လူဆိုး၊ လူကောင်း
Vol. 10 Ch. 151
နဉ်ရှောင်ယောင်းသည် ယင်းဖုန်းကို အပေါ်အောက် အသေးစိတ်လိုက်ကြည့်နေ၏။ ယင်းဖုန်းမှာ သူမ၏အကြည့်ကြောင့် စိတ်ထဲ မလုံမလဲ ဖြစ်သွားသည်။ သူသည် ခုနက ရှဲ့သခင်မလေးကို ပွေ့ဖက်ခဲ့မိသည်ကို ပြန်တွေးမိရာ စိတ်မလုံမလဲဖြစ်နေသော တပ်မှူးကြီးယင်းသည် အချဉ်သိပ်အိုးများကို သွားရောက် ထမ်းရန် မိမိသဘောဖြင့် ပြေးထွက်သွားလေသည်။
"တစ်ခုခုတော့ ထူးနေပြီ။" နဉ်ရှောင်ယောင်းက တိုးတိုးလေး ရေရွတ်လိုက်၏။
"ဘာဖြစ်တာလဲ။" လိုကျစ်ကွေ့က မေးလိုက်၏။
နဉ်ရှောင်ယောင်းက ခေါင်းခါလိုက်သည်။ နဂါးအစောင့်များ၏ကိုယ်ရေးကိုယ်တာ ပြဿနာကို စစ်သေနာပတိချုပ်လိုအား အပူမကပ်သင့်တော့ပေ။ ဤလူကိုယ်တိုင်က လူပျိုကြီး ဖြစ်နေသည် မဟုတ်လား။ စိုးရိမ်ပူပန်ပေးရင်း နောက်ဆုံးတွင် ယင်းဖုန်းတို့အဖွဲ့သည် သူနှင့်အတူ လိုက်ပါ၍ လူပျိုကြီးများ ဖြစ်သွားနိုင်ပေသည်။
မီးငြှိမ်းသတ်ရန် တာဝန်ယူထားသော တော်ဝင်ကိုယ်ရံတော်တပ်၏တပ်မှူးသည် ထိုအချိန်တွင် ပြေးလာခဲ့ပြီး နဉ်ရှောင်ယောင်းအား တော်ဝင်ကိုယ်ရံတော်တပ်သားများ မီးငြှိမ်းသတ်နေဆဲဖြစ်ကြောင်း သတင်းပို့လေသည်။
"စားနပ်ရိက္ခာတွေရော။" နဉ်ရှောင်ယောင်းက တိုးညှင်းစွာ မေးလိုက်၏။
"အားလုံးကို လှည်းပေါ် တင်ပြီးသွားပါပြီ။" တော်ဝင်ကိုယ်ရံတော်တပ်မှ ဗိုလ်ချုပ်က တိုးညှင်းစွာ ပြန်လည်ဖြေကြားသည်၊ "မီးကတော့ မငြိမ်းသေးပါဘူး။"
နဉ်ရှောင်ယောင်းက ခေါင်းညိတ်လိုက်
သည်။ စားနပ်ရိက္ခာတွေကိုအရင် သယ်ယူနေရသဖြင့် မီးငြှိမ်းသတ်ဖို့ ဘယ်သူကများ အာရုံစိုက်နိုင်ကြမှာလဲ။
လိုကျစ်ကွေ့က တပ်မှူးအား သူ့ရှေ့မှောက်သို့ ခေါ်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။
"စားနပ်ရိက္ခာ သယ်တဲ့ ကိစ္စကို စိတ်မပူနဲ့တော့။ မင်းရဲ့ လက်အောက်ငယ်သားတွေကို သွားလုပ်ခိုင်းလိုက်။ မင်းက အရှေ့ဘက်လမ်းမကြီးကို သွားပြီး ရှဲ့မိသားစုပိုင်တဲ့ အိမ်တော်ငါးခုကို သွားစောင့်ကြည့်ထား။"
ဗိုလ်ချုပ် “ဘယ်ငါးခုလဲ စစ်သူကြီး။"
"ဒီအိမ်တော်က ထွက်သွားတာနဲ့ မင်းကို လမ်းပြပေးမယ့်သူ ရှိလိမ့်မယ်။ အထဲက လူတွေကို အပြင်ထွက်ခွင့် မပေးနဲ့။ အပြင်က လူတွေကိုလည်း အထဲဝင်ခွင့် မပေးနဲ့။ မင်းတို့ တော်ဝင်ကိုယ်ရံတော်ရဲ့ တံဆိပ်ပြားကို တိုက်ရိုက်ပြလိုက်။ ပြီးတော့ အမတ်
ချုပ်ကြီးက သူတို့ကို စွန့်ပစ်လိုက်ပြီလို့ပါပြောလိုက်။"
ဗိုလ်ချုပ်သည် 'ဟုတ်ကဲ့' ဟု ဖြေကြားပြီး၊ အလျင်စလို ထွက်ခွာသွားလေသည်။
