← Chapters

ထိုးစစ်ဆင်လာသော ယိုကွမ့်

Vol. 11 Ch. 164

ထိုးစစ်ဆင်လာသော ယိုကွမ့်

Vol. 11 Ch. 164

အကြီးအကဲလီသည် မည်သည့်ကိစ္စဖြစ်ပျက်မည်ကို သိရှိထားသော်လည်း နဉ်ရှောင်ယောင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် မေးမြန်းလျှောက်ထားလိုက်လေသည်။

"အရှင်မင်းကြီး၊ ဒီကိစ္စအတွက် သူ့ကို ညီလာခံခေါ်လိုက်တာ ဘာအကြောင်းရှိပါသလဲ။"

နဉ်ရှောင်ယောင်းက ရယ်မောရင်း ပြောလိုက်သည်။

"သိပ်ကြီးကျယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့စတုတ္ထဦးလေးကို အိမ်ခွဲပေးမလို့လေ။ မျိုးနွယ်စု ခွဲတာပေါ့။"

အမတ်မင်းများအားလုံး ကြောင်အသွားကြသည်။ မျိုးနွယ်စုခွဲတာက ကိစ္စကြီးမဟုတ်ဘူး ဟုတ်လား။

ကမ္ဘာပျက်ကပ်တွင် မွေးဖွားကြီးပြင်းလာသော နဉ်ရှောင်ယောင်းသည် ဤကမ္ဘာမှ လူသားများ မျိုးနွယ်စုခွဲရာတွင် ဘိုးဘွားပိုင်ခန်းမကို ဖွင့်လှစ်ခြင်း၊ အမွှေးတိုင်ထွန်းညှိ၍ ဘိုးဘွားများကို ပူဇော်ခြင်း၊ မျိုးနွယ်စုမှ လူကြီးသူမများ စုဝေးခြင်း၊ မျိုးနွယ်စု ခွဲထွက်သည့် စာချုပ်စာတမ်းများကို ဘိုးဘွားပိုင်ခန်းမမှ ယဇ်ပလ္လင်ပေါ်တွင်တင်၍ ဘိုးဘွားများကို တိုင်တည်ရုံသာမက အစိုးရရုံးတွင်ပါ မှတ်တမ်းတင်ရသည့် ရှုပ်ထွေးပွေလီသော လုပ်ငန်းစဉ်များကို သဘာဝကျစွာပင် နားမလည်နိုင်ပေ။

"အမတ်ချုပ်ကြီးရေ..."

နဉ်ရှောင်ယောင်းက အမတ်ချုပ်ကြီးရှဲ့ကို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"စတုတ္ထဦးလေးက နောက်ဆို တစ်ယောက်တည်း နေတော့မှာ။ ခဏနေရင် စတုတ္ထဦးလေးကတော်ကို သွားခေါ်ခိုင်းလိုက်ဦးမယ်။"

ရှဲ့အန်းဝူ၌ ဇနီးသည်တစ်ဦးသာရှိပြီး မယားငယ်မရှိပေ။ ဇနီးမောင်နှံနှစ်ဦးသည် ယခုအချိန်အထိ သားသမီး မထွန်းကားသေးချေ။ ထို့ကြောင့်လည်း ရှဲ့အန်းဝူသည် ဇနီးဖြစ်သူကို အမတ်ချုပ်ကြီးအိမ်တော်မှ ခေါ်ထုတ်ဝှက်ထားပြီးနောက် မိသားစုကို စွန့်ခွာကာ အခြားဘက်သို့ ကူးပြောင်းရဲခြင်း ဖြစ်သည်။

အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။

"သူ့ဇနီးက အမတ်ချုပ်ကြီးအိမ်တော်မှာ မရှိဘူး။"

"ဪ၊ ဒါဆို အလုပ်ရှုပ်သက်သာသွားတာပေါ့။ ဒါပေမဲ့ စတုတ္ထဦးလေးရဲ့ ပိုင်ဆိုင်မှုတွေတော့ ယူရမယ်။ ခဏနေရင် လူလွှတ်ပြီး သွားယူခိုင်းလိုက်မယ်။"

"ပိုင်ဆိုင်မှုတွေ ဟုတ်လား။"

အမတ်ချုပ်ကြီးရှဲ့က အေးစက်စွာ ရယ်မောလိုက်သည်။

"ဟုတ်တယ်လေ၊ သားချင်းအတူတူပဲကို။ အမတ်ချုပ်ကြီးက ကျွန်တော့်ရဲ့စတုတ္ထဦးလေး ဇနီးမောင်နှံကို ငတ်သေခိုင်းမလို့လား။ ဒီလိုလုပ်တာ မကောင်းပါဘူး။"

အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။

"အရှင်မင်းကြီးက သူနဲ့ အခင်မင်ဆုံး မဟုတ်ဘူးလား။"

"ဘာ..."

