← Chapters

ကောင်းကင်နှင့် မြေကြီး၏ မူမမှန်မှု

Vol. 1 Ch. 232

ကောင်းကင်နှင့် မြေကြီး၏ မူမမှန်မှု

Vol. 1 Ch. 232

"ဝုန်း"

ထိုခဏတွင် ဟွာယွင်တောင် အထက်မှ ကောင်းကင်တွင် လေများ တိုက်ခတ်လာကာ တိမ်များ ရွေ့လျား သွားကြသည်။ မိုင်ပေါင်း သန်းထောင်ပေါင်းများစွာ အဝေးမှ ကြယ်ကိုးလုံးသည် လင်းလက် တောက်ပလာကာ နယ်မြေတစ်ခုလုံးသို့ အလင်းရောင်များ လွှမ်းခြုံ သွားခဲ့သည်။ ကြယ်ကိုးလုံးမှ အလင်းတန်း ကိုးသွယ်သည် ကောင်းကင်ကို ထိုးဖောက်၍ ကျဆင်းလာသည်။ အလင်းတန်းများသည် အရာရာထက် မြင့်မြတ်သည့် အရှိန်အဝါတို့ကို ထုတ်ဖော်လျက် ရှိသည်။ ၎င်းတို့သည် ဟွာယွင်တောင်ထံ လျှပ်စီးအလျင်နှင့် ကျဆင်းသွားပြီး ကျန်းရီ၏ ဒန်တျန်းအတွင်း ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။

"ဝိုး"

နယ်မြေတစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။

ဗာဂျရာအဆင့် သိုင်းသမားများသည် ကောင်းကင်ထက်သို့ ပျံတက်၍ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များကမူ အိမ်အမိုးများထက် ခုန်တက်ကာ ဟွာယွင် တောင်ဘက်သို့ ကြည့်နေကြသည်။ လူတိုင်းသည် ထိတ်လန့်စရာ ကောင်းလှသည့် ကောင်းကင်နှင့် မြေကြီး၏ မူမမှန်မှု၊ ပြင်းထန်လှသော စွမ်းအင်လှိုင်းကြီးတို့ကို မျက်မြင် တွေ့ရပြီးနောက် အလွန် အံ့အားသင့် နေသည့် အမူအရာများ ရှိနေခဲ့ကြသည်။

ရှန်ဝူနိုင်ငံ တော်ဝင်မြို့တော်၏ ကောင်းကင် တစ်နေရာတွင် ကျန်းပိုင်သည် အံ့အားသင့်သော၊ မနာလိုသော အမူအရာတို့ဖြင့် လေထဲတွင် ရပ်နေခဲ့သည်။ သူ့စိတ်သည် တစ်ခဏ ဗလာဖြစ်သွားပြီး ပဟေဠိ ဖြစ်ကာ ရေရွတ်လိုက်သည်။

"ကောင်းကင်နဲ့ မြေကြီးရဲ့ မူမမှန်ခြင်း၊ သဘာဝရဲ့ အသိအမှတ်ပြုခြင်း၊ ကြယ်စွမ်းအားများ ချီးမြှင့်ခြင်း.... ဘယ်သူက ကောင်းကင် ဧကရာဇ်အဆင့်ကို ရောက်သွားတာလဲ၊ ရှားနိုင်ငံကလား.... မဖြစ်နိုင်တာ၊ ရှားနိုင်ငံမှာ ဗာဂျရာ အဆင့်ရောက်နေတာ ဉာဏ်များတဲ့ အဘိုးကြီး စုဖျင်ဖျင်းပဲ ရှိတာ... သူက အသက်တစ်ရာတောင် ကျော်နေပြီ၊ ဒီတစ်သက် သူထပ်ပြီး အဆင့် မတက်နိုင်တော့ဘူး။ တခြား ဘယ်သူများ ဖြစ်နိုင်လဲ...ဘယ်သူများလဲ"

