အများက သူ့အတွက်၊ သူက အများအတွက် မဟုတ်
Vol. 10 Ch. 153
နဉ်ရှောင်ယောင်းသည် အချဉ်သိပ်အိုးများကြားထဲတွင် လက်ဟန်ခြေဟန်များဖြင့် ကခုန်နေခဲ့သည်။ အချဉ်သိပ်အိုးများထဲ၌ ရွှေငွေရတနာများ အဘယ့်ကြောင့်ရှိနေ
သလဲဆိုသည့် အချက်ကိုမူ နဉ်ရှောင်
ယောင်သည် ဦးနှောက်ခြောက်ခံကာ တွေးတောမနေခဲ့ပေ။
"အိမ်တော်က ဆက်တိုက်ဆိုသလို နှစ်ခါ ရှာဖွေခံခဲ့ရတယ်။" သခင်မကြီး၏အနီးကပ် အဖွားကြီးသည် ထိုအချိန်တွင် မြေပြင်ပေါ်၌ ဒူးထောက်လျက်၊ ဖြူဖျော့နေသော အမတ်ချုပ်ကြီးရှဲ့အား ပြောလိုက်၏။ "သခင်မကြီးက အိမ်တော် တစ်နေ့နေ့မှာ ဘေးဒုက္ခကြုံတွေ့ရမှာကို စိုးရိမ်ခဲ့တာပါ။ သူ့မှာ အိုးတွေထဲ ပစ္စည်းထည့်တဲ့ အကျင့်က ရှိပြီးသား။ ဒါကြောင့် သခင်မကြီးက သူ့လက်ထဲက တန်ဖိုးရှိတဲ့ ပစ္စည်းတွေ။ ပြီးတော့ အိမ်ဂရန်၊မြေဂရန်တွေကိုပါ အိုးတွေထဲ ထည့်ထားခဲ့တာပါ။"
သခင်မကြီး၏ဘိုးဘေးများသည် စစ်မှုထမ်းခြင်းမှ အစပြုခဲ့ကြပြီး သူပုန်များကို နှိမ်နင်းရာတွင် ကြီးမားသော ဘွဲ့ထူးများ ရရှိခဲ့သောကြောင့် ဆင်းရဲလွန်း၍ အသက်မရှင်နိုင်တော့သဖြင့် စာပေပညာကို စွန့်လွှတ်ကာ စစ်ထဲဝင်ခဲ့သော သခင်မကြီး၏ ဖခင်ဖြစ်သူသည် မှူးမတ်ဘွဲ့ကို ရရှိခဲ့လေသည်။ မိသားစု အခြေအနေသည် တစ်ချိန်က ကျဆင်းခဲ့ဖူးပြီး၊ ခက်ခဲသော နေ့ရက်များကို ဖြတ်သန်းခဲ့ရသော သခင်မကြီး၏ ဘဝတစ်လျှောက်လုံး အကျွမ်းကျင်ဆုံးအရာမှာ အချဉ်သိပ်အမျိုးမျိုးကို ပြုလုပ်ခြင်းဖြစ်၏။ မိသားစု ပြန်လည် ထွန်းတောက်လာခဲ့သည့်တိုင်၊ သူမသည် ဩဇာကြီးမားသော ရှဲ့မိသားစုသို့ လက်ထပ် ထိမ်းမြားခဲ့ပြီးသည့်တိုင်၊ သခင်မကြီးသည် ဤပျော်စရာအလေ့အကျင့်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သခင်မကြီးသည် ရှဲ့မိသားစု၏ ဦးဆောင်သူ သခင်မကြီး ဖြစ်လာပြီးနောက်ပိုင်း၊ သခင်မကြီးပေးသော အချဉ်သိပ်ကို တစ်လုပ်စားသုံးရခြင်းသည် ရှဲ့မျိုးနွယ်စုဝင်များအဖို့ ဂုဏ်ယူဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ခဲ့၏။
"သခင်မကြီး တွေးထားတာက၊ အိမ်တော်ထဲကို စစ်သားတွေ ဝင်လာခဲ့ရင်တောင် ဘယ်သူကမှ သူ့ရဲ့ အချဉ်သိပ်အိုးတွေကို ဂရုစိုက်မှာ မဟုတ်ဘူးတဲ့။" အဖွားကြီးသည် အမတ်ချုပ်ကြီးရှဲ့အား သခင်မကြီး၏ မူရင်းစကားများကို မပြောခဲ့ပေ။ သခင်မကြီး၏ မူရင်းစကားများမှာ၊ တကယ်လို့ အိမ်ကိုလာသိမ်းကြရင်တောင် အဲ့ဒီလာသိမ်းမယ့်တပ်သားတွေက မြေကိုပဲတူးမယ်၊ အိမ်ကိုပဲဖြိုမယ်။ ငါသခင်မကြီးရဲ့အချဉ်အိုးတွေကိုတော့ ဘယ်သူကမှ အရေးတယူကြည့်ကြမှာမဟုတ်ဘူး။
