တစ်ပါးသူအပေါ် မှန်ကန်စွာ အပြစ်ပုံချနည်း
Vol. 10 Ch. 149
"ကျွန်တော်... ခဏလောက် တိတ်တိတ်နေချင်လို့။" နဉ်ရှောင်ယောင်းသည် မူလက အပေါ့သွားမည်ဟု အကြောင်းပြ၍ ထွက်သွားရန် ကြံရွယ်ခဲ့သော်လည်း သူမသည် အမတ်ချုပ်ကြီးရှဲ့၏ အိမ်တော်ရှိ အိမ်သာ မည်သည့်နေရာတွင် ရှိသည်ကို မသိကြောင်း ပြန်သတိရလိုက်မိသည်။ အကယ်၍ အမတ်ချုပ်ကြီးရှဲ့က လမ်းပြပေးမည်ဟူသော အကြောင်းပြချက်ဖြင့် သူမအနားတွင် သူလျှိုတစ်ယောက် ထားသွားလျှင် ဘယ်လိုလုပ်မလဲ။
လိုကျစ်ကွေ့က တိုးညှင်းစွာ မေးလိုက်သည်။ "ခေါက်ရှာငှက်က မင်းရဲ့ သူငယ်ချင်းလား။"
"စစ်သေနာပတိချုပ် ဘယ်လိုသိတာလဲ။"
နဉ်ရှောင်ယောင်း မျက်လုံးများ ဝိုင်းစက်သွား၏။
"ရှောင်ယောင်း... မင်း မြန်မြန်ထွက်ခဲ့။" အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်သည် ခြံအပြင်ဘက်မှ ဇွဲမလျှော့ဘဲ ဆက်လက်အော်ခေါ်နေဆဲ ဖြစ်သည်။
"မြောင်။" ငါလာပြီဟု အော်ဟစ်လိုက်ပြီးနောက်၊ လောင်တ သည် နဉ်ရှောင်ယောင်း၏ ပခုံးထက်မှ ခုန်ချကာ ပြေးထွက်သွားလေသည်။
"ငါ့ကြောင်။" နဉ်ရှောင်ယောင်းသည် လောင်တ၏နောက်သို့ လိုက်၍ ပြေးလေသည်။
လူများ ... ဒီလောက်လူတွေအားလုံး အသက်တောင် ကောင်းကောင်းမရှူနိုင်ဖြစ်နေတဲ့အချိန်မှာ အရှင်မင်းကြီးက ကြောင်တစ်ကောင်ကို အာရုံစိုက်နေနိုင်သေးတာလား။
လိုကျစ်ကွေ့သည် ခြံဝန်းအတွင်း ရပ်နေသော နဂါးအစောင့်နှစ်ဦးကို ညွှန်ပြလိုက်ပြီး၊ "အရှင်မင်းကြီးကို သေချာကာကွယ်လိုက်ပါ။"
နဂါးအစောင့်နှစ်ဦးသည် အမိန့်ကို အလျင်အမြန် လက်ခံကာ ခြံအပြင်ဘက်သို့ ပြေးထွက်သွားကြသည်။ သို့သော် သူတို့ ခြံအပြင်ဘက်သို့ ရောက်သောအခါ သူတို့၏ ဧကရာဇ်မှာ အရိပ်အယောင်မျှပင် မရှိတော့ပေ။
"အရှင်မင်းကြီး ဘယ်မှာလဲ။" နဂါးအစောင့်တစ်ဦးက ခြံတံခါးအပြင်ဘက်ရှိ ရှဲ့အိမ်တော်မှ အစေခံတစ်ဦးကို အလျင်အမြန် မေးလိုက်သည်။
အစေခံများ၏မျက်နှာများမှာ အိပ်မက်မက်နေသကဲ့သို့ ဖြစ်နေပြီး အစေခံတစ်ဦးက ပြန်ဖြေလိုက်သည်။ "ကျွန်တော်... ကျွန်တော် မျက်စိတစ်ချက် မှိတ်လိုက်တာနဲ့ အရှင်မင်းကြီး ပျောက်သွားတာပဲ။"
နဂါးအစောင့်နှစ်ဦးသည် ထိုလူငယ်အား ထိုးကြိတ်ပစ်ချင်စိတ် ပေါက်သွားသည်။ မျက်စိတစ်ချက် မှိတ်လိုက်ရုံဖြင့် လူက ပျောက်ကွယ်သွားတယ် ဟုတ်လား။ အရှင်မင်းကြီးက တစ္ဆေမို့လား။
