နင့်ရဲ့အချစ်စစ်၊ ငါ့ရဲ့အချစ်စစ်
Vol. 11 Ch. 176
နဉ်ရှောင်ယောင်းသည် စဉ်းစားမိသည်နှင့် ချက်ချင်း အကောင်အထည်ဖော်တတ်သူဖြစ်သည်။ ယင်းဖုန်းကို မိဖုရားခေါင်ကြီး နန်းတော်မှ ထွက်ခွာနိုင်ရန် ရထားလုံးစီစဉ်ပေးဖို့ ပြောပြီးသည်နှင့် သူမသည် ယိုကွမ့်ကို အင်္ကျီလက်ထဲထည့်၊ သခင်မရှန်းအိမ်မှ ကယ်လာခဲ့သော ရှောင်ချန်းဇီကိုခေါ်ကာ မိဖုရားခေါင်ကြီးနန်းဆောင်သို့ အေးအေးဆေးဆေး လမ်းလျှောက်သွားလိုက်သည်။
မိဖုရားခေါင်ကြီးနန်းဆောင်ရှေ့သို့ နဉ်ရှောင်ယောင်း ရောက်လာသည်ကို တွေ့သောအခါ တံခါးစောင့်မိန်းမစိုးလေးသည် မျက်လုံးပြူးသွားသည်။
"ဟေး... ဟေး..."
နဉ်ရှောင်ယောင်းသည် ထိုမိန်းမစိုးလေး၏ မျက်စိရှေ့တွင် လက်ဝှေ့ယမ်းပြလိုက်သည်။
မိန်းမစိုးလေး သတိဝင်လာပြီး "အရှင်မင်းကြီး" ဟု အသံတုန်တုန်ဖြင့် ခေါ်ကာ ဒူးထောက်ဂါရဝပြုရန် ပြင်လိုက်သည်။
"မလိုပါဘူး။"
နဉ်ရှောင်ယောင်းသည် မိဖုရားခေါင်ကြီးနန်းဆောင်ထဲသို့ ဝင်သွားလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"မိဖုရားခေါင်ကြီး ဘယ်မှာလဲ။"
မိန်းမစိုးလေးသည် နဉ်ရှောင်ယောင်းရှေ့မှ အပြေးအလွှား လမ်းပြရင်း လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး၊ မိဖုရားခေါင်ကြီး နွေဦးနွေးထွေးဆောင်မှာ ရှိနေပါတယ်ဘုရား။"
"နွေဦးနွေးထွေးဆောင်..."
နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"နာမည်လေးက မဆိုးဘူး။ ကြားရတာ နေချင်စဖွယ်လေး။ သွားကြစို့၊ နွေဦးနွေးထွေးဆောင်ကို သွားကြမယ်။"
"မိဖုရားခေါင်ကြီး။"
တင်းမားမားသည် နွေဦးနွေးထွေးဆောင် ဒုတိယထပ်ရှိ အခန်းတံခါးကို ဝုန်းခနဲ ဖွင့်ဝင်လိုက်သည်။
အခန်းထဲတွင် ထိုင်နေသော မိဖုရားခေါင်ကြီးကျိုး လန့်သွားပြီး မေးလိုက်သည်။
"မားမား၊ ဘာဖြစ်လို့လဲ။"
တင်းမားမားသည် အခန်းထဲသို့ ယိုင်နဲ့နဲ့ ဝင်လာပြီး အလောတကြီး ပြောလိုက်သည်။
"အရှင်မင်းကြီး ကြွလာနေပါတယ်!"