နဉ်ရှောင်ယောင်း မျက်လုံးပြူးသွားသည်။

"အမတ်ချုပ်ကြီးရဲ့ သဘောက ကျွန်တော်က အမတ်ချုပ်ကြီးရဲ့သားကို ကျွေးမွေးထားရမယ်လို့ ပြောချင်တာလား။ ဆက်ဆံရေးကောင်းလို့၊ သူငယ်ချင်းဖြစ်လို့၊ အဲ... ကိုယ်ချင်းစာစိတ်တူတဲ့ မိတ်ဆွေမို့လို့ ကျွန်တော်ကပဲ ကျွေးမွေးထားရမှာလား။"

အမတ်ချုပ်ကြီးရှဲ့မှာ ပြောစရာစကား မရှိတော့ပေ။

ညီလာခံမှ အမတ်များမှာ နားမလည်နိုင် ဖြစ်နေကြသည်။ အမတ်ချုပ်ကြီးက ဘာကိစ္စ အရှင်မင်းကြီးနဲ့ စကားနိုင်လုနေရတာလဲ။ သိသိသာသာကြီး ယှဉ်နိုင်မည့် ပြိုင်ဘက်မှ မဟုတ်ဘဲ။

အမတ်ချုပ်ကြီးရှဲ့သည် ရှဲ့အန်းဝူကို ကြည့်လိုက်သည်။

ရှဲ့အန်းဝူသည် ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဖခင်ဖြစ်သူ ကြည့်လာချိန်၌ ခေါင်းမငုံ့ခဲ့ပေ။

အမတ်ချုပ်ကြီးရှဲ့က မေးလိုက်သည်။

"မင်း တကယ်ပဲ အိမ်ခွဲပြီး မျိုးနွယ်စုကနေ ခွဲထွက်ချင်တာလား။"

နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့ ထိုသို့မေးလိုက်သည်ကို ကြားသောအခါ အနည်းငယ် စိုးရိမ်သွားသည်။

သို့သော် ရှဲ့အန်းဝူက ခေါင်းတစ်ချက်ညိတ်ကာ ပြောလိုက်သည်။

"ဟုတ်ပါတယ်။ သားက သစ္စာမရှိတဲ့သူပါ။"

"အမတ်ချုပ်ကြီးက ခင်ဗျားရဲ့ သစ္စာရှိမှုကို လိုချင်တာမှ မဟုတ်တာ။"

နဉ်ရှောင်ယောင်းက ဝင်ပြောလိုက်သည်။

"မင်းထွက်သွားတော့ အမတ်ချုပ်ကြီးက မင်းကိုမမြင်ရတော့ဘူးဆိုပြီး စိတ်ရှုပ်စရာ မလိုတော့ဘူးလေ။ စတုတ္ထဦးလေးရာ၊ ခင်ဗျားလို သစ္စာရှိတဲ့သားမျိုး ကမ္ဘာပေါ်မှာ ဘယ်မှာရှာတွေ့နိုင်မှာလဲ။"

နဉ်ရှောင်ယောင်း၏စကားကြောင့် ရှဲ့အန်းဝူပင် မျက်နှာရဲသွားသည်။ အရှင်မင်းကြီးက တကယ့်ကို ပေါက်ကရတွေ ပြောလွန်းအားကြီးသည်။

ခန်းမထဲမှ အမတ်များမှာ ဤညီလာခံ မြန်မြန်ပြီးသွားပါစေတော့ဟု ဆုတောင်းနေကြသည်။ ဆက်ပြီး နားမထောင်နိုင်ကြတော့ပေ။

အမတ်ချုပ်ကြီးရှဲ့သည် နဉ်ရှောင်ယောင်းကို ကြည့်ကာ မေးလိုက်သည်။

"ဒီသားကိုကြည့်ပြီး ကျွန်တော်မျိုး စိတ်ရှုပ်တယ်ဆိုတာ အရှင်မင်းကြီး ဘယ်ကနေ သိတာပါလဲ။"

"ဟင်..."

