← Chapters

ကံကြမ္မာကို အလွယ်တကူ လက်မခံသော အမတ်ချုပ်ကြီးရှဲ့

Vol. 10 Ch. 155

ကံကြမ္မာကို အလွယ်တကူ လက်မခံသော အမတ်ချုပ်ကြီးရှဲ့

Vol. 10 Ch. 155

အမတ်ချုပ်ကြီးရှဲ့သည် အချိန်အကြာကြီး သတိလစ်မေ့မြောသွားခြင်း မဟုတ်ဘဲ သတိပြန်လည်လာပြီးနောက် သူ့ကုတင်ရှေ့တွင် စောင့်ဆိုင်းနေသော သားနှစ်ဦးနှင့် စကားအနည်းငယ်ပင် မပြောရသေးမီ အိမ်တော်ထိန်းတစ်ဦးက ဧကရာဇ် သမားတော်ချုပ်ကို စေလွှတ်လိုက်ကြောင်း လာရောက် သတင်းပို့လေသည်။

အမတ်ချုပ်ကြီးရှဲ့၏မျက်စိရှေ့မှ ကမ္ဘာကြီးသည် နောက်တစ်ကြိမ် ထပ်မံ မည်းမှောင်သွားပြန်၏။ သခင်မဝမ်သာမက နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့ကိုပါ နာတာရှည်ရောဂါတစ်ခု ရရှိသွားစေရန် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လေသည်။ အမတ်ချုပ်ကြီးသည် သူမ၏နာမည်ကို ကြားလိုက်ရုံမျှဖြင့် မေ့လဲသွားချင်သော ရောဂါတစ်မျိုးကို ရရှိသွားခဲ့လေသည်။

သမားတော်ချုပ်သုံးဦးသည် ရောက်ရှိလာချိန်မှ ထွက်ခွာသွားချိန်အထိ ငုံးငှက်များကဲ့သို့ အလွန် တိတ်ဆိတ်ငြိမ်သက်နေကြသည်။ အမတ်ချုပ်ကြီးရှဲ့က တစ်ခွန်း မေးလျှင် သူတို့က တစ်ခွန်း ဖြေ၏။ မိမိသဘောဖြင့် စတင်စကားပြောခြင်း လုံးဝမပြုသကဲ့သို့ အမတ်ချုပ်ကြီးရှဲ့ကိုလည်း ခေါင်းမော့ မကြည့်ကြပေ။ နောက်ဆုံးတွင် အမတ်ချုပ်ကြီးက လူများကို ပေးခိုင်းလိုက်သော ကျေးဇူးတင်လက်ဆောင်ကိုပင် သမားတော်ချုပ် သုံးဦးစလုံး မယူဝံ့ကြပေ။

"ခွေးမောင်းသလိုပဲ ပြေးထွက်သွားလိုက်ကြတာ။"

ရှဲ့အန်းကျိ၏ မကျေမနပ်ဖြစ်နေသော ဖော်ပြချက်ကို နားထောင်ရင်း၊ အမတ်ချုပ်ကြီးရှဲ့သည် အေးစက်စွာ တစ်ချက် ရယ်မောလိုက်ပြီးနောက် သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။ ဤလူများသည် ယခု သူ့အား ရှောင်တိမ်းနေကြပြီ ဖြစ်၏။

"အဖေ၊ အခု ဘယ်လိုလုပ်ရင် ကောင်းမလဲ။" ရှဲ့အန်းရှီက မေးလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့သည် သူ့ဘေးမှ အစေခံလေးအား တစ်ချက်ကြည့်လိုက်၏။

အစေခံလေးသည် သူ့လက်ထဲမှ စာအုပ်တစ်အုပ်ကို ရှဲ့အန်းရှီ၏လက်ထဲသို့ အလျင်အမြန် ပေးအပ်လိုက်သည်။

"အပေါ်မှာပါတဲ့ အိမ်တော်တွေကို အကုန်လုံး မီးရှို့ပစ်လိုက်။" အမတ်ချုပ်ကြီးရှဲ့က အေးစက်စွာ အမိန့်ပေးလိုက်၏။

ရှဲ့အန်းရှီသည် စာအုပ်ကို အလျင်အမြန် ဖွင့်ကြည့်လိုက်ရာ ပထမစာမျက်နှာကို ကြည့်လိုက်သည်နှင့် အမတ်ချုပ်ကြီးရှဲ့၏ တတိယသားတော် မျက်နှာပျက်သွားလေသည်။ ဤသည်များအားလုံးမှာ သခင်မကြီး၏ လက်ထဲမှ အိမ်တော်များ၊ ဆိုင်ခန်းများ ဖြစ်ရာ အားလုံးကို မီးရှို့ပစ်တော့မှာလား။

"မြန်မြန် သွား။" အမတ်ချုပ်ကြီးရှဲ့က လောဆော်လိုက်၏။

"အဖေ။" ရှဲ့အန်းရှီသည် သူ့ဖခင်မှာ ဧကရာဇ်၏ ဒေါသထွက်အောင်လုပ်မှုကြောင့် ရူးသွပ်သွားလေပြီလားဟု သံသယဝင်သွားမိသည်။

