မင်း ကိုယ့်ကို သဘောကျရဲ့လား။
Vol. 11 Ch. 161
ရှဲ့အန်းဝူသည် လိုကျစ်ကွေ၏ ပွင့်လင်းလှသော စကားများကြောင့် ကြောင်၍ ရပ်နေမိသည်။
လိုကျစ်ကွေ့သည်လည်း မလောဘဲ ထိုင်၍ စောင့်နေလေသည်။
ထိုက်ဟွာခန်းမ၏ ကောင်းကင်ယံတွင် ပြင်းထန်သော မိုးခြိမ်းသံ ထွက်ပေါ်လာပြီး၊ နန်းဆောင်၏ တံခါးများနှင့် ပြတင်းပေါက်များအားလုံး တုန်ခါကာ 'ဂျလပ် ဂျလပ်' မြည်နေကြသည်။
ရှဲ့အန်းဝူသည် လိုကျစ်ကွေ့အား ခေါင်းခါလိုက်ပြီး ခိုင်မာစွာပြောလိုက်သည်။ "ကျွန်တော် ပြန်မသွားတော့ဘူး။"
လိုကျစ်ကွေ့ "အခုအချိန်မှာ အမတ်ချုပ်ကြီးက သူ့အနားမှာ အသုံးဝင်တဲ့ သားတစ်ယောက်ကို လိုအပ်နေတယ်။ မင်းသာ ပြန်လှည့်သွားဖို့ ဆန္ဒရှိရင်၊ သူ မင်းကို အပြစ်တင်မှာ မဟုတ်ဘူး။ မင်း မိသားစုကို စွန့်ခွာသွားတဲ့ကိစ္စကို ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့သလို သဘောထားလိမ့်မယ်။"
ရှဲ့အန်းဝူက သံသယဖြင့် ပြန်ပြောလေသည်။ "စစ်သေနာပတိချုပ်က ကျွန်တော့်ကို ပြန်သွားဖို့ တိုက်တွန်းနေတာလား။"
"ငါက မင်းကို ပြန်လှည့်သွားဖို့ တိုက်တွန်းနေတာ မဟုတ်ဘူး။ ငါက မင်းကို သေသေချာချာ စဉ်းစားစေချင်တာ။ ဒါက မင်းကို ပေးတဲ့ အခွင့်အရေးပဲ။ ဒီနေ့ပြီးသွားရင် မင်း ထပ်ပြီး ပြန်လှည့်သွားချင်သေးတယ်ဆိုရင် ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်။"
မိုးခြိမ်းသံသည် ထပ်မံ ထွက်ပေါ်လာပြီး၊ လျှပ်စီးတစ်ချက်သည် မှောင်မည်းနေသော ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့သည်။
ရှဲ့အန်းဝူသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြန်ပြီး၊ နောက်ဆုံးတွင် ခေါင်းမော့၍ လိုကျစ်ကွေ့အား ကြည့်ကာ မျက်တောင်တစ်ချက်ပင်မခက်ပဲ ပြောလိုက်သည်။ "ကျွန်တော် ပြန်မသွားတော့ဘူး။"
သူ ပြန်လှည့်သွားလျှင်၊ အမှန်တကယ်ပင် အနာဂတ်တစ်ခု ရှိနိုင်ပေမည်။ သို့သော် ငယ်စဉ်ကတည်းက ဖခင်၏အလေးထားခြင်းကို ခံခဲ့ရသော တရားဝင်ဇနီးမှ မွေးသည့် အစ်ကိုကြီးသုံးဦးနှင့် နှိုင်းယှဉ်လျှင် ရှဲ့သခင်လေး (၄) သည် သူ့ဖခင်၏ ခံစားချက်ကင်းမဲ့မှုကို အတိုင်းအတာတစ်ခုအထိ နားလည်ထားပေသည်။ ယခုအချိန်တွင် ရှဲ့မိသားစု အခက်အခဲ ကြုံနေရသဖြင့် ဖခင်သည် သူနှင့်အတူ အခက်အခဲများကို အတူတကွ မျှဝေခံစားနိုင်သော်လည်း၊ ကြွယ်ဝချမ်းသာသော အချိန်သို့ ပြန်ရောက်သွားသောအခါ ဘယ်လိုဖြစ်မလဲမသိနိုင်ပေ။ ဖခင်၏အနားတွင် သူ တစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်ခဲ့ခြင်း မဟုတ်ခဲ့ရင်… ရှဲ့အန်းဝူသည် မိမိကိုယ်မိမိ သရော်ပြုံး ပြုံးလိုက်သည်။ မဟုတ်ခဲ့ရင် သူသည် ရွှံ့နွံထဲသို့ ဧကန်မလွဲ ပြန်လည် ကျရောက်သွားပေလိမ့်မည်။