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"ကျွန်တော် နားလည်မှုလွဲနေတာလား။ အမတ်ချုပ်ကြီးက စတုတ္ထဦးလေးကို စီးပွားရေးသွားလုပ်ခိုင်းတယ်ဆို။ စတုတ္ထဦးလေးကို ဝေးနိုင်သမျှ ဝေးဝေးကို ထွက်သွားခိုင်းတာ မဟုတ်ဘူးလား။"

ညီလာခံမှ အမတ်များအတွက် ဤကိစ္စမှာ ထူးဆန်းမနေပေ။ မယားငယ်မှမွေးသော သားများသည် တရားဝင်သားများကို ကူညီပံ့ပိုးရန် မွေးဖွားလာကြသူများဖြစ်သည်။ အမတ်ချုပ်ကြီးရှဲ့က မယားငယ်သားကို စီးပွားရေးလုပ်ခိုင်းသည်မှာ မမှားပေ။ ရှဲ့အန်းဝူကသာ ဒီကိစ္စအတွက်ကြောင့် မိသားစုကိုစွန့်ခွာကာ တစ်ဖက်သို့ ကူးပြောင်းသွားသဖြင့် အမတ်များစွာက ရှဲ့စတုတ္ထသခင်လေးကို အထင်သေးသလို လှောင်ပြောင်သလို ကြည့်နေကြသည်။ မယားငယ်သားက ရည်မှန်းချက်ကြီးနေသည်၊ ဒါက လက်ခံနိုင်စရာ မဟုတ်ပေ။

လိုကျစ်ကွေ့က ချောင်းတစ်ချက် ထပ်ဟန့်လိုက်ပြီး နဉ်ရှောင်ယောင်းကို ခေါင်းခါပြလိုက်သည်။ အခြေအနေကောင်းတုန်း ရပ်လိုက်ရန်နှင့် စကားဆက်မပြောရန် သတိပေးလိုက်ခြင်း ဖြစ်သည်။

နဉ်ရှောင်ယောင်းသည် ရှဲ့အန်းဝူ၏ တင်းတင်းဆုပ်ထားသော လက်သီးကိုကြည့်ပြီး သူမ၏စကားများသည် အမတ်ချုပ်ကြီးရှဲ့ကို မထိခိုက်စေဘဲ ကိုယ့်လူကိုယ် ပြန်ထိခိုက်သွားမှန်း သဘောပေါက်လိုက်သည်။ နဉ်ရှောင်ယောင်း ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ကျွန်တော်နဲ့ စတုတ္ထဦးလေးက ဆက်ဆံရေးကောင်းတာ သိရဲ့သားနဲ့၊ ကျွန်တော်သူ့ကို အလေးထားတာ သိရဲ့သားနဲ့ အမတ်ချုပ်ကြီးက သူ့ကို စီးပွားရေးသွားလုပ်ခိုင်းတယ်ဆိုတော့... အမတ်ချုပ်ကြီးက ကျွန်တော်မျက်နှာကို ရိုက်လိုက်တာပဲနော်။"

အမတ်ချုပ်ကြီးရှဲ့သည် သွေးအန်ချင်စိတ်ကို ထိန်းချုပ်ရင်း နဉ်ရှောင်ယောင်းကို ဦးညွှတ်ကာ ပြောလိုက်သည်။

"ကျွန်တော်မျိုး မဝံ့ရဲပါဘူး။"

ခန်းမထဲမှ အမတ်များသည် နဉ်ရှောင်ယောင်း၏ စကားကိုကြားပြီးနောက် အတွေးပြောင်းသွားကြပြန်သည်။ ဒါက မယားငယ်သား ရည်မှန်းချက်ကြီးတဲ့ကိစ္စ မဟုတ်ဘဲ အရှင်မင်းကြီးနဲ့ အမတ်ချုပ်ကြီးကြားက အားပြိုင်ပွဲ ဖြစ်နေတာပဲ။

"ကျွန်တော်မျိုးက အရှင်မင်းကြီးနဲ့ ဘယ်တုန်းကမှ..."

"ဒီလိုပဲ လုပ်လိုက်ကြစို့။"

နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့ကို စကားပြောခွင့် မပေးပေ။ ပေါက်ကရပြောခြင်း၏ အဓိကသော့ချက်မှာ တစ်ဖက်လူကို ပြန်ငြင်းခွင့် မပေးရခြင်းပင် ဖြစ်သည်။

"စတုတ္ထဦးလေး..."

နဉ်ရှောင်ယောင်းက ရှဲ့အန်းဝူကို ပြောလိုက်သည်။

"ကျွန်တော်ကိုယ်စား ကျန်းနန်ကို သွားလိုက်... ဟိုဟာလေ..."