"မီးမရှို့ဘူးဆိုရင် ဒီပစ္စည်းတွေက အရှင်မင်းကြီးရဲ့ ပစ္စည်းတွေ ဖြစ်သွားလိမ့်မယ်။" အမတ်ချုပ်ကြီးရှဲ့က ဆို၏။ "ထိန်းသိမ်းထားလို့ မရနိုင်တဲ့ ပစ္စည်းတွေကို ငါက တခြားသူကိုလည်း ပေးလိုက်မှာ မဟုတ်ဘူး။"

ရှဲ့ညီအစ်ကိုများမှာ အံ့အားသင့်သွားကြသည်။ သခင်မကြီး၏ပစ္စည်းများက ဧကရာဇ်၏ပစ္စည်း ဘယ်လိုလုပ်ဖြစ်သွားမှာလဲ။

အမတ်ချုပ်ကြီးရှဲ့သည် သူ့လက်ကို လေးလံစွာ ဝှေ့ယမ်းလိုက်၏။ ဤကိစ္စ၏ အကြောင်းရင်းကို သူ ထုတ်ဖော် မပြောနိုင်ပေ။

"ဒါ... ဒါဆို ဆိုင်ထဲက ကုန်ပစ္စည်းတွေကရော။" ရှဲ့အန်းရှီက မေးလိုက်သည်။ အိမ်များကို မယူတော့လျှင်၊ ကုန်ပစ္စည်းများကိုလည်း မယူတော့ဘူးလား။

"မယူတော့ဘူး။" အမတ်ချုပ်ကြီးရှဲ့က ဆို၏။ "ဒီပစ္စည်းတွေ မရှိတော့တာနဲ့ ငါတို့ ရှဲ့မိသားစုက ပြိုလဲသွားနိုင်ဦးမှာလား။"

ရှဲ့အန်းရှီ စကားဆက်ပြောရန် ကြံရွယ်လိုက်စဉ်။

"ထွက်သွားစမ်း။" အမတ်ချုပ်ကြီးရှဲ့က ဒေါသတကြီး အော်ငေါက်လိုက်၏။

ရှဲ့အန်းရှီသည် ထွက်ခွာသွားရုံသာ တတ်နိုင်လေသည်။

"မင်း နန်းတော်ထဲကို သွားပြီး စုံစမ်းကြည့်လိုက်ဦး။" တတိယသားတော်ကို မောင်းထုတ်ပြီးနောက် အမတ်ချုပ်ကြီးရှဲ့သည် ဒုတိယသားတော် ရှဲ့အန်းကျိအား ထပ်မံပြောလိုက်သည်။ "ချန်မင်းသားကြီး နန်းတော်ကို ပြန်ရောက်ပြီလားဆိုတာ ကြည့်လိုက်။"

ရှဲ့အန်းကျိက အခက်တွေ့စွာ ဆို၏။ "အဖေ၊ သားတော်က ထိုက်ဟွာခန်းမထဲ ဝင်လို့မရဘူးလေ။"

"လူရှာပြီး စုံစမ်းခိုင်း။" အမတ်ချုပ်ကြီးရှဲ့၏ မျက်နှာမှာ အလွန်အမင်း မည်းမှောင်နေ၏။ "ဒီလို ကိစ္စသေးသေးလေးတောင် မင်း မလုပ်နိုင်ဘူးလား။"

ရှဲ့အန်းကျိသည် သတင်း စုံစမ်းရန် နည်းလမ်း ရှာဖွေရတော့မည်ဖြစ်သဖြင့် ထွက်ခွာသွားရလေသည်။

အပြင်ခန်းမတွင် စောင့်ဆိုင်းနေသော သခင်မဝမ်သည် သားတော်နှစ်ဦးစလုံး ထွက်ခွာသွားသည်ကို မြင်သောအခါ အတွင်းခန်းမထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လာခဲ့သည်။

အမတ်ချုပ်ကြီးရှဲ့သည် ပိုးသားစဖြင့် ဖုံးအုပ်ထားသော မှီခေါင်းအုံးတစ်ခုပေါ်တွင် မှီလျောင်းနေရင်း သခင်မဝမ် ဝင်လာသည်ကို မြင်သောအခါ လက်ယပ်ခေါ်လိုက်ပြီး၊ သခင်မအား အနီးသို့ လာရန် အချက်ပြလိုက်၏။

သခင်မဝမ်သည် ကုတင်၏ရှေ့တွင် ရပ်လိုက်ပြီး ရုတ်တရက် အလွန်အမင်း အိုမင်းသွားသော သူမ၏ ခင်ပွန်းဖြစ်သူကို ကြည့်ကာ၊ သခင်မဝမ် လုပ်နိုင်သည်မှာ မျက်ရည်ကျခြင်းသာ ဖြစ်လေသည်။

