ဆန္ဒများ ပြည့်ဝသွားသော သခင်မငယ်ဝမ်
Vol. 10 Ch. 150
"ဒါမှမဟုတ် အမတ်ချုပ်ကြီး နောက်တစ်ငုံလောက် ထပ်သောက်ကြည့်ပါလား။"
နဉ်ရှောင်ယောင်းက အမတ်ချုပ်ကြီးရှဲ့အား အကြံပြုလိုက်သည်။
"ဒါက အရက်ပဲ ထပ်ဖြစ်နေတယ်ဆိုရင် ကျွန်တော် ဒီသန်မာတဲ့ အစ်ကိုကြီးကို တောင်းပန်လိုက်မယ်။ လူသတ်သမားကိစ္စကို ကျွန်တော်တို့ နောက်ထပ် နည်းလမ်းရှာကြတာပေါ့။"
အလွန်ပါးနပ်သော နဂါးအစောင့် လူငယ်လေးသည် ကြွေပုလင်းကို မြေပြင်ပေါ်မှ ကောက်ယူလိုက်ပြီး လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အမတ်ချုပ်ကြီးရှဲ့၏ရှေ့မှောက်သို့ ပို့ဆောင်ပေးလိုက်သည်။
နဉ်ရှောင်ယောင်းသည် မျှော်လင့်ချက်အပြည့်ဖြင့် အမတ်ချုပ်ကြီးရှဲ့ကို ကြည့်နေ၏။ အကယ်၍ ဤအရာကြောင့် လူတစ်ယောက် သေဆုံးသွားပါက သူမ၏ ခေါင်းပေါ်သို့ အပြစ်ပုံချ၍ မရနိုင်တော့ပေ။
မတုံးအသော အမတ်ချုပ်ကြီးရှဲ့သည် ကြွေပုလင်းကို ကောက်ယူလိုက်ပြီး အဖုံးကို ဆွဲဖွင့်ကာ မြေပြင်ပေါ်သို့ အနည်းငယ် လောင်းချလိုက်သည်။ မကြာမီ အချိန်အတွင်းမှာပင် အဖြူရောင် အမြှုပ်များသည် မြေပြင်ပေါ်မှ ထွက်ပေါ်လာလေသည်။
လူအားလုံး တအံ့တဩ ဖြစ်သွားကြသည်။
"မဖြစ်နိုင်ဘူး။" အံ့အားသင့်နေသော ရှဲ့အန်းရှီသည် တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူကိုယ်တိုင် ကြွေပုလင်းကို အခန်းထဲသို့ ထည့်ထားခဲ့ပြီး လူများကို စောင့်ကြည့်ရန် အမိန့်ပေးခဲ့သည် မဟုတ်လား။ ဤဗိုလ်ချုပ်၏ကိုယ်ပေါ်တွင် အဆိပ်ပါသော ကြွေပုလင်းက ဘယ်လိုလုပ်ရှိနေနိုင်မှာလဲ။
ရှဲ့အန်းရှီ၏ဘေးနားတွင် ရပ်နေသော ရှဲ့အန်းကျိက ပြောလိုက်သည်။ "အရှင်မင်းကြီး ခုနက ထည့်လိုက်တာလား။"
နဉ်ရှောင်ယောင်းသည် ထိုဗိုလ်ချုပ်၏ ကိုယ်ပေါ်သို့ လဲကျသွားခဲ့သည်။ ထိုအပြုအမူမှာ အမြင်မတော်သော်လည်း အချိန်မှာ အလွန်တိုတောင်းလှသည်။ နဉ်ရှောင်ယောင်း လဲကျသည့်အချိန်မှစ၍၊ လိုကျစ်ကွေ့က ဤလူကို ဆွဲမလိုက်သည့်အချိန်အထိ ဤအချိန်သည် လူတစ်ယောက် လက်ကို ဆန့်ထုတ်ရန်ပင် မလုံလောက်ပေ။ ဧကရာဇ်မင်းက အပြစ်ပုံချသည်ဟု ဆိုရမှာလား။ ဧကရာဇ်၏ လှုပ်ရှားမှုက အဲ့လောက်ပဲ မြန်နိုင်ပါ့မလား။ ဒါမှမဟုတ် ဧကရာဇ်က မျက်လှည့်ပြတတ်တာလား။
ခြံဝန်းအတွင်း၌ နဉ်ရှောင်ယောင်းကို သံသယမဝင်သူများ မရှိသည် မဟုတ်ပေ။ သို့သော် ထပ်၍ နက်နက်နဲနဲ စဉ်းစားကြည့်ပါက ဤကိစ္စမှာ သိသာထင်ရှားစွာပင် မဖြစ်နိုင်ပေ။ ထို့အပြင် ဤမျှများပြားသော မျက်လုံးများက ကြည့်ရှုနေပါလျက် ကြွေပုလင်းတစ်လုံးကို ပေါင်ကြားထဲသို့ ထည့်သွင်းလိုက်သော လှုပ်ရှားမှုက ဤမျှများပြားသော မျက်လုံးများကို ဘယ်လိုများ လှည့်စားနိုင်ပါ့မလဲ။