အမတ်ချုပ်ကြီးရှဲ့သည် မြေပြင်ပေါ်၌ ဒူးထောက်နေသော အဖွားကြီးကို ခေါင်းငုံ့ မကြည့်ပေ။ အမတ်ချုပ်ကြီးသည် စင်္ကြံလမ်းတွင် ရပ်လျက်၊ သူ့ရှေ့မှ ခြံဝန်းကို ကြည့်နေ၏။ အချဉ်သိပ်အိုး...။ အိမ်ထဲတွင် အမှန်တကယ် အချဉ်သိပ် စားချင်သူ တစ်ယောက်မျှ မရှိပေ။ အချဉ်သိပ်စားခြင်းသည် မိဘကိုပျော်ရွှင်စေရန် ဟန်ပြလုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်။ အမတ်ချုပ်ကြီးရှဲ့သည် အမှန်တကယ်တွင် အချဉ်သိပ်ကို အမုန်းဆုံး ဖြစ်၏။ သို့သော် ယခုအချိန်တွင် အချဉ်သိပ်အိုးများက တန်ဖိုးကြီးသွားခဲ့ပြီ။ တန်ဖိုးကြီးသော အချဉ်သိပ်အိုးများကို နဉ်ယွီက ယူဆောင်သွားခဲ့သည်။ ထိုသို့ ယူဆောင်သွားရန် သူကိုယ်တိုင်က ပေးပို့ခဲ့ခြင်း ဖြစ်နေသည်...။
သွေးတစ်လုပ်စာသည် နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့ဘဲ၊ အမတ်ချုပ်ကြီးရှဲ့၏ နှုတ်ခမ်းထောင့်မှ စီးကျလာလေသည်။ အမတ်ချုပ်ကြီးသည် ဤတစ်ကြိမ်တွင် နောက်ဆုံး၌ မျက်စိများ ပြာဝေသွားပြီးနောက် သတိလစ်မေ့မြောသွားလေသည်။
သခင်မဝမ်သည် နောက်တစ်ကြိမ် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ ရှဲ့အိမ်တော်သည် မကြာမီပင် နောက်တစ်ကြိမ် ရှုပ်ထွေးပွက်လောရိုက်သွားပြန်၏။
စစ်ဆေးမေးမြန်းရန် ဆွဲခေါ်သွားခံရပြီး အမတ်ချုပ်ကြီးရှဲ့ အိုးများကို ပေးပို့စဉ်က ထိုနေရာတွင် မရှိခဲ့သော အဖွားကြီးသည် အစေခံလေးတစ်ယောက်၏ပါးစပ်မှ အမှန်တရားကို သိရှိသွားပြီးနောက် ဤအဖွားကြီးသည်လည်း မြေပြင်ပေါ်သို့ ပုံကျသွားလေသည်။ ဘာကြောင့်များ ဒီလောက်ထိတိုက်ဆိုင်မှုမျိုးရှိရတာလဲ။
.........
နဉ်ရှောင်ယောင်းသည် ထိုက်ဟွာခန်းမထဲတွင် ထိုင်လျက် ကိုယ်တိုင် အချဉ်သိပ်အိုးများထဲမှ ရတနာများကို ထုတ်ယူနေ၏။ ထိုက်ဟွာခန်းမ အထက်အောက်အားလုံးမှာ ပျော်ရွှင်မြူးတူးနေကြသည်။ မူလက အန်းယွမ်ခရိုင်သို့ ထွက်ပြေးရန် ပြင်ဆင်နေကြသော်လည်း ယခု အဆင်ပြေသွားပြီ ဖြစ်သည်။ ထွက်ပြေးစရာ မလိုတော့ပေ။ သူတို့၏ ဧကရာဇ်မင်းသည် ကြီးမားသော ဥစ္စာဓနများကို ရရှိခဲ့သည့်အပြင် ဆန်နှင့် ဂျုံမှုန့် လှည်းအစီး နှစ်ဆယ်ကျော်ကိုပင် ရရှိခဲ့သေးသည်။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ဘေးတွင် ထိုင်နေ၏။ စစ်သေနာပတိချုပ်သည် မယုံကြည်နိုင်လောက်အောင် ခံစားနေရသည်။ ယနေ့တစ်နေ့တာသည် အိပ်မက်တစ်ခုသဖွယ် လွန်ကဲစွာ ဖြစ်ပျက်ခဲ့ရာ၊ စစ်သေနာပတိချုပ်လိုသည် ယခုအချိန်တွင် တိတ်ဆိတ်ငြိမ်သက်မှုကို လိုအပ်နေပေသည်။
"စားနပ်ရိက္ခာတွေ အကုန်လုံးကို ဆန်ပြုတ်တဲတွေဆီ ယူသွားလိုက်တော့။"
နဉ်ရှောင်ယောင်းက ယင်းဖုန်းအား ပြောလိုက်၏။
