အိမ်ခြံမြေများ သိမ်းယူလိုသော ဧကရာဇ် နဉ်ရှောင်ယောင်း
Vol. 10 Ch. 154
"အရှင်မင်းကြီးက ခင်ဗျားတို့ကို အသက်
ချမ်းသာပေးဖို့ စိတ်ကူးရှိတယ်။"
လိုကျစ်ကွေ့က တပ်မှူးများအား နားချရန်
စီစဉ်လိုက်သည်။
"ခင်ဗျားတို့ ဘယ်လို စီစဉ်ထားလဲ။"
တပ်မှူးခုနစ်ယောက်စလုံး လိုကျစ်
ကွေ၏စကားများကို မည်သူမျှ ပြန်လည်ဖြေကြားခြင်းမရှိကြပေ။ ရှဲ့ဝမ်
ယွမ်ကိုတောင် မယုံကြည်နိုင်တာကိုဧကရာဇ်ကရော သူတို့ယုံကြည်လို့ရနိုင်ပါ့မလား။
နဉ်ရှောင်ယောင် - " စိတ်မပူနဲ့ ငါ မင်းတို့ကို ထမင်းကျွေးမယ်။"
တပ်မှူးခုနှစ်ယောက် - “…..”
တပ်မှူးခုနစ်ဦးလုံးသည် 'မင်း ငါတို့ကို ကျီစယ်နေတာလား' ဟူသော အမူအရာဖြင့် နဉ်ရှောင်ယောင်းအား ကြည့်လိုက်ကြသည်။
ထမင်းကျွေးမယ် ဟုတ်လား? ဘာလဲသူတို့ကို ကွပ်မျက်မခံရခင် နှိမ့်သိမ့်ထမင်းကျွေးဖို့လား?
ယောကျ်ားခုနစ်ယောက်စလုံးက သူမ၏စကားကို မယုံကြည်သည်ကို မြင်သောအခါ နဉ်ရှောင်ယောင်းသည် ခဏ ထပ်မံ စဉ်းစား၍ ပြောလိုက်သည်။
"ဒါဆို မင်းတို့ လိုချင်တဲ့တောင်းဆိုချက်တွေ ငါ့တို့ကိုပြောလေ။ ငါနဲ့ စစ်သေနာပတိချုပ် လက်ခံနိုင်ရင် လက်ခံမယ်။ လက်မခံနိုင်ရင် ငါတို့ ထပ်ပြီး ဆွေးနွေးကြတာပေါ့။"
တပ်မှူးခုနစ်ဦး လိုချင်သော အရာများမှာ များပြားလှသည်။ စည်းစိမ်ဥစ္စာ၊ ကြွယ်ဝချမ်းသာမှု၊ ဇနီးမယား သားသမီးများကို ဘွဲ့ထူးများ ပေးအပ်ခြင်း... အစရှိသည်တို့ကို မတောင့်တပါက သူတို့သည် အမတ်ချုပ်ကြီးရှဲ့၏အမိန့်ကို နာခံပြီး၊ စစ်တပ်ကို ဦးဆောင်ကာ မြို့တော်သို့ လာရောက်ကြမည် မဟုတ်ပေ။ သို့သော် ဤအချိန်တွင် သူတို့သည် ထိုတောင်းဆိုချက်ကိုမျှ ထုတ်ဖော်ပြောရန် ဝန်လေးနေခဲ့သည်။အကြောင်းမှာ မိသားစုဝင်များ၏အသက်သည် အမတ်ချုပ်ကြီးရှဲ့၏လက်ထဲတွင် ရှိနေသောကြောင့် ဖြစ်သည်။ သူတို့သည် ယခုအခါသေကွင်းသေကွက်တစ်ခုထဲတွင် ပိတ်မိနေပြီး ထွက်ပေါက် မရှိပေ။
နဉ်ရှောင်ယောင်းသည် ခဏတာ စောင့်ဆိုင်းနေပြီး တပ်မှူးခုနစ်ဦးမှာ စကားမပြောကြသေးသည်ကို မြင်သောအခါ၊ လိုကျစ်ကွေ့ဘက်သို့ လက်နှစ်ဖက် ဖြန့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "သူတို့ ဘာမှ မလိုချင်ကြဘူးတဲ့။"
