← Chapters

မယ်တော်ကြီးရှဲ့ ထိုက်ဟွာနန်းဆောင်သို့ ကြွရောက်လာခြင်း

Vol. 11 Ch. 170

မယ်တော်ကြီးရှဲ့ ထိုက်ဟွာနန်းဆောင်သို့ ကြွရောက်လာခြင်း

Vol. 11 Ch. 170

"ကျွန်တော်မျိုး အဲဒီနေ့က အမတ်ချုပ်ကြီးအိမ်တော်မှာ ပဉ္စမသခင်မလေးကို တွေ့ခဲ့ပါတယ်။"

ယင်းဖုန်းသည် နဉ်ရှောင်ယောင်းကို အမှန်အတိုင်း ဝန်ခံလိုက်သည်။

"ကျွန်တော်မျိုး သူနဲ့ စကားမပြောခဲ့ပါဘူး။ ဒါကြောင့် အရှင်မင်းကြီးကို..."

"တော်ပြီ၊ ဆက်မပြောနဲ့တော့။"

နဉ်ရှောင်ယောင်းက ယင်းဖုန်း၏စကားကို ဖြတ်ပြောလိုက်သည်။

"မင်းတွေ့ခဲ့တဲ့ မိန်းကလေးက ရှဲ့သော်ယင်းလား။"

"ဟုတ်ပါတယ်။"

ယင်းဖုန်း ခေါင်းညိတ်လိုက်သည်။

နဉ်ရှောင်ယောင်းသည် သူမ၏မျက်နှာထား အလွန်အမင်း ဝမ်းနည်းပူဆွေးသည့်ပုံစံ မဖြစ်စေရန် မျက်နှာကို လက်ဖြင့်ပွတ်သပ်လိုက်သည်။ ဒီကမ္ဘာကြီးက ရက်စက်လိုက်တာ။

"အရှင်မင်းကြီး?"

နဉ်ရှောင်ယောင်း လက်ထဲမှ ဆံပင်ကို ကြမ်းပြင်ပေါ် လွှတ်ချလိုက်သည်။ ယင်းဖုန်းအတွက် သိမ်းထားပေးမယ်လို့ ကြံရွယ်ထားပေမယ့် ရှဲ့သော်ယင်းဖြစ်နေတော့ အခြေအနေ မကောင်းတော့ဘူး။ အဲဒီမိန်းကလေးက မိဖုရားဖြစ်ချင်နေတဲ့သူလေ။ ကောင်းကင်ပေါ်တက်ချင်နေတဲ့သူကို မြေကြီးပေါ် ဆွဲချလို့ ဘယ်ဖြစ်ပါ့မလဲ။

"စောစောကပြောတဲ့ ကိစ္စကို မေ့လိုက်ကြရအောင်။"

ဆံပင်ကို လွှတ်ချပြီးနောက် နဉ်ရှောင်ယောင်းက ယင်းဖုန်းကို ပြောလိုက်သည်။

"တစ်၊ နှစ်၊ သုံး... မေ့လိုက်ပြီ။"

ယင်းဖုန်း "......"

"ဪ၊ သာ့ဖုန်း၊ မင်းပြန်ရောက်လာပြီပဲ။"

နဉ်ရှောင်ယောင်းက ယင်းဖုန်းကို အသစ်တစ်ဖန် ပြန်နှုတ်ဆက်လိုက်သည်။

ယင်းဖုန်းသည် နဉ်ရှောင်ယောင်းကို ကြည့်ပြီး တိတ်တဆိတ် ဂါရဝပြုလိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်တော်မျိုး ပြန်ရောက်ပါပြီ။"

"ထိုင်လေ။"

နဉ်ရှောင်ယောင်းက ဘေးနားရှိ လွတ်နေသော ကုလားထိုင်ကို ညွှန်ပြရင်း ပြောလိုက်သည်။

"ငါတို့ စကားပြောကြရအောင်။"

ယင်းဖုန်း ခေါင်းကိုက်လာသည်။ ဘာကိစ္စ ထပ်ဆွေးနွေးစရာ ရှိသေးလို့လဲ။

.....