လိုကျစ်ကွေ့သည် အလင်းရောင် မကျရောက်နိုင်သော အမှောင်ထဲတွင် ထိုင်လျက်၊ မီးအိမ်အောက်တွင် ရပ်နေသော ရှဲ့အန်းဝူကို ကြည့်ရင်း ရှဲ့အန်းဝူ၏အမူအရာ ပြောင်းလဲမှုအားလုံးကို မျက်ဝါးထင်ထင် မြင်တွေ့နေရ၏။ "မင်း စဉ်းစားပြီးပြီလား။" လိုကျစ်ကွေ့က မေးလိုက်သည်။
ရှဲ့အန်းဝူ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ။" လိုကျစ်ကွေ့က ဆက်ပြောခဲ့သည်။ "ဒီနေ့ အရှင်မင်းကြီးက အမိန့်တော် ထုတ်ပြန်လိမ့်မယ်။ မင်းကို မြို့တော်က ရှဲ့မိသားစုစီကနေ မျိုးနွယ်စု ခွဲထုတ်ပေးဖို့ပဲ။ ဒီနေ့ကစပြီး မင်းနဲ့ ဒီရှဲ့မိသားစုနဲ့ ဘာမှ ပတ်သက်မှု မရှိတော့ဘူး။ သခင်လေး(၄) မင်း ဆန္ဒရှိရဲ့လား။"
ထွက်ခွာရန် ဆုံးဖြတ်ပြီးမှတော့၊ ရှဲ့အန်းဝူသည် မျိုးနွယ်စုမှ ခွဲထွက်ရန် မစောင့်နိုင်အောင်ပင် ဖြစ်နေသည်၊ ရှဲ့မိသားစု၏ ကြွယ်ဝချမ်းသာမှုကို သူ မခံစားနိုင်သော်လည်း၊ နောင်တစ်ချိန် ရှဲ့မိသားစု ဒုက္ခရောက်သောအခါ၊ သူနှင့်လည်း သက်ဆိုင်တော့မည် မဟုတ်ပေ။
"ငါ မင်းကို ကျန်းနန်ကို သွားစေချင်တယ်။" လိုကျစ်ကွေ့က ရှဲ့အန်းဝူအား ထိုင်ရန် အမူအရာပြလျက် ဆိုသည်။
"မင်း မြို့တော်မှာ ကျန်နေခဲ့ရင် အမတ်ချုပ်ကြီးက မင်းကို အလွတ်ပေးဖို့ သိပ်မဖြစ်နိုင်ဘူး။"
ရှဲ့အန်းဝူ၏ နှလုံးသား နစ်မြုပ်သွား၏။ "ကျန်းနန်ကိုပဲ သွားရဦးမှာလား။"
"ချင်ရွှမ်ဆီကို သွား။ ရှဲ့မိသားစုက သူ့လက်ထဲ အပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ငါ မင်းကို သွားလွှဲယူစေချင်တယ်။"
ရှဲ့အန်းဝူ၏အကြည့်များ တစ်ချက် လှုပ်ခတ်သွားသော်လည်း၊ အမူအရာမပျက်ဘဲ ပြန်ပြောလိုက်သည်။
"စစ်သေနာပတိချုပ်က ကျွန်တော့်ကို ကုန်သွယ်မှု သွားလုပ်ခိုင်းတာလား။"
"အရှင်မင်းကြီးအတွက် အလုပ်လုပ်ပေးတာက ဘယ်လိုလုပ် ကုန်သွယ်မှု လုပ်တာ ဖြစ်ရမှာလဲ။"
လိုကျစ်ကွေ့သည် ကိုယ်ကို အနည်းငယ် ရှေ့သို့ တိုးလိုက်ပြီး၊ ရိုးသားသော အမူအရာဖြင့် ဆိုလိုက်သည်။
"မင်းက အရှင်မင်းကြီးအမိန့်နဲ့ ကျန်းနန်ကို စေလွှတ်လိုက်တဲ့ အထူးသံတမန် ဖြစ်လာမှာ။ မင်းက ချင်ရွှမ်ဆီကနေ စီးပွားရေးလုပ်ငန်းတွေ လွှဲယူရုံတင် မဟုတ်ဘူး၊ မင်းကိုယ်တိုင်နည်းလမ်း ရှာဖို့လည်းလိုတယ်၊ တောင်ပိုင်းဒေသက ရှဲ့မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ထူထောင်ထားတဲ့ လုပ်ငန်းခွင်တွေကို၊ အကုန်လုံး ဖျက်ဆီးပစ်မှ ဖြစ်မယ်။"
ရှဲ့အန်းဝူ အသက်ရှူမှားသွား၏။
"အဲ့ဒိရှဲ့မိသားစု ပြိုလဲသွားမှ မင်းရဲ့ မိသားစုက အစားထိုး နေရာယူနိုင်မှာ။ အရှင်မင်းကြီးက မင်းကို လုပ်ပိုင်ခွင့်အာဏာ ပေးထားမှာ အဲ့တာကမင်းလက်ထဲ လုပ်ပိုင်ခွင့်ကိုအတိုင်းအတာတစ်ခုထိထည့်ပေးလိုက်တဲ့သဘောပဲ။ မင်းမှာ ကိုင်တွယ်နိုင်မယ့် အရည်အချင်း ရှိ၊ မရှိကိုပဲ ကြည့်ရတော့မယ်။”
ရှဲ့အန်းဝူသည် လိုကျစ်ကွေ့၏ပြောစကားကြောင့် ခန္တာကိုယ်က အနည်းငယ်သွေးပူလာသော်လည်း၊ မကြာမီ ရှဲ့သခင်လေး(၄) သည် သတိအနေအထားဖြင့် လိုကျစ်ကွေ့အား မေးလိုက်သည်။