"ကျွန်တော်... ကျွန်တော် ချောက်ချခံရတာပါ။" နဉ်ရှောင်ယောင်း၏ ကြွေပုလင်း အထည့်ခံလိုက်ရသော တပ်မှူးသည် ယခုမှ အသက်ရှူမှန်သွားပြီး၊ အော်ဟစ်လိုက်သည်။
"တိရစ္ဆာန်ကောင်။" အမတ်ချုပ်ကြီးရှဲ့သည် ထိုဗိုလ်ချုပ်အား ဒေါသတကြီး စိုက်ကြည့်ကာ ဆဲဆိုလိုက်ပြီး၊ ကြွေပုလင်းထဲမှ အဆိပ်ရည်များအားလုံးကို ထိုတပ်မှူး၏ မျက်နှာပေါ်သို့ လောင်းချလိုက်လေသည်။
"အား။" တပ်မှူးနှင့် နဉ်ရှောင်ယောင်းတို့သည် တစ်ချိန်တည်းတွင် အော်ဟစ်လိုက်ကြသည်။
"ခင်ဗျား... ခင်ဗျား ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ။" နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့ကို လက်ညှိုးထိုးကာ ဒေါသတကြီး မေးလိုက်သည်။
အမတ်ချုပ်ကြီးရှဲ့သည် တစ်ကိုယ်လုံး တုန်ယင်နေပြီး မချုပ်တည်းနိုင်သော ဒေါသဖြင့် ပြောလိုက်သည်။ "အမေကို သတ်တဲ့ ရန်ငြိုးကို၊ မဆပ်ဘဲ နေလို့မရဘူး။"
နဉ်ရှောင်ယောင်း : သရုပ်ဆောင်စွမ်းရည်ကို ယှဉ်ပြိုင်ရမည်ဆိုလျှင် သူမသည် ဤလူကြီးကို အမှန်ပင် မယှဉ်နိုင်ပေ။
တပ်မှူးသည် ထိုအချိန်တွင် နာကျင်စွာ အော်ဟစ်နေလေသည်။ သူ့မျက်နှာပေါ်မှ အရေပြားသည် သွေးအဖုများ ထလာ၏။ ပါးစပ်ဟလိုက်သောကြောင့် အဆိပ်ရည်များသည် ပါးစပ်ထဲသို့ စီးဝင်သွားရာ တပ်မှူး၏ နာကျင်စွာ အော်ဟစ်သံသည် ရုတ်တရက် ရပ်တန့်သွားပြီး မကြာမီ သူ့ပါးစပ်ထဲမှလည်း သွေးအဖုများ အလုံးလိုက် ထွက်ပေါ်လာလေသည်။
သစ်သားနှင့် မြေပြင်ကိုပင် တိုက်စားနိုင်သော အဆိပ်ရည်သည် သွေးနှင့် အသားနှင့် တွေ့ထိသောအခါ၊ ၎င်း၏အာနိသင်မှာ နှစ်ဆ တိုးသွားလေသည်။
"သူတို့အားလုံးကို ဒီအဘိုးကြီးအတွက် ဖမ်းဆီးလိုက်ကြ။" အမတ်ချုပ်ကြီးရှဲ့သည် မြေပြင်ပေါ်ရှိ တပ်မှူးများကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
လိုကျစ်ကွေ့သည် ရှေ့သို့ တိုးလာမည့် လူများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထိုတစ်ချက်တည်းသော အကြည့်ကပင် အမတ်ချုပ်ကြီးရှဲ့၏ဘေးမှ ကိုယ်ရံတော်များကို တုန်လှုပ်သွားစေခဲ့သည်။
နဉ်ရှောင်ယောင်းသည် ထိုင်ချလိုက်ပြီး သူမ၏လက်ကို တပ်မှူး၏မျက်နှာပေါ်သို့ ကပ်ထားလိုက်သည်။ ဖောင်းကြွနေသော သွေးအဖုများသည် သူမ၏လက်အောက်တွင် လှုပ်ရှားနေ၏။ နဉ်ရှောင်ယောင်းသည် စိတ်ထဲမှ ကြမ်းတမ်းသော စကားတစ်ခွန်းကို ကျိန်ဆဲလိုက်သည်။ အမတ်ချုပ်ကြီးရှဲ့က ဒီလောက် အလျင်စလိုလူသတ်လိမ့်မည်ဟု သူမ တကယ် မမျှော်လင့်ထားခဲ့ပေ။