"သခင်မငယ်ဝမ်ရဲ့ ကိစ္စကို အစကတော့ ငါကိုယ်တိုင် လုပ်မလို့ စီစဉ်ထားတာ။" အမတ်ချုပ်ကြီးရှဲ့မှာမူ ဝမ်းနည်းပူဆွေးရန် စိတ်မရှိဘဲ အသံကို နှိမ့်ချလျက် အမတ်ချုပ်ကြီးရှဲ့က သခင်မဝမ်အား ပြောလိုက်၏။ "မင်း သွားလုပ်လိုက်တော့။"

သခင်မဝမ်၏ မျက်ရည်သုတ်နေသော လက်သည် တစ်ချက် ရပ်တန့်သွားပြီး အမတ်ချုပ်ကြီးရှဲ့အား ကြည့်ကာ ပြောလိုက်၏။ "အရှင်မင်းကြီးက အဲ့ဒီ အောက်တန်းစားမကို ကာကွယ်ပေးဖို့ အမတ်ချုပ်ကြီးကို အတိအလင်း ပြောထားခဲ့တာလေ။ ကျွန်မ ခုနက စဉ်းစားကြည့်လိုက်တာ ဒီအချိန်မှာ အဲ့ဒီ အောက်တန်းစားမကို သွားရှင်းလင်းလိုက်ရင် မကောင်းဘူးမလား။ အရှင်မင်းကြီးက ဒီအကြောင်းပြချက်ကို အသုံးချပြီး ထပ်လုပ်ခဲ့ရင်..."

"သူ ငါ့ကို သတ်လို့မရဘူး။" အမတ်ချုပ်ကြီးရှဲ့က သခင်မဝမ်၏စကားကို ဖြတ်ပြောလိုက်ပြီး ဆို၏။ "သူ့ကို ဘာကြောက်နေစရာ လိုလို့လဲ။ သခင်မ... မင်း စိတ်ကြိုက်သာ သွားလုပ်၊ ဒါမှမဟုတ်... သခင်မက ဒီတူမလေးကို မစွန့်လွှတ်နိုင် ဖြစ်နေတာလား။"

သခင်မဝမ်သည် အလျင်အမြန် ခေါင်းခါလိုက်၏။

"သွားတော့။" အမတ်ချုပ်ကြီးရှဲ့ စကားဆက်မပြောတော့ပေ။

သခင်မဝမ်သည် လှည့်၍ ထွက်သွားမည်အပြု စဉ်းစားမိရင်း မချုပ်တည်းနိုင်ဘဲ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ အမတ်ချုပ်ကြီးရှဲ့အား မေးလိုက်၏။ "အရှင်မင်းကြီးဆီမှာ တကယ်ပဲ နောက်ပြန်လှည့်နိုင်တဲ့ အခြေအနေ နည်းနည်းလေးမှ မရှိတော့ဘူးလား။"

အမတ်ချုပ်ကြီးရှဲ့သည် မျက်လုံးများကို မှိတ်ထားလျက် သခင်မဝမ်အား လက်ကာပြလိုက်၏။

သခင်မဝမ်သည် မျက်နှာကို အုပ်ကာ ရှိုက်ငိုရင်း၊ ယိုင်နဲ့သော ခြေလှမ်းများဖြင့် ထွက်ခွာသွားလေသည်။

သခင်မဝမ် အခန်းထဲမှ ထွက်သွားပြီးနောက်၊ အိမ်တော်ထိန်းတစ်ဦးသည် ကိုယ်ကို ကျုံ့လျက် ခြေသံဖွဖွဖြင့် အခန်းထဲသို့ ဝင်ရောက်လာပြီး၊ မြေပြင်ပေါ်တွင် ဒူးထောက်ကာ အမတ်ချုပ်ကြီးရှဲ့အား ဦးတိုက် အရိုအသေ ပြုလေသည်။

"ဘယ်လိုလဲ။" အမတ်ချုပ်ကြီးရှဲ့က မေးလိုက်သည်။

"အဲ့ဒီအဘိုးကြီးက သူ့ကိုယ်သူ သတ်သေသွားပြီ။ သူ့မိသားစုက နန်းတော်ထဲမှာ ရှိနေတုန်းပဲ။ အရှင်မင်းကြီးက ဘယ်လို အပြစ်ပေးမလဲ မသိဘူး။" အိမ်တော်ထိန်းက တိုးညှင်းစွာ ဆို၏။

"ဒုက္ခသည်တွေကရော။" အမတ်ချုပ်ကြီးရှဲ့က ခံစားချက်မရှိဘဲ ဆို၏။

"ဒုက္ခသည်တွေက မူလ နေထိုင်ခဲ့တဲ့ နေရာတွေကို ပြန်သွားကြပြီ။" အိမ်တော်ထိန်းက အမတ်ချုပ်ကြီးရှဲ့အား သတိကြီးစွာဖြင့် တစ်ချက် ကြည့်လိုက်ပြီး ဆို၏။ "အရှင်မင်းကြီးက... သူတို့ကို အခက်အခဲ မပေးခဲ့ဘူး။"