ထိုစကားကိုကြားသောအခါ လိုကျစ်ကွေ့က နှာမှုတ်လိုက်သည်။ ထို့နောက်အေးစက်စွာဖြင့်
"ခင်ဗျားတို့ကို နောက်ဆုံး အခွင့်အရေး တစ်ကြိမ် ထပ်ပေးမယ်။ ဘာလိုချင်လဲ၊ ပြော။"
နဉ်ရှောင်ယောင်း၏ စိတ်နေသဘောထားကို တပ်မှူးများက ရှင်းရှင်းလင်းလင်း မသိကြပေ။ သို့သော် လိုကျစ်ကွေ့၏ ခက်ထန်သော နာမည်ကိုမူ သူတို့ ကြားသိခဲ့ဖူးသည်မှာ ကြာပြီ ဖြစ်သည်။ လိုကျစ်ကွေ့၏စကားကို ကြားသောအခါ တပ်မှူးခုနစ်ဦး နားလည်လိုက်သည်မှာ သူတို့ ထပ်မံ၍ စကားမပြောပါက လိုကျစ်ကွေ့သည် သူတို့၏အသက်ကို ယူပေတော့မည်။
နဉ်ရှောင်ယောင်း၏ကယ်တင်ခြင်းကို ခံခဲ့ရသော တပ်မှူးသည် နောက်ဆုံးတွင် ဖွင့်ဟ ပြောလိုက်သည်။ "အရှင်မင်းကြီးက ကျွန်တော်မျိုးတို့ မိသားစုဝင်တွေရဲ့ အသက်အန္တရာယ် ကင်းရှင်းဖို့ အာမခံပေးနိုင်ရင်၊ ကျွန်တော်မျိုးတို့ အရှင်မင်းကြီးအတွက် ကျွဲဖြစ်ဖြစ် မြင်းဖြစ်ဖြစ် အသက်စွန့် အမှုထမ်းပါ့မယ်။"
နဉ်ရှောင်ယောင်းသည် ဤတာဝန်မှာ အလွန်ခက်ခဲလှသည်ဟု ခံစားမိလေသည်။ သူမ ယခုချက်ချင်း ထိုသူတို့၏မိသားစုကိုကာကွယ်ရန် တောင်ပိုင်းဒေသသို့သွားရောက်၍ သက်တော်စောင့် လုပ်ပေးဖို့မဖြစ်နိုင်ပေ။
သို့သော်လိုကျစ်ကွေ့က အေးစက်စွာ ရယ်မောလိုက်၏။
"ကျွဲဖြစ်ဖြစ် မြင်းဖြစ်ဖြစ် အမှုထမ်းပါ့မယ်? ခင်ဗျားတို့ အမတ်ချုပ်ကြီးကိုလည်း ဒီလိုစကားမျိုး ပြောခဲ့ဖူးမှာ သေချာတယ်။"
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို တစ်ချက် ပုတ်လိုက်ပြီး လိုကျစ်ကွေ့အား ပါးစပ်ပိတ်ရန် အချက်ပြလိုက်သည်။ မိမိကိုယ်တိုင်ကမူ အလွန် ပျော်ရွှင်တက်ကြွစွာ ပြောလိုက်၏။
"အရင်က မင်းတို့ အမတ်ချုပ်ကြီးကိုလည်း ဒီလိုစကားမျိုး ပြောခဲ့ဖူးတာကိုး။ ဒါဆို မင်းတို့ ငါ့ကို ထပ်ပြီး ပြောလိုက်ရုံနဲ့ ဘာမှ ခက်ခဲတဲ့ ကိစ္စ မဟုတ်တော့ဘူးပေါ့။သစ္စာစောင့်သိမှုဆိုတာ၊ တစ်ကြိမ် ရှိရင် နှစ်ကြိမ် ရှိနိုင်တာပဲ၊ ဟုတ်တယ်မလား။"
တပ်မှူးခုနစ်ဦး.”…..”
တစ်ကြိမ် ရှိလျှင် နှစ်ကြိမ် ရှိနိုင်တာပဲဆိုသည့်အဓိပ္ပာယ်မှာ ဧကရာဇ်သည် သူတို့ကို သခင်နှစ်ဦး၏ အစေခံဟု ဆဲဆိုနေတာလား?