'နန်းတွင်းမှအထူးစေလွှတ်သော သံအမတ်' ဟူသည့် စကားလုံးကို အရှင်မင်းကြီးနဉ် ရုတ်တရက် စဉ်းစား၍ မရဖြစ်နေသည်။

နဉ်ရှောင်ယောင်း စကားထစ်နေသည်ကို မြင်သောအခါ လိုကျစ်ကွေ့က လူအုပ်ထဲမှ ထွက်လာပြီး ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ရှဲ့အန်းဝူက နန်းတွင်းအထူးသံအမတ် ရာထူးနဲ့ ထိုက်တန်တယ်လို့ ကျွန်တော်မျိုး ထင်မြင်မိပါတယ်။"

အမတ်ချုပ်ကြီးရှဲ့က အေးစက်စွာ ပြောလိုက်သည်။

"ဒီသားက စာမေးပွဲ ဖြေဆိုအောင်မြင်ထားခြင်း မရှိသလို နိုင်ငံအတွက်လည်း အကျိုးပြုထားခြင်း မရှိပါဘူး။ အရှင်မင်းကြီးအနေနဲ့ သူ့ကို ဘယ်အဆင့်ရှိတဲ့ ရာထူး ပေးမလို့ပါလဲ။"

ရာထူးရလျှင် လစာပေးရမည်။ ပြီးတော့ တရားဝင်လစာဖြစ်ပြီး ဈေးဆစ်လို့မရပေ။ ထိုအချက်ကို တွေးမိသောအခါ နဉ်ရှောင်ယောင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ရာထူး မရှိပါဘူး။ စတုတ္ထဦးလေးက ကျွန်တော့်ကိုယ်စား သွားမှာလေ။ ကျွန်တော့်ရဲ့ မျက်စိနဲ့နားအဖြစ် သွားမှာ။"

ရှဲ့အန်းဝူသည် နဉ်ရှောင်ယောင်းကို ဦးခိုက်လိုက်သည်။

"ကျွန်တော်မျိုး အမိန့်တော်အတိုင်း လိုက်နာပါ့မယ်။"

နဉ်ရှောင်ယောင်း မတ်တတ်ရပ်လိုက်သည်။

"ဒါဆို ဒီလောက်ပါပဲ၊ ညီလာခံသိမ်းပြီ။"

အမတ်ချုပ်ကြီးရှဲ့က အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။

"အရှင်မင်းကြီး၊ မြို့တံခါးကိုးပေါက်..."

"ထောင်ချန်နေရာ ဆက်ခံမယ့်လူကိုတော့..."

နဉ်ရှောင်ယောင်းက စကားဖြတ်ပြောလိုက်သည်။

"အားလုံးပဲ တက်တက်ကြွကြွ အကြံပြုကြတာပေါ့။ အတိအကျ ရွေးချယ်ခံရတဲ့လူကို နောက်တစ်ခေါက် ညီလာခံကျရင် ကြေညာမယ်။ ဒီလောက်ပဲနော်။ အမတ်ချုပ်ကြီး နေကောင်းပါစေ၊ တာ့တာ။"

နဉ်ရှောင်ယောင်းသည် 'ရွှစ်' ခနဲမြည်အောင် ခြေကုန်သုတ် ပြေးထွက်သွားလေသည်။ အမတ်ချုပ်ကြီးရှဲ့၏မြင်ကွင်းထဲတွင် အရိပ်တစ်ခု ဖြတ်ခနဲဖြစ်သွားပြီး အရှင်မင်းကြီးနဉ် ပျောက်သွားလေတော့သည်။

အမတ်များအားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ အရှင်မင်းကြီး ပြေးတာ မြန်လိုက်တာ...

အမတ်ချုပ်ကြီးရှဲ့သည် ကြမ်းပြင်ပေါ် ဒူးထောက်နေဆဲဖြစ်သော ရှဲ့အန်းဝူကို ကြည့်လိုက်သည်။

လိုကျစ်ကွေ့သည် ရှဲ့အန်းဝူ၏ဘေးသို့ လျှောက်သွားပြီး ပြောလိုက်သည်။

"ထပါတော့။ အမတ်မင်းက အရှင်မင်းကြီးအတွက် အလုပ်လုပ်ပေးမယ့်လူလေ၊ သူများမျက်နှာကြည့်နေစရာ မလိုဘူး။"