နဉ်ရှောင်ယောင်းသည် ယခုအခါ ရှဲ့အိမ်တော်ရှိ ပန်းခုံတစ်ခုအတွင်း၌ ဝပ်တွားနေ၏။ လူတစ်ဝက်ခန့် မြင့်သော ပန်းအိုးဆယ်အိုးခန့်က နဉ်ရှောင်ယောင်းနှင့် လောင်တ တို့၏ ကိုယ်လုံးကို လုံးဝ ဖုံးကွယ်ထားလေသည်။
အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်သည် ပန်းအိုးထဲမှ ထင်းရှူးပင်ပုလေးတစ်ပင်ပေါ်တွင် နားနေရင်း သူ့နှုတ်သီးမှ ကိုက်ချီလာသော ကြွေပုလင်းငယ်လေးကို နဉ်ရှောင်ယောင်း၏လက်ထဲသို့ ပစ်ချပေးလိုက်ပြီး ဆိုသည်။ "ရှောင်ယောင်း၊ ဒါက အဲ့ဒီလူခုနစ်ယောက်ဆီက ယူလာတာ။ မင်းအတွက် အသုံးဝင်မလား ကြည့်လိုက်ဦး။"
နဉ်ရှောင်ယောင်းသည် ကြွေပုလင်းငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးများကို ပွတ်သပ်လိုက်သည်။ ဘယ်လိုကြောင့် တစ်ပုံစံတည်းတူတဲ့ ကြွေပုလင်း နှစ်လုံး ဖြစ်နေရတာလဲ။
လောင်တက လောဆော်လိုက်သည်။ "မင်း မြန်မြန်ကြည့်လေ။ မင်းမျက်လုံးတွေ ပြဿနာ ထပ်ဖြစ်ပြန်ပြီလား။"
နဉ်ရှောင်ယောင်းက၊ "ဒါက စစ်သေနာပတိချုပ်ပေးတဲ့ ပုလင်းနဲ့ တစ်ပုံစံတည်းပဲ။"
အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်က ခေါင်းကို စောင်းငဲ့လိုက်ပြီး၊ "ဒီလို ကြွေပုလင်းငယ်လေးတွေက သာမန်ပါပဲ။ လူတော်တော်များများရဲ့ အိမ်တွေမှာ ရှိကြတယ်။"
"ဟုတ်လို့လား။" နဉ်ရှောင်ယောင်းက မေးလိုက်သည်။
လောင်တက အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်အား ပြောလိုက်သည်။
"အခု သူ တုံးတယ်လို့ ငါခဏခဏပြောတာ မင်းယုံပြီလား။"
အိမ်တိုင်းစေ့တွင်ရှိသော အရာတစ်ခုကို ဤငတုံးမလေးက မသိရှိပေရာ တုံးခြင်း မဟုတ်လျှင် ဘာများဖြစ်ဦးမှာလဲ။
"ဟုတ်သားပဲ။" နဉ်ရှောင်ယောင်းသည် မိမိဘာသာ ရေရွတ်လိုက်သည်။ "ဒီကမ္ဘာမှာ ပလပ်စတစ်မှ မရှိသေးတာ။"
လောင်တ "ဘာစတစ်လဲ။"
"ထားလိုက်တော့၊ ဒီအကြောင်း မပြောတော့ဘူး။" နဉ်ရှောင်ယောင်းသည် ပုလင်း၏အဖုံးကို ဆွဲဖွင့်လိုက်ပြီး အတွင်းမှအရည်အချို့ကို ပန်းခုံထဲမှ မြေကြီးထဲသို့ လောင်းချလိုက်သည်။
မကြာမီပင်၊ မြေကြီးသည် ဆူပွက်လာသကဲ့သို့ အဖြူရောင် အမြှုပ်များ ထွက်ပေါ်လာလေသည်။
အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်က စိတ်ပျက်စွာ ဆိုသည်။ "ဒါက စားစရာ မဟုတ်ဘူးပဲ။"