နဉ်ရှောင်ယောင်းသည် ထိုအချိန်တွင် ဘေးနား၌ ရပ်နေသော သခင်မငယ်ဝမ်ကို ကြည့်လိုက်ပြီး မျက်လုံးများ ကစားလိုက်သည်။ နဉ်ရှောင်ယောင်းက သခင်မငယ်ဝမ်အား ပြောလိုက်သည်။ "အမတ်ချုပ်ကြီးက ခုနက ကိုယ်တိုင် ပြောသွားတယ်လေ။ သခင်မဝမ်က အခု စိတ်မတည်ငြိမ်ဘူး၊ အရူးတစ်ယောက်လိုပဲ။ မင်းကိုယ်တိုင်လည်း သတိထားဦး။ အရူးက လူသတ်ရင် အပြစ်မရှိဘူးနော်။"
သခင်မငယ်ဝမ်သည် နူးညံ့သိမ်မွေ့စွာဖြင့် နဉ်ရှောင်ယောင်းအား ဦးညွှတ် အရိုအသေပေးလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "ကျွန်တော်မျိုးမ အမိန့်တော်အတိုင်း နာခံပါတယ်။"
"အမတ်ချုပ်ကြီး။" နဉ်ရှောင်ယောင်းက အမတ်ချုပ်ကြီးရှဲ့အား ထပ်မံ ပြောလိုက်သည်။ "သူ့ရဲ့ အသက်ကို ကျွန်တော် ခင်ဗျားလက်ထဲ အပ်လိုက်ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားလည်း အပြင်ထွက် လည်ပတ်လို့ မရတော့ဘူးပဲ။ ဒီချွေးမလေးကို ကောင်းကောင်း ကာကွယ်ပေးပါဦး။"
အမတ်ချုပ်ကြီးရှဲ့၏လည်ချောင်းထဲမှ သွေးနံ့သည် ပို၍ ပြင်းထန်လာသည်။ ဒီသေနာမလေးသည် သူ သခင်မငယ်ဝမ်ကို သတ်ဖြတ်လိုသော စိတ်အား ဖြတ်တောက်နေခြင်း ဖြစ်သည်။
"အဘိုးကြီး နောက်မှတွေ့ကြတာပေါ့။" နဉ်ရှောင်ယောင်းက အကြီးအကဲလီအား အလွန် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
အကြီးအကဲလီသည် ကိုယ်ကို ကိုင်းညွှတ်ကာ နဉ်ရှောင်ယောင်းအား အရိုအသေ ပြုလိုက်သည်။ ယနေ့ ဈာပနခန်းမ မီးလောင်ခြင်း၊ သခင်မကြီး၏အလောင်း ခေါင်းတလားမှ ထွက်ပေါ်လာခြင်း၊ လူသတ်သမားကို ဖမ်းဆီးခြင်းတို့ ဖြစ်ပွားခဲ့ရာ၊ အကြီးအကဲလီသည် ကြီးကျယ်သော ပြဇာတ်ကြီးတစ်ပုဒ်ကို ကြည့်ရှုခဲ့ရသည်ဟုပင် ခံစားမိသည်။ ဤပြဇာတ်တွင် အပေါ်ယံအားဖြင့် မည်သူမျှ လက်မပါဝင်ဘဲ အများဆုံးမှာ စကားအနည်းငယ် အငြင်းပွားကြရုံသာ ဖြစ်သည်။ သို့သော် နောက်ကွယ်မှ ပြင်းထန်သော လှိုင်းလုံးကြီးများကိုအကြီးအကဲလီ၏ နှစ်ပေါင်းများစွာအတွေ့အကြုံအရ မြင်တွေ့နိုင်ပေသည်။
အမတ်ချုပ်ကြီးရှဲ့သည် နဉ်ရှောင်ယောင်း၏နင်းခြေခြင်းကို ခံလိုက်ရပြီး ရွှံ့နွံထဲသို့ နစ်ဝင်သွားသော်လည်း၊ သူသည် အိမ်တော်မှ ယောကျ်ားသားများနှင့်အတူ နဉ်ရှောင်ယောင်းအား ရိုသေစွာ လိုက်ပါ ပို့ဆောင်နေရဆဲ ဖြစ်သည်။
လိုကျစ်ကွေ့သည် မြင်းပေါ် မတက်မီတွင် တံခါးဝ၌ ရပ်နေသော သခင်မငယ်ဝမ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
သခင်မငယ်ဝမ်သည် အဝေးမှ လိုကျစ်ကွေ့အား အရိုအသေ ပြုလိုက်သည်။ စစ်သေနာပတိချုပ်လိုသည် သူမထံသို့ ထပ်မံ လာရောက်ဦးမည် ဖြစ်ကြောင်း၊ သခင်မငယ်ဝမ် စိတ်ထဲမှ တွေးတောနေမိသည်။
