← Chapters

ငါက တကယ့်ကို မိုးထိအောင် မိုက်တဲ့လူပဲ

Vol. 11 Ch. 167

ငါက တကယ့်ကို မိုးထိအောင် မိုက်တဲ့လူပဲ

Vol. 11 Ch. 167

ရထားလုံးသည် လမ်းမပေါ်တွင် သွားလို့နေသည်။ ပြတင်းပေါက်တွင်မှီကာ လမ်းမပေါ်မှ မြင်ကွင်းများကို ကြည့်နေသော နဉ်ရှောင်ယောင်းသည် အစပိုင်းတွင် စိတ်ဝင်တစားကြည့်ရှုနေသော်လည်း၊ မကြာခဏဆိုသလို မြင်ကွင်းထဲ ဝင်ရောက်လာသော ဒုက္ခသည်များကို မြင်သောအခါ နဉ်ရှောင်ယောင်း၏မျက်ခုံးများ မသိလိုက်ဘာသာ တွန့်ချိုးသွားလေသည်။ ယခုအချိန်တွင် ရာသီဥတု ပူနွေးနေသဖြင့် လမ်းမပေါ်အိပ်ရသည်မှာ မအေးသော်လည်း၊ ရာသီဥတုအေးလာလျှင် ဘယ်လိုလုပ်ကြမလဲ။

"စစ်သေနာပတိချုပ်..."

နဉ်ရှောင်ယောင်းသည် ရထားပြတင်းပေါက်အပြင်ဘက်တွင် မြင်းစီးလိုက်ပါလာသော လိုကျစ်ကွေ့ကို မေးလိုက်သည်။

"ဒုက္ခသည်တွေကို နန်းတော်ထဲမှာ ဝင်နေခိုင်းလို့ ရမလား။"

နဉ်ရှောင်ယောင်း၏ ရုတ်တရက်ဆန်သော မေးခွန်းကြောင့် လိုကျစ်ကွေ့ လန့်သွားပြီး မြင်းပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

"ဘာပြောလိုက်တာလဲ။"

ပြန်လည်ဟန်ချက်ထိန်းပြီးနောက် လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ကြည့်ကာ မေးလိုက်သည်။

"ဒုက္ခသည်တွေကို နန်းတော်ထဲမှာ ဝင်နေခိုင်းမလို့လေ။ ဘာပဲဖြစ်ဖြစ် နန်းတော်ထဲမှာ အိမ်တွေအများကြီးပဲ။ အလကားထားမယ့်အစား လူနေခိုင်းလိုက်တာ မကောင်းဘူးလား။"

နဉ်ရှောင်ယောင်းက မေးလိုက်သည်။

နန်းတော်တံခါးဖွင့်ပြီး ဒုက္ခသည်တွေကို ဝင်နေခိုင်းမယ် ဟုတ်လား။ ဒီလိုကိစ္စမျိုးကို လိုကျစ်ကွေ့ စိတ်ကူးထဲတောင် မထည့်ရဲပေ။ သူ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"မဖြစ်ဘူး။"

"ဘာလို့လဲ။"

နဉ်ရှောင်ယောင်း မကျေမနပ် ဖြစ်သွားသည်။

"ဒါက ကျွန်မအိမ်လေ၊ ကျွန်မသဘောနဲ့ကျွန်မလုပ်လို့ မရဘူးလား။"

"ဒါက ဧကရာဇ်နန်းတော်လေ။"

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို အလေးအနက်ထား ပြောလိုက်သည်။

"ဟုတ်တယ်လေ။"

နဉ်ရှောင်ယောင်းက ပြန်ပြောလိုက်သည်။

"ဧကရာဇ်နန်းတော် မဟုတ်ရင် ဒီလောက် အိမ်တွေအများကြီး ဘယ်ရှိမလဲ။"

"ဆွေမျိုးတော်စပ်တဲ့ မင်းညီမင်းသားတွေက သဘောတူမှာမဟုတ်ဘူး။ အကြီးအကဲလီက အမတ်တွေကို ဦးဆောင်ပြီး နန်းတော်တံခါးဝမှာ ဒူးထောက်ဆန္ဒပြလိမ့်မယ်။"