"လူတွေကို ခေါ်သွားကြ။" လိုကျစ်ကွေ့က နဂါးအစောင့်များကို အမိန့်ပေးလိုက်သည်။
"လိုကျစ်ကွေ့၊ မင်း ဒါ ဘာအဓိပ္ပာယ်လဲ။" အမတ်ချုပ်ကြီးရှဲ့သည် ဤတစ်ကြိမ်တွင် စစ်သေနာပတိချုပ် လိုကျစ်ကွေ့၏နာမည်ကို တိုက်ရိုက်ခေါ်ဝေါ်လိုက်သည်။
လိုကျစ်ကွေ့က အေးစက်စွာဖြင့်၊ "အမတ်ချုပ်ကြီးရဲ့ မယ်တော် ကွယ်လွန်သွားလို့ ခံစားရတဲ့ နာကျင်မှုကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အမတ်ချုပ်ကြီးက အရှင်မင်းကြီးရဲ့ ရှေ့မှောက်မှာ တရားလက်လွတ် အပြစ်ပေးလို့ မရပါဘူး။"
"မစစ်ဆေးဘဲ လူသတ်တာ။" အကြီးအကဲလီသည် ထိုအချိန်တွင် ရှေ့သို့ လျှောက်လှမ်းလာပြီး၊ "အမတ်ချုပ်ကြီး၊ ခင်ဗျားရဲ့မိခင် မျက်စိစုံမှိတ်နိုင်မှာ မဟုတ်မှာကို ခင်ဗျား မကြောက်ဘူးလား။ အမှားနဲ့ အမှန်၊ ခင်ဗျား ရှင်းရှင်းလင်းလင်း မသိချင်ဘူးလား။"
လိုကျစ်ကွေ့သည် နဂါးအစောင့်များဘက်သို့ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။
နဂါးအစောင့်များသည် ရှေ့သို့ ပြေးတက်လာပြီး လူများကို ထမ်းကာ ထွက်ခွာသွားကြသည်။
နဉ်ရှောင်ယောင်းသည် လက်ကိုင်ပဝါတစ်ထည်ကို ယူလိုက်ပြီး တပ်မှူး၏မျက်နှာကို ဖုံးအုပ်လိုက်သည်။ ဤတပ်မှူး၏မျက်နှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို လူများ မြင်တွေ့သွားပြီး သူမကို မိစ္ဆာတစ်ကောင်ဟု ထပ်ပြီးအထင်မှားသွားရင် ဘယ်လိုလုပ်မလဲ။
"ခင်ဗျားတို့ ခုနက ဘာလို့ ကြွေပုလင်းကို ရှာမတွေ့ခဲ့တာလဲ။" ရှဲ့အန်းရှီသည်လည်း ပြေးလာခဲ့ပြီး လိုကျစ်ကွေ့အား ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်သည်။ ဤကိစ္စကို မည်သူ လုပ်ဆောင်သည်ဖြစ်စေ၊ ဤသည်မှာ အပြစ်ပုံချခြင်း ဖြစ်သည်မှာ သေချာလှသည်။
လိုကျစ်ကွေ့က၊ "အဲ့ဒီလို နေရာမျိုးကို၊ ဘယ်သူက အကြောင်းမရှိဘဲ သွားထိမှာလဲ။"
ရှဲ့အန်းရှီသည် လိုကျစ်ကွေ့၏ စကားကြောင့် ဆွံ့အသွားသည်။ ဟုတ်ပေသည်။ မည်သည့် ယောကျ်ားက အကြောင်းမရှိဘဲ အခြား ယောကျ်ားတစ်ယောက်၏ ထိုနေရာကို သွားထိမည်နည်း။ ကြွေပုလင်းမှာလည်း မကြီးမားလှဘဲ၊ ရှည်မျောမျော ပုံစံ ဖြစ်နေသည်။ သတိမထားမိပါက၊ ထိုနေရာကို ထိမိခဲ့လျှင်တောင်မှ၊ သတိမပြုမိခြင်းမှာလည်း ပုံမှန်ပင် ဖြစ်သည်။
