ရှောင်ထောင်ဟွားသေဆုံးခြင်း
Vol. 11 Ch. 174
အနက်ရောင်နှင်းခဲ မြင်းတပ်မှ စစ်သူကြီး တန့်ရုံသည် တောင်ဘက် နန်းတော်တံခါးပေါက်ငယ်မှ လိုက်ထွက်လာသောအခါ ရှောင်ထောင်ဟွားသည် အတော်ဝေးဝေးသို့ ရောက်ရှိနေပြီဖြစ်သည်။ သူမကို လိုက်ပို့သော မယ်တော်ကြီးနန်းဆောင်မှ မားမားကိုမူ အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။
နန်းတော်အနီးတစ်ဝိုက်တွင် လူသတ်ခြင်းသည် မသင့်တော်ဟု ယူဆသဖြင့် စစ်သူကြီးတန့်သည် ရှောင်ထောင်ဟွား၏နောက်မှ ခပ်လှမ်းလှမ်း လိုက်ပါသွားခဲ့သည်။
ဆူညံသော လူသံများကို ကြားရမှ ရှောင်ထောင်ဟွား ခြေလှမ်းတန့်ကာ အသက်ရှူနိုင်တော့သည်။ လူသံကြားရပြီဆိုတော့ နန်းတော်နဲ့ ဝေးသွားပြီပေါ့။ အသက်ရှူပြီးနောက် ရှောင်ထောင်ဟွားသည် ကျောပေါ်မှ အထုပ်ကို သေချာပြင်လွယ်ကာ ရှေ့သို့ ဆက်လျှောက်သွားသည်။
ရှောင်ထောင်ဟွားနောက်မှ လိုက်ပါလာသော တန့်ရုံသည် ဘယ်နေရာမှာ လက်စဖျောက်ရမလဲဟု စဉ်းစားနေသည်။ ဒီလောက် သာမန်မိန်းကလေးတစ်ယောက်ကို သတ်ဖို့ ဓားတောင်ထုတ်စရာ မလိုပါဘူး။ လက်ညှိုးလေး လှုပ်လိုက်ရုံနဲ့ အေးဆေးသတ်လို့ရတယ်။
နောက်ဆုံးတွင် လူအုပ်ထဲ ရောက်သွားသောအခါ ရှောင်ထောင်ဟွား၏စိုးရိမ်စိတ်များ လျော့ကျသွားသည်။ ဒီနေရာရောက်မှတော့ ငါလုံခြုံပြီပေါ့။
ကလေးအချို့ ဆော့ကစားရင်း ရှောင်ထောင်ဟွားဘေးမှ ဖြတ်ပြေးသွားကြသည်။
လေရဟတ်ကိုင်ထားသော ကလေးမလေးတစ်ယောက်ကို ကြည့်ရင်း ရှောင်ထောင်ဟွား အတွေးလွန်နေမိသည်။
တန့်ရုံ ရှေ့သို့တိုးသွားလိုက်သည်။
ရုတ်တရက် ဒုက္ခသည်တစ်ယောက်လို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် လမ်းဘေးဆိုင်တစ်ဆိုင်၏ ခေါင်မိုးအောက်မှ ပြေးထွက်လာပြီး ရှောင်ထောင်ဟွား၏နံဘေးသို့ ရောက်လာကာ ညာလက်ဖြင့် ရှောင်ထောင်ဟွား၏နံဘေးကို ထိုးလိုက်ပြီး ဘယ်လက်ဖြင့် ရှောင်ထောင်ဟွား၏အထုပ်ကို လုယူကာ ထွက်ပြေးသွားလေသည်။
တန့်ရုံ လူအုပ်ထဲတွင် ရပ်တန့်လိုက်သည်။
ရှောင်ထောင်ဟွား၏ဘေးမှ လမ်းသွားလမ်းလာများသည် အခြေအနေကို သတိပြုမိသွားကြပြီး လမ်းပေါ်လဲကျနေသော ရှောင်ထောင်ဟွား၏အောက်တွင် သွေးအိုင်ကို တွေ့လိုက်ကြရသည်။
"လူသတ်နေပါတယ်! လူသတ်နေပါတယ်!"