နဉ်ရှောင်ယောင်းကို အကျိုးအကြောင်း ရှင်းပြနေရတာ အလုပ်မဖြစ်မှန်း သိသောကြောင့် လိုကျစ်ကွေ့က ဖြစ်လာမည့်ရလဒ်ကို တိုက်ရိုက်ပြောပြလိုက်သည်။

နဉ်ရှောင်ယောင်း လက်ဖဝါးကိုကုတ်ရင်း ခေါင်းကို ရထားထဲ ပြန်သွင်းလိုက်သည်။ ဆွေမျိုးတော်စပ်တဲ့ မင်းညီမင်းသားတွေကို သူမ,မကြောက်ပေ။ သူတို့ထဲက အတော်ဆုံးဆိုတဲ့ မင်းသားဖူတောင် အပြစ်ပေးဌာနမှာ ထောင်ကျနေတာပဲ။ ဒါပေမဲ့ အရှင်မင်းကြီးနဉ်က အကြီးအကဲလီကိုတော့ ကြောက်သည်။

"ဆောင်းဝင်ဖို့ လပိုင်း လိုပါသေးတယ်။"

နဉ်ရှောင်ယောင်း ဘာကိုစိုးရိမ်နေသလဲဆိုတာ လိုကျစ်ကွေ့ နားလည်သည်။ ထို့ကြောင့် သူက နှစ်သိမ့်လိုက်သည်။

"ထပ်စဉ်းစားကြည့်ကြတာပေါ့၊ နည်းလမ်းရှိမှာပါ။"

နဉ်ရှောင်ယောင်း ရထားထဲတွင်ထိုင်ရင်း စဉ်းစားလိုက်သည်။ အဓိကပြဿနာက ဆင်းရဲတာပဲ။ သူမမှာသာ ပိုက်ဆံရှိရင်... နဉ်ရှောင်ယောင်း ခေါင်းကို ဖက်ထားလိုက်သည်။ ပိုက်ဆံဆိုတဲ့ လက်တွေ့မကျတဲ့အရာကို စိတ်ကူးမယဉ်တာပဲ ကောင်းပါတယ်။

"ရှောင်ယောင်း..."

ထိုအချိန်တွင် မိုးစွေငှက်လေးတစ်ကောင် ရထားပြတင်းပေါက်မှ ပျံဝင်လာပြီး နဉ်ရှောင်ယောင်း၏ ပေါင်ပေါ်တွင် နားလိုက်သည်။

"ဟင်... မင်းက ဘယ်သူလဲ။"

နဉ်ရှောင်ယောင်းက မိုးစွေငှက်လေးကို လက်ပေါ်တင်လိုက်သည်။

"ငါ့နာမည်က ယွင်တို ပါ။" မိုးစွေငှက်လေးက ပြောလိုက်သည်။

"အမတ်ချုပ်ကြီးအိမ်တော်က စာကလေးက ငါ့ကို အကြောင်းကြားခိုင်းလိုက်လို့။ အမတ်ချုပ်ကြီးက ရှောင်ယောင်းနဲ့ စစ်သူကြီး ဟုကော်ကုန်းအိမ်တော်ကို သွားတဲ့ကိစ္စ သိသွားပြီတဲ့။"

"ဘာ..."

နဉ်ရှောင်ယောင်း အံ့သြဒေါသထွက်သွားသည်။ သူမမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်တောင် မရှိတော့ဘူးလား။

ယွင်တိုက ပြောလိုက်သည်။

"အမတ်ချုပ်ကြီးရဲ့ လူတွေက ရှောင်ယောင်းကို နောက်ယောင်ခံလိုက်တာ နေမှာ။"

နဉ်ရှောင်ယောင်း သကြားလုံးတစ်လုံးထုတ်ပြီး ယွင်တိုကို ကျွေးလိုက်သည်။

"ဟုတ်တယ်၊ ငါ့ကို နောက်ယောင်ခံလိုက်တာ သေချာတယ်။"

"စာကလေးအစ်ကိုကြီးက အမတ်ချုပ်ကြီးနဲ့ သူ့လူတွေပြောတာကို နားထောင်နေတုန်းပဲ။"