နဉ်ရှောင်ယောင်း "မင်းတို့မိသားစုရဲ့ကိစ္စတွေကို ငါတို့ ထပ်ပြီး ဆွေးနွေးလို့ရပါတယ်။"
နဉ်ရှောင်ယောင်း၏ ကယ်တင်ခြင်းကို ခံခဲ့ရသော တပ်မှူးက စတင်၍ စကားဆိုခဲ့သည်။
"အရှင်မင်းကြီးက ကျွန်တော်မျိုးတို့နဲ့ ဘယ်လို ဆွေးနွေးမှာလဲ။"
နဉ်ရှောင်ယောင်း "အမတ်ချုပ်ကြီးရှဲ့က ဘယ်လောက်ပဲ ရက်စက်ရက်စက်၊ သူက မြို့တော်မှာ ရှိနေတာ။ မြို့တော်က သတင်းစကားက မင်းတို့ တပ်စွဲထားတဲ့ နေရာကိုရောက်ဖို့ အချိန် လိုအပ်ဦးမှာပဲလေ။ အမတ်ချုပ်ကြီးရဲ့အမိန့်က လမ်းခရီးမှာ ရှိနေတုန်း မင်းတို့လည်း လမ်းခရီးမှာ ရှိနေတာပဲ မဟုတ်လား။"
"အရှင်မင်းကြီးက ကျွန်တော်မျိုးတို့ကို လွှတ်ပေးမလို့လား။" တပ်မှူးတစ်ဦးက ကျယ်လောင်စွာ ပြောလိုက်သည်။
"ခင်ဗျားတို့ကို မလွှတ်ပေးရင်၊ ငါက မင်းတို့ကို ကျွေးမွေးထားရဦးမှာလား။"
ကျေးဇူးပြု၍ လွတ်ငြိမ်းခွင့် ပေးကြပါ။ မြို့တစ်မြို့လုံးက ဒုက္ခသည်တွေကို ကျွေးမွေးနေရတာနဲ့တင် သူမ သေချင်နေပြီ။
"ဒါဆို အရှင်မင်းကြီးက ကျွန်တော်မျိုးတို့ကို ဘာလုပ်စေချင်တာလဲ။"
အခြား ဗိုလ်ချုပ်တစ်ဦးက မေးလိုက်သည်။ အကယ်၍ ဧကရာဇ်က သူတို့ကို ရှဲ့ဝမ်ယွမ်အား သွားသတ်ခိုင်းပါက၊ သူတို့တွင် ထိုသို့အရည်အချင်း မရှိပေ။ ရှဲ့အိမ်တော်ထဲသို့ ပြေးဝင်၍ လူသတ်ခြင်းမှာ လွယ်ကူသော်လည်း၊ လူသတ်ပြီးနောက် သူတို့ ရှဲ့မိသားစု၏လက်စားချေမှုကို မည်သို့ ရင်ဆိုင်ရမည်နည်း။
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ လက်ကို တစ်ချက် ဆွဲလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "ကျွန်မ အခု လူတွေ တောင်းလို့ရပြီလား။"
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ဘေးတစ်ဖက်သို့ ဆွဲခေါ်လိုက်ပြီး၊ အသံကို နှိမ့်၍ မေးလိုက်သည်။
"မင်းက သူတို့ကို တကယ် ယုံလိုက်တာလား။"
နဉ်ရှောင်ယောင်း “အာ... သူတို့ ကျွန်မကို လိမ်နေကြတာလား။"
လိုကျစ်ကွေ "မင်းက တကယ်ပဲ သူတို့မွေးရပ်မြေကိုလှည့်ပြန်သွားပြီး ရှဲ့ဝမ်ယွမ်အတွက် ထပ်ပြီး ကျွဲဖြစ်ဖြစ် မြင်းဖြစ်ဖြစ် အမှုထမ်းသွားမှာကို မကြောက်ဘူးလား။"
နဉ်ရှောင်ယောင်း မျက်တောင် တစ်ချက် ပုတ်ခတ်လိုက်ပြီး သံသယဖြင့် ပြောလိုက်သည်။ "ဖြစ်နိုင်လို့လား။"
စစ်သေနာပတိချုပ်လိုမှာ ထိုမိန်းကလေးကြောင့် ဖအေအိုကြီးကဲ့သို့အလွန် စိတ်ပင်ပန်းရလေသည်။
နဉ်ရှောင်ယောင်းသည် လက်ဖဝါးကို ကုတ်ခြစ်လိုက်သည်။ ဖုတ်ကောင်များသည် လူသားစားရန်မှလွဲ၍ အခြား အတွေးအခေါ် မရှိပေ။ သို့သော် ထိုနေရာတွင် လဲလျောင်းနေကြသည်မှာ လူသားများ ဖြစ်ရာ၊ လူသားများ၏ စိတ်နှလုံးကိုမူ ခန့်မှန်းရ ခက်ခဲလှသည်။
"သူတို့ကို ထိန်းချုပ်နိုင်တဲ့ ဆေးရှိလား။" လိုကျစ်ကွေ့က မေးလိုက်သည်။
နဉ်ရှောင်ယောင်း "ထိန်းချုပ်တဲ့ ဆေး။ အဆိပ်လား။"
လိုကျစ်ကွေ့က ခေါင်းညိတ်လိုက်သည်။ "အချိန်မှန် ဖြေဆေးစားနေရင် မသေနိုင်တဲ့ ဆေးမျိုးလေ။"
နဉ်ရှောင်ယောင်း......
သူမသာ အဆိပ်စွမ်းအင် ရှိခဲ့ပါက ဤကိစ္စမှာ အားစိုက်စရာ မလိုပေ။ သို့သော် သူမက ကုသရေးစွမ်းအားပိုင်ရှင် ဖြစ်နေသည်။
"မရှိဘူးလား။" လိုကျစ်ကွေ့က မေးလိုက်၏။
"မ... မရှိဘူး။" နဉ်ရှောင်ယောင်းက ခေါင်းခါလိုက်သည်။
ဤမိန်းကလေး၏ ဂိုဏ်းသည် အဆိပ်များ ထုတ်လုပ်ခြင်း မရှိပုံရသည်။ စစ်သေနာပတိချုပ်လိုသည် ဧကရာဇ် နဉ်ရှောင်ယောင်း၏ ဂိုဏ်းအပေါ် နားလည်မှု အနည်းငယ် ထပ်မံ ရရှိသွားပြန်သည်။ o(╯□╰)o
"တစ်ခေါက်လောက် လောင်းကြည့်တာပေါ့။" နဉ်ရှောင်ယောင်းသည် လက်ဖဝါးကို အချိန်အတော်ကြာ ကုတ်ခြစ်နေပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ပြီး လိုကျစ်ကွေ့အား ပြောလိုက်သည်။
"ကျွန်မ နည်းပြ..."