"မင်း ပြောတဲ့ စကားက။" နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့၏ တတိယသားကို မျက်စောင်းထိုး ကြည့်လိုက်ပြီး ဆိုသည်။ "တစ်ယောက်ယောက်က သူ့ကို အပြစ်ပုံချတယ် ဟုတ်လား။ ဒါဆို သူက ဘာလို့ မအော်တာလဲ။ ဘောင်းဘီထဲကို ပစ္စည်းတစ်ခု အထည့်ခံရတာကို သူက မခံစားမိနိုင်ဘူးလား။"
ရှဲ့အန်းရှီမှာမူ ပို၍ပင် စကားမဆိုနိုင်တော့ပေ။
"သခင်မငယ်ဝမ်ရဲ့ကိစ္စ။" လိုကျစ်ကွေ့သည် ခေါင်းငုံ့ကာ နဉ်ရှောင်ယောင်း၏နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ ကိစ္စများက ဤမျှ ကြီးမားလာပြီ ဖြစ်ရာ၊ 'ကြာကြာပန်းဖြူလေး' ၏ ကိစ္စကို လက်လျှော့လိုက်ရုံသာ ရှိတော့တယ် မဟုတ်ဘူးလား။
အကြီးအကဲလီသည် ထိုအချိန်တွင် နဉ်ရှောင်ယောင်းအား ပြောလိုက်သည်။ "အရှင်မင်းကြီး၊ ဒီလူခုနစ်ယောက်ကို သေသေချာချာ စစ်ဆေးရပါမယ်။ သူတို့ ဘာကြောင့် သခင်မကြီးတစ်ယောက်ကို အဆိပ်ခတ်ရတာလဲ ဆိုတာကို မေးမြန်းရပါမယ်။"
"အင်း။" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏လက်ကို တစ်ချက် ထပ်မံ တို့ထိလိုက်သည်။
"ကျွန်တော် သခင်မငယ်ဝမ်ကို လွှတ်လိုက်ပြီ။"
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏တိုက်တွန်းမှုကြောင့် သခင်မငယ်ဝမ်၏ အကြောင်းကို ထုတ်ဖော် ပြောဆိုလိုက်ရသည်။
"သခင်မကြီးက အရင်က ကျွန်တော့်ကို ပြောဖူးတယ်။ သူက ဒီကြာပန်းဖြူလေးကို အရမ်း သဘောကျတယ်တဲ့။ ဒီနေ့ သခင်မကြီးက ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်။ ကျွန်တော့်ရဲ့ လိမ္မာယဉ်ကျေးမှုကို ပြသတဲ့အနေနဲ့၊ ကျွန်တော်... ကျွန်တော် သခင်မငယ်ဝမ်ကို ရှဲ့အန်းယိရဲ့ တရားဝင်
ဇနီးအဖြစ် သတ်မှတ်ပေးလိုက်မယ်။"
နဉ်ရှောင်ယောင်းသည် ဤစကားကို ပြောပြီးသည်နှင့် သူမ၏ သွားများ နာကျင်လာသည်ဟု ခံစားလိုက်ရသည်။ အချိန်အတော်ကြာ လှုပ်ရှားခဲ့ပြီးနောက၊ သူမသည် ကြာပန်းဖြူလေး၏ဆန္ဒကို ပြည့်ဝသွားစေခဲ့သည်။
သခင်မဝမ်သည် ခြံဝန်းတံခါးအပြင်ဘက်တွင် ရပ်နေရင်း၊ နဉ်ရှောင်ယောင်း၏ စကားကို ကြားသောအခါ မျက်လုံးများ လန်သွားပြီး မေ့လဲသွားလေသည်။
"သခင်မ။"
"မြန်မြန် လာကြဦး။ သခင်မ မေ့လဲသွားပြီ။"
...
ခြံဝန်းတံခါးအပြင်ဘက်ရှိ အစေခံများနှင့် အဖွားကြီးများမှာ အလုံးအရင်းဖြင့် ရှုပ်ထွေးသွားကြသည်။
ခြံဝန်းအတွင်းရှိ နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့ဘက်သို့ လက်ဖြန့်လိုက်ပြီး၊ "ကြည့်ရတာ သခင်မဝမ်က တော်တော် ပျော်သွားပုံပဲ။ ကြည့်ပါဦး၊ သူ ပျော်လွန်းလို့တောင် မေ့လဲသွားပြီ။"
လူများ : ......