ယွင်တိုသည် သကြားလုံးစားပြီးနောက် ပျော်ရွှင်စွာ တောင်ပံခတ်လိုက်သည်။

"သူပြောတာက နားထောင်ပြီးရင် ရှောင်ယောင်းဆီလာပြီး သတင်းပို့မယ်တဲ့။"

"အေး၊ ငါစောင့်နေမယ်။"

နဉ်ရှောင်ယောင်း သကြားလုံးထပ်ထုတ်လိုက်သည်။

"ရှောင်ယောင်း၊ နောက်ဆို ငါ နန်းတော်ထဲလာပြီး ရှောင်ယောင်းနဲ့ လာဆော့လို့ရမလား။"

"ရတာပေါ့။"

နဉ်ရှောင်ယောင်း ယွင်တို၏ခေါင်းလေးကို ပွတ်ပေးလိုက်သည်။

ယွင်တိုသည် နဉ်ရှောင်ယောင်း၏လက်ကို ခေါင်းဖြင့်ပွတ်သီးပွတ်သပ်လုပ်ပြီး သကြားလုံးကိုကိုက်ကာ နဉ်ရှောင်ယောင်းလက်ပေါ်မှ ပျံထွက်သွားလေသည်။

လိုကျစ်ကွေ့သည် မိုးစွေငှက်လေး ပျံဝင်လာပြီး ပြန်ထွက်သွားသည်ကို ကြည့်ကာ နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

"ဒါလည်း အရှင်မင်းကြီး မွေးထားတာပဲလား။"

နဉ်ရှောင်ယောင်း ပြတင်းပေါက်ဘောင်ကိုကိုင်ပြီး အနောက်ကို လှမ်းကြည့်ကာ ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။

"မဟုတ်ပါဘူး၊ သူ့နာမည်က ယွင်တိုတဲ့။ ကျွန်မရဲ့ သူငယ်ချင်းလေးပါ။"

လိုကျစ်ကွေ့ "....."

"စစ်သေနာပတိချုပ်..."

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"တစ်ယောက်ယောက်က ကျွန်မတို့ကို နောက်ယောင်ခံလိုက်နေတာ သေချာတယ်။ ဘယ်သူဖြစ်မယ် ထင်လဲ။"

လိုကျစ်ကွေ့ အနောက်ကို လှမ်းကြည့်လိုက်သည်။ လမ်းပေါ်တွင် လူများ ပြည့်နှက်နေသဖြင့် အမတ်ချုပ်ကြီးရှဲ့၏ လူပါလာလျှင်တောင် ခွဲခြားသိနိုင်မည် မဟုတ်ပေ။

နဉ်ရှောင်ယောင်းလည်း ခွဲခြားမသိနိုင်ပေ။ ထို့ကြောင့် ရထားထဲပြန်ဝင်ထိုင်ပြီး တစ်ယောက်တည်း စိတ်ညစ်နေလိုက်သည်။

လမ်းနှစ်လမ်းဆုံရာသို့ ရောက်သောအခါ ယင်းဖုန်းသည် မြင်းစီးလျက် ဘေးလမ်းကြားမှ ထွက်လာပြီး နဉ်ရှောင်ယောင်း၏ ရထားရှေ့သို့ တန်းတန်းမတ်မတ် ရောက်လာကာ တိုးတိုးလေး လျှောက်တင်လိုက်သည်။

"အရှင်မင်းကြီး၊ ဟိုအမတ် ၈ ယောက်က အထုတ်အပိုးတွေပြင်ပြီး မိသားစုတွေနဲ့အတူ မြို့တော်စစ်တပ်ရဲ့ မြောက်ပိုင်းကျားစခန်းကို ထွက်သွားကြပါပြီ။"

ထိုအခါ နဉ်ရှောင်ယောင်းက၊ "သူတို့က ငါ တကယ်သတ်မယ်လို့ ထင်နေကြတာလား။"