ရှဲ့အန်းဝူ ထရပ်လိုက်ပြီး အမတ်ချုပ်ကြီးရှဲ့ကို အလေးအနက် ဦးညွှတ်လိုက်သည်။

အမတ်ချုပ်ကြီးရှဲ့သည် လက်အင်္ကျီစကို ခါရမ်းကာ ထွက်ခွာသွားလေသည်။

အမတ်ချုပ်ကြီးရှဲ့ လူအုပ်ကြီး ခြံရံလျက် ရွှေခေါင်းလောင်းခန်းမမှ ထွက်လာသောအခါ နဉ်ရှောင်ယောင်းသည် လေတစ်မုန်တိုင်းကဲ့သို့ ပြန်ပြေးလာပြီး အမတ်ချုပ်ကြီးရှဲ့၏ရှေ့တွင် ပိတ်ရပ်ကာ မေးလိုက်သည်။

"ကျွန်တော်မေးဖို့ မေ့သွားလို့၊ အမတ်ချုပ်ကြီး... ရှဲ့အန်းရှီ သေပြီလားဟင်။"

အမတ်မင်းများ တိတ်တဆိတ်ပင် ဘေးသို့ခွဲရှောင်လိုက်ကြသည်။

အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။

"အဲဒီသားမိုက်က အသက်ငင်နေတုန်းပါပဲ။ ဘာလဲ၊ အရှင်မင်းကြီးက ကယ်ပေးချင်လို့လား။"

"ဟင်? ကျွန်တော်ကလား။"

နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်သည်။

"ငါက သမားတော်လွှတ်ပေးရမှာလား။ ငါက သမားတော်မှ မဟုတ်တာ။"

ရွှေခေါင်းလောင်းခန်းမရှေ့သို့ ရောက်လာသော လိုကျစ်ကွေ့ "......"

အမတ်ချုပ်ကြီးရှဲ့က၊

"အရှင်မင်းကြီးက သေဒဏ်နဲ့ထိုက်တန်တဲ့ လူတစ်ယောက်ကို ကယ်တင်လိုက်တယ်ဆိုပြီး အပြောခံရမှာ မကြောက်ဘူးလား။"

အမတ်ချုပ်ကြီးရှဲ့သည် နဉ်ရှောင်ယောင်း၏စကားများကို အသုံးပြုပြီး နဉ်ရှောင်ယောင်းကို ပြန်တိုက်ခိုက်ချင်နေခြင်းဖြစ်သည်။ ယခုအချိန်ကျမှ သမားတော်လွှတ်ပြီး နှစ်သိမ့်ချင်တယ် ဟုတ်လား။ နောက်ကျသွားပြီ!

နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်သားပဲ။ အဲဒီကောင်က သေဒဏ်နဲ့ထိုက်တန်တာပဲဟာ။ ဒါဆိုရင် သူ မသေမရှင် ဆက်ဖြစ်နေပါစေတော့။"

အမတ်ချုပ်ကြီးရှဲ့၏ခန္ဓာကိုယ် ယိုင်နဲ့သွားသည်။

ဖုတ်ကောင်အကိုက်ခံရသည်ကို နောက်တစ်ကြိမ် မြင်ယောင်ကြည့်လိုက်ပြီးနောက် နဉ်ရှောင်ယောင်း၏ မျက်နှာထားသည် အလွန်ဝမ်းနည်းပူဆွေးရာမှ ဘဝကို လက်မြှောက်အရှုံးပေးလိုက်သည့် ပုံစံသို့ ပြောင်းလဲသွားပြီး အမတ်ချုပ်ကြီးရှဲ့ကို ပြောလိုက်သည်။

"တကယ်တော့ ကျွန်တော်က ရှဲ့အန်းရှီကို စိတ်ပူနေတာ မဟုတ်ပါဘူး။ ကျွန်တော်က အမတ်ချုပ်ကြီးကို စိတ်ပူနေတာ။ သားကြီးက နယ်စပ်မှာ မြေကြီးစားနေရတယ်၊ ဒုတိယသားက ကြည့်ရတာ အ,နေတယ်၊ တတိယသားကလည်း အခုလို ဖြစ်သွားပြီ။ မယားငယ်က မွေးတဲ့သားကိုကျတော့လည်း အမတ်ချုပ်ကြီးက သဘောမကျပြန်ဘူး။ အမတ်ချုပ်ကြီးနဲ့သခင်မတို့ ကြိုးစားပြီး နောက်တစ်ယောက်လောက် ထပ်မွေးလိုက်ပါလား။"

အမတ်မင်းများ (?△?;)

"ဖူး..."

အမတ်အချို့ အောင့်မထားနိုင်ဘဲ ရယ်မိသွားကြသည်။

"မင်း.."