"အရှင်မင်းကြီးက ကျွန်တော့်ကို ဒီအတိုင်းပဲ ယုံလိုက်တာလား။"
"လူတစ်ယောက်ကို အသုံးပြုရင် သံသယ မရှိရဘူး။ ပြီးတော့ ခုနက ငါ မင်းကို ရွေးချယ်ခွင့် ပေးပြီးသားပဲ။"
သစ္စာဖောက်ခြင်းသည် သေခြင်းပင် ဖြစ်သည်။ ရှဲ့အန်းဝူ၏စိတ်ထဲတွင် ကြက်သီးထသွားသော်လည်း၊ သူသည် ခမ်းနားထည်ဝါသော အနာဂတ်တစ်ခု သူ့ရှေ့မှောက်တွင် ချထားသည်ကိုလည်း မသဲမကွဲ မြင်တွေ့လိုက်ရသည်။ ဤလမ်းကို သူ လျှောက်လှမ်းလိုက်သည်နှင့် နောက်ပြန်
လှည့်၍ ရတော့မည်မဟုတ်ပေ။ သို့သော် အောင်မြင်သွားသည်နှင့် ငါးတစ်ကောင်က နဂါးဂိတ်တံခါးကို ကျော်ဖြတ်ခြင်းပင် ဖြစ်ပေလိမ့်မည်။
"ကောင်းကောင်း အနားယူလိုက်ဦး။" လိုကျစ်ကွေ့သည် ရှဲ့အန်းဝူ၏ ရှေ့မှောက်သို့ လျှောက်လှမ်းသွားပြီး၊ ရှဲ့အန်းဝူ၏ပခုံးကို တစ်ချက် ပုတ်ကာ ပြောလိုက်၏။
"ငါ မျိုးနွယ်စုကနေခွဲထုတ်တဲ့ကိစ္စ သွားစီစဉ်လိုက်ဦးမယ်။"
ရှဲ့အန်းဝူ "ချင်ရွှမ်က ရှဲ့မိသားစုကို ဒီလောက်တောင် မုန်းတာ။ သူက ကျွန်တော်နဲ့ အတူတူ အလုပ်လုပ်နိုင်ပါ့မလား။"
"မင်းက မြို့တော် ရှဲ့မိသားစုက လူမှ မဟုတ်တာ။ တပ်မှူးကြီးချင်က ဘာလို့ မင်းကို မုန်းရမှာလဲ။" လိုကျစ်ကွေ့ ရယ်မောလိုက်ပြီး၊ "သူက ရှဲ့မိသားစု ပျက်စီးသွားစေချင်တယ်။ ဒါကလည်း မင်းရဲ့ ဆန္ဒနဲ့တူတူပဲ မဟုတ်ဘူးလား။"
ရှဲ့အန်းဝူ ခေါင်းငုံ့လိုက်သည်။ ဤသည်မှာ အမှန်တကယ်ပင် သူ့ဆန္ဒ ဖြစ်လေသည်။
လိုကျစ်ကွေ့သည် နန်းဆောင်ခန်းထဲမှ ထွက်ခွာလာခဲ့သည်။ အခန်းအပြင်ဘက်တွင် လေပြင်းမုန်တိုင်းများ ကျရောက်နေဆဲ ဖြစ်သည်။ အကြီးအကဲလီသည် မလှမ်းမကမ်းရှိ စင်္ကြံလမ်းထဲတွင် တစ်ဦးတည်း ရပ်နေပြီး၊ လိုကျစ်ကွေ့ကို မြင်သောအခါ လက်ယပ်ခေါ်လိုက်၏။
လိုကျစ်ကွေ့သည် သူ့နောက်မှ နန်းဆောင်တံခါးကို ပိတ်လိုက်ပြီး အကြီးအကဲလီ၏ ရှေ့မှောက်သို့ လျှောက်သွားခဲ့သည်။
"မိသားစုကို သစ္စာဖောက်တဲ့လူကို တကယ် ယုံကြည်လို့ ရလို့လား။" လိုကျစ်ကွေ့ စကား မပြောရသေးမီမှာပင် အကြီးအကဲလီက မျက်နှာချင်းဆိုင်ပင် မေးခွန်းတစ်ခု မေးလိုက်သည်။
လိုကျစ်ကွေ့က တိုးညှင်းစွာ ပြန်ဖြေလိုက်သာ်။ "အမတ်ကြီး အကုန်လုံး ကြားသွားတာလား။"
အကြီးအကဲလီ "မင်း ဒီအဘိုးကြီးရဲ့ မေးခွန်းကိုသာ ဖြေစမ်းပါ။"
"သူက ဒီလောကကြီးမှာ ရှဲ့မိသားစုရဲ့ တိုက်တာကြီး ပြိုလဲသွားတာကို အမြင်ချင်ဆုံးလူ ဖြစ်လိမ့်မယ်။ ဘာလို့ သူ့ကို ကျွန်တော်တို့က အသုံးမချနိုင်ရမှာလဲ။" လိုကျစ်ကွေ့က အကြီးအကဲလီအား မေးခွန်းပြန်ထုတ်လိုက်၏။
အကြီးအကဲလီက ခေါင်းခါလိုက်၏။
"မင်း သူပြန်ကိုက်တာခံရမှာကို မကြောက်ဘူးလား။ သူက ဒီနေ့ ရှဲ့မိသားစုကို သစ္စာဖောက်နိုင်ရင်၊ နောင်တစ်ချိန်မှာ သူက မင်းကို သစ္စာဖောက်နိုင်တယ်။"
လိုကျစ်ကွေ့သည် စင်္ကြံအပြင်ဘက်မှ မိုးရေများကို လှည့်ကြည့်လိုက်သည်။
"စာရိတ္တမကောင်းတဲ့လူ..."
