← Chapters

အရှင်မင်းကြီးထံမှ တောင်းပန်စကား

Vol. 11 Ch. 165

အရှင်မင်းကြီးထံမှ တောင်းပန်စကား

Vol. 11 Ch. 165

အရှင်မင်းကြီးနှင့် စစ်သေနာပတိချုပ်လိုတို့ အိမ်တော်သို့ ကြွလာနေကြောင်း အစေခံများ လာရောက်အကြောင်းကြားသည်ကို ကြားလိုက်ရသောအခါ ဟုကော်ကုန်းအိမ်တော်မှ သခင်မကြီးမှာ လန့်ဖျပ်သွားလေသည်။ သူတို့၏ ဟုကော်ကုန်းအိမ်တော်သည် နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ပြီး လူသူမဝင်ထွက်စေဘဲ နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခု လက်ရှိဧကရာဇ်ငယ်လေးက ဘာအတွက်ကြောင့် ရောက်လာရတာလဲ။

ဟုကော်ကုန်း ဖေ့ယိသည် သခင်မကြီးရှိနေသော ဧည့်ခန်းမဆောင်သို့ ကမန်းကတန်း ဝင်ရောက်လာသည်။ သူ့မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း သခင်မကြီးသည် သားကြီးဖြစ်သူ၏ ခြေလှမ်းများမှာ ပုံမှန်ထက် နှစ်ဆပိုမြန်နေသည်ကို ကြည့်ရုံဖြင့် သားဖြစ်သူ၏စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်နေမှန်း သိလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။"

သခင်မကြီးသည် ဆံထုံးကို သပ်တင်လိုက်ပြီး ဟုကော်ကုန်းကို ပြောလိုက်သည်။

"အရှင်မင်းကြီးက ရှဲ့ဝမ်ယွမ်နဲ့ အကြီးအကျယ် တိုက်ခိုက်နေတာ။ သူက ငါတို့ ဟုကော်ကုန်းအိမ်တော်ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး။"

ဟုကော်ကုန်းက၊

"အမေ၊ အရှင်မင်းကြီးက ကျွန်တော်တို့ မိသားစုတစ်ခုလုံးကို သွားတွေ့ခိုင်းတာ။ ဒုတိယညီလေးကရော ဘယ်လိုလုပ်မလဲ။"

သခင်မကြီး ကြောင်အသွားသည်။

"ဒုတိယညီလေးက အရှင်မင်းကြီးရှေ့မှာ မပြောသင့်မပြောထိုက်တဲ့ စကားတွေ ပြောမိရင်..."

ဟုကော်ကုန်းက စိုးရိမ်တကြီး ပြောလိုက်သည်။

"အဲဒီကျရင် ဘယ်လိုလုပ်ကြမလဲ။"

"အရှင်မင်းကြီးကို အရင်သွားတွေ့ကြတာပေါ့။"

သခင်မကြီးသည် ဟုကော်ကုန်း၏တွဲထူပေးမှုဖြင့် ဧည့်ခန်းမဆောင်အပြင်ဘက်သို့ ထွက်လာရင်း တိုးတိုးလေး ပြောလိုက်သည်။

"တွေ့ပြီးမှပဲ ကြည့်ရှင်းကြတာပေါ့။"

.....

နဉ်ရှောင်ယောင်းသည် ယခုအချိန်တွင် ဟုကော်ကုန်းအိမ်တော် တံခါးပေါက်ရှေ့၌ ရောက်ရှိနေပြီဖြစ်သည်။ ဟုကော်ကုန်းအိမ်တော်သည် နိုင်ငံတည်ထောင်သူ ဘိုးဘေးဘီဘင်များနှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့သော အိမ်တော်ကြီး ၁၃ ခုထဲမှ တစ်ခုဖြစ်သည့်အတွက် အိမ်တော်မှာ အလွန်ခမ်းနားထည်ဝါသည်။ သို့သော် လူသူကင်းမဲ့ပြီး ခြောက်ကပ်နေကာ အိမ်တော်ရှေ့ရှိ လှေကားထစ်များပင် အက်ကွဲနေလေသည်။

"တံခါးသွားခေါက်လိုက်။"

