သတ္တိရှိရင် လာကိုက်လိုက်လေ
Vol. 11 Ch. 163
ယင်းလေ ယူလာပေးသည့် နဂါးဝတ်ရုံကို ကမန်းကတန်း ဝတ်ဆင်ပြီးနောက် နဉ်ရှောင်ယောင်းသည် ညီလာခံတက်ရန် ပြင်ဆင်လိုက်လေသည်။
လိုကျစ်ကွေ့သည် နောက်ဆုံးတွင် ကြည့်မနေနိုင်တော့ပေ။ မိန်းကလေးနဉ်၏ ခေါင်းပေါ်ရှိ ရှုပ်ပွနေသော ဆံထုံးကိုကြည့်ပြီး သူ့လက်ကို ဘီးအဖြစ်အသုံးပြုကာ စစ်သေနာပတိချုပ်လိုသည် နဉ်ရှောင်ယောင်းအတွက် သပ်ရပ်သော ဆံထုံးတစ်ခုကို ပြန်လည်ထုံးပေးလိုက်လေသည်။
ယင်းဖုန်းသည် ရွှေခေါင်းလောင်းခန်းမဘက်မှ ပြေးလာခဲ့သည်။ သူ့အရှင်သခင်၏ ဆံထုံးကို တစ်ချက်စိုက်ကြည့်ပြီးမှ နဉ်ရှောင်ယောင်းကို လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး၊ အမတ်ချုပ်ကြီးရှဲ့ ရောက်နေပါပြီ။"
ယင်းလေက ဒေါသတကြီး ပြောလိုက်သည်။
"သူက အိမ်မှာ ကိုယ့်အပြစ်ကိုယ်ပြန်သုံးသပ်ပြီး ဝမ်းနည်းခြင်းကာလယူထားရမှာ မဟုတ်ဘူးလား။"
လိုကျစ်ကွေ့က ဝင်ပြောလိုက်သည်။
"ရှဲ့ဝမ်ယွမ်က အမတ်ချုပ်ကြီးလေ၊ နန်းတွင်းက အရေးပါတဲ့အမတ်ပဲ။ ညီလာခံတက်ပြီး အရှင်မင်းကြီးဆီ ခွင့်လာတိုင်တာက မမှားပါဘူး။"
"ဒါဆိုရင်..."
ယင်းလေက မေးလိုက်သည်။
"သူ့ရဲ့ ကိုယ့်အပြစ်ကိုယ်ပြန်သုံးသပ်ရမယ့်ကိစ္စက ဘယ်လိုလုပ်မလဲ။"
နဉ်ရှောင်ယောင်းက နှုတ်ခမ်းမဲ့ရင်း ပြောလိုက်သည်။
"လေအာ့ရေ၊ စိတ်မဆိုးပါနဲ့။ ငါက သူ့ကို သတ်လို့ရတာလည်း မဟုတ်ဘူး။ ငါပြောတဲ့စကားက အမတ်ချုပ်ကြီးအတွက်တော့ လေလည်သလိုပဲ နေမှာပေါ့။ သွားစို့၊ ရွှေခေါင်းလောင်းခန်းမကို သွားပြီး အမတ်ချုပ်ကြီးနဲ့ ဆက်ပြီး တိုက်ခိုက်ကြရအောင်။"
စစ်သေနာပတိချုပ်လိုသည် နဖူးကို လက်ဖြင့်အုပ်ထားရုံမှတစ်ပါး အခြားဘာမှမလုပ်နိုင်တော့ပေ။
သာ့ဖုန်းနှင့် လေအာ့တို့သည် အရှင်မင်းကြီးသာ စကားနည်းသောသူဖြစ်လျှင် ဘယ်လောက်ကောင်းမလဲဟု တွေးလိုက်ကြသည်။
"ဒါနဲ့..."
နဉ်ရှောင်ယောင်းသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။
"ရှဲ့အန်းဝူကိုပါ ခေါ်ခဲ့နော်။ မျိုးနွယ်စု ခွဲထွက်တဲ့ကိစ္စ ရှိသေးတယ်မလား။"
ယင်းလေသည် ထိုက်ဟွာနန်းဆောင်ဘက်သို့ လူသွားခေါ်ရန် ပြေးသွားလေတော့သည်။
........