"ဒါက အဆိပ်။ သခင်မကြီးရဲ့ ဂျင်ဆင်းဟင်းရည်ထဲက အဆိပ်နဲ့ တော်တော်တူတယ်။ မင်းတို့ပြောကြည့်၊ စစ်သေနာပတိချုပ်က အပြင်ထွက်တာ အဆိပ်ကို ဘာလို့ သယ်သွားရတာလဲ။ သူက အချိန်မရွေး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ပြင်ဆင်ထားတာလား ဒါမှမဟုတ် လူသတ်ဖို့လား။"
လောင်တသည် နဉ်ရှောင်ယောင်းကို လက်သည်းဖြင့် တစ်ချက်ကုတ်လိုက်ပြန်ပြီး၊ "ဒီကြောင်တော့ မင်းကို တကယ် လေးစားမိတယ်။ အမတ်ချုပ်ကြီးက အနိုင်ရတော့မလို့ကို မင်းက ဒီမှာ စစ်သေနာပတိချုပ်အကြောင်း စဉ်းစားနေတုန်းလား။ စစ်သေနာပတိချုပ်က ကြိုသိနေတာ ဖြစ်ရင်ရော။ သူက ဒီနေ့ ကိစ္စတစ်ခုခု ဖြစ်မယ်ဆိုတာ သိနေခဲ့တာလား။"
အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်က ခေါင်းညိတ်လိုက်ပြီး၊ "ဟုတ်တယ်။ အမတ်ချုပ်ကြီးရှဲ့ ပြောတာ ငါကြားဖူးတယ်။ ဗိုလ်ချုပ်တစ်ယောက်က တိုက်ပွဲပေါင်းများစွာ တွေ့ကြုံပြီးရင် ဗိုလ်ချုပ်ကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ တကယ့် စစ်နတ်ဘုရားတစ်ယောက် ဖြစ်ဖို့အတွက်ကတော့ မွေးရာပါ အရည်အချင်း လိုအပ်တယ်။"
လောင်တက အော်ဟစ်လိုက်သည်။ "စစ်သေနာပတိချုပ်က စစ်နတ်ဘုရားပဲ။"
နဉ်ရှောင်ယောင်း : ဒီလိုမျိုးလဲ ရှိသေးတာလား။ ကြိုမြင်နိုင်တာက စစ်နတ်ဘုရားတစ်ယောက်မှာ ရှိသင့်တဲ့ မွေးရာပါအရည်အချင်းလား။
"မင်းက ဘယ်လို မျက်နှာပေးဖြစ်နေတာလဲ။" လောင်တသည် နဉ်ရှောင်ယောင်းကို စိုက်ကြည့်လိုက်သည်။ "စစ်သေနာပတိချုပ်က စစ်နတ်ဘုရားဆိုတာ မယုံဘူးလား။"
"မယုံတာ မဟုတ်ပါဘူး။ စစ်သေနာပတိချုပ်က စစ်နတ်ဘုရား ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ငါနဲ့ သိပ်မဆိုင်ပါဘူး။ သူ ငါ့ကို မရိုက်ရင် ပြီးတာပဲ။"
အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက် ခေါင်းညိတ်လိုက်သည်။ ထိုစကားမှာ ဆီလျော်မှုရှိပေသည်။
လောင်တမှာမူ နားမလည်နိုင် ဖြစ်သွားသည်။ စစ်သေနာပတိချုပ်သည် ဇနီးမယားကို ရိုက်နှက်တတ်သော လူဆိုးမျိုးဟုတ်မနေပေ။
"အရေးမပါတာတွေ မပြောတော့ဘူး၊ အလုပ်လုပ်မယ်။" နဉ်ရှောင်ယောင်းသည် ပန်းခုံပေါ်မှ ခုန်ချလိုက်သည်။
လောင်တသည် နဉ်ရှောင်ယောင်းနောက်သို့ လိုက်ရင်း မေးလိုက်သည်။ "မင်း ဘယ်လိုလုပ်မှာလဲ။"
"ငါ..." အဝေးမှ လျှောက်လာသော ရှဲ့သခင်မလေး ၅ကို မြင်လိုက်ရသောအခါ စကားပြောမည်အပြုရှိသော နဉ်ရှောင်ယောင်းသည် ပါးစပ် ပိတ်လိုက်ပြန်သည်။