ယင်းဖုန်းသည် သူကိုယ်တိုင်လည်း အရှင်မင်းကြီးက တပါးသူလက်ကိုငှားပြီး လူသတ်ချင်နေတာဟု ထင်ခဲ့မိကြောင်း ထုတ်မပြောရဲတော့ပေ။

"ငါတို့က သူတို့နာမည်စာရင်းကိုတောင် မကပ်ရသေးဘူးမလား။"

နဉ်ရှောင်ယောင်း နားမလည်နိုင် ဖြစ်နေသည်။

"သူတို့က ဘာလို့ ထွက်ပြေးကြတာလဲ။"

လိုကျစ်ကွေ့က ဘေးမှဝင်ပြောလိုက်သည်။

"လူယုတ်မာတွေရဲ့ စိတ်ကို အရှင်မင်းကြီး ဂရုစိုက်နေစရာ မလိုပါဘူး။"

နဉ်ရှောင်ယောင်း မိုးပေါ်မော့ကြည့်ပြီး ယင်းဖုန်းကို မေးလိုက်သည်။

"သူတို့အိမ်တွေက အကြီးကြီးလား။"

ယင်းဖုန်းက ဖြေလိုက်သည်။

"အရှင်မင်းကြီး၊ သူတို့က ညီလာခံတက်တဲ့ အမတ်မင်းတွေလေ။ အိမ်တွေက သေချာပေါက် ကြီးမှာပေါ့။"

အိမ်ကြီးတယ်၊ အခု လူမနေတော့ဘူး၊ ပြီးတော့ ဒီလူတွေက အမတ်ချုပ်ကြီးဘက်တော်သားတွေ။ နဉ်ရှောင်ယောင်း လက်ဖျောက်တီးလိုက်ပြီး ပြောလိုက်သည်။

"ငါ့မှာ နည်းလမ်းရှိပြီ!"

ယင်းဖုန်းက မေးလိုက်သည်။

"အရှင်မင်းကြီးက သူတို့ကို သတ်ချင်သေးတာလား။"

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ကောင်းကောင်းနားလည်သဖြင့် မေးလိုက်လေသည်။

"အရှင်မင်းကြီးက သူတို့အိမ်တွေကို သိမ်းမလို့လား။"

"သိမ်းမှာပေါ့။"

နဉ်ရှောင်ယောင်းက ရထားပြတင်းပေါက်ကို ပုတ်ကာ ရဲရဲတောက် ပြောလိုက်သည်။

"မသိမ်းရင် ငတုံးဖြစ်သွားမှာပေါ့။"

"ဒါဆို... ဒါဆို ဘယ်လိုသိမ်းမှာလဲ။"

သူများအိမ်ကို လုယူဖူးခြင်းမရှိသော သာ့ဖုန်းမှာ ကြောင်အသွားသည်။

"အိမ်တံခါးမှာ ချိပ်ပိတ်လိုက်ရမလား။"

"ကျွတ်..."

နဉ်ရှောင်ယောင်းက နှုတ်ခမ်းစုပ်သပ်လိုက်ပြီး ယင်းဖုန်းကို ကြည့်ကာ ပြောလိုက်သည်။

"သာ့ဖုန်း၊ မင်းက ဒီလောက် စိတ်ထားဖြူစင်နေရင် ရှဲ့ဝမ်ယွမ်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။"

ယင်းဖုန်းသည် တစ်နေ့ကျလျှင် သူ စိတ်ထားဖြူစင်သူဟု အပြောခံရလိမ့်မည်ဟု ထင်မထားခဲ့ဖူးပေ။ ဒါက ချီးကျူးစကားဆိုပေမယ့် သာ့ဖုန်း ခံစားရတာကတော့ အရှင်မင်းကြီး သူ့ကို ဆဲနေသလိုပါပဲ။

"အရှင်မင်းကြီး ဘယ်လိုလုပ်မလို့လဲ။"

လိုကျစ်ကွေ့က မေးလိုက်သည်။

"အဲဒီအိမ်တွေနားမှာရှိတဲ့ ဒုက္ခသည်တွေကို ခေါ်သွားလိုက်။ ပြီးရင် အိမ်ထဲက အခန်းတွေကို သူတို့ဘာသာ ခွဲဝေယူကြလို့ ပြောလိုက်။ အိမ်ရှိမှ ဆောင်းတွင်းကို ကျော်ဖြတ်နိုင်မှာ။"