အမတ်ချုပ်ကြီးရှဲ့ သည်းမခံနိုင်တော့ဘဲ နဉ်ရှောင်ယောင်းကို လက်ညှိုးထိုးလိုက်သည်။

"အဲဒီလို မလုပ်ပါနဲ့။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"အမတ်ချုပ်ကြီး ကျွန်တော့်ကို နိုင်မှာမဟုတ်ဘူး။"

အမတ်ချုပ်ကြီးရှဲ့၏လက် တောင့်ခဲသွားသည်။

"ကြည့်စမ်း၊ မျက်လုံးသာ လူသတ်နိုင်ရင် ကျွန်တော်ဒီနေရာမှာတင် သေနေလောက်ပြီ။"

နဉ်ရှောင်ယောင်းက အမတ်ချုပ်ကြီးရှဲ့၏ မျက်လုံးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ကြည့်ပါဦး၊ ရန်ငြိုးတွေ ကြီးလိုက်တာ။"

အမတ်မင်းများအားလုံး တွေးလိုက်ကြသည်။ အရှင်မင်းကြီးတို့နှစ်ယောက်ကြားက ရန်ငြိုးက တကယ်ကြီးတာပဲ။

အမတ်ချုပ်ကြီးရှဲ့၏ခန္ဓာကိုယ် နောက်သို့ လဲကျသွားသည်။

"အမတ်ချုပ်ကြီး!"

အမတ်ချုပ်ကြီးရှဲ့ဘေးတွင် ရပ်နေသော ဘက်တော်သားတစ်ဦးက အမတ်ချုပ်ကြီးကို အမြန်လှမ်းတွဲလိုက်သည်။

နဉ်ရှောင်ယောင်း လှည့်ပြီး ထပ်ပြေးသွားပြန်သည်။ အိုးယေး! သူ အမတ်ချုပ်ကြီးရှဲ့ကို ဒေါသထွက်အောင် နောက်တစ်ကြိမ် လုပ်နိုင်ခဲ့ပြီပဲ!

လောင်တသည် စင်မြင့်ပေါ်သို့ ပြေးတက်လာပြီး နဉ်ရှောင်ယောင်း၏ပခုံးပေါ်သို့ ခုန်တက်လိုက်သည်။ လူအများဝိုင်းတွဲထားရပြီး သေလုမျောပါးဖြစ်နေသော အမတ်ချုပ်ကြီးရှဲ့ကို တစ်ချက်ကြည့်ပြီးနောက် အရူးတစ်ယောက်လို ပါးစပ်ဖြဲပြီး ရယ်နေသော သူ့အရှင်သခင်မလေးကို တစ်ချက်ကြည့်လိုက်သည်။ အင်း... လောင်တသည် လျှာထုတ်ကာ နဉ်ရှောင်ယောင်း၏ မျက်နှာကို လျက်ပေးလိုက်သည်။ အမတ်ချုပ်ကြီးရှဲ့ကို ဒေါသထွက်ပြီး လဲကျသွားအောင် လုပ်နိုင်တယ်ဆိုတော့ ဒီငတုံးမလေးက မတုံးပါဘူး!

"သွားကြစို့။"

လိုကျစ်ကွေ့က ရှဲ့အန်းဝူကို ပြောလိုက်သည်။

အကြီးအကဲလီသည် အမတ်ချုပ်ကြီးရှဲ့ကို တစ်ချက်ကြည့်ကာ အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏တပည့်များကိုခေါ်ကာ စင်မြင့်အောက်သို့ ဆင်းသွားလေသည်။ ဆရာဖြစ်သူ၏ နောက်မှလိုက်ပါသွားသော တပည့်များသည် သူတို့ဆရာ လမ်းလျှောက်နေသည်မှာ ခြေထောက်တွင် လေတပ်ထားသကဲ့သို့ ပျံဝဲလုမတတ် ပေါ့ပါးသွက်လက်နေသည်ဟု ခံစားလိုက်ရသည်။

အမတ်ချုပ်ကြီးရှဲ့သည် လူများဝိုင်းတွဲထားသဖြင့် ကြမ်းပြင်ပေါ်တွင် ယိုင်နဲ့နေရာမှ အတော်ကြာမှ ပြန်လည်သက်သာလာသည်။

"အမတ်ချုပ်ကြီး"

အမတ်ချုပ်ကြီးဘက်တော်သားများ ဝိုင်းဝန်းမေးမြန်းကြသည်။

အမတ်ချုပ်ကြီးရှဲ့သည် သူ့ရှေ့မှ အမတ်များကို တစ်ယောက်ချင်းစီ လိုက်ကြည့်လိုက်သည်။ စိတ်တိုခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဂဏှာမငြိမ်ခြင်း၊ ကြောက်ရွံ့ခြင်း... ဒီလူတွေအားလုံး ကြောက်လန့်နေကြသည်။