အမတ်ချုပ်ကြီးရှဲ့သည် မျက်လုံးများကို ဖွင့်လိုက်၏။

အိမ်တော်ထိန်းသည် ကြောက်လန့်တကြားဖြင့် ခေါင်းကို အလျင်အမြန် ငုံ့လိုက်သည်။

"သူက တော်တော် သည်းခံနိုင်တာပဲ။" အမတ်ချုပ်ကြီးရှဲ့က တိုးညှင်းစွာ ရေရွတ်လိုက်၏။

"အမတ်ချုပ်ကြီး၊ လမ်းမပေါ်မှာ ဆူပူမှုတွေ ထပ်မဖြစ်တော့ပါဘူး။"

"ဒီအဘိုးကြီးကို ကျိန်ဆဲတဲ့သူ ရှိလား။" အမတ်ချုပ်ကြီးရှဲ့က မေးလိုက်သည်။

အိမ်တော်ထိန်းသည် စကားမပြောဝံ့ပေ။

"ပြော။"

"ရှိပါတယ်။" အိမ်တော်ထိန်းသည် အမတ်ချုပ်ကြီးရှဲ့အား စကားတစ်ခွန်းတည်းသာ ပြန်ဖြေဝံ့၏။ ရှဲ့မိသားစုတစ်စုလုံး အသေဆိုးနဲ့သေပါစေဟု ကျိန်ဆဲသော စကားများကိုမူ၊ အိမ်တော်ထိန်းအား သတ်လိုက်လျှင်တောင်မှ သူသည်‌အမတ်ချုပ်ကြီးအား ပြန်လည် ပြောကြားဝံ့မည် မဟုတ်ပေ။

"သွားတော့။" အမတ်ချုပ်ကြီးရှဲ့က အိမ်တော်ထိန်းအား ထွက်ခွာသွားရန် ပြောလိုက်၏။

အိမ်တော်ထိန်း ထွက်ခွာသွားပြီးနောက် မည်သူမျှ အခန်းထဲသို့ သတင်းပို့ရန် ထပ်မံ ဝင်ရောက်လာခြင်း မရှိတော့ပေ။ အမတ်ချုပ်ကြီးရှဲ့သည် အားအင်မရှိစွာဖြင့် ကုတင်ဘောင်ကို တစ်ချက် ထုလိုက်သည်။ ဤတစ်ကြိမ်တွင်လည်းသူအပြတ်အသတ် ရှုံးနိမ့်ခဲ့သည်၊ နောက်တစ်ကြိမ် ထပ်မံ၍ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြန်ပြီ။

"လူရှိလား။" မိမိကိုယ်မိမိ အပြစ်တင် ညည်းညူနေပြီးနောက် အမတ်ချုပ်ကြီးရှဲ့သည် တံခါးအပြင်ဘက်သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်၏။

အစေခံလေးနှစ်ဦး ပြေးဝင်လာခဲ့သည်။

"ရှဲ့လိုင်ပေါင်ကို သွားခေါ်လိုက်။" အမတ်ချုပ်ကြီးရှဲ့က အမိန့်ပေးလိုက်၏။ "ဒီအဘိုးကြီးအတွက် စုတ်တံနဲ့ မှင် ပြင်ဆင်ပေး။"

အစေခံလေးနှစ်ဦးသည် ချက်ချင်းပင် အလုပ်များကို ခွဲဝေ လုပ်ဆောင်ကြလေသည်။

အမတ်ချုပ်ကြီးရှဲ့သည် ကုတင်ပေါ်တွင် ထိုင်လျက်၊ စားပွဲငယ်တစ်ခု၏ အကူအညီဖြင့် ယွဲ့ပြည်နယ်မြို့စား နဉ်ဟန်ထံသို့ စာတစ်စောင် ရေးသားလိုက်သည်။ စာထဲတွင်၊ အမတ်ချုပ်ကြီးရှဲ့သည် တတိယသခင်လေး နဉ်ရှောင်လော့၏ သေဆုံးမှုကို နဉ်ရှောင်ယောင်း၏ ခေါင်းပေါ်သို့ ပုံချလိုက်လေသည်။

အစေခံနှစ်ဦးသည် မလှုပ်ရှားနိုင်သေးသော ရှဲ့လိုင်ပေါင်ကိုထမ်းပိုး၍ အခန်းထဲသို့ ဝင်ရောက်လာသောအခါ အမတ်ချုပ်ကြီးရှဲ့သည် စာကို ကိုယ်တိုင်ပိတ်လိုက်ပြီး ဘေးနားတွင် အသင့်စောင့်ဆိုင်းနေသော အစေခံလေးအား ပေးကာ ပြောလိုက်သည်။ "အပြင်ခြံဝန်းက လူတွေကို နေ့ရောညပါ ခရီးနှင်ပြီး ဒီစာကို ဖုန်းကျိုးကို ပို့ဆောင်ခိုင်းလိုက်။"