နန်းတွင်းညီလာခံ ခန်းမထဲတွင် နဂါးဝတ်ရုံကို ဆင်မြန်းထားသော လူကြီးသည် ခြေလှမ်း ကျဲကြီးများနှင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေခဲ့သည်။ သူ့ကိုယ်မှ အားကောင်းလှသော အရှိန်အဝါတို့ ထွက်ပေါ်လျက် ရှိသည်။ ထိုအရှိန်အဝါသည် ပြင်းထန်လွန်းရာ နန်းတွင်း အပျိုတော်လေးများနှင့် မိန်းမစိုးများသည် ကြမ်းပြင်တွင် ဒူးထောက် ထိုင်နေကြပြီး အသက်ပင် ရဲရဲ မရှူဝံ့ကြချေ။ သူ့ မျက်လုံးများသည် လေထဲတွင် ရပ်နေသော ကျန်းပိုင်လီထံ ရောက်ရှိသွားကာ မေးလိုက်သည်။

"ပိုင်လီ... ဘယ်လိုအခြေအနေရှိလဲ"

"ဝှစ်"

ကျန်းပိုင်လီသည် လေထဲမှ ပြန်လည် ဆင်းသက်လာကာ လက်တစ်ဖက်ကို ဝှေ့ယမ်း၍  မိန်းမစိုးများနှင့် အပျိုတော်များအား ထွက်သွား စေလိုက်သည်။ ထို့နောက် သူသည် လေးနက်သော လေသံနှင့် စကားစလိုက်သည်။

"ကောင်းကင်နဲ့ မြေကြီးက မူမမှန်ဖြစ်နေတယ်၊ ကောင်းကင် ကြယ်ကိုးလုံးက စွမ်းအင်တွေကို ချီးမြှင့်လိုက်တယ်၊ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ် စွမ်းအားတွေကလည်း တအား သိပ်သည်းနေတယ်.... ဒါပေမဲ့... တစ်ယောက်ယောက် ကောင်းကင် ဧကရာဇ်အဆင့်ကို ရောက်သွားတာလို့ ငါမထင်ဘူး၊ ရွှေယို့လန်ကလွဲလို့ ဒီလောက် အချိန်လေးနဲ့ ကောင်းကင် ဧကရာဇ်အဆင့်ကို ရောက်နိုင်တဲ့သူ မရှိဘူး... ရွှေယို့လန်က အခု ကြယ်တံခွန် ကျွန်းမှာ ရှိနေတယ်၊ အခြေအနေ အတိအကျကို ငါလည်း မပြောနိုင်ဘူး"

"စုံစမ်းရမယ်"

ရှားထင်ဝေ့သည် ရုတ်တရက် ထအော်လိုက်သည်။

"တစ်ယောက်ယောက် လာခဲ့စမ်း၊ အနီးအနားမှာရှိတဲ့ ကင်းထောက်မှန်သမျှကို သွားစုံစမ်းဖို့ သတင်းပို့လိုက်... ဘာဖြစ်ခဲ့တယ်ဆိုတာ တိတိကျကျ စုံစမ်းခိုင်းလိုက်"

"နားလည်ပါပြီ"

နန်းတွင်းခန်းမထဲတွင် အနက်ရောင် အရိပ်တစ်ရိပ် ဖျတ်ခနဲ ဖြစ်သွားပြီး ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ရှားထင်ဝေ့သည် ကျန်းပိုင်လီကို ကြည့်ကာ ညွှန်ကြားလိုက်သည်။

"ဒီကိစ္စကို အရင်ဦးစားပေး လိုက်ကြတာပေါ့... ဒီကိစ္စကိုသာ မစုံစမ်းနိုင်သေးရင် ငါကိုယ်တော် ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ဘူး၊ နောက်ထပ် ကောင်းကင် ဧကရာဇ်အဆင့် ရှိလာတာဆိုရင် နယ်မြေရဲ့ အင်အားစုတွေမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်"