ယင်းဖုန်းက လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။ ဒီလိုလုပ်လို့ ဖြစ်ပါ့မလား။

"သူတို့ အိမ်ခန်းတွေ ခွဲယူလိုက်ရင်တောင် အကြာကြီးနေရမှာ မဟုတ်ဘူး။"

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"ရှဲ့ဝမ်ယွမ်က အလွယ်တကူပဲ အိမ်တွေကို ပြန်သိမ်းသွားလိမ့်မယ်။"

"အမတ်ချုပ်ကြီးက အခု ငါ့ကို ဘယ်လိုဒုက္ခပေးရမလဲဆိုတာ စဉ်းစားနေတာ။"

နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။

"အိမ်တံခါးဝမှာ နဂါးအစောင့်တွေကို စောင့်ခိုင်းထားလိုက်။ ရှဲ့ဝမ်ယွမ်ရဲ့ လူတွေလာရင် ရိုက်ချလိုက်။"

ယင်းဖုန်းက၊ "အကျိုးအကြောင်း မပြောတော့ဘူးလား။"

နဉ်ရှောင်ယောင်း မျက်လုံးပြူးကြည့်လိုက်သည်။

"ဘယ်သူက အကျိုးအကြောင်း မပြောလို့လဲ။ မင်းမလိုချင်တဲ့ ပစ္စည်းမလား။ မင်းလွှင့်ပစ်လိုက်တဲ့ ပစ္စည်းကို ငါက ကောက်သုံးတာလေ။ ဘယ်သူက အကျိုးအကြောင်း မပြောတာလဲ။"

အိမ်ကို လွှင့်ပစ်လိုက်တယ်ဆိုတဲ့လူ ရှိလို့လား။

နဂါးအစောင့်တပ်သားများ မျက်နှာပေါ်တွင် စာလုံးကြီးများ ကပ်ထားသကဲ့သို့ ဖြစ်နေသည်။ အရှင်မင်းကြီးက အကျိုးအကြောင်း မပြောဘူး။

"ဒီအတိုင်းပဲ လုပ်လိုက်။"

နဉ်ရှောင်ယောင်းက ဆက်ပြောလိုက်သည်။

"သူတို့က လက်ပါလာရင် ကိုယ်ရံတော်အစ်ကိုကြီးတွေကို ပြန်ချခိုင်းလိုက်။ သူတို့က စကားနိုင်လုချင်ရင် ကိုယ်ရံတော်အစ်ကိုကြီးတွေကို ပြန်ပြောခိုင်းလိုက်။ ပြောလို့မနိုင်ရင် ဆဲခိုင်းလိုက်။ တစ်ဆွေလုံး တစ်မျိုးလုံးကို ထည့်ဆဲခိုင်းလိုက်။"

နဂါးအစောင့်တပ်သားတစ်ဦးက မေးလိုက်သည်။

"အရှင်မင်းကြီး၊ တစ်ဆွေလုံး တစ်မျိုးလုံးဆိုတာ ဘာလဲဟင်။"

"ဪ၊ ဘိုးဘွားခုနစ်ဆက် ပေါင်းဆဲခိုင်းတာ။"

နဉ်ရှောင်ယောင်းက ရှင်းပြလိုက်သည်။

လူအများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ လမ်းဘေးရန်ဖြစ်တာလောက်ကတော့ နဂါးအစောင့်တွေ လုပ်တတ်ပါတယ်။ ဘယ်သိုင်းသမားကမှ ဆဲနည်းမတတ်ဘဲ မနေပါဘူး။

"အဲဒီလိုလုပ်လို့မှ ဟိုလူတွေက ခေါင်းမာနေတုန်းဆိုရင် ငါ့ဆီ လာခိုင်းလိုက်။"

နဉ်ရှောင်ယောင်းက ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်သည်။

"ငါ သူတို့ ဘိုးဘွားခုနစ်ဆက်ကို နှုတ်ဆက်ပေးလိုက်မယ်။"

