လှည့်ဖြားခြင်းခံလိုက်ရသော ဧကရာဇ်မင်း
Vol. 10 Ch. 148
"ကျွန်မ... ကျွန်မမှာ ဒီမှာ သူငယ်ချင်းတွေ ရှိတယ်လေ။" အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ထံ အကြောင်းပြချက်ကိုစဉ်းစားကာ ညှစ်ထုတ်ပြောလိုက်ရသည်။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းနှင့် စကားပြောနေသူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့မိပေ။ ထို့ကြောင်ါ သူမပြောသည့်သူငယ်ချင်းဆိုသူတွေက တကယ်ပဲ ဘယ်နေရာမှာရှိနေကြတာလဲ။
"ကဲပါ အခုအဓိက ကိစ္စကိုပဲပြောကြတာပေါ့။ အဲ့လူတွေ ခြေပြတ်လက်ပြတ်
ဖြစ်သွားတော့ အခုမဖြစ်နိုင်တော့ဘူးမလား။" နဉ်ရှောင်ယောင်းက မေးလိုက်
သည်။
"ဒါမှမဟုတ် ကျွန်မတို့ ပြန်ကြမလား။ သူတို့ကို သခင်မကြီးကို အရင်သင်္ဂြိုဟ်ခိုင်းပြီးမှ ဆက်ပြောတာပေါ့။"
လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း၏ခေါင်းကို တစ်ချက်ပုတ်လိုက်ပြီး သူ့နောက်မှ နဂါးအစောင့်တစ်ဦးအား တိုးတိုးလေး ကပ်ပြောလိုက်သည်။
နဉ်ရှောင်ယောင်း၏ ပါးလှသော နားများကတော့ စစ်သေနာပတိချုပ်ပြောသည်ကို ကြားလိုက်ရ၏။ လူက မြောက်ဘက်ခြံဝန်းတွင် ရှိပြီး၊ ထမ်းခေါ်လာခဲ့ရန် ပြောလိုက်ခြင်းဖြစ်သည်။
နဂါးအစောင့်သည် အမိန့်ကို လက်ခံရပြီးနောက် အိမ်အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။
နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ လူများမှာ လက်ပြတ် ခြေပြတ် ဖြစ်နေကြပြီ ဖြစ်ရာ၊ လူသတ်မှုအတွက် ဒဏ်ရာရနေသူများအပေါ် အပြစ်ပုံချရန် လုံးဝယုတ္တိမရှိပေ။
အိမ်တွင်းရော အိမ်ပြင်ပါ တိတ်ဆိတ်မှုသည် ခြံဝန်းတံခါးအပြင်ဘက်မှ အပြေးအလွှား ခြေသံများ ကြားရသည်အထိ ဆက်လက် တည်ရှိနေ၏။
နဉ်ရှောင်ယောင်း၏ အသက်ရှူသံ ရပ်တန့်သွားသည်။ သူတို့လာကြပြီ။
"အရှင်မင်းကြီး။" ခဏအကြာ တံခါးအပြင်ဘက်မှ ယင်းဖုန်း၏အသံ ထွက်ပေါ်လာသည်။ "ကျွန်တော်မျိုးတို့ အမတ်ချုပ်ကြီးရဲ့ အိမ်တော် မြောက်ဘက်ခြံဝန်းမှာ လူခုနစ်ယောက်ကို ဖမ်းမိပါတယ်။"
"ငါပြောပြီးပြီလေ။ သူတို့က ငါ့ရဲ့ ရှဲ့မျိုးနွယ်စုဝင်တွေလို့။" ရှဲ့အန်းကျိ၏ အော်ဟစ်သံသည်လည်း အိမ်ထဲသို့ ချက်ချင်း ဝင်ရောက်လာ၏။
လိုကျစ်ကွေ့နှင့် အမတ်ချုပ်ကြီးရှဲ့တို့ နှစ်ဦးစလုံး မလှုပ်မယှက် ရပ်နေသည်ကို မြင်သော် နဉ်ရှောင်ယောင်းသည် ကုလားထိုင်ပေါ်မှ ခုန်ထလိုက်ပြီး ခြေလှမ်းအနည်းငယ်ဖြင့် အိမ်တံခါးမှ ပြေးထွက်သွားလေသည်။ သူမတွင် ထိုနှစ်ယောက်ကဲ့သို့ စိတ်တည်ငြိမ်နိုင်စွမ်း မရှိပေ။