အမွှေးတိုင်တစ်ဝက်စာ အချိန်ကုန်လွန်ပြီးနောက် နဉ်ရှောင်ယောင်းသည် ရွှေခေါင်းလောင်းခန်းမရှိ နဂါးပလ္လင်ပေါ်တွင် တင့်တယ်စွာထိုင်နေပြီး ခန်းမအပြင်ဘက်မှ တာဝန်ကျအရာရှိ၏ အမတ်ချုပ်ကြီးရှဲ့ ဝင်ရောက်ခွင့်တောင်းကြောင်း အော်ဟစ်သံကို ကြားလိုက်ရသည်။
"ဝင်ခွင့်ပြုလိုက်။"
နဉ်ရှောင်ယောင်းက ပြန်ပြောလိုက်ရင်း သူမ၏အင်္ကျီကော်လာကို ဆွဲလိုက်သည်။ အရှင်မင်းကြီးနဉ်သည် ချက်ချင်းပင် တိုက်ခိုက်ရေးမုဒ်သို့ ဝင်ရောက်သွားလေသည်။
အမတ်ချုပ်ကြီးရှဲ့သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ညှိုးနွမ်းသော မျက်နှာထားဖြင့် ခန်းမထဲသို့ ဝင်လာခဲ့သည်။
နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့ ဂါရဝပြုပြီးသည်အထိ စောင့်ကာ စကားစပြောလိုက်သည်။
"သခင်မကြီးကို သတ်သွားတဲ့ တရားခံက အမတ်ချုပ်ကြီးအိမ်တော်မှာ ကျွန်တော်ဖမ်းမိခဲ့တဲ့ လူ ၇ ယောက်လေ။ အမတ်ချုပ်ကြီး၊ ကျွန်တော် သူတို့အားလုံးကို သတ်ပြီး သခင်မကြီးအတွက် ကလဲ့စားချေပေးလိုက်ပြီ။"
အမတ်ချုပ်ကြီးရှဲ့က ခေါင်းမော့ကာ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်းက လေးနက်တည်ကြည်သော မျက်နှာထားကို ဖန်တီးထားလေသည်။
"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။"
အမတ်ချုပ်ကြီးရှဲ့က နဉ်ရှောင်ယောင်းကို ကျေးဇူးတင်စကားဆိုလိုက်ရာ ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်ကျလုမတတ် ပုံစံပေါက်နေသည်။
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"ကျေးဇူးတင်စရာ မလိုပါဘူး၊ လုပ်သင့်တာပဲလေ။ သူက ကျွန်တော့်ရဲ့ ဘေးတော်ပဲဟာ။ သူ့ရဲ့သေဆုံးမှုက ကျွန်တော်တို့ ယုံနဉ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ။ နေမင်းလမင်းတွေ အလင်းကွယ်ပြီး ကြယ်တာရာတွေ မှေးမှိန်ကုန်တာပေါ့။ ဘာလဲဟို... မိုးတွေမြေတွေတောင် ငိုကြွေးလောက်တဲ့အထိပဲ။ အတိုချုပ်ပြောရရင် ကျွန်တော် အရမ်းဝမ်းနည်းတာပဲ။"
အမတ်မင်းများအားလုံး ကြောင်အသွားကြသည်။ ဒါတွေက ဘာပေါက်ကရတွေလဲ။ အိမ်တွင်းအောင်း သခင်မကြီးတစ်ယောက် သေတာက မိုးတွေမြေတွေ ငိုကြွေးလောက်တဲ့အထိ ဖြစ်ရသလား။
"သခင်မကြီးရဲ့သေဆုံးမှုက ကျွန်တော်တို့ကို သင်ခန်းစာတစ်ခု ပေးခဲ့တယ်။"
နဉ်ရှောင်ယောင်းက လေးနက်သောမျက်နှာထားဖြင့် ဆက်လက်ပြီး ပေါက်ကရတွေ ပြောနေပြန်သည်။
"အဲဒါကတော့ ပိုက်ဆံရှိရင် ကြွားမပြနဲ့ ဆိုတာပဲ။"
မည်သူမျှ နဉ်ရှောင်ယောင်း၏စကားကို ဆက်ပြောနိုင်စွမ်း မရှိကြပေ။
အမတ်ချုပ်ကြီးရှဲ့၏မျက်နှာထားမှာ ပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်သည်။
"အဲဒီအပြစ်သား ၇ ယောက်က ပစ္စည်းလုယက်ကြတာလား။"
နဉ်ရှောင်ယောင်းက ပြန်ဖြေလိုက်သည်။
"ကျွန်တော်ထင်တာတော့ အဲဒီလိုပဲ။"
အကြီးအကဲလီသည် နောက်ဆုံးတွင် နားထောင်မနေနိုင်တော့သဖြင့် လူအုပ်ထဲမှ ထွက်လာပြီး နဉ်ရှောင်ယောင်းကို မေးလိုက်သည်။
"ဒီကိစ္စက ဘယ်လိုလုပ် အရှင်မင်းကြီးရဲ့ ထင်မြင်ချက် ဖြစ်နေရတာလဲ။"
ထိုသို့သောစကားမျိုး ပြောလိုက်ခြင်းက အရှင်မင်းကြီးအနေဖြင့် အမှားတစ်ခုကျူးလွန်သလိုဖြစ်ပြီး အမတ်ချုပ်ကြီးဘက်တော်သားများ ဝိုင်းဝန်းတိုက်ခိုက်ရန် လမ်းဖွင့်ပေးလိုက်သလို ဖြစ်မနေဘူးလား။
"အရှင်မင်းကြီး..."
