လေပြင်းမုန်တိုင်းထဲမှ လှေငယ်တစ်စင်း
Vol. 10 Ch. 159
ထိုအချိန်တွင် ကောင်းကင်ယံမှ မိုးများ ထပ်မံ ရွာသွန်းလာပြန်သည်။ နဉ်ရှောင်ယောင်း ခေါင်းမော့၍ ကောင်းကင်ကို ကြည့်နေစဉ်မှာပင် ကျိုးတိုးကျဲတဲ ရွာသွန်းနေသော မိုးစက်များသည် တဝုန်းဝုန်းရွာသွန်းသော မိုးကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ "အား အား။" နဉ်ရှောင်ယောင်းသည် ပျော်ရွှင်စွာဖြင့် မိုးရေထဲတွင် ခုန်ပေါက်လိုက်ပြီး၊ လက်ခုပ်တီးကာ ပြောလိုက်၏။ "ဒီလောက်မိုးကြီး ရွာချလိုက်တာနဲ့ မီးက ငြိမ်းသွားတော့မှာပဲ။"
နဉ်ရှောင်ယောင်းသာမက၊ မိမိတို့၏ အိမ်များ မီးလောင် ပျက်စီးတော့မည်ကို မျက်စိရှေ့တွင် မြင်တွေ့နေရပြီး၊ နာကျင်စွာအကူအညီမဲ့နေသော လူများစွာတို့သည် ဤအချိန်တွင် ကောင်းကင်ဘုံက ညှာတာသနားပေးသည်ကို ကျေးဇူးတင်နေကြသည်။ ဤမိုးမှာ သံသယရှိစရာမလိုဘဲ အသက်ကယ် မိုးပင် ဖြစ်လေသည်။
လိုကျစ်ကွေ့သည် မိုးရေထဲ၌ ပျော်ရွှင်နေသော နဉ်ရှောင်ယောင်းကို ပွေ့ချီလိုက်ပြီး မြင်းပေါ်သို့ လှစ်ခနဲ တက်လိုက်ကာ၊ အသံတစ်ချက် ပေးလျက် မြင်းကို ဒုန်းစိုင်း၍ ထိုက်ဟွာခန်းမဆီသို့ ပြေးထွက်သွားလေသည်။
"ဒီလိုပဲ ပြန်သွားတော့မှာလား။" နဉ်ရှောင်ယောင်းက မေးလိုက်သည်။
"ခဏ စောင့်ကြည့်ကြသေးတာပေါ့။" လိုကျစ်ကွေ့သည် သူ့ကိုယ်ကို တတ်နိုင်သမျှ ကွေးညွှတ်ထားပြီး နဉ်ရှောင်ယောင်းအား မိုးရေများမှ ကာကွယ်ပေးထား၏။
နဉ်ရှောင်ယောင်းသည် နှင်းဝံပုလွေငယ်လေး၏ ဦးခေါင်းပေါ်မှ အမွှေးများကို ဆွဲဖွရင်း မေးလိုက်သည်။ "ဘာကို စောင့်နေတာလဲ။"
"ရှဲ့ဝမ်ယွမ်က နောက်ဆက်ပြီး ဘာဆက်လုပ်မလဲဆိုတာ ကြည့်ရမယ်။" လိုကျစ်ကွေ့က တိုးညှင်းစွာ ပြောလိုက်၏။ "သူ ဘယ်အဆင့်အထိ သည်းခံနိုင်မလဲဆိုတာ စမ်းသပ်ကြည့်ရမယ်။"
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏စကားကို သူမ၏ဦးနှောက်ထဲတွင် မိမိဘာသာ ပြန်ဆိုကြည့်လိုက်သည်။ စစ်သေနာပတိချုပ်လို၏ဆိုလိုရင်းမှာ အမတ်ချုပ်ကြီးရှဲ့၏ အနိမ့်ဆုံး သည်းခံနိုင်စွမ်းစည်းမှာ မည်သည့်နေရာတွင် ရှိသည်ကို စမ်းသပ်ကြည့်ခြင်း ဖြစ်လောက်ပေသည်။
"ရှဲ့အန်းရှီက လူသတ်တာက အရင်ကျူးလွန်ခဲ့တာ။" လိုကျစ်ကွေ့က ထပ်မံပြောလိုက်၏။ "ရှဲ့ဝမ်ယွမ်က သူ့အတွက် လက်စားချေချင်မှ ချေလိမ့်မယ်။"
"တကယ်လား၊ လိမ်ပြောတာလား။" နဉ်ရှောင်ယောင်း အနည်းငယ် မယုံကြည်ပေ။ အမတ်ချုပ်ကြီးရှဲ့က အလွန်သည်းခံနိုင်စွမ်း ရှိသော်လည်း၊ ရှဲ့အန်းရှီကတော့ သားအရင်းပဲမဟုတ်လား။
"လူအများက ယုံကြည်လက်ခံထားတာ။ နောက်ကွယ်မှာ သူ မကောင်းမှုတွေ အကုန် လုပ်နေရင်တောင် ကိစ္စမရှိဘူး။ ဒါပေမဲ့ အပေါ်ယံမှာတော့ သူ ရှဲ့ဝမ်ယွမ်က လူကြီးလူကောင်းတစ်ယောက်အဖြစ် သေချာပေါက် ဟန်ဆောင်နေရလိမ့်မယ်။"