"အရှင်မင်းကြီး။" ရှဲ့သော်ယင်းသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နဉ်ရှောင်ယောင်းကို တစ်ချက်ကြည့်ကာ နဉ်ရှောင်ယောင်း၏ နောက်ကျောမှ ပန်းခုံကို တစ်ချက် ကြည့်လိုက်သည်။
"အဲ...။" နဉ်ရှောင်ယောင်းက ဆို၏။ "ငါ အထဲမှာ ကိစ္စတစ်ခု ရှင်းလိုက်တယ်။"
"ကိစ္စရှင်းတယ် ဟုတ်လား။"
"အပေါ့သွားတာလေ။" နဉ်ရှောင်ယောင်းသည် သူမ၏သေးငယ်သော ကိုယ်လုံးလေးကို မတ်မတ်ရပ်လျက် ပြောလိုက်သည်။
(T/N သမီးရယ် ကုန်ပါပြီ သိက္ခာတွေ)
အပေါ့သွားသည် ဟုတ်လား။ ရှဲ့သော်ယင်းမှာ မူးလဲမတတ်ပင် ဖြစ်သွားသည်။ ဤသည်မှာ တိုင်းပြည်၏ ဧကရာဇ်မင်းတစ်ပါး ပြောဆိုသင့်တဲ့ စကားရောဟုတ်ရဲ့လား။ အကယ်၍ သူမသည် တောသားတစ်ဦးလောက်ပင် ယဉ်ကျေးမှုမရှိသော ဤသို့ ရိုင်းစိုင်းသည့် လူတစ်ယောက်နောက်သို့ လိုက်ခဲ့ရပါက၊ သူမ၏ နောင်လာမည့် နေ့ရက်များကို ဘယ်လိုများဖြတ်သန်းရမလဲ။ ထိုသို့ တွေးမိသည့် ခဏမှာပင်၊ ရှဲ့သခင်မလေး ၅သည် ဧကရာဇ်မင်း၏ မိန်းမတစ်ယောက် မဖြစ်ချင်တော့ပေ။
နဉ်ရှောင်ယောင်းသည် ခေါင်းလှည့်ကာ ပြေးထွက်သွားသည်။ အမတ်ချုပ်ကြီးရှဲ့သည် သူမ သွားရောက် ဖြေရှင်းရမည့်ကိစ္စအတွက် ထိုနေရာတွင် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
ရှဲ့သော်ယင်းသည် နဉ်ရှောင်ယောင်း ပြေးထွက်သွားသော အရပ်သို့ ငေးကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။ သို့သော် ဧကရာဇ်မင်း၏ မိန်းမ မလုပ်ဖြစ်ခဲ့လျှင် သူမအတွက် အခြား ထွက်ပေါက် ဘယ်နေရာမှာ ရှိဦးမှာလဲ။ သခင်မကြီး မကွယ်လွန်မီက ပြောခဲ့ဖူးသည်၊ သူမသည် ဧကရာဇ်မင်း၏ ရှေ့မှောက်သို့ ဆက်သခြင်းခံခဲ့ရသော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမကဲ့သို့သော မိန်းကလေးမျိုးသည် နန်းတော်မှလွဲ၍ အခြား မည်သည့် မိသားစုထံသို့မျှ လက်ဆက်ခွင့် ရရှိတော့မည် မဟုတ်ပေ။
သခင်မဝမ်သည် အဖွားကြီးနှစ်ဦး၏ တွဲကူမှုကို ခံယူလျက် အစေခံတစ်အုပ်စုဖြင့် ခြံရံကာ လျှောက်လှမ်းလာခဲ့သည်။ ရှဲ့သော်ယင်း လမ်းမပေါ်တွင် ငေးငိုင်စွာ ရပ်နေသည်ကို မြင်သောအခါ၊ သခင်မဝမ်သည် ခြေလှမ်းများကို ရပ်တန့်ပြီး မေးလိုက်သည်။ "ရှောင်ဝူ၊ နင် ဒီမှာ ဘာလုပ်နေတာလဲ။"
ရှဲ့သော်ယင်းသည် သခင်မဝမ်၏အသံကို ကြားသောအခါ လန့်သွားပြီး၊ လှည့်ကာ သခင်မဝမ်ကို အရိုအသေပေးလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "အရှင်မင်းကြီး ခုနက ဒီနေရာမှာ ရှိနေခဲ့ပါတယ်။"