ဧကရာဇ်မင်း၏ယာဉ်တန်း ထွက်ခွာသွားပြီးနောက် ရှဲ့အိမ်တော်ထဲမှ အဆောက်အအုံတစ်ခု ပြိုကျသံသည် ကမ္ဘာမြေကြီး တုန်ခါသွားမတတ် ကျယ်လောင်စွာ ထပ်မံ ထွက်ပေါ်လာပြန်သည်။
အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်သည် သကြားလုံးတစ်ထုပ်ကို ကိုက်ချီလာပြီး အိမ်တော်ထဲရှိ ကျောက်တောင်တုတစ်ခု၏ အောက်ခြေသို့ ရောက်ရှိလာကာ၊ 'ချာ့ ချာ့' ဟု နှစ်ကြိမ် အော်ဟစ်လိုက်သည်။
အားမော့သည် ပုရွက်ဆိတ်တွင်းထဲမှ ပြေးထွက်လာပြီး သူ့နောက်တွင် သူငယ်ချင်းများစွာ လိုက်ပါလာသည်။
"ရှောင်ယောင်း မအားလို့ မလာနိုင်တော့ဘူး။ ဒါကို မင်းဆီ ယူလာခိုင်းလိုက်တာ။" အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်က အားမော့အား ဆိုသည်။ "ရှောင်ယောင်းက မင်းကို ကျေးဇူးတင်တယ်လို့ ပြောခိုင်းလိုက်တယ်။ ပြီးတော့ အားမော့... နောက်တစ်ခါ ကိစ္စရှိရင် ဒီနေ့လိုပဲ မင်း ငါ့ကို လာရှာ၊ ငါက ရှောင်ယောင်းကို သွားရှာပေးမယ်။ ငါက ပျံတာ မြန်တယ်။"
"ဟုတ်ပြီ။" အားမော့က အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်အား ချက်ချင်း သဘောတူလိုက်ပြီး၊ ခဏ စဉ်းစားကာ ထပ်ပြောလိုက်သည်၊ "အမတ်ချုပ်ကြီးက ဘာလို့ ရှောင်ယောင်းကို အမြဲတမ်း ဒုက္ခပေးချင်နေရတာလဲ။"
အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်က ခဏ စဉ်းစားလိုက်ပြီး၊ အလွန် အလေးအနက်ထားသော လေသံဖြင့် ဆိုသည်။
"သူတို့ လူသားတွေက အဲ့လိုပဲ။ လူဆိုးတွေက လူကောင်းတွေ အသက်ရှင်နေတာကိုမြင်ရင် သူတို့က စိတ်မချမ်းသာကြဘူး။"
အားမော့သည် အကြီးဆုံးဝမ်းကွဲခေါက်ရှာငှက်၏စကားမှာ အလွန်အဓိပ္ပာယ်ရှိလှသည်ဟု ခံစားလိုက်ရသည်။
အမတ်ချုပ်ကြီးရှဲ့သည် အိမ်တော်ထဲသို့ ပြန်လည် လျှောက်လှမ်းဝင်ရောက်လာပြီး ဝမ်းနည်းကြောင်း လာရောက်ဖော်ပြကြသော အရာရှိများအား ပြောလိုက်သည်။ "ကျွန်တော့်အမေရဲ့ သေဆုံးရတဲ့အကြောင်းရင်းက ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ ဈာပနကို ခေတ္တရွှေ့ဆိုင်းထားမယ်။ အားလုံးပဲ ကျေးဇူးပြုပြီး ပြန်ကြပါ။"
ပြဇာတ်ကို အားရအောင် ကြည့်ရှုခဲ့ပြီးသော အကြီးအကဲလီသည် လူများကို ဦးဆောင်ကာ ထွက်ခွာသွားလေသည်။
ကျန်ရှိနေသေးသော အရာရှိများမှာ မျက်နှာပေါ်တွင် မထင်ရှားသော်လည်း၊ အမတ်ချုပ်ကြီးရှဲ့ သိသည်မှာ ဤလူများ၏ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကြသည်။