နဉ်ရှောင်ယောင်းသည် လောင်တ၏ဦးခေါင်းပေါ်မှ အမွှေးများကို ပြောင်းလဲ ဆွဲဖွလိုက်ရာ နောက်ဆုံးတွင် လောင်တ၏ လက်သည်းတစ်ချက်ကို ခံလိုက်ရသည်။ "သူက ဟန်ဆောင်ကောင်းတယ်လို့ တိုက်ရိုက် ပြောလိုက်ရင် ပြီးနေတာပဲကို။" ကြောင်လက်သည်းဖြင့် အကုတ်ခံလိုက်ရသော လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး၊ နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့အား တိုးတိုးလေး ပြောလိုက်သည်။
"ဒီနေ့ မတိုင်ခင်ဆိုရင် သူက ဒုက္ခသည်တွေကို သတ်ဖြတ်တဲ့ မကောင်းသတင်းကို မင်းရဲ့ ခေါင်းပေါ် ပုံချနိုင်သေးတယ်။"
လိုကျစ်ကွေ့သည် နဉ်ရှောင်
ယောင်း၏လက်လေးကို တစ်ချက် ကြည့်လိုက်ပြီး၊ လက်မြှောက်ကာ လောင်တ၏ဦးခေါင်းကို တစ်ချက် ခေါက်လိုက်လျက် တိုးညှင်းစွာ ပြောလိုက်၏။ "ဒါပေမဲ့ အခု သူ ဒီလိုထပ်လုပ်ရင် ဘယ်သူကမှ သူ့ကို ယုံကြည်တော့မှာ မဟုတ်ဘူး။"
"ဟုတ်တယ်။" နဉ်ရှောင်ယောင်းသည်လည်း လောင်တ၏ဦးခေါင်းကို လိုက်ခေါက်ရင်း ပြောလိုက်၏။ "သူ ကျွန်မကို တစ်ခါ စွပ်စွဲပြီးပြီ။ ဒုတိယအကြိမ် ထပ်စွပ်စွဲနိုင်ဦးမှာလား။ ကျွန်မက ငတုံးမှ မဟုတ်တာ။"
လိုကျစ်ကွေ့ သက်ပြင်းချလိုက်သည်။ ဒါက မင်းလေးတုံးတာမတုံးတာနဲ့ ဘာများဆိုင်လို့လဲ။
"ဒါဆို ကျွန်မ စိတ်မပူတော့ဘူး။" နဉ်ရှောင်ယောင်းသည် လက်မြှောက်ကာ မိုးရေများကို ခံယူ ဆော့ကစားရင်း ပြောလိုက်၏။ "ကျွန်မ အမတ်ချုပ်ကြီး ဝမ်းနည်းပူဆွေးလွန်းလို့ သေသွားတာကိုပဲ ထိုင်စောင့်နေတော့မယ်။"
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းအား ပို၍ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ ဤမိန်းကလေးတွင် အခြားကောင်းကွက်တစ်ခု ရှိသေးသည်။ ၎င်းမှာ သဘောထားကြီးခြင်းပင်။ ရှဲ့ဝမ်ယွမ်သည် လက်စားချေမည်ဆိုလျှင်လည်း သူ လိုကျစ်ကွေ့ကိုသာ ရှာဖွေလက်စားချေပေလိမ့်မည်။ ဒုက္ခသည်များကို လက်စားချေပါ့မလား။ ရှဲ့ဝမ်ယွမ်သည် သူ့အဆင့်အတန်းကိုထိုမျှအထိ နှိမ့်ချလိမ့်မည်မဟုတ်ပေ။
"ကျွန်မ ခံစားမိတာ ဒုက္ခသည်တွေက တော်တော် ခုခံတွန်းလှန်ချင်စိတ် ရှိကြတယ်။" နဉ်ရှောင်ယောင်းသည် မိုးရေများနှင့် ဆော့ကစားပြီးနောက် ခဏ စဉ်းစားကာ လိုကျစ်ကွေ့အား ထပ်မံ ပြောလိုက်၏။ "သူပုန်တပ်တွေရှိလာတာ မဆန်းတော့ပါဘူး။"
"လျှောက်မပြောနဲ့။" လိုကျစ်ကွေ့သည် သူ့မေးစေ့ဖြင့် နဉ်ရှောင်ယောင်း၏ခေါင်းကို တစ်ချက် ထောက်လိုက်၏။ "ဘာ သူပုန်တပ်လဲ၊ အဲ့ဒါက ဓားပြတွေ။"
နဉ်ရှောင်ယောင်း ပါးစပ် ပိတ်လိုက်သည်။ ထိုသူပုန်တပ်များ မြို့တော်သို့ တိုက်ခိုက် ဝင်ရောက်လာပြီး၊ 'ရှန့်နုန်' ဟု ခေါ်သော သူပုန်တပ်ခေါင်းဆောင် ဧကရာဇ် ဖြစ်လာသောအခါ၊ ထိုသူများကို ဓားပြများဟု ခေါ်ဆိုကြတော့မည် မဟုတ်ပေ။
(မင်းက တိုင်းပြည် ပျက်စီးသွားမှာကို ဒီလောက် မျှော်လင့်နေတာလား။ o(╯□╰)o)
........