"အမတ်ကြီး ဂုဏ်သိက္ခာ မြင့်မားတဲ့လူတွေ၊ အများစုက ရှဲ့ဝမ်ယွမ်ရဲ့ လက်ထဲမှာ သေဆုံးသွားခဲ့ကြပြီ။"
လိုကျစ်ကွေ့သည် စင်္ကြံအပြင်ဘက်သို့ ကြည့်ရင်း တိုးညှင်းစွာ ပြောလိုက်၏။
"ကျန်တဲ့သူတွေ၊ ဥပမာ အမတ်ကြီးလိုပေါ့၊ ခင်ဗျားက ရှဲ့ဝမ်ယွမ်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်လို့လား။"
"မင်း..." အကြီးအကဲလီသည် ခဏတာမျှ ဆွံ့အသွားပြီး၊ လိုကျစ်ကွေ့၏စကားကြောင့် ဒေါသထွက်သွားခဲ့သည်။
"ခင်ဗျားတို့က အိမ်ရှေ့စံမင်းသားကို မကယ်တင်နိုင်ခဲ့သလို ကျွန်တော့်ကိုလည်း မကယ်တင်နိုင်ခဲ့ဘူး။" လိုကျစ်ကွေ့သည် အကြီးအကဲလီဘက်သို့ လှည့်ကြည့်
လိုက်ပြီး၊ အေးစက်သော အကြည့်များဖြင့် ပြောလိုက်သည်။
"ခင်ဗျားတို့က အရှင်မင်းကြီးကိုလည်း ကူညီနိုင်မှာ မဟုတ်ဘူး။ ရှဲ့ဝမ်ယွမ်နဲ့ စကား အနည်းငယ် ရန်ဖြစ်တာကလွဲရင်၊ အမတ်ကြီး... ခင်ဗျားတို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။"
အကြီးအကဲလီသည် မိမိအရှေ့မှ လူငယ်လေး၏စကားမှာ အမှန်ဖြစ်နေသည့်အတွက် နှစ်ချက်မျှ တုန်ယင်သွားကာစကားတစ်ခွန်းမျှ မဆိုနိုင်ခဲ့ပေ။
"အမတ်ကြီး ကျွန်တော့်ကို ဘယ်လို မြင်
လဲဆိုတာ ကျွန်တော် သိပါတယ်။"
လိုကျစ်ကွေ့က ထပ်မံ ပြောလိုက်သည်။
"စစ်သားဆိုတာ ခွေးလိုမြင်းလို ခိုင်းသမျှ လုပ်ရတဲ့သူ' ၊ဒါက အမတ်ကြီးရဲ့ စိတ်ထဲက စစ်သားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားပဲ။ အခု ကျွန်တော် လိုကျစ်ကွေ့ဆိုတဲ့ စစ်သားတစ်ယောက်က၊ နန်းတော်ထဲမှာ လက်ထိုး ခြေထိုး လုပ်နေတာ အမတ်ကြီးရဲ့ မျက်စိထဲမှာ တော်တော် ဆူးငြောင့်ခလုတ် ဖြစ်နေတယ်မလား။"
လိုကျစ်ကွေ့ ဤသို့ တိုက်ရိုက် အချက်ကို ထောက်ပြလိုက်ခြင်းသည် အကြီးအကဲလီအား အနည်းငယ် အငိုက်မိသွားစေသော်လည်း၊ အဘိုးကြီးသည် ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး၊ လိုကျစ်ကွေ့အား အေးစက်စွာ မေးလိုက်သည်။
"မြို့အနောက်ဘက်က ဒုက္ခသည်တွေရဲ့ ကိစ္စက စစ်သေနာပတိချုပ်နဲ့ မပတ်သက်ဘူးလား။"
လိုကျစ်ကွေ့သည် အကြီးအကဲလီ၏ဘေးမှ ဖြတ်လျှောက်သွားပြီး၊ ထီးကို ဖွင့်ကာ၊ စင်္ကြံလမ်းမှ ထွက်ခွာသွားလျက်၊ နောက်ထပ် စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။
ခြံဝန်းအတွင်းမှ ရေများသည် လှေကားထစ်များကို ကျော်လွန်၍ စီးဆင်းနေ၏။ မိုးစက်များ မြေပြင်ပေါ်သို့ ကျရောက်ပြီး၊ လှိုင်းဂယက်ငယ်လေးများ ထစေ၏။ နေ့အချိန် ဖြစ်သော်လည်း၊ ကောင်းကင်ရောင်မှာမူ မိုးသည်းထန်မှုကြောင့် ဝါကျင်၍ မှောင်မည်းနေသည်။ အကြီးအကဲလီ၏ မျက်လုံးထဲတွင် ဤကောင်းကင်ရောင်သည် 'ယုံနင်' ၏ အနာဂတ်လမ်းခရီးသဖွယ် ဖြစ်နေသည်။ အေးချမ်းသာယာသော ခေတ်ကြီးတစ်ခုကို ကြိုဆိုရန်၊ တွေးတောရုံမျှဖြင့်ပင် ခက်ခဲလှသည်ဟု ခံစားမိ၏။