"ကိစ္စမရှိဘူး။" အမတ်ချုပ်ကြီးရှဲ့က သူ့အဖွဲ့မှ အရာရှိများအား ပြောလိုက်သည်။ "အရှင်မင်းကြီးက ငါ့အမေကို 'အဘွားတော်' လို့ပဲ ခေါ်နေတုန်းပဲ။ ဆိုတော့ ငါလည်း 'အမတ်ချုပ်ကြီး' ဖြစ်နေတုန်းပဲ။ ဒီအမှန်တရားက ပြိုလဲသွားမှာ မဟုတ်ဘူး။"
အမတ်ချုပ်ကြီး၏ အဖွဲ့မှ အရာရှိများအားလုံးသည် အမတ်ချုပ်ကြီး ပြောသည်မှာ မှန်ကန်ကြောင်း သိကြပေသည်။ သို့သော် ယခုအမှန်တရားက ပြိုလဲသွားမည် မဟုတ်သော်လည်း၊ အကြောင်းမှာ ရှဲ့မိသားစုလက်ထဲတွင် စစ်အာဏာရှိနေသေးသောကြောင့် ဖြစ်သည်။ ရက်အနည်းငယ်ကြာပြီးနောက်၊ ဧကရာဇ်မင်းက ရှဲ့မိသားစုလက်ထဲမှ စစ်အာဏာကိုသာ သိမ်းယူသွားပါက အမတ်ချုပ်ကြီးရှဲ့အနေဖြင့် … ပြိုလဲသွားမည် မဟုတ်ကြောင်း အာမခံနိုင်အုံးပါ့မလား။ အရာရှိများအားလုံး၏စိတ်ထဲတွင် ဤမေးခွန်း ရှိနေသော်လည်း၊ မည်သူမျှ ထုတ်ဖော် မေးမြန်းခြင်း မပြုဝံ့ကြပေ။
အမတ်ချုပ်ကြီးရှဲ့ "အားလုံး အိမ်ပြန်ကြတော့။ ကျုပ်အမေကို င်္သဂြိုဟ်မယ့်နေ့ကျမှပဲ အားလုံးထပ်လာကြပါတော့။"
အမတ်ချုပ်ကြီး၏အဖွဲ့မှ အရာရှိများသည် နှုတ်ဆက်ကာ ထွက်ခွာသွားကြရုံသာ တတ်နိုင်လေသည်။
အပြင်လူများအားလုံး ထွက်ခွာသွားပြီးမှ အမတ်ချုပ်ကြီးရှဲ့သည် အစေခံလေး၏လက်ထဲမှ ရေခွက်ကို ယူ၍ ရေအနည်းငယ် သောက်လိုက်သည်။
နဂါးအစောင့် အနည်းငယ်သည် ရှဲ့အန်းယိကို ချုပ်နှောင်လျက် နံရံကွယ်၏နောက်မှ ခြံဝန်းအတွင်းသို့ လျှောက်ဝင်လာကြသည်။
သခင်မငယ်ဝမ်သည် ထိုအချိန်တွင် နံရံကွယ်၏ရှေ့၌ ရပ်နေ၏။ လင်မယားနှစ်ဦး မျက်နှာချင်းဆိုင် တွေ့ကြသောအခါ ရှဲ့အန်းယိ၏ စိတ်ခံစားမှုများမှာ ပြင်းထန်နေသော်လည်း သခင်မငယ်ဝမ်၏ အမူအရာမှာမူ ထုံထိုင်းနေလေသည်။
"မင်း... အရှင်မင်းကြီးက မင်းကို ဘာလို့ လွှတ်ပေးလိုက်တာလဲ။"
သခင်မငယ်ဝမ်က၊ "အရှင်မင်းကြီးက ကျွန်မလို မိန်းမသားတစ်ယောက်ကို အရေးတယူ လုပ်မနေလို့ပါ။"
ရှဲ့အန်းယိက ခေါင်းခါလိုက်ပြီး၊ "မင်း အရှင်မင်းကြီးကို တစ်ခုခု ကတိပေးလိုက်တာများ ရှိလား။"
နဉ်ယွီသည် သူတို့ ရှဲ့မိသားစုတစ်စုလုံး သေဆုံးသွားမှ ကျေနပ်မည့်သူ ဖြစ်သည်။ ဤလူက အကြောင်းပြချက်မရှိဘဲ သခင်မငယ်ဝမ်ကို လွှတ်ပေးလိုက်တာဖြစ်ပါ့မလား။ သူ့ကိုသတ်လိုက်လျှင်တောင်မှ သူ ယုံကြည်မည် မဟုတ်ပေ။
သခင်မငယ်ဝမ်က ပြုံးလိုက်သည်။ ထိုအပြုံးသည် နူးညံ့သိမ်မွေ့ခြင်း၊ ချစ်စဖွယ်ကောင်းခြင်း မရှိတော့ဘဲ၊ သရော်ပြောင်လှောင်ခြင်းနှင့် ခံစားချက်ကင်းမဲ့ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။ "မောင်တော်က ကျွန်မကိုလည်း အေးခဲတဲ့ နေရာကို သွားစေချင်တာလား။ ဒါဆို မောင်တော်နဲ့ ကျွန်မတို့ရဲ့ သားသမီးတွေကရော ဘယ်လိုလုပ်မလဲ။"