အကြီးအကဲလီ ခန့်မှန်းထားသည့်အတိုင်းပင် အမတ်ချုပ်ကြီးဘက်တော်သား အမတ်တစ်ယောက်က ချက်ချင်း စကားပြောရန် ပြင်လိုက်သည်။
"နေဦး၊ ခဏနေမှ ပြော။"
နဉ်ရှောင်ယောင်းက ထိုအမတ်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"ငါ့ကို စကားဆုံးအောင် ပြောခွင့်ပေးလို့ မရဘူးလား။"
အရှင်မင်းကြီးကို စကားပြောခွင့်မပေးဘူးဆိုလျှင် ဖြစ်ပါ့မလား။
ထိုအမတ်မှာ ပါးစပ်ပိတ်သွားရသည်။
"အဲဒီလူ ၇ ယောက်က ပြောတယ်။ အမတ်ချုပ်ကြီးက ငယ်ငယ်တုန်းက သူတို့အိမ်က မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့သတဲ့။"
နဉ်ရှောင်ယောင်းက လေးနက်သောမျက်နှာထားဖြင့် ဆက်လက်၍ ဇာတ်လမ်းဆင်နေသည်။
"ဒါပေမဲ့ အဲဒီမိန်းကလေးက အဲဒီအချိန်မှာ စေ့စပ်ထားပြီးသားလေ။ သူက သစ္စာရှိတယ်။ အဲဒါနဲ့ သခင်မကြီးက သူ့သားအတွက် အဲဒီမိန်းကလေးကို အတင်းပြန်ပေးဆွဲပြီး အမတ်ချုပ်ကြီးရဲ့ ကုတင်ပေါ် ပို့ပေးလိုက်တာတဲ့။ ဒါကြောင့်..."
"ပေါက်ကရတွေ!"
အမတ်ချုပ်ကြီးရှဲ့သည် သည်းခံနိုင်စွမ်းမြင့်မားသူ ဖြစ်သော်လည်း ဤကဲ့သို့သော စွပ်စွဲမှုကိုမူ သည်းမခံနိုင်တော့ဘဲ နဉ်ရှောင်ယောင်း၏စကားကိုဖြတ်ကာ အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။
"ဟုတ်တယ်မလား။"
နဉ်ရှောင်ယောင်းက လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။
"ကျွန်တော်လည်း မယုံပါဘူး။ အမတ်ချုပ်ကြီးမှာက မယားကြီးမယားငယ်တွေ အများကြီးရှိတာပဲ။ အငယ်အနှောင်းတွေပါ ပေါင်းလိုက်ရင် မိန်းမတပ်ဖွဲ့တောင် ဖွဲ့လို့ရတယ်။ အမတ်ချုပ်ကြီးက မိန်းမတစ်ယောက်ကို သဘောကျရုံနဲ့ အတင်းအဓမ္မ လုပ်ပါ့မလား။ ကျွန်တော့်ကို သတ်ရင်တောင် ကျွန်တော်မယုံဘူး။"
အကြီးအကဲလီသည် လူအုပ်ထဲသို့ ပြန်ဝင်သွားလေပြီ။ အရှင်မင်းကြီး ပေါက်ကရတွေ ပြောနေမှန်း သိသော်လည်း ဤကဲ့သို့သော ပေါက်ကရစကားများက နားထောင်ရသည်မှာ သူလိုအမတ်ကြီး၏စိတ်ကို အလွန်ရွှင်လန်းစေသည်။
အမတ်ချုပ်ကြီးရှဲ့၏ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။
အမတ်ချုပ်ကြီးဘက်တော်သားများမှာ အမတ်ချုပ်ကြီးရှဲ့ဘက်မှ ကာကွယ်ပြောဆိုချင်ကြသော်လည်း အရှင်မင်းကြီးက ဆဲဆိုနေသည်ဟု ပြောရအောင်ကလည်း အရှင်မင်းကြီးက အမတ်ချုပ်ကြီးဘက်ကနေ ပြောပေးနေပါသည်ဟု ခေါင်းမာမာဖြင့်ငြင်းနေလျှင် အပြစ်ရှာ၍ မရနိုင်ပေ။ အရှင်မင်းကြီးက တကယ်ပဲ အမတ်ချုပ်ကြီးဘက်က ပြောပေးနေတာ မဟုတ်ဘူးလား။
