← Chapters

သဏ္ဌာန်ပြောင်းခြင်း

Vol. 1 Ch. 233

သဏ္ဌာန်ပြောင်းခြင်း

Vol. 1 Ch. 233

ကျန်းရီအတော်လေး ကံကောင်း သွားခဲ့သည်။

သူ့တွင် မြေတူးနိုင်သည့် ဝိညာဉ်သားရဲတစ်ကောင် မရှိလျှင် သူ့အား ရှားနိုင်ငံနှင့် ရှန်ဝူနိုင်ငံမှ ကင်းထောက်များက ချက်ချင်း သတိပြုမိ သွားကြလိမ့်မည်။ မြေတူးနိုင်သော သူ့ဝိညာဉ်သားရဲ လုံလောက်အောက် မလျင်မြန်ပါကလည်း သူ့အား မကြာခင် တွေ့ရှိ သွားကြမည်သာ။

ရှားနိုင်ငံမှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များသည် ရောက်လာသည်နှင့် အနီးတစ်ဝိုက်တွင် မီးကုန်ယမ်းကုန် ရှာဖွေကြတော့သည်။ တစ်ယောက်သည် ဥမင်ပေါင်းများစွာ တွေ့ခဲ့သည်။ ကင်းထောက်များသည် အတော်အတန် နက်သည်အထိ ဝင်သွားခဲ့သော်လည်း သက်ရှိ တစ်ယောက်တလေမှ မတွေ့ခဲ့ပေ။ ထိုဥမင်များထဲတွင် ကျန်းရီဤနေရာသို့ လာခဲ့စဉ်က ဟွမ်ကြီးတူးခဲ့သော ဥမင်တစ်ခုလည်း ပါနေခဲ့သည်။ ယခင်ကတည်းက ရှိနေခဲ့သော ဥမင် အများကြီးလည်း ရှိသေးသည်။ ကျန်းရီသည် နောက်ဥမင် တစ်ခုမှ ထွက်ပြေးသွားခဲ့ပြီး မြေဖြို၍လည်း ထားခဲ့သေးရာ ဤလူစုသည် သူ့အား အဘယ်သို့ တွေ့နိုင်မည်နည်း။

စုဖျင်ဖျင်းသည် ကီလိုမီတာငါးရာ ပတ်လည်မှ ကင်းထောက်များအား အသေးစိတ် စုံစမ်းရန် စေခိုင်းခဲ့သော်လည်း ဘာသတင်းအစနမှ မရခဲ့ပေ။ ရှားနိုင်ငံမှ ကင်းထောက်များ ထွက်ခွာ သွားပြီးနောက် ရှန်ဝူနိုင်ငံမှ ကင်းထောက်များ ရောက်လာ ခဲ့ကြသည်။ အခြားနိုင်ငံများမှ ကင်းထောက်များလည်း လာရောက်၍ ရှာဖွေနေကြသည်။ အချို့ဆိုလျှင် အနီးအနားရှိ ရှားနိုင်ငံ၏ မြို့များအထိ သွားရောက် စုံစမ်းကြသည်။

ရလဒ်များသည်ကား ရှင်းလင်းလို့ နေသည်။

မည်သူမှ သဲလွန်စ ရှာမရခဲ့ပေ။ ကောင်းကင် ကြယ်ကိုးလုံးထံမှ ကောင်းကင် အလင်းတန်းကိုးခုသည် ထူးဆန်းစွာ လာရောက်၍ ထူးဆန်းစွာ ပျောက်ကွယ် သွားခဲ့သည်။ ဘာဖြစ်ခဲ့သည်ကို ဘယ်သူမှ မသိလိုက်ကြပေ။ အင်အားစုကြီး များသည်လည်း ကောင်းကင် ဥပဒေသများနှင့် ထိတွေ့ခဲ့ပြီး ကောင်းကင် ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသူ တစ်ယောက်မှ မရှိသည်ကိုသာ သိခဲ့ရသည်။ ထိုကိစ္စသည် ဖြေရှင်း၍ မရနိုင်သည့် ထူးခြားဆန်းကြယ် ဖြစ်ရပ်အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ဘုရင်များအားလုံးသည် လည်ပင်းတွင် ငါးအရိုးနင်နေသည့် အလား ခံစားနေရကာ မပျော်မရွှင် ဖြစ်နေကြလေသည်။