ရှဲ့အန်းယိသည် ယခုအချိန်မှ သူ၏ရှေ့မှ မိန်းမကို သူ ဘယ်တုန်းကမျှ မသိရှိခဲ့ဖူးသကဲ့သို့ ခံစားလိုက်ရသည်။
"ဝမ်ရှီ။" အမတ်ချုပ်ကြီးရှဲ့က စကားပြောလိုက်သည်။ "မင်း အခန်းထဲ ပြန်သွားတော့။"
သခင်မငယ်ဝမ်သည် အမတ်ချုပ်ကြီးရှဲ့အား အရိုအသေ ပြုလိုက်ပြီး နံရံကွယ်၏နောက်သို့ လျှောက်လှမ်းသွားလေသည်။
ရှဲ့အန်းယိက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "အဖေ။"
အမတ်ချုပ်ကြီးရှဲ့သည် ရှဲ့အန်းယိ၏ရှေ့သို့ လျှောက်သွားသည်။ ဒေါသထွက်ခြင်း မရှိဘဲ၊ အမတ်ချုပ်ကြီးသည် သားဦးဖြစ်သူကို ရင်ဆိုင်လိုက်ပြီး ခံစားချက်မရှိသကဲ့သို့ ပြောလိုက်သည်။ "နောင်တစ်ချိန်မှာ မင်း ကိုယ့်ကိုယ်ကိုယ် အားကိုးရတော့မယ်။ နယ်စပ်က အေးခဲတဲ့ နေရာဒေသမှာ မြက်ပင်တစ်ပင်တောင် မပေါက်ဘူး။ စစ်ပွဲ ဖြစ်လာတာနဲ့ လူ့အသက်က မြက်ပင်လိုပဲ။ အန်းယိ... မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။"
ရှဲ့အန်းယိသည် နဂါးအစောင့်များ၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး အမတ်ချုပ်ကြီးရှဲ့၏ ရှေ့မှောက်တွင် ဒူးထောက်ချလိုက်ကာ ပြောလိုက်သည်၊ "မဟုတ်ဘူး၊ အဖေ။ အမေ ကျွန်တော့်ကို ဒီလို ပြောခဲ့တာ မဟုတ်ဘူး။"
ရှဲ့အန်းရှီသည် ဘေးနားတွင် စကားတစ်ခွန်းမျှ မဆိုဘဲ ရပ်နေ၏။
ရှဲ့အန်းကျိက မကြည့်ရက်သဖြင့် ပြောလိုက်သည်။ "အဖေ၊ နောက်ထပ် နည်းလမ်းတစ်ခုလောက် စဉ်းစားကြည့်ပါဦး။"
"စောင့်။" အမတ်ချုပ်ကြီးရှဲ့သည် ခါးကို ကုန်းလိုက်ပြီး ရှဲ့အန်းယိ၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "အဖေ နိုင်တဲ့အထိ စောင့်။ မင်း မြို့တော်ကို ပြန်လာနိုင်လိမ့်မယ်။"
နိုင်မယ်ဟုတ်လား။ အဖေက လက်ရှိ ဧကရာဇ်မင်းကို နိုင်တဲ့အထိ စောင့်ရမှာလား။ ရှဲ့အန်းယိ၏ အမူအရာသည် မျှော်လင့်ချက် ကင်းမဲ့သွားသည်။ ဒါက သူ့ကိုအချိန်ဘယ်လောက်တောင် စောင့်ခိုင်းစေချင်နေတာလဲ။
"အကယ်၍ မစောင့်နိုင်ဘူးဆိုရင်၊" အမတ်ချုပ်ကြီးရှဲ့က ထပ်မံ ပြောလိုက်သည်။ "အဖေ မင်းကို စကားတစ်ခွန်း ထပ်ပေးလိုက်မယ်။ သေခြင်းတရားက လွတ်မြောက်ခြင်းပဲ။"
ရှဲ့အန်းယိ၏ ကိုယ်လုံးသည် အောက်သို့ ပျော့ခွေကျသွားပြီး စိတ်လွတ်သလို ပြောလိုက်သည်။ "မိန်းမတစ်ယောက်တည်းကြောင့်..." ချင်ရှီးဆိုသော မိန်းမတစ်ယောက်ကြောင့် သူ ဤအခြေအနေသို့ ရောက်ရှိသွားရတာမဟုတ်လား။