နဉ်ရှောင်ယောင်းက ဆက်ပြောလိုက်သည်။
"အမတ်ချုပ်ကြီး စိတ်မဆိုးပါနဲ့။ ကျွန်တော်က ဒီကိစ္စကို ယုံမှမယုံတာ။ သဘောထားကြီးကြီးထား၊ ကျွန်တော်တို့က သဘောထားကြီးရမယ်လေ။"
အမတ်ချုပ်ကြီးရှဲ့သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ပြောလိုက်သည်။
"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။"
"ဟားဟား၊ ရပါတယ်။"
နဉ်ရှောင်ယောင်းက အမတ်ချုပ်ကြီးရှဲ့ကို ပြုံးပြလိုက်သည်။
အမတ်ချုပ်ကြီးရှဲ့သည် ညတွင်းချင်း သူရေးသားထားသော အပြစ်ဝန်ခံလွှာကို ခေါင်းပေါ်မြှောက်လိုက်ပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"အရှင်မင်းကြီး၊ မနေ့ညက ကျွန်တော်မျိုးရဲ့ တတိယသား အန်းရှီက မြို့တော်အနောက်ဘက်မှာ ဒုက္ခသည်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ ဒီကောင်စုတ်က အလွန်ယုတ်မာတဲ့အတွက် သေသင့်ပါတယ်။ ကျွန်တော်မျိုး သားသမီးကို မဆုံးမနိုင်ခဲ့ပါဘူး။ ကျွန်တော်မျိုး သေဒဏ်နဲ့ ထိုက်တန်ပါတယ်။"
နဉ်ရှောင်ယောင်း တွေးလိုက်မိသည်။ ဒီလူရဲ့ စိတ်နှလုံးက ဘယ်လောက်တောင် ရက်စက်လိုက်သလဲ။ ရှဲ့အန်းရှီက လူကောင်းမဟုတ်ပေမယ့် သူ့အရင်းနှီးဆုံး သားရင်း မဟုတ်ဘူးလား။
"ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ။"
အမတ်ချုပ်ကြီးရှဲ့သည် မြေပြင်ပေါ် ဒူးထောက်ကာ ဦးခေါင်းဖြင့် ကြမ်းပြင်ကို ထိကပ်လိုက်သည်။
နဉ်ရှောင်ယောင်း၏ အချက်ပြမှုကြောင့် ပလ္လင်အနီးရှိ မိန်းမစိုးသည် ပြေးဆင်းသွားပြီး အမတ်ချုပ်ကြီးရှဲ့လက်ထဲမှ အပြစ်ဝန်ခံလွှာကိုယူကာ နဉ်ရှောင်ယောင်းလက်ထဲသို့ ထည့်ပေးလိုက်သည်။
နဉ်ရှောင်ယောင်းသည် ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးမည့်ကိစ္စမျိုး လုပ်မည့်သူမဟုတ်ပေ။ ထို့ကြောင့် သူမသည် အပြစ်ဝန်ခံလွှာကို မဖတ်ဘဲ ဘေးနားရှိ လွတ်နေသောနေရာသို့ ပစ်တင်လိုက်ပြီး အမတ်ချုပ်ကြီးရှဲ့ကို ပြောလိုက်သည်။
"ထလိုက်ပါတော့။ သားသမီးဆိုတာ ဝဋ်ကြွေးတွေပါပဲ။ အမတ်ချုပ်ကြီး ခံလိုက်ပါဦးတော့။"
အမတ်ချုပ်ကြီးရှဲ့၏ လည်ချောင်းထဲတွင် သွေးစများ ပြန်လည်ပြည့်တက်လာပြန်သည်။ ဒီမြေးမကလည်း ဝဋ်ကြွေးတစ်ခုပဲ!