အမျိုးသမီးတစ်ဦး စူးရှစွာ အော်ဟစ်လိုက်သည်။
လမ်းသွားလမ်းလာအချို့သည် ထိုအမျိုးသားပြေးသွားရာ နောက်သို့ လိုက်သွားကြသော်လည်း ထိုအမျိုးသားသည် လူအုပ်ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
ရှောင်ထောင်ဟွားသည် ခါးကိုဖိထားသော်လည်း သွေးများသည် လက်ချောင်းများကြားမှ စီးကျလာပြီး မြေပြင်ပေါ်တွင် သွေးကွက်ကြီး ဖြစ်ပေါ်လာသည်။
တန့်ရုံသည် ဝိုင်းအုံကြည့်နေသော လူအုပ်ကို တိုးဝှေ့ပြီး ရှောင်ထောင်ဟွား၏ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ငါက အမိန့်နဲ့လာတာ။ ငါလက်မပါရသေးခင် တခြားလူက မင်းကို အရင်သတ်သွားတယ်။"
ရှောင်ထောင်ဟွား၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"မင်း သခင်ရွေးမှားသွားတာပဲ။"
တန့်ရုံက ပြောလိုက်သည်။
မယ်တော်ကြီးက ဘာကိစ္စ ဒီလောက်ကြင်နာပြီး သူ့အလုပ်ကို ဖျက်ဆီးတဲ့ အပျိုတော်တစ်ယောက်ကို လွှတ်ပေးရမှာလဲ။ တကယ်တော့ မယ်တော်ကြီးနန်းဆောင်မှာ လက်အောက်ငယ်သားတွေကို သဘောထားကြီးကြောင်း ပြဇာတ်ကပြလိုက်တာပဲ။ နောက်ဆုံးတော့ မယ်တော်ကြီးက ဒီအပျိုတော်ရဲ့ အသက်ကို လိုချင်နေတာပါပဲ။
တန့်ရုံသည် ရှောင်ထောင်ဟွားကို သနားစွာ ကြည့်ပြီး ပြောလိုက်သည်။
"ယင်းဖုန်းက ယောက်ျားကောင်းတစ်ယောက်ပါ။ မင်းသာ အစကတည်းက အမှန်အတိုင်း ပြောခဲ့ရင် အခုလို အဆုံးသတ်ရမှာ မဟုတ်ဘူး။"
ထိုစကားပြောပြီးနောက် တန့်ရုံ ထရပ်ပြီး ထွက်ခွာသွားသည်။
လမ်းသွားလမ်းလာအချို့က သမားတော်ခေါ်ရန် အော်ဟစ်နေကြသည်။
ဒဏ်ရာကို ဖိထားသော ရှောင်ထောင်ဟွား၏လက်များ တဖြည်းဖြည်း အားလျော့လာသည်။ အစကတည်းက အမှန်အတိုင်းပြောခဲ့ရင်ဟုတ်လား။ အဲဒီတုန်းက သူက မိဖုရားဖြစ်ဖို့ စိတ်ကူးယဉ်အိပ်မက်တွေ မက်နေတာလေ။ ယင်းဖုန်းလို ယောက်ျားမျိုးကို ဘယ်လိုလုပ် မျက်လုံးထဲ ထည့်မှာလဲ။
"မိန်းကလေး၊ နည်းနည်းလောက် သည်းခံပါဦး။ သမားတော် လာနေပါပြီ။"
သဘောကောင်းသော အမျိုးသမီးတစ်ဦးက ရှောင်ထောင်ဟွားကို အော်ပြောလိုက်သည်။
ရှောင်ထောင်ဟွား၏မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ အိပ်မက်တစ်ခုပါပဲ... တကယ်တော့ သူက မယ်တော်ကြီးနဲ့ အရှင်မင်းကြီးတို့ရဲ့တိုက်ပွဲကြားက စတေးခံလိုက်ရတဲ့ နယ်ရုပ်လေးတစ်ရုပ် ဖြစ်နေခဲ့တာပဲ။
"မိန်းကလေး။"
အမျိုးသမီးအချို့ ရှောင်ထောင်ဟွားကို ဝိုင်းခေါ်နေကြသည်။