သစ်ပင်ပန်းပင်များ စိုက်ပျိုးထားသော ခြံဝန်းထဲတွင် လူယောကျ်ား ခုနစ်ဦးကို ဘေးချင်းယှဉ်လျက် တန်းစီထားသည်။ သူတို့၏ ကိုယ်ပေါ်တွင် သွေးများ ရှိနေပြီး ဒဏ်ရာများကို ကုသပေးထားကာ အဖြူရောင် ပိတ်စများဖြင့် ထူထဲစွာ ပတ်တီးစည်းထား၏။
နဉ်ရှောင်ယောင်းသည် ထိုလူခုနစ်ယောက်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်နှင့် သူတို့ ဖမ်းဆီးလိုသော လူခုနစ်ယောက်မှာ တစ်ယောက်မျှ မလွတ်မြောက်သွားကြောင်း အတည်ပြုနိုင်ခဲ့သည်။
"အရှင်မင်းကြီး။" ယင်းဖုန်းက နဉ်ရှောင်ယောင်းကို ဦးညွှတ်ကာ အစီရင်ခံလေသည်။
နဉ်ရှောင်ယောင်းသည် လှေကားထစ်များမှ ဆင်းမည်အပြုတွင် အိမ်ထဲမှ လိုက်ထွက်လာသော လိုကျစ်ကွေ့က သူမကို ဆွဲထားလိုက်သည်။
"သူတို့က ဘယ်သူတွေလဲ။" လိုကျစ်ကွေ့သည် သူနှင့် နဉ်ရှောင်ယောင်းတို့၏နောက်မှ တစ်လှမ်းနောက်ကျ၍ လိုက်ထွက်လာသော အမတ်ချုပ်ကြီးရှဲ့ထံသို့ လှည့်၍ မေးလိုက်သည်။
အမတ်ချုပ်ကြီးရှဲ့က "သူတို့က ငါ့ရှဲ့မျိုးနွယ်ရဲ့ အဝေးကဆွေမျိုးတွေပါ။"
"မှတ်ပုံတင်စာရင်း ရှိလား။" လိုကျစ်ကွေ့က မေးလိုက်သည်။
"သွားယူခဲ့။" အမတ်ချုပ်ကြီးရှဲ့က ရှဲ့အန်းရှီကို အမိန့်ပေးလိုက်သည်။
နဉ်ရှောင်ယောင်းမှာ...။ ကောင်းရော.. ဒီလောက်အချိန်တိုလေးအတွင်းမှာတင် ဤ အဘိုးကြီးရှဲ့က မှတ်ပုံတင်စာရင်းအတုကိုတောင် အဆင်သင့် လုပ်ထားပြီးနေပါရောလား။
မကြာမီပင် ရှဲ့အန်းရှီသည် မှတ်ပုံတင်စာရင်းကို ယူဆောင်လာခဲ့ပြီး လိုကျစ်ကွေ့၏လက်ထဲသို့ ပေးအပ်လိုက်သည်။
နဉ်ရှောင်ယောင်းသည် ခြေဖျားထောက်ကာ ခေါင်းကို ဆန့်၍ ကြည့်သော်လည်း နားမလည်သဖြင့် လိုကျစ်ကွေ့အား တိုးတိုးလေး မေးလိုက်သည်။ "ပြဿနာ တစ်ခုခု ရှိလား။"
"ပြဿနာမရှိဘူး။" လိုကျစ်ကွေ့သည် မှတ်ပုံတင်စာရင်းကို ပြန်ခေါက်လိုက်သည်။
ကောင်းပြီလေ။ အမတ်ချုပ်ကြီးရှဲ့အား မျက်စောင်းထိုးကြည့်လိုက်ရင်း လုံးဝ အရှုံးပေးရတော့မည်ဟု ခံစားမိသော နဉ်ရှောင်ယောင်းသည် အရှုံးမပေးလိုသော လေသံဖြင့် ပြောလိုက်၏။ "အမတ်ချုပ်ကြီးရဲ့ ဆွေမျိုးတွေက တော်တော်များတာပဲနော်။"
အမတ်ချုပ်ကြီးရှဲ့က ရိုသေစွာ ဆိုသည်။ "အရှင်မင်းကြီး၊ ရှဲ့မျိုးနွယ်စုက နှစ်ပေါင်းရာချီ မျိုးဆက်ပွားများလာခဲ့တာကြောင့် မျိုးဆက်တွေက ပေါများပါတယ်။ ဒါတွေအားလုံးက အရင်ဧကရာဇ်မင်းတွေနဲ့ အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကြောင့်ပါ။"
နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်သည်။ ရှဲ့မိသားစုက အမျိုးသမီးများ ကလေးမွေးနိုင်ခြင်းက သူမနှင့် ဘာများ သက်ဆိုင်နေလို့လဲ။
"သူတို့ရဲ့ ဒဏ်ရာတွေကရော ဘယ်လိုဖြစ်တာလဲ။" လိုကျစ်ကွေ့က မေးလိုက်သည်။
"လိုကျစ်ကွေ့" ရှဲ့အန်းရှီသည် နှာခေါင်းရှုံ့ကာ မျက်နှာထားတင်းတင်းဖြင့် လိုကျစ်ကွေ့ကို ပြောလိုက်သည်။ "မင်းက ငါ့အဖေကို စစ်ဆေးမေးမြန်းနေတာလား။"
"ရိုင်းလိုက်တာ။" အကြီးအကဲလီက ထအော်လိုက်သည်။ "ရှဲ့အန်းရှီ၊ မင်းက ဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးအဆင့်ပဲ ရှိတဲ့သူ။ စစ်သေနာပတိချုပ်ရဲ့ နာမည်ကို မင်းမှာ တိုက်ရိုက်ခေါ်ခွင့်ရှိလို့လား။"
"ကျွန်တော်က အဖေ့ကို ကာကွယ်ပေးတာပါ။ ကျွန်တော် ဘာ...။"
"ဟိုလေ... သူတို့မိသားစုက သိပ်အဆုံးအမ မရှိဘူး။" နဉ်ရှောင်ယောင်းသည် ရှဲ့အန်းရှီ၏ စကားကို ဖြတ်ပြောလိုက်ပြီး အကြီးအကဲလီအား ဆို၏။
"အဘိုးကြီး ဒေါသမထွက်ပါနဲ့။ ကြည့်ပါဦး စစ်သေနာပတိချုပ်တောင် သူ့ကို ဂရုမစိုက်ဘူး။"
ခြံဝန်းအတွင်းရှိ လူအားလုံး၏အကြည့်များသည် ရှဲ့အန်းရှီထံသို့ ကျရောက်သွားကြသည်။ အမတ်ချုပ်ကြီးရှဲ့၏ ပထမသားကို 'လူရှုပ်' ဟု အခေါ်ခံရပြီးနောက်၊ ယခု တတိယသားမှာလည်း ဧကရာဇ်မင်း၏ 'အဆုံးအမမရှိ' ဟု ပြောဆိုခြင်းကို ခံလိုက်ရပြန်ပြီ။ အကယ်၍ အမတ်ချုပ်ကြီးသည် ဧကရာဇ်မင်း၏စစ်ဆေးမှုကို မကျော်ဖြတ်နိုင်ခဲ့ပါက ရှဲ့မိသားစု၏ 'အန်း' မျိုးဆက် အမျိုးသားများအဖို့ ၎င်းတို့၏ ဘိုးဘေးများကဲ့သို့ နန်းတွင်း၌ ဩဇာအာဏာ လွှမ်းမိုးရန်မှာ အိပ်မက်ဆိုးတစ်ခုသဖွယ် ဖြစ်ပေလိမ့်မည်။
ရှဲ့အန်းရှီသည် နဉ်ရှောင်ယောင်းကို ကြည့်ရင်း ဒေါသထွက်ချင်သော်လည်း ချုပ်တည်းထားရသဖြင့် အလွန်နာကျင် ခံစားနေရသည်။
"သူတို့ ဒီနေ့ မြို့တော်မှာ အကြမ်းဖက်သူတွေနဲ့ တွေ့ခဲ့တယ်။" ထိုအချိန်တွင် အမတ်ချုပ်ကြီးရှဲ့က စတင်ရှင်းပြသည်။ "ဒီလူခုနစ်ယောက်ရဲ့ ဒဏ်ရာတွေအားလုံးက အကြမ်းဖက်သူတွေကြောင့် ရခဲ့တာပါ။"
"သူတို့လက်ဖဝါးတွေမှာ အသားမာတွေ တက်နေတာကို ငါတွေ့တယ်။" လိုကျစ်ကွေ့က ဆို၏။ "ဒါက တစ်နှစ်ပတ်လုံး လေးကိုင်ခဲ့လို့ ဖြစ်ရမယ်။ သိုင်းပညာတတ်ကျွမ်းသူတွေက အကြမ်းဖက်သူတွေကို မယှဉ်နိုင်ဘူးလား။"
အမတ်ချုပ်ကြီးရှဲ့က၊ "ရုတ်တရက် အငိုက်မိသွားပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာက နားလည်ပေးလို့ရပါတယ်။"