လိုကျစ်ကွေ့ "နည်းပြ?"
"အိုး၊ ကျွန်မဆရာ ပြောဖူးတယ်။ မင်းက ဘာကို ပိုကြောက်လဲ၊ မင်းက အဲ့ဒီအရာနဲ့ ပိုပြီး ကြုံတွေ့ရလိမ့်မယ်တဲ့။ ကျွန်မတို့က သူတို့ ထပ်ပြီး သစ္စာဖောက်မှာကို ပိုကြောက်လေ။ သူတို့က တကယ် သစ္စာဖောက်လေပဲ။"
လိုကျစ်ကွေ့သည် ခွန်းတုံ့စကားမဆိုနိုင်ခဲ့ပေ။ ဒါဘယ်လိုဆရာမျိုးလဲ။ ကြောက်ရင် ကြုံရမယ် မကြောက်ရင်မကြုံဘူး။ ဒါဆရာတစ်ယောက်က တပည့်ကိုသင်ကြားပေးတဲ့ပုံစံလား၊ ကလေးတစ်ယောက်ကို ချော့မော့နေတာလား။
သူမ၏နည်းပြကို ပြန်လည် သတိရလိုက်မိသောအခါ နဉ်ရှောင်ယောင်း၏ နှလုံးသားငယ်လေးသည် ခဏတာမျှ နူးညံ့ပျော့ပျောင်းသွားသည်။ အတိတ်က ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ပြီး၊ သေအတူ ရှင်မကွာ ဖြစ်ခဲ့သော သူငယ်ချင်းများသည် ယခုအခါ သေခြင်း ရှင်ခြင်းဖြင့် ခြားနားသွားကြပြီ ဖြစ်ရာ ထပ်မံ တွေ့ဆုံနိုင်တော့မည် မဟုတ်ပေ။
လိုကျစ်ကွေ့သည် ထိုအချိန်တွင် လက်မြှောက်ကာ နဉ်ရှောင်ယောင်း၏ခေါင်းကို တစ်ချက် ပုတ်လိုက်ပြီး တိုးညှင်းစွာ မေးလိုက်သည်။ "မင်းရဲ့ ဆရာက အခု ဘယ်နေရာမှာလဲ။"
"တွေ့လို့ မရတော့ဘူး။" နဉ်ရှောင်ယောင်းက နှုတ်ခမ်းစူလျက် ဆို၏။
လိုကျစ်ကွေ့ တစ်ချက် တွေငေးသွားသည်။ အဓိပ္ပာယ်မှာ ဆရာဖြစ်သူက ထွက်သွားတာလား ဒါမှမဟုတ် ဆရာဖြစ်သူ သေဆုံးသွားခဲ့တာလား? ဤမိန်းကလေး၏ အမူအရာကို ကြည့်ရသည်မှာ သူမ၏ဆရာမှာ သေဆုံးသွားခဲ့ပုံ ရသည်။
နှာခေါင်းကို တစ်ချက် ရှုံ့လိုက်ပြီး နဉ်ရှောင်ယောင်းသည် စိတ်အခြေအနေကို ပြန်လည်မြှင့်တင်ကာ ပြောလိုက်သည်။ "စစ်သေနာပတိချုပ် စကားလမ်းကြောင်း မလွှဲနဲ့၊ ကျွန်မတို့ တစ်ခါလောက် လောင်းကြည့်ကြမလား၊ မလောင်းကြည့်ဘူးလား။"
"စစ်သားတွေကို အရင်တောင်းလိုက် ပြီးမှဆက်ပြော။" လိုကျစ်ကွေ့က ပြောလိုက်သည်။
ဤကိစ္စတွင် စစ်သေနာပတိချုပ်လို လောင်းကစား မလုပ်လိုပေ။ ထိုလူများသည် နောင်တစ်ချိန်တွင် ရှဲ့ဝမ်ယွမ်၏ အပေါင်းအပါများ ထပ်မံ ဖြစ်လာနိုင်ရာ သူက ရှဲ့ဝမ်ယွမ်၏ အပေါင်းအပါများကို ဘာကြောင့် အသက်ရှင်ခွင့်ပေးရမှာလဲ။