ရှောင်ထောင်ဟွား တွေးလိုက်မိသည်။ သာ့ဖုန်းက ဒီနေ့အထိ ငါ့နာမည်အရင်းကို မသိသေးဘူးပဲ။
ထိုလမ်းပေါ်တွင် ဆေးခန်းတစ်ခန်းရှိရာ သမားတော်တစ်ဦးကို လမ်းသွားလမ်းလာများက အတင်းဆွဲခေါ်လာကြသည်။
လူအများ လမ်းဖယ်ပေးကြပြီး ရှောင်ထောင်ဟွားကို ကယ်ပေးရန် သမားတော်ကို တောင်းပန်ကြသည်။
သမားတော်သည် ဒူးထောက်ထိုင်ချလိုက်ပြီး သွေးအိုင်ကို တစ်ချက်ကြည့်ကာ ရှောင်ထောင်ဟွား၏ နှာခေါင်းဝတွင် လက်တင်စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ဆုံးသွားပါပြီ။"
အမျိုးသမီးတစ်ဦးသည် ခဏတာ ကြောင်သွားပြီးနောက် ရှောင်ထောင်ဟွား၏ ပြူးကျယ်နေသော မျက်လုံးများကို ပိတ်ပေးရန် ကြိုးစားသော်လည်း မပိတ်ဘဲ ဖြစ်နေသည်။ ဒီမိန်းကလေးက မကျွတ်မလွတ် ဖြစ်သွားတာများလား။
"သူက ဘယ်သူလဲ။"
အခြားအမျိုးသမီးတစ်ဦးက မေးလိုက်သည်။
လူအများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ယခုအချိန်အထိ ဒီမိန်းကလေးရဲ့ ဆွေမျိုးမိတ်ဆွေ ဘယ်သူမှ ရောက်မလာသေးဘူး။ တစ်ကောင်ကြွက်များလား။
သခင်မကြီးတစ်ဦးသည် ရှောင်ထောင်ဟွား၏ကိုယ်ကို စမ်းသပ်ကြည့်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။
"ကံဆိုးလိုက်တာ၊ ဒီကလေးမလေး ကိုယ်ပေါ်မှာ ဘာပစ္စည်းမှ မကျန်တော့ဘူး။"
လူအများ သက်ပြင်းချလိုက်ကြသည်။ ဆွေမျိုးမိတ်ဆွေလည်း မရှိ၊ နာမည်နဲ့ နေရပ်လိပ်စာ သိနိုင်မယ့် ပစ္စည်းလည်း မရှိဆိုတော့ ဒီမိန်းကလေးကို အစိုးရက တောထဲမှာ စွန့်ပစ်လိုက်တော့မှာပဲ။ အထီးကျန် ဝိညာဉ်လေး ဖြစ်တော့မှာပေါ့။
လက်တိုဝတ်ထားသော အမျိုးသားတစ်ဦးသည် လူအုပ်ထဲမှ ထွက်လာပြီး နန်းတော်ရှိရာဘက်သို့ လျင်မြန်စွာ လျှောက်သွားလေသည်။
မကြာမီ မြို့တံခါးကိုးပေါက် တပ်မှူးရုံးမှ အရာရှိများ ရောက်လာကြပြီး ရှောင်ထောင်ဟွား၏ နှာခေါင်းဝတွင် လက်တင်စမ်းသပ်ကာ ကိုယ်ပေါ်တွင် ရှာဖွေစစ်ဆေးပြီးနောက် အလောင်းကို တွန်းလှည်းပေါ်တင်ကာ ဆွဲယူသွားကြသည်။
လမ်းသွားလမ်းလာများသည် အစိုးရအရာရှိများကို ကြောက်ရွံ့သဖြင့် လူသတ်တရားခံကို ဖမ်းမိပြီလားဟု မည်သူမျှ မမေးရဲကြပေ။
တန့်ရုံသည် ထိုက်ဟွာနန်းဆောင်သို့ ပြန်ရောက်လာပြီး စင်္ကြံလမ်းတွင် လိုကျစ်ကွေ့ကို အကျိုးအကြောင်း အစီရင်ခံလိုက်သည်။
"အဲဒီကောင်လေးရဲ့ သိုင်းကွက်က မဆိုးဘူး။ မယ်တော်ကြီးဘေးမှာ ဒီလိုလူမျိုး ရှိသေးတာလား။"