သခင်မဝမ်သည် ယခုအခါ 'အရှင်မင်းကြီး' ဟူသော စကားလုံးနှစ်လုံးကို ကြားရုံမျှဖြင့် နာတာရှည်ရောဂါတစ်ခုကဲ့သို့ ဦးနှောက်များ ထိုးကိုက်လာလေသည်။
ရှဲ့သော်ယင်းသည် ထပ်မံ ရှင်းပြလိုက်သည်။ "ကျွန်မ... ကျွန်မ အရှင်မင်းကြီး ဒီမှာ ရှိနေလိမ့်မယ်လို့ မထင်မိဘူး။"
သခင်မဝမ်သည် အေးစက်စွာ ရယ်မောလိုက်ပြီး ဆို၏။ "ငါ့အမြင်တော့ နင့်ပုံစံအရ၊ အရှင်မင်းကြီးက နင့်အပေါ်မှာ မျက်နှာသာပေးပုံ မရသေးဘူးထင်တယ်။"
ရှဲ့သော်ယင်းသည် ခေါင်းငုံ့ထားရင်း စကားတစ်ခွန်းမျှ မဆိုပေ။
"အခုထိ အခန်းထဲ ပြန်မနေသေးဘူးလား။" သခင်မဝမ်သည် ရှဲ့သခင်မလေး ၅ကို အော်ငေါက်လိုက်သည်။
"အိမ်တော်မှာ အခု ရှုပ်ယှက်ခတ်နေတုန်း၊ နင် ငါ့ကို ထပ်ပြီး စိတ်မပူစေနဲ့တော့။ ဘာပဲဖြစ်ဖြစ် နင်က အထက်တန်းလွှာအိမ်တော်က သခင်မလေးတစ်ယောက်ပဲ။ အိမ်တော်ထဲမှာ အခု စစ်သားတွေရော၊ ဗိုလ်ချုပ်တွေရော ရှိနေတာ။ နင် ဘာလို့ လျှောက်ပြေးနေရတာလဲ။"
ရှဲ့သော်ယင်းသည် ဖြူဖျော့သော မျက်နှာဖြင့် ထွက်ခွာသွားလေသည်။
"သခင်မ စိတ်လျှော့ပါ။" သခင်မဝမ်အား တွဲကူထားသော အဖွားကြီးတစ်ဦးသည် သူမတို့၏ သခင်မမှာ ရှဲ့သော်ယင်း ထွက်သွားပြီးနောက်တွင်လည်း ဒေါသထွက်နေဆဲဖြစ်သည်ကို မြင်သဖြင့် တိုးညှင်းစွာ နှစ်သိမ့်လိုက်သည်။
သခင်မဝမ်ကမူ၊
"သခင်မကြီးက ဒီကလေးမကိုအလိုလိုက်လွန်းလို့ ပျက်စီးသွားတာ။ ရုပ်ရည်လေး နည်းနည်း ရှိတာနဲ့ တစ်မိုးအောက်မှာ ဖီးနစ်ငှက် ဖြစ်သွားနိုင်မယ်လို့ ထင်နေတာလား။"
အစေခံများနှင့် အဖွားကြီးများထဲမှ မည်သူမျှ သခင်မဝမ်၏ စကားကို ဝင်မပြောရဲကြပေ။ ရှဲ့သော်ယင်းသည် သခင်မကြီး၏ အချစ်တော် ဖြစ်သော်လည်း သခင်မဝမ်၏ နှစ်သက်ခြင်းကို မခံခဲ့ရပေ။ ယခုအခါ သခင်မကြီး ကွယ်လွန်သွားပြီ ဖြစ်ပြီး သခင်မလေး ၅မှာလည်း ဧကရာဇ်၏ မျက်နှာသာပေးခြင်းကို မရရှိခဲ့ပေ။ သခင်မလေး ၅၏ နောင်လာမည့် နေ့ရက်များမှာ အစေခံများနှင့် အဖွားကြီးများ၏ အတွေးထဲတွင် ဧကန်မလွဲ ကောင်းမွန်တော့မည် မဟုတ်ပေ။
ရှဲ့သော်ယင်းသည် သခင်မဝမ်နှင့် လူတစ်စု၏ အမြင်အာရုံမှ ပျောက်ကွယ်သွားပြီးနောက် သူမ၏ ရှည်လျားသော ဂါဝန်ကို အနည်းငယ် မကာ လျင်မြန်စွာ ပြေးထွက်သွားလေသည်။