"ဒါတွေနဲ့ဆိုဒုက္ခသည်တွေကို နောက်ထပ် ရက်အနည်းငယ်လောက် ကျွေးမွေးနိုင်ပြီ။"
ယင်းဖုန်း "အရှင်မင်းကြီးက ဆန်ပြုတ် ဆက်လှူနေဦးမှာလား။"
ယနေ့ ဤဒုက္ခသည်များ ဥပဒေမဲ့စွာ၊ ကြမ်းတမ်းခက်ထန်စွာဖြင့် ထိုက်ဟွာခန်းမထဲသို့ ကျူးကျော်ဝင်ရောက်လာသည်ကို ပြန်တွေးကြည့်လျှင် ဤသည်မှာ ကျေးဇူးမသိတတ်သော ဝံပုလွေတစ်အုပ်ပင်။
"မင်း စိတ်ပျက်နေတာလား။"
နဉ်ရှောင်ယောင်းသည် ယင်းဖုန်းအား ကြည့်ကာ အပူအပင်ကင်းမဲ့စွာ ရယ်မောလိုက်၏။
"သူတို့လည်း အလှည့်စားခံလိုက်ရတာပဲလေ။ ကိစ္စတွေအားလုံး ပြီးသွားပြီ၊ သာ့ဖုန်း၊ မင်းလည်း ထပ်မစဉ်းစားနဲ့တော့။ ဒီတစ်ခါ အလှည့်စားခံရတဲ့ အတွေ့အကြုံ ရှိသွားတော့၊ သူတို့ နောင်တစ်ချိန်မှာ အဲ့ဒီလောက် အလွယ်တကူ အလှည့်စားခံရတော့မှာ မဟုတ်ဘူး။ ပြီးတော့ အခုအချိန်မှာ ဘယ်ဒုက္ခသည်က အမတ်ချုပ်ကြီးရှဲ့ကို လူကောင်းလို့ ယုံကြည်နေဦးမှာလဲ။"
ယင်းဖုန်းသည် သူတို့၏ဧကရာဇ် ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားမိလိုက်သည်။
"ငါတို့ နည်းနည်းလေးမှ အရှုံးမရှိခဲ့ဘူးနော်။" နဉ်ရှောင်ယောင်းက လက်ညှိုးလေးကို ယမ်းကာ အကျဉ်းချုပ်လိုက်၏။
တပ်မှူးကြီးယင်းသည် အမှတ်မထင် ချက်ချင်း ပြောလိုက်သည်။ "အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားလှပါတယ်။"
နဉ်ရှောင်ယောင်းသည် 'ဟားဟားဟား' ဟု ဆက်လက် ရယ်မောလိုက်လေသည်။
လိုကျစ်ကွေ့သည် ထိုအချိန်တွင် လက်ချောင်းများကို ကွေးကာ စားပွဲခုံကို ခေါက်လိုက်ပြီး၊ နဉ်ရှောင်ယောင်းအား ပြောလိုက်၏။
"ကျန်တာကို ယင်းဖုန်းတို့အဖွဲ့ကို ရေတွက်ခိုင်းလိုက်တော့။ အရှင်မင်းကြီး အဲ့ဒီ တပ်မှူးခုနစ်ယောက်ကို သွားတွေ့သင့်တယ် မဟုတ်ဘူးလား။"
နဉ်ရှောင်ယောင်းသည် သူမ၏ပါးများကို ဖောင်းလိုက်သည်။ ဤအချိန်တွင် သူမအား ပိုက်ဆံ ရေတွက်ခွင့် မပေးသူ မည်သူမဆို၊ ထိုသူသည် သူမ၏ရန်သူ ဖြစ်သည်။
လိုကျစ်ကွေ့ "အရှင်မင်းကြီး မသွားချင်ဘူးဆိုရင်၊ ဒါဆို ကျွန်တော် သွားလိုက်မယ်။ ဒါပေမဲ့ ကျွန်တော်ထင်တာ သူတို့က အရှင်မင်းကြီးကို ကိုယ်တိုင် မတွေ့ရဘူးဆိုရင် ကျွန်တော် ပြောတဲ့စကားကို သူတို့ ယုံချင်မှ ယုံလိမ့်မယ်။"
"ထားလိုက်တော့၊ ကျွန်မ တစ်ခေါက် သွားလိုက်မယ်။" နဉ်ရှောင်ယောင်းသည် သူမ၏လက်ထဲမှ ကျောက်စိမ်းတုံးကို ဂရုတစိုက် ပြန်ချထားလိုက်ပြီး ကိုယ်ကို မတ်လိုက်ကာ ပြောလိုက်သည်။ "ကျွန်မ သူတို့ လက်အောက်က စစ်သားတွေကို လိုချင်သေးတာပဲ။" ပိုက်ဆံက အရေးကြီးသလို၊ လူကလည်း အရေးကြီးသည် မဟုတ်လား။