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ဦးဆောင်၍ ထိုက်ဟွာခန်းမသို့ လျှောက်လှမ်းသွားစဉ် ရှဲ့အိမ်တော်ထဲတွင်မူ ငိုယိုမေ့လဲသွားခဲ့ရာမှ ပြန်လည် သတိရလာသော သခင်မဝမ်သည် အမတ်ချုပ်ကြီးရှဲ့၏ ဝတ်ရုံလက်စကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် အော်ဟစ် ငိုကြွေးနေ၏။ "အမတ်ချုပ်ကြီး၊ အန်းရှီကို ဒုက္ခပေးတဲ့သူကို အလွတ်ပေးလို့ မဖြစ်ဘူး။"
အမတ်ချုပ်ကြီးရှဲ့သည် စင်္ကြံလမ်းတွင် ထိုင်နေ၏။ အနီရောင် မီးပုံးကြီးသည် သူ့ခေါင်းထိပ်တွင် ချိတ်ဆွဲထားလျက် လေပြင်းကြောင့် ပြင်းထန်စွာ ယိမ်းထိုးနေ၏။ တစ်ချက် လင်း၊ တစ်ချက် မှောင်နေသော အလင်းရောင်သည် စင်္ကြံအပြင်ဘက်မှ လေပြင်းမုန်တိုင်းနှင့် ပေါင်းစပ်လျက် အမတ်ချုပ်ကြီးရှဲ့သည် သူ့ကိုယ်သူ ယခုအချိန်တွင် လေပြင်းမုန်တိုင်းထဲ၌ ရှိနေသကဲ့သို့ ခံစားနေရသည်။ ကြီးမားလှသော ရှဲ့အိမ်တော်သည် လှေငယ်တစ်စင်းမျှသာ ဖြစ်ပြီး အနည်းငယ် သတိမထားမိပါက လှေပျက်စီး၍ လူသေဆုံးကာ ထပ်မံနာလန်မထူနိုင်တော့ဘဲ ပျက်စီးသွားပေလိမ့်မည်။
ထိုအချိန်တွင် အခန်းတံခါးသည် အတွင်းမှ တစ်စုံတစ်ယောက်၏ တွန်းဖွင့်ခြင်းကို ခံလိုက်ရပြီး၊ ဆံပင်နှင့် မုတ်ဆိတ်မွှေးများ ဖြူဖွေးနေသော သမားတော်ကြီးတစ်ဦးသည် အခန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
သခင်မဝမ်သည် အမတ်ချုပ်ကြီးရှဲ့၏ဝတ်ရုံလက်စကို လွှတ်လိုက်ပြီး၊ သမားတော်ကြီးအား ကြည့်ကာ ကျယ်လောင်စွာ မေးလိုက်သည်။ "ဘယ်လိုလဲ။"
သမားတော်ကြီးသည် ကိုယ်ကို ကိုင်းညွှတ်လျက် တိုးညှင်းစွာ ပြောလိုက်၏။ "သခင်လေးသုံးက အဖျားဒဏ်ကို ကျော်လွန်နိုင်ခဲ့ရင် အသက်အန္တရာယ်ကို ကာကွယ်နိုင်ပါလိမ့်မယ်။"
"မကျော်လွန်နိုင်ခဲ့ရင်ရော။" သခင်မဝမ်က မေးလိုက်၏။
သမားတော်ကြီးသည် ခေါင်းငုံ့ထားရင်း စကားမဆိုခဲ့ပေ။
ဤနေရာတွင်ရှိနေသော လူတိုင်းသည် သမားတော်ကြီး မပြောသော်လည်း ရှင်းရှင်းလင်းလင်း သိရှိကြသည်။ အကယ်၍ ကျော်လွန်နိုင်ခြင်း မရှိခဲ့ပါက ရှဲ့အန်းရှီ သေဆုံးသွားပေလိမ့်မည်။
သခင်မဝမ်သည် မြေပြင်ပေါ်သို့ ပုံကျသွားရာ အဖွားကြီးနှစ်ဦး အလျင်အမြန် ရှေ့သို့တိုး၍ တွဲကူကြသော်လည်း သခင်မဝမ်၏တွန်းဖယ်ခြင်းကို ခံလိုက်ရ၏။ "အန်းရှီ ဘာမှ ဖြစ်လို့မရဘူး။" သခင်မဝမ်က အမတ်ချုပ်ကြီးရှဲ့အား ပြောလိုက်၏။ "အန်းယိက ကိစ္စ ဖြစ်ပြီးသွားပြီ။ အန်းရှီက ဘယ်လိုလုပ် ထပ်ပြီး ဒီလိုကိစ္စဖြစ်ရပြန်တာလဲ။"