နဉ်ရှောင်ယောင်းသည် သစ်သားကုတင်၏ ရှေ့မှောက်သို့ ပြေးသွားပြီး တပ်မှူးခုနစ်ဦးအား ပြောလိုက်သည်။ "ငါ မင်းတို့ကို သွားခွင့်ပြုမယ်။ မင်းတို့ ဒီတစ်ခေါက် ခေါ်လာတဲ့ စစ်သားတွေကို ငါ့ကို ပေးခဲ့၊ လုပ်မှာလား၊ မလုပ်ဘူးလား။"
တပ်မှူးခုနစ်ဦးမှာ မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။ သူတို့၏ စစ်သားများအားလုံးမှာ တောင်ပိုင်းဒေသမှ လူများ ဖြစ်ရာ၊ မြောက်ပိုင်းဒေသတွင် ကျန်ရစ်ခဲ့မည်ဆိုလျှင် ဇာတိမြေကို စွန့်ခွာခြင်း ဖြစ်မသွားပေဘူးလား။
လိုကျစ်ကွေ့ လျှောက်လှမ်းလာခဲ့ပြီး ဆို၏။ "စစ်မှုထမ်းတယ်ဆိုတာ နာမည်ကြီးဖို့အတွက်ပဲ။ ဇာတိမြေနဲ့ ဝေးကွာတာနဲ့ နာမည်ကြီးတာ၊ ခင်ဗျားတို့ လက်အောက်က လူတွေကို ကိုယ်တိုင် ရွေးချယ်ခိုင်းလိုက်ပေါ့။"
"အရှင်မင်းကြီးက ကျွန်တော်မျိုးတို့ကို တကယ် သွားခွင့်ပြုမှာလား။" တပ်မှူးတစ်ဦးက နဉ်ရှောင်ယောင်းအား ထပ်မံ မေးမြန်းလိုက်၏။
နဉ်ရှောင်ယောင်းသည် စိတ်ထဲတွင် အပြစ်ဝန်လေးခြင်း အနည်းငယ်မျှမရှိဘဲ ကျိန်ပြောလိုက်၏။ "ဟုတ်တယ်လေ၊ ငါ မင်းတို့ကို သွားခွင့်ပြုမယ်။ မလွှတ်ပေးရင် ငါ အသေဆိုးနဲ့သေပါစေ။"
နဉ်ရှောင်ယောင်း၏ ကျိန်ဆိုသံမှာ အလွန် လျင်မြန်လွန်းသဖြင့် လိုကျစ်ကွေ့ တားဆီးရန်ပင် အချိန်မရလိုက်ပေ။
နဉ်ရှောင်ယောင်းက လောင်းကစားလုပ်
မည်ဟု ဆိုခဲ့ရာ ဤကိစ္စသည် တပ်မှူးခုနစ်ဦးအဖို့လည်း လောင်းကစားတစ်ခုပင် ဖြစ်သည်။ ဧကရာဇ်ငယ်လေးသည် စကားတည်ခဲ့ပါက စစ်တပ်ကို ဦးဆောင်၍ မြို့တော်သို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာသော သူတို့၏ သေဒဏ်ကို လွတ်ငြိမ်းခွင့် ပေးရုံသာမက၊ သူတို့အိမ် သူတို့ဇာတိမြေကို ပြန်ခွင့်ရနိုင်မည့် အခွင့်အရေးလည်းဖြစ်သည်။
"ဘယ်လိုလဲ။" နဉ်ရှောင်ယောင်းက မေးလိုက်၏။
"ကျွန်တော်တို့ ပြန်သွားပြီးရင် ဘာဆက်
လုပ်ရမှာလဲ။"
တပ်မှူးတစ်ဦးက နဉ်ရှောင်ယောင်းအား မေးလိုက်၏။
နဉ်ရှောင်ယောင်း "ပြန်ရောက်ရင် လူကောင်းတစ်ယောက်အနေနဲ့ ကောင်းကောင်းနေထိုင်ကြ။"
တပ်မှူးခုနစ်ဦး .....