နဉ်ရှောင်ယောင်း၏နောက်သို့လိုက်၍ အခန်းထဲမှ ထွက်လာခဲ့ပြီးနောက်၊ လိုကျစ်ကွေ့က တိုးညှင်းစွာ ပြောလိုက်၏။
"ရှဲ့ဝမ်ယွမ်က သူတို့ကို ခြိမ်းခြောက်ပြီးသွားပြီ။ ဒါကြောင့် သူတို့က လက်မခံချင်ဘူးဆိုရင်တောင်၊ ရှောင်ယောင်း... မင်း အရမ်း စဉ်းစားမနေနဲ့တော့။ ဒါက မင်း မတော်လို့ မဟုတ်ဘူး။ သူတို့က ရှဲ့ဝမ်ယွမ်ရဲ့ လက်စားချေမှုကို ကြောက်နေလို့ပဲ။"
"ဘာလက်စားချေမှုလဲ။" နဉ်ရှောင်ယောင်းက မေးလိုက်၏။
"သူတို့ ရှိနေတဲ့ စစ်တပ်ထဲမှာ ရှဲ့ဝမ်ယွမ်ရဲ့ လက်အောက်ငယ်သားတွေ သေချာပေါက် ရှိနေမှာ။" လိုကျစ်ကွေ့က အသံကို နှိမ့်၍ ပြောလိုက်သည်။ "သူတို့သာ သစ္စာဖောက်ဖို့ စိတ်ကူးရှိခဲ့ရင် ကိုယ်ထင်တာတော့ သူတို့ရဲ့ မိသားစုတွေ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။"
နဉ်ရှောင်ယောင်း စိတ်ရှုပ်သွားပြန်သည်။ ဦးခေါင်းကို ကုတ်ခြစ်လိုက်ပြီး
"အမတ်ချုပ်ကြီးက သူတို့ကို ဘယ်တုန်းက ခြိမ်းခြောက်လိုက်တာလဲ။ ကျွန်မ ဘယ်လိုလုပ် မသိရတာလဲ။"
လိုကျစ်ကွေ့သည် တိုးညှင်းစွာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆို၏။
"သူက အဆိပ်တွေကို တပ်မှူးတစ်ယောက်ရဲ့ မျက်နှာပေါ် လောင်းချလိုက်တယ် မဟုတ်လား။"
"ဒါက ခြိမ်းခြောက်တာလား။"
"ငါက မင်းကိုတောင် သတ်ရဲသေးတာ၊ မင်းရဲ့ အသုံးမဝင်တဲ့ မိသားစုဝင်တွေကို ဆိုရင် ပြောစရာတောင် လိုသေးလို့လား။ ဒါက ရှဲ့ဝမ်ယွမ်က အဲ့ဒီ တပ်မှုးခုနစ်ယောက်ကို ပြောချင်ခဲ့တဲ့ စကားပဲ။"
နဉ်ရှောင်ယောင်း တိတ်ဆိတ်သွား၏။ သူမ ဘာကြောင့်များ အမတ်ချုပ်ကြီးရှဲ့ရဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်ကို မမြင်တွေ့ခဲ့ရတာလဲ။
"ဘာဖြစ်လို့လဲ။" လိုကျစ်ကွေ့က မေးလိုက်၏။
"ကျွန်မ ဘယ်လိုလုပ် မမြင်ခဲ့ရတာလဲ။"
နဉ်ရှောင်ယောင်းက မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။
စစ်သေနာပတိချုပ်လို သည်မည်သည့်ပ့မ်းတမ်းသောစကားလုံးမျှမပြောရဲပေ။ တုံးသည်၊ အသည်ဟု ဆိုပြန်လျှင်၊ ဤမိန်းကလေး စိတ်မကောင်း ဖြစ်သွားမည်ကိုစိုးရိမ်သည်။
တောင်ပိုင်းပြည်နယ်မှ တပ်မှူးခုနစ်ဦးကို နေရာချထားသော အိမ်ငယ်လေး၏တံခါးရှေ့သို့ ရောက်သောအခါ၊ လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းအား အထူးတလည် မေးလိုက်၏။ "ဘယ်လို ပြောရမလဲ သိလား။"
မသိပါက စစ်သေနာပတိချုပ်ဖြစ်သောသူ အရင်သင်ပြပေးနိုင်သည်ဟု တွေးလိုက်မိသည်။
နဉ်ရှောင်ယောင်းက ခေါင်းညိတ်လိုက်ပြီး၊ အလွန် ယုံကြည်မှု ရှိစွာဖြင့် ပြောလိုက်
သည်။
"သိပါတယ်။ ပေါင်းသင်းဆက်ဆံရတာမျိုးက ကျွန်မ အကျွမ်းကျင်ဆုံးပဲ။"