လိုကျစ်ကွေ့က ယင်းလေကို အမိန့်ပေးလိုက်သည်။

ယင်းလေသည် ဟုကော်ကုန်းအိမ်တော် တံခါးပေါက်ဆီသို့ ပြေးသွားလေသည်။

နဉ်ရှောင်ယောင်းသည် အင်္ကျီကော်လာကို ဆွဲလိုက်ပြီး လိုကျစ်ကွေ့ကို မေးလိုက်သည်။

"ခဏနေရင် ဟုကော်ကုန်းက ကျွန်မကို ဆဲမှာလားဟင်။"

လိုကျစ်ကွေ့၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ ဒီကောင်မလေးက လမ်းတစ်လျှောက်လုံး ဒီမေးခွန်းကိုပဲ မေးလာတာ မပြီးနိုင်သေးဘူးလား။

"ဆဲတာတော့ မကြောက်ပါဘူး။"

နဉ်ရှောင်ယောင်းက ကိုယ့်ကိုယ်ကိုယ် အားပေးပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"ဟုကော်ကုန်းက ငါ့ကို ရိုက်ရင် ငါ ထွက်ပြေးလိုက်မယ်။"

လိုကျစ်ကွေ့က နဖူးကို လက်ဖြင့်အုပ်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော် ရှိနေတာပဲ၊ ဘယ်သူက အရှင်မင်းကြီးကို ရိုက်ရဲမှာလဲ။"

"စစ်သေနာပတိချုပ်၊ ကျွန်မနဲ့အတူတူ ပြေးနော်။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"ကျွန်မက အပြစ်ရှိတဲ့သူလေ။"

လိုကျစ်ကွေ့က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကောင်းပါပြီ၊ ကျွန်တော် အရှင်မင်းကြီးနဲ့အတူတူ ပြေးပါ့မယ်။"

"ခဏနေ လက်ပါလာရင် အတူတူပြေးမယ်နော်။"

နဉ်ရှောင်ယောင်း စိတ်မချသဖြင့် ဒီနေ့ပါလာသော နဂါးအစောင့်တပ်သားများကိုပါ ထပ်မံမှာကြားလိုက်သည်။

"ငါတို့က ပြန်ချလို့မကောင်းဘူး။"

နဂါးအစောင့်တပ်သားများ "....."

အရှင်မင်းကြီးကို အိမ်တော်ထဲကနေ မောင်းထုတ်ရအောင် ဟုကော်ကုန်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။

ယင်းလေသည် ဟုကော်ကုန်းအိမ်တော်တံခါးကို တစ်ချက်သာ ခေါက်လိုက်ရသေးသည်၊ တံခါးကြီးက ပွင့်သွားလေသည်။

သခင်မကြီးက အိမ်တော်တံခါးမှ ပထမဆုံး ထွက်လာခဲ့သည်။

နဉ်ရှောင်ယောင်းသည် သခင်မကြီးကို မြင်သောအခါ "အိုး" ဟု အာမေဋိတ်သံပြုလိုက်ပြီး သခင်မကြီး၏ ရှေ့သို့ ပြေးသွားကာ သခင်မကြီး ဂါရဝမပြုရသေးခင်မှာပင် ပြောလိုက်သည်။

"အဘွားက ဟုကော်ကုန်းအိမ်တော်က သခင်မကြီးမလား။ ကျွန်တော်တို့ တွေ့ဖူးကြတယ်နော်။"

သခင်မကြီးသည် မြေပြင်ပေါ် ဒူးထောက်ချလိုက်ပြီး ပြောလိုက်သည်။

"နွေဦးနှုတ်ဆက်ပွဲတော်မှာ ကျွန်တော်မျိုးမ အရှင်မင်းကြီးရဲ့မျက်နှာတော်ကို ဖူးမြော်ခွင့်ရခဲ့ပါတယ်။ ဒါက ကျွန်တော်မျိုးမအတွက် မဟာကံထူးမှုပါပဲ။ ကျွန်တော်မျိုးမ..."