တန့်ရုံက ပြောလိုက်သည်။
"အဲဒီလူက မင်းကို မြင်သွားလား။"
လိုကျစ်ကွေ့က မေးလိုက်သည်။
"မမြင်ပါဘူး။"
တန့်ရုံက ပြောလိုက်သည်။
"ကျွန်တော်က လှုပ်ရှားဖို့ အချိန်မရလိုက်ဘူး။ အဲဒီမိန်းမနဲ့ အတော်ဝေးဝေးမှာ ရပ်နေတာ။"
လိုကျစ်ကွေ့သည် စင်္ကြံလမ်းအပြင်ဘက် ပန်းခြံကို ကြည့်လိုက်သည်။ နေဝင်ချိန်ရောက်နေပြီဖြစ်၍ နေရောင်ခြည် အနည်းငယ်သာ ကျန်တော့သည်။ နန်းတွင်းအရာရှိတစ်ဦး ဦးဆောင်သော မိန်းမစိုးငယ်လေးများသည် စင်္ကြံလမ်းနှင့် ပန်းခြံအတွင်းရှိ မီးအိမ်များကို တစ်လုံးချင်း လိုက်လံထွန်းညှိနေကြသည်။
"စစ်သေနာပတိချုပ်၊ တစ်ခုခု ထူးဆန်းနေသလား။"
တန့်ရုံက မေးလိုက်သည်။
"အဲဒီလူက မယ်တော်ကြီးဆီ သွားပြီး သတင်းမပို့ရင်တောင် တစ်ယောက်ယောက်ကတစ်ဆင့် သတင်းစကားပါးလိမ့်မယ်။ သွားစုံစမ်းချေ။"
လိုကျစ်ကွေ့က ပြောလိုက်သည်။
တန့်ရုံ၏မျက်နှာထား တင်းမာသွားသည်။
"တွေ့ရင် ဘာလုပ်ရမလဲ။"
လိုကျစ်ကွေ့သည် လက်ကိုမြှောက်ပြီး အောက်သို့ ခုတ်ချသည့် ပုံစံလုပ်ပြလိုက်သည်။
တန့်ရုံ အမိန့်နာခံပြီး လှည့်ထွက်သွားလေသည်။
မိန်းမစိုးငယ်နှစ်ဦးသည် မီးညှိရန်မီးတုတ်ကိုင်ဆောင်လျက် လိုကျစ်ကွေ့အနီးသို့ ရောက်လာကြသော်လည်း အနားမကပ်ရဲကြပေ။
လိုကျစ်ကွေ့သည် ခေါင်းပေါ်ရှိ ဖန်မီးအိမ်ကို တစ်ချက်ကြည့်လိုက်ပြီး မိန်းမစိုးငယ်နှစ်ဦးကို လက်ပြကာ နဉ်ရှောင်ယောင်းကို ရှာရန် အခန်းထဲ ဝင်သွားလိုက်သည်။
နဉ်ရှောင်ယောင်းသည် အခန်းထဲတွင် ထိုင်လျက် အာ့ယာနှင့်အတူ ပန်းအိုးအောက်ခြေမှ အမှတ်အသားများကို ဓားငယ်လေးများဖြင့် တိုက်စားနေကြသည်။ သံနှင့်ကြေးပွတ်တိုက်သံသည် စိတ်မရှည်သောသူများကို ရူးသွားစေနိုင်သည်။
လိုကျစ်ကွေ့ အခန်းထဲဝင်လာပြီး အာ့ယာကို ပြောလိုက်သည်။
"ရှောင်ချန်းဇီကို သွားကြည့်လိုက်ဦး။ ထမင်းစားချိန် ရောက်တော့မယ်။"
အာ့ယာသည် တစ်ဝက်ခန့် တိုက်ပြီးသော ကြေးပန်းအိုးကို ပွေ့ပိုက်ကာ လိမ်လိမ်မာမာ ထွက်သွားလေသည်။
နဉ်ရှောင်ယောင်း ခေါင်းငုံ့ပြီး ဆက်လက် တိုက်သည်။ ကြိုးစားထား... ကြိုးစားထား...
လိုကျစ်ကွေ့သည် ပစ္စည်းများ ရှင်းလင်းလုနီးပါး ဖြစ်နေသော အခန်းကို တစ်ချက်ကြည့်လိုက်ပြီး နဉ်ရှောင်ယောင်းဘေးတွင် ဝင်ထိုင်ကာ တိုးတိုးလေး မေးလိုက်သည်။
"ထိုက်ဟွာနန်းဆောင်ထဲက ပစ္စည်းတွေအကုန် ရောင်းစားမလို့လား။"
"အင်း..."
နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ အကုန်ရောင်းချင်နေတာ၊ မကုန်မှာပဲ ပူနေရတယ်။
"ရှောင်ထောင်ဟွား သေသွားပြီ။"
လိုကျစ်ကွေ့က ပြောလိုက်သည်။
နဉ်ရှောင်ယောင်း လက်ရပ်တန့်သွားပြီး လိုကျစ်ကွေ့ကို မော့ကြည့်လိုက်သည်။
"သူ့ကို မသေစေချင်ဘူးလား။"
လိုကျစ်ကွေ့က မေးလိုက်သည်။
နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။
"သေစေချင်တယ် မသေစေချင်ဘူးရယ်လို့ မရှိပါဘူး။ ရှောင်တျန့် ပြောတာက သူက သာ့ဖုန်းကိုပါဆွဲချပြီး အတူတူ သေချင်နေတာတဲ့။ ဒီလိုလူမျိုး သေတာရှင်တာ ကျွန်မနဲ့ မဆိုင်ပါဘူး။"
"မယ်တော်ကြီးက မယ်တော်ကြီးနန်းဆောင်မှာ သူ့ကို လူသိရှင်ကြား ဆုတွေချပြီး နန်းတော်အပြင်ထွက်ခိုင်းလိုက်တာ။ ပြီးမှ လမ်းမပေါ်မှာ လူသတ်ခိုင်းလိုက်တာ။"
လိုကျစ်ကွေ့က ပြောလိုက်သည်။
နဉ်ရှောင်ယောင်း ကြောင်အသွားသည်။ မယ်တော်ကြီးက လူသတ်တာတောင် ဒီလောက် ရှုပ်ရှုပ်ထွေးထွေး လုပ်တတ်သေးတာလား။
"ဒီမိန်းမယုတ်..."
နဉ်ရှောင်ယောင်း ဆဲရန် ပြင်လိုက်သည်။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ ပါးစပ်ကို လှမ်းပိတ်လိုက်ပြီး ပြောလိုက်သည်။
"လျှောက်မဆဲနဲ့၊ သူက မင်းရဲ့မွေးမိခင်လေ။"
"ဟုတ်တယ်..."
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏လက်ကို ဖယ်လိုက်ပြီး နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။
"သူက ကျွန်မအမေလေ။ နိမား..."
လိုကျစ်ကွေ့ "..."
"ရှောင်ထောင်ဟွားက သမိုင်းတွင်သွားပြီ။ နောက်ဆို သူ့အကြောင်း မပြောကြေး။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။ ဒီကောင်မလေးက ဘာလို့ လူလွှတ်ပြီး နောက်ယောင်ခံလိုက်ခိုင်းတာလဲလို့ မေးမယ်ထင်နေတာ၊ မမေးလို့ တော်သေးတယ်။
"ဒီည ဘာဟင်းစားမလဲ။"
နဉ်ရှောင်ယောင်းက မေးလိုက်သည်။
လိုကျစ်ကွေ့ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ မိန်းကလေးနဉ်အတွက် ဒီမေးခွန်းက ထာဝရ အရေးအကြီးဆုံးမေးခွန်းဖြစ်နေတော့မှာပဲ။
......