လူချစ်လူခင် ပေါများသော ကလေးတစ်ယောက်အနေဖြင့် ယခင် စစ်တပ်ထဲတွင် နဉ်ရှောင်ယောင်းသည် အမြဲတမ်း ကံကောင်းခြင်း အထိမ်းအမှတ်သဖွယ် တည်ရှိခဲ့ပြီး သူမကို မနှစ်သက်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
တပ်မှူးခုနစ်ဦးသည် ယခုအချိန်တွင် ဆေး၏ အာနိသင်ကြောင့် ငိုက်မျဉ်းနေကြသော်လည်း အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော အခြေအနေတွင် ဤလူခုနစ်ဦးသည်လည်း စိတ်အေးလက်အေး အိပ်မပျော်နိုင်ခဲ့ပေ။ တစ်စုံတစ်ယောက်က တံခါးကို တွန်းဖွင့်၍ အိမ်ထဲသို့ ဝင်လာသံကို
ကြားသောအခါ တပ်မှူးခုနစ်ဦးစလုံး ချက်ချင်း သတိဝင်လာကြသည်။
နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့၏ အဆိပ်လောင်းခြင်းကို ခံခဲ့ရသော တပ်မှူး၏ ရှေ့မှောက်တွင် ရပ်လိုက်ပြီး၊ လက်ကိုင်ပဝါကို ဖယ်ရှား ကြည့်ရှုလိုက်ကာ လိုကျစ်ကွေ့အား ပြောလိုက်သည်။ "စစ်သေနာပတိချုပ် ကြည့်ပါဦး။ သူ့မျက်နှာ ဘာမှမဖြစ်တော့ဘူး။"
လိုကျစ်ကွေ့သည် ထိုတပ်မှူး၏မျက်နှာကို တစ်ချက် ကြည့်လိုက်သည်။ ထိုဗိုလ်ချုပ်သည် ဤအချိန်အထိ အသက်ရှင်နေသေးသည့်အချက်ကိုယ်တိုင်ကပင် လိုကျစ်ကွေ့ကို အံ့အားသင့်စေခဲ့ပြီး ဖြစ်သည်။ ယခုအချိန်တွင် ထိုတပ်မှူး၏ မျက်နှာမှာ မူလအတိုင်း ပြန်လည် ကောင်းမွန်သွားသည်ကို တွေ့မြင်ရသောအခါ၊ လိုကျစ်ကွေ့မှာ အလွန်တရာ အံ့ဩသွားလေသည်။
"မင်းဆီမှာ ဖြေဆေး ရှိလို့လား။"
သူက နဉ်ရှောင်ယောင်းအား သံသယဖြစ်စွာမေးလိုက်သည်။ စစ်သေနာပတိချုပ်လိုထံတွင် အဆိပ်သာ ရှိပြီး၊ ဖြေဆေး မရှိပေ။
"ဖြေဆေး မလိုပါဘူး။" ၎င်းမှာသူမ၏စွမ်းအင်အနည်းငယ် ကုန်ဆုံးသွားသည့် ကိစ္စသာ ဖြစ်ပြီး၊ ဖြေဆေး မလိုခဲ့ပေ။ ဒါပေမယ့် ဒီကိစ္စကို သူမဘယ်လိုရှင်းပြရမလဲ။
"အတွင်းအားကို သုံးပြီး အဆိပ်ကို ထုတ်လိုက်တာလား။" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းအတွက် အဖြေတစ်ခု စဉ်းစားပေးလိုက်သည်။ သူ မှတ်မိသည်မှာ ရှဲ့အိမ်တော်၌ နဉ်ရှောင်ယောင်းသည် ဤတပ်မှူး၏မျက်နှာပေါ်သို့ သူမ၏ လက်ကို ဖိကပ်ထားခဲ့ဖူးသည်။
"အင်း... အင်း။" နဉ်ရှောင်ယောင်းသည် ဖြစ်ကတတ်စမ်း ခေါင်းညိတ်လိုက်သည်။ အတွင်းအားဆိုလည်း အတွင်းအားပေါ့၊ သူမ၏စွမ်းရည်မှာ မိစ္ဆာပညာဟု မပြောသ၍ ကိစ္စမရှိပေ။
လိုကျစ်ကွေ့ ထပ်မံ မေးမြန်းရန် ကြံရွယ်လိုက်စဉ်မှာပင်၊ နဉ်ရှောင်ယောင်းက လဲလျောင်းနေသော တပ်မှူးအား ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"ဒီတစ်ခေါက် မင်းက ငါနဲ့ တွေ့လို့ ကံကောင်းသွားတာ၊ မဟုတ်ရင် မင်း အမတ်ချုပ်ကြီးရှဲ့ လက်ချက်နဲ့ သေနေပြီ။"