နဉ်ရှောင်ယောင်းကို ရှာဖွေရန် ထွက်လာသော ယင်းဖုန်းသည် ဖြောင့်တန်းသော လမ်းရှည်ကြီး၏ အကွေ့သို့ ရောက်သောအခါ ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည်။ ဈာပနဝတ်စုံ အဖြူရောင် ဝတ်ဆင်ထားသော ရှဲ့သခင်မလေး ၅သည် သူရှိရာသို့ ပြေးလာနေ၏။ သူမ၏ဂါဝန်စသည် လေထဲတွင် လွင့်တက်နေပြီး ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ လှပနေကာ ဤမိန်းကလေး၏ မျက်နှာပေါ်တွင် မျက်ရည်များ ပြည့်လျှံနေလေသည်။
ယင်းဖုန်းသည် လမ်း၏ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။ နဂါးအစောင့်တစ်ဦးအနေဖြင့် ဧကရာဇ်က သူ့အား ဇနီးမယား ယူခွင့်ပြုထားသော်လည်း သူသည် နန်းတော်ထဲတွင် ရှောင်ထောင်ဟွားတစ်ယောက် ရှိနေပြီး ဖြစ်ရာ အခြားမိန်းမတစ်ယောက်ကို ဘယ်လိုကြောင့် ထပ်ကြည့်နေဦးမှာလဲ။
ရှဲ့သော်ယင်းမှာမူ ယင်းဖုန်း ရှောင်လိုက်သည်နှင့် တပြိုင်နက်တည်း မြေကြီးပေါ်သို့ လဲကျသွားလေသည်။
ကျောက်စရစ်ခဲများ ခင်းထားသော မြေပြင်ပေါ်တွင် ချွန်ထက်သော ကျောက်တုံးငယ်များစွာ ရှိနေသည်။ ရှဲ့သော်ယင်း မျက်နှာဖြင့် အောက်သို့ လဲကျတော့မည်ကို မြင်သောအခါ ယင်းဖုန်းသည် အလျင်အမြန် လက်လှမ်းကာ ရှဲ့သခင်မလေး ၅ကို ပွေ့ဖက်လိုက်သည်။
ရှဲ့သော်ယင်းသည် ကျယ်ပြန့်ပြီး မရင်းနှီးသောရနံ့ရှိသည့် ရင်ခွင်တစ်ခုထဲသို့ ကျရောက်သွားလေသည်။
ယင်းဖုန်း၏မေးစေ့သည် ရှဲ့သခင်မလေး ၅၏ ခေါင်းပေါ်မှ ဆံထိုးဖြင့် ခြစ်မိသွားပြီး၊ အနီရောင် အစင်းတစ်ချက် ထင်သွားသည်။ ကံကောင်းထောက်မစွာပင် သွေးထွက်ခြင်း မရှိခဲ့ပေ။
နဉ်ရှောင်ယောင်းသည် ထိုအချိန်တွင် သခင်မကြီး၏ အိမ်အပြင်ဘက် ခြံဝန်းထဲ၌ "အာ" ဟု အော်ဟစ်လိုက်ပြီး၊ ခြေထိုး ခံကာ၊ မျက်နှာဖြင့်ပင် အောက်သို့ လဲကျသွားလေသည်။
ခြံဝန်းအတွင်း ရပ်နေသော လိုကျစ်ကွေ့သည် လက်နှစ်ဖက်ကို ဆန့်တန်းကာ ဤမိန်းကလေးကို မြဲမြဲကြီး ပွေ့ဖက်ထားလိုက်သော်လည်း ဤမိန်းကလေးမှာ အောက်သို့ ဆက်လက် လဲကျနေဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
"ကျွန်မကို လွှတ်ပေး။" နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့အား ခပ်တိုးတိုးပြောလိုက်သည်။ "ကျွန်မ အဆိပ်ပုလင်း ပြန်ယူလာခဲ့ပြီ။"
လိုကျစ်ကွေ့၏ ဦးနှောက်သည် ဘာကိုမျှ မစဉ်းစားရသေးမီ သူ့လက်များမှာ လျော့သွားလေပြီ။
နဉ်ရှောင်ယောင်းသည် မြေကြီးပေါ်သို့
“ဘုတ်ကနဲမြည်အောင်” မှောက်လျက် လဲကျသွားပြီး ဗိုလ်ချုပ်တစ်ဦးနှင့် မျက်လုံးချင်း ဆုံလျက် ကြည့်နေမိသည်။
ကျန်လူများ : ......