"အရှင်မင်းကြီး။"
အမတ်ချုပ်ကြီးဘက်တော်သား အရာရှိတစ်ဦး ထွက်လာပြီး ပြောလိုက်သည်။
"ဒုက္ခသည်တွေက နှစ်ကြိမ်တိုင်တိုင် ဆူပူအုံကြွခဲ့ပါတယ်။ သူတို့ကို သတ်ပစ်သင့်တယ်လို့ ကျွန်တော်မျိုး ထင်မြင်မိပါတယ်။"
ရုတ်တရက် အရာရှိ ၇၊ ၈ ဦးခန့် ထွက်လာကြပြီး ဒုက္ခသည်များကို သတ်ဖြတ်ရန် နဉ်ရှောင်ယောင်းထံ အမိန့်တောင်းခံကြသည်။
"အင်း..."
နဉ်ရှောင်ယောင်းသည် ခန္ဓာကိုယ်ကို ရှေ့ကိုင်းလိုက်ပြီး တံတောင်ဆစ်ကို ပေါင်ပေါ်ထောက်ကာ မေးစေ့ကို လက်ဖြင့်ပွတ်ရင်း ပြောလိုက်သည်။
"မကောင်းမှုဆိုရင် လုံးဝလက်မခံဘူးပဲ။ အမတ်မင်းတို့က တကယ့်ယောက်ျားကောင်းတွေပဲ။ လာကြစမ်း၊ ဒီအမတ်မင်းတွေရဲ့နာမည်နဲ့ သူတို့ပြောတဲ့စကားတွေကို စာရွက်ပေါ် ချရေးလိုက်။ များများကူးပြီး လမ်းမတွေပေါ်မှာ သွားကပ်ထားလိုက်။"
"အမိန့်တော်အတိုင်းပါ။"
ယင်းဖုန်းက ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
ညီလာခံမှ အမတ်များ ကြောင်အသွားကြသည်။ ဒုက္ခသည်များကို သတ်ဖြတ်ရန် တောင်းဆိုသော အမတ်များသည် နဉ်ရှောင်ယောင်းကို ချက်ချင်း ဒူးထောက်ချလိုက်ကြသည်။ မြို့တော်ရှိ ဒုက္ခသည်များသည် တုတ်များကိုင်ဆောင်ကာ နန်းတော်ထဲသို့ ကျူးကျော်ရဲကြပြီး ထောင်ချန်ကို တစ်မိသားစုလုံး သတ်ဖြတ်ကာ၊ လမ်းမအလယ်တွင် ဆီလောင်းမီးရှို့ပြီး ရှဲ့အန်းရှီကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြသည်။ ဤဒုက္ခသည်များသည် နေရာအနှံ့အပြားတွင် သောင်းကျန်းနေသော သူပုန်များနှင့် ဘာများကွာခြားလို့လဲ။ အရှင်မင်းကြီးက ဒီလိုလုပ်တာက သူတို့တစ်မိသားစုလုံးကို သတ်ခိုင်းနေတာ မဟုတ်ဘူးလား။
ယင်းဖုန်းသည် ထိုအမတ်များကို တစ်ချက်ကြည့်ပြီး ခန်းမအပြင်ဘက်သို့ ထွက်သွားလေသည်။
"ဪ..."
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"ဒုက္ခသည်တွေထဲမှာ စာမတတ်တဲ့သူတွေ အများကြီးပဲ။ သာ့ဖုန်း၊ သူတို့ကို သွားဖတ်ပြမယ့်လူ လွှတ်လိုက်။ ကောင်းကောင်းနေကြလို့၊ မဟုတ်ရင် ဒီအမတ်မင်းတွေက သူတို့ကို သတ်ပစ်လိမ့်မယ်လို့ ပြောလိုက်။"
"အရှင်မင်းကြီး!"