ထိုတပ်မှူးသည် နဉ်ရှောင်ယောင်းအား ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် သေလိုသော ဆန္ဒများ ပြည့်နှက်နေသော်လည်း၊ မျက်လုံးများထဲတွင်မူ အသက်ရှင်လိုသော တောင့်တမှုများ ရှိနေသေး၏။ အချုပ်အားဖြင့်ဆိုရလျှင် နဉ်ရှောင်ယောင်း၏အမြင်တွင်၊ ဤယောကျ်ား၏ ယခု မျက်နှာအမူအရာသည် ဇာတ်လမ်းတစ်ပုဒ် ရှိနေသကဲ့သို့ ဖြစ်နေသည်။
"စကားပြော။" လိုကျစ်ကွေ့က အေးစက်စွာ ပြောလိုက်၏။
တပ်မှူးက ဆို၏။ "ခင်ဗျားတို့ ကျွန်တော့်ကို သတ်လိုက်ပါ။"
"မင်းက သေချင်တာလဲ မဟုတ်ဘူး။ ဘာလို့ ငါနဲ့ စစ်သေနာပတိချုပ်ကို မင်းကို သတ်
ခိုင်းရတာလဲ။"
နဉ်ရှောင်ယောင်းက မျက်ခုံးပင့်ကာ နားမလည်စွာ ပြောလိုက်သည်။ ကမ္ဘာပျက်ကပ်ကြီးထဲတွင်၊ ဖုတ်ကောင် မကိုက်ခံရမီ၊ လူတိုင်း အသက်ရှင်ချင်ကြသည်။ ဖုတ်ကောင် ကိုက်ခံရပြီးနောက်၊ လူများသည် မျှော်လင့်ချက် ကင်းမဲ့ကာ သေပါစေဟု တောင့်တကြပြန်သည်။ ဤ စိတ်ခံစားမှု နှစ်မျိုးကို နဉ်ရှောင်ယောင်းသည် နေ့စဉ် တွေ့မြင်ခဲ့ရဖူးသည်။ လူသားများသည် သေချင်သည် သို့မဟုတ် ရှင်ချင်သည်ကို သူမ တစ်ချက်ကြည့်ရုံမျှဖြင့် ခွဲခြား သိရှိနိုင်လေသည်။
တပ်မှူးက ခေါင်းခါလိုက်ပြီး၊ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ကျွန်တော် အသက်မရှင်ချင်ဘူး။"
နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ကြည့်လိုက်ပြီး၊ လိုကျစ်ကွေ့ ကထိုနေရာတွင် ရပ်လျက် စကားပြောရန် ရည်ရွယ်ချက် မရှိသည်ကို တွေ့သောအခါ၊ ဧကရာဇ်မင်း နဉ်ရှောင်ယောင်းသည် ဆိုလိုက်ရတော့သည်။
"မင်းသာ သေသွားရင်၊ မင်းရဲ့ မိသားစုကို ဘယ်လိုလုပ်မလဲ။"
လိုကျစ်ကွေ့ “...... “
ဒီအချိန်မှာ မိသားစုအကြောင်းထည့်ပြောတယ်ပေါ့။ အရူးမလေး... အဲ့စကားကမင်းသူ့ကို သေလမ်းမြန်မြန်သွားဖို့ တိုက်တွန်းနေတာဆိုတာကောသိရဲ့လား။
အမှန်ပင်၊ တပ်မှူး၏ မျက်လုံးထဲမှ အသက်ရှင်လိုသော ဆန္ဒသည် ပျောက်ကွယ်သွားလေသည်။ အမတ်ချုပ်ကြီးရှဲ့က သူ့ကို အဆိပ်ဖြင့် လောင်းပက်ခဲ့ခြင်း၏ အဓိပ္ပာယ်ကို သူ နားလည်၏။ သူ မသေလျှင်၊ သူ့မိသားစု သေရမည် ဖြစ်သည်။
ကျန် တပ်မှူးခြောက်ဦးသည်လည်း မျှော်လင့်ချက် ကင်းမဲ့သော မျက်နှာများဖြင့် ရှိနေကြသည်။ စစ်တပ်ကို ဦးဆောင်၍ မြို့တော်သို့ လာခဲ့ခြင်းမှာ မူလက ရာထူးတိုးရန်အတွက်ဖြစ်သည်။ ယခုအခါ ရာထူးကို မဆိုထားနှင့် သူတို့၏အသက်ကိုပင် မကာကွယ်နိုင်တော့ပေ။
"ဒါဆို မင်းတို့ ငါ့နောက်လိုက်ပြီး အလုပ်
လုပ်ဖို့ စဉ်းစားကြည့်လို့ မရဘူးလား။"