သခင်မကြီး စကားမဆုံးခင်၊ ဒူးမထောက်ရသေးခင်မှာပင် နဉ်ရှောင်ယောင်းက လှမ်းကိုင်လိုက်ပြီး ပြောလိုက်သည်။

"ဒူးထောက်စရာ မလိုပါဘူး၊ ဒူးထောက်စရာ မလိုပါဘူး။ ကျွန်တော်က အိမ်တော်ကို လာကြည့်ရုံ သက်သက်ပါ။ ဟားဟား... သခင်မကြီးရေ၊ ကျွန်တော် အိမ်ထဲ ဝင်လို့ရမလားဟင်။"

"ကျွန်တော်မျိုး ဖေ့ယိ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး အသက်ရာကျော် ရှည်ပါစေ။"

ဟုကော်ကုန်းသည် မိသားစုဝင်များကို ဦးဆောင်ပြီး ဒူးထောက်ကာ နဉ်ရှောင်ယောင်းကို ကြီးကျယ်ခမ်းနားစွာ ဂါရဝပြုလိုက်သည်။

နဉ်ရှောင်ယောင်း ရှောင်ချင်သော်လည်း လိုကျစ်ကွေ့က အနောက်မှ ဆွဲထားလိုက်သည်။

သခင်မကြီးသည် နဉ်ရှောင်ယောင်း၏ခါးကို ကိုင်ထားသော လိုကျစ်ကွေ့၏လက်ကို တစ်ချက်ကြည့်လိုက်ပြီး နဉ်ရှောင်ယောင်းကို ရိုရိုသေသေ ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ကြွပါ။"

"အင်း၊ ကောင်းပါပြီ။"

နဉ်ရှောင်ယောင်းသည် ဟုကော်ကုန်းအိမ်တော်ထဲသို့ ဝင်သွားလိုက်သည်။ စိတ်ထဲတွင် စိုးရိမ်နေဆဲဖြစ်သော်လည်း သခင်မကြီးနှင့် အသိမိတ်ဆွေဖြစ်နေသဖြင့် ဟုကော်ကုန်းကို သူမအတွက် အလုပ်လုပ်ပေးရန် ပြောဆိုရသည်မှာ ပိုလွယ်ကူလိမ့်မည်ဟု တွေးလိုက်မိသည်။

ဟုကော်ကုန်းအိမ်တော်၏ ပင်မခန်းမဆောင်ထဲတွင် ထိုင်လိုက်ပြီးနောက် နဉ်ရှောင်ယောင်းသည် သူမဘေးတွင် ရပ်နေသော လိုကျစ်ကွေ့ကို မော့ကြည့်လိုက်သည်။

လိုကျစ်ကွေ့က တိုးတိုးလေး ပြောလိုက်သည်။

"စကားမပြောသေးနဲ့ဦး၊ သခင်မကြီး ဘာပြောမလဲ နားထောင်ကြည့်ရအောင်။"

နဉ်ရှောင်ယောင်းသည် သခင်မကြီး စကားစပြောမည်ကို ငြိမ်သက်စွာ ထိုင်စောင့်နေလိုက်သည်။

သခင်မကြီးက နဉ်ရှောင်ယောင်းကို ရိုရိုသေသေ မေးမြန်းလိုက်သည်။

"အရှင်မင်းကြီး ဒီနေ့ ကျွန်တော်မျိုးမတို့ရဲ့ တဲအိုပျက်လေးကို ကြွလာတာ ဘာကိစ္စများ ရှိလို့ပါလဲ..."

"ဒီအိမ်ကြီးကို တဲအိုပျက်လေးလို့ ခေါ်တယ်ပေါ့။"

သခင်မကြီး၏ ပထမဆုံး နှုတ်ဆက်စကားကပင် နဉ်ရှောင်ယောင်းကို သည်းမခံနိုင်အောင် ဖြစ်သွားစေသည်။ အရှင်မင်းကြီးနဉ်က ပြောလိုက်သည်။

"သခင်မကြီးရေ၊ သခင်မကြီးတို့အိမ်က လူနည်းနည်းနည်းတာကလွဲရင် ကျန်တာ အားလုံးပြည့်စုံပါတယ်။"

သခင်မကြီးမှာ နဉ်ရှောင်ယောင်း၏စကားကြောင့် ဆွံ့အသွားသည်။ အရှင်မင်းကြီးက နှိမ့်ချစကားကို နားမလည်တာလား ဒါမှမဟုတ် သူမလို သခင်မကြီးတစ်ယောက်ကို နောက်ပြောင်နေတာလား။

