စစ်သေနာပတိချုပ်က အချစ်ကို နားမလည်ပါဘူး
Vol. 11 Ch. 169
"အမတ်ချုပ်ကြီးက သူတို့ကို သတ်ပစ်လိမ့်မယ်။"
လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
နဉ်ရှောင်ယောင်းက၊ "အဲဒါကို ကျွန်မသိတာပေါ့။"
ထိုအခါ လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ကြည့်ကာ မေးလိုက်သည်။
"ရှဲ့ဝမ်ယွမ်က သူတို့ကို အသေသတ်မယ်ဆိုတာ အဲဒီ ၇ ယောက်သိသွားရင်... သူတို့က ရှောင်ယောင်းကို သစ္စာရှိသွားမလား။"
"သစ္စာရှိသွားမလား ဟုတ်လား။"
နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။
"သူတို့က ကျွန်မကို ချစ်မိသွားမယ်လို့သာ ပြောလိုက်ပါတော့လား။"
"လျှောက်မပြောနဲ့။"
ဒီတစ်ခါတော့ စစ်သေနာပတိချုပ်လိုသည် သည်းမခံနိုင်တော့ဘဲ နဉ်ရှောင်ယောင်း၏ ခေါင်းကို တစ်ချက်ရိုက်လိုက်သည်။
နဉ်ရှောင်ယောင်း ပြန်ရိုက်ရန် ပြင်လိုက်သော်လည်း လောင်တသည် စားပွဲပေါ်သို့ ခုန်တက်လာပြီး မျက်လုံးဝိုင်းကြီးများဖြင့် နဉ်ရှောင်ယောင်းကို စိုက်ကြည့်နေသည်။ 'နင်ပြန်ရိုက်ရင် ငါကိုက်သတ်လိုက်မယ်' ဟူသော ပုံစံဖြင့် ခြိမ်းခြောက်နေသဖြင့် နဉ်ရှောင်ယောင်းသည် ဆန့်ထုတ်ထားသော လက်ကို ပြန်ရုတ်သိမ်းလိုက်ရသည်။ လူဆိုတာ ကြောင်တစ်ကောင်နဲ့ သွားရန်ဖြစ်နေလို့ မကောင်းဘူးလေ။ ဟုတ်တယ်မလား။
"လာကြစမ်း။"
လိုကျစ်ကွေ့က အခန်းပြင်ဘက်သို့ လှမ်းခေါ်လိုက်သည်။
ယင်းယွီသည် အခန်းပြင်မှ ဝင်လာခဲ့သည်။
နဉ်ရှောင်ယောင်းက နှုတ်ဆက်လိုက်သည်။
"အိုး... ယင်းယွီ ပြန်ရောက်ပြီလား။"
ယင်းယွီ... ငါ ပြန်ရောက်နေတာ ကြာလှပြီ၊ အရှင်မင်းကြီး မသိဘူးလား။
"ယင်းယွီက ချန်ဝမ်ကို ပြန်ခေါ်လာပြီး မယ်တော်ကြီးဆီ အပ်လိုက်ပြီ။"
လိုကျစ်ကွေ့က ပြောလိုက်သည်။
နဉ်ရှောင်ယောင်း နားနှစ်ဖက်ကို အုပ်လိုက်ပြီး၊
"အမတ်ချုပ်ကြီးအကြောင်း ပြောနေရင်း မယ်တော်ကြီးအကြောင်း ထပ်မပြောနဲ့။ ငါ ခံနိုင်ရည်မရှိတော့ဘူး။"
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း နားအုပ်ထားသော လက်များကို ဆွဲဖယ်လိုက်ပြီး မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
"သေချာထိုင်။"
နဉ်ရှောင်ယောင်း ကိုယ်ကိုမတ်မတ်ထားပြီး ထိုင်လိုက်သည်။
ယင်းယွီ၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ စစ်သေနာပတိချုပ်လိုက အရှင်မင်းကြီးကို သားတစ်ယောက်လို ပြုစုပျိုးထောင်နေတာ မဟုတ်ဘူးလား။
"တောင်ပိုင်းစစ်သူကြီး ၇ ယောက် မြို့တော်က ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်။"