အစေခံလေးသည် စာကို လက်ခံရရှိပြီး၊ အပြေးအလွှား ထွက်ခွာသွားလေသည်။

ရှဲ့လိုင်ပေါင်သည် 'ဖုန်းကျိုး' ဟူသော စကားလုံးနှစ်လုံးကို မှတ်သားလိုက်ပြီး၊ အမတ်ချုပ်ကြီးရှဲ့အား ကြည့်ကာ ငိုယိုရင်း ပြောလိုက်၏။ "အမတ်ချုပ်ကြီး။"

အမတ်ချုပ်ကြီးရှဲ့သည် လက်ဝှေ့ယမ်းကာ အခန်းထဲရှိ အခြားသူများအားလုံးကို ထွက်သွားခိုင်းလိုက်ပြီး၊ မျက်စိတစ်မှိတ်အတွင်း မျက်ရည် နှပ်ရည်များ ပြည့်လျှံလာသော ရှဲ့လိုင်ပေါင်အား ကြည့်ကာ ပြောလိုက်၏။ "ဘာငိုနေတာလဲ။ ဒီအဘိုးကြီးက အဆုံးစွန်ထိ ကျဆုံးသွားတဲ့အချိန် မရောက်သေးဘူး။"

"ကျွန်တော်မျိုးက အရည်အချင်း မရှိတာပါ။ ကျွန်တော်မျိုး သေသင့်ပါတယ်။ ဒီလို အချိန်ကျမှ လှုပ်ရှားလို့ မရနိုင်ရတာလဲ။" ရှဲ့လိုင်ပေါင်သည် မိမိ၏ ပါးကို ရိုက်လျက် ဆို၏။

"မလှုပ်ရှားနိုင်လည်း လှုပ်ရှားရတော့မယ်။" အမတ်ချုပ်ကြီးရှဲ့သည် ရှဲ့လိုင်ပေါင်၏ကျောက်ပတ်တီး စည်းထားဆဲ ဖြစ်သော ဒဏ်ရာရနေသည့် နေရာကို ကြည့်လိုက်၏။

"အမတ်ချုပ်ကြီး အမိန့်ပေးတော်မူပါ။" ရှဲ့လိုင်ပေါင်က အလျင်အမြန် ပြောလိုက်၏။

"သုံးရက်ကြာပြီးရင် ဒီအဘိုးကြီးက သခင်မကြီးအတွက် တရားစာရွတ်ဖတ်ပေးဖို့ ဘုန်းတော်ကြီးတွေကို ပင့်ဖိတ်ထားတယ်။ အဆိပ်ဂိုဏ်းက ခေါင်းဆောင်ပိုင်းတွေ အဲ့ဒီနေ့မှာ အမတ်ချုပ်ကြီးရဲ့ အိမ်တော်ကို လာကြလိမ့်မယ်။"

"သူတို့ အတူတူ လာကြမှာလား။" ရှဲ့လိုင်ပေါင်က မေးလိုက်သည်။ ဤသည်မှာ လူမနည်းလှပေ။

"ဂိုဏ်းချုပ်က အဖမ်းခံလိုက်ရပြီ။ သူတို့က ငါ့ဆီကို အကြံဉာဏ်တစ်ခု လာတောင်းရမှာပဲ။" အမတ်ချုပ်ကြီးရှဲ့က ဆို၏။ "အဲ့ဒီနေ့က ပွဲကို မင်း သွားပြင်ဆင်လိုက်။"

ရှဲ့လိုင်ပေါင်သည် အမတ်ချုပ်ကြီးရှဲ့အား ကြည့်လိုက်သည်။ ဒီလောက်ရိုးရှင်းမယ့်ကိစ္စတော့မဟုတ်လောက်ဘူး။

"အဆိပ်ဂိုဏ်းကို ချန်ထားလို့ မဖြစ်တော့ဘူး။" အမတ်ချုပ်ကြီးရှဲ့က ချက်ချင်း ဆက်ပြောလိုက်သည်။ "သုံးရက်ကြာပြီးရင် အဆိပ်ဂိုဏ်းရဲ့ သေဆုံးရမယ့် နေ့ပဲ။"

အိမ်တော်ထိန်းကြီးရှဲ့သည် ကြောက်လန့်တကြားဖြင့် ခုန်ပေါက်မတတ် ဖြစ်သွားသည်။ အဆိပ်ဂိုဏ်းမှ လူများသည် သူ သိရှိထားသလောက် သောင်းနှင့်ချီ၍ များပြားလှပြီး ခေါင်းဆောင်ပိုင်းများဆိုလျှင် မည်သို့ ဆိုစေကာမူ လူရာပေါင်းများစွာ ရှိပေသည်။ အားလုံးကို သတ်မှာလား။ "အရက်... အရက်နဲ့ အစားအစာထဲမှာ အဆိပ်ခတ်မလို့လား။" ရှဲ့လိုင်ပေါင်က မေးလိုက်၏။

"အဆိပ်ဂိုဏ်းက လူတွေကို အဆိပ်ခတ်ရမယ် ဟုတ်လား။" အမတ်ချုပ်ကြီးရှဲ့က ပြန်လည်မေးခွန်းထုတ်လိုက်၏။