နဉ်ရှောင်ယောင်းသည် ယင်းဖုန်းနှင့် ဘဝအကြောင်း ဆွေးနွေးရန် ပြင်ဆင်နေချိန်တွင် လိုကျစ်ကွေ့သည် တောင်ပိုင်းစစ်သူကြီး ၇ ဦးရှေ့တွင် ထိုင်နေသည်။ ထို ၇ ယောက် လမ်းလျှောက်နိုင် လှုပ်ရှားနိုင်သည်ကို မြင်သောအခါ လိုကျစ်ကွေ့ မအံ့သြမိတော့ပေ။ တစ်နေ့ကျရင် နဉ်ရှောင်ယောင်းက လူသေကို ပြန်ရှင်အောင် လုပ်နိုင်တယ်ဆိုရင်တောင် စစ်သေနာပတိချုပ်လိုက ဖြစ်သင့်တာပဲလို့ ထင်မိမှာ သေချာနေပြီ။

စစ်သူကြီး ၇ ဦးသည် စစ်တပ်ထဲတွင် အထက်အရာရှိကို တွေ့ရသကဲ့သို့ လိုကျစ်ကွေ့ရှေ့တွင် ရိုရိုသေသေ ရပ်နေကြသည်။ လိုကျစ်ကွေ့ အခန်းထဲရောက်ပြီး အချိန်အတော်ကြာသည်အထိ စကားမပြောသော်လည်း သူတို့သည် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။

လိုကျစ်ကွေ့သည် စားပွဲကို လက်ချောင်းဖြင့် ခေါက်လိုက်ပြီး ပြောလိုက်သည်။

"မင်းတို့ကို မြို့တော်ကနေ အမြန်ဆုံး ထွက်ခွာနိုင်အောင် အရှင်မင်းကြီးက တော်ဝင်လျှို့ဝှက်ဆေးကို သုံးပြီး ကုပေးထားတာ။ ဒီဆေးက သုံးလေ နည်းလေပဲ၊ ကုန်သွားရင် ထပ်မရှိတော့ဘူး။ အရှင်မင်းကြီးရဲ့ ကျေးဇူးတရားကို မင်းတို့ မှတ်ထားကြ။"

စစ်သူကြီး ၇ ဦး ခေါင်းညိတ်လိုက်ကြသည်။ နဉ်ရှောင်ယောင်းသာရှိနေလျှင် သူတို့ ဒူးထောက်ကန်တော့မိကြမည်မှာ သေချာသည်။

"သမားတော်တွေ မင်းတို့ကို ပြောမပြလောက်ဘူး။"

လိုကျစ်ကွေ့က ဆက်ပြောလိုက်သည်။

"မင်းတို့ဒဏ်ရာတွေက တော်ဝင်လျှို့ဝှက်ဆေးသာ မသုံးရင် ပြန်ကောင်းလာရင်တောင် လူကောင်းပကတိ ဖြစ်မလာနိုင်ဘူး။ စစ်တပ်ထဲမှာ ရာထူးပြန်ယူဖို့ဆိုတာ အိပ်မက်မက်နေသလို ဖြစ်နေလိမ့်မယ်။ ရှဲ့ဝမ်ယွမ်က မင်းတို့ကို အရှင်ထားဖို့ စိတ်ကူးမရှိဘူး။"

စစ်မှုထမ်းလို့မရတော့ဘူးဆိုတာ အသက်မွေးဝမ်းကျောင်း ပြတ်သွားတာနဲ့ အတူတူပဲ။ အသက်မွေးဝမ်းကျောင်း ပြတ်တယ်ဆိုတာ သေတာနဲ့ မထူးဘူးလေ။ လိုကျစ်ကွေ့၏စကားကို စစ်သူကြီး ၇ ဦး နားလည်ကြသည်။