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ငြိမ်အောင် ထိန်းပြီးမှ ယင်းယွီဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။
"နန်းတော်ထဲကနေ နဂါးအစောင့်တပ်သားတွေ အစောင့်အရှောက်နဲ့ ရထားလုံးအချို့ ထွက်သွားပြီး တောင်ဘက်မြို့တံခါးဘက် ဦးတည်သွားတယ်လို့ သတင်းလွှင့်လိုက်။"
ယင်းယွီက မေးလိုက်သည်။
"ဒါပါပဲလား။ စစ်သေနာပတိချုပ်၊ ဒီလိုပြောရုံနဲ့ အမတ်ချုပ်ကြီးက အဲဒီတောင်ပိုင်းစစ်သူကြီးတွေ ထွက်သွားမှန်း သိပါ့မလား။"
"ဒီအတိုင်းပဲ ပြောလိုက်။"
လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။ အမတ်ချုပ်ကြီးရှဲ့မှာ အလွန်ထက်မြက်တဲ့ ဦးနှောက်တစ်ခု ရှိတယ်ဆိုတာ စစ်သေနာပတိချုပ်လို ဝန်မခံချင်ပေမယ့် ဝန်ခံရမယ့်အချက်ပါပဲ။
ယင်းယွီက နဉ်ရှောင်ယောင်းကို ကြည့်ကာ မေးလိုက်သည်။
"အရှင်မင်းကြီး?"
"ငါ့မှာ ကန့်ကွက်စရာ မရှိပါဘူး။"
နဉ်ရှောင်ယောင်းက 'နင်တို့သဘောပဲ' ဟူသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ယင်းယွီ အမိန့်နာခံပြီး ထွက်သွားလေသည်။
"ဖန်းထန်ကို သွားခေါ်လိုက်။"
လိုကျစ်ကွေ့က အခန်းပြင်သို့ လှမ်းပြောလိုက်ပြန်သည်။
ခဏအကြာတွင် ဖန်းထန် ရောက်လာပြီး နဉ်ရှောင်ယောင်းကို မြင်သည်နှင့် ပြောလိုက်သည်။
"အရှင်မင်းကြီး၊ ယင်းဖုန်း မပြန်လာသေးဘူးလား။ တော်ဝင်စားဖိုဆောင်က ရှောင်ထောင်ဟွား သူ့ကို လာရှာတာ ၃ ခေါက်ရှိပြီ။ သူပြန်မလာရင် ကောင်မလေး စိတ်ဆိုးတော့မယ်။"
ရှောင်ထောင်ဟွား...
နဉ်ရှောင်ယောင်း စိတ်ညစ်သွားပြန်သည်။ ဟုတ်သားပဲ၊ ဒီလိုလူတစ်ယောက် ရှိသေးတာပဲ။ ဒီတစ်ယောက်က မယ်တော်ကြီး လွှတ်လိုက်တဲ့ သူလျှိုမလား။ နဉ်ရှောင်ယောင်း ခေါင်းမော့ပြီး မျက်နှာကြက်ကို ကြည့်လိုက်သည်။ အဲဒီနေ့က အမတ်ချုပ်ကြီးအိမ်တော်မှာ ယင်းဖုန်းတွေ့ခဲ့တဲ့ မိန်းကလေးက ဘယ်သူလဲဆိုတာ သူ မသိဘူး။ ဒီမိန်းကလေးကသာ ယင်းဖုန်းရဲ့ အချစ်စစ်ဖြစ်ရင် ကောင်းမှာပဲ။
လိုကျစ်ကွေ့သည် မျက်လုံးလှန်ကြည့်နေသော နဉ်ရှောင်ယောင်းကို ကြည့်နေသည်။ ဒီကောင်မလေးက မျက်နှာအမူအရာ အမျိုးစုံလုပ်တတ်တာကို စစ်သေနာပတိချုပ်လို ကျင့်သားရနေပါပြီ။
"ရှောင်ထောင်ဟွားက မယ်တော်ကြီးရဲ့ လူပဲ။"
စိတ်ညစ်ပြီးနောက် နဉ်ရှောင်ယောင်းသည် သူမကို ဝမ်းနည်းစေသော အမှန်တရားကို ထုတ်ပြောလိုက်သည်။
ဖန်းထန် တစ်မိနစ်ခန့် ကြောင်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒီမိန်းမယုတ်၊ သွားသတ်ပစ်မယ်!"