"မိန်းမတစ်ယောက်တည်းကြောင့် မဟုတ်ဘူး။" အမတ်ချုပ်ကြီးရှဲ့က သားဦးဖြစ်သူ၏ပခုံးကို ပုတ်လိုက်ပြီး၊ "ဒါက အရှင်မင်းကြီးက ငါတို့ ရှဲ့မိသားစုကို လက်မခံနိုင်လို့ပဲ။"
အမတ်ချုပ်ကြီးရှဲ့သည် ကိုယ်ကို ပြန်လည် မတ်လိုက်ပြီး နံရံကွယ်၏နောက်သို့ လျှောက်သွားလေသည်။
ရှဲ့အန်းကျိနှင့် ရှဲ့အန်းရှီတို့သည် နဂါးအစောင့်များက သူတို့၏အစ်ကိုကြီးအား အိမ်တံခါးမှ ဆွဲထုတ်သွားသည်ကို ကြည့်နေကြသည်။ တံခါးမကြီးရှေ့တွင် ရပ်နေရင်း မကြာသေးမီက ရှဲ့မိသားစုမှာ မည်မျှ ခမ်းနားထည်ဝါခဲ့သည်ကို ပြန်လည် တွေးတောမိကြသည်။ ယခုအချိန်တွင်မူ အိမ်တော်၏ အကြီးဆုံး သားဦးကိုပင် မကာကွယ်နိုင်တော့ပေ။ ရှဲ့ညီအစ်ကိုနှစ်ဦးစလုံးသည် ခဏတာမျှ စိတ်ဓာတ်ကျကာ စကားမဆိုနိုင် ဖြစ်သွားကြသည်။
"ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင်၊" အချိန်အတော်ကြာပြီးနောက်၊ အကျဉ်းသားဝတ်စုံ ဝတ်ဆင်ထားသော ရှဲ့အန်းယိ သူတို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားမှ၊ ရှဲ့အန်းကျိက တိုးညှင်းစွာ မုန်းတီးမှုဖြင့် ပြောလိုက်သည်။ "ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင်၊ အဖေ ဘာလို့ ဒီလောက် အပင်ပန်းခံပြီး သူ့ကို နန်းတင်ပေးခဲ့ရတာလဲ။"
ရှဲ့အန်းရှီ ပြန်လည် စဉ်းစားကြည့်သော်လည်း နဉ်ယွီ ရှဲ့အိမ်တော်တွင် ရှိစဉ်က ပုံစံကိုပင် ပြန်လည် မမှတ်မိနိုင်တော့ပေ။
"အဖေ လှည့်စားခံလိုက်ရတာ။" ဤစကားတစ်ခွန်းကို ချန်ထားခဲ့ပြီး၊ အမတ်ချုပ်ကြီးရှဲ့၏ တတိယသားတော်သည် လှည့်ကာ အိမ်တံခါးထဲသို့ ဝင်ရောက်သွားလေသည်။
နဉ်ယွီက အခုဆို ဘယ်လောက်တောင် ခေါင်းမော့ ရင်ကော့နေတဲ့လူတစ်ယောက် ဖြစ်နေပြီလဲ။ ဤသို့သောလူမျိုးက ရှဲ့အိမ်တော်တွင် ဆယ်နှစ်ကျော်တိုင်တိုင် တိတ်ဆိတ်စွာ နေထိုင်နိုင်ခဲ့သည်။ သည်းခံနိုင်စွမ်း တစ်ခုတည်းဖြင့်ပင် ဤလူသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အဖေဖြစ်သူသည် လှည့်စားခံခဲ့ရပြီး၊ ဧကရာဇ်မင်းငယ်လေးကို သူ့လက်ဖဝါးထဲတွင် ထိန်းချုပ်နိုင်မည်ဟု ထင်မှတ်ခဲ့ခြင်းမှာလည်း အံ့ဩစရာ မဟုတ်တော့ပေ။
အမတ်ချုပ်ကြီးရှဲ့သည် သခင်မဝမ်၏ ခြံဝန်းအတွင်းသို့ ဝင်သွားခဲ့သည်။ သခင်မဝမ်သည် ယခုအချိန်တွင် သူမ၏ မွေးရပ်မိသားစုမှ မောင်နှမများနှင့်အတူ ဘေးခန်းမဆောင်ထဲတွင် ရှိနေပြီး၊ အချင်းချင်း ဒေါသတကြီး စိုက်ကြည့်နေကြသည်။ ခန်းမအပြင်ဘက်တွင် စောင့်ဆိုင်းနေသော အစေခံများနှင့် အဖွားကြီးများမှာမူ သူတို့ ထိုနေရာမှ အမြန်ဆုံး ထွက်ခွာသွားနိုင်လျှင် ကောင်းမည်ဟု မျှော်လင့်နေကြသည်။