လိုကျစ်ကွေ့သည် စိမ်းလန်းသော နွယ်ပင်များ တွဲကျနေသော ခြံဝန်းတံခါးမှ ထွက်ခွာလာခဲ့ပြီး၊ လောင်တကို ခေါ်ဆောင်၍ ခြံအပြင်ဘက်တွင် ချောင်းမြောင်း ကြည့်ရှုနေသော နဉ်ရှောင်ယောင်းကို ဆွဲကာ၊ အဓိကခန်းမဆောင်ရှိ အိပ်ဆောင်ဆီသို့ ခြေလှမ်းများကို အမြန်လှမ်း၍လျှောက်သွားလေသည်။
"ငါ့မှာ ကိစ္စ ရှိသေးတယ်။" လောင်တသည် လိုကျစ်ကွေ့၏ မှုန်မှိုင်းသော မျက်နှာကို တစ်ချက် ကြည့်လိုက်ပြီး၊ နဉ်ရှောင်ယောင်းအား အော်ဟစ်လိုက်ကာ နဉ်ရှောင်ယောင်း၏ ပခုံးထက်မှ ခုန်ချ၍ ပြေးထွက်သွားလေသည်။
နဉ်ရှောင်ယောင်းသည် ခေါင်းစောင်း၍ လိုကျစ်ကွေ့၏ မျက်နှာကို ကြည့်ကာ ဆို၏။
"စစ်သေနာပတိချုပ်၊ ရှင် ခုနက အဘိုးကြီးနဲ့ ရန်ဖြစ်နေတာလား။" တစ်လျှောက်လုံး နားထောင်ခဲ့သော်လည်း နဉ်ရှောင်ယောင်းသည် ဤနှစ်ဦးမှာ စကားများ ရန်ဖြစ်နေခြင်း ဟုတ်၊ မဟုတ် သိပ် မသေချာပေ။
လိုကျစ်ကွေ့ "ဒီလိုပဲ ဆိုရမှာပေါ့။"
စင်္ကြံလမ်းထဲတွင် ရပ်နေသော နဉ်ရှောင်ယောင်း မျက်လုံးများ ဝိုင်းစက်သွား၏။
"တချို့စကားတွေ၊ ကျွန်တော် အမတ်ကြီးကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်တာ ပိုကောင်းမယ်လို့ ထင်တယ်။"
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့အတွက် လက်ခုပ်တီးလိုက်ပြီး၊ "စစ်သေနာပတိချုပ် ရှင်တော်တော် တော်တာပဲ။ ရှင်က အဲ့အဘိုးကြီးကို စကား မပြောနိုင်အောင် လုပ်လိုက်
နိုင်တယ်ပေါ့။ အရမ်းကိုတော်တယ်။ ကျွန်မမှာ အဲ့လိုအရည်အချင်းမျိုးမရှိလို့ အမြဲအနိုင်ကျင့်ခံလာရတာ။"
လိုကျစ်ကွေ့”…….”
"သူ ခုနက ကျွန်မကို ဆူလို့ ကျွန်မ ငိုတောင် ငိုမိတော့မလို့။" နဉ်ရှောင်ယောင်းက တိုင်တောလိုက်၏။
"သူ ဘာတွေ ပြောခဲ့လို့လဲ။" လိုကျစ်ကွေ့က အနည်းငယ် စပ်စုစွာမေးလိုက်သည်။
"အဲ... နားမလည်လိုက်ဘူး၊ ပြီးတော့... မမှတ်မိလိုက်ဘူး။" နဉ်ရှောင်ယောင်းက ခေါင်းခါလိုက်ပြီး ပြုံးဖြီးဖြီးဖြင့် ဆိုလိုက်သည်။
"ဒါဆို ငိုချင်နေတဲ့သူက အမတ်ကြီး ဖြစ်သင့်တာပေါ့။" လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ဆွဲကာ ရှေ့သို့ ဆက်လျှောက်သွား၏။
"ရှင်က အမတ်ကြီးကို စိတ်ဆိုးနေတာလား။" နဉ်ရှောင်ယောင်းသည် ခေါင်းစောင်း၍ လိုကျစ်ကွေ့အား ကြည့်ရင်း ထပ်မံ မေးလိုက်၏။
"မဆိုးပါဘူး။ သူ ကိုယ့်ကို မကြိုက်ပေမဲ့လည်း သူက သစ္စာရှိတဲ့ အမှုထမ်းတစ်ယောက်ပါ။"
နဉ်ရှောင်ယောင်း ပါးစပ် ဟလိုက်ပြီး၊ နှုတ်ခမ်းထောင့် တွန့်လျက် ပြောလိုက်၏။ "ရှင်တို့နှစ်ယောက်က လိင်တူတွေနော် သူက ရှင့်အဘိုးအရွယ်လောက် ရှိနေပြီ။ အကယ်၍သူက ရှင်ကို ကြိုက်နေရင် ဒါ နည်းနည်းပြဿနာ မတက်ဘူးလား။"