"တကယ်ပြောတာ။"

နဉ်ရှောင်ယောင်းက ထပ်လောင်းအတည်ပြုလိုက်သည်။

ထိုသို့ဖြင့် သခင်မကြီးမှာ ပြန်ဖြေလိုက်ရသည်။

"အရှင်မင်းကြီးရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်။"

"ချီးကျူးတာ မဟုတ်ဘူး။"

နဉ်ရှောင်ယောင်းက အလေးအနက် ပြောလိုက်သည်။

"ကျွန်တော်က အမှန်အတိုင်း ပြောတာ။"

ဖေ့မိသားစုဝင်များအားလုံး နဉ်ရှောင်ယောင်းကို ကြည့်နေကြသည်။ အရှင်မင်းကြီးက ဒီနေ့ သူတို့အိမ်ကို လာချီးကျူးတာလား။

ထိုအချိန်တွင် ဟုကော်ကုန်းက ပြောလိုက်သည်။

"ကျွန်တော်မျိုးရဲ့ ဒီအိမ်တော်က အရင်မင်းဆက်တုန်းက ချင်းဝမ်မင်းသားရဲ့ အိမ်တော်ပါ။"

"ဪ၊ ဟုတ်လား။"

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ ဟုကော်ကုန်းက နှစ်ရာချီ သက်တမ်းရှိသော ဤအိမ်တော်ကြီးအကြောင်း ရှင်းပြသည်ကို နားထောင်နေရင်း နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လာသည်။ အခြေအနေက မဟုတ်သေးဘူး၊ သူမ လာတာ ဒီအကြောင်း နားထောင်ဖို့မှ မဟုတ်တာ။

"ယူလာခဲ့။"

နဉ်ရှောင်ယောင်း ခေါင်းစဉ်လွဲနေမှန်း သတိထားမိချိန်တွင် လိုကျစ်ကွေ့က ပင်မခန်းမဆောင် အပြင်ဘက်သို့ လှမ်းပြောလိုက်သည်။

နဂါးအစောင့်တပ်သားတစ်ဦးသည် ပန်းပုထွင်းထားသော သစ်သားသေတ္တာတစ်လုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ကာ ပင်မခန်းမဆောင်ထဲသို့ ဝင်လာပြီး သခင်မကြီး၏ရှေ့မှောက်တွင် ရပ်လိုက်သည်။

လိုကျစ်ကွေ့ ရှေ့သို့တိုးပြီး သေတ္တာအဖုံးကို ဖွင့်လိုက်သည်။

အနီရောင်ဖဲသားပေါ်တွင် တင်ထားသော သပ်ရပ်စွာ စီစဉ်ထားသည့် ဖီးနစ်သရဖူနှင့် တိမ်တိုက်ဝတ်ရုံသည် တလက်လက် တောက်ပနေပြီး ကျက်သရေရှိလှသည်။

သခင်မကြီးသည် ထိုဖီးနစ်သရဖူနှင့် တိမ်တိုက်ဝတ်ရုံကို မြင်သောအခါ ကိုယ်ခန္ဓာ တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။

လိုကျစ်ကွေ့က နူးညံ့စွာ ပြောလိုက်သည်။

"အရှင်မင်းကြီး ဒီနေ့ ကြွလာရတာက ဒီပစ္စည်းကို ဟုကော်ကုန်းအိမ်တော်ဆီ ပြန်ပေးချင်လို့ပါ။"

"ဒါက..."

သခင်မကြီးက နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။

"အရှင်မင်းကြီးက ဒီပစ္စည်းကို ဘယ်လိုရခဲ့တာပါလဲ။"

"အဲ..."