"နေပါဦး။"
နဉ်ရှောင်ယောင်းက တားလိုက်သည်။
"ယင်းဖုန်း စိတ်မထိခိုက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ငါစဉ်းစားပါရစေဦး။"
ဖန်းထန်သည် သူ့စစ်သူကြီးကို လှမ်းကြည့်လိုက်သည်။ အရှင်မင်းကြီး ပြောတာကို သူဘာလို့ နားမလည်ရတာလဲ။ မယ်တော်ကြီး လွှတ်လိုက်တဲ့ သူလျှိုကို သတ်ပစ်တာက ယင်းဖုန်းကို ဘယ်လိုလုပ် စိတ်ထိခိုက်စေမှာလဲ။ ရှောင်ထောင်ဟွား သေသွားရင် ယင်းဖုန်းက မိန်းမ,မရတော့မှာမို့လို့လား။
လိုကျစ်ကွေ့က ပြောလိုက်သည်။
"ဘာစဉ်းစားစရာ လိုသေးလို့လဲ။ ယင်းဖုန်းကို အမှန်အတိုင်း ပြောပြလိုက်ရုံပဲလေ။"
ဖန်းထန်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဟုတ်ပါတယ်။"
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို ကြည့်ပြီး ခေါင်းခါကာ ပြောလိုက်သည်။
"စစ်သေနာပတိချုပ်က အချစ်ကို နားမလည်ပါဘူး။"
လိုကျစ်ကွေ့ "....."
ဖန်းထန်က မကျေမနပ် ပြောလိုက်သည်။
"အရှင်မင်းကြီး၊ ကျွန်တော့်စစ်သေနာပတိချုပ်က..."
"မပြောနဲ့တော့။"
လိုကျစ်ကွေ့က ဖန်းထန်ကို တားလိုက်သည်။ ဒီအကြောင်းအရာကို ဒီမှာတင် ရပ်လိုက်ရမယ်။ ဆက်ပြောလို့ မဖြစ်ဘူး။
"မင်း မင်းသားကျီဆီ သွားလိုက်။ အရှင်မင်းကြီး ဖမ်းထားတဲ့ တောင်ပိုင်းစစ်သူကြီး ၇ ယောက် ဒီနေ့ မြို့တော်က ထွက်သွားတော့မယ်လို့ သွားပြောလိုက်။"
ဖန်းထန်က မေးလိုက်သည်။
"အဲဒီ ၇ ယောက်က ခြေလက်တွေ ကျိုးနေတာလေ၊ အခု သွားလို့ရပြီလား။"
နဉ်ရှောင်ယောင်း လက်ထောင်လိုက်သည်။
"ငါရှိနေလို့လေ။"
ဖန်းထန်သည် ကြက်ခြေထောက်လို ပိန်လှီသော နဉ်ရှောင်ယောင်း၏လက်ကို ကြည့်လိုက်သည်။ မဖြစ်နိုင်မှန်း သိလျက်နဲ့ ဘာလို့များ ဒါကို အမှန်တရားလို့ ယုံကြည်နေမိရတာလဲဆိုတာ ဖန်းထန် စိတ်ညစ်ညစ်နှင့် တွေးလိုက်မိသည်။