ရှန်ဝူနိုင်ငံတစ်ခုတည်းသာ မဟုတ်၊ ခါးထိရှည်နေသော ဆံပင်ဖြူများနှင့် အဘိုးကြီး တစ်ယောက်သည် ရှားနိုင်ငံ ရှားယွိမြို့ ကောင်းကင်ထက်သို့ ပျံတက် လာခဲ့သည်။ သူသည် လေထဲတွင် ခဏ ရပ်လိုက်ပြီးနောက် ဟွာယွင်တောင်ဆီ ပျံသန်း လာခဲ့လေသည်။ ဟွာယွင်တောင် အနီးရှိ မြို့များမှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသည်လည်း ဟွာယွင်တောင်ထံ ပျံသန်း လာခဲ့ကြသည်။

ရှန်မိနိုင်ငံ၊ ကျင်းရှန်နိုင်ငံ၊ မြောက်ဘက်လျန်နိုင်ငံ၊ မြောက်ဘက်မန့်နိုင်ငံ၊ မိုးပြာနဂါး သင်တန်းကျောင်း၊ ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းတို့မှ ဗာဂျရာအဆင့်များ အားလုံး၊ ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ကျူးကော့ချမ်ယွမ်၊ ဇင်ဘုရားကျောင်းမှ ရာစုနှစ်ပေါင်းများစွာ ရှင်သန် နေသေးသော ဘုန်းတော်ကြီး၊ ကြယ်တံခွန်ကျွန်းတွင် ရှိနေသော ရွှေယို့လန် စသဖြင့် အားလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

သာမန် သိုင်းသမားများသည် ကောင်းကင် အလင်းတန်းများ သူ့တို့အား ဖြတ်သန်း သွားသည်နှင့် ကောင်းကင်နှင့် မြေကြီး၏ ထူးခြားမှုတို့ကိုသာ ခံစားလိုက်ရသည်။ ဗာဂျရာအဆင့်မှ လူများသာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်လှိုင်းကြီးကို ခံစားလိုက်ရခြင်း ဖြစ်လေသည်။ လေးနက်စွာ ပြောရလျှင် စွမ်းအင်များ အလွန်သိပ်သည်း နေသည့် စွမ်းအင်လှိုင်းကြီး ဖြစ်လေသည်။

သို့သော် ဗာဂျရာ အဆင့်များသည်လည်း နတ်ဘုရား မဟုတ်ကြသောကြောင့် လွယ်လွယ်ကူကူ မသွားနိုင်ကြပေ။ ထို့ကြောင့် ရှားနိုင်ငံ၏ တစ်ဦးတည်းသော ဗာဂျရာ အဆင့်ဖြစ်သည့် စုဖျင်ဖျင်းသာ ဟွာယွင်တောင်ဆီ ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်လေသည်။ အခြားဗာဂျရာ အဆင့်များသည် ကိုယ်တိုင် မလာကြဘဲ ကင်းထောက် အသီးသီးကိုသာ စေလွှတ် လိုက်ကြသည်။ ရွှေယို့လန်သည် ဆန်းကြယ်သည့် ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေခြင်း ဖြစ်သောကြောင့် ကီလိုမီတာ ငါးသောင်းကျော် အကွာအထိ သူမပုံရိပ်ကို ထုတ်ဖော် နိုင်လေသည်။ သို့သော် ဟွာယွင်တောင်သည် ကြယ်တံခွန်ကျွန်းနှင့် အလွန်ဝေးကွာသောကြောင့် သူမလက်လှမ်း မမီပါချေ။

***

အပြင်လောကတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး ဟွာယွင်တောင်သို့ လူအများကြီး လာနေကြပြီမှန်း ကျန်းရီမသိပေ။ သူသည် အမည်မဲ့ ကျင့်စဉ်၏ တတိယ အဆင့်ကိုသာ အာရုံ စူးစိုက်ထားပြီး ခရမ်းရောင် နန်းတော် ပြန်လည် ဖွဲ့စည်းရန်သာ ကြိုးစားနေသည့် အတွက် သူ့ဒန်တျန်းထဲသို့ အလင်းတန်းများ ဝင်ရောက် လာခြင်းကိုပင် မသိလိုက်ပါချေ။