နယ်မြေတစ်ခွင်လုံး အုတ်အော်သောင်းနင်း ဖြစ်ပွားနေခဲ့သည်။ မြို့တိုင်းတွင် ကောင်းကင် အလင်းတန်း ကိုးခုအကြောင်းသည် ရေပန်းအစားဆုံး သတင်း ဖြစ်နေခဲ့သည်။ အများစုသည် ကောင်းကင်မှ ဥက္ကာပျံများ ကျလာခြင်း ဖြစ်သည်ဟု ပြောကြသည်၊ အချို့က ကောင်းကင်မှ မသေမျိုးများအကြား တိုက်ပွဲတစ်ခု ဖြစ်သည်ဟု ဆိုကြသည်၊ အချို့ကမူ ချုပ်နှောင်ထားခံရသော သိုင်းသမားတစ်ယောက် အချုပ်အနှောင်မှ လွတ်မြောက်သွားခြင်း ဖြစ်သည်ဟု ပြောနေကြသည်။

ဤကိစ္စ၏ လက်သည် တရားခံသည် အမှောင်ထဲတွင်သည ရှိနေလေသည်။

ကျန်းရီသည် နောက်ကွယ်တွင် ဖြစ်ပျက်နေသည့်အရာများကို မသိချေ။ သူသိခဲ့လျှင်တောင် ထိုအကြောင်းကို တွေးတောနေရန် အချိန် မရှိချေ။ လက်ရှိအချိန်တွင် သူသည် ကျောက်တုံး ဂူတစ်ခုထဲတွင် တင်ပျဉ်ချိတ်ထိုင်နေ ဒန်တျန်းထဲကို ကြည့်ကာ မျက်နှာ မသာမယာ ဖြစ်နေခဲ့သည်။

သူ့ဒန်တျန်းသည် ပြောင်းလဲသွားခဲ့သည်။ အထဲတွင် ခရမ်းရောင် နန်းတော်တစ်ခုမှ ရှိမနေဘဲ ကြယ်ကိုးခုသာ နေရာယူထားသည်။

၎င်းသည် အမည်မဲ့ ကျင့်စဉ်၏ တတိယ အဆင့်ကြောင့် ဖြစ်တည်လာခဲ့ခြင်း ဖြစ်နိုင်သော်လည်း ဤလောက၏ ကမ္ဘာ့သမိုင်း တစ်လျှောက်တွင် ဒန်တျန်းထဲတွင် ပေါ်လာသော ကြယ်ကိုးခု အကြောင်း ဘယ်သူမှ မကြားဖူးကြပေ။ အမည်မဲ့ကျင့်စဉ်သည် ခရမ်းရောင် နန်းတော် အကြီးကြီးအဖြစ် ပြောင်းလဲလိုက်ခြင်း သို့မဟုတ် ခရမ်းရောင် နန်းတော်သုံးခု အဖြစ် ပြောင်းလဲခြင်း သို့မဟုတ် သဏ္ဌာန် သုံးဆင့်အသွင်ပြောင်းခြင်းအဆင့်သို့ ပြန်ရောက်သွားခြင်း ဆိုလျှင်ပင် သူဤမျှ အံ့အားသင့်မိမည် မဟုတ်ပေ။ ယခုမူ လုံးဝ သိသိသာသာကို ပုံသဏ္ဌာန် ပြောင်းလဲသွားခြင်း ဖြစ်လေသည်။

လူတစ်ယောက်၏ ခန္ဓာကိုယ်သည် အခြေခံအကျဆုံး ဖြစ်လေသည်။ ခန္ဓာကိုယ်ပုံစံသာ ပြောင်းလဲသွားလျှင် လူဟု ယူဆ၍မရတော့ဘဲ ထိုလူသည် ထိတ်လန့် ချောက်ချား နေလိမ့်မည်။ လူတစ်ယောက်မှ သားရဲတစ်ပိုင်း အဖြစ် ပြောင်းလဲသွားသည် ဆိုကြပါစို့ သူ့အင်အားသည် ဆယ်ဆ၊ အဆတစ်ရာခန့် တိုးတက်သွား၍ ကမ္ဘာပေါ်တွင် အတော်ဆုံး သိုင်းသမား ဖြစ်သွားလျှင်တောင် သူလူမဟုတ်တော့သောကြောင့် ပျော်နိုင်မည် မဟုတ်ပေ။

သို့ဖြစ်၍....