နဉ်ရှောင်ယောင်းသည် လဲလျောင်းနေသော ယောကျ်ားခုနစ်ဦးစလုံးကို တစ်ချက် ကြည့်လိုက်ပြီး၊ အလွန် တိုက်ရိုက်ဆန်စွာ ဖိတ်ခေါ်လိုက်သည်။
"ငါ ပေးတဲ့ လစာက အမတ်ချုပ်ကြီးရှဲ့လောက် များမှာ မဟုတ်တာ သေချာပေမဲ့၊ မင်းတို့ ငါ့နောက် လိုက်ပြီး အလုပ်လုပ်တာက၊ အနာဂတ် ပိုရှိလိမ့်မယ်လို့ မထင်ဘူးလား။"
တပ်မှူးခုနစ်ဦးသည် ဤစကားကို ကြားပြီးနောက်၊ တစ်ခုတည်းသော အတွေးမှာဧကရာဇ်က သူတို့ကို ကျီစယ်နေခြင်းဖြစ်သည်။
လိုကျစ်ကွေ့သည် သခင်မလေးနဉ်ကို ခေါ်ဆောင်လာခြင်းမှာ အမှားတစ်ခုဟု ခံစားမိလိုက်သည်။ ဘယ်နေရာမှာ ရန်သူကိုလက်နက်ချခိုင်းဖို့အတွက် ဒီလိုစကားမျိုးပြောကြလို့လဲ။
နဉ်ရှောင်ယောင်းက အလွန် အလေးအနက်ထားသော လေသံဖြင့် တပ်မှူးခုနစ်ဦးအား ပြောလိုက်သည်။
"မင်းတို့လည်း မြင်ပြီးပြီပဲ။ အမတ်ချုပ်ကြီးရှဲ့ဆိုတဲ့လူက အေးစက်ပြီး ရက်စက်တတ်တယ်။ ကိစ္စတစ်ခု ဖြစ်တာနဲ့ သူက မင်းတို့ကို စွန့်ပစ်ခဲ့တယ်။ လူကို ကယ်ဖို့ မစဉ်းစားဘဲ သူက မိသားစုကို အသုံးချပြီး မင်းတို့ကို သေလမ်းပို့ဖို့ပဲ စဉ်းစားတယ်။ ဒီလိုလူက ဘယ်လိုလုပ်ပြီးခေါင်းဆောင်
ကောင်းတစ်ယောက် ဖြစ်နိုင်မှာလဲ။"
ဧကရာဇ်မင်း၏ စကားထဲတွင် အချို့သော အသုံးအနှုန်းများမှာ လူကို နားမလည်စေသော်လည်း ဤစကား၏ အဓိပ္ပာယ်ကိုမူဗိုလ်ချုပ်များ နားလည်နိုင်ကြသည်။
"ပြီးတော့လေ။" နဉ်ရှောင်ယောင်းက ဆက်၍ ပြောခဲ့သည်။
"ခင်ဗျားတို့ စစ်တပ်ကို ခေါ်ပြီး နန်းတော်တံခါးကို ပိတ်ဆို့ခဲ့တယ်၊ အမတ်ချုပ်ကြီးက ကျွန်တော်လာတာကို မြင်ရဲ့သားနဲ့ မင်းတို့ကို ပုန်းတောင် မပုန်းခိုင်းဘူး။ အဲ့ဒါကို ကြည့်တာနဲ့ သူက ခင်ဗျားတို့အတွက် တစ်ခါမှ မစဉ်းစားပေးခဲ့ဘူးဆိုတာ သိသာနေတာပဲမလား။ ဒါပေမဲ့ သူ့လိုလူကိုနားလည်ပေးနိုင်ပါတယ်။ သူ့လိုကိုယ့်ကြိုးပဲကြည့်တဲ့သူက 'အများက သူ့အတွက်၊ သူက အများအတွက် မဟုတ်' တဲ့ အမျိုးအစားပဲ။ အဲ့တာကြောင့်မင်းတို့အတွက် မစဉ်းစားပေးတာက ပုံမှန်ပဲ သူ့အမှားလို့ပြောလို့မရဘူး။ သူ့ဗီဇကိုက အဲ့လိုဖြစ်နေတာ။"
လိုကျစ်ကွေ့သည် ပါးစပ်ကို အုပ်ကာ လည်ချောင်း ရှင်းလိုက်သည်။ ထိုအချိန်တွင် ဈာပနခန်းမ မီးလောင်နေပြီး ရှဲ့သခင်မကြီး၏အလောင်းမှာ ခေါင်းတလားမှ ထွက်ကျနေခဲ့ရာ အမတ်ချုပ်ကြီးရှဲ့သည် ဒီလူခုနှစ်ယောက်ကို ဂရုစိုက်နိုင်ပါ့မလား။
နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ကြည့်လိုက်၏။
"အရှင်မင်းကြီး ဆက်ပြောပါ။"
"အိုး။" နဉ်ရှောင်ယောင်းသည် ထပ်မံ ဆိုလိုက်ပြန်သည်။