[T/N - သမီးရယ် အမေ မကြည့်ရက်တော့ဘူး :( ]
လိုကျစ်ကွေ့သည် ပထမဦးစွာ နဉ်
ရှောင်ယောင်း မည်သည့်အဓိပ္ပာယ်ဖြင့်ပြောနေသည်ကို မစဉ်းစားမိခဲ့ပေ။
ခဏအကြာမှ သဘောပေါက်သွားသောအခါ စစ်သေနာပတိချုပ်လို၏မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားလေသည်။
နဉ်ရှောင်ယောင်းသည် မိမိအမှားကို သိသွားသကဲ့သို့ အမြန်ပြင်ပြောလိုက်သည်။
"နောက်တစ်ခါ 'လမ်းမတူတဲ့လူ' လိုပဲပြောရမလား ဟဲဟဲ။ ဟိုလေ... နောက်ခါကြ စာများများ ဖတ်မှာပဲ။ “
"မင်းရဲ့ ဦးနှောက်ထဲမှာ တကယ်ပဲ ဘာတွေ ထည့်ထားတာလဲဆိုတာကိုယ်သိချင်မိသား။" လိုကျစ်ကွေ့သည် လက်မြှောက်၍ နဉ်ရှောင်ယောင်း၏ ဦးခေါင်းကို ပုတ်လိုက်၏။
နဉ်ရှောင်ယောင်းကချက်ချင်းပင် နှုတ်ခမ်း စူလိုက်လေသည်။
"ဒါဆို မင်းကရော။" လိုကျစ်ကွေ့၏လက်သည် နဉ်ရှောင်ယောင်း၏ ဦးခေါင်းပေါ်တွင် ဖိထားလျက်၊ နဉ်
ရှောင်ယောင်းအား တစ်လုံးချင်းစီမေးလိုက်လေသည်။
"မင်းကော ကိုယ့်ကို ကြိုက်လား။"
"အာ။" နဉ်ရှောင်ယောင်း ပါးစပ် အကျယ်ကြီး ဟသွားခဲ့၍ ချက်ချင်းပြန်မဖြေနိုင်ခဲ့ပေ။
"အင်း။" လိုကျစ်ကွေ့က သူမလေး၏အဖြေကိုစိတ်ရှည်စွာ စောင့်မျှော်လျက်…..
နဉ်ရှောင်ယောင်းသည် သူမ၏လက်ဖဝါးကို စိတ်လှုပ်ရှားစွာ ကုတ်ခြစ်ရင်း ရုတ်တရက်ဆန်သောမေးခွန်းကို တစ်ခါမျှမစဉ်းစားဖူးသလို မည်သို့ပြန်ဖြေရမည်မှန်းလည်းမသိခဲ့ပေ။
"ဒါ... ဒါဆို ရှင်ကရော ကျွန်မကို ကြိုက်လား။" နဉ်ရှောင်ယောင်းက အလွန် ပါးနပ်စွာ ပြန်မေးလိုက်၏။
လိုကျစ်ကွေ့သည် ညနက်သဖွယ် အမှောင်ထုကဲ့သို့ နက်မှောင်နေသော မျက်ဝန်းများဖြင့် နဉ်ရှောင်ယောင်းအား စိုက်
ကြည့်နေခဲ့သည်။
ထိုအကြည့်မှာ အနေရခက်လှ၍ နဉ်
ရှောင်ယောင်းသည် ချက်ချင်းပင်မျက်နှာ လွှဲလိုက်လေသည်။ မိမိအရှေ့ရှိလူ၏ရုပ်ရည်မှာ အလွန်စည်းကမ်းများကိုပင်ဖောက်ဖျက်ရလောက်အောင် ဆွဲဆောင်မှု ရှိသည်ဟု ခံစားနေရကာ အကြည့်စူးစူးများက သူမကို မဝံ့မရဲဖြစ်စေသည်။
လိုကျစ်ကွေ့က မိမိရှေ့တွင် ခေါင်းငုံ့ထားသော နဉ်ရှောင်ယောင်း၏ မေးစေ့ကို ပင့်မလိုက်ပြီး ပြောလိုက်သည်။
"ရှောင်ယောင်း၊ အကယ်၍ ကိုယ့်နှလုံးသားက မင်းအပေါ်မှာ ပျော်ရွှင်နေတယ်ဆိုရင်
မင်းရဲ့ နှလုံးသားကရော ကိုယ့်အပေါ်မှာ ပျော်ရွှင်နေရဲ့လား။"
'နှလုံးသားက ပျော်ရွှင်တယ်' တယ်ဟုတ်လား။ နဉ်ရှောင်ယောင်း လက်ဖဝါးကို စိတ်လှုပ်ရှားစွာ ဆက်လက် ကုတ်ခြစ်
နေ၍ စိတ်ထဲတွင် အတွေးပေါင်းစုံအော်ဟစ်နေခဲ့သည်။
အဲ့တာဘာကိုပြောတာလဲ၊ ကြိုက်တယ်လို့ ပြောတာလား။ အရမ်းစိတ်ညစ်ဖို့ကောင်းတာပဲ။ ဒါမှန်းသိ စာများများဖတ်ပါတယ် အပျင်းတစ်ပြီး စာနည်းနည်းပဲဖတ်မိတာ အခုတော့ တကယ်ကိုနားမလည်တော့ဘူး။