ကျန်းရီ၏ အခြေအနေသည် တော်သေးသည်ဟု ပြောနိုင်လေသည်။ သူကိုယ်တိုင်သည် ငယ်စဉ်တည်းက အထူးအဆန်းကောင် ဖြစ်နေသောကြောင့် ဤမျှ ထူးခြားဆန်းကြယ် ဖြစ်ရပ်များကို ခံနိုင်ရည် ရှိနေခြင်း ဖြစ်လေသည်။ သူငယ်စဉ်က ချိတ်ပိတ်ခံထားရသော ဒန်တျန်းသည် ထူးဆန်းသည့် ကျင့်စဉ် တစ်ခုကြောင့် အသက် ဝင်သွားခဲ့သည်။ ခရမ်းရောင် နန်းတော် ဖွဲ့စည်းသည့် အခါတွင်လည်း သူ့အလှည့်ကျမှ အရွယ်အစား မတူသော ခရမ်းရောင် နန်းတော်နှစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ့ဒန်တျန်း ထူးထူးဆန်းဆန်း ပုံစံအဖြစ် ပြောင်းလဲသွားသည့် အခါတွင် သူစိတ်လွတ် မသွားခြင်း ဖြစ်လေသည်။

"ခရမ်းရောင်နန်းတော် မရှိဘဲ ငါဘယ်လိုဆက်ပြီး ကျင့်ကြံရမှာလဲ... အခု ငါ ဘယ်အဆင့် ရောက်နေတာလို့ သတ်မှတ်ရမလဲ"

မြေအောက်ဂူ တစ်ခုထဲတွင် ထိုင်နေရင်း ကျန်းရီသည် သက်ပြင်း တစ်ချက် ချလိုက်သည်။ သိုင်းသမား တစ်ယောက်၏ ကျင့်ကြံဆင့်ကို ခရမ်းရောင် နန်းတော်အတွင်းရှိ အတွင်းအား ပမာဏနှင့် တိုင်းတာလေသည်။ ခရမ်းရောင် နန်းတော်ထဲတွင် အတွင်းအားများများ ရှိလေလေ ကျင့်ကြံ ဆင့်မြင့်လေလေ ဖြစ်သည်။ ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့် ရောက်လျှင် အတွင်းအား၏ အရည်အသွေး ပြောင်းလဲ သွားလိမ့်မည်။ အတွင်းအား အရည်များ အဖြစ်မှသည် သိပ်သည်းသွားပြီး ဝိညာဉ်ပုံဆောင်ခဲ အဖြစ်သို့ ပြောင်းလဲသွားကာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်သို့ ရောက်ရှိ သွားလိမ့်မည်။

ခရမ်းရောင် နန်းတော်မရှိလျှင် ကျန်းရီ ဝိညာဉ်ပုံဆောင်ခဲကို ဖွဲ့စည်းနိုင်မည့်ပုံ မပေါ်ချေ။ ကျန်းရီသည် ဝိညာဉ် ပုံဆောင်ခဲများအကြောင်း စာအုပ်များစွာ ဖတ်ဖူးသည်။ သူ့ဒန်တျန်းထဲရှိ စက်လုံးပုံ ကြယ်ကိုးခုသည် ဝိညာဉ် ပုံဆောင်ခဲများ မဟုတ်ပေ။ ဝိညာဉ်ပုံဆောင်ခဲ တစ်ခုသည် ရွှေရောင်အလင်း ထုတ်လွှတ်နိုင်ပြီး အဆက်မပြတ် လှည့်ပတ် နေတတ်သည်။ ဤကြယ်ကိုးလုံးကမူ နွားချေးပုံ ကိုးခုအလား မည်းမှောင်မှိန်ဖျော့နေပြီး ဝိညာဉ် ပုံဆောင်ခဲနှင့် ဘယ်နေရာမှ မတူပေ။