"အမတ်ချုပ်ကြီး။" အိမ်တော်ထိန်းတစ်ဦးသည် စင်္ကြံလမ်း လှေကားထစ်များအောက်သို့ ပြေးလာပြီး၊ အမတ်ချုပ်ကြီးရှဲ့အား သတင်းပို့လိုက်၏။ "စစ်သူကြီးချန်လု ရောက်လာပါတယ်။"
အမတ်ချုပ်ကြီးရှဲ့သည် ချန်လုအား တွေ့ဆုံမည်အပြု၊ သခင်မဝမ်၏ ဆွဲထားခြင်းကို ခံလိုက်ရ၏။ "ကျွန်မလည်း ချန်လုနဲ့ တွေ့ရမယ်။" သခင်မဝမ်က ငိုယိုရင်း ပြောလိုက်၏။ "ကျွန်မရဲ့ သားကို ဘယ်သူက ဒုက္ခပေးခဲ့လဲဆိုတာ ကျွန်မ သိရမှ ဖြစ်မယ်။"
အမတ်ချုပ်ကြီးရှဲ့ မျက်မှောင် တစ်ချက် ကြုတ်လိုက်ပြီး၊ နောက်ဆုံးတွင် အိမ်တော်ထိန်းအား ပြောလိုက်၏။ "သူ့ကို ဒီကိုပဲ ခေါ်လာခဲ့။"
အိမ်တော်ထိန်းသည် ထွက်ခွာသွားပြီး မကြာမီ အချိန်အတွင်းမှာပင် ချန်လုကို ဦးဆောင်၍ ခြံဝန်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။
သခင်မဝမ်သည် ဤအချိန်တွင် သူမ၏ဘေးမှအဖွားကြီး၏ တွဲကူမှုဖြင့် အမတ်ချုပ်ကြီးရှဲ့၏ဘေးတွင်ထိုင်လျက်ရှိနေပြီး၊ မျက်လုံးနှစ်ဖက်မှာ မက်မွန်သီးကဲ့သို့ နီရဲကာ ရောင်ကိုင်းနေသော်လည်း မျက်ရည်များမှာမူ မရပ်မနား စီးကျနေဆဲ ဖြစ်သည်။
ချန်လုသည် အမတ်ချုပ်ကြီးရှဲ့ ဇနီးမောင်နှံအား အရိုအသေ ပြုလိုက်၏။
"ထောင်ချန်တို့ဇနီးမောင်နှံကို ရှာတွေ့ပြီလား။" အမတ်ချုပ်ကြီးရှဲ့သည် ချန်လု အရိုအသေပြုပြီးသည်အထိ စောင့်ဆိုင်းလိုက်ပြီးမှ မေးလိုက်၏။
ချန်လုသည် အခက်တွေ့စွာဖြင့် သခင်မဝမ်အား တစ်ချက်ခိုးကြည့်လိုက်၏။
"ရှဲ့ရှီက ငါတို့ ဇနီးမောင်နှံရဲ့ သမီးပဲ။ ငါ့ဇနီးက မခံနိုင်ဘူးဆိုရင်တောင် ခံနိုင်ရည် ရှိရလိမ့်မယ်။ မင်းမှာ ဘာပြောစရာရှိလဲ တိုက်ရိုက်သာ ပြောလိုက်တော့။" အမတ်ချုပ်ကြီးရှဲ့က ဆို၏။
ချန်လုက ခေါင်းငုံ့လျက် ပြောလိုက်၏။ "ထောင်အိမ်တော်ထဲမှာ အသက်ရှင်တဲ့သူ တစ်ယောက်မှ မရှိတော့ပါဘူး။ ကျွန်တော်တို့ စစ်တပ်ရောက်သွားတဲ့အချိန် အမတ်ကြီးထောင်တို့ မိသားစုကအိမ်တော်ထဲမှာ မရှိခဲ့ပါဘူး အဲ့တာကြောင့်ကျွန်တော်မျိုး လူတွေကို မေးမြန်းကြည့်ပြီးစုံစမ်းကြည့်တော့ သူတို့က အိမ်တော်ရှေ့က လမ်းမပေါ်မှာ ဒုက္ခသည်တွေ... ဒုက္ခသည်တွေရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်တဲ့။"