အမတ်ချုပ်ကြီးရှဲ့၏ လည်ချောင်းထဲတွင် သွေးနံ့များဖြင့် ပြည့်နှက်နေ၏။ သခင်မကြီး၏ ဈာပနကို ဖျက်ဆီးခဲ့ပြီး သူ့လက်ထဲမှ တောင်ပိုင်းပြည်နယ်၏ တပ်မှူးခုနစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။ ဤမိန်းကလေးက ယခု သခင်မငယ်ဝမ်ဟူသော ဆိုးသွမ်းသည့် မိန်းမကို အသုံးချ၍ သူ့အား ရွံရှာစရာ ဖြစ်အောင် ထပ်လုပ်ပြန်ပြီ။
"သခင်မငယ်ဝမ် ဘယ်မှာလဲ။" လိုကျစ်ကွေ့က မေးလိုက်သည်။
"အရှေ့ဘက်ခြံဝန်းက ထင်းထားတဲ့ အခန်းထဲမှာ။" နဉ်ရှောင်ယောင်းက နဂါးအစောင့်နှစ်ဦးအား ပြောလိုက်သည်။ "မင်းတို့နှစ်ယောက် တစ်ခေါက်လောက် ပြေးပြီး၊ သွားခေါ်လာခဲ့ကြ။"
နဂါးအစောင့်နှစ်ဦးသည် အမိန့်ကို လက်ခံရရှိပြီး ပြေးထွက်သွားကြသည်။
အမတ်ချုပ်ကြီးရှဲ့သည် တစ်ကိုယ်လုံး အေးစက်လျက် တွေးတောနေမိသည်။ အိမ်တော်ထဲမှ ကိစ္စများကို နဉ်ယွီက သိရှိနေသည်။ အိမ်တော်ထဲတွင် သစ္စာဖောက် ရှိနေသည်။ ထိုသစ္စာဖောက်မှာ အဓိက အဆောက်အအုံတွင် ဝင်ထွက်သွားလာနိုင်သော သစ္စာဖောက်ပင် ဖြစ်သည်။
"အရှင်မင်းကြီး။" သခင်မဝမ်သည် သူမအား ပြုစုနေသော အဖွားကြီး၏ နှိပ်နယ်မှုကြောင့် သတိပြန်လည်လာပြီး ခြံဝန်းတံခါးအပြင်ဘက်တွင် ဒူးထောက်ကာ အတွင်းသို့ အော်ဟစ်လိုက်သည်။
နဉ်ရှောင်ယောင်းသည် သခင်မဝမ်အား ခြံဝန်းအတွင်းသို့ ဝင်ခွင့်မပြုဘဲ ပြောလိုက်သည်။ "သခင်မ ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ခင်ဗျား သခင်မကြီးရဲ့ ဈာပနကိစ္စကို သွားပြီး လုပ်ဆောင်လိုက်ပါဦး။" သခင်မဝမ်ကို အတွင်းသို့ ဝင်ခွင့်ပြုလိုက်ပါက ဒီအမျိုးသမီးက သူမပြောပြီးသားစကားကို ရအောင်ဖျက်လိမ့်မည်။
သခင်မဝမ်က ကျယ်လောင်စွာ ပြောလိုက်သည်။ "အရှင်မင်းကြီး၊ သခင်မငယ်ဝမ်က ဇနီးမယားတစ်ယောက်အနေနဲ့ မလိမ္မာဘူး၊ မနာလိုစိတ် ပြင်းထန်ပြီး အကျင့်သီလ မရှိပါဘူး။ ဒီလို မိန်းမမျိုးက ဘယ်လိုလုပ်ပြီး ကျွန်တော်မျိုးမသားရဲ့ တရားဝင်ဇနီး ဖြစ်နိုင်မှာလဲ။ အရှင်မင်းကြီး စဉ်းစားဆုံးဖြတ်တော်မူပါဦး။"
ခြံဝန်းအတွင်း ရပ်နေသော ဝမ်မိသားစုမှ ညီအစ်ကိုများစွာတို့သည် သခင်မဝမ်၏စကားကို ကြားသောအခါ ချက်ချင်းပင် မျက်နှာများ ပြောင်းလဲသွားကြသည်။ သူတို့ ဝမ်မိသားစုမှ သမီးများ ပြန်လည် နာလန်ထူနိုင်တော့မည်ကို မြင်တွေ့နေရပြီး လက်မထပ်နိုင်တော့မည်ကို စိုးရိမ်စရာ မလိုတော့သည့် အချိန်တွင် သခင်မဝမ်ရဲ့စကားက ဘာအဓိပ္ပါယ်လဲ။ ဧကရာဇ်သည် သခင်မကြီး၏ မျက်နှာကို ထောက်ထား၍ နောက်ဆုတ်ပေးခဲ့ပြီ ဖြစ်သော်လည်း ဒီမိန်းမက ဝမ်မိသားစုမှ သမီးများကို သေလမ်းသို့ တွန်းပို့ချင်နေသေးတာလား။