"သွားတော့။"
လိုကျစ်ကွေ့က ဖန်းထန်ကို နှင်လိုက်သည်။
ဖန်းထန် ထွက်သွားပြီး အတော်ကြာမှ နဉ်ရှောင်ယောင်း အိပ်မက်မက်ရာမှ လန့်နိုးလာသကဲ့သို့ လိုကျစ်ကွေ့ကို မေးလိုက်သည်။
"စစ်သေနာပတိချုပ် အဲဒီလိုပြောလိုက်ရင် မင်းသားကျီက စစ်သေနာပတိချုပ်နဲ့ ပေါင်းပြီး အမတ်ချုပ်ကြီးကို လှည့်စားမယ်ဆိုတာ သိသွားရောလား။"
"အင်း။"
လိုကျစ်ကွေ့က ဖြေလိုက်သည်။
နဉ်ရှောင်ယောင်းက မေးလိုက်သည်။
"ဘာလို့လဲ။ ကျွန်မ နားမလည်ဘူး။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ကြည့်နေသည်။ ဒီကောင်မလေးကို သူဘယ်လို ရှင်းပြရမလဲ။
"ပြီးတော့ အမတ်ချုပ်ကြီးရဲ့ ဉာဏ်ရည်က ဒီလောက် နိမ့်ပါ့မလား။"
နဉ်ရှောင်ယောင်းက ဆက်ပြောလိုက်သည်။
"ရှင်တို့က ဒီလိုလုပ်လိုက်တော့ ဟိုလူ ၇ ယောက် ထွက်သွားပြီ၊ အမတ်ချုပ်ကြီးရေ လူလွှတ်ပြီး သတ်လိုက်ပါတော့လို့ ပြောနေသလို ဖြစ်မနေဘူးလား။ ဒီလောက် သိသာတဲ့ တွင်းထဲကို အမတ်ချုပ်ကြီးက ခုန်ဆင်းပါ့မလား။"
နဉ်ရှောင်ယောင်းသည် အမတ်ချုပ်ကြီးရှဲ့ ဤမျှလောက် အ,သည်ဟု မယုံကြည်ပေ။
လိုကျစ်ကွေ့ ဘာမှမပြောပေ။
နဉ်ရှောင်ယောင်းက ဆက်ပြောလိုက်သည်။
"စစ်သေနာပတိချုပ်၊ အမတ်ချုပ်ကြီးရဲ့ စိတ်ဓာတ်ကို ကျွန်မတို့က ရှုတ်ချလို့ရပေမယ့် သူ့ရဲ့ဉာဏ်ရည်ကိုတော့ အထင်သေးလို့မရဘူးလေ။"
လိုကျစ်ကွေ့ လက်ကာပြလိုက်ပြီး နဉ်ရှောင်ယောင်းကို စကားဆက်မပြောရန် တားလိုက်သည်။ နားထောင်ရတာ ခေါင်းမူးလာပြီ။
"ကျွန်တော့်ကို စကားပြောခွင့် မပေးတော့ဘူးလား။"
နဉ်ရှောင်ယောင်း စိတ်ဆိုးသွားသည်။
"အမတ်ချုပ်ကြီးက အလိမ်မခံရဘဲ လူမလွှတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ဟိုလူ ၇ ယောက်ကို မြို့ပြင်မှာ သစ်တိုင်လို ရပ်ခိုင်းထားမှာလား၊ ဒါမှမဟုတ် ကခိုင်းထားမှာလား။ ရှင်..."
