော့ မဟုတ်သော်လည်း သာမန်အမွေဆက်ခံသူအဖြစ် အရည်အချင်း လုံလောက်မှု ရှိသည်။

ဒုတိယစစ်ဆေးခြင်းခံရသူက ဖန်းဝူဖြစ်ပြီး မှတ်ချက်က ယခင်တစ်ယောက်အတိုင်း ဖြစ်သည်။

“ ထာဝရဇာမဏီမျိုးနွယ်ရဲ့ မျိုးဆက်။ မင်းဆီမှာ အံ့ဖွယ်ဇာမဏီမီးတောက်ရှိတာပဲ။ မဆိုးပါဘူး”

ပဒုမ္မာကြာ နတ်ဧကရာဇ်က သူ၏ မုတ်ဆိတ်ဖြူကို ထိလိုက်သည်။ အံ့ဖွယ်ဇာမဏီမီးတောက်က စွမ်းအားကြီးပြီး ဆေးလုံးလုပ်သည့်နေရာတွင် အသုံးဝင်သည်။

သူမ၏ သစ်သားဓာတ် အရည်အချင်းက မင်းသမီးလင်းလုံနှင့် နှိုင်းယှဉ်လိုက်လျှင် လျှော့နည်းနေသေးသည်။

“ ဟုတ်ပြီ အခု မင်းရဲ့ အလှည့်ပဲ” ပဒုမ္မာကြာ နတ်ဧကရာဇ်က ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ စီနီယာ ပဒုမ္မာကြာ နတ်ဧကရာဇ် ကျေးဇူးပြုပြီး ကျွန်တော်ကို စစ်ဆေးလိုက်ပါ”

ရှန်ထျန်း လက်အုပ်ချီကာ အစိမ်းရောင်အလင်းတန်းကို ခန္ဓာကိုယ်ထဲသို့ ဝင်ခွင့်ပေးလိုက်သည်။

“ သေစမ်း…

လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ၁၀ ခု ထက်ပိုတဲ့ ထူးခြားအံ့ဖွယ်ပစ္စည်းတွေ ရှိနိုင်တာလား။ မင်းက အခုထိ လူလား။ ငါ့ရဲ့ ကုန်ဆုံးသွားတဲ့ အသိဉာဏ်ကို သိမ်းယူခဲ့ပြီးတော့ အချိန်တွေ သိပ်မကြာသေးဘူးမဟုတ်လား။

သေစမ်း … မင်းဆီမှာ ရှုပ်ထွေးပွေလီ အငွေ့အသက်တောင် ရှိနေတာပဲ”

ရုတ်တရက် ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဖော်ရွေနွေးထွေးသော အပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက သရဲတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး အံ့ဩမှင်သက်သွားသည်။

သူ အိပ်မက် မက်နေသည်ဟု ခံစားရသည်။

All Chapters