"မင်းတို့ ခုနစ်ယောက်ကို ငါ့အမြင်ပြောပြမယ်။ အမတ်ချုပ်ကြီးရဲ့ စာရိတ္တက ဒီလောက် ဆိုးရွားနေတာ မင်းတို့ ငါ့ဆီမှာအရ်ိုးကြေကြေ အရည်ခမ်းခမ်းလုပ်ရင်တောင် အကျိုးရှိအုံးမယ်၊ အဲ့အဖိုးကြီးဆီမှာဆို သေလောက်အောင် လုပ်ရင်တောင် ခင်ဗျားတို့ရဲ့အနာဂတ်က မရေရာဘူး။ ကိုယ့်ကိုယ်ကို ကျောက်စိမ်းလို သဘောထားတဲ့ အဲအဘိုးကြီးရှဲ့လူဆိုးအတွက် မင်တို့ရဲ့အသက်တွေကို ပေးဆပ်ရင်တောင် မင်းတို့ရဲ့ မိသားစုတွေကို သေချာပေါက် အလွတ်ပေးလိမ့်မယ်လို့ မင်းတို့ ဘယ်လိုလုပ်ပြီး သေချာနိုင်မှာလဲ။"
'သေတောင်မှ အနာဂတ်မရေရာ’ 'ကိုယ့်ကိုယ်ကို ကျောက်စိမ်းလို စောင့်ရှောက်' ကဲ့သို့သော စကားများမှာ နားကြားမကောင်းသော်လည်း၊ ဧကရာဇ်၏စကားများမှာ မှန်ပေသည်။ တပ်မှူးခုနစ်ဦးသည်
စိတ်ထဲတွင် စတင်တွေးဆနေတော့သည်။
"သူက ဘာလို့ ကျွန်တော်တို့ မိသားစုတွေကို အလွတ်မပေးရမှာလဲ။" တပ်မှူးတစ်ဦးက စတင် စကားပြောလိုက်သည်။ "ကျွန်တော်တို့ မိသားစု အမတ်ချုပ်ကြီးကိုဘာကိစ္စအတွက်မှ မခြိမ်းခြောက်ထားသလို
သစ္စာလည်းမဖောက်ဖူးဘူးလေ။”
"ဒီမှာ ခင်ဗျားကတော့ တုံးချက် လူဆိုးကပြုံးပြနေရင်တောင် ခင်ဗျားကိုမသတ်ဘူးဆိုတာ သေချာလို့လား။”
နဉ်ရှောင်ယောင်းက လျှောက်ပြောလိုက်
သည်။
"အမှန်တိုင်းပြောရမယ်ဆို အမတ်ချုပ်ကြီးရှဲ့က ကျွန်တော်ကိုမွေးမြူခဲ့တာနော်။ အတွင်းသတင်းအရဆို အမတ်ချုပ်ကြီး သတ်ခဲ့တဲ့ လူတွေက တောင်လိုပုံနေပြီ။"
လိုကျစ်ကွေ့သည် ထိုအချိန်တွင် ပြောလိုက်သည်။
"အကယ်၍ ခင်ဗျားတို့ သေဆုံးရတဲ့ အမှန်တရားကို မိသားစုက သိသွားခဲ့ရင် ခင်ဗျားတို့ရဲ့ သားမြေးတွေက ခင်ဗျားတို့အတွက် လက်စားမချေဘူးလား။ အမတ်ချုပ်ကြီးက ဘာလို့ သူ့ရဲ့ရန်သူတွေ ကြီးပြင်းလာတာကို ကြည့်နေရမှာလဲ။"
"ဟုတ်တယ်။" နဉ်ရှောင်ယောင်းက ဆို၏။ "အမတ်ချုပ်ကြီးက ကျွန်တော့်ကို သင်ပေးဖူးတယ်။ မြက်ပင်ကို ရိတ်ရင် အမြစ်ကနေ ရှင်းပစ်ရမယ်တဲ့။"
သူတို့ သေဆုံးသွားလျှင်လည်း ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း တွေ့ရှိသွားသောအခါ၊ တပ်မှူးများ၏ အမူအရာသည်မျှော်လင့်ချက် ကင်းမဲ့ကာ စတင်ယုံကြည်ချက်များ ပျောက်ဆုံးလာတော့သည်။ အသက်ရှင်ခွင့် မရ၊ သေဆုံးခွင့် မရှိသော ခံစားချက်သည် မျှော်လင့်ချက်ကင်းမဲ့ခြင်းထက် ပို၍ နာကျင်ဖွယ် ကောင်းလှပေသည်။
"တော်ပြီ။" နဉ်ရှောင်ယောင်းသည် ထိုအချိန်တွင် လိုကျစ်ကွေ့အား တိုးတိုးလေး ကပ်ပြောလိုက်သည်။
"သူတို့တွေ ကျွန်မစကားတွေကြောင့်ခြောက်လှန့်ခံလိုက်ရလို့ ကြောက်နေကြပြီ။ နောက် ဘာဆက်လုပ်ရမလဲ။ ထမင်းကျွေးရမှာလား။"
လိုကျစ်ကွေ့ “…..”
နဉ်ရှောင်ယောင်း မင်းခေါင်းထဲ ဧည့်ခံထမင်းကျွေးတဲ့ နည်းလမ်းတစ်ကွက်တည်းကိုပဲ တတ်တာလား။
***