အမတ်ချုပ်ကြီးရှဲ့သည် စိတ်ထဲမှ 'တုံးအသော မိန်းမ' ဟု ကျိန်ဆဲလိုက်ပြီး ခေါင်းလှည့်ကာ ရှဲ့အန်းရှီအား အမိန့်ပေးလိုက်သည်။ "မင်းအမေက ဝမ်းနည်းပူဆွေးလွန်းလို့ ပုံမှန် မဟုတ်တော့ဘူး။ မင်းအမေကို အခန်းထဲ ပြန်ခေါ်သွားလိုက်။" နောက်ကွယ်တွင် အလွယ်တကူ ရှင်းလင်းနိုင်သော ဆိုးသွမ်းသည့် မိန်းမတစ်ယောက်အတွက် မိဘ၏မျိုးနွယ်စုကို စိတ်ခုစေရန် လိုအပ်လို့လား။ အမတ်ချုပ်ကြီးရှဲ့မှာမူ သခင်မဝမ် ဘယ်လိုတွေ စဉ်းစားနေလဲ နားမလည်နိုင်တော့ပေ။
ရှဲ့အန်းရှီသည် ဤအချိန်တွင် စကားများများ မပြောဝံ့ဘဲ 'ဟုတ်ကဲ့' ဟု တိုးညှင်းစွာ ပြန်ဖြေပြီး ခြံအပြင်ဘက်သို့ အမြန် လျှောက်လှမ်းသွားသည်။
"အရှင်မင်းကြီး။" သခင်မဝမ်သည် ခြံအပြင်ဘက်တွင် ငိုယို အော်ဟစ်နေဆဲဖြစ်ပြီး သခင်မငယ်ဝမ်၏ မကောင်းကြောင်းများကို ကျယ်လောင်စွာ အော်ဟစ်နေသည်။
အဖွားကြီးတစ်ဦးသည် ရုတ်တရက် သခင်မဝမ်၏နောက်မှ တိုးညှင်းစွာ အော်ခေါ်လိုက်သည်။ "သခင်မ။"
သခင်မဝမ်သည် ထိုအဖွားကြီး၏ခေါ်သံကြောင့် နောက်သို့ လှည့်ကြည့်လိုက်ရာ သခင်မငယ်ဝမ်သည် သူမနှင့် မလှမ်းမကမ်းတွင် ရပ်နေပြီး သူမအား ခံစားချက်မရှိသော မျက်နှာဖြင့် ကြည့်နေသည်ကို တွေ့ရှိလိုက်ရသည်။
သူမ၏ခုနက ပြင်ဆင်ထားသော ဆံထုံးကို လက်ဖြင့် အသာ ပင့်မလိုက်ပြီး သခင်မငယ်ဝမ်သည် သခင်မဝမ်၏ ဘေးမှ ဖြတ်လျှောက်သွားသည်။ သူမ၏အဒေါ်တော်စပ်သူ၊ ယောက္ခမဖြစ်သူအား တစ်ချက်မျှပင် ကြည့်မသွားခဲ့ပေ။
"အောက်တန်းစား... အောက်တန်းစားမ။" သခင်မငယ်ဝမ်၏ အမူအရာသည် သခင်မဝမ်ကို ဒေါသထွက်စေခဲ့သည်။ သခင်မဝမ်သည် ကိုယ်ကို မတ်လိုက်ပြီး သခင်မငယ်ဝမ်ကို ဖမ်းဆွဲရန် ကြိုးစားကာ၊ ကျယ်လောင်စွာ ဆဲပြောလိုက်သည်။ "နင်... ဒီအောက်တန်းစားမ။"
သခင်မငယ်ဝမ်၏ နောက်မှ လိုက်ပါလာသော နဂါးအစောင့်သည် မညှာမတာဘဲ ဓားအိမ်ကို အသုံးပြု၍ သခင်မဝမ်အား တွန်းထုတ်လိုက်သည်။ သူတို့သည် သခင်မငယ်ဝမ်ကို ဧကရာဇ်မင်း၏ ရှေ့မှောက်သို့ ခေါ်ဆောင်ရန် အမိန့်ရရှိထားသဖြင့် လူကို မထိခိုက် မပျက်စီးစေဘဲ ခေါ်ဆောင်သွားရမည် ဖြစ်သည်။
အဖွားကြီးနှစ်ဦးသည် ရှေ့သို့ ပြေးတက်လာပြီး သခင်မဝမ်အား တွဲကူလိုက်ရာ သခင်မဝမ် နဂါးအစောင့်၏ တွန်းထုတ်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျမည့် အခြေအနေမှ ရှောင်ရှားနိုင်ခဲ့သည်။
သခင်မငယ်ဝမ်သည် သခင်မဝမ်အား ကြည့်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။
"အဒေါ်နဲ့ ကျွန်မက မိသားစုတစ်ခုတည်းက လာတာပါ။ 'အောက်တန်းစားမ' ဆိုတဲ့ စကားကို ကျွန်မ အဒေါ့်ကို နောင်တစ်ချိန်မှာ ထပ်မပြောဖို့ အကြံပေးချင်ပါတယ်။ ရှင်ပြောလို့ ပျော်သွားပေမဲ့ ဝမ်မိသားစုက သမီးတွေ နောက်ဆို ဘယ်လို နေထိုင်ရမလဲ။"