အမတ်ချုပ်ကြီးရှဲ့လို လူမျိုးကိုတောင် သူဒုက္ခပေးနိုင်တာပဲ။ အမတ်ချုပ်ကြီးရှဲ့ရဲ့ လက်အောက်ငယ်သားလောက်တော့ ဘာမှုစရာရှိလဲ။

ယင်းဖုန်းသည် လိုကျစ်ကွေ့ကို ကြည့်နေဆဲပင်။ အရှင်မင်းကြီး စိတ်မမှန်သည့်ပုံ ပေါက်နေချိန်တွင် သာ့ဖုန်းသည် လိုကျစ်ကွေ့၏သဘောထားကို တောင်းခံရသည်။

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"အဲဒီအိမ်ကြီး ၈ လုံးလုံးကို သိမ်းလိုက်ရင်တောင် မြို့တော်က ဒုက္ခသည်တွေ အကုန်လုံးအတွက် နေရာလောက်မှာ မဟုတ်ဘူး။"

ယင်းဖုန်းက အလျင်စလို ထောက်ခံလိုက်သည်။

"ဟုတ်ပါတယ် အရှင်မင်းကြီး။ မြို့ထဲမှာတင် မကဘူး၊ မြို့ပြင်မှာလည်း ဒုက္ခသည်တွေ ရှိသေးတယ်။"

နဉ်ရှောင်ယောင်းသည် 'မင်းတို့ တွေးတာ များလွန်းတယ်' ဆိုသည့် မျက်နှာထားဖြင့် လိုကျစ်ကွေ့နှင့် ယင်းဖုန်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဘာဖြစ်လဲ။ မင်းတို့က တစ်အိမ်ထောင် တစ်ခန်း ပေးချင်နေတာလား။ အားလုံး စုပြုံပြီး နေကြမှာပေါ့။ စင်္ကြံလမ်းတွေ၊ ဇရပ်တွေကို သစ်သားပြားကာလိုက်ရင် လူနေလို့ရပြီပဲ။"

"အဲဒါ... အဲဒါလည်း မလောက်ဘူး။"

ယင်းဖုန်းက ရိုးသားစွာ ခေါင်းခါလိုက်သည်။

"စီစဉ်ပေးလို့ရသလောက် အရင်စီစဉ်ပေးထားလိုက်။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"ဒီနေ့ ငါ အိမ် ၈ လုံး သိမ်းလိုက်နိုင်ရင် နောက်ဆို နောက်ထပ် အိမ် ၈ လုံး ထပ်သိမ်းလို့ ရနိုင်တယ်မလား။ သာ့ဖုန်း၊ မင်းက တကယ့်ကိုစိတ်ထားဖြူစင်လွန်းအားကြီးတယ်။"

ယင်းဖုန်း "....."

နဂါးအစောင့်တပ်သားများသည် သူတို့အရှင်မင်းကြီးကို ပိုမိုလေးစားကြည်ညိုသွားကြသည်။ အရှင်မင်းကြီးက ဘယ်သူ့အိမ်ကို ထပ်သိမ်းဦးမလို့လဲ။

"သွားလိုက်ပါ။"

လိုကျစ်ကွေ့က ယင်းဖုန်းကို လက်ကာပြလိုက်သည်။

ယင်းဖုန်း နှာခေါင်းကိုပွတ်လိုက်သည်။ စစ်သေနာပတိချုပ်က အရှင်မင်းကြီးရဲ့ ပေါက်ကရလုပ်ရပ်တွေမှာ ပါဝင်ပတ်သက်ချင်နေမှတော့ သူကလည်း အမိန့်နာခံရုံပေါ့။

ယင်းဖုန်း ရှေ့ကနေ ဦးအောင်ထွက်သွားပြီး နန်းတော်သို့ပြန်ကာ နဂါးအစောင့်များကို ခေါ်ဆောင်၍ သူများအိမ်များကို သွားရောက်သိမ်းပိုက်တော့မည်ဖြစ်သည်။