"ကျွန်တော့်ကို ပြောခွင့်ပေးမှာလား။"
လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို မေးလိုက်သည်။
"အင်း.. ပြော။"
နဉ်ရှောင်ယောင်း ပါးစပ်ပိတ်လိုက်သည်။
"ရှဲ့ဝမ်ယွမ်က အလိမ်ခံရမှာ မဟုတ်ဘူး။"
လိုကျစ်ကွေ့က ပြောလိုက်သည်။
"သူက အဲဒီ ၇ ယောက်ကို လိုက်ပို့ဖို့ လူတွေကို တရားဝင် လွှတ်ကောင်းလွှတ်မယ်။ ဒါမှမဟုတ် ကျွန်တော်တို့လူတွေလို ရုပ်ဖျက်ပြီး အဲဒီ ၇ ယောက်ကို ဒဏ်ရာရအောင် လုပ်ခိုင်းကောင်း လုပ်ခိုင်းမယ်။ ဒါပေမဲ့ သူက အဲဒီ ၇ ယောက်ကို တကယ်သတ်မှာ မဟုတ်ဘူး။ ဘာလို့လဲ သိလား။"
နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ ဤကမ္ဘာမှ လူသားများသည် ရှုပ်ထွေးလွန်းသဖြင့် သူမကဲ့သို့ အခြားကမ္ဘာမှ လာသူတစ်ယောက်အနေဖြင့် ဆက်လက်ရှင်သန်ရန် ခက်ခဲနေသည်။
"ဘာလို့လဲဆိုတော့ သူက တောင်ပိုင်းစစ်တပ်ရဲ့ သစ္စာရှိမှုကို လိုချင်သေးလို့ပဲ။"
လိုကျစ်ကွေ့က ရှင်းပြလိုက်သည်။
"ရှဲ့ဝမ်ယွမ်က သီးသန့်ခေါ်ယူထားတဲ့သူတွေဟာ သူ့ရဲ့လူယုံတွေ၊ တောင်ပိုင်းစစ်တပ်ထဲက သူ့ရဲ့ မျက်စိ၊ နား၊ ခြေလက်တွေပဲ။ သူ လူသတ်ဖို့သုံးတဲ့ လက်နက်တွေ၊ တောင်ပိုင်းစစ်တပ်ကို ထိန်းချုပ်ထားတဲ့ ကြိုးတွေပဲ။ ဒီလူတွေက သစ္စာဖောက်ပြီး တောင်ပိုင်းစစ်တပ်ဆီ အရှင်လတ်လတ်ပြန်ရောက်သွားရင် ဘာဖြစ်မယ်လို့ ရှောင်ယောင်း ထင်လဲ။"
နဉ်ရှောင်ယောင်းက၊
"ဪ၊ ဒါကိုတော့ ကျွန်မသိတယ်။ ဒီလူ ၇ ယောက် မပြန်ခင်တုန်းက တောင်ပိုင်းစစ်တပ်ကလူတွေကို 'ရှဲ့ဝမ်ယွမ်က ဘယ်သူလဲ' လို့ မေးရင် 'ရှဲ့ဝမ်ယွမ်က အမတ်ချုပ်ကြီးပါ' လို့ ဖြေကြလိမ့်မယ်။ ဒီလူ ၇ ယောက် ပြန်ရောက်ပြီးရင် အဲဒီမေးခွန်းကိုပဲ ထပ်မေးကြည့်လိုက်..."
နဉ်ရှောင်ယောင်းက မျက်လုံးစောင်း၊ ပါးစပ်ရွဲ့ပြီး ပြောလိုက်သည်။
"တောင်ပိုင်းစစ်တပ်ကလူတွေက 'အဲဒီမြေး' လို့ ဖြေကြလိမ့်မယ်။"
"ဟား..."