ထိုနေ့ ညစာစားပြီးနောက် ညအမှောင်ထု လွှမ်းမိုးချိန်တွင် မယ်တော်ကြီးနန်းဆောင်၌ မီးရောင်များ မှေးမှိန်နေသည်။ မယ်တော်ကြီးရှဲ့ ရှိနေသော နန်းဆောင်တွင်လည်း မီးအိမ်တစ်လုံးသာ ထွန်းထားသဖြင့် ပဲစေ့ခန့်သာရှိသော နေရာလေးကိုသာ လင်းစေသည်။
"မယ်တော်ကြီး၊ နန်းတော်အပြင်က သတင်းရောက်ပါပြီ။ ရှောင်ထောင်ဟွား သေသွားပါပြီ။"
မယ်တော်ကြီးရှဲ့ရှေ့တွင် ခါးကိုင်းရပ်နေသော မိန်းမစိုးက တိုးတိုးလေး လျှောက်တင်လိုက်သည်။
မယ်တော်ကြီးရှဲ့၏မျက်နှာတွင် အထင်သေးသော အမူအရာပေါ်လာပြီး တိုးတိုးလေး ဆဲဆိုလိုက်သည်။
"မိန်းမယုတ်။"
မိန်းမစိုး ခေါင်းငုံ့ထားသည်။
"ဆုချလိုက်။"
မယ်တော်ကြီးရှဲ့က ပြောလိုက်သည်။
"အမတ်ချုပ်ကြီးအိမ်တော်ရဲ့ လှုပ်ရှားမှုတွေကိုလည်း သေချာကြည့်ထားခိုင်း။"
"မယ်တော်ကြီးက အမတ်ချုပ်ကြီးကို စိတ်ပူလို့လား။"
မိန်းမစိုးက မေးလိုက်သည်။
"စိတ်ပူတယ် ဟုတ်လား။"
မယ်တော်ကြီးရှဲ့ အေးစက်စွာ ပြောလိုက်သည်။
"အမတ်ချုပ်ကြီးအတွက် အိုက်ကျားစိတ်ပူစရာ မလိုပါဘူး။ အိုက်ကျားက အမှန်တရားတစ်ခုကို နားလည်သွားလို့ပါ။"
မိန်းမစိုး အနည်းငယ် မော့ကြည့်လိုက်သည်။
"ဒီလောကကြီးမှာ ဘယ်သူ့ကိုမှ ယုံလို့မရဘူး။"
မယ်တော်ကြီးရှဲ့က ပြောလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးတာ အကောင်းဆုံးပဲ။"
မိန်းမစိုးက အလျင်အမြန် ခေါင်းပြန်ငုံ့သွားပြီး ပြောလိုက်သည်။
"မယ်တော်ကြီး ပြောတာ မှန်ပါတယ်။"
"ထွက်သွားတော့။"
မယ်တော်ကြီးရှဲ့က ပြောလိုက်သည်။
"သတိထား၊ အရှင်မင်းကြီးရဲ့လူတွေဆီမှာ အဖမ်းမခံရစေနဲ့။"
မိန်းမစိုးက အမိန့်နာခံပြီး အခန်းထဲမှ ထွက်ခွာသွားသည်။
မယ်တော်ကြီးရှဲ့သည် ဘယ်လက်လက်ညှိုးမှ လက်သည်းစွပ်ကို ချွတ်လိုက်ပြီး လက်ထဲတွင် လှည့်ကစားကာ ရုတ်တရက် ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ငွေစစ်စစ် လက်သည်းစွပ်သည် ကြမ်းပြင်နှင့် ရိုက်မိပြီး အသံမြည်သွားသည်။
အခန်းပြင်တွင် စောင့်နေသော အစေခံများသည် အသံကြားသော်လည်း မည်သူမျှ တံခါးဖွင့်မကြည့်ရဲကြပေ။
မယ်တော်ကြီးရှဲ့သည် ကြမ်းပြင်ပေါ်မှ လက်သည်းစွပ်ကို စိုက်ကြည့်နေသည်။ ဒီအတိုင်း ထိုင်ပြီး သေမှာကို စောင့်လို့မဖြစ်ဘူး။ ဒီအတိုင်းသာဆိုရင် နဉ်ရှင်းကို သူပျိုးထောင်လို့ရမှာ မဟုတ်ဘူး။ နဉ်ရှင်းနဲ့အတူ နဉ်ယွီလက်ချက်နဲ့ သေရလိမ့်မယ်။
"မယ်တော်ကြီး"
အခန်းပြင်မှ မားမားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"ဝင်ခဲ့။"
မယ်တော်ကြီးရှဲ့သည် ကျန်ရှိသော လက်သည်းစွပ် ၉ ခုကိုပါ ချွတ်ပြီး ထိုင်ခုံပေါ်သို့ ပစ်တင်လိုက်သည်။