သခင်မငယ်ဝမ်သည် စကားပြောပြီးသည်နှင့် ရှေ့သို့ ဆက်လျှောက်သွားသည်။ ခြံဝန်းတံခါးမှ ထွက်လာသော ရှဲ့အန်းရှီကို မြင်တွေ့သော်လည်း ခြေလှမ်းများကို မရပ်တန့်ခဲ့ပေ။ ရှဲ့မိသားစုနှင့် ဝမ်မိသားစု နှစ်ခုလုံးက သူမကို စွန့်ပစ်လိုက်သည့် အချိန်မှစ၍၊ သခင်မငယ်ဝမ်သည် ယခုအချိန်တွင် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ အသက်ရှင်လိုလျှင်၊ အခြားသူများထက် မနိမ့်ကျသော ဘဝဖြင့် ရှင်သန်လိုလျှင် သူမ ယခု အားကိုးနိုင်သော တစ်ဦးတည်းသောသူမှာ ဧကရာဇ်သာ ဖြစ်သည်။ ဧကရာဇ်က သူမကို ရှဲ့အန်းယိ၏ တရားဝင်ဇနီးအဖြစ် သတ်မှတ်ပေးသမျှ သူမ၏သားကို ကြီးပြင်းအောင် မွေးမြူနိုင်သမျှ သူမသည် ဤဘဝတွင် ကြွယ်ဝချမ်းသာမှုများဖြင့် ရှင်သန်နေထိုင်နိုင်သေးသည်။ ရှဲ့အန်းယိကိုမူ သခင်မငယ်ဝမ် စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်သည်။ မိမိကိုယ်တိုင်မှလွဲ၍ အခြားသူများကို ဂရုမစိုက်သော ယောကျ်ားတစ်ယောက်အတွက် နှမြောတသ ဖြစ်နေစရာ ဘာများရှိသေးလို့လဲ။
ရှဲ့အန်းရှီသည် အဖွားကြီးနှစ်ဦးအား သခင်မဝမ်ကို အခန်းထဲသို့ ပြန်လည် တွဲကူခိုင်းလိုက်သည်။
သခင်မဝမ်သည် ကိုယ်ကို ရှေ့သို့ ပစ်လိုက်ပြီး တတိယသားအား ဆွဲကာ မျက်ရည်များဖြင့် ပြောလိုက်သည်။ "မဖြစ်ဘူး၊ ရှဲ့မိသားစုက ဒီအောက်တန်းစားမကို ထားလို့ မဖြစ်ဘူး။"
ရှဲ့အန်းရှီသည် ယခုအချိန်တွင် မိခင်ဖြစ်သူက သခင်မငယ်ဝမ် အစ်ကိုကြီးအား အန္တရာယ်ပြုခဲ့သည်ကို မုန်းတီးနေသည်ဟုသာ ထင်မှတ်ပြီး အသံကို နှိမ့်ကာ သခင်မဝမ်အား ပြောလိုက်သည်။ "အမေ၊ အရှင်မင်းကြီးက အမိန့်ချမှတ်ပြီးသွားပြီ။ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး အမိန့်ကို ဖီဆန်နိုင်မှာလဲ။"
သခင်မဝမ်သည် 'အမိန့်' ဟူသော စကားလုံးနှစ်လုံးကြောင့် ခေါင်းများ မူးဝေသွားပြီး နောက်ဆုံးတွင် အသက် မရှူနိုင်တော့ဘဲ တစ်ဖန် မေ့လဲသွားပြန်သည်။
ခြံဝန်းထဲတွင်၊ သခင်မငယ်ဝမ်သည် ဒူးထောက်ကာ နဉ်ရှောင်ယောင်းအား အရိုအသေ ပေးလိုက်သည်။
နဉ်ရှောင်ယောင်းသည် လက်ကို အားယူကာ ဝှေ့ယမ်းလိုက်ပြီး သခင်မငယ်ဝမ်အား အရိုအသေ ပေးစရာ မလိုတော့ကြောင်း ပြောလိုက်သည်။
ရှဲ့အန်းကျိသည် ထိုအချိန်တွင် ရုတ်တရက် ထမေးလိုက်သည်။ "အရှင်မင်းကြီးက ကျွန်တော့်အစ်ကိုကြီးကို ဘယ်လို အပြစ်ပေးမလဲ။"
နဉ်ရှောင်ယောင်း မဖြေကြားမီမှာပင် လိုကျစ်ကွေ့က ပြောလိုက်သည်။ "ရှဲ့အန်းယိကို နယ်စပ်က အေးခဲတဲ့နေရာဒေသကို ပြည်နှင်ဒဏ်ပေးမယ်။ ဒါက အမတ်ချုပ်ကြီး တောင်းဆိုထားတာ။ ရှဲ့အန်းကျိ၊ မင်း ဒီကိစ္စကို မသိဘူးလား။"