လိုကျစ်ကွေ့ ရယ်မိသွားသည်။
"ကျွန်မပြောတာ မှန်တယ်မလား။"
နဉ်ရှောင်ယောင်းက မျက်နှာကို ပုံမှန်အတိုင်းပြန်ထားပြီး လိုကျစ်ကွေ့ကို မေးလိုက်သည်။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ပါးကို ဆွဲလိုက်သည်။ ဒီကောင်မလေးက ဘယ်လိုလုပ်ပြီး ဒီလိုပုံစံလေး ဖြစ်လာရတာလဲ။
"လက်တွေခြေထောက်တွေ လာမရှုပ်နဲ့၊ အလေးအနက်ထား။"
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏လက်ကို ပုတ်ထုတ်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။
"အခုက အချစ်ဇာတ်လမ်း ရိုက်နေတဲ့အချိန် မဟုတ်ဘူး။"
လိုကျစ်ကွေ့က၊ "သူက ကျွန်တော်တို့လူတွေလို ရုပ်ဖျက်ပြီး လာမယ်ဆိုရင် ကျွန်တော်တို့ကလည်း သူ့လူတွေလို ရုပ်ဖျက်ပြီး သွားလို့ရတာပဲလေ။ မဟုတ်ဘူးလား။"
"ယင်းဖုန်းတို့ကို အမတ်ချုပ်ကြီးလူတွေလို ဝတ်ပြီး ဟို ၇ ယောက်ကို သွားသတ်ခိုင်းမလို့လား။"
နဉ်ရှောင်ယောင်းက မေးလိုက်သည်။
"အမတ်ချုပ်ကြီး ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ် မူတည်တာပေါ့။ သူဘယ်လိုပဲလုပ်လုပ် ကျွန်တော်တို့မှာ ဖြေရှင်းမယ့်နည်းလမ်း ရှိပါတယ်။ ဒါဆို ရပြီလေ။"
နဉ်ရှောင်ယောင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး လိုကျစ်ကွေ့ကို ပြောလိုက်သည်။
"စစ်သေနာပတိချုပ်၊ ကျွန်မ အခုမှပဲ နားလည်တော့တယ်။ ကျွန်မက ကွပ်မျက်ကွင်းထဲကနေ စစ်သေနာပတိချုပ်ကို ပွေ့ချီလာခဲ့တာက အမတ်ချုပ်ကြီးနဲ့ မယ်တော်ကြီးအတွက် ဘယ်လောက်တောင် ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေခဲ့သလဲဆိုတာလေ။ သူတို့ ဒီဘဝမှာ စစ်သေနာပတိချုပ်ကို သတ်ဖို့ရခဲ့တဲ့ တစ်ကြိမ်တည်းသော အခွင့်အရေးကို ကျွန်မဖျက်ဆီးပစ်လိုက်တာကိုး။"
လိုကျစ်ကွေ့ တိတ်ဆိတ်နေသည်။ လူကယ်တယ်ဆိုလည်း ကယ်တယ်ပေါ့။ ပွေ့ချီလာတယ်ဆိုတာ ဘာစကားလဲ။
"ဒီလိုပြောကြမလား။"
နဉ်ရှောင်ယောင်းက ဆက်ပြောလိုက်သည်။
"စစ်သေနာပတိချုပ်ရဲ့ ဘဝမှာ တစ်ကြိမ်တည်းသော တုံးအ,မှုကို ကျွန်မက ကယ်တင်ပေးလိုက်တာပေါ့။"
စစ်သေနာပတိချုပ်လို ခေါင်းကိုက်လာပြီး ပြောလိုက်သည်။
"ရှောင်ယောင်း၊ မင်း ဘာပြောချင်တာလဲ။"
"ဪ၊ ငါပြောချင်တာက စစ်သေနာပတိချုပ်က အရမ်းဆိုးတယ်၊ အရမ်းအရှက်မရှိဘူး၊ အရမ်း... ဟိုဟာဖြစ်တယ်။ စစ်သေနာပတိချုပ်ရဲ့ ဉာဏ်ရည်နဲ့ဆိုရင် မအ,သရွေ့ အမတ်ချုပ်ကြီးက စစ်သေနာပတိချုပ်ကို နိုင်မှာမဟုတ်ဘူးလို့ ပြောတာ။"
"တော်ပြီ၊ ဆက်မပြောနဲ့တော့။"
"ကျွန်မက စစ်သေနာပတိချုပ်ကို ချီးကျူးနေတာလေ။"
"ကျွန်တော်ပြောနေတယ်လေ၊ ဆက်မပြောနဲ့တော့လို့!"
"ပြီးတာပါပဲ။"
နဉ်ရှောင်ယောင်း ပါးစပ်ပိတ်လိုက်သည်။
လိုကျစ်ကွေ့ မတ်တတ်ရပ်လိုက်သည်။ သူ တောင်ပိုင်းစစ်သူကြီး ၇ ယောက်ကို သွားတွေ့ရဦးမည်။ ပြီးတော့ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူမှဖြစ်ပေဦးမည်။ သူ အခု ရင်ထဲမှာ အတော်လေး မွန်းကျပ်နေတယ်။
နဉ်ရှောင်ယောင်းက မေးလိုက်သည်။
"စစ်သေနာပတိချုပ် ဘာသွားလုပ်မလို့လဲ။"
"ကျွန်တော် အပြင်ခဏထွက်ပြီး လမ်းလျှောက်လိုက်ဦးမယ်။ မင်း..."