အမတ်ချုပ်ကြီးရှဲ့သည် မျက်လုံးများကို တစ်ချက် မှိတ်လိုက်၏။
သခင်မဝမ်သည် အချိန်အတော်ကြာ ကြက်သေသေသွားပြီးနောက် တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ "မိသားစု လေးယောက်စလုံး သေသွားတာလား။"
"ဟုတ်ပါတယ်။" ချန်လုသည် ဤအချိန်တွင် 'သခင်မ စိတ်ထိန်းပါ' ကဲ့သို့သော စကားမျိုးကို မဆိုနိုင်တော့ဘဲ ခေါင်းညိတ်ပြရုံသာ တတ်နိုင်လေသည်။
သခင်မဝမ်သည် သူမ၏ရင်ဘတ်ကို ဖိကိုင်ထားလျက် အသက်ရှူသံများ ပြင်းထန်လာ၏။
မိုးသည် ဝေါခနဲ ရွာသွန်းနေလျက် ခြံဝန်းအတွင်း၌ မည်သူမျှ စကားမဆိုကြပေ။
အချိန်အတော်ကြာပြီးနောက်၊ သခင်မဝမ်သည် အော်ဟစ် ငိုကြွေးသံနှင့် နီးစပ်သော နာကျင်စွာ ငိုသံကြီးက ထွက်ပေါ်လာလေတော့သည်။
"သခင်မကို ပြန်တွဲခေါ်သွားကြ။" အမတ်ချုပ်ကြီးရှဲ့က မျက်နှာအမူအရာမရှိဘဲ အမိန့်ပေးလိုက်၏။
အဖွားကြီးနှစ်ဦး ရှေ့သို့ တိုးလာကြသော်လည်း၊ သခင်မဝမ်အား တွဲမနိုင်သဖြင့် နောက်ထပ် အဖွားကြီးနှစ်ဦး ထပ်မံ တိုးလာကြပြီး အဖွားကြီးလေးဦး ပူးပေါင်း အားစိုက်လျက် သခင်မဝမ်အား ထိုင်ခုံပေါ်မှ အတင်းအကျပ် ဆွဲမလိုက်ကြရသည်။
"ငါ မသွားဘူး။" သခင်မဝမ်က ရူးသွပ်သွားသကဲ့သို့ ချန်လုအား အော်ဟစ်လိုက်၏။ "မင်း ငါ့ကို ပြော၊ တရားခံက ဘယ်သူလဲ။"
"တွဲခေါ်သွားကြ။" အမတ်ချုပ်ကြီးရှဲ့က ထိုင်ခုံ၏လက်တန်းကို တစ်ချက် ရိုက်လိုက်၏။
အဖွားကြီးလေးဦးသည် သခင်မဝမ်အား ဆွဲ၍ ထွက်ခွာသွားကြပြီး၊ အခြား အစေခံမိန်းကလေးနှစ်ဦး ထပ်ပေါင်းကာ သခင်မဝမ်၏လက်များကို သေမတတ် ဖိထားကြလျက် သခင်မဝမ်အား မရုန်းကန်နိုင်စေရန် လုပ်ဆောင်ကြရသည်။
သခင်မဝမ်တို့ တစ်ဖွဲ့ ထွက်ခွာသွားသည်မှာ အဝေးကြီး ရောက်သွားသည့်တိုင် ခြံဝန်းထဲမှ လူများသည် သခင်မ၏ငိုသံကို ကြားနေရဆဲ ဖြစ်သည်။
"သမားတော်ကြီး ကျွန်တော့်ဇနီးကို ထပ်ပြီး သွားကြည့်ပေးပါဦး။" အမတ်ချုပ်ကြီးရှဲ့က သမားတော်ကြီးအား ပြောလိုက်၏။ "ဒီအဘိုးကြီးက သူပါ ထပ်ပြီး တစ်ခုခုမဖြစ်သွားစေချင်ဘူး။"
သမားတော်ကြီးသည် အလျင်အမြန် 'ဟုတ်ကဲ့' ဟု ဖြေကြားပြီး၊ တစ်ကိုယ်လုံး တုန်ယင်နေသော တပည့်ငယ်လေးနှစ်ဦးကို ဦးဆောင်၍၊ တုန်တုန်လှုပ်လှုပ်ဖြင့် ထွက်ခွာသွားလေသည်။