"မင်းတို့ အိမ်အမြန်ပြန်ကြ။"

အမတ်ချုပ်ကြီးရှဲ့သည် ဒုက္ခသည်များကို သတ်ဖြတ်ရန် အမိန့်တောင်းခံခဲ့သော အမတ်အချို့ကို ပြောလိုက်သည်။

"မိသားစုဝင်တွေကို ခေါ်ပြီး မြို့တော်စစ်တပ်ရဲ့ မြောက်ပိုင်းကျားစခန်းကို သွားကြ။"

ထိုအမတ်များသည် ကျေးဇူးတင်စကား အထပ်ထပ်ဆိုပြီး ထွက်ခွာသွားကြသည်။

"အမတ်ချုပ်ကြီး၊ မြို့တံခါးကိုးပေါက်ရဲ့ တပ်မှူးကိစ္စကရော ဘယ်လိုလဲ။"

အမတ်ချုပ်ကြီးရှဲ့ကို တွဲထူပေးနေသော အမတ်တစ်ဦးက သတိထားပြီး မေးလိုက်သည်။

"ဘယ်သူကများ မြို့တံခါးကိုးပေါက် တပ်မှူးနေရာကို ရဲရဲတင်းတင်း ယူမလဲဆိုတာ ငါကြည့်ချင်သေးတယ်။"

အမတ်ချုပ်ကြီးရှဲ့က အသံကိုနှိမ့်ကာ အေးစက်စွာ ပြောလိုက်သည်။

သူ ရှဲ့ဝမ်ယွမ် ခေါင်းမငြိမ့်ဘဲ နဉ်ယွီရဲ့လူက တပ်မှူးဖြစ်လာရင်တောင် တပ်မှူးရုံးကလူတွေ အမိန့်မနာခံရင် ဒီတပ်မှူးက အလှပြထားတဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်မနေဘူးလား။

သိမ်းငှက်ဖြူလေးသည် အမတ်ချုပ်ကြီးရှဲ့၏ခေါင်းပေါ်တွင် ပျံဝဲနေသည်မှာ ကြာပြီဖြစ်သည်။ သူက မစင်စွန့်ချင်သော်လည်း ဗိုက်ထဲတွင် ဘာမှမရှိသဖြင့် အချိန်ကြာမြင့်စွာ ညှစ်နေသော်လည်း မစင်ထွက်မလာချေ။

ယိုကွမ့်သည် အမတ်ချုပ်ကြီးရှဲ့၏ ခြေထောက်နားသို့ လျှောတိုက်ပြေးသွားလေသည်။ အမတ်ချုပ်ကြီးရှဲ့သည် အကွက်ချစီစဉ်ခြင်း၊ လက်အောက်ငယ်သားများကို နှစ်သိမ့်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေပြီး၊ ဘက်တော်သားများကလည်း အမတ်ချုပ်ကြီးပြောစကားကို အလေးအနက် နားထောင်နေကြသဖြင့် မည်သူမျှ ကြွက်ပေါက်လေးတစ်ကောင် အမတ်ချုပ်ကြီး၏ ခြေထောက်နား ရောက်လာသည်ကို သတိမထားမိကြပေ။

သိမ်းငှက်ဖြူလေးနှင့် စင်မြင့်လက်ရန်းပေါ်တွင် တန်းစီနေကြသော စာကလေးငယ်လေးများသည် အသက်အောင့်ထားကြသည်။ ယိုကွမ့်က အမတ်ချုပ်ကြီးရဲ့ ခြေထောက်ပေါ် မစင်စွန့်မလို့လား။

ယိုကွမ့်သည် အမတ်ချုပ်ကြီးရှဲ့၏ ခြေထောက်နားသို့ ရောက်သောအခါ သတ္တိမွေးလိုက်ပြီး 'ယိုကွမ့် မကြောက်ဘူး' ဟု ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။ ထို့နောက် ပါးစပ်ဟကာ ရှဲ့အမတ်ချုပ်ကြီး၏ခြေမျက်စိကို အားကုန်ကိုက်ချလိုက်လေသည်။

"အား!"

အမတ်ချုပ်ကြီးရှဲ့ အော်ဟစ်လိုက်သည်။

ယိုကွမ့်ကတော့ ခေါင်းပြန်လှည့်ပြီး ထွက်ပြေးလေတော့သည်။

လူအများ ငုံ့ကြည့်လိုက်ကြရာ အမတ်ချုပ်ကြီး၏ ဘယ်ဘက်ခြေမျက်စိတွင် သွေးများဖြင့် ရဲရဲနီနေသည်ကို တွေ့လိုက်ရသည်။

အိုး!