မိဖုရားခေါင်ကြီး၏မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။
တင်းမားမားသည် စားပွဲပေါ်ရှိ ကြွေပန်းကန်လုံးကို တစ်ချက်ကြည့်လိုက်သည်။ ထိုပန်းကန်လုံးထဲတွင် ကိုယ်ဝန်ထိန်းဆေးရည် တစ်ဝက်ကျော် ကျန်နေသေးသည်။
မိဖုရားခေါင်ကြီးသည် အင်္ကျီလက်စကို ဆုပ်ကိုင်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။
"အရှင်မင်းကြီးက ဒီအချိန်ကြီး ဘာလာလုပ်တာလဲ။"
တင်းမားမားသည် ကြွေပန်းကန်လုံးကို ကောက်ယူပြီး ပြတင်းပေါက်နားသို့ ပြေးသွားကာ အားကုန် ပစ်ပေါက်လိုက်သည်။
မိဖုရားခေါင်ကြီးသည် တင်းမားမား၏ လုပ်ရပ်ကိုကြည့်ပြီး မသိလိုက်ဘာသာ ဗိုက်ကို အုပ်ထားလိုက်မိသည်။
တင်းမားမား မိဖုရားခေါင်ကြီးအနားသို့ ပြန်ပြေးလာပြီး တိုးတိုးလေး ပြောလိုက်သည်။
"မိဖုရားခေါင်ကြီး မပူပါနဲ့။ အရှင်မင်းကြီး ဘာကိစ္စရှိလို့လာတာလဲဆိုတာ အရင်မေးကြည့်လိုက်ပါ။"
မိဖုရားခေါင်ကြီး ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သည်လိုလုပ်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
နဉ်ရှောင်ယောင်းသည် နွေဦးနွေးထွေးဆောင်ရှေ့သို့ ရောက်သောအခါ နှစ်ထပ်ဆောင်လေးကို မော့ကြည့်လိုက်ပြီး ရှောင်ချန်းဇီကို ပြောလိုက်သည်။
"ရှောင်ချန်းဇီ၊ ဒီမှာ စောင့်နေနော်။"
"ဟုတ်ကဲ့။"
ရှောင်ချန်းဇီ ခေါင်းညိတ်လိုက်သည်။
မိဖုရားခေါင်ကြီးသည် တင်းမားမားနှင့်အတူ အောက်ထပ်သို့ဆင်းကာ အရှင်မင်းကြီးကို ကြိုဆိုရန် ပြင်လိုက်သည်။
နဉ်ရှောင်ယောင်း လှေကားထစ်များပေါ်သို့ တက်ရင်း အင်္ကျီလက်ထဲမှ ထွက်လာသော ယိုကွမ့်ကို ပြောလိုက်သည်။
"သူလျှိုက ဘယ်မှာလဲဆိုတာ သွားရှာကြည့်။ တွေ့ရင် ငါ့ကို လာပြော။"
ယိုကွမ့် ခေါင်းညိတ်ပြပြီး လှေကားထစ်များပေါ်သို့ ခုန်တက်ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
လောင်တသည် အနောက်မှ ပြေးလိုက်လာပြီး နဉ်ရှောင်ယောင်း၏ ပခုံးပေါ်သို့ ခုန်တက်လိုက်သည်။
နဉ်ရှောင်ယောင်းက မေးလိုက်သည်။
"မင်းက ဘာလိုက်လုပ်တာလဲ။"
လောင်တသည် လက်သည်းကို လျက်ရင်း ပြောလိုက်သည်။
"မင်း အ,သွားမှာစိုးလို့ လိုက်လာတာ။"
နဉ်ရှောင်ယောင်း ထိုကြောင်နက်ဝလုံးကို လွှင့်ပစ်ချင်စိတ် ပေါက်သွားသည်။
"မြန်မြန်သွားလေ။ မြောင်!"
လောင်တက နဉ်ရှောင်ယောင်းကို အော်ဟစ်လိုက်သည်။
နဉ်ရှောင်ယောင်း လှေကားထစ်များပေါ်သို့ ဆက်တက်ရင်း မျက်လုံးလှန်ကာ လောင်တကို ပြောလိုက်သည်။
"ငါ့ကို စိတ်ပူတယ်ဆိုလည်း စိတ်ပူတယ်ပေါ့။ ဘာလို့ အမှန်အတိုင်း မပြောရတာလဲ။ ဟန်ဆောင်ကောင်းတဲ့ ကြောင်လေး။"
လောင်တသည် တကယ်တမ်းတော့ နဉ်ရှောင်ယောင်းကို စိတ်ပူ၍ လိုက်လာခြင်းဖြစ်သည်။ သို့သော် နဉ်ရှောင်ယောင်းက လူလည်ခေါင်တွင် ဖွင့်ပြောလိုက်သဖြင့် လောင်တ ရှက်ပြီး ဒေါသထွက်ကာ နဉ်ရှောင်ယောင်းကို ကုတ်လိုက်ပြီး အော်ပြောလိုက်သည်။
"ငတုံးမ၊ အော့ချင်စရာကောင်းတဲ့ စကားတွေ လာမပြောနဲ့! မြောင်!"