နဉ်ရှောင်ယောင်းသည် ယင်းဖုန်း၏ကျောပြင်ကို ကြည့်ပြီး လိုကျစ်ကွေ့ကို ပြောလိုက်သည်။

"စောစောကမှ အိမ်ကိစ္စ စဉ်းစားနေတာ၊ အခု အိမ်ရသွားပြီ။ အိမ်ကြီးအိမ်ကောင်း ၈ လုံးတောင်နော်။ စစ်သေနာပတိချုပ်၊ ကျွန်မက တကယ့်ကို မိုးထိအောင် မိုက်တဲ့လူပဲ။"

လိုကျစ်ကွေ့ ဘာမှမပြောဘဲ ကိုယ်တစ်ဝက် ပြတင်းပေါက်အပြင်ဘက် ရောက်နေသော နဉ်ရှောင်ယောင်းကို အထဲသို့ ပြန်တွန်းထည့်လိုက်သည်။ မိန်းကလေး သဘောပါပဲလေ။

......

နဉ်ရှောင်ယောင်းသည် အမတ်မင်းများ၏အိမ်တော်များကို မတရားသိမ်းပိုက်ရန် ပြင်ဆင်နေချိန်တွင် အမတ်ချုပ်ကြီးရှဲ့သည် စာကြည့်ဆောင်ထဲ၌ သူ့ဘက်တော်သားများနှင့် အစည်းအဝေးထိုင်နေသည်။

"အရမ်းဆိုးတာပဲ။"

ပြတင်းပေါက်အပြင်ဘက် ပန်းခုံပေါ်တွင် အစကတည်းက နားထောင်နေသော စာကလေးမလေးက စာကလေးထီးကို ပြောလိုက်သည်။

စာကလေးထီးက ပြောလိုက်သည်။

"ဒါကြောင့် သူတို့ကို လူဆိုးတွေလို့ ပြောကြတာပေါ့။ ကျိ!"

စာကလေးမလေးက သနားစရာကောင်းသည့် လေသံဖြင့် ပြောလိုက်သည်။

"ရှောင်ယောင်းက ဒီလိုလူဆိုးတွေနဲ့ ရန်ဖြစ်နေရတာ၊ ရှောင်ယောင်း သနားစရာလေးနော်။"

"အင်း..."

စာကလေးထီးက ခေါင်းညိတ်လိုက်သည်။

"ဒါကြောင့် ငါတို့က ရှောင်ယောင်းကို ကူညီရမှာပေါ့။ ကျိ!"

အမတ်ချုပ်ကြီးရှဲ့က စာကြည့်ဆောင်ထဲတွင် ပြောလိုက်သည်။

"ဖေ့ယင်က ငါနဲ့ ရန်ငြိုးရှိတယ်။ ဖခင်ကိုသတ်တဲ့ရန်ငြိုးဆိုတာ ကမ္ဘာကြေတောင် ဥပေက္ခာပြုလို့မရဘူး။"

အမတ်တစ်ဦးက ဝင်ပြောလိုက်သည်။

"အမတ်ချုပ်ကြီး၊ အရှင်မင်းကြီးက ဖေ့ယင်ကို မြို့တံခါးကိုးပေါက်တပ်မှူး ခန့်မယ်ဆိုရင် အမတ်ချုပ်ကြီးမှာ ဖြေရှင်းမယ့်နည်းလမ်း ရှိလား။"

အမတ်ချုပ်ကြီးရှဲ့ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ဖေ့ယင်က သတ္တိပဲရှိပြီး ဉာဏ်မရှိဘူး။ သူ တပ်မှူးဖြစ်လာရင်တောင် ကောင်းတာပေါ့။ ငါ စိတ်ချမ်းသာရတာပေါ့။"

ဖေ့ယင်လိုလူက သူ့ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား။ အဘိုးကြီးဟုကော်ကုန်းတုန်းက စစ်တိုက်တဲ့ စစ်သူကြီးဖြစ်တာတောင် ငါ့လက်ချက်နဲ့ သေကြောင်းကြံသွားရတာပဲ။ အမတ်ချုပ်ကြီးရှဲ့ ယုံကြည်မှုရှိသည်။ ဖေ့ယင်ရဲ့အသက်ကို လိုချင်ရင် လက်တစ်ဖက်မြှောက်လိုက်ရုံနဲ့ ရနိုင်တယ်။