မားမားက အခန်းထဲ ဝင်လာသည်။
မယ်တော်ကြီးရှဲ့သည် သူမကိုယ်တိုင် မိဖုရားခေါင်ကြီးနန်းဆောင်သို့ ပို့ထားသော မားမားကို ကြည့်လိုက်သည်။ မားမား ဂါရဝပြုပြီးမှ မေးလိုက်သည်။
"ထတော့။ ချန်မားမား အိုက်ကျားဆီလာတာ မိဖုရားခေါင်ကြီးဆီမှာ ပြဿနာတက်လို့လား။"
ချန်မားမားက တိုးတိုးလေး ပြောလိုက်သည်။
"မယ်တော်ကြီး၊ မိဖုရားခေါင်ကြီးက ဒီရက်ပိုင်း အချဉ်ကြိုက်နေပါတယ်။ ပျို့အန်တာလည်း ခဏခဏ တွေ့ရပါတယ်။"
မယ်တော်ကြီးရှဲ့သည် ထိုင်ခုံကိုမှီထားရာမှ မတ်မတ်ထိုင်လိုက်ပြီး မေးလိုက်သည်။
"နင် ဘာကို ဆိုလိုတာလဲ။"
ချန်မားမားက ပြောလိုက်သည်။
"ကျွန်တော်မျိုးမက မိဖုရားခေါင်ကြီးနား မကပ်ရပါဘူး။ ဒါပေမဲ့ အဝေးကလှမ်းကြည့်ရင် မိဖုရားခေါင်ကြီးက အရင်ကထက် ပိုဝလာတာ တွေ့ရပါတယ်။"
"အချဉ်ကြိုက်တယ်၊ ပျို့အန်တယ်၊ ပြီးတော့ ဝလာတယ်။ မိဖုရားခေါင်ကြီး ကိုယ်ဝန်ရှိနေပြီလို့ ပြောချင်တာလား။"
မယ်တော်ကြီးရှဲ့က မေးလိုက်သည်။
"ကျွန်တော်မျိုးမ သေချာတော့ မသိပါဘူး။ ဘာလို့လဲဆိုတော့ မိဖုရားခေါင်ကြီးက ဒီနေ့ ရာသီလာတယ်လို့ ပြောလို့ပါ။"
နဉ်ရှင်းက မိန်းကလေးလေ၊ မိဖုရားခေါင်ကြီးက ဘယ်လိုလုပ် ကိုယ်ဝန်ရှိမှာလဲ။
မယ်တော်ကြီးရှဲ့သည် ချန်မားမားကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"ဒီရက်ပိုင်း သူ အားဆေးတွေ ဘာတွေ သောက်သေးလား။"
"မယ်တော်ကြီး၊ မိဖုရားခေါင်ကြီးက အားဆေးသောက်ရင်တောင် ကျွန်တော်မျိုးမကို ပေးသိမှာ မဟုတ်ပါဘူး။"
"အိုက်ကျား သိပြီ။"
မယ်တော်ကြီးရှဲ့သည် လက်သည်းစွပ်နှစ်ခုကို ယူလိုက်ပြီး ချန်မားမားကို ပေးလိုက်သည်။
"ဒါ နင့်အတွက် ဆုပဲ။"
ချန်မားမား ဆုလက်ခံပြီး ဒူးထောက်ကျေးဇူးတင်ကာ ထွက်ခွာသွားသည်။
ထုပ်တန်းပေါ်တွင် ယိုကွမ့်နှင့် အဘိုးဟွေ့တို့ စိတ်ပူနေကြသည်။
"ဘယ်လိုလုပ်ကြမလဲ။ မယ်တော်ကြီးက မိဖုရားခေါင်ကြီး ဗိုက်ကြီးနေတယ်ဆိုတာ သိသွားပြီ။"
ယိုကွမ့်က ပြောလိုက်သည်။
အဘိုးဟွေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
"သူ အခု သံသယဝင်ရုံပဲ ရှိပါသေးတယ်။"
"ဒါပေမဲ့ ဒီလူဆိုးမကြီးက လူလွှတ်ပြီး စုံစမ်းတော့မှာ။"
ယိုကွမ့်က ပြောလိုက်သည်။
"ရှောင်ယောင်းဆီ သွားကြစို့။"
အဘိုးဟွေ့က ပြောလိုက်သည်။
"ဒါ သူ့မိန်းမလေ၊ သူတာဝန်မယူရင် ဘယ်သူယူမှာလဲ။"
ယိုကွမ့်သည် အဘိုးဟွေ့၏ စကားကိုကြားပြီးနောက် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ရှောင်ယောင်းက စစ်သေနာပတိချုပ်ရဲ့ မိန်းမလေ။"
အဘိုးဟွေ့ "..."
သူများမိန်းမလုပ်နေတဲ့သူက သူ့မှာပါမိန်းမတစ်ယောက် ရှိနေသေးတယ်ဆိုတော့ ဒါ ဘာသဘောလဲ။
***