မိမိအရှေ့မှမိန်းမငယ်လေးဆီမှအဖြေကို မရသောအခါ လိုကျစ်ကွေ့သည် အနေရခက်စွာ လက်ကို လွှတ်လိုက်ပြီး ခြေတစ်လှမ်း နောက်ဆုတ်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
“ ကိုယ်တို့ ဆက်သွားကြစို့။"
(T/N - ဖွင့်ပြောတာကို ဒစ်ရှေ့နရီ ပြေးဖွင့်ဖို့လိုနေသော အူတူတူအတွဲ။ မြန်မာမှုပြုပြီးတမင် ဟက်ပီးလား ပြန်ထားတာမဟုတ်ဘူးနော်။ E မှာကိုက ဟက်ပီးသဘောနဲ့ရေးထားလို့ပါ။ မင်မင် ရင်ခုန်တယ် ပြောင်းလို့ရတယ် မပြောင်းခဲ့ဘူးဘာလို့ဆို အတွဲတွေမြန်မြန်ဆန်ဆန်မငြားစေချင်လို့👉🏻👈🏻)
နဉ်ရှောင်ယောင်းသည် ထိုအပြုအမူကြောင့်တစ်ချက် တွေဝေသွားခဲ့သည်။ ဘာလဲ၊ ဒါပဲပြီးပြီလား? ဆက်မပြောတော့ဘူးလား? သူငါ့ကိုဖွင့်ပြောတာက ဒါပဲလား?
လိုကျစ်ကွေ့သည် နင်ရှောင်ယောင်း၏လက်ကိုဆွဲကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
"မဟုတ်သေးဘူးလေ။" နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏နောက်သို့အမှီလိုက်သွားရင်းဆိုလိုက်သည်။
"စစ်သေနာပတိချုပ် ရှင် တကယ်ပဲ ဘာဖြစ်နေတာလဲ။"
"ဘာမှမဖြစ်ပါဘူး။"
"ကောင်းပြီလေ။ ကျွန်မ စဉ်းစားပြီးသွားပြီ။ ကျွန်မ ရှင့်ကို တော်တော် ကြိုက်တယ်။"
လိုကျစ်ကွေ့ ချက်ချင်းပင်ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
"ကျွန်မ ခုနကလေးတင် လေးလေးနက်နက် စဉ်းစားပြီးသွားပြီ။" နဉ်ရှောင်ယောင်း၏ မျက်နှာမှာ လေးနက်တည်ကြည်နေ၏။
လိုကျစ်ကွေ့က သူ့နဖူးကို ပွတ်သပ်လိုက်
ရင်း တွေးလိုက်မိသည်။ ခုနကလေးတင်? အချိန်ဘယ်လောက်များကြာသွားလို့ လေးလေးနက်နက်တောင်ဖြစ်သွားတာလဲ?
"ရှင်….ရှင်အခု ဘယ်လို မျက်နှာပေးဖြစ်နေတာလဲ။" နဉ်ရှောင်ယောင်းက အနည်းငယ်စိတ်မကြည်စွာ ဆိုလိုက်သည်။
'ကြိုက်လား မကြိုက်ဘူးလား' ဆိုပြီး သူပဲမေးပြီးတော အဖြေပေးလိုက်ပြန်တော့လည်း ပျော်မနေတဲ့အပြင် ဘာလို့ အကူအညီမဲ့ပြီး သေချင်နေတဲ့မျက်နှာပေးမျိုးလုပ်ပြနေရတာလဲ။
"ဘယ်လောက်တောင် ကြိုက်တာလဲ။"
လိုကျစ်ကွေ့သည် မိမိရှေ့တွင် မျက်မှောင့်ကြုံနေသော သူမအားဖြစ်ကတတ်ဆန်းမေးလိုက်သည်။
"အများကြီး ကြိုက်တာလေ။ နည်းနည်းလေး သေးသေးလေး မဟုတ်ဘူး။ 'တော်တော်' ‘အရမ်း' ‘ အမျာကြီး’ ကြိုက်တာကို ပြောတာ။"
'အရမ်း' ကြိုက်တယ်ပေါ့လေ။ လိုကျစ်
ကွေ့သည် တစ်ချက်ရယ်ကာ လက်မြှောက်၍ နဉ်ရှောင်ယောင်း၏ မျက်နှာကို ပွတ်သပ်လိုက်သည်။
"အိုး၊ သွားပြီ။" နဉ်ရှောင်ယောင်းသည် အရှက်ပြေစွာ စင်္ကြံလမ်းအပြင်ဘက်သို့ ကြည့်ရင်း ပြောလိုက်သည်။
"မိုးတိတ်သွားပြီ။"
လိုကျစ်ကွေ့သည်လည်း အပြင်ဘက်သို့ခေါင်းလှည့်ကြည့်လိုက်သည်။ သူနှင့် နဉ်ရှောင်ယောင်း စင်္ကြံလမ်းထဲသို့ ဝင်