မျက်စိတစ်မှိတ် အတွင်း အရာများစွာ ဖြစ်ပျက်သွားခဲ့သည်။

တကယ်တမ်းလည်း မျက်တောင် တစ်ခတ်စာသာ ကြာမြင့်ခဲ့သည်။ ကျန်းရီ၏ အရွယ်အစား မတူသော ခရမ်းရောင် နန်းတော်နှစ်ခု ပေါက်ကွဲသွားခဲ့ပြီး ထိုးထွက်လာသော စွမ်းအင်သည် ကျန်းရီအား ပေါက်ကွဲကာ သေလုမတတ် ဖြစ်သွားစေခဲ့သည်။ ကြယ်များထံမှ ကောင်းကင် အလင်းတန်း ကိုးခု ဝင်ရောက်လာချိန်တွင် ကျန်းရီသည် အမည်မဲ့ ကျင့်စဉ်၏ တတိယ အဆင့်အတိုင်း လိုက်နာ၍ စွမ်းအင်များကို သိပ်သည်း စေနေခဲ့သည်။

ရလဒ်ကား သူ့ကို ဆွံ့အကာ ပါးစပ် အဟောင်းသား ဖြစ်သွားစေသည်။

ခရမ်းရောင် နန်းတော်နှစ်ခု ပျောက်ကွယ်သွားခဲ့ပြီး အထဲမှ စွမ်းအင်များလည်း ပျောက်ကွယ် သွားခဲ့သည်။ ဒန်တျန်းထဲတွင် အနက်ရောင် စက်လုံးလေး ကိုးခု ရှိနေလေသည်။ စက်လုံး တစ်ခုချင်းစီသည် ပဲကြီးစေ့ အရွယ်အစားခန့် ရှိပြီး စက်လုံးကိုးခု၏ အလယ်တွင် လေဟာနယ် အလွတ်တစ်ခု ရှိနေလေသည်။ ကျန်းရီ၏ ဒန်တျန်းသည် ကြယ်ကိုးလုံး ပေါ်ထွက်လာရာ လေဟာနယ် အဖြစ် ပြောင်းလဲသွားခဲ့ပုံ ရလေသည်။ သို့သော် ကြယ်ကိုးလုံးသည် သေးငယ်၍ မထင်မရှား ဖြစ်နေလေရာ ဘာမှန်း ကျန်းရီ မခွဲခြားနိုင်ပေ။

"အား..."

ဒန်တျန်းကိစ္စ ဖြေရှင်းပြီး နောက်ဆက်တွဲ ပြဿနာများ ကျန်မကျန် စစ်ဆေးပြီးရုံ ရှိသေး ကျန်းရီသည် စိတ်ဝိညာဉ်မှ နာကျင်မှုကြောင့် သတိဝင်လာခဲ့သည်။ သူသည် စိတ်အာရုံဖြင့် ကြယ်လေး တစ်လုံးထံ ခပ်မြန်မြန် စူးစိုက် ကြည့်လိုက်သည်။ သူအံ့အားသင့် သွားရလေသည်။ အထဲတွင် အခေါင်းပေါက် ရှိနေပြီး အနက်ရောင် အတွင်းအားမျှင်များ ထောင်သောင်းချီ၍ ရှိနေလေသည်။

"ထွက်လာခဲ့"

သူသည် ချက်ချင်း အနက်ရောင် အတွင်းအား အနည်းငယ်ကို ထွက်လာ စေလိုက်သည်။ သူတို့ ကြယ်ထဲမှ ထွက်လာသောအခါ အပြာရောင် အတွင်းအား ပြောင်းလဲ မသွားခဲ့ပေ။ ကျန်းရီသည် ဝမ်းသာအားရနှင့် အနက်ရောင် အတွင်းအားများကို စိတ်ဝိညာဉ်ထံ ပို့ဆောင်လိုက်သည်။

သူ့စိတ်ဝိညာဉ်သည် အနက်ရောင် တစ်ချက်လက်ကာ တုန်ခါသွားခဲ့သည်။ သူ့စိတ်ဝိညာဉ် ထဲမှ ဆူပူအုံကြွမှု အားနည်းလာခဲ့သည်။

"ဟုတ်ပြီ"