သာ့ဖုန်း အမိန့်ကို မနာခံရသေးခင်မှာပင် တောင်းဆိုသော အမတ်တစ်ဦးက အော်ဟစ်လိုက်ပြီး နဉ်ရှောင်ယောင်းကို ခေါင်းဖြင့် ကြမ်းပြင်နှင့်ဆောင့်ကာ အရိုအသေပေးလိုက်သည်။
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"ဟေး၊ ဒီလိုလုပ်စရာ မလိုပါဘူး။ ငါက အရမ်းဉာဏ်ရှိတာလေ။ ဘယ်သူပဲ တောင်းဆိုဆို၊ တောင်းဆိုတဲ့လူ လုပ်ရမှာပေါ့။ ဒုက္ခသည်တွေ လမ်းပေါ်မှာ ရှိပါတယ်။ အမတ်မင်းတို့ သွားသတ်ကြလေ။ ငါ မတားပါဘူး။"
အမတ်မင်းများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က လူနည်းစုလောက်ပဲ ရှိတာလေ။ သူတို့အိမ်တော်က ကိုယ်ရံတော်တွေ ခေါ်သွားရင်တောင် ဒုက္ခသည်တွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး။
ထိုအချိန်တွင် အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။
"စစ်တပ်စေလွှတ်ပေးဖို့ တောင်းဆိုပါတယ်။"
"စစ်တပ်လွှတ်မလို့လား။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"အဲဒါတော့ မဖြစ်ဘူး။"
အမတ်ချုပ်ကြီးရှဲ့က မေးလိုက်သည်။
"ဘာလို့ မဖြစ်ရတာပါလဲ။"
"ဒုက္ခသည်တွေက နန်းတော်ထဲ ပြေးဝင်လာရင် ဘယ်လိုလုပ်မလဲ။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"မြို့ထဲက စစ်သားတွေက ကျွန်တော့်ကို ကာကွယ်ရမှာ။ ဘာလို့လဲ သိလား။"
အမတ်ချုပ်ကြီးရှဲ့က နဉ်ရှောင်ယောင်းကို ကြည့်နေသည်။
နဉ်ရှောင်ယောင်းက သူမ၏နှာခေါင်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ကျွန်တော်က ဧကရာဇ်မင်း ဖြစ်နေလို့လေ။"
အမှန်တကယ်တော့ အမတ်ချုပ်ကြီးရှဲ့သည် နဉ်ရှောင်ယောင်းနှင့် စကားမပြောချင်ပေ။ သူက နဉ်ရှောင်ယောင်းကို သေစေချင်ရုံသာဖြစ်သည်။ သို့သော် အမတ်ချုပ်ကြီးသည် လေးစားသမှုရှိသော မျက်နှာထားဖြင့် နဉ်ရှောင်ယောင်းကို ဆက်ပြောလိုက်သည်။
"ဒုက္ခသည်တွေကို သုတ်သင်လိုက်မှ အရှင်မင်းကြီး လုံခြုံမှာပါ။"
"ကျွန်တော်က သတ္တိနည်းတယ်။"
နဉ်ရှောင်ယောင်းက ပခုံးတစ်ချက်တွန့်လိုက်သည်။
"လူသေတာများရင် ကျွန်တော်က အိပ်မက်ဆိုးတွေ မက်တတ်တယ်။ အိပ်မက်ဆိုးမက်ရင် ကျွန်တော်နေမကောင်းဖြစ်လိမ့်မယ်။ ဒါက နဂါးခန္ဓာကိုယ်လေ၊ ထိခိုက်ခံလို့ မဖြစ်ဘူး။"
အမတ်ချုပ်ကြီးရှဲ့၏ ပါးစပ်ထဲသို့ သွေးညှီနံ့များ ပြန်လည်ဝင်ရောက်လာပြန်ရာ အတင်းပြန်မျိုချလိုက်ရသည်။