နဉ်ရှောင်ယောင်း ထိုင်နေရာမှ စဉ်းစားလိုက်သည်။ အမွေရလာတယ်လို့ပြောရင် သခင်မကြီး စိတ်ထိခိုက်သွားမလား။ ဒါက ဟုကော်ကုန်းအိမ်တော်ရဲ့ မိရိုးဖလာရတနာလေ၊ ဘယ်တုန်းက သခင်မကြီးရှဲ့ရဲ့ အမွေပစ္စည်း ဖြစ်သွားရတာလဲ။ ထိုသို့တွေးမိပြီးနောက် နဉ်ရှောင်ယောင်း ရင်ကော့ကာ ပြောလိုက်သည်။

"သခင်မကြီးရှဲ့ သေသွားပြီလေ။ အဲဒါနဲ့ ကျွန်တော်ယူလာလိုက်တာ။ ဘာပဲဖြစ်ဖြစ် ဒါက သူ့ပစ္စည်းမှ မဟုတ်တာ။"

သခင်မကြီးက ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ပေးလိုက်တဲ့ပစ္စည်းက ကိုယ်ပိုင်မဟုတ်တော့ပါဘူး။"

"မဟုတ်ဘူး။"

နဉ်ရှောင်ယောင်းက ငြင်းလိုက်သည်။

"အာဏာသုံးပြီး အနိုင်ကျင့်ယူထားတဲ့ပစ္စည်းကို ခိုးရာပါပစ္စည်းလို့ ခေါ်တယ်။ ဒီပစ္စည်းက ဟုကော်ကုန်းအိမ်တော် ပိုင်တာပဲ။ သခင်မကြီး သိမ်းထားလိုက်ပါ။ ကြည့်ရတာ တန်ဖိုးကြီးမယ့်ပုံပဲ။"

ဤဖီးနစ်သရဖူနှင့် တိမ်တိုက်ဝတ်ရုံသည် ဟုကော်ကုန်းအိမ်တော်အတွက် တန်ဖိုးဖြတ်မရသော ရတနာဖြစ်သည်၊ တန်ဖိုးကြီးရုံလောက်သာ မဟုတ်ပေ။

သေတ္တာထဲမှ ဖီးနစ်ငှက်ငါးကောင် နေမင်းကို ဦးညွှတ်နေသောသဏ္ဌာန် သရဖူကို ကြည့်ရင်း သခင်မကြီး မျက်ရည်ဝဲလာသည်။ သူမ၏ ခင်ပွန်းသည် ဦးခေါင်းခွံကွဲကြေကာ သေဆုံးခဲ့ရသည့် အဖြစ်ဆိုး၊ ဟုကော်ကုန်းအိမ်တော် လမ်းဆုံးသို့ရောက်ခဲ့ရသည့် သနားစရာအဖြစ်၊ ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရခဲ့ပြီး သားသမီးမထွန်းကားတော့ဘဲ အထီးကျန်စွာ အိုမင်းရမည့် သားငယ်... အတိတ်က ဖြစ်ရပ်ဆိုးများ အားလုံး သခင်မကြီး၏ စိတ်ထဲသို့ တစ်ပြိုင်နက် ဝင်ရောက်လာသည်။ သခင်မကြီးသည် ဖြည်းညှင်းစွာ ဒူးညွှတ်ကာ နဉ်ရှောင်ယောင်းကို ဒူးထောက်လိုက်ပြီး ကြမ်းပြင်ပေါ် ဦးခေါင်းဖြင့် ထိကပ်ကာ ရှိုက်ကြီးတငင် ပြောလိုက်သည်။

"အရှင်မင်းကြီးရဲ့ ကျေးဇူးကြီးမားလှပါတယ်။"

ပင်မခန်းမဆောင်ထဲရှိ ဖေ့မိသားစုဝင်များအားလုံး ဝုန်းခနဲဆိုသလို နဉ်ရှောင်ယောင်းကို တပြိုင်နက် ဒူးထောက်ချလိုက်ကြသည်။

နဉ်ရှောင်ယောင်း ကုလားထိုင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ ဘာလို့ ထပ်ပြီး ဒူးထောက်ကြပြန်တာလဲ။

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို လက်ယပ်ခေါ်လိုက်သည်။

စစ်သေနာပတိချုပ်လို၏အဓိပ္ပာယ်ကို နားလည်သွားသော နဉ်ရှောင်ယောင်းသည် ပြေးသွားပြီး သခင်မကြီးကို ဆွဲထူလိုက်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူး။ ပြောရရင် ကျွန်တော်က သခင်မကြီးနဲ့ ဟုကော်ကုန်းကို တောင်းပန်ရမှာ။"