ကျန်းရီသည် ပျော်ရွှင်သွားပြီး အနက်ရောင် အတွင်းအားများစွာကို စိတ်ဝိညာဉ်ထံ ပို့ဆောင်လိုက်သည်။ အနက်ရောင် အတွင်းအားမျှင် တစ်ထောင်ကျော်ခန့် ပို့ဆောင်ပြီးနောက် ကျန်းရီ၏ စိတ်ဝိညာဉ် တည်ငြိမ် သွားခဲ့သည်။ ဝိညာဉ်သားရဲ နှစ်ကောင်၏ စိတ်အသိသည်လည်း ဖိနှိပ်ခံရသောကြောင့် ထပ်မံ ရုန်းကန်ကြခြင်း မရှိတော့ပေ။

အချိန်ခဏသာ ကြာမြင့်သော်လည်း ကျန်းရီကမူ ရာစုနှစ်တစ်ခုစာ ကြာမြင့်သွားသည်ဟု ခံစားလိုက်ရသည်။ အသက်ရှင် သွားသည်ကို ကျန်းရီပျော်မနေဘဲ စိုးရိမ်၍သာ နေခဲ့သည်။ သူ့ဒန်တျန်း၏ ပုံစံ ပြောင်းလဲ သွားခဲ့သည်။ ထိုအရာမှာ ကောင်းသည်လား၊ ဆိုသည်လား သူမသိပေ။ ထို့ပြင် သူ့စိတ်ဝိညာဉ်လည်း အနည်းငယ် ပြောင်းလဲ သွားသည်ဟု သူခံစားမိသည်။ သို့သော် ဘာပြောင်းလဲ သွားမှန်းတော့ သူကိုယ်တိုင်လည်း အတိအကျမသိပေ။

"ဝင်လာခဲ့"

ကျန်းရီသည် ဖီးနစ်ငှက်ကို ဝိညာဉ်သားရဲ အဆောင်အတွင်း သိမ်းဆည်း လိုက်ပြီးနောက် ချော်ရည်အိုင်ထဲ ခုန်ချကာ မီးဝိညာဉ်ပုလဲအား ကမ္ဘာ့မီးလျှံများ စုပ်ယူ စေလိုက်သည်။

သူ့ခန္ဓာကိုယ်ထဲတွင် ပြောင်းလဲမှု ဖြစ်သွားသောကြောင့် ကမ္ဘာ့မီးလျှံများကို မြန်မြန် စုပ်ယူရမည်။ ပြီးမှ လုံခြုံသော နေရာတစ်ခု ရှာ၍ သေချာ စစ်ဆေး ကြည့်ရမည်။ ဟွာယွင်တောင်တွင် သူသေလုနီးပါး ဖြစ်သွားခဲ့သောကြောင့် ဤနေရာသည် မလုံခြုံဟု ခံစားနေရသည်။

တစ်နာရီခွဲခန့်ကြာသော် မီးဝိညာဉ် ပုလဲထဲတွင် ယခင်အကြိမ်ထက် နှစ်ဆသော ကမ္ဘာ့မီးလျှံများ ရောက်နေပြီ ဖြစ်ကြောင်း သူခံစားမိလိုက်သည်။ သူသည် အသုံးမပြုသည်မှာ ကြာပြီဖြစ်သော အတွင်းအား ပေါက်ကွဲ လက်ဝါးကိုသုံးကာ တန်ပြန်အားဖြင့် ချော်ရည်အိုင်ထဲမှ ထွက်လိုက်သည်။ ထို့နောက် မီးနဂါးဓားကို ကျောက်နံရံထက် စိုက်ကာ အားပြုရင်း ကြိုးစကို ဆွဲ၍ မီးတောင် ပေါက်ဝမှ ထွက်လာခဲ့သည်။

"ဝှစ်-ဝှစ်-ဝှစ်"