နောက်ထပ် ကုတ်ချက်တစ်ချက် ထပ်ထိသွားသော နဉ်ရှောင်ယောင်းသည် ဒီကြောင်ဝတုတ်ရဲ့ အကျင့်ဆိုးကို သည်းခံမနေသင့်ဘူးဟု ဆုံးဖြတ်လိုက်သည်။ လောင်တ၏ လည်ပင်းနောက်မှ အသားကို ဆွဲမလိုက်ပြီး ခေါင်းကို တဘုန်းဘုန်း ရိုက်လေတော့သည်။
မြို့တော်ကြောင်လောက၏ ခေါင်းဆောင်ဖြစ်သော လောင်တသည် အရိုက်ခံရပြီး ငြိမ်နေမည့် ကြောင်မဟုတ်ပေ။ လက်သည်းထုတ်ပြီး နဉ်ရှောင်ယောင်းနှင့် ပြန်ချလေတော့သည်။
လူတစ်ယောက်နှင့် ကြောင်တစ်ကောင် လှေကားထစ်များပေါ်တွင် လုံးထွေးသတ်ပုတ်နေကြသည်။
လှေကားထစ်များပေါ်မှ ဆင်းလာသော မိဖုရားခေါင်ကြီးနှင့် တင်းမားမားတို့သည် ထိုမြင်ကွင်းကို တွေ့လိုက်ရပြီး "..."
"အဲဒါ အရှင်မင်းကြီး မွေးထားတဲ့ ကြောင်မလား။"
မိဖုရားခေါင်ကြီးက တင်းမားမားကို တိုးတိုးလေး မေးလိုက်သည်။
တင်းမားမားသည် မိဖုရားခေါင်ကြီး၏ ရှေ့မှ ကာရပ်လိုက်ပြီး ပြောလိုက်သည်။
"ဟုတ်လောက်ပါတယ်။ ဒီကြောင်က သခင်မကြီးရှဲ့ရဲ့ အလောင်းကောင်ကို ပြန်ရှင်အောင် လုပ်ခဲ့တဲ့ကြောင်ပဲ။ မကောင်းဆိုးဝါးကြောင်။ မိဖုရားခေါင်ကြီး သတိထားပါ။"
မိဖုရားခေါင်ကြီးနှင့် တင်းမားမားတို့ ပြောသည်ကို ကြားလိုက်ရသော နဉ်ရှောင်ယောင်း"..."
ဒီကောလဟလက ဘယ်ကထွက်လာတာလဲ။
မိဖုရားခေါင်ကြီးကို တွေ့သောအခါ လောင်တသည် နဉ်ရှောင်ယောင်း၏ လက်ချောင်းများကို ကိုက်နေခြင်းမှ ရပ်တန့်လိုက်သည်။
"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ဂါရဝပြု..."
လူနှင့်ကြောင် ရန်ဖြစ်နေသည်ကို ရပ်တန့်သွားမှန်း မြင်သောအခါ မိဖုရားခေါင်ကြီးသည် ဒူးထောက်ဂါရဝပြုရန် ပြင်လိုက်သည်။
"ရပြီ၊ ရပြီ။"
နဉ်ရှောင်ယောင်း လက်ကာပြလိုက်သည်။
"လှေကားပေါ်မှာ ဘယ်လိုလုပ် ဒူးထောက်မှာလဲ။ အပေါ်တက်ကြစို့။ ငါ ပြောစရာရှိတယ်။"
တင်းမားမားသည် နဉ်ရှောင်ယောင်း၏ ပခုံးပေါ်မှ လောင်တကို သတိထားကြည့်နေသည်။
"သခင်မကြီးရှဲ့ကိစ္စက အသုဘအခမ်းအနားမှာ မီးလောင်လို့ ဖြစ်တာ။"
နဉ်ရှောင်ယောင်းက တင်းမားမားကို ရှင်းပြလိုက်သည်။
"ငါက သခင်မကြီးကို အခေါင်းထဲက ဆွဲထုတ်လာတာ။ ဒါပေမဲ့ အခေါင်းက ကျိုးသွားပြီး သခင်မကြီး ပြုတ်ကျလာတာ။ အလောင်းကောင် ပြန်ရှင်တာ မဟုတ်ဘူး။"
တင်းမားမား ကြောင်အသွားသည်။ သူဒီလောက် တိုးတိုးလေးပြောတာကို အရှင်မင်းကြီး ကြားတယ် ဟုတ်လား။