ဖေ့မိသားစုဝင်များ ကြောင်အသွားကြသည်။

နဉ်ရှောင်ယောင်းသည် နောက်သို့ သုံးလှမ်းဆုတ်လိုက်ပြီး ဦးနှောက်မရှိသော သေသွားသည့်ခမည်းတော်အစား ကိုယ်စား ဦးညွှတ်တောင်းပန်ရန် ပြင်လိုက်သည်။ ခါးကိုင်းပြီးမှ နဉ်ရှောင်ယောင်းသည် ဤကမ္ဘာမှ လူသားများက ကိစ္စနည်းနည်းဆိုတာနဲ့ ဒူးထောက်တတ်သည့် ဓလေ့ကို သတိရသွားသည်။ ထို့ကြောင့် နဉ်ရှောင်ယောင်းသည် ပြတ်ပြတ်သားသားပင် မြေပြင်ပေါ် ဒူးထောက်ချလိုက်ပြီး သခင်မကြီးနှင့် ဟုကော်ကုန်းကို အလွန်လျင်မြန်စွာပင် ဦးခေါင်းဖြင့် သုံးကြိမ်တိုင်တိုင် ကြမ်းပြင်ကိုဆောင့်ကာ ကန်တော့လိုက်သည်။

နဉ်ရှောင်ယောင်း၏လုပ်ရပ်မှာ ရုတ်တရက်ဆန်လွန်းသဖြင့် သခင်မကြီးနှင့် ဟုကော်ကုန်းသာမက လိုကျစ်ကွေ့နှင့် ဘေးတွင်ရပ်နေသော ဖေ့မိသားစုဝင်များပါ အံ့အားသင့်သွားကြသည်။

နဉ်ရှောင်ယောင်းသည် သုံးကြိမ်ကန်တော့ပြီးသော်လည်း မထသေးဘဲ သခင်မကြီးကို မော့ကြည့်ကာ ပြောလိုက်သည်။

"ဟုကော်ကုန်းအဘိုးကြီးကိစ္စက ကျွန်တော့်အဖေ မှားခဲ့တာပါ။ သခင်မကြီး၊ တောင်းပန်ပါတယ်။"

တောင်းပန်စကား ပြောပြီးနောက် နဉ်ရှောင်ယောင်း ကိုယ့်ကိုယ်ကိုယ် 'Bad Review' ပေးလိုက်သည်။ ပြောလိုက်တဲ့စကားက လုံးဝရိုးသားမှုမရှိသလို ဖြစ်နေတယ်။ ဒါပေမဲ့ သူက ဘယ်လိုပြောရမလဲမှ မသိတာ။ သောက်ကျိုးနည်း!

ပင်မခန်းမဆောင်ထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ဧကရာဇ်မင်းတစ်ပါးက ဒူးထောက်တောင်းပန်ခြင်းသည် 'ကောင်းကင်၊ မြေကြီး၊ ဧကရာဇ်၊ မိဘ၊ ဆရာသမား' ဟူသော အစဉ်လိုက် ရိုသေလေးစားရန် သင်ကြားခံထားရသူများအတွက် အလွန်တုန်လှုပ်ဖွယ်ရာ ဖြစ်နေသဖြင့် လူများသည် ကြောင်အကာ ဘာလုပ်ရမှန်း၊ ဘာပြောရမှန်း မသိဖြစ်နေကြသည်။

နဉ်ရှောင်ယောင်းသည် ဟိုကြည့်ဒီကြည့် လုပ်လိုက်သည်။ ဒီလိုတုံ့ပြန်ပုံအရဆိုရင် သခင်မကြီးက ငါ့မှာ ရိုးသားမှုမရှိဘူးလို့ ထင်သွားတာများလား။

သခင်မကြီးသည် သူမရှေ့တွင် ဒူးထောက်နေသော နဉ်ရှောင်ယောင်းကို မလှုပ်မယှက် ကြည့်နေသည်။

နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော်က စာသိပ်မတတ်တော့ တောင်းပန်စကား ကောင်းကောင်းမပြောတတ်ဘူး။ ဟုကော်ကုန်းအဘိုးကြီးက လူကောင်းတစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်။"