ရှဲ့အန်းကျိသည် သခင်မငယ်ဝမ်ကို လက်ညှိုးထိုးလိုက်သည်။ အရှင်မင်းကြီးက သခင်မငယ်ဝမ်ကို ခွင့်လွှတ်ပြီး အဘယ်ကြောင့် သူ့အစ်ကိုကြီးကို ခွင့်မလွှတ်နိုင်ရတာလဲ။
နဉ်ရှောင်ယောင်း 'ကျစ်' ဟု စုပ်သပ်
လိုက်ပြီး ဆိုသည်။
"မိန်းမတစ်ယောက်ကို အနိုင်ကျင့်နေတာ၊ မင်းက တော်တော် အရည်အချင်း ရှိတာပဲ။"
ရှဲ့အန်းကျိသည် ယခုအချိန်တွင် ဧကရာဇ်ကို သတ်ဖြတ်ပစ်ချင်စိတ်ပင် ပေါက်သွားသည်။ ဘယ်သူကအရင်ဆုံး မိန်းမတစ်ယောက်ကို အနိုင်ကျင့်ခဲ့တာမို့လို့လဲ။
"စကားမစပ်၊ အဲ့ဒါက ဘာပစ္စည်းတွေလဲ။" နဉ်ရှောင်ယောင်းသည် ခြံ၏မြောက်ဘက်နံရံဆီသို့ လက်ညှိုးထိုးကာ အမတ်ချုပ်ကြီးရှဲ့အား မေးလိုက်သည်။
လူအားလုံးသည် ခြံ၏မြောက်ဘက်နံရံဆီသို့ ကြည့်လိုက်ကြသည်။ မြောက်ဘက်နံရံ၏ ခြေရင်းတွင်၊ အိုးငယ် ဆယ်လုံးကျော် တန်းစီ ချထားလေသည်။
"အဲ့ဒါက သခင်မကြီး ဆောင်းတွင်းမှာ သိပ်ထားတဲ့ တချို့ အချဉ်သိပ်တွေပါ။" အမတ်ချုပ်ကြီးရှဲ့က ဆို၏။ "အရှင်မင်းကြီးက အဲ့ဒီထဲမှာလည်း အဆိပ်ရှိနေမှာကို ကြောက်နေတာလား။"
နဉ်ရှောင်ယောင်းသည် အမှန်တကယ်တွင် စပ်စု၍သာ မေးလိုက်ခြင်း ဖြစ်သည်။ သူမ ပထမဆုံးအကြိမ် ခြံဝန်းထဲသို့ ဝင်လာစဉ်ကတည်းက ဤ အရွယ်အစား တူညီသော အိုးများကို သတိပြုမိခဲ့သည်။ ယခု မပြန်မီမှသာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။
အမတ်ချုပ်ကြီးရှဲ့က အနည်းငယ် သရော်သလို ပြောလိုက်သည်။ "အရှင်မင်းကြီးက စိတ်မချဘူးဆိုရင် ဒီအချဉ်သိပ်အိုးတွေကို ယူပြန်သွားပြီး စစ်ဆေးနိုင်ပါတယ်။"
နဉ်ရှောင်ယောင်းက ဆိုသည်။ "ခင်ဗျား မလိုချင်တော့ဘူးလား။"
အမတ်ချုပ်ကြီးရှဲ့က ဆိုသည်။ "ကျွန်တော်က အရှင်မင်းကြီး စိတ်မချမှာကို စိုးရိမ်လို့ပါ။"
"ဒါဆို ကောင်းပြီ။" နဉ်ရှောင်ယောင်းသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး၊ နဂါးအစောင့်များအား ပြောလိုက်သည်။ "တစ်ယောက်ကို နှစ်အိုးစီ ထမ်းသွားကြ။ အကုန်လုံး ယူသွားလိုက်။" အချဉ်သိပ်ဟူသည် အစားအစာနှင့် တူညီသည်။ နဉ်ရှောင်ယောင်းသည် ပါးစပ်ထဲသို့ ရောက်လာသော အစားအစာကို ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။
ယင်းဖုန်းသည် ထိုအချိန်တွင် ခြံဝန်းတံခါးအပြင်ဘက်မှ ဝင်လာခဲ့သည်။ ယင်းဖုန်း အနားသို့ မရောက်လာသေးမီမှာပင် နဉ်ရှောင်ယောင်းသည် အခြေအနေသစ်တစ်ခု ရှိနေသည်ကို သတိပြုမိလိုက်သည်။ သာ့ဖုန်းရဲ့ကိုယ်ပေါ်မှာ ဘယ်လိုလုပ် မိန်းကလေးအလှပြင်ပစ္စည်းအနံ့မျိုးရနေတာလဲ။
***