မိဖုရားခေါင်ကြီးလည်း ကြောင်သွားသည်။ တင်းမားမားသည် မိဖုရားခေါင်ကြီးကို ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့သူဖြစ်သည်။ ကျိုးအိမ်တော်မှ အမတ်ချုပ်ကြီးအိမ်တော်သို့၊ ထိုမှတစ်ဆင့် နန်းတော်ထဲသို့ လိုက်ပါလာခဲ့သူဖြစ်သည်။ မိဖုရားခေါင်ကြီး အယုံကြည်ရဆုံးနှင့် အားအကိုးရဆုံးသူမှာ တင်းမားမားပင် ဖြစ်သည်။ နဉ်ရှောင်ယောင်းက တင်းမားမားကို အပြစ်ပေးမည်ကို စိုးရိမ်သဖြင့် မိဖုရားခေါင်ကြီးသည် နဉ်ရှောင်ယောင်းကို ဦးညွှတ်ကာ ပြောလိုက်သည်။
"မားမားက အသက်ကြီးပြီး ဦးနှောက်မကောင်းတော့ပါဘူး။ အရှင်မင်းကြီး စိတ်ထဲမထားပါနဲ့။"
နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်သည်။
"မိဖုရားခေါင်ကြီးက လူတစ်ဖက်သား နားဝင်ချိုအောင် ပြောတတ်တဲ့သူ မဟုတ်ဘူးပဲ။"
မိဖုရားခေါင်ကြီး ထပ်မံကြောင်အသွားပြန်သည်။
နဉ်ရှောင်ယောင်း နှာခေါင်းကို ပွတ်လိုက်ပြီး ပြောလိုက်သည်။
"ငါက မားမားကို စိတ်ထဲမထားပါဘူးလို့ ပြောနေတာကို၊ ငါ့ဦးနှောက်လည်း မကောင်းတော့ဘူးလို့ ပြောချင်တာလား။"
မိဖုရားခေါင်ကြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။
တင်းမားမားသည် နဉ်ရှောင်ယောင်း၏ လေသံမမှန်သည်ကို သတိထားမိပြီး လှေကားပေါ်တွင် ဒူးထောက်ချလိုက်ကာ နဉ်ရှောင်ယောင်းကို ဦးတိုက်လိုက်သည်။
"ကျွန်တော်မျိုးမ သေဒဏ်နဲ့ ထိုက်တန်ပါတယ်။"
နဉ်ရှောင်ယောင်း "..."
ငါ ဘာလုပ်မိလို့လဲ။ ဒီအဘွားကြီးကို ဘာလို့ ဒီလောက် လန့်သွားအောင် လုပ်မိတာလဲ။
မိဖုရားခေါင်ကြီးလည်း ဒူးထောက်ရန် ပြင်လိုက်သော်လည်း နဉ်ရှောင်ယောင်းက တားလိုက်သည်။ ထို့နောက် တင်းမားမားကို ကုန်းပြီး ဆွဲထူလိုက်ကာ ပြောလိုက်သည်။
"ကဲပါ၊ ငါ တကယ် အရေးကြီးတဲ့ကိစ္စ ပြောစရာရှိလို့ပါ။ အချိန်မဖြုန်းကြပါနဲ့။"
နဉ်ရှောင်ယောင်းက လက်ဆွဲပြီး အပေါ်ထပ်သို့ ခေါ်သွားသဖြင့် မိဖုရားခေါင်ကြီးကျိုး နေရခက်နေသော်လည်း လက်ကို ရုန်းမထွက်ရဲပေ။
နဉ်ရှောင်ယောင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ မိဖုရားခေါင်ကြီး ဗိုက်ထဲကကလေး ကျန်းမာတာပဲ။
အခန်းထဲ ပြန်ရောက်သောအခါ မိဖုရားခေါင်ကြီးသည် သစ်သီးပန်းကန်ထဲမှ သစ်သီးကို လှမ်းယူနေသော နဉ်ရှောင်ယောင်းကို ကြည့်ပြီး မေးချင်သော်လည်း မမေးရဲဘဲ ဖြစ်နေသည်။