ညီလာခံမှ အမတ်များအားလုံး နဉ်ရှောင်ယောင်းကို ကြည့်နေကြသည်။ ဒါက စကားပြောကောင်းခြင်းရဲ့ နောက်တစ်မျိုးများလား။ ဒီလူ ပေါက်ကရတွေ ပြောနေမှန်း၊ အတည်ပေါက်စကား တစ်ခွန်းမှ မပါမှန်း သိသိကြီးနှင့် သူ့ကို အမှားပြောလို့မရ ဖြစ်နေသည်။ နဉ်ရှောင်ယောင်းဘက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အမတ်များအားလုံး စိတ်ကျဉ်းကျပ်မှုကို ခံစားလိုက်ကြရသည်။ စကားနိုင်လုခြင်း၊ တွင်းတူးပြီး ဂျောက်ချခြင်းတို့သည် သူတို့၏ကျွမ်းကျင်မှုများ မဟုတ်ပါလား။
"အမတ်မင်းတို့ ပင်ပန်းရတော့မယ်။"
နဉ်ရှောင်ယောင်းက အမတ်မင်းအချို့ကို ပြောလိုက်သည်။
"မောင်မင်းတို့ကို တကယ့်ယောက်ျားကောင်းတွေလို့ ငါလေးစားပါတယ်။"
အမတ်အချို့သည် အမတ်ချုပ်ကြီးရှဲ့ကို ကြည့်ပြီး စိတ်ထဲမှ 'အမတ်ချုပ်ကြီးရေ၊ ကယ်ပါဦး' ဟု အော်ဟစ်နေကြသည်။
အမတ်ချုပ်ကြီးရှဲ့သည် အသက်ရှူမှန်အောင် ထိန်းညှိလိုက်သည်။ လိုကျစ်ကွေ့က ဒုက္ခသည်များကို မြှောက်ပေးပြီး ထောင်ချန်တစ်မိသားစုလုံးကို သတ်ဖြတ်စေကာ ရှဲ့အန်းရှီကို မီးရှို့သတ်စေခဲ့သည်။ ဒီကိစ္စမှာ နဉ်ယွီရဲ့သဘောထား မပါဘူးလို့ ပြောလို့မရပေ။ အခုလည်း ဒီကောင်မလေးက အမတ် ၈ ယောက်ရဲ့ မိသားစုတွေကို သေလမ်းပို့နေပြန်ပြီ။ တကယ့်ကို အဆိပ်ပြင်းတဲ့ ကောင်မလေးပဲ။ အမတ်ချုပ်ကြီးရှဲ့ မျက်လုံးကိုလှန်ကာ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်းသည် လေးနက်သောမျက်နှာထားဖြင့် ရှိနေဆဲပင်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ မျက်နှာပေါ်မှ ကလေးဆန်သော အဆီပြင်များ မပျောက်သေးသည့်အပြင်၊ အရည်လဲ့နေသော မျက်လုံးဝိုင်းကြီးများ ရှိနေသဖြင့် ဘယ်လောက်ပင် လေးနက်နေပါစေ၊ ခြိမ်းခြောက်နိုင်စွမ်း ကြီးကြီးမားမား မရှိလှပေ။
ဒါလည်း ဟုတ်တာပဲလေ... အမတ်ချုပ်ကြီးရှဲ့ ခေါင်းပြန်ငုံ့သွားသည်။ အဆိပ်မပြင်းရင်၊ ဉာဏ်နီဉာဏ်နက်မများရင် ဒီကောင်မလေးက ငါ့ကို ဘယ်လိုလုပ် လှည့်စားနိုင်ပါ့မလဲ။
နဉ်ရှောင်ယောင်း ကျေနပ်သွားပြီး ကိုယ့်ကိုယ်ကိုယ် 'Like' ပေးလိုက်သည်။ အမတ်ချုပ်ကြီးရှဲ့ရဲ့ လူတွေ သူမပြောတာနဲ့ ကြောင်အပြီး လန့်သွားကြပြီလေ။
ထိုအချိန်တွင် လိုကျစ်ကွေ့က ပါးစပ်ကိုအုပ်ကာ ချောင်းတစ်ချက်ဟန့်လိုက်သည်။ နဉ်ရှောင်ယောင်း သူ့ကို ကြည့်လာသည်ကို မြင်သောအခါ လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ခေါင်းအသာခါပြလိုက်သည်။
ဒါက ဘာသဘောလဲ။ နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်သည်။ ငါလုပ်တာ မမိုက်လို့လား။