သခင်မကြီးက မေးလိုက်သည်။

"သူ လူကောင်းတစ်ယောက်ဆိုတာ အရှင်မင်းကြီး ဘယ်လိုသိပါသလဲ။"

နဉ်ရှောင်ယောင်းက၊

"လူကောင်းတွေကပဲ ကိုယ့်ဂုဏ်သိက္ခာကို အသက်တမျှ တန်ဖိုးထားတတ်ကြတာလေ။ လူဆိုးတွေက ဒါကို ဘယ်ဂရုစိုက်မလဲ။"

အမတ်ချုပ်ကြီးရှဲ့ဆိုလျှင် မကောင်းမှုတွေအကုန်လုပ်ပြီး လူတွေအများကြီး ဝိုင်းဆဲနေတာတောင် အဲဒီအဘိုးကြီးက သေမယ်လို့မှ မပြောတာ။

သခင်မကြီး ခေါင်းညိတ်လိုက်ပြီး လက်ထဲမှ တုတ်ကောက်ကို လွှတ်ချကာ ဖြည်းညှင်းစွာ ဒူးထောက်လိုက်သည်။

"ဟာ..."

နဉ်ရှောင်ယောင်းက မလုပ်ပါနဲ့ဟု ပြောချင်သော်လည်း သူမကိုယ်တိုင် ဒူးထောက်နေဆဲဖြစ်သဖြင့် လူကိုဆွဲထူရန် အဆင်မပြေဖြစ်နေသည်။

သခင်မကြီး၏မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ ထိုစဉ်က အိမ်ရှေ့စံမင်းသားက သူမ၏ခင်ပွန်းအတွက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးခဲ့သော်လည်း နှောင်းဧကရာဇ် (နဉ်ရှောင်ယောင်း၏ဖခင်) သည် အပြစ်မရှိကြောင်း စကားတစ်ခွန်းသာ ပြောကြားခဲ့သည်။ ရှဲ့ဝမ်ယွမ်သည် နန်းတော်တွင် အာဏာကြီးစိုးနေဆဲဖြစ်ပြီး သူမ၏ခင်ပွန်းသည် တိတ်တဆိတ် သေဆုံးခဲ့ရကာ မည်သူမျှ ထပ်မံမပြောဆိုရဲကြတော့ပေ။ အသက်တစ်ချောင်းလုံး ဆုံးရှုံးခဲ့ရသော်လည်း အသံဗလံမထွက်ခဲ့ရပေ။ သခင်မကြီးအနေဖြင့် မည်သို့ မနာကြည်းဘဲ နေနိုင်မည်နည်း။

"မငိုပါနဲ့။"

နဉ်ရှောင်ယောင်း လက်ကိုမြှောက်ကာ သခင်မကြီး၏ မျက်ရည်များကို သုတ်ပေးလိုက်ပြီး ပြောလိုက်သည်။

"သခင်မကြီး၊ ဟုကော်ကုန်းအဘိုးကြီး ပြန်ရှင်လာအောင် ကျွန်တော်မလုပ်ပေးနိုင်ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းကျရင် အရာအားလုံး ကောင်းမွန်လာပါလိမ့်မယ်။ ကျွန်တော် ကတိပေးပါတယ်။"

သခင်မကြီးသည် နဉ်ရှောင်ယောင်းကို ဦးခိုက်လိုက်ပြီး ပြောလိုက်သည်။

"အရှင်မင်းကြီးရဲ့ ကျေးဇူးတရားကို မှတ်သားထားပါ့မယ်။"

ဟုကော်ကုန်းမိသားစု တစ်စုလုံးသည်လည်း မြေပြင်ပေါ် ထပ်မံဒူးထောက်လိုက်ကြသည်။ နဉ်ရှောင်ယောင်း၏ ယနေ့ ဒူးထောက်မှုသည် ဟုကော်ကုန်းအိမ်တော်တွင် နှစ်ပေါင်းများစွာ ဖုံးလွှမ်းနေခဲ့သော နာကြည်းမှုများကို ပျောက်ကွယ်သွားစေခဲ့သည်။