"နန်းတော်ထဲမှာ မယ်တော်ကြီးရှိနေတော့ မင်းတို့ကိစ္စကို ရှဲ့ဝမ်ယွမ် မသိဘဲ မနေဘူး။"

လိုကျစ်ကွေ့က ပြောလိုက်သည်။

"အရှင်မင်းကြီးရဲ့ သဘောကတော့ မင်းတို့ကို ဒီနေ့ပဲ မြို့တော်က ထွက်ခွာစေချင်တယ်။"

စစ်သူကြီး ၇ ဦး၏ မျက်နှာထား တည်ကြည်လေးနက်သွားသည်။ သူတို့လည်း မြန်မြန်သွားချင်ကြသည်။ အရှင်မင်းကြီးက မလွှတ်မှာကိုသာ စိုးရိမ်နေကြတာဖြစ်သည်။

"မသွားခင် မင်းတို့တပ်သားတွေကို အရင်သွားတွေ့လိုက်ကြ။ စစ်သားတွေ အများကြီးခေါ်သွားရင် လူသိသာပြီး ရှဲ့ဝမ်ယွမ် တားဆီးဖို့ လွယ်ကူလိမ့်မယ်။ မင်းတို့ ရုပ်ဖျက်ပြီး သွားရင်တော့ ရှဲ့ဝမ်ယွမ်ရဲ့ လုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက်နိုင်ချေ ရှိသေးတယ်။ ရှဲ့ဝမ်ယွမ်ရဲ့ လုပ်နည်းကို သူ့လူယုံတွေဖြစ်တဲ့ မင်းတို့က ငါ့ထက် ပိုသိကြမှာပါ။"

စစ်သူကြီးတစ်ဦးက မေးလိုက်သည်။

"စစ်သူကြီး သတင်းတစ်ခုခု ရထားလို့လား။"

"ရှဲ့ဝမ်ယွမ်က မင်းတို့ကို သတ်ချင်နေတယ်။"

လိုကျစ်ကွေ့က အေးဆေးစွာ ပြောလိုက်သည်။

စစ်သူကြီး ၇ ဦးသည် ကောင်းကင်ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဒါက အရှင်မင်းကြီး ဆုချလိုက်တာ။"

လိုကျစ်ကွေ့သည် ငွေစက္ကူအချို့ကို စားပွဲပေါ် တင်လိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်သည်။

"ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြ။ နဂါးအစောင့်တပ်သားတွေကို မင်းတို့ကို နန်းတော်အပြင် လိုက်ပို့ခိုင်းလိုက်မယ်။"

စစ်သူကြီး ၇ ဦး စကားပြောချင်သေးသော်လည်း လိုကျစ်ကွေ့ အခန်းပြင်သို့ ရောက်သွားလေပြီ။

....

တစ်နာရီကြာပြီးနောက် စစ်သူကြီး ၇ ဦးသည် အိပ်ဆောင်အပြင်ဘက်တွင် နဉ်ရှောင်ယောင်းကို ဦးခိုက်ကန်တော့ပြီး နဂါးအစောင့်တပ်သားများ ခြံရံလျက် ရထားလုံးများဖြင့် နန်းတော်မှ ထွက်ခွာသွားကြသည်။

"ကျွန်တော် သူတို့နောက်ကို လိုက်သွားလိုက်ဦးမယ်။"

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို မှာကြားလိုက်သည်။

"မင်း နန်းတော်ထဲမှာပဲ နေခဲ့။"

"ကျွန်မကူညီဖို့ မလိုဘူးလား။"

နဉ်ရှောင်ယောင်းက မေးလိုက်သည်။

"လျှောက်မသွားနဲ့နော်။"