နဉ်ရှောင်ယောင်း ပန်းသီးကြီးတစ်လုံးကိုယူကာ ပါးစပ်အပြည့် ကိုက်ဝါးလိုက်သည်။ မျိုချပြီးနောက် မိဖုရားခေါင်ကြီးကို ပြောလိုက်သည်။
"မင်း ဘာလို့ မထိုင်တာလဲ။"
မိဖုရားခေါင်ကြီးက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုးမ မတ်တတ်ရပ်နေတာပဲ ပိုအဆင်ပြေပါတယ်။"
"မင်း သဘောပါပဲ။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"ငါ သတင်းရထားတယ်။ မယ်တော်ကြီးက မင်းကို ဒုက္ခပေးတော့မယ်တဲ့။"
နဉ်ရှောင်ယောင်း၏ စကားကိုကြားပြီးနောက် မိဖုရားခေါင်ကြီး ကြောင်အသွားသည်။ တင်းမားမားက နဉ်ရှောင်ယောင်း၏ ရှေ့သို့ ပြေးလာပြီး ဒူးထောက်ကာ အသနားခံလိုက်သည်။
"အရှင်မင်းကြီး၊ မိဖုရားခေါင်ကြီးကို ကယ်တင်ပေးပါ။"
နဉ်ရှောင်ယောင်းသည် တင်းမားမားကို နောက်တစ်ကြိမ် ဆွဲထူလိုက်ပြီး ပြောလိုက်သည်။
"ဒါကြောင့် ငါဒီကို ရောက်လာတာပေါ့။"
မိဖုရားခေါင်ကြီး သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။
"မယ်တော်ကြီးက အရှင်မင်းကြီးကို မိဖုရားခေါင်ကြီး နေရာကနေ ဖယ်ရှားခိုင်းနေတာလား။"
"မင်းရဲ့နန်းဆောင်ထဲမှာ မယ်တော်ကြီးရဲ့ လူရှိတယ်။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
တင်းမားမားသည် သူမ၏သခင်မကို လှည့်ကြည့်လိုက်သည်။
မိဖုရားခေါင်ကြီး၏မျက်နှာ ဖြူဖျော့သွားပြီး လက်နှစ်ဖက်ဖြင့် ဗိုက်ကို အုပ်ထားလိုက်သည်။
နဉ်ရှောင်ယောင်းသည် အမှန်အတိုင်း ဖွင့်ပြောသင့်သလား၊ ဟန်ဆောင်နေသင့်သလား စဉ်းစားနေသည်။ အမှန်အတိုင်း ဖွင့်ပြောလိုက်ရင်... 'မိဖုရားခေါင်ကြီး၊ နင် စစ်သူကြီးရွှီဖေးယွီရဲ့ ကလေးကို လွယ်ထားတာ ငါသိတယ်' လို့ ပြောရမှာလား။ ဒါဆို ငါက ဘာလို့ လုံးဝစိတ်မဆိုးရတာလဲဆိုတာ ဘယ်လိုရှင်းပြမလဲ။ 'ငါ့မှာလည်း အချစ်စစ်ရှိတယ်လေ။ ဒါကြောင့် မိဖုရားခေါင်ကြီး နင့်အချစ်စစ်ဆီ နင်သွား၊ ငါ့အချစ်စစ်ဆီ ငါသွားမယ်' လို့ ပြောရမလား။
အချစ်စစ်အကြောင်း တွေးမိသောအခါ နဉ်ရှောင်ယောင်း၏ခေါင်းထဲတွင် လိုကျစ်ကွေ့ပုံလေး ပေါ်လာသည်။ နဉ်ရှောင်ယောင်း ခေါင်းကို တဘုန်းဘုန်း ရိုက်ပြီး လိုကျစ်ကွေ့ပုံရိပ်ကို မောင်းထုတ်လိုက်သည်။
မိဖုရားခေါင်ကြီးနှင့် တင်းမားမားတို့သည် နဉ်ရှောင်ယောင်းကို အံ့သြတကြီး ကြည့်နေကြသည်။ အရှင်မင်းကြီး ဘာဖြစ်သွားတာလဲ။
"ဟိုလေ..."