အမတ်ချုပ်ကြီးရှဲ့သည် တစ်ဖက်မှချန်လုအား လက်ယပ်ခေါ်လိုက်ပြီး တစ်ဖက်မှ ခြံဝန်းအတွင်းမှ လူများအား အမိန့်ပေးလိုက်၏။ "အားလုံး ဆင်းသွားကြတော့။"
အစေခံများ ခြံအပြင်ဘက်သို့ ဆုတ်ခွာသွားကြစဉ်၊ မိုးရေထဲတွင် ရပ်လျက် စကားပြန်ဖြေနေသော ချန်လုသည် စင်္ကြံအောက်သို့ လျှောက်လှမ်း ဝင်ရောက်လာခဲ့သည်။
အမတ်ချုပ်ကြီးရှဲ့သည် ထိုင်ခုံပေါ်တွင် တည်ငြိမ်စွာ ထိုင်နေလျက်၊ သူ့ဘေး မလှမ်းမကမ်းတွင် တစ်ဝက် ပိတ်ထားသော အခန်းတံခါး ရှိနေ၏။
"သခင်လေးသုံးရဲ့ အခြေအနေ ဘယ်လိုပါလဲ။" ချန်လုက တိုးညှင်းစွာ မေးလိုက်၏။
"မကောင်းဘူး။" အမတ်ချုပ်ကြီးရှဲ့က ခေါင်းခါလိုက်ပြီး ဆို၏။ "ထောင်ချန်တို့ မိသားစုရဲ့ အလောင်းတွေက အခု ဘယ်နေရာမှာလဲ။"
မိမိ ယူဆောင်လာခဲ့သော အသားတုံးအထုပ်ကြီးများကို ပြန်လည် တွေးတောမိကာ၊ လာရာလမ်းတွင် ရှင်းပြချက်များကို ကြိုတင်စဉ်းစားထားခဲ့ပြီး ဖြစ်သော ချန်လုသည် တစ်ခဏမျှ စကား မဆိုနိုင် ဖြစ်သွားပြန်သည်။
"ပြောလေ။"
"သူတို့က ဒုက္ခသည်တွေရဲ့ နင်းခြေခြင်းကို ခံရပြီး သေဆုံးသွားခဲ့တာပါ။ အလောင်းတွေက အခု ပြန်လည် ကောက်ယူလို့ မရနိုင်တော့ပါဘူး။"
အမတ်ချုပ်ကြီးရှဲ့သည် ထိုင်ခုံလက်တန်းကို လေးလံစွာ ပုတ်ခတ်နေ၏။
ချန်လုသည် ခေါင်းငုံ့၍ ရပ်နေသည်။ ဤအချိန်တွင် မည်သို့သော နှစ်သိမ့်စကားကိုမျှ ဆိုခြင်းက အသုံးဝင်မည် မဟုတ်ပေ။
"လိုကျစ်ကွေ့။" ဤနာမည်သည် အမတ်ချုပ်ကြီးရှဲ့၏သွားကြားထဲမှ ညှစ်ထုတ်လိုက်သကဲ့သို့ ဖြစ်နေသည်။ အမတ်ချုပ်ကြီးက ချန်လုအား မေးလိုက်၏။ "မင်း လူလွှတ်ပြီး ဒီအဘိုးကြီးကို ပြောခိုင်းတယ်။ လိုကျစ်ကွေ့ အဲ့ဒီအချိန်တုန်းက အဲ့ဒီမှာ ရှိနေခဲ့တယ်ဆို။"
"ဟုတ်ပါတယ်။" ချန်လုက အလျင်အမြန် ပြောလိုက်၏။ "ကျွန်တော်မျိုး သူ့ကို တွေ့ခဲ့ပါတယ်။"
"မင်း သူနဲ့ စကားပြောခဲ့လား။"
ချန်လု ထပ်မံ၍ စကားထစ်သွားပြန်၏။
"ဒီအဘိုးကြီး ခံနိုင်ရည် ရှိတယ်။" အမတ်ချုပ်ကြီးရှဲ့က ချန်လုအား ကြည့်လိုက်ပြီး၊ "မင်း ပြော။"
"လိုကျစ်ကွေ့ ပြောတာက၊ ဒီည မီးလောင်မှုကြီးအတွက် အမတ်ချုပ်ကြီးက အရှင်မင်းကြီးကို ရှင်းပြချက်တစ်ခု ပေးရမယ်တဲ့။" ချန်လုက တိုးညှင်းစွာ ပြောလိုက်၏။
"ရှင်းပြချက်။" အမတ်ချုပ်ကြီးရှဲ့က ခေါင်းညိတ်လိုက်၏။
"အမတ်ချုပ်ကြီး။ ဒုက္ခသည်တွေက လူစုခွဲသွားကြပါပြီ၊ အကယ်၍ ဖမ်းဆီးချင်တယ် ဆိုရင်..."