ဧကရာဇ်ချော်လဲခြင်းမှာ ထူးဆန်းသည် မဟုတ်ပေ။ လူတိုင်း ချော်လဲတတ်ကြသည်။ သို့သော် ဧကရာဇ်၏ လက်များ တင်ထားသော နေရာမှာ မမှန်ကန်ပေ။ ဧကရာဇ်နဉ်ရှောင်ယောင်း၏ ညာလက်သည် ယခုအခါ တပ်မှူး၏ ခါးပတ်ပေါ်တွင် ရှိနေပြီး၊ ဘယ်လက်မှာမူ ထိုတပ်မှူး၏ ပေါင်ကြားပေါ်တွင် တင်လျက်သား ဖြစ်နေသည်။ ဤအနေအထားမှာ အလွန် အမြင်မတော်သော ပုံစံ ဖြစ်နေသည်။
လိုကျစ်ကွေ့သည် မျက်နှာထား တင်းမာလျက် နဉ်ရှောင်ယောင်းကို မြေကြီးပေါ်မှ ဆွဲမလိုက်သည်။
လူများမှာ စကားတစ်ခွန်းမျှ မဆိုနိုင်ကြသေးပေ။ စစ်သေနာပတိချုပ် လိုကျစ်ကွေ့သည် ဧကရာဇ်မင်းအား ယုန်တစ်ကောင်ကို ဆွဲမသကဲ့သို့ ဆွဲမလိုက်ရာ ဤမြင်ကွင်းကို သူတို့ မမြင်တွေ့ခဲ့လိုကြပေ။
"အောင်မြင်ပြီ။" နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ လက်ထဲတွင် ဆွဲမခံထားရဆဲ ဖြစ်သော်လည်း၊ လိုကျစ်ကွေ့အား V ပုံစံ လက်ဟန်တစ်ခု ပြုလုပ်ပြလိုက်သည်။ "ကျွန်မ ပုလင်းကို သူ့ရဲ့ အတွင်းခံဘောင်းဘီထဲ ထည့်လိုက်ပြီ။"
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို မြေကြီးပေါ်သို့ ချပေးလိုက်ပြီး ပြောလိုက်သည်။ "နန်းတော်ပြန်ရောက်ရင် သမားတော်ချုပ် ကောင်းဆီက ဆေးတောင်းပြီး လက်ကို သေချာဆေးကြောလိုက်။"
"ဘာ။" နဉ်ရှောင်ယောင်း မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ လက်ဆေးဖို့အတွက် ဆေးကိုသုံးရမယ်၊ ဟုတ်လား။
လိုကျစ်ကွေ့သည် မြေကြီးပေါ်ရှိ တပ်မှူးအား တစ်ချက် ကြည့်လိုက်သည်။ ကောင်းလိုက်တာ၊ ငါ မင်းမျက်နှာကို မှတ်ထားလိုက်ပြီ။
"ဘာပြဿနာ ရှိလို့လဲ။" နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏လက်စကို ဆွဲလိုက်သည်။
"မင်း... ဘယ်လိုလုပ်။" လိုကျစ်ကွေ့သည် မူလက ချုပ်တည်းထားရန် ကြံရွယ်ခဲ့သော်လည်း မချုပ်တည်းနိုင်ဘဲ နဉ်ရှောင်ယောင်းအား တိုးညှင်းစွာ ပြောလိုက်သည်။ "မင်းက သူ့ရဲ့ အဲ့ဒီနေရာကို ဘယ်လိုလုပ် သွားကိုင်ရတာလဲ။"
နဉ်ရှောင်ယောင်းက၊ "ကျွန်မလက်က သူ့အတွင်းခံဘောင်းဘီထဲ ရောက်သွားတာ မဟုတ်ဘူးလေ။ ကျွန်မက ပစ်ထည့်လိုက်တာ။" လက်ညှိုးဖြင့် ပစ်ထည့်သော အမူအရာတစ်ခု ပြုလုပ်ပြရင်း၊ "ပုလင်းသေးသေးလေးက ဝင်သွားတာပါ။ ကျွန်မက ယောကျ်ားတစ်ယောက်ရဲ့ အဲ့ဒီနေရာကို ဘယ်လိုလုပ် သွားကိုင်ရဲမှာလဲ။" သို့သော်၊ နဉ်ရှောင်ယောင်းသည် သူမ ခုနက ထိမိခဲ့သော နေရာကို ပြန်လည် စဉ်းစားလိုက်