"ကျွန်မနဲ့ ရှင်နဲ့ ဘာရန်ငြိုးတွေ ရှိနေလို့လဲ။" သခင်မဝမ်သည် အလွန်အမင်း ဒေါသထွက်လျက် သူမ၏အစ်ကိုအား မေးလိုက်သည်၊ "ရှင်က ကျွန်မကို ဒုက္ခပေးဖို့ ဒီလို အရာမျိုးကို မွေးထုတ်လိုက်တာလား။"
သခင်မငယ်ဝမ်၏ဖခင်သည် မျက်လွှာပင် မပင့်ဘဲ အေးစက်စွာ ပြန်လည် ဖြေကြားလိုက်သည်၊ "အဲ့ဒီ ကလေးမကို မင်းကိုယ်တိုင် အိမ်တိုင်ရာရောက် လာတောင်းရမ်းခဲ့တာလေ။ ဘယ်လိုလဲ။ အခု အန်းယိ ဒုက္ခရောက်သွားတော့၊ အမှားက ငါ့သမီး တစ်ယောက်တည်းပဲလား။"
"သူ ဘာလုပ်ခဲ့လဲဆိုတာ ရှင် သိလို့လား။" သခင်မဝမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အမတ်ချုပ်ကြီးရှဲ့သည် တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်ရောက်လာပြီး စကားဆက်လိုက်သည်၊ "မိန်းမတွေကြားက အချင်းချင်း မနာလိုဖြစ်ကြတဲ့ ကိစ္စလေးတွေပါပဲ။ ချင်မိသားစုကိစ္စကို၊ ငါတောင် တခြားသူတွေကို အပြစ်မတင်ဘူး။ ဖူရန်. မင်း ဘာလို့ ဒေါသထွက်နေရတာလဲ။"
ဝမ်အမတ်ကြီးများသည် ထရပ်ကာ အမတ်ချုပ်ကြီးရှဲ့အား အရိုအသေ ပေးကြသည်။
အမတ်ချုပ်ကြီးရှဲ့သည် သခင်မဝမ်၏ ပြန်လည် ဖြေကြားမှုကိုပင် မစောင့်ဘဲ သူ့ယောက်ဖများအား ပြောလိုက်သည်။ "မကြာသေးခင်က ရှဲ့အိမ်တော်မှာ ကိစ္စအသေးလေးတွေ ဆက်တိုက်ဖြစ်ခဲ့တော့ ဝမ်ရှီလည်း စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေပြီ။ တစ်ခုခု ယဉ်ကျေးမှု မရှိတာ ရှိခဲ့ရင် ခင်ဗျားတို့ သူ့ကို အပြစ်မတင်ကြဖို့ မျှော်လင့်ပါတယ်။"
အမတ်ချုပ်ကြီးရှဲ့က ညှင်သာသော စကားကို ဆိုလိုက်မှ ဝမ်ညီအစ်ကိုများ၏ စိတ်အခြေအနေမှာ အနည်းငယ် ပြေလျော့သွားလေသည်။
အမတ်ချုပ်ကြီးရှဲ့သည် ရှဲ့အန်းကျိနှင့် ရှဲ့အန်းရှီ ညီအစ်ကိုနှစ်ဦးအား လာရောက်ရန် ထပ်မံ အမိန့်ပေးလိုက်ပြီး ညီအစ်ကိုနှစ်ဦးအား ဦးလေးတော်စပ်သူများကို အိမ်တော်အပြင်ဘက်သို့ လိုက်ပါ ပို့ဆောင်ခိုင်းလေသည်။
ဘေးခန်းမဆောင်ထဲတွင် လင်မယားနှစ်ဦးတည်း ကျန်ရှိနေသောအခါ သခင်မဝမ်သည် အသံကျယ်လောင်စွာဖြင့် ငိုကြွေးလေတော့သည်။
အမတ်ချုပ်ကြီးရှဲ့သည် ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ သောက်မည်အပြုတွင် ပါးစပ်ကို ဟလိုက်ရာ သွေးတစ်လုပ်စာသည် ခွက်ထဲသို့ အန်ကျလာလေသည်။
သခင်မဝမ်က ငိုယိုရင်း၊ "အမတ်ချုပ်ကြီး၊ အရှင်မင်းကြီးက အဲ့ဒီ အောက်တန်းစားမကို အန်းယိရဲ့ တရားဝင်ဇနီးအဖြစ် သတ်မှတ်လိုက်တယ်။ ဒါ ဘယ်လိုလုပ်ရမလဲ။ အဲ့ဒီ အောက်တန်းစားမ..."