"အမတ်ချုပ်ကြီး၊ ကျွန်တော်မျိုးက ဒဏ်ရာကို ကုသနေရင်း ဦးနှောက်ပါ ပျောက်သွားတာပါ။" ရှဲ့လိုင်ပေါင်သည် မိမိကိုယ်မိမိ ပါးတစ်ချက် ထပ်မံ ရိုက်လိုက်ပြီး၊ အမတ်ချုပ်ကြီးရှဲ့အား ပြောလိုက်၏။

"မြို့တော်စောင့်တပ်ရင်းကို သွားပြီး လေးသမားတွေ ခေါ်လိုက်။ လာတဲ့လူ အားလုံးကို ပစ်သတ်လိုက်။"

"ဟုတ်ကဲ့။" ရှဲ့လိုင်ပေါင် အမိန့်ကို လက်ခံလိုက်ပြီးနောက် ရှုပ်ထွေးသော မျက်နှာဖြင့် အမတ်ချုပ်ကြီးရှဲ့အား ကြည့်လိုက်သည်။ မေးချင်သော်လည်း မမေးဝံ့သော ပုံစံဖြင့်ဖြစ်၏။

"အဆိပ်ဂိုဏ်းထဲမှာ သစ္စာဖောက် သေချာပေါက် ရှိတယ်။ ရှာမတွေ့ဘူးဆိုရင်၊ ဒီအဘိုးကြီးက တစ်ယောက်ကိုမှ ချန်ထားမှာ မဟုတ်ဘူး။"

"အမတ်ချုပ်ကြီး၊ အဆိပ်ဂိုဏ်းရဲ့ တပည့်တွေက အများကြီးပဲ။ သခင်ကြီးက ဒီလောက်များတဲ့ ခေါင်းဆောင်ပိုင်းတွေကို တစ်ပြိုင်တည်း သတ်ပစ်လိုက်ရင် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူတွေက သခင်ကြီးကို အခက်အခဲ လာပေးမှာ မဟုတ်ဘူးလား။" ရှဲ့လိုင်ပေါင်သည် အမတ်ချုပ်ကြီးအတွက် စဉ်းစားပေးသည့်အနေဖြင့် ပြောလိုက်၏။

"အဆိပ်ဂိုဏ်းကို ဒီအဘိုးကြီးကပဲ ထူထောင်ပေးခဲ့တာ။" အမတ်ချုပ်ကြီးရှဲ့က အနည်းငယ်မျှ စိုးရိမ်ခြင်းမရှိဘဲ ပြောလိုက်၏။ "ဒီအဘိုးကြီးက ကောင်းတယ်လို့ ပြောရင် ဒီဂိုဏ်းက ကောင်းတယ်။ ဒီအဘိုးကြီးက မကောင်းဘူးလို့ ပြောရင်၊ ဒါဆို ဒီဂိုဏ်းက လူတိုင်းဝိုင်းရိုက်ကြတဲ့ လမ်းပေါ်က ကြွက်ဆိုးပဲ။"

ရှဲ့လိုင်ပေါင်သည် အမတ်ချုပ်ကြီးရှဲ့၏စကားကြောင့် စိတ်ထဲတွင် ကြောက်လန့်သွားသည်။ အကယ်၍ သူ လိုကျစ်ကွေ့ထံတွင် ခေါင်းငုံ့ခဲ့သော ကိစ္စကို သိရှိသွားပါက၊ အမတ်ချုပ်ကြီး သူ့ကိုဘယ်လိုနည်းလမ်းဖြင့်ရှင်းပစ်လောက်မလဲ။

"သွားတော့။" ကိစ္စရပ်များကို မှာကြားပြီးနောက် အမတ်ချုပ်ကြီးရှဲ့က ရှဲ့လိုင်ပေါင်အား ထွက်ခွာသွားရန် ပြောလိုက်၏။

"အမတ်ချုပ်ကြီး၊ ဒါဆို ဂိုဏ်းချုပ်ကရော။" ရှဲ့လိုင်ပေါင်က ဆို၏။

"လေးသမားတွေက ဒီအဘိုးကြီး လွှတ်လိုက်တာ မဟုတ်ဘူး။" အမတ်ချုပ်ကြီးရှဲ့က အေးစက်စွာ ပြောလိုက်၏။ "သူသာ နဉ်ယွီရဲ့လူ မဟုတ်ဘူးဆိုရင်၊ ဒါဆို သူက သူ့ရဲ့ တပည့်တွေအတွက်လက်စားချေသင့်တာပေါ့။"

"လေးသမားတွေက... အရှင်မင်းကြီး လွှတ်လိုက်တာလား။" ရှဲ့လိုင်ပေါင်က တုန်ယင်သော အသံဖြင့် မေးလိုက်၏။