"ဟုတ်သားပဲ။" လိုကျစ်ကွေ့က ခေါင်းညိတ်လိုက်ပြီး သတိလည်နေသော လူခုနစ်ယောက်ကို မေးလိုက်သည်။ "မင်းတို့ကြားက ဆက်ဆံရေးက ဘာလဲ။ သူငယ်ချင်းတွေလား။"
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ မေးခွန်းထဲတွင် ထောင်ချောက်တစ်ခု ပါဝင်နေသည်ကို သတိမမူမိဘဲ ငတုံးလေးသဖွယ် နားထောင်နေ၏။
အမတ်ချုပ်ကြီးရှဲ့မှာမူ ထိုလူခုနစ်ယောက်ကို ခေါင်းခါပြလိုက်သည်။ သူငယ်ချင်းဟု မပြောနိုင်ပေ။ သူက ဤလူခုနစ်ယောက်မှာ ရှဲ့မျိုးနွယ်၏ ဆွေမျိုးဝေးများဟု ပြောထားပြီး ဖြစ်ရာ မိသားစုဝင် ဆွေမျိုးများ ဖြစ်နေပါလျက် ဘယ်လိုလုပ် သူငယ်ချင်းလို့ပြောလို့ရပါ့မလဲ။
ဗိုလ်ချုပ်ခုနစ်ဦးသည် အကိုက်အခဲပျောက်ဆေးရည်ကို သောက်ထားကြသည်။ ရှေးယခင်ကတည်းက အကိုက်အခဲပျောက်ဆေးတိုင်းတွင် ဘေးထွက်ဆိုးကျိုးတစ်ခု ရှိလေရာ ၎င်းမှာ လူကို ထိုင်းမှိုင်းစေခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ သင်၏စိတ်သည် အလွန်အမင်း စူးစိုက်နေပြီး အာရုံခံစားမှု အလွန်အားကောင်းနေပါက နာကျင်မှုကို ဘယ်လိုလုပ် မခံစားရဘဲ နေနိုင်မှာလဲ။ ဤဗိုလ်ချုပ်ခုနစ်ဦးသည်လည်း ခြွင်းချက်မရှိဘဲ စိတ်များမှာ အနည်းငယ် ဝေဝါးနေကြရာ လိုကျစ်ကွေ့၏ အမေးကို ကြားသောအခါ မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
အကြီးအကဲလီသည် ချက်ချင်းပင် အေးစက်စွာ ရယ်မောလိုက်သည်။
အမတ်ချုပ်ကြီးရှဲ့က မျက်နှာမပျက်ဘဲ ပြောလိုက်သည်။ "သူတို့က ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာကြတာ။ ဆွေမျိုးတွေလည်း ဟုတ်သလို၊ ရင်းနှီးတဲ့ မိတ်ဆွေတွေလည်း ဟုတ်ပါတယ်။"
နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့ကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဒီလိုအခြေအနေမျိုးကိုတောင်မှ လှည့်ပတ်ပြောဆိုနိုင်သေးတာလား။
"ရှာကြ။" လိုကျစ်ကွေ့က အမိန့်ပေးလိုက်သည်။
နဂါးအစောင့် အနည်းငယ်သည် ထိုင်ချလိုက်ပြီး ထိုလူခုနစ်ယောက်၏ ကိုယ်ပေါ်ကို ရှာဖွေကြသည်။
ရှဲ့အန်းရှီက အမတ်ချုပ်ကြီးရှဲ့အား ကိစ္စမရှိနိုင်ကြောင်း အမူအရာ ပြုလုပ်ပြသည်။ ဤလူခုနစ်ယောက်၏ အဝတ်အစားများကို အသစ်လဲလှယ်ထားပြီး ဖြစ်ကာ အဆိပ်များ ထည့်ထားသော ပုလင်းကိုလည်း လဲလှယ်ထားပြီး ဖြစ်၏။
ထိုစဉ် အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်သည် သူ့အသိုက်ထဲသို့ ပျံဝင်လာပြီး သူ့နှုတ်သီးတွင် အဖြူရောင် ကြွေပုလင်းငယ်လေးတစ်ခုကို ကိုက်ချီလာခဲ့သည်။ ခေါက်ရှာငှက်မသည် အသိုက်ထဲတွင် ရှိနေနှင့်ပြီ ဖြစ်သည်။ သူမ၏ယောက်ျားဖြစ်သူက သူမခြေရင်းတွင် ပစ်ချလိုက်သော ကြွေပုလင်းလေးကို ကြည့်ကာ ပြောလိုက်သည်။ "ဒါက ဘာလဲ။ ငါတို့ စားလို့ရလား။"
အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်က၊ "ရှောင်ယောင်း ဖမ်းချင်နေတဲ့ လူခုနစ်ယောက်က အဝတ်အစားတွေ လဲထားကြတယ်။ ဒီကြွေပုလင်းက သူတို့ထဲက တစ်ယောက်ဆီမှာ တွေ့တာ။"
"ဒါက ရှောင်ယောင်းအတွက် အသုံးဝင်မှာလား။" ခေါက်ရှာငှက်မက အလျင်အမြန် မေးလိုက်သည်။
"မသိဘူးလေ။" အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်က ခေါင်းခါလိုက်ပြီး ဆို၏။
"အခု အမတ်ချုပ်ကြီးရဲ့ အိမ်တော်က လူတွေက အဝတ်အစားပုံကို ကြည့်နေကြတုန်း။ ငါက ပြတင်းပေါက်ကနေ ပျံဝင်ပြီး ယူလာခဲ့တာ။ ခဏလေးဆို မိတော့မလို့။"
လူသားများ၏ လက်အောက်မှ အရာတစ်ခုကို လုယူနိုင်ခြင်းသည် ဘယ်လောက်တောင် သတ္တိရှိလိုက်လဲ။ ခေါက်ရှာငှက်မသည် သူမ၏ယောက်ျားဖြစ်သူကို အလွန်လေးစားစွာ ကြည့်လိုက်မိသည်။
"ဒါကို ဘယ်လိုလုပ်ရမလဲ။" အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်က သူ့ဇနီးအား မေးလိုက်သည်။
"ရှောင်ယောင်းဆီ သွားပို့ပေးလိုက်လေ။" ခေါက်ရှာငှက်မက ပြောလိုက်သည်။ "ဒါက ရှောင်ယောင်းအတွက် အသုံးဝင်ရင် ဝင်မှာပေါ့။ အသုံးမဝင်ဘူး၊ စားလို့ရတဲ့အရာ ဖြစ်နေရင်လည်း ရှင်ပြန်ယူလာခဲ့ပေါ့။"
ခေါက်ရှာငှက်မသည် အမြဲတမ်းအစီအစဉ်ကျနသော ငှက်လေးတစ်ကောင် ဖြစ်လေသည်။
"ဒါပေမဲ့ ခြံထဲမှာ လူတွေ အများကြီးပဲ။ ငါ ပုလင်းကို ရှောင်ယောင်း ခေါင်းပေါ်ပစ်ချလိုက်ရမှာလား။" အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်မှာမူ တွေဝေနေဆဲ ဖြစ်သည်။
ခေါက်ရှာငှက်မသည် သူမယောက်ျားမှာ
ငတုံးကြီးဖြစ်သည်ဟု ခံစားလိုက်ရပြီး ထောက်ပြလိုက်ရတော့သည်။
"ရှင် ရှောင်ယောင်းကို ခြံအပြင်ကို ခေါ်ထုတ်လိုက်လို့ မရဘူးလား။ တခြားလူတွေက ရှင်ပြောတာကို နားလည်တာမှ မဟုတ်တာ။"
အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်သည် ဉာဏ်ပွင့်သွားပြီး ကြွေပုလင်းငယ်လေးကို ကောက်ယူကာ ထပ်မံ ပျံသန်းထွက်ခွာသွားလေသည်။
ထိုအချိန်တွင် သခင်မကြီး၏ အိမ်အပြင်ဘက် ခြံဝန်းထဲ၌ နဂါးအစောင့်တစ်ဦးသည် ဗိုလ်ချုပ်တစ်ဦး၏ ကိုယ်ပေါ်မှ ကြွေပုလင်းတစ်လုံးကို ရှာဖွေတွေ့ရှိသွားသည်။
"ခဏနေဦး။" နဂါးအစောင့်က ကြွေပုလင်းကို လိုကျစ်ကွေ့ထံ မဆက်သမီ အမတ်ချုပ်ကြီးရှဲ့က ထိုနဂါးအစောင့်ကို တားလိုက်ပြီး ဆို၏။ "ဒီအဘိုးကြီးကို ပြကြည့်စမ်း။"