"ဆက်မပြောနဲ့တော့။" အမတ်ချုပ်ကြီးရှဲ့သည် သွေးရောနေသော လက်ဖက်ရည်များကို မြေပြင်ပေါ်သို့ သွန်ပစ်လိုက်ပြီး ဘာမှမဖြစ်သကဲ့သို့ ပြောလိုက်သည်။ "အရှင်မင်းကြီးက ငါ့ကို ရွံရှာစေချင်တာ။ ငါ့ကို စိတ်ဆင်းရဲစေချင်တာပဲ။ မင်း ဒီလိုပုံစံ ဖြစ်နေတာက အရှင်မင်းကြီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပဲ။"
သခင်မဝမ်၏ ငိုသံသည် တစ်ချက် ရပ်တန့်သွားသည်။
"မင်း ပြင်ဆင်လိုက်တော့။ အိမ်တော်က လာမယ့် ရက်အနည်းငယ်အတွင်း ဧည့်သည် လက်မခံတော့ဘူး။ ငါက သခင်နှစ်ယောက် ဖြစ်နေတဲ့ အစေခံတွေကို ရှင်းလင်းပစ်ရမယ်။"
သခင်မဝမ်သည် ကြောက်လန့်တကြား ထရပ်လိုက်ပြီး မေးလိုက်သည်၊ "သူ..သူလျှိုတွေရှိတာလား။ ဘယ်လောက်တောင် များနေလို့လဲ။"
"ဒါကိုတော့ မင်း မေးစရာ မလိုတော့ဘူး။ မင်း သခင်မကြီးအတွက် အလောင်းကို ကောင်းကောင်း စောင့်ရှောက်လိုက်ပါ။ ငါ သခင်မကြီးကို တရားမျှတမှုတစ်ခု ပြန်ပေးမယ်။"
သခင်မဝမ်သည် အမတ်ချုပ်ကြီးရှဲ့၏ ရှေ့မှောက်သို့ လျှောက်လှမ်းသွားသည်။ သူမ၏လက်ထဲမှ လက်ကိုင်ပဝါသည် မျက်ရည်များဖြင့် စိုရွှဲနေ၏။ "ဒါပေမဲ့ အရှင်မင်းကြီးက ပြောခဲ့တယ်လေ။ အဲ့ဒီ အောက်တန်းစားမရဲ့ အသက်ကို အမတ်ချုပ်ကြီးက ကာကွယ်ပေးရမယ်လို့။" သခင်မဝမ်က တိုးညှင်းစွာ ပြောလိုက်သည်။
အမတ်ချုပ်ကြီးရှဲ့က ရယ်မောလိုက်ပြီး၊ "ဒီအဘိုးကြီးက သခင်မငယ်ဝမ်ရဲ့ အသက်ကို ယူလိုက်ရင်တောင် အရှင်မင်းကြီးက ကျုပ်ကို သတ်နိုင်မှာမို့လား။"
သခင်မဝမ်၏လက်တစ်ဖက် တုန်ယင်သွားပြီး လက်ကိုင်ပဝါသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
နဉ်ရှောင်ယောင်းသည် ယခုအချိန်တွင် မြင်းလှည်း၏ ပြတင်းပေါက်ကို မှီထားရင်း ပြတင်းပေါက်အပြင်ဘက်မှ လိုကျစ်ကွေ့အား ပြောလိုက်သည်၊ "စစ်သေနာပတိချုပ်၊ ကြာပန်းဖြူလေးက နောင်ဆို ဘယ်လို ဖြစ်သွားမယ်လို့ ခင်ဗျား ထင်လဲ။"
"နောင်ပိုင်းကတော့ သူကိုယ်တိုင်အပေါ်ပဲ မူတည်သွားပြီ။" လိုကျစ်ကွေ့က ခံစားချက်မပါသော လေသံဖြင့် ပြောလိုက်သည်။
သခင်မငယ်ဝမ် အသက်ရှင်နိုင်မည် မဟုတ်ကြောင်း၊ စစ်သေနာပတိချုပ်ကြီး လိုကျစ်ကွေ့ စိတ်ထဲမှ ရှင်းရှင်းလင်းလင်း သိရှိထားသည်။ သို့သော် သူသည် နဉ်ရှောင်ယောင်းအား ဤအကြောင်းကို သိရှိစေရန် မလိုအပ်ဟု ခံစားမိသည်။ ရှဲ့သခင်မကြီး သေဆုံးသွားပြီးနောက် သူမ၏ ရည်မှန်းချက် အောင်မြင်ခဲ့ပြီ ဖြစ်ရာ သခင်မငယ်ဝမ်သည် အခြေအနေအရပ်ရပ်နှင့် မသက်ဆိုင်တော့သော မိန်းမတစ်ယောက်အဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဤသို့သော မိန်းမမျိုးသည် ထပ်မံ၍ ထုတ်ဖော် ပြောဆိုခြင်း မခံထိုက်တော့ပေ။
***