အမတ်တစ်ဦးက အမတ်ချုပ်ကြီးရှဲ့ကို မြှောက်ပင့်ပြောဆိုလိုက်သည်။

"ဟုကော်ကုန်းအိမ်တော်က သခင်မကြီးသာ ဉာဏ်ရှိရင် ဖေ့ယင်ကို အိမ်ထဲမှာပဲထားပြီး အလကားထမင်း ဆက်ကျွေးထားသင့်တာ။"

လူအများ ဝိုင်းရယ်လိုက်ကြသည်။ စာပေပညာရှင်များ ဖြစ်ကြသည့်အတွက် သူများအတင်းပြောပြီး ရယ်မောရာတွင် အနည်းငယ် ထိန်းသိမ်းကြသည်။ ထို့ကြောင့် အားလုံးရယ်မောနေကြသော်လည်း ရယ်သံမှာ သိပ်မကျယ်လောင်လှပေ။

"အရှင်မင်းကြီး ဒီတစ်ခါ လူရွေးမှားသွားပြီ။"

အမတ်ချုပ်ကြီးရှဲ့က ခေါင်းခါပြီး ရယ်မောလိုက်သည်။

"ငါ သူ့ကို ဆိတ်သတ်ချင်လိုက်တာ!"

စာကလေးမလေးက ပန်းခုံပေါ်တွင် ဒေါသတကြီး ပြောလိုက်သည်။

စာကလေးထီးက၊ "စိတ်လျော့၊ အားမော့တို့ ပုရွက်ဆိတ်အသိုက်က တိုင်ပင်ပြီးပြီ။ ဒီည အမတ်ချုပ်ကြီးကို သွားကိုက်သတ်ကြမယ်တဲ့။ ငါတို့ စောင့်ကြည့်ကြတာပေါ့။"

စာကလေးမလေး စိုးရိမ်တကြီး မေးလိုက်သည်။

"ကိုက်သတ်လို့ ရပါ့မလား။ ယိုကွမ့်တောင် သွားကောင်းရဲ့သားနဲ့ အမတ်ချုပ်ကြီးကို ကိုက်မသတ်နိုင်ခဲ့ဘူး။"

စာကလေးထီးက သူ့ဇနီးသည်၏ တုံးအ,မှုကြောင့် ငိုချင်သွားသည်။ ယိုကွမ့်က ကျားလား၊ ဝံပုလွေလား။ သွားကောင်းတယ်ဆိုရအောင်။

"နင် 'ပုရွက်ဆိတ်တစ်သောင်း အသည်းနှလုံးကို စားသုံးခြင်း' ဆိုတဲ့ စကားလုံး မကြားဖူးဘူးလား။ အားမော့တို့က ဒီည အဲဒီလို လုပ်ကြမှာတဲ့။ ရှောင်ယောင်းက သူတို့ကို သကြားလုံးတွေ အများကြီး ကျွေးထားလို့ သူတို့က ရှောင်ယောင်းအတွက် တစ်ခုခုလုပ်ပေးချင်တာတဲ့။"

စာကလေးမလေး အံ့သြသွားသည်။

"ဒါကြောင့် အဘိုးက ငါတို့ကို အမြဲပြောတာပေါ့။ ပုရွက်ဆိတ်တွေနဲ့ ပြဿနာမဖြစ်စေနဲ့လို့။"

စာကလေးထီးက အခွင့်အရေးယူပြီး ဇနီးသည်ကို ဆုံးမလိုက်သည်။

စာကြည့်ဆောင်ထဲတွင်ထိုင်နေသော အမတ်ချုပ်ကြီးရှဲ့ ရုတ်တရက် ရင်တုန်လာသည်။ ဤခံစားချက်ကြောင့် အမတ်ချုပ်ကြီးရှဲ့ ချက်ချင်း သတိဝင်လာသည်။ နဉ်ယွီဆိုတဲ့ ကောင်မစုတ်က မကောင်းတာ တစ်ခုခု ထပ်ကြံစည်နေပြန်ပြီလား။

***

All Chapters