စစ်သေနာပတိချုပ်လိုသည် နဉ်ရှောင်ယောင်း၏ ခေါင်းကို ပွတ်ပေးလိုက်သည်။

"ဒါဆို ပြန်လာရင် ကျွန်မအတွက် ကွေ့ဟွားပျားရည်သကြားလုံး တစ်ထုတ် ဝယ်လာပေးနော်။"

"ကောင်းပြီ။"

လိုကျစ်ကွေ့ ချက်ချင်း သဘောတူလိုက်သည်။

နဉ်ရှောင်ယောင်းသည် တံခါးဝတွင်ရပ်ကာ လိုကျစ်ကွေ့တို့ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ကျန်ရစ်ခဲ့သော ယင်းတျန့်ကို ပြောလိုက်သည်။

"ဒါပေမဲ့ ငါပွဲသွားကြည့်ချင်သေးတယ်။"

ယင်းတျန့် "....."

အရှင်မင်းကြီးက စစ်သေနာပတိချုပ်ကို ကတိပေးလိုက်တာ အလကားပဲလား။

"ငါ အမတ်ချုပ်ကြီးအိမ်တော်ကိုလည်း သွားကြည့်ချင်တယ်။ ဒီနေ့ အမတ်ချုပ်ကြီးအိမ်တော်မှာ ပြဿနာတက်လိမ့်မယ်လို့ ငါထင်တယ်။"

ယင်းတျန့်က၊ "အရှင်မင်းကြီး၊ အမတ်ချုပ်ကြီးအိမ်တော်မှာ နေ့တိုင်း ပြဿနာတက်နေတာပဲလေ။"

နဉ်ရှောင်ယောင်း ပြန်ပြောရန် ပြင်လိုက်စဉ် ခေါင်းပေါ်မှ အဘိုးစာကလေး၏ အသံကို ကြားလိုက်ရသည်။

"ရှောင်ယောင်း၊ စစ်သေနာပတိချုပ်ရဲ့ အစ်ကိုကြီး သတင်းရပြီ။ ပန်းခြံငယ်လေးဆီ လာခဲ့။"

"ထားလိုက်တော့။"

နဉ်ရှောင်ယောင်း ယင်းတျန့်ဘက် လှည့်ပြောလိုက်သည်။

"ငါ ဘယ်မှမသွားချင်တော့ဘူး။"

သူ့အရှင်သခင်ကို နန်းတော်ထဲမှာနေဖို့ ဘယ်လိုပြောရမလဲ စဉ်းစားနေသော ယင်းတျန့်၏နဖူးပေါ်တွင် ချွေးများစီးကျလာသည်။ အရှင်မင်းကြီးက စိတ်ပြောင်းတာ မြန်လိုက်တာ။

နဉ်ရှောင်ယောင်း ပန်းခြံငယ်လေးဆီ ပြေးသွားရန် ပြင်လိုက်စဉ်မှာပင် မယ်တော်ကြီးနန်းဆောင်မှ လူများ ရောက်လာကြပြန်သည်။

အဘွားယာ ခေါ်ဆောင်လာသော နန်းတွင်းမားမားကို စိတ်မရှည်စွာ ကြည့်ရင်း နဉ်ရှောင်ယောင်း မေးလိုက်သည်။

"မယ်တော်ကြီးက ဘာကိစ္စ ရှိပြန်ပြီလဲ။"

မားမားက ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ချန်ဝမ်မင်းသား နေမကောင်းဖြစ်နေပါတယ်။"

နဉ်ရှောင်ယောင်း ကြောင်အသွားသည်။

"သမားတော်က အအေးမိတာလို့ ပြောပါတယ်။"

မယ်တော်ကြီးနန်းဆောင်မှ မားမားက စိုးရိမ်တကြီး ပြောလိုက်သည်။

"အအေးမိတာများ၊ ဆေးသောက်လိုက်ရင် ပြီးတာပဲလေ။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

မားမားသည် အဘွားယာနှင့် ယင်းတျန့်ကို အကူအညီတောင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ အအေးမိတာက ဘာလဲဟင်။

"သွားတော့မယ်။"

နဉ်ရှောင်ယောင်း လှည့်ထွက်ရန် ပြင်လိုက်သည်။

"အရှင်မင်းကြီး!"