လိုကျစ်ကွေ့သည် နဖူးကို ပွတ်သပ်လိုက်ပြီး မနေနိုင်ပဲ ဝင်ပြောလိုက်၏။
"ခုနကပဲ အရှင်မင်းကြီးအတွက် ကျွဲဖြစ်ဖြစ် မြင်းဖြစ်ဖြစ် အမှုထမ်းပါ့မယ်လို့ ပြောထားပြီး၊ ခဏလေးအတွင်းမှာပဲ ခင်ဗျားတို့ မေ့သွားကြပြီလား။"
နဉ်ရှောင်ယောင်း၏ကယ်တင်ခြင်းကို ခံခဲ့ရသော တပ်မှုးက “အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ကို ခဏလောက် ဆွေးနွေးခွင့် ပြုနိုင်မလား။"
နဉ်ရှောင်ယောင်းက 'ကောင်းပြီ' ဟု ဆိုမည်အပြု၊ လိုကျစ်ကွေ့က အထက်စီးဆန်စွာပြောလိုက်သည်။
"ဆွေးနွေးရဦးမှာလား။ ခင်ဗျားတို့ ဒါကို ဘယ်နေရာလို့ ထင်နေတာလဲ။ ဘယ်သူနဲ့ စကားပြောနေတယ်လို့ ထင်နေတာလဲ။"
အခန်းထဲတွင် တိတ်ဆိတ်သွားသည်မှာ အမွှေးတိုင်တစ်တိုင် မီးလောင်ကျွမ်းချိန်၏ ထက်ဝက်ခန့် ကြာသွားပြီးနောက်
တပ်မှူးတစ်ဦးက ပြောလိုက်သည်။
"ကျွန်တော်မျိုး အပြစ်ကို သိပါပြီ။ ကျွန်တော်မျိုး အရှင်မင်းကြီးအတွက် ကျွဲဖြစ်ဖြစ် မြင်းဖြစ်ဖြစ် အမှုထမ်းဖို့ ဆန္ဒရှိပါတယ်။"
တစ်ယောက်က အစပြုလိုက်သည်နှင့် နောက်မှ တပ်မှူးခြောက်ဦးသည်လည်း ခေါင်းညိတ်လိုက်ကြသည်။ သေချာ စဉ်းစားပြီးနောက် တပ်မှူးခုနစ်ဦး နားလည်သွားသည်မှာ သူတို့တွင် ရွေးချယ်စရာ လမ်းမရှိတော့ပေ။
နဉ်ရှောင်ယောင်းသည် မိမိကိုယ်မိမိ ကြီးမားသော ကိစ္စကြီးတစ်ခုကို ထပ်မံ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု ခံစားမိပြီး သူမ၏ သေးငယ်သော ရင်ဘက်လေးကို ကော့ကာ သွားဖြဲလျက် လိုကျစ်ကွေ့အား ပြုံးပြလိုက်သည်။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ပါးကို တစ်ချက် ဆွဲလိုက်ပြီး မသိစိတ်ဖြင့် သူ့ကိုယ်လုံးကို အသုံးပြု၍ တပ်မှူးများ၏ အမြင်အာရုံကို ကာကွယ်လိုက်သည်။ ဤသို့ ရူးကြောင်ကြောင်နိုင်သော အပြုံးကို အမှုထမ်းများ မြင်တွေ့သွားလို့ ဘယ်ဖြစ်ပါ့မလဲ။
"အရင်ဆုံး ဒဏ်ရာကို ကုသလိုက်။" လိုကျစ်ကွေ့က တပ်မှူးများအား ပြောလိုက်
သည်။ "ဒဏ်ရာ ကောင်းသွားပြီးတာနဲ့ ခင်ဗျားတို့ကို အိမ်ပြန်ခွင့် ပေးမယ်။"
နဉ်ရှောင်ယောင်းနှင့် လိုကျစ်ကွေ့တို့ ထွက်ခွာသွားသည်မှာ အချိန်အတော်ကြာသည့်တိုင် တပ်မှူးခုနစ်ဦးမှာ သတိ မဝင်နိုင်သေးပေ။ သူတို့ ဤသည်မှာ အသက်ရှင်ခွင့် ရရှိသွားခဲ့ပြီဆိုတဲ့သဘောပေါ့။
........
နဉ်ရှောင်ယောင်းသည် သီချင်းတအေးအေး ညည်းကာ အဓိကခန်းမဆောင်ရှိ အိပ်ဆောင်သို့ ပြန်လာခဲ့ပြီး ယင်းဖုန်းတို့အဖွဲ့က အချဉ်သိပ်အိုးများထဲမှ ထုတ်ယူထားသော ရွှေငွေရတနာများကို ကြည့်ရှုရင်း နဉ်ရှောင်ယောင်း ပို၍ပင် ပျော်ရွှင်စွာ ရယ်မောမိလေသည်။
ယင်းဖုန်းသည် အိမ်ဂရန်၊မြေဂရန် တစ်ထပ်ကို ကိုင်ဆောင်ကာ နဉ်ရှောင်ယောင်းအား ပေးလိုက်ပြီး ပြောလိုက်သည်။ "အရှင်မင်းကြီး၊ ဒါတွေကလည်း အိုးထဲမှာ တွေ့တာပါပဲ။"
နဉ်ရှောင်ယောင်းသည် လက်ထဲသို့ ရောက်လာသော စာရွက်များကို ကြည့်လိုက်သော်လည်း မဖတ်တတ်ပေ။
လိုကျစ်ကွေ့သည် စာချုပ်စာတမ်း နှစ်မျိုးကို လက်ညှိုးထိုးပြလျက် နဉ်ရှောင်ယောင်းအား ပြောပြလေသည်။ "ဒါက အိမ်ဂရန်၊ ဒါက မြေဂရန်။"
နဉ်ရှောင်ယောင်း၊ "ဘယ်သူ ကိုင်ထားလဲ၊ အဲ့ဒီလူ ပိုင်တာပဲလား။"
လိုကျစ်ကွေ့ "စာချုပ်စာတမ်းတွေပေါ်မှာ နာမည် ပါတယ်။ အရှင်မင်းကြီးက အိမ်ခြံမြေနဲ့ လယ်မြေတွေကို လိုချင်တယ်ဆိုရင် ရှဲ့မိသားစုရဲ့ သဘောတူညီချက်ကို ရယူရဦးမယ်။"
ပါးစပ်ထဲသို့ ရောက်လာသော အသားကို ဘယ်လိုကြောင့် ပြန်ထုတ်ပေးရမှာလဲ။
နဉ်ရှောင်ယောင်းသည် မြေဂရန် အိမ်ဂရန်များကို ပိုက်ထားလျက် အချိန်အတော်ကြာ စဉ်းစားလိုက်ပြီး၊ အခန်းထဲရှိ လူများအား ကျယ်လောင်စွာ ပြောလိုက်သည်။ "ဒါက သခင်မကြီးက ကျွန်တော့်ကို ခွဲဝေပေးခဲ့တဲ့ အမွေအနှစ်တွေပဲ။ သခင်မကြီးက ကျွန်တော့်ကို အရမ်း ချစ်တာ။"
အခန်းထဲရှိ လူများအားလုံး .....