ဤကိစ္စသည် ဤပုံစံ ဖြစ်လာပြီဆိုမှတော့ ကျန်းရီ၏ ကျင့်ကြံဆင့်ကို ပုံမှန်သိုင်းအဆင့် အစီအစဉ်နှင့် ဆုံးဖြတ် မရတော့ပေ။ ရှင်းရှင်းပြောရလျှင် သူ၏ ကျင့်ကြံဆင့်ကို ဆုံးဖြတ်ရန် နည်းလမ်းမရှိချေ။ သူ၏ ကျင့်ကြံဆင့်ကို အမြန်နှုန်းနှင့် ခွန်အားတို့ကို ကြည့်၍သာ ဆုံးဖြတ်ရတော့မည်။

ပြဿနာရှိလာလေပြီ။

ကျန်းရီ ပြေးလွှား ကြည့်လိုက်သောအခါ အမြန်နှုန်းသည် ယခင်ကထက် နှစ်ဆလောက် မြန်ဆန်လာပြီး ခရမ်းရောင် နန်းတော်ရှင် ပဉ္စမအဆင့် နီးပါးလောက် ဖြစ်နေသည်။ အနက်ရောင် အတွင်းအားသည် အပြာရောင် အတွင်းအားထက် အဘက်ဘက်မှ သာလွန် နေသောကြောင့် ရုတ်တရက်ကြီး မြန်ဆန် လာသည်ဟုလည်း မဆိုနိုင်ပေ။

"အပြာရောင် အတွင်းအား....ငါ့ရဲ့ အပြာရောင် အတွင်းအားတွေရော"

ကျန်းရီသည် နောက်ထပ် ထူးဆန်းနေသည့် အရာကို သတိပြုမိ သွားခဲ့သည်။ ကြယ်ကိုးလုံး ထဲတွင် အနက်ရောင် အတွင်းအားများ ထောင်သောင်းချီ၍ ရှိနေသော်လည်း သူ၏ များပြားလှသော အပြာရောင် အတွင်းအားများအားလုံး ပျောက်ဆုံးနေသည်။ သူသည် ကိုယ်တွင်း အမြင်အာရုံကို အသုံးပြု ကြည့်လိုက်သောအခါ အပြာရောင်အတွင်းအား တစ်စတလေ မရှိကြောင်း လက်ခံ လိုက်ရသည်။ သူသည် ချက်ချင်း တရားထိုင်လိုက်ကာ ကျန်းရေဓာတ် ကျင့်စဉ်ကို ကျင့်စဉ်ကို ကျင့်ကြံ လိုက်သည်။

အဆုံးတွင်....

သူတစ်နာရီကျော် ကျင့်ကြံပြီးသည် အထိ အပြာရောင် အတွင်းအား တစ်စတလေတောင် ပေါ်မလာသောကြောင့် သူဆွံ့အ သွားရသည်။

"ဘာတွေဖြစ်နေတာလဲ...ငါကျင့်ကြံလို့ မရတော့ဘူးလား"

ကျန်းရီသည် ထပ်မံ ကျင့်ကြံကြည့်လိုက်ပြီး နောက်ဆုံးတွင် ပြဿနာ၏ ရင်းမြစ်ကို သိရှိသွားခဲ့သည်။

ကျန်းရေဓာတ် ကျင့်စဉ်ကို ကျင့်ကြံ၍ ရသေးသော်လည်း ဒန်တျန်းထဲသို့ အတွင်းအားများ ရောက်မလာခဲ့ပေ။ ၎င်းတို့သည် ဒန်တျန်းဘယ်ဘက်ခြမ်းရှိ ပထမဆုံး ကြယ်ထဲတွင် ပေါ်လာခဲ့ခြင်း ဖြစ်ပြီး အတွင်းအားမှာလည်း အနက်ရောင်များ ဖြစ်နေလေသည်။ သူ့ကျင့်ကြံနှုန်းသည် အလွန် နှေးကွေးနေပြီး အချိန်အတော်ကြာ ကျင့်ကြံပြီး သော်လည်း အနက်ရောင် အတွင်းအား သုံးမျှင်သာ ရခဲ့သည်။

"အမည်မဲ့ ကျင့်စဉ်ကို ကျင့်ကြံကြည့်တာပေါ့"