မားမားသည် နဉ်ရှောင်ယောင်း ထွက်သွားတော့မည်ကို မြင်သောအခါ အော်ဟစ်လိုက်သည်။

"ရိုင်းစိုင်းလိုက်တာ!"

ယင်းတျန့်၏အသံက မားမားထက် ပိုကျယ်လောင်သည်။

"အရှင်မင်းကြီးရှေ့မှာ အော်ဟစ်ရဲတယ်ပေါ့။"

မားမားသည် ယင်းတျန့်၏ ဟိန်းဟောက်သံကြောင့် ဒူးထောက်ကျသွားသည်။

ထိုအခါ နဉ်ရှောင်ယောင်းက၊ "ထားလိုက်ပါ၊ အော်ပါစေ။ သူ အော်လို့ ငါကလန့်သွားမယ့်လူမှ မဟုတ်တာ။"

"အဲဒါကြောင့် မဟုတ်ပါဘူး။"

ယင်းတျန့်က နဉ်ရှောင်ယောင်းကို စိတ်လောကြီးစွာ ပြောလိုက်သည်။ ဒါက အရှင်မင်းကြီးရှေ့မှာ မရိုမသေလုပ်တာလေ၊ လန့်တာမလန့်တာနဲ့ ဘာဆိုင်လို့လဲ။

"ဒါဆို မင်းက ဘယ်လိုလုပ်ချင်လို့လဲ။"

နဉ်ရှောင်ယောင်းက မေးလိုက်သည်။

"ရိုက်သတ်သင့်ပါတယ်။"

ယင်းတျန့်သည်လည်း ပွင့်လင်းသူဖြစ်သဖြင့် တိုတိုတုတ်တုတ် ပြောလိုက်သည်။

မားမား၏တစ်ကိုယ်လုံး တုန်ယင်သွားသည်။

"ဒီနေ့ ဘယ်သူက အသတ်ခံရမလဲဆိုတာ ငါကြည့်ချင်သေးတယ်။"

ခြံဝင်းအပြင်ဘက်မှ မယ်တော်ကြီးရှဲ့၏အသံ ထွက်ပေါ်လာသည်။ တံတိုင်းခြားနေသော်လည်း မယ်တော်ကြီး၏ဒေါသကို လူတိုင်း ခံစားလိုက်ရသည်။

နဉ်ရှောင်ယောင်း ယင်းဖုန်းကို တီးတိုးပြောလိုက်သည်။

"ဒီအဘွားကြီးက ဘာကိစ္စ အိမ်တိုင်ရာရောက် လာသတ်နေတာလဲ။"

ယင်းတျန့် ရှေ့တိုးပြီး နဉ်ရှောင်ယောင်း၏ရှေ့တွင် ကာရပ်လိုက်သည်။ မယ်တော်ကြီး၏ ဩဇာအာဏာ ကြီးမားလွန်းသဖြင့် ယင်းတျန့်သည် အလိုအလျောက် အရှင်မင်းကြီးကို ကာကွယ်ရန် ပြင်လိုက်ခြင်းဖြစ်သည်။

မယ်တော်ကြီးရှဲ့သည် ဝေါယာဉ်ပေါ်တွင်ထိုင်လျက် မိန်းမစိုး ၄ ယောက် ထမ်းပိုးမှုဖြင့် ခြံဝင်းထဲသို့ ဝင်ရောက်လာသည်။