တိရိစ္ဆာန်လေးများအားလုံး အံ့အားသင့်သွားကြသည်။ ယိုကွမ့်က အမတ်ချုပ်ကြီးရှဲ့ကို ကိုက်လိုက်တာပဲ!

"ယိုကွမ့် သိပ်တော်တာပဲ!"

စာကလေးတစ်ကောင်က ယိုကွမ့်ကို လှမ်းအော်ပြောလိုက်သည်။

"ကြွက်... ကြွက်တစ်ကောင်!"

အမတ်တစ်ဦးသည် တရားခံဖြစ်သော ယိုကွမ့်ကို တွေ့ရှိသွားပြီး အော်ဟစ်လိုက်သည်။

စာပေပညာရှင်အပေါင်းတို့သည် ထိတ်လန့်ဒေါသထွက်နေကြသော်လည်း မည်သူမျှ ယိုကွမ့်နောက်သို့ လိုက်မရိုက်ကြပေ။

ဘေးနားရှိ တော်ဝင်အစောင့်တပ်သားများကမူ သူတို့မရှိသကဲ့သို့သာ နေလိုက်ကြသည်။ ကြွက်ပေါက်လေးတစ်ကောင်တောင် အမတ်ချုပ်ကြီးကို အနိုင်ကျင့်နိုင်ပြီဆိုတော့ ရှဲ့အမတ်ချုပ်ကြီးတော့ သွားပြီထင်ပါရဲ့။

"သမားတော်၊ သမားတော် အမြန်သွားခေါ်ကြ။"

အမတ်တစ်ယောက်က အော်ပြောလိုက်သည်။

"အိမ်ပြန်မယ်။"

အမတ်ချုပ်ကြီးရှဲ့သည် နာကျင်မှုကို ကြိတ်မှိတ်သည်းခံရင်း ပြောလိုက်သည်။ နန်းတော်ထဲမှာ သမားတော်နဲ့ ကုမလို့လား။ နဉ်ယွီက အဆိပ်ခတ်ပြီး သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

....

"တကယ်လား။"

ထိုအချိန်တွင် ထိုက်ဟွာနန်းဆောင်သို့ ရောက်ရှိနေပြီဖြစ်သော နဉ်ရှောင်ယောင်းသည် သိမ်းငှက်ဖြူလေး၏ သတင်းပို့ချက်ကို နားထောင်ပြီးနောက် "ဟားဟားဟား" ဟု အားရပါးရ ရယ်မောလိုက်လေသည်။

တံခါးဝသို့ ရောက်လာသော လိုကျစ်ကွေ့ "....."

ဘာကိစ္စ ဖြစ်ပြန်ပြီလဲ။

"ယိုကွမ့်ကို Like ပေးလိုက်၊ သူ့ကို မြေပဲတစ်တောင်း ဆုချမယ်။"

နဉ်ရှောင်ယောင်းက သိမ်းငှက်ဖြူလေးကို ပြောလိုက်သည်။

လိုကျစ်ကွေ့ တံခါးဖွင့်ဝင်လာပြီး ပြတင်းပေါက်ဘောင်ပေါ်တွင် နားနေသော သိမ်းငှက်ဖြူလေးကိုကြည့်ကာ နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

"ယိုကွမ့်ဆိုတာ ဘယ်သူလဲ။"

"အဲ... ကျွန်မမွေးထားတဲ့ ကြွက်ကလေးလေ။ အရမ်းချစ်ဖို့ကောင်းတဲ့ ကြွက်ကလေး။"

နဉ်ရှောင်ယောင်းက ဖြေလိုက်သည်။

"အရှင်မင်းကြီး။"

ယင်းလေ၏အသံသည် စင်္ကြံမြောက်ဘက်မှ ထွက်ပေါ်လာပြီး တစ်ဖက်သားမကောင်းဖြစ်သည်ကို ဝမ်းသာနေသည့်လေသံဖြင့် ပြောလိုက်သည်။

"အမတ်ချုပ်ကြီးကို ကြွက်ကိုက်သွားတယ်တဲ့။ သွေးတောင်ထွက်တယ်!"

လိုကျစ်ကွေ့ တွေးလိုက်မိသည်။ တရားခံက ဒီ 'ယိုကွမ့်' ဆိုတဲ့ကောင် ဖြစ်ရမယ်။

***

All Chapters