"ဒီအဘိုးကြီးရဲ့ လူတွေက၊ အကုန်လုံး အရှင်မင်းကြီး သတ်ချင်နေတဲ့ လူတွေပဲ။" အမတ်ချုပ်ကြီးရှဲ့က ရှဲ့လိုင်ပေါင်အား ကြည့်ကာ ပြောလိုက်၏။ "ဒီကိစ္စကို နားလည်သွားမှ အဲ့ဒီ စိတ်နှစ်ခွ ဖြစ်နေတဲ့ လူတွေက သူတို့ရဲ့စိတ်ကို ပြန်ထိန်းနိုင်မှာ။"

ရှဲ့လိုင်ပေါင်သည် စိတ်ထဲတွင် ကြောက်လန့်နေသော်လည်း အားတင်းကာ အမတ်ချုပ်ကြီးအား မြှောက်ပင့်ပြီး၊ အမတ်ချုပ်ကြီးမှာ ဉာဏ်ပညာကြီးမားကြောင်း ပြောလိုက်၏။

အမတ်ချုပ်ကြီးရှဲ့သည် ဤစကားများကို စိတ်မရှည်စွာ နားထောင်မနေတော့ဘဲ၊ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။

အစေခံနှစ်ဦးအား အခန်းထဲသို့ ခေါ်ယူလိုက်ပြီး ရှဲ့လိုင်ပေါင်ကို ထမ်းပိုး၍ ထွက်ခွာသွားကြသည်။

အိမ်တော်ထိန်းကြီး ရှဲ့သည် အမတ်ချုပ်ကြီး ကုတင်ပေါ်တွင် တိုးတိုးလေး ရေရွတ်နေသည်ကို ကြားလိုက်ရ၏။ "မင်းက လိုကျစ်ကွေ့ကို လူကောင်းတစ်ယောက်လို့ ထင်နေတာလား။"

ရှဲ့လိုင်ပေါင်သည် ဤစကားကြောင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး၊ ထမ်းစင်ပေါ်မှ လိမ့်ဆင်းကာ၊ မြေပြင်ပေါ်တွင် ဒူးထောက် တောင်းပန်မည်အပြု၊ အမတ်ချုပ်ကြီးရှဲ့ ဆိုသည်ကို ထပ်မံ ကြားလိုက်ရပြန်သည်။ "အရှင်မင်းကြီး... မင်း နောင်တရလိမ့်မယ်။"

ရှဲ့လိုင်ပေါင်သည် လက်ဟန်ပြ၍ ထမ်းစင‌ေထမ်းနေသော အစေခံနှစ်ဦးအား အမြန် ထွက်ခွာသွားရန် လောဆော်လိုက်သည်။ ဤအခန်းထဲတွင် ဆက်လက် နေထိုင်နေပါက သူ ရူးသွပ်သွားပေလိမ့်မည်။

လည်ချောင်းထဲတွင် ချိုမြိန်သော အရသာကို ခံစားလိုက်ရပြီး၊ အမတ်ချုပ်ကြီးရှဲ့သည် သွေးတစ်လုပ် ထပ်မံ အန်ထုတ်လိုက်ပြန်သည်။

အိမ်အပြင်ဘက်မှ နွေဦးလေသည် အလွန် နွေးထွေးနေသော်လည်း ရှဲ့လိုင်ပေါင်မှာမူ အေးခဲသော ဆောင်းရာသီလထဲတွင် ရှိနေသကဲ့သို့ ခံစားနေရ၏။ အချို့ကိစ္စများမှာ လုပ်ဆောင်ပြီးပါက နောက်ပြန်လှည့်၍ မရတော့ပေ။ အဆိပ်ဂိုဏ်းတွင် သစ္စာဖောက် ရှိရုံမျှဖြင့် ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရမည် ဆိုလျှင် သူကရော။ ...ထိုင်ခုံပေါ်တွင် ထိုင်လျက်၊ အိမ်တော်ထိန်းကြီးသည် တွေဝေစွာ တွေးတောနေမိသည် ...ဧကရာဇ်က အမတ်ချုပ်ကြီးကို ဖယ်ရှားပစ်ရန် မျှော်လင့်ခြင်းကပင် သူအသက်ရှင်နိုင်မယ့်လမ်းဖြစ်နေမလား။

အမတ်ချုပ်ကြီးရှဲ့သည် စားပွဲငယ်လေးပေါ်တွင် စုတ်တံကို ထပ်မံ ကောက်ကိုင်ကာ မယ်တော်ကြီး ရှဲ့ထံသို့ စာတစ်စောင် ရေးသားလိုက်ပြန်သည်။ နဉ်ယွီကို သတ်ဖြတ်ရန် နည်းလမ်း မရှိပါက မယ်တော်ကြီး၏ နန်းဆောင်ထဲမှ ထိုသမီးသည် သူနှင့် စိတ်ဝမ်းကွဲ၍ မဖြစ်ပေ။

......