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို တစ်ချက်ကြည့်ပြီး အကြည့်လွှဲကာ ပြောလိုက်သည်။
"မင်း ကြောင်နဲ့ပဲ ဆော့နေလိုက်တော့။"
စစ်သေနာပတိချုပ်လို ထွက်သွားလေသည်။
နဉ်ရှောင်ယောင်းနှင့် လောင်တတို့ မျက်လုံးချင်းဆုံကာ ကြည့်နေကြသည်။
လောင်တက၊ "ငတုံးမ၊ နောက်တစ်ခါ စစ်သေနာပတိချုပ်ကို လူဆိုးလို့ ထပ်ပြောရင် ငါ ကိုက်လိုက်မယ်။"
နဉ်ရှောင်ယောင်း ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"လောင်တ၊ နင်ပြောတာနဲ့ ငါကြောက်တောင်ကြောက်သွားပြီ။"
"မြောင်!"
နဉ်ရှောင်ယောင်း၏ အထင်သေးမှုကို ခံလိုက်ရသော လောင်တသည် အမွှေးများ ထောင်သွားလေသည်။
လောင်တ ပြေးလာပြီး မကိုက်ခင်မှာပင် နဉ်ရှောင်ယောင်းက လောင်တ၏လည်ပင်းနောက်မှ အသားကို ဆွဲမလိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
"လာလေ၊ ငါထိုင်နေတယ်၊ လာကိုက်လေ။"
"ငတုံးမ!"
လောင်တ အော်ဟစ်လိုက်သည်။
"ကြောင်တုံးလေး။"
နဉ်ရှောင်ယောင်းက နှုတ်ခမ်းမဲ့လိုက်သည်။
"ငါ့ကို အဲဒီလို မခေါ်နဲ့!"
"ကြောင်နက်လေး~"
"မြောင်!"
လောင်တသည် နဉ်ရှောင်ယောင်း၏လက်ထဲတွင် ခြေကန်လက်ကန် ရုန်းကန်နေသည်။
"ငါ ကိုက်သတ်လိုက်မယ်၊ သေလိုက်၊ သေလိုက်၊ သေလိုက်!"
နဉ်ရှောင်ယောင်းသည် လောင်တကို လျှာထုတ်ပြောင်ပြကာ ပြောလိုက်သည်။
"ငါ မသေဘူး၊ နင့်ကို ဒေါသထွက်ပြီး သေအောင် လုပ်မှာ!"
လောင်တ မျက်ရည်ကျလာသည်။ ကြောင်တစ်ကောင်ကို ဒီလောက်တောင် အနိုင်ကျင့်ရသလား။
တံခါးဝတွင် ရပ်ပြီး အခန်းထဲသို့ လှမ်းကြည့်နေသော စစ်သေနာပတိချုပ်လို... အခန်းထဲက နှစ်ကောင် ရန်ဖြစ်နေကြတာလား။ လူနဲ့ ကြောင်နဲ့ ရန်ဖြစ်နေကြတာလား။
"စစ်သေနာပတိချုပ်?"