နဉ်ရှောင်ယောင်းသည် ယင်းတျန့်ကို သူမ၏အနောက်သို့ ဆွဲပို့လိုက်ပြီး ပြောလိုက်သည်။

"ခြေထောက်ကျိုးနေတဲ့ မိန်းမကြီးကို ကြောက်စရာ လိုလို့လား။ သာ့ဖုန်း မကြောက်နဲ့၊ ငါရှိတယ်။"

ယင်းတျန့် ရှက်လွန်းသဖြင့် သေချင်စိတ်ပေါက်သွားသည်။

မိန်းမစိုးများ ဝေါယာဉ်ကို ချလိုက်သည်။ မယ်တော်ကြီးရှဲ့သည် နဉ်ရှောင်ယောင်းကို ကြည့်ပြီး ခေါ်လိုက်သည်။

"အရှင်မင်းကြီး။"

"နေပါဦး။"

နဉ်ရှောင်ယောင်း လက်ကာပြလိုက်ပြီး မယ်တော်ကြီးနောက်မှ ပါလာသော အပျိုတော်များ၊ မိန်းမစိုးများကို မေးလိုက်သည်။

"ဘာဖြစ်ကြတာလဲ။ ငါက ဧကရာဇ်မင်း မဟုတ်တော့ဘူးလား။ မင်းတို့က ငါ့ကိုမြင်တာတောင် မတ်တတ်ရပ်နေကြတုန်းပဲလား။"

"ကျွန်တော်မျိုး (ကျွန်တော်မျိုးမ) တို့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"

မယ်တော်ကြီးနန်းဆောင်မှ လူများ အလျင်အမြန် ဒူးထောက်ဂါရဝပြုလိုက်ကြသည်။

နဉ်ရှောင်ယောင်းသည် စင်္ကြံလမ်းတွင် မတ်မတ်ရပ်နေသည်။ သူမက လူတွေ ဒူးထောက်တာကို မကြိုက်ပေမယ့် မယ်တော်ကြီးလို နန်းတွင်းရေးရာ ကျွမ်းကျင်သူနဲ့ ယှဉ်ပြိုင်ရတဲ့အခါ ဦးနှောက်ချင်းယှဉ်ရင် သူမရှုံးမှာ သေချာတယ်။ ဒါကြောင့် ဩဇာအာဏာနဲ့ ဖိနှိပ်မှ ရမယ်။

မယ်တော်ကြီးရှဲ့က အေးစက်စွာ ပြုံးပြီး ပြောလိုက်သည်။

"အရှင်မင်းကြီးက ယဉ်ကျေးမှုကို နားလည်လာပြီပဲ။"

"ဟဲဟဲ..."

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"ကျွန်တော်က အမြဲတမ်း ယဉ်ကျေးပါတယ်။ မယ်တော်ကြီး နေကောင်းလား။ မယ်တော်ကြီးက ရုတ်တရက် အိုစာသွားသလိုပဲ။ အရိုးကျိုးတာက ရုပ်ရင့်စေတာလား။"

မယ်တော်ကြီးရှဲ့ "....."

"ကျွတ်..."

နဉ်ရှောင်ယောင်း နှုတ်ခမ်းစုပ်သပ်လိုက်ပြီး စောစောက မားမားကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဒီမားမား ပြောတာတော့ ချန်ဝမ် နေမကောင်းဘူးတဲ့။ မယ်တော်ကြီးက ချန်ဝမ်ကို မပြုစုဘဲ ထိုက်ဟွာနန်းဆောင်ကို ဘာလာလုပ်တာလဲ။"

"အိုက်ကျား..."

"ဪ..."

နဉ်ရှောင်ယောင်းက ဖြတ်ပြောလိုက်သည်။

"ချန်ဝမ်က အတော်လေး နေမကောင်းဖြစ်နေတာကိုး။ မယ်တော်ကြီးက ကျွန်တော် သမားတော်မှန်း သတိရသွားပြီး ကျွန်တော့်ကို လာပင့်တာလား။"

"ဒါတော့ အရှင်မင်းကြီး ပင်ပန်းခံစရာ မလိုပါဘူး။ အိုက်ကျား..."