နဉ်ရှောင်ယောင်း ကိုယ်ကိုမတ်မတ်ထိုင်လိုက်ပြီး မိဖုရားခေါင်ကြီးကို မေးလိုက်သည်။
"မင်း ငါ့ကို ပြောစရာ ဘာမှမရှိဘူးလား။"
မိဖုရားခေါင်ကြီး ခေါင်းခါလိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ကျွန်တော်မျိုးမမှာ ဘာပြောစရာ ရှိမှာလဲ။ အရှင်မင်းကြီး အဆင်ပြေရင် ကျွန်တော်မျိုးမလည်း အဆင်ပြေပါတယ်။"
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဘာလို့ ရဲရဲရင့်ရင့် မချစ်ရဲကြတာလဲ။"
မိဖုရားခေါင်ကြီးနှင့် တင်းမားမားတို့ ထိုစကားကို မကြားလိုက်သော်လည်း နဉ်ရှောင်ယောင်းပခုံးပေါ်မှ လောင်တ ကြားလိုက်သည်။
"သူက ရဲရဲရင့်ရင့် ချစ်နေတာ မဟုတ်ဘူး။ သူက ဖောက်ပြန်နေတာ။ သိရဲ့လား။"
နဉ်ရှောင်ယောင်း လောင်တကို ရင်ခွင်ထဲထည့်ပြီး ဖိထားလိုက်သည်။ ဒီကြောင်ဝတုတ် စိတ်လျော့ဖို့ လိုတယ်။
"အရှင်မင်းကြီး"
တင်းမားမားသည် နဉ်ရှောင်ယောင်းကို မျှော်လင့်တကြီး ကြည့်နေသည်။
"မယ်တော်ကြီး ဘာလုပ်လုပ် ဂရုမစိုက်နဲ့။ မိဖုရားခေါင်ကြီး ပစ္စည်းတွေ အမြန်သိမ်းလိုက်။ ငါ မင်းကို ဒီညပဲ နန်းတော်အပြင် ပို့ပေးမယ်။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"မင်းအစ်ကိုကြီးက ဟိုဘုရားကျောင်းမှာ ရှိတယ်မလား..."
"သံဘုရားကျောင်း။"
လောင်တသည် နဉ်ရှောင်ယောင်း၏လက်မှ ရုန်းထွက်ပြီး အော်ပြောလိုက်သည်။
"ဪ၊ ဟုတ်တယ်၊ သံဘုရားကျောင်း။ မင်း သံဘုရားကျောင်းမှာ ခဏသွားနေလိုက်။"
မိဖုရားခေါင်ကြီး ကြောင်အသွားသည်။
"အရှင်မင်းကြီးက ကျွန်တော်မျိုးမကို သံဘုရားကျောင်း သွားခိုင်းတာလား။"
"ဟုတ်တယ်လေ။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ ငါပြောတာ နားမလည်စရာ ပါလို့လား။
မိဖုရားခေါင်ကြီးက၊ "နှောင်းဧကရာဇ်ရဲ့ အမိန့်တော် ရှိပါတယ်။ ကျွန်တော်မျိုးမရဲ့ အစ်ကိုကြီးက တစ်သက်လုံး ဘုရားတရားနဲ့ပဲ နေရမယ်။ ဘုန်းကြီးတွေကလွဲရင် ဘယ်သူနဲ့မှ မတွေ့ရဘူးတဲ့။"
"ဟိုဦးရီးတော် တော်ဝင်ဆွေမျိုး ဓားပြသတ်လို့ သေသွားတဲ့ကိစ္စကြောင့်လား။"
နဉ်ရှောင်ယောင်းက မေးလိုက်သည်။
မိဖုရားခေါင်ကြီး ခေါင်းညိတ်လိုက်သည်။ ဒီအကြောင်း ပြန်ပြောရတာ ဒေါသလည်း မထွက်တော့သလို၊ ဝမ်းလည်း မနည်းတော့ပေ။
"ပေါက်ကရတွေ။"
နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။
"အဲဒီဦးရီးတော်က အသုံးမကျလို့ သေသွားတာလေ။ မင်းအစ်ကိုနဲ့ ဘာဆိုင်လို့လဲ။ မင်းအစ်ကိုက သူ့ရဲ့ ကိုယ်ရံတော်မှ မဟုတ်တာ။"