မိသည်။ အင်း...အဲ့ယောကျ်ားရဲ့ ပစ္စည်းက သေးတော့မသေးဘူးပဲ။
"မင်း ဘာတွေ စဉ်းစားနေပြန်ပြီလဲ။" လိုကျစ်ကွေ့က မေးလိုက်သည်။
"မ... မစဉ်းစားပါဘူး။" နဉ်ရှောင်ယောင်းသည် နှာခေါင်းကို ရှုံ့လိုက်ပြီး ဆို၏။ "ကျွန်မ ဘာမှ မစဉ်းစားပါဘူး။"
စစ်သေနာပတိချုပ် လိုကျစ်ကွေ့က သူမကိုယုံလျှင် ထူးဆန်းပေတော့မည်။
အမတ်ချုပ်ကြီးရှဲ့သည် ထိုအချိန်တွင် သူတို့နှစ်ဦး၏ရှေ့သို့ လျှောက်လာပြီး၊ "စစ်သေနာပတိချုပ်၊ မင်း ထပ်ပြီး ရှာဦးမှာလား။"
"အင်း။ ရှာပြီးသွားပြီလား။" နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ ပါးစပ်လာပိတ်မည့်လက်ကို တွန်းဖယ်လိုက်ပြီး ခြေရင်းမှ တပ်မှူးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ကျွန်တော် ခံစားမိတာ... သူ့ရဲ့ အဲ့ဒီနေရာမှာ ပစ္စည်းတစ်ခုခု ဖွက်ထားတယ်။"
အမတ်ချုပ်ကြီးရှဲ့သည် နဉ်ရှောင်ယောင်း လက်ညှိုးထိုးပြသော နေရာကို ကြည့်လိုက်သည်။ ပေါင်ကြား...။
"ထပ်ရှာလိုက်။" လိုကျစ်ကွေ့သည် သူ့ဘေးရှိ နဂါးအစောင့်တစ်ဦးအား ပြောလိုက်သည်။
ဤနဂါးအစောင့် လူငယ်လေးမှာမူ စိတ်ညစ်သွားသည်။ သူက ယောကျ်ားတစ်ယောက်ရဲ့ ပေါင်ကြားကို သွားစမ်းရတော့မှာလား။
"ဒါကို ရှာနေစရာ လိုသေးလို့လား။" နဉ်ရှောင်ယောင်းသည် ခါးကို ကုန်းလိုက်ပြီး တပ်မှူး၏ ခါးပတ်ကို ဆွဲဖြုတ်ကာ၊ ထိုလူ၏ ဘောင်းဘီကို တိုက်ရိုက် ချွတ်ရန် ပြင်လိုက်သည်။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို တစ်ချက်တည်း ပွေ့ချီလိုက်သည်။ ဤမိန်းကလေးတွင် မိန်းကလေးတစ်ယောက် ဖြစ်သည်ဟူသော အသိတရား အနည်းငယ်မျှ ရှိသေးရဲ့လား။ စစ်သေနာပတိချုပ် လိုကျစ်ကွေ့ ဒေါသထွက်ပေါက်ကွဲတော့မည်။
နဂါးအစောင့်သည် တပ်မှူး၏ဘောင်းဘီကို ဆွဲချွတ်လိုက်ရာ လူအများ၏ ရှေ့မှောက်တွင်ပင်၊ အဖြူရောင် ကြွေပုလင်းတစ်လုံးသည် တပ်မှူး၏ ဘောင်းဘီခြေထောက်အတွင်းမှ မြေကြီးပေါ်သို့ လိမ့်ကျလာလေသည်။
တပ်မှူး၏ မျက်နှာပေါ်တွင် ချွေးများ ပြည့်နှက်နေသည်။ ခုနက ဧကရာဇ်မင်းသည် သူ့ခါးကို လက်ဖြင့် ဆွဲလိမ်လိုက်ရာ သူ့မှာ နာကျင်လွန်းသဖြင့် မျက်လုံးများ ပြာဝေသွားပြီး၊ ယခုအချိန်အထိ စကားတစ်ခွန်းမျှ မဆိုနိုင်တော့ပေ။
နဉ်ရှောင်ယောင်းသည် စိတ်ထဲမှ 'ဟွန့်' ဟု နှစ်ချက် နှာမှုတ်လိုက်သည်။ မင်းကို အော်ဟစ်ခွင့် ပေးလိုက်ရင်၊ ငါက ဘယ်လိုလုပ် အပြစ်ပုံချနိုင်တော့မှာလဲ။
***