ယင်းဖုန်းသည် နန်းတော်ထဲသို့ ပြန်ရောက်လာပြီး တံခါးဝတွင် ကြောင်ငေးနေသော လိုကျစ်ကွေ့ကို မြင်သဖြင့် အမြန်လျှောက်သွားကာ တိုးတိုးလေး ခေါ်လိုက်သည်။
လိုကျစ်ကွေ့ လှည့်ကြည့်လိုက်ရာ ယင်းဖုန်းကို တွေ့လိုက်ရသည်။ ရှောင်ထောင်ဟွားသည် ရှဲ့မယ်တော်ကြီး၏ လူဖြစ်ကြောင်း သတိရသွားပြီး စစ်သေနာပတိချုပ်လိုသည် ရှားရှားပါးပါး ကိုယ်ချင်းစာစိတ်ဝင်သွားကာ ယင်းဖုန်း၏ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။
"ယင်းဖုန်း၊ ယောက်ျားကောင်းတစ်ယောက်က မိန်းမ,မရမှာ ပူစရာမလိုပါဘူး။"
ယင်းဖုန်းသည် လိုကျစ်ကွေ့ကို ကြောင်တောင်တောင် ကြည့်လိုက်သည်။ ဒီလူက သူတောင် မိန်းမမရသေးဘဲနဲ့ ငါ့ကို ဘာကိစ္စ ဒါတွေလာပြောနေတာလဲ။
လိုကျစ်ကွေ့ လှည့်ထွက်သွားလေသည်။
နဉ်ရှောင်ယောင်း အခန်းထဲမှ လောင်တကို ပြောလိုက်သည်။
"ဘုရားရေ၊ ယင်းဖုန်း ပြန်ရောက်လာပြီ။"
လောင်တက၊ "နင်က တကယ်တုံးတာပဲ။ ရှောင်ထောင်ဟွား မကောင်းရင် သိမ်းငှက်လေးရဲ့ သခင်အတွက် နောက်မိန်းမတစ်ယောက် ရှာပေးလိုက်ပေါ့။"
"ဘာမိန်းမလဲ။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"အမျိုးသမီး၊ အမျိုးသမီးလို့ ပြောတာ၊ နားလည်လား။"
"ကြောင်အမျိုးသမီးလား?"
လောင်တ ခေါင်းခါလိုက်သည်။
"နင်တို့လူတွေက တကယ်တုံးတာပဲ။ ကြောင်မလေးဆိုရင် ဘယ်လောက် နားထောင်လို့ ကောင်းလဲ။"
နဉ်ရှောင်ယောင်းသည် ထိုကြောင်နက်ဝတုတ်ကို ပြတင်းပေါက်အပြင်ဘက်သို့ ပစ်ထုတ်လိုက်သည်။ ဒီကောင်နဲ့ စကားပြောရတာ ဦးနှောက်ပျက်စီးတယ်။
"အရှင်မင်းကြီး?"
ယင်းဖုန်း အခန်းပြင်မှ လှမ်းခေါ်လိုက်သည်။
နဉ်ရှောင်ယောင်းသည် ယင်းဖုန်းကို အခန်းထဲဝင်ခိုင်းလိုက်ပြီး ဆံပင်ရှည်တစ်ချောင်းကို ကိုင်ကာ ယင်းဖုန်းကို ပြောလိုက်သည်။
"သာ့ဖုန်း၊ အဲဒီနေ့က အမတ်ချုပ်ကြီးအိမ်တော်ကနေ ပြန်လာတုန်းက မင်းကိုယ်ပေါ်မှာ ဒီဆံပင်ကို တွေ့လိုက်တယ်။ ပြောစမ်းပါဦး၊ အမတ်ချုပ်ကြီးအိမ်တော်မှာ ဘယ်ကောင်မလေးနဲ့ တွေ့ခဲ့တာလဲ။"
ယင်းဖုန်းသည် နဉ်ရှောင်ယောင်းလက်ထဲမှ ဆံပင်ကို ကြည့်ပြီး ပြောလိုက်သည်။
"ဒါ ကျွန်တော်မျိုးရဲ့ ဆံပင် ဖြစ်လောက်ပါတယ်။"
"အနံ့မတူဘူး။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"လာပါ၊ ပြောပြစမ်းပါ။ အဲဒီကောင်မလေးက ဘယ်လိုနေလဲ။"
သူ့အရှင်သခင်က ဆံပင်တစ်ချောင်းတည်းနဲ့ အနံ့ခွဲခြားနိုင်တယ် ဟုတ်လား။ သာ့ဖုန်း အံ့သြမှင်သက်သွားသည်။ ဒါ ဘယ်လိုနှာခေါင်းလဲ။
***