ကျန်းရီသည် အမည်မဲ့ကျင့်စဉ်ကို ကျင့်ကြံကြည့်လိုက်သော် တုံ့ပြန်မှု အကြီးကြီးကို တွေ့လိုက် ရလေသည်။ အနက်ရောင် အတွင်းအားတို့သည် ဘယ်ဘက်ရှိ ပထမဆုံး ကြယ်ထဲတွင် ထွက်ပေါ်လာခဲ့ပြီး ကျန်းရေ ဓာတ်ကျင့်စဉ်ကို ကျင့်ကြံစဉ်ကထက် ဆယ်ဆ မြန်ဆန်နေခဲ့သည်။ ထိုနှုန်းထားသည် ခရမ်းရောင် နန်းတော်နှစ်ခု ရှိစဉ်ကနှုန်းနှင့် အတူတူပင် ဖြစ်သည်။

"ကျန်းရေဓာတ် ကျင့်စဉ်ကနေ အနက်ရောင် အတွင်းအားတွေ ထွက်လာတယ်လား၊ ပြီးတော့ ဒီအနက်ရောင် အတွင်းအားက အငွေ့တွေ ဆိုပေမယ့် အမြန်နှုန်းက ဆယ်ဆတောင် တိုးလာတယ်..."

ကျန်းရီ နားမလည်နိုင် ဖြစ်နေခဲ့သည်။ တစ်နာရီကြာ လေ့လာပြီးနောက် အချက်အချို့ကို သူအတည် ပြုလိုက်နိုင်သည်။ ပထမဆုံးအနေနှင့် ကျန်းရေဓာတ် ကျင့်စဉ်သည် ကျင့်ကြံ၍ ရနိုင်သေးသည်၊ သို့သော် အမည်မဲ့ ကျင့်စဉ်နှင့် နှိုင်းယှဉ်လျှင် အတွင်းအား ရရှိနှုန်းသည် အလွန် နှေးကွေးနေသည်။ အမည်မဲ့ ကျင့်စဉ်၏ ကျင့်ကြံနှုန်းကမူ ယခင်ကနှင့် အတူတူသာ ဖြစ်လေသည်။

သူ၏ စိတ်ဝိညာဉ်လည်း အနည်းငယ် ပြောင်းလဲ သွားခဲ့သည်။ ထိုအချက်ကို သူသိသော်လည်း ဘယ်လိုမျိုး ကွာခြား သွားသည်ကိုတော့ မပြောတတ်ပေ။

"ကိစ္စမရှိဘူး... ငါအဲဒါကို အနာဂတ်မှာ ဖြည်းဖြည်းချင်း စဉ်းစား ကြည့်လို့ရတယ်၊ ငါ့ရဲ့လက်ရှိ တာဝန်ကို ကောင်းကောင်း မလုပ်ဘူးဆိုရင် ငါ့ဒန်တျန်း ဘယ်လို ပြောင်းသွားသွား အရေးစိုက်မှာ မဟုတ်တဲ့ တမလွန်ကို ရောက်သွားလိမ့်မယ်"

ကျန်းရီကို အနှောင့်အယှက်ပေးနေသည့် သံသယများစွာ ရှိသော်လည်း ထိုအကြောင်းကို တွေးမနေနိုင်တော့ပေ။ သူ၏ လက်ရှိအင်အားနှင့် လူသတ်နိုင်သေးသည်။ ထိုမျှဆို လုံလောက်ပေပြီ။

"မြေပေါ်တက်"

သူသည် ဘေးတွင်ရှိနေသော ဟွမ်ကြီးကျောပေါ် ခုန်တက်လိုက်ပြီး မြေပေါ်သို့ မောင်းနှင် လိုက်သည်။ သူ့ခန့်မှန်းချက်များ အရဆိုလျှင် ကြင်ယာတော် အစောင့်အကြပ်စစ်တပ်သည် ဝိညာဉ်ပျက်သုဉ်းတောင်ကြားကို ဖြတ်နေလောက်ပြီဖြစ်ပြီး ရှားနိုင်ငံ၏ နယ်နိမိတ်ထဲ ရောက်နေ လောက်ပေပြီ။ သူအခုမသွားလျှင် စစ်တပ်သည် ရှားယွိမြို့သို့ ရက်အနည်းငယ် အတွင်း ရောက်ရှိသွားမည် ဖြစ်ပြီး သူ့အခွင့်အရေးများ အားလုံး ဆုံးရှုံးသွားလိမ့်မည်။