"ဪ၊ ဒီကိစ္စ မဟုတ်ဘူးလား။ ဒါဆို ကျွန်တော်တို့ ဆွေးနွေးစရာ မရှိတော့ဘူး။ မယ်တော်ကြီး နေကောင်းပါစေ၊ တာ့တာ။"

နဉ်ရှောင်ယောင်းသည် မယ်တော်ကြီးရှဲ့ကို လက်ပြနှုတ်ဆက်လိုက်သည်။

"ကောင်းကောင်း ပြန်ကြွပါ၊ လိုက်မပို့တော့ဘူးနော်။"

မယ်တော်ကြီးရှဲ့ အသက်ရှူသံ ပြင်းလာသည်။

ခြံဝင်းထဲမှ လူများ မယ်တော်ကြီး၏မျက်နှာကို မမော့ကြည့်ရဲကြပေ။

လိုကျစ်ကွေ့ကို လိုက်ပို့ပြီး ပြန်လာသော ယင်းဖုန်းသည် ခြံဝင်းထဲသို့ ဝင်လာသည်နှင့် မယ်တော်ကြီးရှဲ့ကို ကျော်လွန်ကာ နဉ်ရှောင်ယောင်း၏ ရှေ့သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

မယ်တော်ကြီးရှဲ့ ဒေါသထွက်သွားပြီး ယင်းဖုန်းကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

"ကျွန်ယုတ်!"

ယင်းဖုန်းသည် မယ်တော်ကြီးကို ဂါရဝမပြုမိသည်ကို သတိရသွားပြီး ဒူးထောက်တောင်းပန်ရန် ပြင်လိုက်စဉ် နဉ်ရှောင်ယောင်းက သူ့ကို အနောက်သို့ ဆွဲပို့လိုက်ပြန်သည်။

"ခွေးအလိုက်မခံရဖူးရင် ခွေးကို မစော်ကားနဲ့။"

နဉ်ရှောင်ယောင်းက မယ်တော်ကြီးရှဲ့ကို မျက်လုံးပြူးကြည့်ကာ ပြောလိုက်သည်။

"ထိုက်ဟွာနန်းဆောင်ကို မလာခင် မှန်မကြည့်ခဲ့ဘူးလား။ မယ်တော်ကြီးရဲ့ ရုပ်က နှစ် ၃၀ လောက် အိုစာသွားတာ သာ့ဖုန်းက ဘယ်လိုလုပ် မှတ်မိမှာလဲ။"

ယင်းဖုန်း ခေါင်းငုံ့ထားလိုက်သည်။ မယ်တော်ကြီးကို မကြည့်ရဲတော့ပေ။ နှစ် ၃၀ လောက် အိုစာသွားတယ်တဲ့... အရှင်မင်းကြီးရဲ့ ပါးစပ်က အဆိပ်ပြင်းလွန်းတယ်။

မယ်တော်ကြီး၏ မျက်နှာ မည်းမှောင်သွားသည်ကို မြင်သောအခါ ယင်းတျန့်သည် နဉ်ရှောင်ယောင်းကို ဒူးထောက်ချင်စိတ် ပေါက်သွားသည်။

မယ်တော်ကြီးနန်းဆောင်မှ လူများမှာမူ မယ်တော်ကြီးသည် အရှင်မင်းကြီးနှင့် ဘာလို့များ အမြဲတမ်း ရန်ဖြစ်ချင်နေရသလဲဟု တွေးတောနေကြသည်။

မယ်တော်ကြီးရှဲ့ နဉ်ရှောင်ယောင်းကို စိုက်ကြည့်နေသည်။

နဉ်ရှောင်ယောင်းသည် မျက်လုံးကို လက်ဖြင့်ဖြဲပြပြီး ပြောလိုက်သည်။

"ဒီလိုလုပ်ကြည့်လိုက်တော့ မယ်တော်ကြီးမျက်နှာပေါ်က အရေးအကြောင်းတွေကို ပိုရှင်းရှင်းလင်းလင်း မြင်ရတယ်။"

"နဉ်ယွီ!"