ယနေ့၏ နေဝင်ဆည်းဆာ အချိန်သို့ ရောက်ရှိလာပြီးနောက်၊ တစ်နေ့လုံး လှုပ်ခတ်နေခဲ့သော မြို့တော်သည် နောက်ဆုံးတွင် တည်ငြိမ်အေးချမ်းသွားလေသည်။

နဉ်ရှောင်ယောင်းသည် အဓိကခန်းမဆောင်ရှိ အိပ်ဆောင်ထဲတွင် ထိုင်လျက်၊ လိုကျစ်ကွေ့နှင့်အတူ ညစာ စားသုံးနေ၏။ နဉ်ရှောင်ယောင်းသည် အစားအစာစားတာ မြန်သော်လည်း၊ စစ်သေနာပတိချုပ်လိုမှာမူ ငယ်စဉ်ကတည်းက စစ်ထဲ ဝင်ခဲ့သူ ဖြစ်ရာ အစားအစာ စားသုံးသည့် အရှိန်မှာလည်း မနှေးကွေးပေ။ ဤနှစ်ဦး အတူတကွ ထိုင်၍ အစားအစာ စားသုံးနေသော ပုံစံသည် လောင်တ၊ နှင်းဝံပုလွေငယ်လေးနှင့် ပြတင်းပေါက်အပြင်ဘက်မှ အဘိုးစာကလေးတို့၏ မျက်လုံးထဲတွင် သာမန်ထက် ပို၍ လိုက်ဖက်ညီနေလေသည်။

"မင်းက မိန်းကလေးတစ်ယောက် ဖြစ်ပြီးတော့ အစားစားတာ နည်းနည်းလောက် ထိန်းထိန်းသိမ်းသိမ်း မစားနိုင်ဘူးလား။" လောင်တသည် စားပွဲအောက်တွင်ထိုင်လျက် နဉ်ရှောင်ယောင်းအား အော်ဟစ်လိုက်၏။

နဉ်ရှောင်ယောင်း မျက်လုံး လှန်လိုက်၏။

"ငါ့ စစ်သေနာပတိချုပ်ကို ကြည့်စမ်း။" လောင်တသည် လက်သည်းဖြင့် နဉ်ရှောင်ယောင်း၏ ခြေသလုံးလေးကို ကုတ်ခြစ်လိုက်၏။

စစ်သေနာပတိချုပ်လိုသည် အစားအစာ စားရာတွင်မြန်ဆန်သော်လည်း သူ၏ လှုပ်ရှားမှုများမှာမူ အလွန်မင်းမျိုးမင်းနွယ်ဆန်လှသည်။ နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်၏။ ဤလူသည် အစားအစာ စားနေသည်ကပင် မျက်စိပသာဒ ဖြစ်နေစေရာ သူမကဲ့သို့သာမန်လူက ကောင်းကင်ယံကိုပင် ထိုးခွဲနိုင်လောက်အောင် ခန့်ညားသူကို ဘာများလုပ်စေချင်နေသေးတာလဲ။

"ဘာဖြစ်လို့လဲ။" လိုကျစ်ကွေ့သည် ဟင်းရည်ပန်းကန်ကို ချလိုက်ပြီး နဉ်ရှောင်ယောင်းအား တိုးညှင်းစွာ မေးလိုက်၏။

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ပုံစံအတိုင်း မှိုဟင်းရည်ကို တစ်ငုံသောက်ကြည့်လိုက်ရာ၊ ပါးစပ်ထဲသို့ ဟင်းရည် အစက်အနည်းငယ်သာ ဝင်သွားလေသည်။ ထပ်မံ ကြိုးစားကြည့်သော်လည်း၊ ဟင်းရည် အစက်အနည်းငယ်သာ ပါးစပ်ထဲသို့ ဝင်သွားပြန်၏။ ထို့ထက် ပို၍ ဝင်စေလိုလျှင်မူ ပါးစပ်ကို အကျယ်ကြီး ဖွင့်ရပေတော့မည်။

စစ်သေနာပတိချုပ်သည် ဟင်းရည်တစ်ပန်းကန်လုံးကို ဘယ်လိုများ ဗိုက်ထဲဝင်အောင် သောက်နိုင်တာများလဲ။

ဒေါသတကြီးဖြင့် နဉ်ရှောင်ယောင်းသည် ပါးစပ်ကို အကျယ်ကြီး ဖွင့်လိုက်ပြီး၊ နှစ်ငုံတည်းဖြင့် မှိုဟင်းရည်တစ်ပန်းကန်လုံးကို ဝမ်းဗိုက်ထဲသို့ သွန်ချလိုက်လေသည်။

"ဒါမှ ဟင်းရည်သောက်တာလို့ ခေါ်တယ်။" အလွတ်ဖြစ်သွားသော ပန်းကန်ကို စားပွဲပေါ်သို့ 'ဒုန်း' ခနဲ ချလိုက်ပြီး၊ ဧကရာဇ် နဉ်ရှောင်ယောင်းသည် စစ်သေနာပတိချုပ်လိုအား မျက်လုံးစိမ်းကြီးဖြင့် ကြည့်ကာ ပြောလိုက်၏။

လိုကျစ်ကွေ့ "......."

တစ်ယောက်ယောက်ပြောပေးကြပါဦး။

ဒီမိန်းကလေး ဘာဖြစ်သွားပြန်တာလဲ။

****

All Chapters