"အဓိက တရားခံက လိုကျစ်ကွေ့ပဲ။" အမတ်ချုပ်ကြီးရှဲ့က ချန်လု၏စကားကို ဖြတ်ပြောလိုက်ပြီး ဒေါသထွက်စွာဆိုလိုက်သည်။
"ဒီအဘိုးကြီးက ဒုက္ခသည်တွေကို ရှာပြီး ဘာလုပ်ရမှာလဲ။"
ချန်လုက ခေါင်းညိတ်၍ 'ဟုတ်ကဲ့' ဟု ပြောလိုက်၏။
"လိုမိသားစုရဲ့ ဒီ ဥဩကို အပိုင်းပိုင်း အတစ်တစ်ဖြစ်အောင် မသတ်နိုင်ခဲ့တာ..." အမတ်ချုပ်ကြီးရှဲ့၏ လက်သည် ထိုင်ခုံလက်တန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက်၊ မုန်းတီးစွာ ပြောလိုက်၏။
"ဒါက ဒီအဘိုးကြီးရဲ့ အကြီးမားဆုံး အမှားပဲ။"
ချန်လုသည် အမတ်ချုပ်ကြီးရှဲ့၏ စကားကို မဆက်ဝံ့ခဲ့ပေ။ ဤကိစ္စကို ကျိန်ဆဲရမည် ဆိုလျှင် လိုကျစ်ကွေ့ကို ကယ်တင်ခဲ့သော ထိုသူကိုသာ ကျိန်ဆဲရပေလိမ့်မည်။ သို့သော် လိုကျစ်ကွေ့ကို ကယ်တင်ခဲ့သူမှာ လက်ရှိ ဧကရာဇ် ဖြစ်ရာ သူက ဧကရာဇ်ကို ကျိန်ဆဲနိုင်ပါ့မလား။
ထိုအချိန်တွင် အိပ်ခန်းထဲမှ အမျိုးသမီးတစ်ဦး၏ ငိုသံကို မသဲမကွဲ ကြားလိုက်ရ၏။
ချန်လုပင် မထိန်းချုပ်နိုင်ဘဲ တံခါးအတွင်းသို့ တစ်ချက် ကြည့်လိုက်မိသည်။ အမတ်ချုပ်ကြီးရှဲ့မှာမူ မျက်လုံးတစ်ချက်မျှပင် ရွေ့မသွားဘဲ ချန်လုအား မေးလိုက်၏။ "တကယ်ပဲ အန်းရှီက မီးရှို့ပြီး ဒုက္ခသည်တွေကို သတ်လိုက်တာလား။"
ချန်လုက "ဒီကိစ္စက အတုအယောင် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ သခင်လေးသုံးကို လက်ညှိုးထိုး စွပ်စွဲခဲ့တဲ့ အဲ့ဒီ အမျိုးသမီးက၊ မီးထဲ တိုးဝင်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါပြီ။ လူတွေ အများကြီးက သူမရဲ့စကားကို ကြားလိုက်ကြပါတယ်။"
အမတ်ချုပ်ကြီး၏ တစ်ကိုယ်လုံးမှာ မတည်မငြိမ်ဖြစ်သွားကာ မတ်မတ်ဆက်မရပ်နိုင်သည်ကို မြင်သောအခါ၊ ချန်လုသည် အလျင်အမြန် လက်လှမ်း၍ အမတ်ချုပ်ကြီးရှဲ့အား တွဲကူလိုက်၏။
အမတ်ချုပ်ကြီးရှဲ့သည် စင်္ကြံအောက်သို့ လျှောက်လှမ်းသွားပြီး တိုးညှင်းစွာ ကျိန်ဆဲလိုက်၏။ "အသုံးမကျတဲ့ကောင်။"
ချန်လုသည် မိမိကိုယ်မိမိ အမတ်ချုပ်ကြီးရှဲ့၏ကျိန်ဆဲသံကို မကြားမိဟန်ဆောင်လိုက်ပြီး မေးလိုက်၏။ "အမတ်ချုပ်ကြီး၊ နောက်ဘာဆက်လုပ်ရမှာလဲ။"
"သည်းခံ။" အမတ်ချုပ်ကြီးရှဲ့က ချန်လုအား စကားတစ်လုံးတည်း ဖြေလိုက်လေသည်။
ချန်လု ဘာစကားမျှ မဆိုနိုင်တော့ပေ။
"မနက်ဖြန် ဒီအဘိုးကြီးက အပြစ်ဝန်ခံတဲ့ စာတစ်စောင် ထပ်တင်မယ်။" အမတ်ချုပ်ကြီးရှဲ့သည် မိုးရေထဲတွင် ရပ်လျက်၊ ခြေလှမ်းများကို ဖြည်းညှင်းစွာ ရှေ့သို့ လျှောက်လှမ်းရင်း၊ "ရှဲ့အန်းရှီ လူသတ်တာက အရင်၊ အိမ်မီးရှို့တာက နောက်၊ ဒီ အသုံးမကျတဲ့ တိရစ္ဆာန်က သေသင့်သေထိုက်တာထက် ပိုနေပြီ။"
"အမတ်ချုပ်ကြီးက သခင်လေးသုံးကို စွန့်ပစ်တော့မှာလား။" ချန်လုက အံ့အားသင့်စွာ ပြောလိုက်၏။
"သူ့ကို ချန်ထားလို့လဲ အသုံးမဝင်တော့ဘူး။" အမတ်ချုပ်ကြီးရှဲ့က သက်ပြင်းချလျက် ပြောလိုက်၏။
ဒီအဘိုးကြီး...။ ချန်လု၏ လည်ချောင်းများ ခြောက်ကပ်သွားသည်။ အမတ်ချုပ်ကြီးရှဲ့သည် သူ့မျက်လုံးထဲတွင် ဤအချိန်၌ မိစ္ဆာတစ်ကောင်သဖွယ် ဖြစ်နေသည်။ သားကို အသုံးဝင်ခြင်း၊ အသုံးမဝင်ခြင်းဖြင့် တိုင်းတာလို့ရရောလား။
"ဒီအဘိုးကြီးက ဒီလောက် အလွယ်တကူ ပြိုလဲသွားမှာ မဟုတ်ဘူး။" အမတ်ချုပ်ကြီးရှဲ့က စကားတစ်ခွန်းထပ်ပြောလိုက်သည်။
ချန်လုသည် ရှစ်ပေမြင့်သော ယောကျ်ားတစ်ဦး ဖြစ်သော်လည်း၊ အမတ်ချုပ်ကြီးရှဲ့၏ဘေးတွင် 'ဟုတ်ကဲ့ ဟုတ်ကဲ့' ဟု ဆိုရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။စစ်သူကြီး ချန်လုသည် ရှဲ့ဝမ်ယွမ်ဆိုသော ဤလူကို စိတ်ထဲမှ အမှန်တကယ် ကြောက်ရွံ့နေမိသည်။
.....