မယ်တော်ကြီးရှဲ့ အော်ဟစ်လိုက်သည်။

နဉ်ရှောင်ယောင်း မျက်လုံးပြန်မှိတ်လိုက်ပြီး ပြောလိုက်သည်။

"အင်း ကျွန်တော်ရှိပါတယ်။ ကောင်းကောင်းပြောပါ။ ယဉ်ကျေးကြစို့၊ လမ်းဘေးကလူတွေလို မအော်နဲ့။"

"မင်းက မင်းရဲ့မယ်တော်ကို ဒီလိုဆက်ဆံတာလား။"

မယ်တော်ကြီးရှဲ့ ရုတ်တရက် ငိုချလိုက်သည်။

နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ တောက်! ဒီမိန်းမကြီးက ရန်ဖြစ်လို့မနိုင်ရင် ငိုပြတော့မယ်။ ပျင်းစရာကောင်းလိုက်တာ။

မယ်တော်ကြီးရှဲ့က ငိုယိုပြောဆိုလိုက်သည်။

"မင်းဒီလိုလုပ်နေမှတော့ အိုက်ကျားအသက်ရှင်နေလို့ ဘာထူးမှာလဲ။"

"တော်ပါတော့၊ မငိုပါနဲ့။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"နောက်တစ်ဆင့်ကျရင် ခမည်းတော်ကို တိုင်တည်ပြီး ငိုတော့မှာမလား။ ညှိနှိုင်းကြရအောင်၊ တခြားနည်း ပြောင်းသုံးလို့ မရဘူးလား။"

"မင်း!"

"ကျွန်တော် သမားတော်တစ်ယောက်အနေနဲ့ ပြောမယ်နော်။ ငိုရင် ပိုမြန်မြန် အိုတတ်တယ်။"

မယ်တော်ကြီးရှဲ့ နဉ်ရှောင်ယောင်းကို လက်ညှိုးထိုးထားသည်။

နဉ်ရှောင်ယောင်း မေးစေ့ကို လက်ဖြင့်ပွတ်သပ်ပြီး ပြောလိုက်သည်။

"ကျွန်တော်ရဲ့ ပန်းပွင့်လေးလို အရွယ်ကို ကြည့်ပါလား။"

လူအများ "....."

အရှင်မင်းကြီးက မယ်တော်ကြီးကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာလား။

မယ်တော်ကြီးရှဲ့သည် သူမနှင့် တစ်ချက်ကလေးမျှ မတူသော နဉ်ရှောင်ယောင်း၏မျက်နှာကို ကြည့်ရင်း ဒီကောင်မစုတ်လေးနဲ့ စကားနိုင်လုနေတာ အရမ်းမိုက်မဲရာကျမှန်း သဘောပေါက်လိုက်သည်။

"ယင်းယွီဆိုတဲ့ ကျွန်ယုတ် ဘယ်မှာလဲ။"

မယ်တော်ကြီးရှဲ့ ဒေါသကို မြိုသိပ်ပြီး မေးလိုက်သည်။

"သူမရှိဘူး။"

နဉ်ရှောင်ယောင်းက ဖြေလိုက်သည်။

"သူက ချန်ဝမ်ကို နေမကောင်းဖြစ်အောင် လုပ်ခဲ့တာ။"

မယ်တော်ကြီးရှဲ့က နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

"အရှင်မင်းကြီးက သူ့ကို အပြစ်မပေးဘူးလား။ ဒါမှမဟုတ် ချန်ဝမ် နေမကောင်းဖြစ်တာက အရှင်မင်းကြီးရဲ့ အမိန့်ကြောင့်လား။"

***

All Chapters