"ဘွတ်အဲ...ဘွတ်အဲ"

ဟွမ်ကြီးသည် အလွန်မြန်ဆန်၍ မြေပြင်ပေါ်ရောက်ရန် ခဏသာ ကြာလေသည်။ ကျန်းရီသည် မြေအနေအထားကို အကဲခတ်၍ ဝိညာဉ် ပျက်သုဉ်း တောင်ကြားနှင့် အနီးဆုံးမြို့သို့ သွားရန် ဟွမ်းကြီးအား ညွှန်ကြားလိုက်သည်။

နေ့တစ်ဝက်ကြာသော် မြို့ငယ်လေး တစ်ခုထံ ကျန်းရီ ရောက်သွားခဲ့သည်။ သူသည် ဟွမ်ကြီးကို ဝိညာဉ်သားရဲ အဆောင်အတွင်း သိမ်းလိုက်ပြီး မြို့ထဲသို့ ခြေလျင် လျှောက်သွားခဲ့သည်။ သူသည် ခရမ်းရောင် ရွှေအနည်းငယ် သုံးလိုက်ရာ အံ့အားသင့်ဖွယ် သတင်းကို ရလိုက်လေသည်။

ရှားဝူဟွေ့၏ စစ်တပ်သည် ရှားနိုင်ငံသို့ ရောက်ဖို့နေနေသာ ရှေ့ပြေးတပ်ပင် ပေါ်မလာသေးချေ။ စစ်တပ်သည် ရှားနိုင်ငံ၏ နယ်နိမိတ်အတွင်း မရောက်သေးဘဲ ရှန်ဝူ နိုင်ငံထဲတွင်သာ ရှိနေသေးသည် ဟူသော အဓိပ္ပာယ်ပင်။

"ဘာတွေဖြစ်နေတာလဲ "

ကျန်းရီ၏ နတ်ဆိုး မျက်နှာဖုံးအောက်မှ မျက်လုံးအစုံတွင် မယုံကြည်နိုင်ဟန်တို့ ပေါ်လာလေသည်။ သူ ဤသို့သော အခွင့်အရေးကို လက်လွှတ် မခံနိုင်ချေ။ သူသည် ချက်ချင်း မြို့မှထွက်ကာ ဝိညာဉ် ပျက်သုဉ်း တောင်ကြားထံ ခရီးပြင်း နှင်တော့သည်။

နေ့တစ်ဝက် အတွင်း ကျန်းရီသည် ဝိညာဉ် ပျက်သုဉ်း တောင်ကြားအနီး ရောက်ရှိသွားခဲ့သည်။ ကြင်ယာတော် အစောင့်အကြပ်တပ်၏ ရှေ့ပြေးတပ်မှာ ရောက်မလာ ခဲ့သေးပေ။ သူသည် အလျင်အမြန် နေရာတစ်ခုလုံးကို လှည့်ပတ်ကြည့်၍ အလွယ်တကူ မမြင်နိုင်သည့် နေရာတစ်ခု ရှာဖွေလိုက်သည်။ ထို့နောက် ဟွမ်ကြီးကို မြေတူးစေ၍ ဝိညာဉ်ပျက်သုဉ်း တောင်ကြားအောက် သွားလိုက်သည်။ သူသည် မြေအောက် တစ်ခုလုံးတွင် ခြောက်နာရီကြာ ထောင်ချောက်များ ပြင်ဆင်ပြီးမှ ရပ်နားခဲ့သည်။

သူသည် ဝိညာဉ် ပျက်သုဉ်း တောင်ကြားအောက်ခြေမှ ကြီးမားလှသော ဥမင်ကြီးများကို ကြည့်လိုက်ပြီး စိတ်ကျေနပ်စွာ ရေရွတ်ကာ အိပ်စက်လိုက်သည်။

"ငါလုပ်နိုင်တာ မှန်သမျှ လုပ်ပြီးပြီ...ကျန်တာက ကောင်းကင်ဘုံရဲ့ အလိုအတိုင်းပဲ၊ ငါ စိတ်ဝိညာဉ် အားဖြည့် ဆေးပင်ကို လုနိုင်မလုနိုင်ကလည်း ကံစီမံရာပဲ"

*****

All Chapters