လိုကျစ်ကွေ့က ထိုနဂါးအစောင့်ကို ခေါင်းညိတ်ပြလိုက်သည်။
အမတ်ချုပ်ကြီးရှဲ့သည် ကြွေပုလင်းကို လက်ထဲတွင် ကိုင်ထားရင်း လိုကျစ်ကွေ့ကို မေးလိုက်သည်။ "စစ်သေနာပတိချုပ် ထင်တာ ဒီပုလင်းထဲမှာ ဘာတွေ ပါမယ်လို့ ထင်ပါသလဲ။"
ရှဲ့ဝမ်ယွမ်သည် ဤလူခုနစ်ယောက်၏ ခြေလက်များကို ဖြတ်တောက်ရန် အမိန့်ပေးနိုင်လျှင် သူသည် ဤလူခုနစ်ယောက်၏ ကိုယ်ပေါ်ကို ရှာဖွေရန် အမိန့်ပေးမည် မဟုတ်လား။ အဖြူရောင် ကြွေပုလင်းထဲတွင် အရက်၊ သို့မဟုတ် ရိုးရိုးရေအေးသာ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း လိုကျစ်ကွေ့သည် ယခုအချိန်တွင် ကောင်းစွာ သိရှိထားသည်။ သူ့အင်္ကျီလက်ထဲတွင်လည်း ထပ်တူညီသော အဆိပ်ပုလင်း နှစ်လုံး ရှိနေသေးသည်။ လိုကျစ်ကွေ့ လုပ်ဆောင်ရမည်မှာ ထိုအဆိပ်ကို ဗိုလ်ချုပ်ခုနစ်ဦးနှင့် ဆက်စပ်မှုရှိစေရန် အခွင့်အရေး ထပ်မံ ရှာဖွေရုံသာ ဖြစ်သည်။ လူများမှာ သူ့ရှေ့တွင် လဲလျောင်းနေကြရာ ဤအခွင့်အရေးကို သူ ရှာတွေ့နိုင်ပေလိမ့်မည်။
စစ်သေနာပတိချုပ် လိုကျစ်ကွေ့၏ စိတ်ထဲတွင် မှန်တစ်ချပ်ကဲ့သို့ ရှင်းလင်းနေသော်လည်း နဉ်ရှောင်ယောင်းမှာမူ ဘာကိုမျှ နားမလည်ပေ။ အမတ်ချုပ်ကြီးရှဲ့၏အမေးကို ကြားသောအခါ ပုလင်းကို ကြည့်လိုက်ပြီး ၎င်းမှာ စစ်သေနာပတိချုပ်က ယင်းဖုန်းကို ပေးခဲ့သော ပုလင်း မဟုတ်ဘူးလားဟု တွေးမိကာ အရှင်မင်းကြီးနဉ်ရှောင်ယောင်းသည် ချက်ချင်းပင် ပြောလိုက်သည်။ "ဒါက အဆိပ်ဖြစ်နိုင်တာပဲ။"
နဉ်ရှောင်ယောင်း၏စကားမှာ အလွန်လျင်မြန်စွာ ထွက်ပေါ်လာသဖြင့် လိုကျစ်ကွေ့ တားဆီးရန်ပင် မတတ်နိုင်ခဲ့ပေ။
အမတ်ချုပ်ကြီးရှဲ့သည် နဉ်ရှောင်ယောင်းကို ကြည့်ကာ မေးလိုက်သည်။ "အရှင်မင်းကြီး၊ သူတို့လည်း ရှဲ့မျိုးနွယ်စုဝင်တွေပဲ။ သူတို့မှာ သခင်မကြီးကို ဘာအကြောင်းကြောင့် သတ်ဖြတ်ရမှာလဲ။"
ထိုအချိန်တွင် ဗိုလ်ချုပ်ခုနစ်ဦးသည် ရှဲ့အန်းရှီ၏ အချက်ပြမှုအရ ကျယ်လောင်စွာ အော်ဟစ်ကာ မတရားစွပ်စွဲခံရကြောင်း ပြောကြလေသည်။
နဉ်ရှောင်ယောင်းသည် နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ဆို၏။ "လူသတ်ချင်တာက ကျွန်တော်မှ မဟုတ်တာ။ ကျွန်တော်နဲ့ သူတို့နဲ့လည်း မရင်းနှီးဘူး။ သူတို့ရဲ့ လူသတ်ချင်တဲ့ စေ့ဆော်မှုက ဘာလဲဆိုတာ ကျွန်တော် ဘယ်လိုသိမှာလဲ။"
အမတ်ချုပ်ကြီးရှဲ့က ဆိုသည်။ "ဒါဆို ဒီပုလင်းထဲက ပစ္စည်းက အဆိပ် မဟုတ်ခဲ့ရင်ရော။"