မိဖုရားခေါင်ကြီး ကြောင်သွားသည်။ သူမ နားကြားမမှားပါဘူးနော်။ အရှင်မင်းကြီးက ဟုန်ဦးရီးတော် အသုံးမကျလို့ သေသွားတာ၊ သူမအစ်ကိုမှာ အပြစ်မရှိဘူးလို့ ပြောနေတာလား။
"နှောင်းဧကရာဇ်တောင် သေသွားပြီပဲ။ သူ့စကားကို ဂရုစိုက်နေစရာ လိုသေးလို့လား။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"ပစ္စည်းသွားသိမ်းတော့။ ဒီညပဲ မင်းအစ်ကိုဆီ သွားတော့။"
မိဖုရားခေါင်ကြီး ခေါင်းညိတ်ပြီး သဘောတူရန် ပြင်လိုက်စဉ် တင်းမားမားက လှမ်းခေါ်လိုက်သည်။
"မိဖုရားခေါင်ကြီး"
မိဖုရားခေါင်ကြီးသည် တင်းမားမား သူမ၏ဗိုက်ကို ကြည့်နေသည်ကို မြင်သောအခါ သဘောပေါက်သွားပြီး နဉ်ရှောင်ယောင်းကို အမြန်ပြောလိုက်သည်။
"ကျွန်တော်မျိုးမ ထွက်သွားရင် မယ်တော်ကြီးရဲ့ ဒေါသက အရှင်မင်းကြီးဆီ ရောက်လာမှာပေါ့။ ကျွန်တော်မျိုးမ မသွားနိုင်ပါဘူး။ အရှင်မင်းကြီးကို အခက်တွေ့အောင် မလုပ်ချင်ပါဘူး။"
ဒီတစ်ခါတော့ နဉ်ရှောင်ယောင်း ကြောင်သွားသည်။ မိဖုရားခေါင်ကြီးက ဒီအချိန်မှာ ဘာလို့ ဒီလောက်တောင် သဘောထားကြီးပြီး လိမ္မာနေရတာလဲ။
မိဖုရားခေါင်ကြီးသည် နဉ်ရှောင်ယောင်း၏ ရှေ့သို့ လျှောက်လာပြီး နဉ်ရှောင်ယောင်း၏ လက်ပေါ်သို့ လက်တင်လိုက်သည်။
နဉ်ရှောင်ယောင်း နောက်သို့ ဆုတ်လိုက်ပြီး လောင်တကို တိုးတိုးလေး ပြောလိုက်သည်။
"ဘုရားရေ၊ သူ ငါ့ကို ကြိုက်သွားတာများလား။ ငါက အရမ်းမိုက်နေတာကိုး။"
လောင်တ ဘာမှပြန်မပြောဘဲ နဉ်ရှောင်ယောင်းကို ကုတ်လိုက်သည်။
မိဖုရားခေါင်ကြီး မျက်နှာရဲသွားပြီး နဉ်ရှောင်ယောင်းကို တိုးတိုးလေး ပြောလိုက်သည်။
"အရှင်မင်းကြီး ဒီည ဒီမှာ အိပ်လိုက်ပါလား။"
ဒိန်း...
နဉ်ရှောင်ယောင်း ဦးနှောက် ပွင့်ထွက်သွားသလို ခံစားလိုက်ရသည်။ မိဖုရားခေါင်ကြီးက သူမကို ကလေးအဖေ ဖြစ်စေချင်နေတာပဲ။
မိဖုရားခေါင်ကြီး၏ မျက်နှာ ပိုရဲလာသည်။
ဒါက ရှက်လို့မဟုတ်ဘဲ စိတ်ညစ်လို့ဆိုတာ နဉ်ရှောင်ယောင်း ယုံကြည်သည်။
"သံဘုရားကျောင်းကို သွားလိုက်ပါ။"
နဉ်ရှောင်ယောင်းသည် မိဖုရားခေါင်ကြီး၏လက်ကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်ပြီး မတ်တတ်ရပ်ကာ လေးနက်စွာ ပြောလိုက်သည်။
"ငါ မယ်တော်ကြီးကို နိုင်အောင်တိုက်ပြီးရင် လူလွှတ်ပြီး မင်းကို ပြန်လာခေါ်မယ်။"
မိဖုရားခေါင်ကြီး စိတ်ပျက်သွားသော်လည်း စိတ်သက်သာရာ ရသွားသည်။ လုပ်ရမယ်မှန်းသိပေမယ့် သေလောက်အောင် မလုပ်ချင်တဲ့ ကိစ္စမျိုးက လူကို ရူးသွားစေနိုင်တယ်။
***