သူမီးတောင်ထဲမှ အပြင်ရောက်သည်နှင့် တစ်ခုခု မှားနေသည်ကို ချက်ချင်း ခံစား မိလိုက်သည်။ တောင်ဘက် အရပ်သို့ အလွန်တိုးညင်းသော လေခွင်းသံ ခပ်ဖျော့ဖျော့ကို သူကြားလိုက်သည်။ ထို့နောက် သူရှိရာသို့ လာနေသည့် အရှိန်အဝါကြီး တစ်ခုကို ခံစားလိုက်မိသည်။

"သိုင်းသမားတွေ အများကြီး ချည်းကပ် လာနေတယ်...ပြေးရမယ်"

သိုင်းသမားအများကြီး ဤနေရာသို့ ဦးတည်လာကြသည့် အကြောင်းအရင်းကို သူမသိ သော်ငြား ကျန်းရီသည် သတိထားမိလျှင် ထားမိချင်း ဆန့်ကျင်ဘက် အရပ်သို့ ထွက်ပြေး လိုက်သည်။ သူ၏အရှိန်ကို မြှင့်တင်ရန် အနက်ရောင် အတွင်းအားကို သုံးလိုက်သောအခါ ထူးခြားချက်တစ်ခုကို သူခံစားလိုက်ရသည်။ သူ၏ ပြေးနှုန်းသည် နှစ်ဆခန့် မြန်ဆန်နေခဲ့သည်။

ဤကဲ့သို့သော အချိန်မျိုးတွင် ထိုအချက်အား လေ့လာစမ်းစစ်ရန် သူ့တွင် အချိန်မရှိပေ။ သူသည် မီးတောင်ပေါ်မှ ချက်ချင်း ပြေးဆင်းကာ တော်ရုံနှင့် မမြင်ရသော နေရာတစ်ခု ရှာလိုက်သည်။ ထို့နောက် ဟွမ်ကြီးကို ဆင့်ခေါ်ကာ မြေတွင်း တူးစေလိုက်သည်။ မီတာ ရာပေါင်းများစွာ တူးပြီးနောက် သူဆက်ပြေးရင်း အတွင်းအား ပေါက်ကွဲ လက်ဝါးကိုသုံး၍ နောက်မှ ဥမင်ကို ဖြိုချခဲ့သည်။ ကီလိုမီတာ တော်တော်များများ အကွာအဝေးသို့ ရောက်လာပြီးနောက် သူသည် ဟွမ်ကြီးအား အောက်ဘက်သို့ ဆက်တူး စေလိုက်ပြီး ဝိညာဉ်ပျက်သုဉ်း တောင်ကြားဘက် ဦးတည်လိုက်သည်။

"ဝှစ်"

ကျန်းရီ ထွက်ပြေးသွားပြီးနောက် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များစွာသည် ဟွာယွင်တောင်ထက် တက်လာကြပြီး အခြေအနေကို လေ့လာနေကြသည်။ ကြိုးတစ်ချောင်းမှ တစ်ပါး အခြားဘာကိုမှ သူတို့မတွေ့မိပေ။

တစ်နာရီခန့် ကြာသော် ဗာဂျရာအဆင့် စုဖျင်ဖျင်း ရောက်ရှိလာခဲ့သည်။ ခါးထိရှည်လျားသော သူ့ဆံပင်ဖြူများသည် လေမတိုက်ပါဘဲ ရွေ့လျားနေပြီး ထက်ရှသော မျက်လုံး အစုံကမူ ပတ်ဝန်းကျင်၏ နေရာ မှန်သမျှကို အကဲခတ်နေခဲ့သည်။ ထို့နောက် သူအော်ဟစ် လိုက်သည်။

"ဒီအနီးအနားမှာ သိုင်းသမား တစ်ယောက်ရဲ့ အရိပ်အယောင် လုံးဝမရှိတော့ဘူး... ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသတွေနဲ့ ဘယ်သူက ထိတွေ့ခဲ့တာလဲ...အားလုံးပဲ နေရာတိုင်းကို စစ်ဆေးကြ၊ သဲလွန်စတစ်ခုမှ လွတ်မသွားစေနဲ့၊ မြေလှန် ပစ်ရမယ် ဆိုရင်တောင် အဲလူကို ရှာရမယ်"

*****

All Chapters