ရောက်လာစဉ်က သဲသဲမဲမဲ ရွာသွန်းနေသော
မိုးသည် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ နေရောင်ခြည်အလင်းတန်း အနည်းငယ်သည် ထူထဲသော မိုးတိမ်တိုက်များကြားမှ ထိုးဖောက် ကျရောက်လာပြီး လိုကျစ်ကွေ့၏ မျက်လုံးများကို အနည်းငယ် မှေးစင်းသွားစေ၏။
နဉ်ရှောင်ယောင်းသည် သူမ၏ပါးစပ်ထဲသို့ သကြားလုံးတစ်လုံး ထပ်မံ ပစ်ထည့်လိုက်ပြီး၊ တဂျွတ်ဂျွတ် ဝါးစားလျက်၊ လိုကျစ်ကွေ့အား ပြောလိုက်သည်။
"ကျွန်မ တကယ် ပြောနေတာ၊ ကျွန်မတို့နှစ်ယောက် တစ်ခါ အိပ်ပြီးသွားပြီ။ ဒါပေမဲ့ကျွန်မ နောက်တစ်ခါ ထပ်အိပ်ချင်နေသေးတယ်လေ အဲ့ဒါက 'ကြိုက်တာ...' မဟုတ်ဘူးလား။"
'ဖြောင်း' ဟူသော အသံတစ်ချက်နှင့်အတူ စစ်သေနာပတိချုပ်လိုသည် ဧကရာဇ် နဉ်ရှောင်ယောင်း၏ ပါးစပ်ကို ချက်ချင်းပင် လှမ်းပိတ်လိုက်လေသည်။
စင်္ကြံလမ်း အတွင်းအပြင်တွင် လူသူ မရှိပေ၊ မိုးကြီး ရွာသွန်းပြီးနောက်၊ နေရောင်ခြည်
ထွက်ပေါ်လာ၍ လေထဲတွင် ပန်းရနံ့များအပြင် မြေကြီး စိုစွတ်နေကာ အနည်းငယ် ညှီစို့စို့ အနံ့များ ပါဝင်နေ၏။
"လျှောက်မပြောနဲ့တော့။" လိုကျစကွေ့သည် နဉ်ရှောင်ယောင်းအား မျက်နှာ အနည်းငယ် နီရဲလျက်ပြောလိုက်သည်။
"ဘာကိုလဲ ဘာကိုလဲ ရှင်ပဲမေးတာလေ။ ကျွန်မ မပြောတော့၊ ရှင်က မပျော်ဘူး။ ကျွန်မ ပြောပြန်တော့လည်း ရှင်က ကျွန်မလျှောက်ပြောနေတယ်လို့ ထင်နေတယ်။”
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ သူမ၏ပါးစပ်ကို ပိတ်ထားသော လက်ကို ဆွဲဖယ်လိုက်ပြီး၊ မကျေမနပ် ပြောလိုက်
သည်။
လိုကျစ်ကွေ့ သက်ပြင်းချလိုက်ပြီး၊ အချိန်အတော်ကြာ စဉ်းစားပြီးနောက် စကားတစ်ခွန်း ပြောလိုက်သည်။
"မင်းက မိန်းကလေးလေ နည်းနည်းလောက် ထိန်းထိန်းသိမ်းသိမ်း နေပါအုံးကွာ။”
နဉ်ရှောင်ယောင်း မျက်လုံးပြူးလျက် မတရားခံရသလို အတည်ပေါက်ပြောလိုက်သည်။
"အတူတူ အိပ်တောင် အိပ်ပြီးသွားပြီ။ ရှင်က အခုမှ ကျွန်မကို ထိန်းထိန်းသိမ်းသိမ်း နေရမယ်လို့ ပြောနေတာလား။ အံ့ဩတယ်နော်။ ရှင်ပဲပြောတော့ ကျွန်မကို ကြိုက်လား မကြိုက်ဘူးလား။ အခု ကျွန်မ ပြောပြီးပြီ ရှင် မပြောဘူးဆိုရင် ကျွန်မက မိန်းကလေးလေ တော်တော် နစ်နာသွားမှာပေါ့။"
လိုကျစ်ကွေ့သည် စကားမဆိုဘဲ ခေါင်းငုံ့ကာ နဉ်ရှောင်ယောင်း၏ နှုတ်ခမ်းများပေါ်သို့ နမ်းရှိုက်လိုက်သည်။ ပုစဉ်းတစ်ကောင် ရေမျက်နှာပြင်ကို ထိရုံမျှ၊ အလွန် ပေါ့ပါးသော အနမ်းတစ်ခု ဖြစ်သည်။
နဉ်ရှောင်ယောင်း “…..”
ဒါက ကြိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်လား။
နဉ်ရှောင်ယောင်းသည် လက်ဖဝါးကို ထပ်မံကုတ်ခြစ်၍ တွေးနေပြန်လေသည်။
***