'ဒါဆိုရင်တော့ ရှင် တော်တယ်လို့ပဲ သတ်မှတ်လိုက်ရမှာပေါ့။ ကျွန်မ အိမ်ပြန်၊ ထမင်းစား၊ ရေချိုးပြီး အိပ်တော့မယ်။' ဟု နဉ်ရှောင်ယောင်း စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်ပြီး အမတ်ချုပ်ကြီးရှဲ့အား ပြောလိုက်သည်။ "ဒါဆိုလည်း တကယ့်တရားခံကို ထပ်ရှာတာပေါ့။"
"အရှင်မင်းကြီး။" လက်ဆွဲတား၍ အသုံးမဝင်သည်ကို တွေ့သော် လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို အသံပြု၍ ခေါ်လိုက်ရသည်။
"စစ်သေနာပတိချုပ် လိုကျစ်ကွေ့။" အမတ်ချုပ်ကြီးရှဲ့က လိုကျစ်ကွေ့အား ပြောလိုက်သည်။ "မင်းလည်း အကြောင်းရှိရှိ မရှိရှိ အရှင်မင်းကြီးကိုယ်စား ဆုံးဖြတ်ချက်တွေ မချပါနဲ့။ မင်းက အမှုထမ်းတစ်ယောက်ပါ။ အမှုထမ်းတစ်ယောက်အနေနဲ့ အမှုထမ်းတစ်ယောက်ရဲ့ တာဝန်ဝတ္တရားကို လိုက်နာသင့်တယ်။"
နဉ်ရှောင်ယောင်း - “ဘာလို့ အရေးမပါတာတွေ ပြောနေတာလဲ။ အဆိပ်ကိစ္စကိုသာမြန်မြန်ပြောစမ်းပါ!”
လိုကျစ်ကွေ့သည် သူ့နဖူးကို ပွတ်သပ်လိုက်သည်။
အမတ်ချုပ်ကြီးရှဲ့က၊ "အရှင်မင်းကြီး၊ ကျွန်တော်မျိုး သူတို့ကို ယုံကြည်တယ်။ သူတို့မှာ သခင်မကြီးကို သတ်ဖြတ်လိုစိတ် မရှိပါဘူး။"
"ဒါဆို ကျွန်တော်ကလည်း သူတို့က လူသတ်သမားတွေလို့ အခိုင်အမာ ယုံကြည်တယ်။" နဉ်ရှောင်ယောင်းက အနိုင်မခံလိုသော လေသံဖြင့် ပြောလိုက်သည်။ "ခင်ဗျား မစစ်ဆေးဘဲနဲ့ ပုလင်းထဲမှာ ဘာတွေပါလဲဆိုတာ ဘယ်လိုသိနိုင်မှာလဲ။"
အမတ်ချုပ်ကြီးရှဲ့ သက်ပြင်းတစ်ချက် ချလိုက်သည်။
နဉ်ရှောင်ယောင်းက၊ "လူနဲ့ စမ်းသပ်စရာ မလိုပါဘူး။ ခင်ဗျား မြေကြီးပေါ်ကို နည်းနည်းလောင်းချလိုက်ရုံပဲ။ အဆိပ်က လက်ဖက်ရည်စားပွဲခုံကိုတောင် တိုက်စားသွားနိုင်တာပဲ။ မြေကြီးပေါ် လောင်းချလိုက်ရင်လည်း တုံ့ပြန်မှု ရှိလောက်မှာပါ။"
"အကယ်၍ ပုလင်းထဲမှာ အဆိပ်မရှိခဲ့ဘူးဆိုရင်၊ အရှင်မင်းကြီးက သူတို့ရဲ့ အပြစ်ကင်းစင်မှုကို ပြန်ပေးမှာလား။" အမတ်ချုပ်ကြီးရှဲ့သည် ကြွေပုလင်းကို ကိုင်ထားရင်း နဉ်ရှောင်ယောင်းကို မေးလိုက်သည်။
"အာ။" နဉ်ရှောင်ယောင်းသည် ယခုမှ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။ မဟုတ်ရင်ဒီအဘိုးကြီး ဘာလို့ ဒီလောက်ယုံကြည်ချက်ရှိနေရမှာလဲ။
(T/N - သမီးရယ်လို့သာပြောလိုက်ချင်:(
အမတ်ချုပ်ကြီးရှဲ့သည် ပုလင်းအဖုံးကို ဖွင့်လိုက်ပြီး ပုလင်းထဲမှ အရည်အချို့ကို မြေကြီးပေါ်သို့ လောင်းချလိုက်သည်။ မြေကြီးသည် စိုစွတ်သွားခြင်းမှလွဲ၍ အခြား တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိပေ။ အမတ်ချုပ်ကြီးရှဲ့သည် ပါးစပ်ဟ၍ တစ်ငုံ ထပ်မံ သောက်သုံးလိုက်ပြီး နဉ်ရှောင်ယောင်းအား ပြောလိုက်သည်။ "အရှင်မင်းကြီး၊ ဒီပုလင်းထဲက ပစ္စည်းက အရက်ပြင်းသက်သက်ပါပဲ။"