ထိုအချိန်တွင် အမတ်ချုပ်ကြီးရှဲ့သည် ကိုယ်ကိုတစ်ဝက်လှည့်ကာ ကြမ်းပြင်ပေါ် ဒူးထောက်နေသော အမတ်များကို ကြည့်လိုက်သည်။ သူ့အကြည့်များက မူလအတိုင်း တည်ငြိမ်နေသည်။
အမတ်ချုပ်ကြီးရှဲ့၏အကြည့်ကြောင့် အမတ်မင်းများ ရုတ်တရက် အသိဝင်လာကြသည်။ အမတ်ချုပ်ကြီးက သူတို့နှင့် သူတို့မိသားစုများကို စစ်တန်းလျားများတွင် နေရာချပေးထားနိုင်တာပဲ။ အရှင်မင်းကြီးက စစ်တပ်မလွှတ်ဘူး ပြောပေမယ့် စစ်တပ်လွှတ်မလွှတ်ဆိုတာ အမတ်ချုပ်ကြီး သဘောမဟုတ်ဘူးလား။
ချက်ချင်းပင် တောင်းဆိုထားသော အမတ်တစ်ယောက်က နဉ်ရှောင်ယောင်းကို ဦးညွှတ်ကာ ပြောလိုက်သည်။
"အရှင်မင်းကြီးအတွက်၊ ယုံနဉ်တိုင်းပြည်အတွက် ကျွန်တော်မျိုး သေရမှာ မကြောက်ပါဘူး။"
နဉ်ရှောင်ယောင်း အမတ်ချုပ်ကြီးရှဲ့ကိုကြည့်ပြီး နားလည်လိုက်သည်။ စစ်အာဏာက ဒီလူ့လက်ထဲမှာကိုး။ သူမက စစ်တပ်မလွှတ်ဘူးပြောရုံနဲ့ မြို့တော်နဲ့ မြို့တော်ဝန်းကျင်က စစ်တပ်တွေက မလှုပ်ရှားဘဲ နေပါ့မလား။
"ရှဲ့အန်းဝူကို ဝင်ခွင့်ပြုလိုက်။"
လက်ဖဝါးကို ကုတ်ရင်း နဉ်ရှောင်ယောင်းက ရွှေခေါင်းလောင်းခန်းမအပြင်ဘက်သို့ လှမ်းပြောလိုက်သည်။
ရွှေခေါင်းလောင်းခန်းမထဲတွင် ဆွေးနွေးသံများ ထွက်ပေါ်လာသည်။ ရှဲ့အန်းဝူအကြောင်းကို အမတ်များ ကြားဖူးကြသည်။ ရှဲ့မိသားစု၏ မယားငယ်က မွေးသောသားအကြောင်းကို ဘာလို့များ ညီလာခံမှာ လာပြောနေရတာလဲ။
မကြာမီ ရှဲ့အန်းဝူ ခန်းမထဲသို့ ဝင်လာပြီး နဉ်ရှောင်ယောင်းကို ဒူးထောက်ဂါရဝပြုလိုက်သည်။ ထို့နောက် ဒူးထောက်လျက်ဖြင့် ကိုယ်ကိုလှည့်ကာ အမတ်ချုပ်ကြီးရှဲ့ကို ဂါရဝပြုရန် ပြင်လိုက်သည်။
အမတ်ချုပ်ကြီးရှဲ့က နှာခေါင်းရှုံ့လိုက်ပြီး ဘေးသို့ ခြေလှမ်းအနည်းငယ် ရွှေ့ကာ ရှဲ့အန်းဝူကို ရှောင်လိုက်သည်။ သူက ဒီသားမိုက်ရဲ့ဂါရဝပြုမှုကို လက်မခံနိုင်ပေ။
"ထလိုက်ပါ။"
နဉ်ရှောင်ယောင်းက ရှဲ့အန်းဝူကို လက်ကာပြလိုက်ပြီး အမတ်များကို ပြောလိုက်သည်။
"အမတ်ချုပ်ကြီးအိမ်တော်မှာ ရှိတုန်းက ဒီဝမ်းကွဲဦးလေးနဲ့ ငါ့ရဲ့ဆက်ဆံရေးက အကောင်းဆုံးပဲ။"
အမတ်ချုပ်ကြီးရှဲ့ သွေးအန်ချင်သွားပြန်သည်။ ဒီကောင်မစုတ်က ဘယ်လိုလုပ် ဒီလောက်တောင် အရှက်မရှိဘဲ လိမ်ပြောရဲရတာလဲ။
နဉ်ရှောင်ယောင်းသည် နဂါးပလ္လင်ပေါ်တွင်ထိုင်ရင်း အမတ်ချုပ်ကြီးရှဲ့ကိုကြည့်ကာ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။
သတ္တိရှိရင် လာကိုက်လိုက်လေ။
***