ဒီလိုဗြောင်လိမ်နေတာ ကောင်းရောကောင်းသေးရဲ့လား။
"သာ့ဖုန်း။" နဉ်ရှောင်ယောင်းသည် သူမ၏လက်ထဲမှ အိမ်ဂရန် မြေဂရန်များကို ယင်းဖုန်းအား ပြန်ပေးလိုက်ပြီး ပြောလိုက်သည်။ "မင်း ထမင်းစားပြီးတာနဲ့ ညီအစ်ကိုတွေကို ခေါ်ပြီး အိမ်တွေ မြေတွေ သွားသိမ်းလိုက်။ ဒါတွေက အခု အကုန်လုံး ငါ့ဟာတွေ ဖြစ်သွားပြီ။"
"အာ။" ယင်းဖုန်း အံ့အားသင့်သွားသည်။ ညတွင်းချင်း အိမ်များ မြေများ သွားသိမ်းရမယ် ဟုတ်လား။
"ငါ့ဟာ၊ ငါ့ဟာ၊ အကုန်လုံး ငါ့ဟာ။"
နဉ်ရှောင်ယောင်းက ယင်းဖုန်း၏လက်ထဲမှ အိမ်ဂရန် မြေဂရန်များကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။
နဂါးအစောင့်တစ်ဦးသည် ထိုအချိန်တွင် တံခါးအပြင်ဘက်သို့ ပြေးလာပြီး၊ နဉ်ရှောင်ယောင်းအား သတင်းပို့လိုက်သည်။ "အရှင်မင်းကြီး၊ အမတ်ချုပ်ကြီးရဲ့ အိမ်တော်က သတင်း ရောက်လာပါတယ်။ အမတ်ချုပ်ကြီး သွေးအန်ပြီး မေ့လဲသွားလို့တဲ့။"
နဉ်ရှောင်ယောင်း ခဏတာ တိတ်ဆိတ်သွားသည်။ သူမက အမတ်ချုပ်ကြီးရှဲ့အား ခံနိုင်ရည်ရှိသော လူတစ်ယောက်ဟု ထင်မှတ်ထားခဲ့သည်။ ဒီလူတွင်လည်း မခံနိုင်တော့သည့် အချိန် ရှိသေးပါလား။
လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းအား၊ "သမားတော်ချုပ်ကို သူ့ဆီ သွားကြည့်ခိုင်းလိုက်ပါ။"
"သူတို့ ရှဲ့မိသားစုက သမားတော်တောင် မပင့်နိုင်ဘူးလား။" နဉ်ရှောင်ယောင်းက မကျေမနပ် ဖြစ်သွားသည်။ သမားတော်ချုပ်သည် နန်းတော်က လစာပေး၍ မွေးမြူထားသူ ဖြစ်ရာ ဘာကြောင့် အမတ်ချုပ်ကြီးရှဲ့ကို ကုသပေးရမှာလဲ။
"လွှတ်လိုက်ပါ။" လိုကျစ်ကွေ့က တိုးညှင်းစွာ ပြောလိုက်သည်။ "အရှင်မင်းကြီးက ဧကရာဇ်ပဲ၊ အတိုင်းအတာတစ်ခုအထိ စိတ်သဘောထားကြီးသင့်တယ်။"
စစ်သေနာပတိချုပ်လိုစကားကို နဉ်ရှောင်ယောင်းသည် တစ်လုံးတစ်လေမျှပင် မယုံကြည်ခဲ့ပေ။
"လောကကြီးက လူတွေကို မြင်အောင် ပြရမှာ။" လိုကျစ်ကွေ့သည် ခါးကို ထပ်မံ ကုန်းလိုက်ပြီး၊ သူ့ပါးစပ်ကို နဉ်ရှောင်ယောင်း၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
နဉ်ရှောင်ယောင်း နှုတ်ခမ်းထောင့် တွန့်သွားသည်။ ဒါကမှအမှန်တရားပေါ့။
"ဒါဆို သမားတော်ချုပ်ကို တစ်ခေါက်လောက် သွားလည်ခိုင်းလိုက်တော့။" နဉ်ရှောင်ယောင်းက အမိန့် ချမှတ်လိုက်သည်။
ဤသို့သော အမိန့်သည် အမိန့်ကို သွားရောက် ပို့ဆောင်ရမည့် နဂါးအစောင့် လူငယ်လေးအား အလွန် ခေါင်းကိုက်သွားစေသည်။ 'တစ်ခေါက်လောက် သွားလည်' ကဲ့သို့သော စကားကို ဧကရာဇ်၏ အမိန့်တော်အဖြစ် သွားရောက် ပြောကြားလို့ရနိုင်ပါ့မလား။