လေထုထဲတွင် ယခုအခါ အရက်ဖြူ၏ အနံ့များ လွှမ်းခြုံသွားလေရာ နဉ်ရှောင်ယောင်းသည် သူမ လှည့်ဖြားခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရသည်။
အမတ်ချုပ်ကြီးရှဲ့သည် စင်္ကြံလမ်းတွင် ခဏတာမျှ ရပ်နေပြီးနောက် လူအများအား သူ ဘာမျှမဖြစ်ကြောင်း သက်သေပြပြီးမှ အမတ်ချုပ်ကြီးက နဉ်ရှောင်ယောင်းအား ရိုသေစွာ မေးလိုက်သည်။
"အရှင်မင်းကြီး ဒီလူခုနစ်ယောက်ကို အပြစ်ကင်းစင်ကြောင်း ပြန်လည်သတ်မှတ်ပေးလို့ ရပါပြီလား။"
နဉ်ရှောင်ယောင်း... ငါ ဘာဆက်လုပ်သင့်လဲ။
အမတ်ချုပ်ကြီးရှဲ့က၊ "သူတို့က သာမန်ပြည်သူတွေ ဖြစ်ပေမဲ့ သာမန်ပြည်သူတွေမှာလည်း မိဘအပေါ် သိတတ်တဲ့ စိတ်နှလုံး ရှိကြပါတယ်။ ကျွန်တော်မျိုး အရှင်မင်းကြီးကို သူတို့ရဲ့ အပြစ်ကင်းစင်မှုကို ပြန်ပေးဖို့ တောင်းဆိုပါတယ်။"
နဉ်ရှောင်ယောင်းသည် ရှက်ကိုးရှက်ကန်းဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ "ခင်ဗျား ပြောပုံက ကျွန်တော်က လူဆိုးကြီး ကျနေတာပဲ။"
"ကျွန်တော်မျိုး မဝံ့ရဲပါဘူး။" အမတ်ချုပ်ကြီးရှဲ့က အလျင်အမြန် ဆို၏။
နဉ်ရှောင်ယောင်း၏ ပခုံးပေါ်တွင် ငုတ်တုတ်ထိုင်နေသော လောင်တသည် ယခုအချိန်တွင် သူ၏ စစ်သေနာပတိချုပ် ရှေ့မှောက်တွင် ရှိနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နဉ်ရှောင်ယောင်းကို လက်သည်းဖြင့် တစ်ချက်ကုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။
"မင်း တကယ်တုံးတာပဲ၊ မြောင်။"
နဉ်ရှောင်ယောင်းသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် သူမဘေးရှိ လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။ ဒီကိစ္စကို ထပ်ပြီးကယ်တင်လို့ရနိုင်လောက်သေးလား။
လိုကျစ်ကွေ့၏ မျက်နှာအမူအရာမှာမူ ပြောင်းလဲမှု များများစားစားမရှိပေ။ ခြံဝန်းအတွင်းရှိ နဂါးအစောင့်များကို အမိန့်ပေးလိုက်သည်။ "ဆက်ပြီး ရှာဖွေကြ။ သေသေချာချာ ရှာကြ။"
နဂါးအစောင့်များမှာ... ပုလင်းက လဲထားပြီးပြီလေ၊ သူတို့ဆက်ရှာလို့ရော တွေ့ပါဦးမလား။
"ရှောင်ယောင်း။" ထိုအချိန်တွင် ခြံအပြင်ဘက်မှ အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်၏ အော်သံ ထွက်ပေါ်လာသည်။ "ရှောင်ယောင်း၊ မြန်မြန် ထွက်လာခဲ့။ မင်းကို ပေးစရာ ရှိတယ်။"
***