မြို့အနောက်ဘက်နေရာတွင်၊ မိုးသည်းထန်မှုသည် မီးတောက်ကြီးကို ငြှိမ်းသတ်သွားစေခဲ့ပြီး လူများသည် မိုးရေထဲတွင် အလောင်းများကို စတင် ကောက်ယူကြကာ ဒဏ်ရာရသူများအတွက် သမားတော် ပင့်၍ ကုသပေးကြပြီး ပျက်စီးနေသော အိမ်များထဲတွင် အသုံးပြုနိုင်သေးသော ပစ္စည်းများကို ရှာဖွေကြ၏။ မြို့တော်စောင့်တပ်မှ စစ်သားများသည် ဒုက္ခသည်များ၏ အလောင်းများကို လှည်းများပေါ်သို့ ပုံတင်လျက် အနောက်ဘက် မြို့တံခါးဆီသို့ သယ်ယူပို့ဆောင်နေကြသည်။
ယင်းဖုန်းသည် အနောက်ဘက် မြို့တံခါးကို အော်ဟစ်ဖွင့်ခိုင်းကာ မြို့ထဲသို့ ဝင်ရောက်လာခဲ့ပြီး၊ အလောင်းများ ပုံနေသော အလောင်းသယ်လှည်းများကို မြင်သောအခါ၊ တပ်မှူးကြီးယင်း လန့်သွားပြီး မြို့တံခါး အောက်သို့ ဆင်းလာ၍ သူ့အားကြိုဆိုသော မြို့စောင့်တပ်ဗိုလ်ချုပ်အား အလျင်အမြန် မေးလိုက်၏။ "ဒါက ဘယ်နေရာက အလောင်းတွေလဲ။"
ဗိုလ်ချုပ်သည် မြို့တံခါးထိပ်တွင် ရပ်နေသဖြင့် မြို့ထဲရှိ လမ်းသွယ်များထဲတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ ယင်းဖုန်း၏အမေးကို ကြားသောအခါ ဖြစ်ပွားခဲ့သော ကိစ္စရပ်များကို အကျဉ်းချုံး၍ ပြောပြလိုက်၏။ စကား ပြောပြီးသောအခါ ထိုတပ်မှူူးသည် ယင်းဖုန်းအား တစ်ချက်အကဲခတ် ကြည့်လိုက်သည်။
မိမိရှေ့မှပုဂ္ဂိုလ်သည် မိုးရေထဲတွင် ခရီးနှင်လာခဲ့သောကြောင့် ကိုယ်ပေါ်တွင် သွေးများ မမြင်တွေ့ရသော်လည်း သူ၏ကိုယ်ပေါ်တွင် သွေးညှီနံ့များ ရှိနေသည်။ မိုးသည်းထန်စွာ ရွာသွန်းနေသည်တိုင် မဆေးကြောနိုင်သော သွေးညှီနံ့ ဖြစ်၏။ ဗိုလ်ချုပ်၏စိတ်ထဲမှ တွေးလိုက်မိသည်မှာ... ဒီလူ တစ်ညတည်း လူဘယ်နှယောက်တောင် သတ်ခဲ့တာလဲ။ ဒါမှမဟုတ် သူမေးသင့်သည်မှာ တစ်ညတည်းနှင့် မြို့တော်အတွင်းအပြင်တွင် လူပေါင်းဘယ်လောက်တောင် သေဆုံးခဲ့ရသလဲဟူ၍ပင်။
***