"သာ့ဖုန်း။" နဉ်ရှောင်ယောင်းသည် ယင်းဖုန်းအား ကြည့်ကာ ပြောလိုက်သည်။ "အမတ်ချုပ်ကြီး မေ့လဲနေတုန်း ငါတို့ အိမ်တွေ မြေတွေ အမြန် သွားသိမ်းကြမယ်။"
ယင်းဖုန်း အမိန့်ကို လက်ခံလိုက်ပြီး နဉ်ရှောင်ယောင်းအား မေးလိုက်သည်။ "ဒါဆို အိမ်ထဲမှာ နေနေတဲ့ လူတွေ၊ ပြီးတော့ အဲ့ဒီ လယ်မြေတွေမှာ စိုက်ပျိုးနေတဲ့ လူတွေကိုရော ဘယ်လိုလုပ်ရမလဲ။"
ဤမြေဂရန်များထဲတွင် လယ်ယာစိုက်ပျိုးရေးခြံကြီး သုံးခုပင် ပါဝင်ရာ သခင်မကြီး ရှဲ့မိသားစုသို့ ယူဆောင်လာခဲ့သော တင်တောင်းပစ္စည်းများ ဖြစ်လောက်ပေသည်။
"လူတွေကို အကုန် မောင်းထုတ်လိုက်။" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း ကိုယ်စား ဆုံးဖြတ်ပေးလိုက်၏။ "သူတို့ကို အမတ်ချုပ်ကြီးဆီ ပြန်သွားခိုင်းလိုက်။"
နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလယ်မြေတွေက မြို့တော်နဲ့ နီးနီးလေး ဒုက္ခသည်တွေ အများကြီးကို နေရာချထားပေးနိုင်တယ်။" လိုကျစ်ကွေ့သည် ချက်ချင်းပင် နဉ်ရှောင်ယောင်းအား ပြောလိုက်၏။
"ဒီအတိုင်းပဲ လုပ်လိုက်တော့။" ဒုက္ခသည်များကို နေရာချထားပေးနိုင်မည်ဟု ကြားသည်နှင့် နဉ်ရှောင်ယောင်းတွင် အခြား အတွေးအခေါ်များ မရှိတော့ပေ။ အမောင်းထုတ်ခံရသော လူများကို အမတ်ချုပ်ကြီးရှဲ့သာ စိတ်ပူပန်စေတော့။
ယင်းဖုန်းသည် အိမ်ဂရန် မြေဂရန်များကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
လိုကျစ်ကွေ့ "အမတ်ချုပ်ကြီးက သူ ဘာတွေ ပျောက်သွားလဲဆိုတာ သိသင့်သလောက် သိနေလောက်ပြီ။ ဒီည လူအင်အား များများ ခေါ်သွားလိုက်။ နဂါးအစောင့်က တာဝန်မကျတဲ့ လူတွေအားလုံးကို ခေါ်သွားလိုက်။"
"အမတ်ချုပ်ကြီးက ကျွန်တော်တို့နဲ့ တိုက်တော့မလို့လား။" နဉ်ရှောင်ယောင်းက မေးလိုက်၏။
"သူက ရှေ့ထွက်လာမှာ မဟုတ်ဘူး။" လိုကျစ်ကွေ့၏ တံခါးအပြင်ဘက်သို့ ကြည့်နေသော အကြည့်မှာ အနည်းငယ် အေးစက်
နေသည်။
"သူက အဲ့ဒီ အိမ်ဆုံး၊ မြေဆုံး ဖြစ်သွားတဲ့ အစေခံတွေကို လှုံ့ဆော်ပြီး ကျွန်တော်တို့နဲ့ အသေခံ တိုက်ခိုက်ခိုင်းလိမ့်မယ်။"
ယင်းဖုန်းသည် မူလက အလေးအနက် မထားခဲ့သော်လည်း လိုကျစ်ကွေ့၏စကားကို ကြားသောအခါ တပ်မှူးကြီးယင်း၏ နှလုံးသားသည် တစ်ချက် တင်းကျပ်သွားပြီး သူ့ဦးနှောက်ထဲတွင် စကားလုံးများ ထွက်ပေါ်လာခဲ့သည် - လူ... အ... သက်... မွေး... မှု... ဖြတ်... တောက်... ခြင်း။
***