နဉ်ရှောင်ယောင်းသည် တောင်းပန်ချင်ရုံသာဖြစ်သည်။ ဖေ့မိသားစုဝင်များ၏တုံ့ပြန်မှုကို မြင်သောအခါ သူမ အကူအညီတောင်းသော မျက်လုံးများဖြင့် လိုကျစ်ကွေ့ကို လှမ်းကြည့်လိုက်သည်။ သူမ တစ်ခုခု မှားလုပ်မိလို့လား။ ဘာလို့ တောင်းပန်မှုကို လက်ခံတဲ့ ဟုကော်ကုန်းမိသားစုက ဒူးထောက်နေကြတာလဲ။

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ခေါင်းညိတ်ပြလိုက်သည်။ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။

လိုကျစ်ကွေ့ ခေါင်းညိတ်သည်ကိုမြင်မှ နဉ်ရှောင်ယောင်း စိတ်သက်သာရာ ရသွားသည်။ သူမ မတ်တတ်ရပ်လိုက်ပြီး သခင်မကြီးကိုပါ တွဲထူပေးလိုက်ကာ ဟုကော်ကုန်းမိသားစုကို ပြောလိုက်သည်။

"အားလုံး ထကြပါတော့။ အားလုံးက ဒူးထောက်နေကြတော့ ကျွန်တော့်တောင်းပန်မှုကို လက်ခံလား၊ လက်မခံဘူးလားဆိုတာ ကျွန်တော်မသိတော့ဘူး။"

ဟုကော်ကုန်း ထရပ်လိုက်သည်။ သန်မာထွားကျိုင်းသော ထိုအမျိုးသားကြီး၏မျက်ဝန်းများ နီရဲနေပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"ရှဲ့ဝမ်ယွမ်က ကျွန်တော်မျိုးတို့ ဖေ့မိသားစုကို ဒုက္ခပေးခဲ့တာပါ။ အရှင်မင်းကြီးနဲ့ မသက်ဆိုင်ပါဘူး။"

နဉ်ရှောင်ယောင်း ခြေဖျားဖြင့် ကြမ်းပြင်ကို ပွတ်တိုက်ရင်း ရှက်ရွံ့စွာ ပြောလိုက်သည်။

"ဟိုလေ... ကျွန်တော်က မယ်တော်ကြီးရှဲ့က မွေးတာလေ။ ရှဲ့ဝမ်ယွမ်ကလည်း ငါ့ဆွေမျိုးပဲ။"

ဖေ့မိသားစုဝင်များ "......"

လိုကျစ်ကွေ့ နဖူးကို လက်ဖြင့်အုပ်လိုက်သည်။ ဒီအချိန်ကျမှ ဒါကို ဘာကိစ္စ ထည့်ပြောနေတာလဲ။

"ဟား..."

ထိုအချိန်တွင် ပင်မခန်းမဆောင် အပြင်ဘက်မှ အမျိုးသားတစ်ဦး၏ ရယ်သံထွက်ပေါ်လာသည်။

နဉ်ရှောင်ယောင်း လူကိုမမြင်ရသေးသော်လည်း ထိုရယ်သံကို နားထောင်ရုံဖြင့် ထိုလူသည် သူမကို အလွန်အမင်း မုန်းတီးရွံရှာနေကြောင်း ခံစားလိုက်ရသည်။

ဖေ့မိသားစုဝင်များသည် ထိုအသံကို ကြားသောအခါ မျက်နှာပျက်သွားကြသည်။

နဉ်ရှောင်ယောင်း တံခါးပေါက်သို့ လှမ်းကြည့်လိုက်ရာ အပြာရောင်နွေဦးဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး တံခါးပေါက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ မျက်ခုံးနှင့် မျက်လုံးများသည် အနည်းငယ် အောက်သို့ကွေးကျနေပြီး နှုတ်ခမ်းထောင့်များမှာမူ အပေါ်သို့ ကော့တက်နေသည်။ သူသည် အလွန်ကြည့်ကောင်းသော လူငယ်တစ်ဦးဖြစ်သည်။

"သူက ဖေ့ယင်ပဲ။"

လိုကျစ်ကွေ့က ခေါင်းငုံ့ကာ နဉ်ရှောင်ယောင်းကို တိုးတိုးလေး ပြောပြလိုက်သည်။

***

All Chapters